Switch Mode

အခန်း (၇၂)

အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် - လေပေါ်မှာ ရပ်နိုင်ပြီ

အခန်း (၇၂) အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် – လေပေါ်မှာ ရပ်နိုင်ပြီ

ဖန်းယွမ်ရှန်း၏ကိစ္စကြောင့် ဝါဒတောင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်းတို့၏ဆက်ဆံရေးမှာ ယခုရက်ပိုင်းအတွင်း အလွန် တင်းမာနေ၏။

အရှေ့တန်မြေပေါ်၌ နှစ်ဖက်ကြား တင်းမာနေရာမှ ပွင့်ထွက်လာကာ နေရာအနှံ့အပြားတွင် မီးပွားလေးများ တောက်လာကြသည်။

ပြင်ပကမ္ဘာ၏အမြင်အရ နဂါးချုပ်လှောင်ခြင်းချောက်နက်တွင် မူမမှန်သော အဖြစ်အပျက်များ မဖြစ်ပေါ်ခဲ့ပါက နှစ်ဖက်ကြား စစ်ဖြစ်တာ ကြာမြင့်နေလောက်ပြီဖြစ်သည်။

ကျင်းယန်မြို့မှ ထွက်လာပြီးနောက် အကြီးအကဲချင်နှင့် အရှေ့တက်နေဝန်းဘုရင်တို့ နဂါးချုပ်လှောင်ခြင်းချောက်နက်အနီးတွင် နောက်တစ်ကြိမ် တိုက်ခိုက်ကြပြန်သည်။

ရလဒ်ကား တစ်ဖက်နှင့်တစ်ဖက် ဘာမှ မလုပ်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့တိုက်ပွဲက အနီးအနားရှိ နဂါးချုပ်လှောင်ခြင်းချောက်နက်ကို သက်ရောက်နိုင်သောကြောင့်ဖြစ်သည်။ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှ မူမမှန်သော လှုပ်ရှားမှုများ ပိုမို ပြင်းထန်လာလေရာ နှစ်ဖက်စလုံးမှာ ယာယီ ရပ်စဲရန် သဘောတူလိုက်ကြသည်။

ထိုပဋိပက္ခများ မြစ်ဖျားခံရာ ရန်ကျောက်ကဲမှာ အရင်လအနည်းငယ်အတွင်း အလွန် သိုသိုသိပ်သိပ်နေနေပြီးအိမ်တွင်းအောင်းကာ အပြင်သို့ ထွက်ခဲလှသည်။

သို့တိုင်အောင် ရန်ကျောက်ကဲ၏ဘဝက ယခင်ကကဲ့သို့  ပြီးပြည့်စုံဆဲဖြစ်သည် – သူ့ကိုယ်သူ တိုးတက်အောင် ကျင့်ကြံနေ၏။ ဆေးဖော်စပ်နည်းများကို စမ်းသပ်နေ၏။ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ဆက်လက် သုတေသန လုပ်နေ၏။

ထို့အပြင် ရန်ကျောက်ကဲသည် အားဟူအား သူ ခိုင်းထားသော အရာကိုလည်း အာရုံစိုက်နေ၏။

မင်းသား၊ မင်းသား ထင်ထားတဲ့ အတိုင်းပါပဲ” အားဟူက ရန်ကျောက်ကဲရှေ့တွင် ရပ်လျက် ပြောလိုက်သည်။ “ရီကျင်းနဲ့ လင်းမိန်းကလေးက မပြတ်နိုင်သေးတာကို မင်းသားသိတော့ ဒေါသထွက်ပြီး  လင်းမိန်းကလေးကို သေတဲ့အထိ မတော်တဆ ရိုက်နှက်မိတယ်ဆိုတဲ့ ကောလဟာလတွေ စတင် ပျံ့နှံ့လာပါတယ်”

ဒါမတိုင်ခင်က ရီကျင်း နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ ဒုက္ခရောက်ခဲ့တာက မင်းသား မနာလိုဖြစ်ပြီး သူ့ကို တိတ်တဆိတ် ဒုက္ခပေးခဲ့တာပါတဲ့”

အားဟူသည် ရန်ကျောက်ကဲအား ကြည့်လိုက်သည်။ “မင်းသား၊ ဒါက မင်းသား အရင်တုန်းက ပြောခဲ့သလို ရီကျင်းက ရန်ရှု့လက်ထဲ ရောက်သွားတဲ့ အဓိပ္ပာယ်လား”

ရန်ကျောက်ကဲသည် ထိုင်ခုံပေါ် မှီလျက် ထိုင်နေ၏။ သူ့လက်ချောင်းများက စားပွဲကို တတောက်တောက် ခေါက်နေကာ သူ့မျက်လုံးများသည်လည်း ကျဉ်းမြောင်းသွားသည်။ “ဒါ တော်တော် ဖြစ်နိုင်တယ်”

သူ ငါ့ကို ရီကျင်းနဲ့ တိုက်ရိုက်တွေ့ခွင့် ပေးမှာ မဟုတ်ဘူး” ရန်ကျောက်ကဲက သူ့ခြေထောက်တစ်ချောင်းကို မြှောက်လိုက်သည်။ “သူ ငါ့ကို ဒီတစ်ခါတော့ တကယ်သတ်ချင်နေတယ် ထင်တယ်”

နေသူတော်စင်ဂိုဏ်းတံခါးလာခေါက်သည့် အချိန်မှစ၍ ယနေ့အထိ ကာလတစ်လျှောက်လုံး၌ ရန်ရှု့မှာ အလွန် ငြိမ်သက်နေ၏။

သူသည် ရန်ကျောက်ကဲက သူ့အား ဒုက္ခပေးရန် ကြိုးစားသည်ကို လက်ခံလိမ့်မည် မဟုတ်သလို ရန်ကျောက်ကဲကိုလည်း ဒုက္ခသွားပေးလိမ့်မည် မဟုတ်ပေ။ ကြည့်ရသည်မှာ ပုံမှန်အတိုင်းပင်။

ဤသည်မှာ အကြီးအကဲချင် အရှေ့တန်၌ ဆက်ရှိနေခြင်းကြောင့်ဟု အချို့က ထင်ကြသည်။ အခြားသူများကတော့ အကြီးအကဲချင်က ရန်ရှု့ကို ဖိအားပေးခဲ့ခြင်းကြောင့် ရန်ရှု့ ငြိမ်နေခြင်းဖြစ်သည်ဟု ယုံကြည်ကြ၏။

ရန်ကျောက်ကဲ၏အမြင်အရ ၎င်းမှာ မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေခြင်းမျိုးဖြစ်သည်။

ထို့နောက်မှာတော့ ခက်ထန်သော လေပြင်းများနှင့် ကြမ်းတမ်းသော မုန်တိုင်း ရောက်ရှိလာလိမ့်ပေမည်။ ထိုးမည့်ဆင်သည် အရှိန်ပြင်းစွာ ထိုးလိုသည့်အခါ အရှိန်ယူသည့်အနေဖြင့် ခြေတစ်လှမ်းဆုတ်သကဲ့သို့ပင်။

အားဟူက ရယ်မောလိုက်သည်။ “သူက ရေနောက်ထဲမှာ ငါးမျှားဖို့ စောင့်ဆိုင်းနေတဲ့ပုံပဲ၊ ဒါပေမယ့် စိတ်မကောင်းစရာက သူ့အတွက် အဲ့လို အခွင့်အရေးမျိုး ရှိမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ခေါင်းခါလိုက်သည်။ “နေသူတော်စင်ဂိုဏ်းက ဘေးက သရေတမြားမြားနဲ့ စောင့်ကြည့်နေတယ်၊ အဆုံးမဲ့တောင်တန်းကလည်း တိတ်တဆိတ် ချောင်းမြောင်းနေတယ်၊ ငါတို့ အခု မြင်နေရတာက အရမ်း ထိလွယ် ရှလွယ်တဲ့ ငြိမ်းချမ်းတဲ့ကာလပဲ”

လူတိုင်းက အခွင့်အရေးကို စောင့်ဆိုင်းနေတာပဲ”

ထိုကိစ္စကို အတော်အတန် စဉ်းစားပြီးနောက် ရန်ကျောက်ကဲသည် သူ့ခေါင်းကို လှည့်ကာ အားဟူအား ကြည့်လိုက်သည်။ “အကြီးအကဲချင်က ချောက်နက်ကြီးကြပ်ခြင်းမြို့မှာပဲ ဆက်ရှိနေဦးမှာလား”

အားဟူက ဖြေကြား၏ “နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက မူမမှန်တဲ့ လှုပ်ရှားမှုတွေက ပိုမိုပြင်းထန်လာနိုင်တဲ့ အရိပ်အယောင်တွေ ပြနေပါတာကြောင့် လောလောဆယ်တော့ အကြီးအကဲချင်က ဒီမှာပဲ ဆက်နေဦးမှာပါ”

နေသူတော်စင်ဂိုဏ်းရဲ့အရှေ့တက်နေဝန်းဘုရင်လည်း အနီးအနားကို ရောက်နေပါတယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ သူက ဒုက္ခပေးဖို့ ရောက်လာတာ မဟုတ်ပါဘူး၊ သူလည်း နဂါးချုပ်လှောင်ခြင်းချောက်နက်က အခြေအနေတွေကို စိုးရိမ်လို့ ရောက်နေတာ ဖြစ်လောက်မှာပါ”

ရန်ကျောက်ကဲ ခေါင်းငြိမ့်၏။ “ငါ တံခါးပိတ် ကျင့်ကြံဦးမယ်၊ အကြီးအကဲချင် မလှုပ်ရှားသရွေ့ ငါ့ကို မနှောက်ယှက်နဲ့”

အားဟူက ခေါင်းကုတ်လိုက်သည်။ “ဘာလို့ တံခါးပိတ်ကျင့်ကြံမှာလဲ၊ မင်းသား”

ရန်ကျောက်ကဲမှာ ပြုံးရုံသာ ပြုံးလိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောချေ။

အခြားသူများသည်လည်း ရန်ကျောက်ကဲ၏ ဆုံးဖြတ်ချက်ကို အနည်းငယ် အံ့ဩမိသည်။

ပထမတော့ သူတို့သည် ရန်ကျောက်ကဲက သူ့အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုဖြင့် ဝိဉာဉ်လက်နက်အချို့  သန့်စင်ရန်အတွက်ကြောင့်ဟု ထင်ခဲ့ကြသည်။ နောက်ပိုင်းမှာတော့ ရန်ကျောက်ကဲက သိုင်းပညာအချို့ လေ့ကျင့်နေခြင်းကြောင့်ဟု သူတို့ ခန့်မှန်းခဲ့ကြသည်။

သို့သော် ရန်ကျောက်ကဲမှာ ရက်တစ်ဒါဇင်ကျောက်လွန်လာသည့်တိုင် ပြန်ထွက်မလာသေးသည်ကို သူတို့ တွေ့လိုက်ရသည်။

သူက အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားနေတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား” တစ်စုံတစ်ယောက်က ထိုသို့ ခန့်မှန်းမိသည်။

ထိုထင်မြင်ချက် ထွက်ပေါ်လာသောအခါ လူတိုင်း ထခုန်မတတ် ထိတ်လန့်သွားပြီး ခေါင်းခါလိုက်ကြသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူ အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်ကို ရောက်တာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်လေ”

သူတို့ ဆက်ဆွေးနွေးကြရင်း ရုတ်တရက် တိတ်ဆိတ်ကုန်ကြသည်။

ရန်ကျောက်ကဲသည် အရင်ကလည်း အပြင်ပိုင်း ကြယ်တာရာချီကနဦးအဆင့်ကို ရောက်တာ တစ်လတောင် မကြာသေးဘဲ အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်သို့ ထပ်မံ တက်လှမ်းသွားသည်ကို သူတို့ အမှတ်ရသွားကြသည်။

ဤကဲ့သို့ အမြန်နှုန်းကို ကြောက်မက်ဖွယ်ရာကောင်းသည်ဟူသော စကားလုံးနှင့်ပင် ဖော်ပြရန် မလုံလောက်ပေ။

ထိုရှု့ထောင့်အရ အလယ်အလတ်အဆင့်မှ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်ကို ရောက်ရန် နှစ်တစ်ဝက်လောက် ကြာသည်ဆိုခြင်းက နည်းနည်း ပိုလက်ခံနိုင်စရာ မကောင်းဘူးလား။

မင်း-င်ကြီးသာ လက်ခံလိုက်၊ ဘယ်သူက လက်ခံနိုင်မှာလဲ။

လူတိုင်းပဲ စိတ်ထဲမှာ ကျိန်ဆဲချင်နေမိသည်။

ရေတိုကို ကြည့်ပြီး အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်ကနေ အလယ်အလတ်အဆင့်ကို တတ်လှမ်းဖို့ သူ ဘယ်လို ဖြတ်လမ်းတွေအသုံးပြုခဲ့သလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ” တစ်ယောက်က နှာခေါင်းရှုံ့လျက် ခပ်တိုးတိုး ပြောလိုက်သည်။

ထိုစကားပြောလိုက်သူကို ကြည့်လိုက်သောအခါ လူတိုင်း၏မျက်နှာမှာ အနည်းငယ် ရှုပ်ထွေးသွား၏။

၎င်းမှာ လေဝိဉာဉ်တောင်ကြား၏ ယခင်အကြီးအကဲဖြစ်သော ဝမ်နင်ဇီဖြစ်ပေသည်။

ဝမ်နင်ဇီသည် အစောပိုင်းက စုံစမ်းစစ်ဆေးမှုကို ခါးသက်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် တာဝန်ပျက်ကွက်ခြင်းအတွက်သာ အပြစ်ပေးခြင်းခံခဲ့ရသည်။ အနည်းဆုံးတော့ ရန်သူနှင့် ပူးပေါင်းကြံစည်နေသည်ဟူသော စွပ်စွဲချက်ကို ရှင်းလင်းနိုင်ခဲ့သည်။

လက်ရှိတွင် သူသည် အဆင့်နိမ့်အကြီးအကဲအဖြစ် ဆက်ရှိနေသေးသော်လည်း မည်သည့်နေရာကိုမှ တာဝန်မယူရတော့ပေ။ ထိုသို့ အလုပ်မရှိသောကြောင့် ဝမ်နင်ဇီမှာ အရှေ့တန်အကြီးအကဲ ရန်ရှု့၏ နောက်ကိုသာ တကောက်ကောက် လျှောက်လိုက်နေရသည်။

အခြားနေရာများတွင်လည်း အုပ်ချုပ်သူ အဆင့်နိမ့်အကြီးအကဲများ အပြည့်ဖြစ်နေ၍ နေရာလွတ် မရှိသေးပေ။

အကြီးအကဲချင် ရှိနေသေးသဖြင့် ရန်ရှု့ကလည်း ဝမ်နင်ဇီအတွက် မစီစဉ်ပေးနိုင်သေးပေ။ ထို့ကြောင့် ဝမ်နင်ဇီမှာ လတ်တလောတွင် အလုပ်လက်မဲ့ ဖြစ်နေရသည်။

အနာဂတ်တွင် အရှေ့တန်မြေပေါ်၌ သူ ဆက်ရှိနေမည်လောဆိုသည်ကတော့ ပြောရန် ခက်ခဲသည်။

ရန်ရှု့အပါအဝင် ရန်ကျောက်ကဲ၏ဒုတိယဦးလေးဖန်ကျွမ်း၏အုပ်စုက ဝမ်နင်ဇီကို ယုံကြည်နေဆဲဖြစ်သော်လည်း ဝမ်နင်ဇီမှာ ညံ့ဖျင်းသူအဖြစ် ခေါင်းစဉ်တပ်ခံခဲ့ရသည်မှာ မလွဲမသွေပင် ဖြစ်သည်။

သူ့ရှေ့မှ အနာဂတ်သည် လုံးဝ မှောင်မိုက်နေ၏။

ဝမ်နင်ဇီက လေးပင်သော လေသံဖြင့် ပြောလိုက်သည်။ “နေသူတော်စင်ဂိုဏ်းမှာလည်း အတင်းအကျပ် အဆင့်တက်ဖို့ ကောင်းကင်နေအပ်ကို ခန္ဓာကိုယ်ထဲ ထိုးသွင်းတဲ့ နည်းစနစ်ရှိတယ်လေ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာထဲမှာ ဒီလိုနည်းစနစ်က ရှားပေမယ့် မရှိတာတော့မဟုတ်ဘူး”

အဲ့အချိန်တုန်းက ရှောင်ရှန်းရဲ့ဖိအားနဲ့ ရင်ဆိုင်နေရတော့ ရန်ကျောက်ကဲက ရေတိုကိုကြည့်ပြီး အလွယ်လမ်းလိုက်လိုက်တာဖြစ်မယ်၊ ရေဆာတာပျောက်ဖို့ အဆိပ်ရည်ကို သောက်လိုက်သလိုပေါ့၊ ဒါတွေက ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အရာတွေပါပဲ”

ဒီအတိုင်းသာဆို အနာဂတ် သူ့ကျင့်ကြံမှုက နှေးကွေးသွားလိမ့်မယ်”

မိုးကောင်းကင်က သာတူညီမျှရှိတယ်၊ ဘယ်လိုလုပ်ကောင်းတဲ့အရာတွေအကုန်လုံးကို လူတစ်ယောက်ထဲမှာ စုပြုံဖြစ်ခွင့်ပေးမှာလဲ”

အချို့လူများကတော့ ဝမ်နင်ဇီသည် ရန်ကျောက်ကဲ၏လက်တွင် ဒုက္ခရောက်ခဲ့သောကြောင့် ရန်ကျောက်ကဲအား သွားပုပ်လေလွင့်ပြောနေခြင်းဖြစ်သည်ဟု ခံစားမိရာ ဝမ်နင်ဇီအား လှောင်ပြောင်သရော်သောအကြည့်ဖြင့် ကြည့်နေကြသည်။

သို့သော်လည်း ကျန်သည့်လူအများစု၏စိတ်ထဲ၌ တူညီသော အတွေးများ ပေါ်လာကြသည်။

ထိုသို့မဟုတ်ပါက ရန်ကျောက်ကဲ၏ အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်မှ အလယ်အလတ်အဆင့်ကို တက်လှမ်းသွားသည့် ကျင့်ကြံနှုန်းက ကြောက်မက်ဖွယ်ရာကောင်းလွန်းကာ လူအများလက်ခံထားသည်နှင့် လုံးဝ ဆန့်ကျင်နေလေသည်။

၎င်းမှာ သာမန်လူအများ၏ လက်ခံထားခြင်း မဟုတ်ပေ။ ပါရမီရှင်များနှင့် ပြည့်နှက်နေသော ကမ္ဘာ၌ပင် ၎င်းမှာ မဖြစ်နိုင်သော အရာဖြစ်သည်။

တစ်စုံတစ်ယောက်က ဘေးမှ အနည်းငယ် သက်ပြင်းချလိုက်သည်။ “အဲ့လိုလုပ်ဖို့ကလွဲရင် သူတတ်နိုင်တာ ဘာမှ မရှိဘူး မဟုတ်လား၊ ရှောင်ရှန်းက ဒဏ်ရာရအောင်တိုက်ခိုက်တာ ရှောင်ရှန်းသတ်တာခံရတာထက်စာရင် နောင်အခါ ဒုက္ခရောက်တာကမှ ပိုကောင်းသေးတယ်”

သူ ထိုစကားပြောနေစဉ် လူတိုင်း၏စိတ်ထဲ၌ ရုတ်တရက် လှုပ်ခတ်သွားသည်။

လှမ်းမျှော်ကြည့်လိုက်ရာ တစ်စုံတစ်ယောက် လမ်းလျှောက်လာသည်ကို မြင်ရပြီး ထိုသူမှာ ရန်ကျောက်ကဲဖြစ်ပေသည်။

ဘာတွေကို အားလုံးက တက်တက်ကြွကြွနဲ့ ဆွေးနွေးနေတာလဲ” ရန်ကျောက်ကဲက အပြုံးတစ်ခုကို ဆင်မြန်းလျက် မေးလိုက်သည်။

တစ်စုံတစ်ယောက်က သူ့အား သွားနှုတ်ဆက်လိုက်သည်။ “ကျောက်ကဲ၊ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား၊ ဒီတစ်ခါ တော်တော်ကြာ…”

သူ့အသံကို အလယ်မှ ကပ်ကြေးဖြင့် ဖြတ်လိုက်သည့် အလား သူ့စကားသည် လမ်းခုလတ်မှာပင် ရပ်တန့်သွား၏။

အခြားသူများ လှမ်းကြည့်လိုက်မိသောအခါ ချက်ချင်းဆိုသလို အားလုံးပဲ တောင့်တင်းကုန်ကြသည်။ သူတို့၏ပါးစပ်များမှာ အကျယ်ကြီးဟနေကာ မျက်လုံးများသည်လည်း ဝိုင်းစက်ပြူးကျယ်နေ၏။

ဝမ်နင်ဇီ မျက်မှောင်ကုပ်သွားသည်။ ဝမ်နင်ဇီသည် လူအုပ်၏နောက်ဆုံးမှ ကျော်ကြည့်လိုက်ရာ ရန်ကျောက်ကဲ၏အရပ်က ယခင်ကထက် ပိုမို မြင့်မားနေသည်ဟု ခံစားလိုက်ရသည်။

အံ့အားသင့်၊ ငေးကြောင်နေသော လူအုပ်ထဲမှ ဖြဲတိုးလာပြီးနောက် လူအုပ်၏ရှေ့ဆုံးသို့ ရောက်သောအခါ ဘာဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေရာ ဝမ်နင်ဇီမှာ အသိစိတ်လွတ်တော့မတတ်၊ နေရာမှာတင် မေ့လဲတော့မတတ်ဖြစ်သွားသည်။

တကယ်တော့ ရန်ကျောက်ကဲ၏အရပ်မှာ ပိုရှည်မလာပေ။ ရန်ကျောက်ကဲသည် မြေပြင်အထက် တစ်ပေခန့်အကွာ လေထဲတွင် ရပ်နေခြင်းသာ ဖြစ်ပေသည်။

အောင်အောင်မြင်မြင် အဆင့်တက်လာပြီးမှတော့ ကျွန်တော် တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာပေါ့” ရန်ကျောက်ကဲက သာမာန်ကာလျှံကာမျှ ပြောလျက် လူအုပ်ဆီသို့ ရွေ့လျားလာသည်။

မြေပြင်အထက်တစ်ပေဟူသည်ကား ရန်ကျောက်ကဲ ပျံတက်နိုင်သော အကန့်အသတ်အမြင့်မဟုတ်ပေ။ သို့ပေမယ့် ဤကဲ့သို့ အခါသမယမျိုးမှာ ဤလောက်ဆို လုံလောက်ပေပြီ။

သူ့ခန္ဓာကိုယ်က လေထဲတွင် ရပ်နေစဉ်မှာပင် ရန်ကျောက်ကဲသည် သူ့ချီ၏အကူအညီဖြင့် ဆက်လက် ရွေ့လျားနိုင်သေး၏။

ဤအရာကား အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်၏ အမှတ်အသားပင် ဖြစ်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset