Switch Mode

အခန်း ( ၄၃၉ )

ဆန္ဒတစ်ခုသာရှိသည်

အပြင်ဘက်ရှိ ပွက်လောရိုက်သံများမှာ ပိုမို ဆူညံလာတော့သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များကို ပိုင်ရှောင်ချန်း စိန်ခေါ်ခဲ့သည့် ဒုတိယအကြိမ်တွင် အံဖွယ်သရဲဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပျက်လာခဲ့သည်မဟုတ်ပါလော။

ပထမတွင် အရှေ့ပိုင်းစမ်းသပ်ပွဲများကို မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ဖြတ်ကျော်လာခဲ့ပြီး နောက် အလယ်ပိုင်းအမြုတေအဆင့်နှင့် နှောင်းပိုင်းအမြုတေအဆင့်ပညာရှင်ကို အနိုင်ရခဲ့ပြီး နောက်ဆုံးတွင် သူ အဆင့် တက်ခဲ့လေသည်။

ထိုဖြစ်ရပ်များကြောင့် အပြင်ဘက်ရှိ လူတိုင်းမှာ ခေါင်များ ချာချာလည်နေကြတော့သည်။ သက်တန့်၏ ခရမ်းရောင်အပိုင်းအပေါ် ရောက်ရှိနေကြသော ကျင့်ကြံသူ ကိုး ဦးတွင် ရှစ်ဦးသည် မဟာစက်ဝန်းအတွင်းရောက်နေပြီဖြစ်ပြီး ကုန်းစွန်းဝမ်အာသာ နှောင်းပိုင်းအမြုတေအဆင့်တွင်ဖြစ်သည်မဟုတ်ပါလော။ ယခုအခါ အလယ်ပိုင်းအဆင့်ဖြင့် အဖွဲ့ထဲဝင်ရောက်ပြီးနောက် ချက်ချင်းပင် နှောင်းပိုင်းအဆင့်သို့တက်သွားသော လူတစ်ယောက် ပါဝင်လာလေပြီ။

ထိုကိစ္စရပ်များကို လူတိုင်း ဆွေးနွေးငြင်းခုံနေကြစဥ် ပိုင်ရှောင်ချန်းမှာ တုန်ရီ သွားပြီး သူ့ကိုယ်ထဲရှိ အေးစိမ့်ချီများ နေသားတကျဖြစ်သွားကာ နှောင်းပိုင်းအမြုတေအဆင့်မှာ တည်ငြိမ်သွားတော့သည်။ သို့သော်လည်း ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးကြည့်နေရန် သူ့မှာ အချိန်မရှိပေ။ ထိုအစား တည်နေရာရွှေ့ပြောင်းခြင်းအလင်းထံ တဟုန်ထိုးသွားလိုက်သည်။ ထိုသို့ သူ လုပ်လိုက်သည်နှင့် ထိုနေရာတွင် အလင်းမှုန်အမြောက်အမြား အတူတကွလှည့်ပတ်လာပြီး နောက်ထပ်ရုပ်ထုကြီးဖြစ်ပေါ်လာလေသည်။

၄င်းမှာ ပိုင်ရှောင်ချန်း၏ ရုပ်ထုပင် ဖြစ်သည်။

သူက ခဏရပ်၍ ထိုရုပ်တုကို လှည့်ကြည့်လိုက်သောအခါ သူနှင့်တစ်ထပ်တည်းတူပြီး ၄င်း၏ အငွေ့အသက်မှာ သူ၏အငွေ့အသက်နှင့် အလွန်ဆင်တူကြောင်း တွေ့လိုက်ရလေသည်။ သို့သော်လည်း ရုပ်ထု၏ အမူအရာမှာ ခံစားချက်ကင်းမဲ့၍ သွေးအေးရက်စက်ကာ လုံးဝမလှုပ်ရှားဘဲ ရပ်မြဲရပ်နေလေသည်။

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်၏။ ယခုအချိန်ကစပြီး သက်တန့်၏ ခရမ်းရောင်အပိုင်းကိုရောက်ရန် ကြိုးစားသူမည်သူမဆို စမ်းသပ်ပွဲ၏နောက်ဆုံးအပိုင်းအနေနှင့် သူ၏ရုပ်တုကြီးကို ရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်ကြောင်း သူသိလေသည်။

တခဏကြာသော် သူက အကြည့်လွှဲလိုက်ကာ တည်နေရာရွှေ့ပြောင်းခြင်းအလင်းထံ ဦးတည်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။

အမှန်ပင် ပရိသတ်များအကြားရှိ ဆွေးနွေးငြင်းခုံမှုများမှာ မငြိမ်ကျသွားသေးပေ။ ဤနေ့ရက်များအတွင်း ပေါ်ထွက်လာသည့် အဖြစ်အပျက်များ၊ အထူးသဖြင့် ယခုအခါ ဂိုဏ်းတွင် ဒိတ်ဒိတ်ကြဲနာမည်ကြီးကျင့်ကြံသူ ဆယ်ယောက်ရှိသွားသည်မှာ တစ်သက်နှင့်တစ်ကိုယ် ကြုံရခဲလှပေသည်။ ဤအချိန်မှာ အလွန်အရေးကြီး၍ ပျော်ရွှင်ဖွယ် အခါသမယဖြစ်လေသည်။

ပိုင်ရှောင်ချန်းက တိုက်ပွဲပြီးမှ အဆင့်တက်သွားခြင်းကြောင့် နောင်တွင် စမ်းသပ်ပွဲကို စိန်ခေါ်ရန် ကြိုးစားသည့် မည်သူမဆို အနိုင်ရပြီးမှဖြစ်သွားသော နှောင်းပိုင်းအဆင့်ပိုင်ရှောင်ချန်းမဟုတ်ပဲ အလယ်ပိုင်းအမြုတေအဆင့်ပုံစံကိုသာ တိုက်ခိုက်ရမည်ဟု ဆိုလိုလေသည်။

ထိုရုပ်ထုသည် ဂိုဏ်းတွင် အရေးကြီးသော အဆင့်အတန်းကို ကိုယ်စားပြုလေသည်။ ၄င်း မရှုံးသရွေ့ ဘယ်သူမှ ခရမ်းရောင်စမ်းသပ်ပွဲကို ရောက်နိုင်မည်မဟုတ်လေရာ ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းကို ကြည့်သောလူများထက် ရုပ်ထုကို စိုက်ကြည့်နေကြသောလူ ပိုများလေသည်။

ပိုင်ရှောင်ချန်းမှာ တည်နေရာရွှေ့ပြောင်းခြင်းအလင်းထဲ ခြေချလိုက်ချိန် အပြာရောင်နတ်မီးလျှံစမ်းသပ်ပွဲမှ ပျောက်ကွယ်သွားပြီး ခရမ်းရောင်စမ်းသပ်ပွဲတွင် ပြန်ပေါ်လာလေသည်။

ထိုအချိန်တွင် သက်တန့်၏ ခရမ်းရောင်အပိုင်းမှာ ဆယ်လုံးမြောက်ကြယ်တစ်လုံး ပေါ်လာပြီး ရုပ်တုကို အာရုံစိုက်နေကြသော မျက်လုံးများအားလုံးသည် ထိုကြယ်ကို ပြောင်းကြည့်လိုက်ကြသည်။

ယခု ပိုင်ရှောင်ချန်းက မည်သို့ဖြစ်ပျက်နေသည်ကို မည်သူမှ မမြင်ရလေရာ လူတိုင်းမှာ သိချင်စိတ်များ ပြင်းပြနေကြတော့သည်။

ခရမ်းရောင်နတ်မီးလျှံစမ်းသပ်ပွဲတွင် ဖြစ်ပျက်နေသည်ကို မည်သူမှမသိသော အချက်ကြောင့် ဖြစ်နိုင်ခြေတစ်ခုလုံးက လျှို့ဝှက်ဆန်းကြယ်နေတော့သည်။ ထိုလျှို့ဝှက်ဆန်းကြယ်မှုကြောင့် လူတိုင်းမှာ နောက်ထပ်မည်သို့ဖြစ်မည်ကို ပို၍ပင် သိချင်လာကြတော့သည်။ လအနည်းငယ်အတွင်း လူနှစ်ယောက်က သက်တန့်၏ ခရမ်းရောင်အပိုင်းကို ရောက်သွားပြီး ခရမ်းရောင်စမ်းသပ်ပွဲအတွင်း မည်သို့ဖြစ်မည်နည်းဟု တွေးလိုက်ရုံနှင့်ပင် အခြားသော ကျင့်ကြံသူအမြောက်အမြားမှာ စိတ်အားထက်သန်လာကြလေသည်။

ကြည့်ရှုနေသည့်လူအားလုံး၏စိတ်ထဲတွင် ထိုအတွေးများ ပြည့်နှက်နေစဥ် ပိုင်ရှောင်ချန်းသည် မည်သူမှ မမြင်ရသည့် ခရမ်းရောင်စမ်းသပ်ပွဲအတွင်း ပြန်ပေါ်လာပြီး အခြား နတ်မီးလျှံစမ်းသပ်ပွဲများအားလုံးနှင့် မတူကွဲပြားသောနေရာတစ်ခုသို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

သူ့ရှေ့တွင် မြစ်တစ်စင်းက သွယ်တန်းစီးဆင်းနေပြီး သူက ထိုမြစ်၏ကမ်းပါးယံတွင် ရပ်နေလေသည်။

သူသည် တစ်စုံတစ်ခုကို မေ့သွားသည့်အလား သူ့မျက်လုံးများထဲတွင် ငေးကြောင်ကြောင်အရိပ်အယောင်များကို မြင်နေရလေသည်။ ထို့အပြင် သူက ဘေးဘီဝဲယာကို ကြည့်လိုက်ရာ သူ့ပတ်လည်ရှိ အရာအားလုံးမှာ အစစ်အမှန်မဟုတ်ကြောင်း သိလိုက်ရလေသည်။

“ငါ ဘာများ မေ့သွားတာလဲ”
သူက တအံ့တသြတွေးလိုက်ပြီး ပြန်စဥ်းစားကြည့်ရန် မြစ်ကမ်းပါးပေါ်တွင် ထိုင်ချလိုက်လေသည်။ သို့သော်လည်း အချိန်အနည်းငယ်သာ ကုန်သွားပြီး သူ့နာမည်တစ်ခုကိုသာ မှတ်မိလိုက်လေသည်။ သူ၏ အခြားမှတ်ဉာဏ်များအားလုံး ပျောက်ဆုံးသွားပုံရလေသည်။

သူ့မျက်လုံးထဲရှိ တွေဝေမှုများ ပို၍ ကြီးထွားလာတော့သည်။

သူ၏ တည်နေရာရွှေ့ပြောင်းခြင်းအလင်းထဲဝင်ဝင်ချင်း မူလအစီအစဥ်မှာ နောက်တစ်ဆင့်ရောက်သည်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များစမ်းသပ်ပွဲမှ ထွက်ခွာရန်ဖြစ်သည်။ ဤသို့အားဖြင့် သူ၏ရည်ရွယ်ချက် ထမြောက်သွားပြီး ဖက်တီးကျန်းကြီးကို ကယ်ရန် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို တောင်းခံနိုင်လိမ့်မည်။

အချိန်က အဓိကဖြစ်သည်။

သို့သော်လည်း လျှို့ဝှက်ဆန်းကြယ် ခရမ်းရောင်နတ်မီးလျှံစမ်းသပ်ပွဲကို ဝင်ရောက်လိုက်သည်နှင့် တစ်ခုမှ သူ မမှတ်မိတော့ပေ။

” မဟုတ်သေးဘူး ”
သူက ရေရွတ်လိုက်သည်။
” ငါလုပ်ရမယ့် အရေးကြီး ကိစ္စတစ်ခုရှိတာကို မှတ်မိတယ်” မျက်မှောင်ကြုတ်လျက် သူမေ့နေသည့်အရာ မည်သည့်အရာပဲဖြစ်ဖြစ် ဖြစ်ညှစ်စဥ်းစားနေစဥ် တစ်စုံတစ်ယောက်၏ သီချင်းဆိုသံသဲ့သဲ့ ရုတ်တရက် ကြားလိုက်ရလေသည်။

ထိုအသံသည် နိမ့်ချည် မြင့်ချည်ဖြစ်နေလေရာ သီချင်းစာသာကို မကြားရပေ။ သို့သော်လည်း သီချင်းဆိုနေသောသူသည် အသက်ကြီးပြီး ရှေးဆန်မည့်ပုံရလေသည်။ တခဏကြာသော် မြစ်ပေါ်တွင် အထီးကျန်လှေငယ်လေးတစ်စီး ပေါ်လာ၏။

ခပ်ကြီးကြီးဝါးခမောက်တစ်ခုကိုဆောင်းထားသော အဖိုးအိုတစ်ယောက်က လှေထဲတွင် ထိုင်နေပြီး လှေကို ဝါးလုံးရှည်တစ်ချောင်းဖြင့် လှော်ခတ်နေလေသည်။ ကမ်းပါးနားး နီးကပ်လာသည်နှင့် သူက မော့လိုက်လေရာ အသက်အရွယ်ကြောင့် ပါးရေများတွန့်နေသာ မျက်နှာတစ်ခုပေါ်လာတော့သည်။ ထိုအဖိုးအိုက ပြုံး၍ ပြော၏။
” မင်းနှလုံးသား မွန်းကြပ်နေလား”

ပိုင်ရှောင်ချန်းသည် လှေနှင့်အဖိုးအိုကို မော့ကြည့်လိုက်သည်။ ဇဝေဇဝါဖြစ်ရင်း သူက ပြန်ဖြေလိုက်သည်။
” ကျုပ် တစ်ခုခု မေ့နေသလိုပဲ”

” လူတိုင်း တစ်ခါတလေ မေ့ကြတာပါပဲ ” အဖိုးအိုက အပြုံးဖြင့် ပြောလေသည်။
” ဘာလို့ ဒီလှေပေါ်လာပြီး ငါ့သီချင်းကို နားမထောင်သေးတာလဲ။ မင်းဘာကိုပဲ မေ့မေ့ ပြန်သတိရဖို့ အကူအညီ ဖြစ်ကောင်းဖြစ်မှာပေါ့ ”

ပိုင်ရှောင်ချန်းက တခဏမျှ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေပြီးနောက် ထလာပြီး လှေပေါ်တက်လိုက်လေသည်။ ထို့နောက် အဖိုးအိုက ဝါးလုံးကို တွန်းလိုက်ပြီး လှေကို နောက်တစ်ကြိမ် မြစ်ထဲ လှော်ခတ်လိုက်သည်။

အထီးကျန်လှေငယ်လေးထဲ ပိုင်ရှောင်ချန်း ထိုင်နေစဥ် အဖိုးအိုက သီချင်းစဆိုလေသည်။ ထူးဆန်းစွာပင် ပိုင်ရှောင်ချန်းက မည်မျှ အာရုံတစိုက်နားထောင်စေကာမူ အဖိုးအို၏သီချင်းစာသားတစ်လုံးကိုမှ မသိရပေ။

တခဏကြာသော် သူ မနေနိုင်တော့ပဲ မေးလိုက်တော့သည်။
” အဖိုးက ဘာသီချင်းဆိုနေတာလဲ ”

” ရိုးရာသီချင်း ” ဟု အဖိုးအိုက ပြန်ဖြေလိုက်၏။

ပိုင်ရှောင်ချန်းက အတန်ကြာ နားထောင်လိုက်ပြီးနောက် မေးလိုက်သည်။
” နာမည်ရှိလား”

” မရှိဘူး ” ဟု ပြုံး၍ဖြေလိုက်ပြီး အဖိုးအိုက ဆက်ပြော၏။
” ဒါက ဘယ်သူမှမကြားနိုင်တဲ့အဆုံးသတ် ရိုးရာသီချင်းလေ။ မင်းအရှေ့မှာ လူကိုးယောက်လာတယ်။ တစ်ယောက်မှ သီချင်းတစ်ပုဒ်လုံးဆုံးအောင် နားမထောင်ကြဘူး။ ပထမဆုံးလူက အကြာဆုံးနားထောင်ပေမယ့်လည်း နောက်ဆုံး လက်လျှော့သွားတာပဲ” ထို့နောက် သူက သီချင်းဆက်ဆိုနေလေသည်။

ပိုင်ရှောင်ချန်းက သီချင်းကိုနားထောင်းရင်း မေ့သွားသည့် အရာကို ပြန်စဥ်းစားကာ တိတ်ဆိတ်စွာ ထိုင်နေလေသည်။ မြစ်ရေပြင်မှာ လှိုင်းလုံးလေးများ လူးလွန့်နေပြီး အချိန်အနည်းငယ်ကြာသောအခါ ပိုကြီးမားသော လှိုင်းလှုံးတစ်လုံးက လှေ၏ဘေးဖက်ကို ရိုက်ခတ်သွားလေသည်။ ပိုင်ရှောင်ချန်းမှာ လှုပ်ရမ်းနေသော လှေငယ်ကြောင့် ရှေ့နောက် ယိမ်းထိုးနေစဥ် သူ၏ခေါင်းတစ်ခုလုံးချာချာလည် မူးနောက်သွားပြီး ရုတ်တရက် တစ်ခုခုကို မှတ်မိလိုက်လေသည်။

သူက သူ့အဖေနှင့် အခန်းတစ်ခုထဲတွင်ရှိနေပြီး သူ့အဖေက သူ၏လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလေသည်။
” ရှောင်ချန်း…. ဆက်အသက်ရှင်နေရမယ်နော် ”

သူ့စိတ်ထဲတွင် ထိုမှတ်ဉာဏ်သည် မီးပွားကဲ့သို့ တောက်ပသွားသဖြင့် ပိုင်ရှောင်ချန်း၏တစ်ကိုယ်လုံးတုန်တက်သွားကာ သူ၏မှတ်ဉာဏ်များသည် တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ ခန်းခြောက်သွားစေသော စွမ်းအားကြီးအလား သူ့ခေါင်းထဲ အလုံးအရင်းလိုက် ပြန်ပေါ်လာတော့သည်။

” ကျုပ် အစ်ကိုကြီးကို ကယ်ရမယ်” သူအရင်က အရာအားလုံးကို ပြန်မှတ်မိသွားသဖြင့် တုန်ရီသွားပြီး တွေးလိုက်သည်။သူ ရုတ်တရက် ထရပ်လိုက်စဥ် လှေနှင့်အတူ မြစ်ပါ ပျောက်ကွယ်သွားလေသည်။ သူ့ဘေးပတ်လည်ရှိ အခန်းတစ်ခုလုံးမှာ ဟင်းလင်းပြင်ကြီးဖြစ်သွား၏။

သူ၏ရှေ့တွင် အဖိုးအိုရှိနေပြီး အဖိုးအို၏ မျက်လုံးများက ထူးဆန်းကြယ်သောအလင်းများ တလက်လက်တောက်ပနေကာ ပိုင်ရှောင်ချန်းကို လှည့်ကြည့်လေသည်။

” မင်း အခု သေချာမြင်ရပြီလား” အဖိုးအိုက မေးသည်။

“ဟမ် ” ပိုင်ရှောင်ချန်းက ပြောသည်။
” အိုး… ကျုပ် ဒီနတ်မီးလျှံစမ်းသပ်ပွဲမှာ မပါချင်ဘူး။ လူတစ်ယောက်ကို ကယ်ရမှာမလို့ ပါခဲ့တာ ”
ယခုအခါ သူ၏မှတ်ဉာဏ်များပြန်ရသွားလေရာ ဤစမ်းသပ်ပွဲသည် ယခင်ထက်ပို၍ ထူးဆန်းလာတော့သည်။

အဖိုးအိုက သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ထပ်မေးသည်။
” မင်း အခု သေချာမြင်ရပြီလား”

ပိုင်ရှောင်ချန်းက အတန်ငယ် စိတ်တိုလာတော့သည်။
” ကျုပ်… ”

သို့သော်လည်း သူ့ပါးစပ်မှ စကားတစ်လုံးသာ ထွက်ရသေးသည် အဖိုးအိုက ခေါင်းခါလိုက်ပြီး သက်ပြင်းချကာ ကြားဖြတ်ပြောလိုက်သည်။
” ကောင်းပြီ။ မင်း ဘာတွေးနေလဲ ငါသိတယ်။ ခရမ်းရောင်နတ်မီးလျှံ စမ်းသပ်ပွဲရောက်လာလို့ ဂိုဏ်းကနေ မင်း အခွင့်အရေးတစ်ခုတောင်းလို့ရတယ်။ အရမ်းကြီး မလွန်ကျူးနေသရွေ့ မင်းဆုတောင်းကို ဖြည့်ပေးမယ်။ ဥပမာ ဓားစာခံဆိုတဲ့ အဆင့်အတန်း ဖယ်ရှားပေးတာမျိုးပေါ့”

” ကျုပ် နတ်အဆင့်စွမ်းအား လိုချင်တယ် ”
ပိုင်ရှောင်ချန်းက ချက်ချင်းပင်ပြောလိုက်သည်။

အဖိုးအိုက ခေါင်းညိတ်လိုက်၏။
” မင်းထွက်သွားပြီးရင် လူတစ်ယောက်က မင်းကို ပေးလိမ့်မယ်”

ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် ရေဝဲတစ်ခုပေါ်လာပြီး ပိုင်ရှောင်ချန်းကို အထဲဆွဲငင်လာလေသည်။

ထွက်ပေါက်ကို မသွားခင် ပိုင်ရှောင်ချန်းက ရပ်လိုက်ပြီး ဟင်းလင်းပြင်ထဲတွင် သူ့ထံမှ လမ်းလျှောက်ထွက်သွားသော အဖိုးအိုကို ပြန်ကြည့်လိုက်သည်။

” စောစောက.. ”
ပိုင်ရှောင်ချန်းက ပြောသည်။
” ကျုပ် တစ်ခုခုကို သေချာမြင်ရလားလို့ အဖိုးမေးတယ်နော်။ ဘာကို ပြောချင်တာလဲ ”

အဖိုးအိုက ပြန်လှည့်မကြည့်ပေ။ အေးစက်စက် အသံဖြင့် သူကပြန်ပြောသည်။
” မင်းရဲ့ တာအို ”

ပိုင်ရှောင်ချန်း တွေဝေသွားလေသည်။ အဖိုးအိုက ဆက်လက်လျှောက်လှမ်းသွားနေပြီး ပိုင်ရှောင်ချန်းက ထွက်ပေါက်ထဲ ဝင်ရောက်သွားနေရင်းမှ အော်ဟစ်ပြောလိုက်သည်။
” ကျုပ်တာအိုက ဘာလဲတော့ သေချာမသိဘူး။ ဒါပေမယ့် ကျုပ်မှာ ထာဝရအသက်ရှင်ချင်တဲ့ ဆန္ဒတစ်ခုတော့ရှိတယ်။”

အဖိုးအိုက လမ်းလျှောက်ေနရာမှ ရပ်လိုက်ပြီး နောက်လှည့်ကာ ပြုံးပြလိုက်သည်။
” အဲဒါမင်းရဲ့ တာအိုပဲ”

ထစ်ခြုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းက ပျောက်ကွယ်သွားကာ အချိန်အနည်းငယ်ကြာသော် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များစမ်းသပ်ပွဲအပြင်ဘက်တွင် ပေါ်လာ၏။

သူပထမဆုံးကြုံလိုက်ရသည့်အရာမှာ ပွက်လောရိုက်နေသော ဆွေးနွေးငြင်းခုံသံများဖြစ်ပြီး မကြာမီ သူ့အမြင်များ ကြည်လင်လာတော့သည်။ ချက်ချင်းပင် သူ့ကို လေးစားအားကျမှုများဖြင့် ကြည့်နေကြသော ကျင့်ကြံသူအမြောက်အမြားကို မြင်လိုက်ရလေသည်။

တချိန်တည်းမှာပင် အနန္တကြယ်သက်တန့်၏ ဂိုဏ်းခေါင်းဆောင်၏နေရာမှ တည်ကြည်လေးနက်သော အသံတစ်ခုထွက်ပေါ်လာ၏။

” အဏ္ဏဝါဂိုဏ်းရဲ့ ဓားစာခံ ပိုင်ရှောင်ချန်း.. မင်းရဲ့ တောင်းဆိုချက်ကို သဘောတူတယ်။ မင်းကို နတ်အဆင့်စွမ်းအား ပေးအပ်မယ်”

ထွန်းလင်းတောက်ပနေသောအလင်းတန်းတစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာပြီး ပိုင်ရှောင်ချန်းရှေ့တွင် မယုံကြည်နိုင်ဖွယ်စွမ်းအားများသက်ဝင်နေသော သလင်းကျောက်သစ်ရွက်တစ်ခုပုံစံ ပေါ်လာလေသည်။

ထိုနေရာရှိ လူတိုင်းမှာ သူတို့အပေါ်တွင် မယုံကြည်နိုင်ဖွယ် ဖိအားသက်ရောက်လာလေရာ အသက်ရှူရန်ပင် ခဲယဥ်းသွားပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံများ ဖိနှိပ်ခံလိုက်သည့်အလား ခံစားလိုက်ရတော့သည်။ အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ထိုသစ်ရွက်၌ သစ်အမျိုးအစား နတ်အဆင့်စွမ်းအားများပါဝင်နေလေသည်။

ထိုမျှသာမက ၄င်းသည် အပိုင်းအစသေးသေးလေးမဟုတ်ပဲ စွမ်းအားအပြည့်ဖြစ်လေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset