Switch Mode

စာစဉ်(၆) အပိုင်း(၈၀)

ရတနာကိုရရှိခြင်း

“ဒါကဘာလဲ…”

ဇူယွမ်က ကျောက်စိမ်းရောင်အလင်းရဲ့အောက်မှာ လှုပ်ရှားနေသည့်ငွေရောင်လက်စွပ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်မိသည်။ ငွေရောင်လက်စွပ်ထံမှ လှုပ်ရှားမှုတွေက သူနဲ့အနည်းငယ်ရင်းနှီးမှုရှိသည်လို့ ခံစားခဲ့ရသည်။

သူကအနည်းငယ်တုန့်ဆိုင်းသွားခဲ့ရသကဲ့သို့ သူ့လက်ထဲမှာကိုင်ထားသည့် ကောင်းကင်ယွမ်စုတ်တံက ရုတ်တရက်ရှည်ထွက်လာခဲ့ပြီး သိုင်းပညာပုံစံသို့ပြောင်းလဲသွားခဲ့သည်။ သူကစုတ်တံရဲ့ထိပ်ဖျားကို ညင်သာစွာလှုပ်ရှားလိုက်ပြီး သစ်ကိုင်းထက်မှ ငွေရောင်လက်စွပ်ကို ဖြုတ်ယူလိုက်သည်။

ဇူယွမ်ကလက်တစ်ဖက်ထုတ်ကာ ငွေရောင်လက်စွပ်ကိုဖမ်းယူလိုက်သကဲ့သို့ အေးစက်တဲ့ခံစားချက်တစ်ခုက သူ့ရဲ့လက်ထဲကို ဝင်ရောက်လာခဲ့ရသည်။ အနီးကပ်စစ်ဆေးကြည့်လိုက်သည့်အခါ လက်စွပ်အပေါ်မှာ ထူးဆန်းတဲ့အရှိန်အဝါအငွေ့အသက်တွေ ထုတ်လွှတ်နေသည့် ရှေးကျတဲ့ပုံစံအချို့ကို တွေ့လိုက်ရသည်။

ဒါ့အပြင် သူကလက်စွပ်ကို ကိုင်ထားစဉ်မှာ သူ့ရဲ့မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ်က ၎င်းရဲ့စွမ်းအားတွေ တိုးမြင့်လာခဲ့ရသကဲ့သို့ လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့ရသည်။

“ဒီလက်စွပ်က လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို ပိုပြီးသန်မာစေနိုင်တာလား…” အတွေးတစ်ခုက ဇူယွမ်ရဲ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့ရသကဲ့သို့ သူကကျောက်စိမ်းသစ်ပင်ကို မော့ကြည့်လိုက်သည်။ လက်စွပ်ကိုသစ်ကိုင်းမှ ဖယ်ရှားခဲ့ပြီးနောက်မှာ ကျောက်စိမ်းသစ်ပင်ထံမှ စိတ်ဝိညာဉ်လှုပ်ရှားမှုတွေက အားပျော့သွားခဲ့ရသည်။

“အစောပိုင်းစိတ်ဝိညာဉ်တိုက်ခိုက်မှုတွေက ကျောက်စိမ်းသစ်ပင်ရဲ့အလိုအလျောက်ကာကွယ်ခြင်းမှ ထွက်ပေါ်လာတဲ့တိုက်ခိုက်မှုတွေဖြစ်ပေမဲ့ ကျောက်စိမ်းသစ်ပင်မှာ ဘယ်လိုလုပ်ဒီလိုစွမ်းအားပြည့်ဝလှတဲ့ စိတ်ဝိညာဉ်ရှိနေရတာလဲ…” ဇူယွမ်ရဲ့မျက်လုံးထဲမှာ တစ်စုံတစ်ခုကိုတွေးမိလိုက်သည့်အလား တောက်ပသွားခဲ့ရကာ သူ့ရဲ့အကြည့်တွေက လက်ထဲမှာကိုင်ထားသည့် မှိန်ဖျော့ဖျော့ငွေရောင်လက်စွပ်ထံ နောက်တစ်ကြိမ်ထပ်မံရောက်ရှိသွားခဲ့ရသည်။

ဒါဖြစ်နိုင်မလား… ကျောက်စိမ်းသစ်ပင်ရဲ့စိတ်ဝိညာဉ်က သူ့ကိုယ်သူကာကွယ်နိုင်လောက်တဲ့အထိ သန်မာနေရတာ ဒီလက်စွပ်ကြောင့်များဖြစ်နိုင်မလား…

အချိန်အနည်းငယ်ကြာ စဉ်းစားနေခဲ့ပြီးနောက်မှာ ဇူယွမ်ကထပ်မံစဉ်းစားခြင်းမပြုတော့ဘဲ ယောင်ယောင်နဲ့တွေ့မှသာ မေးမြန်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမက ဒီလက်စွပ်ရဲ့အကြောင်းကို သိကောင်းသိနိုင်ပေလိမ့်မည်။

ဇူယွမ်က လက်စွပ်ကိုသိမ်းဆည်းလိုက်ပြီး သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းသေတ္တာနှစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက်မှာ သူ့ရဲ့ခြေထောက်တွေက မြေပြင်ပေါ်ကိုဆောင့်နင်းလိုက်ပြီး ကျောက်စိမ်းသစ်ပင်ပေါ် ပျံတက်သွားခဲ့လိုက်သည်။ သူ့ရဲ့လက်ချောင်းတွေထိပ်မှာ အလင်းတွေတောက်ပလာခဲ့ပြီး သစ်ပင်ပေါ်ရှိကျောက်စိမ်းသစ်သီးနှစ်လုံးက သေတ္တာတွေထဲကို ကျဆင်းလာခဲ့ရသည်။

ဇူယွမ်က ကျောက်စိမ်းသစ်သီးတွေရဲ့ အကျိုးသက်ရောက်မှု လျော့နည်းသွားမှာစိုးရိမ်သည့်အလား သေတ္တာတွေကို ချက်ချင်းပြန်ပိတ်လိုက်ကာ ဂရုတစိုက်ဖြင့် သိုလှောင်အိတ်အတွင်းသို့ ပြန်ထည့်လိုက်သည်။

“နောက်ဆုံးတော့ ငါဒါတွေကို ရယူနိုင်ခဲ့ပြီ…”

ဇူယွမ်တစ်ယောက် သူ့ရဲ့ပခုံးပေါ်ကကြီးလေးတဲ့တာဝန်ကြီးတစ်ခု ပြီးမြောက်သွားသည့်အလား သူ့ရဲ့ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်သွားခဲ့ရသည်။ အခုအချိန်မှာ ကျောက်စိမ်းသစ်သီးက သူ့လက်ထဲကိုရောက်ရှိလာခဲ့ပြီဖြစ်သည့်အတွက် သူ့အမေရဲ့ဆုံးရှုံးသွားတဲ့သက်တမ်းကို ပြန်လည်ရယူနိုင်တော့မည်ဖြစ်သည်။ ဒါ့အပြင် သူ့အနေနဲ့ သူ့အမေချင်ယုရဲ့အသက်အတွက်လည်း အချိန်ကြာမြင့်စွာ စိုးရိမ်နေစရာလိုလိမ့်တော့မည်မဟုတ်ပေ။

ဇူယွမ်က ကျွန်းပေါ်ရှိရတနာတွေအား သိမ်းဆည်းလိုက်သည်ကို မြင်လိုက်ရသည့်အခါ ရေကန်ဘေးရှိ ချီဟောင်ရဲ့အမူအယာက အနည်းငယ်ပျက်ယွင်းသွားခဲ့ရသည်။

အဆိပ်ဘုရင်ရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့အမူအယာတစ်ခုဖြစ်ပေါ်လာခဲ့ရပြီး မှတ်ချက်ချလိုက်သည်… “မင်းသားလေးဇူယွမ်မှာ စွမ်းရည်အချို့ရှိနေတာပဲ…”

ချီဟောင်ရဲ့အမူအယာက နက်မှောင်နေလျက်မှပင် တည်ငြိမ်စွာဖြင့်ပြောလိုက်၏… “သူ့ကို အချိန်နည်းနည်းလောက် ပေးပျော်လိုက်ပါ… မစိုးရိမ်ပါနဲ့… အခုအချိန်မှာ သူကဘာတွေပဲရခဲ့ရခဲ့ အဲ့ဒီပစ္စည်းတွေက နောက်ဆုံးမှာ ငါတို့လက်ထဲကိုပဲရောက်လာရလိမ့်မယ်…”

“လက်ရှိသူ့ရဲ့အခြေအနေက ကျုပ်တို့ကိုဆက်သဖို့ ပစ္စည်းတွေ စုဆောင်းနေတာနဲ့တောင် ခပ်ဆင်ဆင်တူနေသေးတယ်…”

“သူအပင်ပန်းအဆင်းရဲခံပြီး စုဆောင်းထားခဲ့ရတဲ့ ရတနာတွေသာ ငါတို့လက်ထဲမှာဆုံးရှုံးခဲ့လိုက်ရမယ်ဆိုရင် သူ့ရဲ့မျက်နှာက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ ငါ့အနေနဲ့အမှန်တကယ်ကို စိတ်ဝင်စားမိလှတယ်…”

ဒီစကားကိုပြောလိုက်ပြီးနောက်မှာ ချီဟောင်က ဒီနေရာမှာဆက်ပြီး အချိန်မဖြုန်းလိုတော့သည့်အလား ဒေါသတကြီးထွက်ခွာသွားခဲ့သည်။

ဝေကန်းလန်တို့လူစုက ချီဟောင်တို့ထွက်ခွာသွားသည်ကို မြင်လိုက်ရမှသာ သူတို့တွေအားလုံး သက်တောင့်သက်သာရှိသွားသလို စတင်ပြီးခံစားမိလိုက်ကြသည်။ သူတို့အနေဖြင့် အစကတည်းကပင် ချီဟောင်တို့လူစုအပေါ် ဂရုတစိုက်စောင့်ကြည့်နေခဲ့ကြရသည်။

ဝေကန်းလန်တို့အားလုံးက ချီဟောင်တို့တွေ လက်လျှော့အရှုံးပေးသွားခြင်းမဟုတ်သည်ကို ကောင်းစွာနားလည်ထားကြပေမဲ့လည်း ဒီနေရာမှာ သူတို့တွေနဲ့ စတင်ပြီးမတိုက်ခိုက်လိုခဲ့ကြပေ။

ဒါ့အပြင် အရေးအကြီးဆုံးဖြစ်သည့် မီးဝိညာဉ်အစေ့ကိုလည်း မြင်တွေ့ရခြင်းမရှိသေးပေ။

ဇူယွမ်က ကျွန်းငယ်လေးတစ်ခုလုံးကို နှံ့နှံ့စပ်စပ်စစ်ဆေးလိုက်သည်။ သူ့အနေဖြင့်နောက်ထပ်တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိခဲ့ပေမဲ့ စိတ်ကျေနပ်မှုတော့ရှိခဲ့ရပေသည်။ ထို့နောက်မှာ သူကကျောက်စိမ်းသစ်သီးနှစ်လုံးနဲ့ ငွေရောင်လက်စွပ်ကိုယူဆောင်ကာ ရေကန်ဘေးသို့ပြန်လာခဲ့သည်။

ဇူယွမ်ရေကန်ဘေးကို ပြန်လည်ရောက်ရှိလာသည့်အခါ ဝေကန်းလန်ကပြုံးလိုက်ပြီး သူ့ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာအရိုအသေပေးလိုက်ရင်းမှပြောသည်… “မင်းသားလေးက ရတနာတွေကို အောင်အောင်မြင်မြင်ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်…”

ဇူယွမ်ကရယ်မောလိုက်ပြီး သူ့ရဲ့အကြည့်က ချီဟောင်တို့ထွက်ခွာသွားသည့်အရပ်ကိုရောက်ရှိသွားသည့်အခါ သူ့ရဲ့မျက်လုံးတွေကျဉ်းမြောင်းသွားခဲ့ရသည်။ ကျောက်စိမ်းသစ်သီးကို ရယူနိုင်ခဲ့ခြင်းက သေးငယ်တဲ့အောင်မြင်မှုလေးတစ်ခုသာဖြစ်ပြီး တကယ့်အစစ်အမှန်တိုက်ပွဲက မီးဝိညာဉ်အစေ့ကိုတွေ့ရှိသည့်အချိန်မှသာ စတင်လိမ့်မည်ဖြစ်သည်ကို သူ့အနေဖြင့် ကောင်းစွာသိပေသည်။

ရေကန်ရဲ့ဘေးမှာ အင်အားစုများစွာရှိနေသေးတုန်းပင်ဖြစ်ကာ သူတို့အားလုံးရဲ့မျက်လုံးထဲမှာ လောဘမီးတွေတောက်လောင်နေလျက် ဇူယွမ်ကိုကြည့်လိုက်မိကြသည်။ ကျောက်စိမ်းသစ်သီးရဲ့ဆွဲဆောင်နိုင်မှုကလည်း သေးငယ်သည့်အရာတစ်ခုတော့မဟုတ်ပေ။

သို့ပေမဲ့လည်း ဇူယွမ်တို့လူစုရဲ့အင်အားနှင့် ဝေကန်းလန်လို မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ပါဝင်နေမှုက သူတို့အတွက်ရွေးချယ်စရာမရှိခဲ့စေဘဲ သူတို့ရဲ့လောဘတွေကို သူတို့ရင်ထဲမှာသိမ်းဆည်းထားလိုက်ရကာ ရှေးဟောင်းနယ်မြေရဲ့အခြားနေရာတွေမှာ သူတို့အတွက်ကံကောင်းခြင်းတွေကို ရှာတွေ့နိုင်မလားဆိုသည့်မျှော်လင့်ချက်ဖြင့် ရေကန်ဘေးမှတိတ်တဆိတ်ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

ဇူယွမ်က နောက်ထပ်အချိန်ထပ်ဖြုန်းလိုခြင်းမရှိတော့သည့်အလားပြောလိုက်သည်… “ချီဟောင်တို့အုပ်စုက မီးဝိညာဉ်အစေ့ရှိတဲ့ ရှေးဟောင်းနယ်မြေရဲ့အနက်ပိုင်းထဲကို ဦးတည်ပြီးသွားနေခဲ့ကြပြီ… ကျွန်တော်တို့တွေလည်း ဒီနေရာမှာဆက်မနေတော့ဘဲနဲ့ အဲ့ဒီကိုသွားဖို့ပြင်ဆင်ကြရအောင်…”

မီးဝိညာဉ်အစေ့က အရေးအကြီးဆုံးပစ္စည်းဖြစ်ကာ ၎င်းကိုချီအိမ်တော်ရဲ့လက်ထဲကို ရောက်ရှိသွားစေလို့မဖြစ်ပေ။ ဒီလိုမှမဟုတ်ရင် သူတို့ရဲ့အင်အားက သေချာပေါက်မြင့်တက်သွားရပေလိမ့်မည်။

ဇူယွမ်ရဲ့စကားကိုကြားလိုက်ရသည့်အခါ လူတိုင်းကခေါင်းညိတ်ပြလိုက်သည်။

ထို့ကြောင့်ပင် သူတို့လူစုက ပြင်ဆင်မှုတွေကို လျင်မြန်စွာပြုလုပ်ခဲ့ကြကာ ရှေးဟောင်းနယ်မြေရဲ့အနက်ပိုင်းကို စတင်ဝင်ရောက်သွားခဲ့ကြသည်။

လမ်းမှာဇူယွမ်က ယောင်ယောင့်အနားတိုးကပ်သွားခဲ့ပြီး ငွေရောင်လက်စွပ်ကို ထုတ်ပြလိုက်ကာ ကြည့်ရှုစေလိုက်သည်။

“ဒီလက်စွပ်က ရတနာတစ်ခုပဲ… ဒါက မူလအသုံးအဆောင်ပစ္စည်းတစ်ခုပဲ…” ယောင်ယောင်ရဲ့လေသံမှာ စိတ်ဝင်စားမှုအချို့ပါဝင်နေခဲ့ရကာ သူမကလက်စွပ်ကို ဆက်လက်ပြီးစစ်ဆေးနေခဲ့သည်။

“ဒါကလူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကိုပိုပြီးသန်မာလာစေနိုင်သလို စိတ်ဝိညာဉ်ကိုလည်း ပြန်ပြီးအားဖြည့်ပေးနိုင်တယ်… ဒါက စိတ်ဝိညာဉ်ကျင့်ကြံသူတွေအတွက် ပိုပြီးအကျိုးရှိတယ်… ကျောက်စိမ်းသစ်ပင်က စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေပြုလုပ်နိုင်တာ ဒီအသုံးအဆောင်ပစ္စည်းကြောင့် ဖြစ်လိမ့်မယ်…”

“ဒါပေမဲ့… ဒါကပျက်စီးနေတဲ့ပုံပဲ…”

ယောင်ယောင်က ငွေရောင်လက်စွပ်ပေါ်မှ မှေးမှိန်နေသည့်ရှေးဟောင်းမှော်စာလုံးတစ်ခုကို ညွှန်ပြလိုက်သည်။ ဒီအရာက ကျောက်စိမ်းသစ်ပင်က လက်စွပ်ရဲ့စွမ်းအားကို အလွန်အကျွံအသုံးပြုခဲ့ခြင်းကြောင့် ပျက်စီးသွားခဲ့ခြင်းဖြစ်ပေမည်။

“တကယ်လို့ ဒီပစ္စည်းကိုသာ ပြန်ပြီးပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် ဒါက လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို အံ့အားသင့်စရာကောင်းလောက်တဲ့အဆင့်တစ်ခုအထိရောက်အောင် ယာယီတိုးမြှင့်ပေးနိုင်လိမ့်မယ်…”

ဇူယွမ်က ခေါင်းကုတ်လိုက်မိပြီး… “ဒါကို ပြင်နိုင်တဲ့လူရော ရှိပါ့မလား…”

သူ့ရဲ့မူလမှော်စာလုံးစွမ်းရည်နဲ့ဆိုရင် လက်စွပ်အပေါ်မှာရှိတဲ့မူလမှော်စာလုံးက ဘာဆိုတာကိုတောင်သိနိုင်လိမ့်မည်မဟုတ်ရာ ဒါကိုပြန်ပြင်ဖို့ဆိုသည်က သူ့အနေနဲ့လွန်စွာမှပင် အလှမ်းကွာဝေးလှပေသည်။

“နင်ကငါ့အပြင် ဘယ်သူ့ကိုများသိထားသေးလို့လဲ…” ယောင်ယောင်က ခပ်ဖွဖွရယ်မောလိုက်ရင်းမှ မေးလိုက်သည်။

ထို့နောက်မှာမှ ဇူယွမ်ကရယ်မောခဲ့လိုက်ပြီး… “ဒါဆိုရင်တော့ ငါကအစ်မကြီးယောင်ယောင်ကို ဒုက္ခပေးမိပြီ…”

သူတို့လူစုက ရှေးဟောင်းနယ်မြေရဲ့အနက်ပိုင်းသို့ သွားရာလမ်းတစ်လျောက်မှာ အနည်းငယ်လေးမျှပင် ရပ်တန့်အနားယူခဲ့ကြခြင်းမရှိခဲ့ပေ။ လမ်းတစ်လျောက်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အတားအဆီးအနှောင့်အယှက်တွေကလည်း သူတို့ရဲ့စွမ်းအားကြောင့် အလွယ်တကူဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြသည်။

သူတို့အနေဖြင့်လမ်းတစ်လျောက်မှာ များစွာသောအင်အားစုတွေကို ဆွဲဆောင်နိုင်စွမ်းရှိသည့် ရတနာပစ္စည်းတွေရဲ့အလင်းရောင်တွေ ထွက်ပေါ်နေတဲ့နေရာတော်တော်များများကို တွေ့ခဲ့ရလေသည်။ သို့ပေမဲ့လည်း ဇူယွမ်က ထိုရတနာပစ္စည်းတွေကို မမြင်တွေ့သည့်အလား ရှေးဟောင်းနယ်မြေရဲ့အနက်ပိုင်းသို့သာ ဆက်လက်ဝင်ရောက်သွားခဲ့သည်။

အခုအချိန်မှာ သူ့အတွက်က မီးဝိညာဉ်အစေ့သည်သာ အရေးကြီးဆုံးပစ္စည်းဖြစ်ပေသည်။

နောက်ထပ်တစ်နာရီကြာခရီးဆက်ခဲ့ပြီးနောက်မှာ ပတ်ဝန်းကျင်၌ရှေးဟောင်းနယ်မြေရှိ အဆောက်အအုံပျက်တွေက ပိုပြီးစုဝေးနေလျက်ရှိသလို ပို၍လည်းခမ်းနားကြီးကျယ်မှုရှိနေသည်လို့ သူတို့အားလုံးခံစားလိုက်မိကြသည်။ ထွက်ပေါ်လာသည့်တိုက်ပွဲဂိုလမ်တွေကလည်း တစ်ကြိမ်ထက်တစ်ကြိမ်ပို၍သန်မာလာခဲ့ကြသည်။ ဒီလိုသန်မာလာခဲ့မှုက သူတို့လိုစွမ်းအားမြင့်ကျင့်ကြံသူတွေချည်းပါဝင်နေခဲ့သည့်လူစုကိုပင် ဒဏ်ရာတွေရရှိစေခဲ့သည်။

ဝုန်း…

ပြင်းထန်တဲ့မူလချီလှိုင်းတစ်ခုက ရှေးဟောင်းနယ်မြေအတွင်းတစ်နေရာမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်ရှိ ကျောက်တုံးတွေကို ကွဲကြေသွားစေခဲ့ရသည်။

ဇူယွမ်က ကျောက်တုံးတစ်ခုပေါ်မှာ ရပ်နေလျက်ရှိပြီး သူ့ရဲ့အမူအယာကလေးနက်စွာဖြင့် သူ့ရှေ့ရှိ ကောင်းကင်ဘုံတံခါးအဆင့်တိုက်ပွဲဂိုလမ်ရှစ်ကောင်နှင့် တိုက်ပွဲဖြစ်ပွားနေသည့်နေရာကို ဂရုတစိုက်ကြည့်နေလိုက်မိသည်။ ဒီတစ်ကြိမ်မှာ လုတိန်ရှန်းအပါအဝင် ကျန်တဲ့ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေပါ ဝင်ရောက်တိုက်ခိုက်နေကြရလျက်ရှိသည်။

“ဗိုလ်ချုပ်ကြီးဝေကို ငါ့ဘက်ပါအောင်ဆွဲခေါ်နိုင်ခဲ့တာ ကံကောင်းတယ်လို့ပြောရမယ်… သူသာပါမလာခဲ့ရင် ရှေးဟောင်းနယ်မြေရဲ့အနက်ပိုင်းထဲမှာ ငါတို့တွေဘယ်လောက်တောင်ကြီးကြီးမားမားပေးဆပ်ရမလဲဆိုတာ မခန့်မှန်းနိုင်အောင်ပဲ…” ဇူယွမ်သက်ပြင်းကိုသာ ကျိတ်၍ချလိုက်မိသည်။

သူကသက်ပြင်းချလိုက်မိသကဲ့သို့ သူ့ရှေ့ကပြင်းထန်သည့်တိုက်ပွဲကလည်း အဆုံးသတ်ပိုင်းကိုရောက်ရှိလာခဲ့သည်။ လုတိန်ရှန်းနဲ့ကျန်တဲ့ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေက တိုက်ပွဲဂိုလမ်တွေအပေါ် တဖြည်းဖြည်းအသာစီးရလာခဲ့ကာ တစ်ကောင်ပြီးတစ်ကောင်ချေမှုန်းနိုင်ခဲ့ကြသည်။

သို့ပေတည့်လည်း သူတို့ဘက်တွင်လည်း ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိရသည်။ သူတို့အတွက်ဖြေသာစရာတစ်ခုက သူတို့ဘက်က လူတစ်ယောက်မှသေဆုံးမသွားခဲ့ခြင်းဖြစ်သည်။

ဇူယွမ်က လုတိန်ရှန်းနဲ့ တိုက်ခိုက်နေတဲ့လူအားလုံးကို ပြုံးပြလိုက်ကာ ပြောသည်… “ခင်ဗျားတို့အားလုံး ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတာပဲ…”

“မင်းသားလေး… မီးဝိညာဉ်အစေ့က ငါတို့ရဲ့ညာဘက်မှာ ရှိနေတဲ့ပုံပဲ…” ဝေကန်းလန်က ရုတ်တရက်ကြားဖြတ်ကာ ဝင်ပြောလိုက်သည်။ သူ့တို့ရဲ့ရှေ့ခပ်လှမ်းလှမ်းနေရာမှ ထွက်ပေါ်နေတဲ့မူလချီတွေက အလွန်အမင်းများပြားကာ စွမ်းအားပြည့်ဝလှသည်ကို သူကအာရုံခံနိုင်ခဲ့သည်။

ဇူယွမ်ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ရပြီး ခေါင်းညိတ်ပြလိုက်ကာ ပြောသည်… “သွားကြမယ်…”

လုတိန်ရှန်းနဲ့ အစောပိုင်းကတိုက်ခိုက်ခဲ့သည့်ကျင့်ကြံသူတွေ ခဏအနားယူခဲ့ပြီးနောက်မှာ သူတို့လူစုက ရှေ့ကိုဆက်လက်ပြီးတိုးဝင်သွားခဲ့ကြသည်။ များစွာသောလူတွေ ချီတက်သွားလာနေမှုကြောင့် ပတ်ဝန်းကျင်တစ်ဝိုက်မှာ သူတို့ရဲ့ခြေသံတွေဖြင့်သာ ဆူညံသွားခဲ့ရသည်။

သူတို့လူစုက တောင်ကုန်းတစ်ခုပေါ်လျင်မြန်စွာတက်ရောက်သွားခဲ့ကြကာ ရပ်တန့်ခဲ့လိုက်ပြီးနောက်မှာ အပျက်အစီးတွေနဲ့ပြည့်နှက်နေသည့် ချိုင့်ဝှမ်းတစ်ခုက သူတို့မြင်ကွင်းထဲမှာပေါ်ထွက်လာခဲ့ရသည်။

အခြားလူတစ်စုကလည်း ချိုင့်ဝှမ်းရဲ့တစ်ဖက်မှာ ရပ်နေလျက်ရှိကာ ၎င်းတို့က ချီဟောင်နဲ့အဆိပ်ဘုရင်တို့ လူစုပင်ဖြစ်ကြသည်။

သူတို့တွေက ဇူယွမ်တို့ရောက်ရှိလာမှုကို ခံစားမိလိုက်ကြ၍ တစ်ချက်မျှသာကြည့်လိုက်ပြီးနောက်မှာ သူတို့ရဲ့အကြည့်က အဝေးတစ်နေရာသို့ပြန်လည်ရောက်ရှိသွားခဲ့ရပြီး ချိုင့်ဝှမ်းအတွင်းကို တောက်ပစွာဖြင့်ကြည့်နေခဲ့ကြသည်။

ဇူယွမ်တို့လူစုက ချိုင့်ဝှမ်းရဲ့တစ်ဖက်မှာ ရပ်တန့်နေခဲ့ကြပြီး အောက်ဘက်သို့ငုံ့ကြည့်လိုက်ကြသည်။ သူတို့တွေက ချက်ချင်းဆိုသလိုပင် ချိုင့်ဝှမ်းရဲ့အောက်ခြေမှာ အနီရောင်တောက်ပနေသည့်အပင်တစ်ပင်က ညင်သာစွာယိမ်းထိုးလှုပ်ရှားနေသည်ကို တွေ့လိုက်ကြရသည်။

၎င်းရဲ့အပေါ်မှာ မီးလျှံတွေတောက်လောင်နေသကဲ့သို့ အပင်တစ်ပင်လုံးက နီရဲနေလျက်ရှိပေသည်။ အနည်းငယ်မွှေးပျံ့သည့် သင်းရနံ့တစ်ခုနှင့်အတူ သန့်စင်သည့်မူလချီတွေက ထိုအပင်ရဲ့ပတ်လည်မှာ လှုပ်ရှားနေလျက်ရှိလေသည်။

ဇူယွမ်တို့လူစုရဲ့မျက်လုံးတွေက အနီရောင်တောက်ပနေသည့်အပင်ကို ကြည့်လိုက်ပြီးနောက်မှာ သူတို့ရဲ့အကြည့်တွေကို လွှဲဖယ်နိုင်ခဲ့ခြင်းမရှိကြတော့ပေ။

ဇူယွမ်သူ့ရဲ့နှုတ်ခမ်းကို တစ်ချက်သပ်လိုက်မိသလို သူ့ရဲ့မျက်လုံးတွေကလည်း စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေခဲ့ရသည်။

“ဒါက အဆင့် ၄မူလအစားအစာဖြစ်တဲ့ မီးဝိညာဉ်အစေ့လား…”


Comment

Leave a Reply

Options

not work with dark mode
Reset