အခန်း ( ၄၃၈ )

အဆင့်တက်ခြင်း

ပိုင်ရှောင်ချန်းက ” သေစမ်း” ဟု အော်လိုက်သည်နှင့် စောင့်ကြည့်နေကြသူများ၏ မျက်လုံးများထဲတွင် ခရမ်းရောင်ဖျက်စီးခြင်းမြင်ကွင်း ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းက အသက်ဝင်တောင်ဂါထာကို ဆင့်ခေါ်လိုက်ပြီး တောင်ဖြိုသိုင်းသုံး၍ အရှေ့ခုန်လိုက်ကာ အပြာရောင်အလင်းအသွင်ပြောင်း၍ တဟုန်ထိုးထွက်သွားတော့သည်။

ကျောက်ဘီလူးကြီး၏ အားက ပိုင်ရှောင်ချန်း၏ အပြင်အားခန္ဓာကိုယ်ကို အထောက်အပံ့ပေးထားလေရာ ယခင်ကထက် မဖော်ပြနိုင်လောက်သော အဆင့်အထိ ပို၍ စွမ်းအားကြီးသွားတော့သည်။ ထို့အပြင် သူက အလျင်အမြန်ရွေ့လျားသွားသဖြင့် တည်နေရာရွှေ့ပြောင်းသွားသည့်အလား ဖြစ်နေတော့သည်။

သူက အေးစိမ့်ချီကို ထိုးဖောက်သွားလေရာ တဖျစ်ဖျစ်မြည်သံများ တရစပ်ပေါ်လာပြီးနောက် ကုန်းစွန်းဝမ်အာ၏ အရှေ့တည့်တည့်သို့ ရောက်သွားတော့သည်။

ရုပ်ထုကြီးမှာ ပြင်းပြင်းထန်ထန် ထိခိုက်ထားလေပြီ။ ၄င်းမှာ ကုန်းစွန်းဝမ်အာအစစ်မဟုတ်ဘဲ ရုပ်ထုသက်သက်သာဖြစ်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ တိုက်ကွက်များကို ရှောင်ရန်၊တိမ်းရန် မဖြစ်နိုင်ပေ။ ထိုအစား သူမက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်ကာ ရိုက်ချက်ကိုခုခံရန် ကြိုးစားလိုက်သည်။

ပိုင်ရှောင်ချန်းမှာ နောက်ဆုံးအားထုတ်မှုအပေါ်တွင် အရာအားလုံးပုံအောထားလေရာ မျက်လုံးများ ရဲရဲနီနေတော့သည်။ ဤနေရာတွင် သူအောင်မြင်မှုမရခဲ့လျှင် ခရမ်းရောင်စမ်းသပ်ပွဲထံတက်ရန် အခွင့်အရေးဆုံးရှုံးရုံသာမက ဖက်တီးကြီးကျန်းကိုလည်း ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့ ရလဒ်ကို သူလက်မခံနိုင်ပေ။

သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာရှိသည်။

” ငါနိုင်ရမယ် ”
သူက မာန်သွင်းကြုံးဝါးလိုက်ပြီး အနားကပ်သွားကာ ကျောက်ဘီလူးကြီးခန္ဓာကိုယ်ကို သုံး၍ ဘက်ခြေဖြင့် ဝိုက်ကန်လိုက်ရာ ကုန်းစွန်းဝမ်အာ၏ရုပ်ထုကြီးမှ ဆင့်ခေါ်ထားသည့် ရေခဲဘီလူးကြီးအပေါ် အရှိန်ပြင်းစွာ ဝုန်းခနဲ ထိသွားတော့သည်။

ထိုကန်ချက်၏ စွမ်းအားကို ထာဝရအသက်ရှည်နည်းသိုင်းပညာရပ်၏ အပြင်အား၊ အသက်ဝင်တောင်ဂါထာနှင့် တောင်ဖြိုသိုင်းတို့က အထောက်အပံ့ပေးထားလေသည်။ ထိုမျှသာမက သူ၏ ထာဝရပြုစားခြင်းသိုင်းလည်းပါဝင်ထား၏။ ၄င်းမှာ…. ဖွတ်ဖွတ်ညက်ညက်ကြေသွားစေသော ချက်ကောင်းတိုက်ကွက်ဖြစ်လေသည်။

ခြေထောက်က လေကိုဖြတ်သွားရာတွင် တဝုန်းဝုန်းမြည်ဟည်းသံများထွက်ပေါ်လာကာ အပြာရောင်နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုလုံး တုန်ခါသွားတော့သည်။ ကုန်းစွန်းဝမ်အာ၏ ရုပ်ထုကြီးက လာနေသည့်ဘယ်ခြေထောက်ကို လက်နှစ်ဖက်ဖြင့် ခုခံရန် ကြိုးစားလိုက်သော်လည်း ထိလိုက်သည်နှင့် တစ်ပြိုင်နက် ရုပ်ထု၏ လက်များ ပျက်စီးကျိုးကြေသွားလေသည်။ ပိုင်ရှောင်ချန်း၏ ခြေထောက်က ရေခွက်ကို ထုခြေပစ်လိုက်သည့် ကျောက်တုံးကြီးအလား လက်များကို ရိုက်ခွဲ၍ ရုပ်ထု၏ရင်ဘတ်ပေါ် တည့်တည့်မတ်မတ် ကျသွားတော့သည်။

ချက်ချင်းပင် ရုပ်ထု၏ ရင်ဘတ်မှာ ပြိုကျပျက်စီးသွားပြီး အက်ကွဲကြောင်းများ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။ သို့သော်လည်း ယခုထက်ထိ ရုပ်ထုက မသေသေးပေ။ ပိုင်ရှောင်ချန်းက အားကုန်သုံး၍ လုပ်နိုင်လိုက်သည့်အရာမှာ ရေခဲအကာအကွယ်များ၏အပေါ်ယံအလွှာကို ဖျက်စီးပစ်လိုက်ခြင်းသာဖြစ်လေသည်။ ရုပ်ထုမှာ အပြင်းအထန် ပျက်စီးထိခိုက်နေသည့်တိုင် ၄င်းကိုယ်ကိုယ် ခုခံကာကွယ်နိုင်သေးသည်။

သို့သော်လည်း ရုပ်ထုကြီးက နောက်သို့ ယိမ်းထိုးသွားသောကြောင့် ပိုင်ရှောင်ချန်းက ကျောက်ဘီလူးကြီး၏ စွမ်းအားကို ထပ်မံဆင့်ခေါ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ကျောက်ဘီလူးကြီး၏ လက်ကို ဆန့်ထုတ်လိုက်ရာ လက်မနှင့် လက်ညှိုးမှာ အမည်းရောင်အလင်းတန်း ဖျတ်ခနဲ တောက်ပသွားလေသည်။

ထိုသည်မှာ… လည်မျိုဖမ်းဆုပ်ကွက်က လွဲ၍ တခြားမဟုတ်ပေ။

ရုပ်ထုကြီး၏ လည်ပင်းကွဲကြေသွားရာ တဝုန်းဝုန်း မြည်ဟည်းသံများ ထွက်ပေါ်လာပြီး ရုပ်ထုကြီးတစ်ခုလုံး ပြိုကျလာတော့သည်။

နောက်ဆုံးအကွက်မှာ လျှပ်စီးလက်သည့်အလား အမြန်ပြေးဝင်လာပြီး ရက်စက်ကြမ်းကြုတ်သော ပျက်စီးမှုများ ဖြစ်ပေါ်လာလေသည်။ မျက်စိတစ်မှိတ်အတွင်း ရေခဲဘီလူးကြီး ပျက်စီးသွားပြီး ရုပ်ထုကြီး လည်း အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားတော့သည်။

ထိုသို့ဖြစ်သွားသည်နှင့် ခရမ်းရောင်စမ်းသပ်ပွဲ သို့ ဝင်ပေါက်ဖြစ်သော တည်နေရာရွှေ့ပြောင်းခြင်းအလင်းတန်းဆင်းသက်လာတော့သည်။

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ အသက်ဝင်တောင်ဂါထာသည်လည်း တဖြည်းဖြည်းလွင့်ပျယ်သွားပြီး ကျောက်ဘီလူးကြီးသည်လည်း ပျောက်ကွယ်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ပုံစံပြန်ပေါ်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာစဥ် သူ့မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေတော့သည်။ သူသည် ကောင်းကောင်းပင် မရပ်နိုင်ဘဲ သွေးတစ်ပွက်အန်လိုက်ရလေသည်။ အားနည်းသည့်ပုံပေါ်နေသည့်တိုင် သူ၏မျက်လုံးများထဲတွင် ခိုင်မာပြတ်သားသောအလင်းများ စူးရှ တောက်ပနေသောကြောင့် စောင့်ကြည့်နေကြသည့် လူတိုင်း လုံးဝတုန်လှုပ်သွားကြတော့သည်။

” သူ.. နိုင်သွားတာလား”

” အလယ်ပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က နှောင်းပိုင်းအမြုတေအဆင့်က တစ်ယောက်နဲ့ တိုက်ခိုက်ပြီး တကယ်ကြီးနိုင်သွားတယ်တဲ့လား”

“ဘုရားရေ။ သူအခုလေးတင် ကုန်းစွန်းဝမ်အာရဲ့ ရုပ်တုကို နိုင်လိုက်တာမလား။ ဆိုလိုတာက.. ခရမ်းရောင်စမ်းသပ်ပွဲကို ဝင်ဖို့ သူ အရည်အချင်းပြည့်မီသွားပြီလား။ သူက ရှင်းကုံကျစ်တာအိုဂိုဏ်း သက်တန့်ရဲ့ ခရမ်းရောင်အပိုင်းပေါ်မှာ ဆယ်ခုမြောက် ထိပ်တန်းကြယ်ပွင့်ဖြစ်လာတော့မှာပေါ့ ”

စမ်းသပ်ပွဲအပြင်ဘက်တွင် လူတိုင်းမှာ အုတ်အုတ်ကျက်ကျက်ဖြစ်နေတော့သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ခုလုံး၏ ထက်ဝက်နီးပါးမှာ မကြာသေးမီက စမ်းသပ်ပွဲကို ကုန်းစွန်းဝမ်အာ စိန်ခေါ်ခဲ့စဥ်ကထက်ပို၍ ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်ကုန်ကြတော့သည်။

တစ်ဂိုဏ်းလုံး အထူးသဖြင့် ပိုင်ရှောင်ချန်းနေထိုင်ရာ ကုံသက်တန့်ဒေသပေါ်တွင် အုတ်အော်သောင်းနင်းဖြစ်သွားကြတော့သည်။ ထိုနေရာမှာ အခြားနေရာများထက်ပို၍ ဆူညံပွက်လောရိုက်သွားလေသည်။

ထိုသက်တန့်ပေါ်တွင် စုန့်ချွဲသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း အင်မော်တယ်ဂူအပြင်ဘက်တွင် မတ်တတ်ရပ်နေလေသည်။ သူ၏အမူအရာကို ဖတ်ရန် ခဲယဥ်းသော်လည်း သူ၏နှလုံးသားထဲတွင် ခါးသီးနာကျည်းမှုများ ပြည့်နှက်နေလေသည်။ ပိုင်ရှောင်ချန်းနှင့် မယှဥ်နိုင်သည်ကို သူ့ကိုယ်သူ အလွယ်တကူ ဝန်မခံနိုင်သော်လည်း အောင်မြင်မှုသက်သေက သူ့ကို ပြိုလဲသွားအောင် တွန်းပို့နေတော့သည်။

ရွှီပေါက်ချိုင်၊ နတ်ဆရာနှင့် ချင်းမေ့ယွမ်တို့အားလုံးမှာ အလွန်တရာ တုန်လှုပ်သွားကြတော့သည်။ ပိုင်ရှောင်ချန်းက သာမန် ကျင့်ကြံသူတစ်ယောက်မဟုတ်ကြောင်း သူတို့အားလုံးသိသော်လည်း ဤမျှမယုံကြည်နိုင်ဖွယ်ကောင်းသည်ဟု သူတို့စိတ်ပင် မကူးဖူးပေ။

ကုန်းစွန်းဝမ်အာသည်လည်း အင်မော်တယ်ဂူအပြင်ဘက်ရှိ ကျောက်တုံးပေါ်တွင် ထိုင်နေရင်း ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်စမ်းသပ်ပွဲကို ကြည့်နေသည်။ သူမသည် သူမ၏ရုပ်တုနှင့် ပိုင်ရှောင်ချန်းအကြားတိုက်ပွဲတစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပြီး ထိုအခိုက်ဝယိ သူမ၏မျက်နှာထက်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခုကို မြင်လိုက်ရလေသည်။ အမှန်တကယ်မှာ သူမက ရုပ်တု ပြိုလဲသွားချိန်တွင် ပြုံးလိုက်ခြင်းပင်။

” ဟင်း…. ငါ့အချစ်လေးကတော့ အမြဲတမ်း အံ့သြစရာကောင်းနေတော့တာပဲ ” သူမ၏ မျက်လုံးထဲတွင် နားလည်ရခက်သော အလင်းတန်းတစ်ခု တောက်ပနေပြီး ညင်ညင်သာသာ လက်ခုပ် တီးလိုက်သေးသည်။

ကုံသက်တန့်ဒေသ၏အပြင်ဘက်တွင် ထိပ်ဆုံးသုံးယောက်ထဲမှ ချိန်ယွဲ့ရှန်းနှင့် ဟီရတစ်တို့ရှိနေသည်။ ယခုလေးတင် မြင်လိုက်ရသည့် တိုက်ပွဲကြောင့် သူတို့နှစ်ယောက်လုံး တုန်လှုပ်နေကြလေသည်။ ချိန်ယွဲ့ရှန်း၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းများ တောက်ပသွားပြီး ဟီရတစ်မှာမူ ဟမ့်ခနဲ နှာမှုတ်လိုက်လေသည်။ သူက မည်သည့်စကားမှ မပြောသော်လည်း သူ့မျက်လုံးထဲရှိ စိတ်ကြီးဝင်နေသော အကြည့်မှာ သိသာထင်ရှားလှသည်။

ဂိုဏ်းရှိ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် စောင့်ကြည့်နေခဲ့ကြပြီး ပိုင်ရှောင်ချန်း၏ လုပ်ရပ်များကြောင့် စိတ်နှလုံးတုန်လှုပ်သွားကြရလေသည်။ ယခုအခါ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ပိုင်ရှောင်ချန်းကို မသိသူမရှိဟု ပြောလျှင် မှန်ပေသည်။

သို့သော်လည်း လူတိုင်း ဆွေးနွေးငြင်းခုံမှုများနှင့် တအံ့တသြရေရွတ်နေကြပြီး ပွက်လောရိုက်နေချိန်တွင် လူတစ်ယောက်က ရုတ်တရက် ထအော်လိုက်သည်။

” နေကြဦး.. ပိုင်ရှောင်ချန်းကို ကြည့်. ။ သူ…..သူက ကျင့်ကြံနေပြန်ပြီ”

ထိုအသံကြောင့် လူများ လှမ်းကြည့်လိုက်ရာ ဖြစ်ပျက်နေသည်တို့ကို မြင်သွားကြလေသည်။

” အေးစိမ့်ချီ.. ။ အေးစိမ့်ချီကို ကြည့်”

ပိုင်ရှောင်ချန်းမှာ မရည်ရွယ်သော်လည်း အမှန်တကယ်ကျင့်ကြံနေလေသည်။ ကုန်းစွန်းဝမ်အာ၏ ရုပ်ထုကြီး ပျက်စီးသွားပြီးနောက် ၄င်းထံမှ အေးစိမ့်ချီများ ထွက်လာပြီး အပြာရောင်နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုလုံး ပြည့်သွားလေသည်။ ထို့ကြောင့် အခြားသွားစရာနေရာမရှိလေရာ ပိုင်ရှောင်ချန်းထံ စီးဆင်းလာကြတော့သည်။

ပိုင်ရှောင်ချန်း လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ အေးစိမ်ချီများက သူ့ကိုယ်ထဲ ဝင်ရောက်လာကြကာ သူ၏ချီထွက်ပေါက်များကို ဖြတ်သန်းစီးဆင်း၍ သူ၏ ကောင်းကင်တာအို အမြုတေထံ ဦးတည်သွားကြတော့သည်။

သန်မာအားကောင်းသော အေးစိမ့်ချီများဖြစ်လေရာ မျက်စိတစ်မှိတ်တွင်းမှာပင် ၄င်းတို့က ပိုင်ရှောင်ချန်းကို အလယ်တွင်ထားကာ ရေဝဲကြီးတစ်ခုအသွင်ပြောင်းသွားတော့သည်။

ချီများက သူ၏ ရွှေအမြုတေထံ တဟုန်ထိုးဝင်ရောက်သွားပြီး ၃၀ရာခိုင်နှုန်း ပြည့်သွားသည်။ ထို့နောက်.. ၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၆၀ရာခိုင်နှုန်း…..

အေးစိမ့်ချီများစွာ ပိုမိုဝင်ရောက်လာသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံမြင့်တက်လာသော အတွေ့အထိကြောင့် သူ့တစ်ကိုယ်လုံး တုန်ရီလာတော့သည်။ ယခင်က သူသည် အလယ်ပိုင်းအမြုတေအဆင့်၏အထွတ်အထိပ်တွင်ဖြစ်သော်လည်း ယခုအခါ နှောင်းပိုင်း အမြုတေအဆင့်သို့ အဆင့်တက်နေလေသည်။

အေးစိမ့်ချီများအားလုံး သူ၏ ရွှေအမြုတေထဲသို့ ၆၀ ရာခိုင်နှုန်းရောက်သည့်တိုင်အောင် ရပ်တန့်မသွားသေးပေ။

သူ၏ ရွှေအမြုတေကို စိတ်စွမ်းအင်ပင်လယ်ကိုးစင်းမှ ပြုလုပ်ထားခြင်းဖြစ်ပြီး ပင်လယ် ၆၀ရာခိုင်နှုန်းမှာ ယခုအခါ အေးစိမ့်သောကမ္ဘာတစ်ခုဖြစ်နေလေပြီ။ ထို့နောက် သူ၏ အေးစိမ့်ချီများ ၇၀ရာခိုင်နှုန်းရောက်လာဖြင့် ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး ခေါင်းနောက်လှန်၍ အသံရှည်ကြီး အော်ဟစ်လိုက်တော့သည်။

ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်တွင် အေးစိမ့်ချီများကို ရွှေအမြုတေထဲသို့ စုဆောင်းခြင်းပါဝင်ပြီး ၃၀ရာခိုင်နှုန်းသည် အစောပိုင်းအဆင့်၏အထွတ်အထိပ်ဖြစ်ကာ ၆၀ရာခိုင်နှုန်းသည် အလယ်ပိုင်းအဆင့်၏ အထွတ်အထိပ်ဖြစ်လေသည်။

စောစောက သူ၏ အေးစိမ့်ချီ စုစုပေါင်းအဆင့်သည် အကြမ်းအားဖြင့် ၆၀ ရာခိုင်နှုန်းကို ရောက်ခဲ့သည်။ ယခုအခါ ၇၀ရာခိုင်နှုန်းကို ရောက်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံက အံ့သြတုန်လှုပ်ဖွယ်စွမ်းအားကို ထုတ်လွှတ်လိုက်ရာ သူ့ကိုယ်တွင်းတွင် ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများပေါ်ထွက်လာတော့သည်။

ဤသည်မှာ….. နှောင်းပိုင်း ရွှေအမြုတေအဆင့်ပင်။

သို့သော် ထိုမျှနှင့်မပြီးသေးချေ။ ပိုမိုများပြားသော အေးစိမ့်ချီများ သူ့ကိုယ်ထဲ တသဲသဲဝင်လာလေရာ သူ၏ ရွှေအမြုတေအတွင်းသို့ အေးစိမ့်ချီ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း ရောက်သည်အထိ တွန်းပို့နေတော့သည်။

နောက်ဆုံးလက်ကျန် အေးစိမ့်ချီများကို စုပ်ယူပြီးချိန်တွင် သူ၏ ရွှေအမြုတေအေးစိမ့်ချီပမာဏသည် ၈၀ရာခိုင်နှုန်းရောက်သွားပြီး သူ၏ ကျင့်ကြံခြင်းအခြေခံက ဆက်လက်တက်လာနေဆဲပင်။ ယခုအခါ ၁၀၀ ရာခိုင်နှုန်းပမာဏကို ရောက်ရန် အလွန်နီးကပ်နေပြီး ရွှေအမြုတေအဆင့်၏ မဟာစက်ဝန်းသို့ ရောက်နေလေသည်။

သူ၏ကျင့်ကြံခြင်းအခြေခံနှင့် စွမ်းအင်များထွက်ပေါ်လာသဖြင့် အပြာရောင်နတ်မီးလျှံစမ်းသပ်ပွဲမှာ အပြင်းအထန် တုန်ခါလာပြီး အပြင်ဘက်ရှိ ပိုင်ရှောင်ချန်းကိုယ်စားပြုကြယ်မှာ မျက်စိကျိန်းမတတ် တောက်ပလင်းလက်နေတော့သည်။

အပြင်ဘက်ရှိ လူတိုင်းမှာ လုံးဝတုန်လှုပ်နေကြလေပြီ။

” ဒီလူ ပိုင်ရှောင်ချန်း.. သူ..သူ. .. အခုလေးတင်.. တကယ်ကြီးအဆင့်တက်သွားတယ်”

“နှောင်းပိုင်း အမြုတေအဆင့် ။ သူ အခုလေးတင် နှောင်းပိုင်း အမြုတေအဆင့်ရောက်သွားတာ”

” သူ အလယ်ပိုင်း အမြုတေအဆင့်မှာပဲရှိတုန်းက နှောင်းပိုင်း အမြုတေအဆင့်ကို တိုက်နိုင်တယ်။ အခု နှောင်းပိုင်းအဆင့်မှာဆိုတော့ မဟာစက်ဝန်းထဲက တစ်ယောက်ယောက်ကို တိုက်နိုင်တယ်လို့ ဆိုလိုတာလား”

” ဘယ်လောက် ကံကောင်းလိုက်သလဲ… ဒါတွေအားလုံးက အေးစိမ့်ချီသုံးတဲ့ ပညာရပ်တွေကို သူကျင့်ကြံလို့ပဲ။ ကုန်းစွန်းဝမ်အာရဲ့ရုပ်ထုက အေးစိမ့်ချီတွေကို စုပ်ယူပြီး သူ အဆင့်တက်နိုင်သွားတာပေါ့”


Comment

Leave a Reply

Options

not work with dark mode
Reset