အခန်း (၇၁) နောက်ကွယ်မှ လှုပ်ရှားမှုများ
ဤရက်ပိုင်းအတွင်း ရန်ကျောက်ကဲသည် ကျင်းယန်မြို့၌သာ နေထိုင်ခဲ့သည်။
သူ့အချိန်အများစုကို သူ့သိုင်းပညာနှင့် ကျင့်ကြံမှု တိုးတက်ရန် အသုံးပြုခဲ့၏။ တချိန်တည်းမှာပင် ရန်ကျောက်ကဲသည် အတွင်းပိုင်းမီးပြင်းဖိုအသစ်တစ်လုံး ပြုလုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို စုဆောင်းခဲ့လေသည်။
အတွင်းပိုင်းမီးပြင်းဖိုတစ်လုံးကို အောင်မြင်စွာ ပြုလုပ်ပြီးသောအခါ ရန်ကျောက်ကဲသည် ထိုမီးပြင်းဖိုထဲသို့ အစစ်အမှန်လီမီးစေ့ကို ထည့်သွင်း၍ စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်ခဲ့သည်။
အစစ်အမှန်လီမီးစေ့ကို ရရှိပြီးနောက် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို၏ထိရောက်မှုက သူ မျှော်လင့်ထားသလို တိုးတက်လာခဲ့သည်။
ထို့ပြင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုဖြင့် အားဖြည့်၊ ပျိုးထောင်ခြင်းခံရသောကြောင့် အစစ်အမှန်လီမီးစေ့သည်လည်း တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။
ရန်ကျောက်ကဲသည် တူညီသော နည်းစနစ်တစ်ခုတည်းကို အသုံးပြုကာ သူ့ကြယ်တာရာချီ၏ ထိန်းကြောင်းပေးမှုအတိုင်း အစစ်အမှန်လီမီးစေ့မှ မီးအဆီအနှစ်နှင့် ရေခဲနဂါးအရိုးဝိဉာဉ်မှ ရေခဲအဆီအနှစ်တို့ကို သူ့ခန္ဓာကိုယ်အတွင်း အတူတကွ လည်ပတ်စေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ရေခဲနှင့် မီးတို့ အပြန်အလှန် ယှက်နွယ်သွားကာ ရန်ကျောက်ကဲ၏ကြယ်တာရာချီသည်လည်း ပိုမို သိပ်သည်း၊ သန့်စင်လာခဲ့သည်။ ဤသို့သောနည်းဖြင့် ရန်ကျောက်ကဲသည် အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်သို့ ခပ်မှန်မှန် ချီတက်လျက်ရှိသည်။
သည်ကြားထဲ အချိန်ရတိုင်း ရန်ကျောက်ကဲသည် ဆေးလုံးစံအိမ်သို့လည်း သွားရောက်လေ့ရှိသည်။
ထိုနေရာတွင် သူ့လမ်းညွှန်မှုအောက်၌ အရှေ့တန်၏ပထမမင်းသားကျောက်ယွမ် ခေါင်းဆောင်သော ဆေးဝါးပညာရှင်တစ်သိုက်သည် ဆေးလုံးစံအိမ်၏ ထုတ်လုပ်မှုနည်းလမ်းများကို အဆက်မပြတ် အဆ့င်မြှင့်တင်လျက်ရှိသည်။
ဆေးလုံးစံအိမ်မှ ထုတ်ကုန်များ၏ အရည်အသွေးမှာ တရိပ်ရိပ် မြှင့်တက်လာသော်လည်း ပါဝင်ပစ္စည်းကုန်ကျမှုမှာ မပြောင်းလဲသလို ရောင်းချသည့် ဈေးနှုန်းကိုလည်း မတိုးမြှင့်ထားပေ။
တဖြည်းဖြည်းနှင့် ဆေးလုံးစံအိမ်၏ ဈေးကွက်မှာ အရှေ့တန်နိုင်ငံ၌သာ ကန့်သတ်ခြင်းမခံရတော့ဘဲ အရှေ့ကောင်းကင်ဒေသ၏ ကျန်နေရာများနှင့် အနီးအနားတွင်ရှိသော မီးနယ်မြေ၊ တောင်တန်းနယ်မြေများသို့ပါ လျင်မြန်စွာ ချဲ့ထွင်လျက်ရှိသည်။
ပင်လယ်များကို ဖြတ်သန်းသွားသော ကြမ်းကြုတ်သည့် နဂါးတစ်ကောင်ကဲ့သို့ ဆေးလုံးစံအိမ်သည် ပြည်ပဈေးကွက်များ၏ ထိပ်ဆုံးနေရာများကို စတင် ရယူနေခဲ့ပြီဖြစ်သည်။ ကုန်သွယ်ရေးလမ်းကြောင်းများမှ တဆင့် ဆေးလုံးစံအိမ်၏အကျိုးအမြတ်မှာ ပိုမို ကြီးမားလာသလို ပိုမို တည်ငြိမ်လာခဲ့သည်။
ဆေးလုံးစံအိမ်၏ထုတ်ကုန်များမှာ အမြင့်မားဆုံး အရည်အသွေးရှိသော်လည်း ဈေးမကြီးကြပေ။ အရည်အသွေးနှင့် ဈေးနှုန်းကို အချိုးချကြည့်ပါက အလကားရသည်နှင့်မခြား တန်လွန်းသဖြင့် လူတိုင်း၏အမွှေးများကို အဆုံးထိ ထောင်မတ်စေနိုင်၏။ အရှေ့တန်ပြင်ပတွင် ရှိသော ဒေသခံဆေးဝါးအဖွဲ့အစည်းများ ပူးပေါင်းလျှင်တောင်မှ ဤပြည်ပနဂါးကို နှိပ်ကွပ်ရန် အလွန်ခက်ခဲပေသည်။
“မင်းက အသေးစိတ်ကို မြင်နိုင်ရမယ်၊ မင်းရဲ့ကြယ်တာရာချီထိန်းချုပ်မှုက တည်ငြိမ်ရမယ်”
ဆေးလုံးစံအိမ်အတွင်း စားပွဲဝိုင်း၏ထိပ်ဆုံးနေရာ၌ ထိုင်နေသော ရန်ကျောက်ကဲ စကားပြောလျက်ရှိသည်။ “လက်ရှိမှာတော့ ဒီနည်းစနစ်ကို သိုင်းပညာရှင်အဆင့်နဲ့ အထက်တွေပဲ အသုံးပြုနိုင်တယ်၊ ကံကောင်းတာက ဆေးလုံးစံအိမ်ရဲ့ နောက်ခံက နက်ရှိုင်းတာကြောင့် ဒါက ပြဿနာမရှိလောက်ဘူး”
ဝမ်အဘိုးအိုနှင့် ကျောက်ယွမ်တို့ နှစ်ယောက်လုံး ခေါင်းငြိမ့်၏။
ရန်ကျောက်ကဲ ထိုင်နေရာမှ ထကာ သူ့ဝတ်ရုံကို ဖုန်ခါလိုက်သည်။ “ဒီနေ့တော့ ဒီလောက်ပဲ၊ ကျွန်တော် အရှေ့တန်မှာ အချိန်ကြာကြာ ဆက်ရှိဦးမှာ ဖြစ်တဲ့အတွက် တစ်ခုခု ပြောစရာရှိသေးရင် နောက်တစ်ခေါက်မှ ပြောကြတာပေါ့”
ရန်ကျောက်ကဲ အခန်းထဲမှ ထွက်သွားစဉ် ဆေးလုံးစံအိမ်၏လူများ အလျင်အမြန်ထ၍ အရိုအသေပေးလိုက်ကြသည်။
ဆေးလုံးစံအိမ်၏အပြင်ဘက် လမ်းမပေါ်တွင် အားဟူသည် ရန်ကျောက်ကဲ၏နောက်မှ ခပ်တိုးတိုး ပြောလိုက်၏။ “မင်းသား၊ ကျောက်စိမ်းပင်လယ်မြို့တော်က မင်းသားနဲ့ ဝါဒတောင်ကို သတိပေးတဲ့အတွက် ကျေးဇူးတင်စကားပြောလိုက်ကြောင်းပါ”
ရန်ကျောက်ကဲက သူ့အား ဖြတ်ခနဲ ကြည့်လိုက်သည်။ “သူတို့ရဲ့ထူးကဲယင်မိန်းမပျိုက တကယ်ပဲ ငရဲကို သွားလို့လား”
မြေကမ္ဘာနယ်မြေသည် မီးနယ်မြေ၏ အနောက်ဘက်နှင့် ရေနယ်မြေ၏ အရှေ့ဘက်တွင် တည်ရှိသည်။
ကျောက်စိမ်းပင်လယ်မြို့တော် တည်ရှိရာ ရေနယ်မြေသည် မြေကမ္ဘာနယ်မြေနှင့် ထိစပ်နေသောကြောင့် ကျောက်စိမ်းပင်လယ်မြို့တော်၏ကျင့်ကြံသူများသည် မြေကမ္ဘာနယ်မြေအစပ်သို့ မကြာခဏ သွားရောက်လေ့ရှိကြသည်။
အားဟူက ဖြေကြားသည်။ “စူးစမ်းရှာဖွေရေးတာဝန် တစ်ခုမှာပါ၊ သူမက ဖန်းမိန်းကလေးရဲ့ထူးကဲယင်ခန္ဓာကိုယ် ပျက်စီးစေခဲ့တဲ့ နေရာကို မတော်တဆ ဝင်မိတော့မလို့ပါပဲ”
“အသေအချာ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာတော့ တစ်ယောက်ယောက်က သူတို့အုပ်စုကို အဲ့နေရာရောက်အောင် တမင်သက်သက် မျှားခေါ်သွားတဲ့ ပုံပါပဲ”
“ကံကောင်းထောက်မစွာနဲ့ သူမက အဲ့နေရာရဲ့ အစွန်အဖျားကို ရောက်ရုံပဲ ရှိသေးတယ် ကျောက်စိမ်းပင်လယ်မြို့တော်က မင်းသားရဲ့ သတိပေးချက်ကို ရရှိပြီး လက်မတင်ကလေး တားဆီးနိုင်ခဲ့ပါတယ်”
“သူတို့ရဲ့ ထူးကဲယင်မိန်းမပျိုလည်း ဒဏ်ရာတချို့ ရရှိခဲ့ပေမယ့် ဖန်းမိန်းကလေးလောက်တော့ မဆိုးဝါးပါဘူး”
အားဟူက ရယ်မောလျက် “မင်းသား၊ ကျောက်စိမ်းပင်လယ်မြို့တော်က ဒီတစ်ခါ မင်းသားကို အကြီးကြီး အကြွေးတင်သွားတာပဲ”
“ကျွန်တော့အမြင်အရတော့ ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ ထူးကဲယင်မိန်းမပျိုကို အဲ့နေရာရောက်အောင် မျှားခေါ်သွားတဲ့ သူက နေသူတော်စင်ဂိုဏ်းကပဲ ဖြစ်လောက်တယ်”
ရန်ကျောက်ကဲက သူ့နှုတ်ခမ်းကို သပ်လိုက်သည်။ “နေသူတော်စင်ဂိုဏ်းကိုသာ အချိန်နည်းနည်း ထပ်ပေးလိုက်ရင် သူတို့ ပိုအသေးစိတ် စီစဉ်နိုင်ပြီး ဘာခြေရာလက်ရာမှ မရှိဘဲတောင် ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ထူးကဲယင်မိန်းမပျိုကို ဖျက်စီးနိုင်လိမ့်မယ်”
“ဂျူနီယာညီမလေးဖန်းက ငါနဲ့ ပါသွားတာ သူတို့ကြားတော့ ဒီသတင်းအချက်အလက်က ပေါက်ကြားတော့မယ်ဆိုတာ သူတို့ ရိပ်မိနေပုံရတယ်၊ အဲ့တာကြောင့် အချိန်မတိုင်ခင် ချက်ချင်း လှုပ်ရှားပြီး အခွင့်အရေးကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့တဲ့ပုံပဲ”
အားဟူက “စကားမစပ်၊ ကျွန်တော် ကျောက်ဟိုကို တွေ့ခဲ့သေးတယ်”
ရန်ကျောက်ကဲသည် ဆေးလုံးစံအိမ်၏ရှယ်ယာကို ပိုင်ဆိုင်ထားသလို ကျောက်ဟိုမှာ ရန်ကျောက်ကဲနှင့် ကျောက်ယွမ်တို့ရှေ့ ၌ အရှက်ကွဲခဲ့သောကြောင့် ကျောက်ဟိုသည် ကျင်းယန်မြို့ကို ပြန်ရောက်ကတည်းက ဆေးလုံးစံအိမ်သို့ လာခဲလှသည်။
သို့သော် ကျောက်ဟိုသည် သူနှင့် ဆေးလုံးစံအိမ်ကြား တိမ်မီးခိုးအမှုန့်နှင့် ပတ်သတ်သော ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းပစ်လောက်သည်အထိတော့ မရူးမိုက်သေးပေ။
ထိုမျှသာမက သူသည် ဆေးလုံးစံအိမ်သို့ ဝိဉာဉ်ဆေးဝါးတစ်မျိုး၏ ဖော်စပ်နည်းအသစ်ကို ပေးအပ်ထားကာ ထိုဝိဉာဉ်ဆေးဝါးကို ဖြန့်ဖြူရန် အားထုတ်လျက်ရှိသည်။
ဤအချိန်အတောအတွင်း ကျောက်ဟို၏စွမ်းဆောင်ရည်က တစထက်တစ ပိုမို ပေါ်လွင်လာခဲ့ရာ အအရှေ့တန်နိုင်ငံရှိ လူများ တစေ့တစောင်း စောင့်ကြည့်ရလောက်သည်အထိ ထင်ရှားကျော်ကြားလာခဲ့သည်။
ရုတ်တရက် အရှိန်အဟုန်ပြင်းပြင်းဖြင့် ပေါ်ထွက်လာသော ဤဖျက်မြင်းက ပထမမင်းသားကျောက်ယွမ်နှင့် တတိယမင်းသားကျောက်ရှန်းတို့ကြား အိမ်ရှေ့စံနေရာလုပွဲကို ဝင်ရောက်လာလိမ့်မည်ဟု ယခင်က မည်သူကမှ မထင်ခဲ့ကြချေ။
ကျောက်ဟို၏ပြောင်မြောက်သော စွမ်းဆောင်ရည်ကြောင့် လူအများ၏ အာရုံစိုက်မှုကို ခံရသည်မှာ မလွဲမသွေပင်။
ရန်ကျောက်ကဲ သိထားသည်အရ ရန်ရှု့မှာ ကျောက်ဟိုနှင့် တိတ်တဆိတ် သီးသန့်တွေ့ဆုံခဲ့သော်လည်း ကျောက်ဟိုနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ခဲ့ပုံမရပေ။
ရန်ကျောက်ကဲဖြစ်စေ ရန်ရှု့ဖြစ်စေ နှစ်ယောက်စလုံးမှာ ဝါဒတောင်မှ ဖြစ်လေရာ အရှေ့တန်မင်းသားဆယ့်ခြောက် ကျောက်ဟိုအဖြစ် ပြန်လည်မွေးဖွားလာခဲ့သော ဆေးမီးနတ်ဘုရားကော်ဇီမှာ အစကတည်းက ဝါဒတောင်ကို မုန်းတီးခဲ့သူဖြစ်သောကြောင့် ရန်ရှု့ အောင်မြင်မှု မရခဲ့သည်မှာ အဆန်းမဟုတ်ပေ။
“လတ်တလောမှာ ကျောက်ဟိုက အဆုံးမဲ့တောင်တန်းနဲ့ တောက်လျှောက် အဆက်အသွယ် ရှိနေပါတယ်၊ သူတို့နှစ်ဖက်က တော်တော် ရင်းနှီးနေကြတဲ့ပုံပါ” အားဟူက ရန်ကျောက်ကဲအား သတင်းပို့သည်။
ရန်ကျောက်ကဲက လက်ဖျောက်တီးလိုက်သည်။ “ငါ ထင်တဲ့အတိုင်းပဲ”
အရှေ့တန်နိုင်ငံမှာ ကောင်းကင်နယ်မြေထဲတွင် တည်ရှိနေသောကြောင့် ဝါဒတောင်ဂိုဏ်းသည် အရှေ့တန်မြေပေါ်၌ ဩဇာအကြီးဆုံးဖြစ်ပေသည်။
သို့သော်လည်း ပင်လယ်များကို ဖြတ်သန်းသွားသော ကြမ်းကြုပ်သည့် နဂါးတစ်ကောင်ကဲ့သို့ အရှေ့တန်နိုင်ငံအတွင်း နေသူတော်စင်ဂိုဏ်း၏လက်တံများက အလွန် ရှည်လျား၏။
နေသူတော်စင်ဂိုဏ်းနှင့် ယှဉ်လျှင် တောင်တန်းနယ်မြေ၏အရှင်သခင်ဖြစ်သော အဆုံးမဲ့တောင်တန်းက အရှေ့တန်နိုင်ငံ၌ အများကြီး သိုသိုသိပ်သိပ် လှုပ်ရှားလေသည်။ သို့သော် အဆုံးမဲ့တောင်တန်းကို စိတ်ရင်းသဘောကောင်းဖြင့် ရောက်နေသော အုပ်စုဟု ထင်မှတ်လျှင် မှားပေလိမ့်မည်။
နေသူတော်စင်ဂိုဏ်းကဲ့သို့ပင် အဆုံးမဲ့တောင်တန်းကလည်း အရှေ့တန်နိုင်ငံအပေါ် ဩဇာဖြန့်ကျက်ချင်နေခဲ့၏။ သို့ရာတွင် သူတို့သည် အခွင့်မသာဖြင့် ငြိမ်နေခဲ့ရခြင်း ဖြစ်သည်။
ကျောက်ဟိုသည် ဝါဒတောင်ကို ရွေးချယ်မည် မဟုတ်သလို နေသူတော်စင်ဂိုဏ်း၌လည်း ကျင်မင်းသား ကျောက်ရှီလီ ရှိနေသောကြောင့် ရွေးချယ်၍ မရပေ။
စင်စစ် ကျောက်ရှီလီသည် သိုင်းဆရာသခင် တစ်ယောက်ဖြစ်သည်။ ကျောက်ဟိုမှာ အံ့အားသင့်ဖွယ်အလားအလာကို ပြသနေသော်လည်း ကျောက်ရှီလီကို လိုက်မီမည်လောဆိုသည်တော့ မသိရသေးပေ။
ဤသို့သော အခြေအနေများအောက်တွင် နေသူတော်စင်ဂိုဏ်းအနေဖြင့် ကျောက်ရှီလီကို စွန့်ပစ်၍ ကျောက်ဟို ရွေးချယ်ရန် မဖြစ်နိုင်ပေ။
သူကသာ ကျောက်ရှီလီ၏လက်ထောက်ဖြစ်ချင်ပါက နေသူတော်စင်ဂိုဏ်းကလည်း လက်ခံပေလိမ့်မည်။ သို့ရာတွင် ကျောက်ဟိုသည် မည်သည့်လက်အောက်ကိုမှ ဝင်လိုစိတ်မရှိပေ။
နိုင်ငံတစ်ခုလုံး၏အရင်းအမြစ်အများစုကို အသုံးပြု၍ သူ ကျင့်ကြံရာ၌ ထောက်ပံ့ရန် ကျောက်ဟိုသည် အရှေ့တန်ဘုရင်နေရာကို လိုချင်၏။ သို့မှသာ သူ တစ်ချိန်က ရောက်ခဲ့ဖူးသော အထွတ်အထိပ်အဆင့် သို့မဟုတ် ထို့ထက် ပိုမြင့်သော နေရာကို လျင်မြန်စွာ ပြန်လည်ရောက်ရှိနိုင်ပေမည်။
အရှေ့တန်ဘုရင်ကျောက်ရှီချန်းသည် ကျောက်ဟိုကို အင်အားများစွာ စိုက်ထုတ်၍ ပြုစုပျိုးထောင်ပေးသော်လည်း ကျောက်ဟိုက ထိုထက်ပို၍ အများကြီး လိုချင်နေသည်မှာ အထင်အရှားပင် ဖြစ်သည်။
ဤသို့သော အခြေအနေအောက်တွင် ကျောက်ဟိုနှင့် အဆုံးမဲ့တောင်တန်းတို့သည် ချိတ် ချိတ်ချင်း ချိတ်မိကြလေ၏။
“သူ့လုပ်ရပ်တွေက ဦးရီးတော်တွေးထားတာနဲ့ လမ်းလွဲနေပြီ၊ ငါတို့ ဘာမှ လုပ်စရာတောင် မလိုဘူး၊ ဦးရီးတော်ကျောက် ကိုင်တွယ်လိမ့်မယ်”
ရန်ကျောက်ကဲက အသာအယာ ပြောလိုက်သည်။ “ဟမ့် အဆုံးမဲ့တောင်တန်းက ဝါဒတောင်နဲ့ နေသူတော်စင်ဂိုဏ်းကြား ဝင်ပြီး အကျိုးအမြတ်တချို့ ရိတ်သိမ်းချင်နေတာလား၊ အဲ့လောက် မလွယ်ဘူး”
“သေသေချာချာ စောင့်ကြည့်ထား၊ အကြောင်းထူးတစ်စုံတစ်ခုရှိရင် မြန်မြန်သတင်းပို့”
သူ့စကားများကို ကြားသော် အားဟူ ခေါင်းငြိမ့်၏။ “ဟုတ်ကဲ့၊ မင်းသား”
……..
ကျင်အိမ်တော်အတွင်း ကျောက်ရှီလီသည် လေးနက်သော မျက်နှာဖြင့် သူ့ရှေ့က ရွှေရောင်ဝတ်စုံဝတ် အကြီးအကဲအား ကြည့်နေ၏။ “အဲ့တော့ သိပ်မကြာခင် စတော့မှာလား”
ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲက ပြန်ဖြေ၏။ “အရမ်းအစောကြီးတော့ မဟုတ်ဘူး၊ မင်းဘာမင်း သေသေချာချာ ပြင်ဆင်ပြီး အချိန်ကျမှာကို စောင့်နေ”
ကျောက်ရှီလီက “နဂါးချုပ်လှောင်ခြင်းချောက်နက်က မူမမှန်တဲ့ ဖြစ်စဉ်တွေက ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး၊ သူတို့ကို တစ်ယောက်ယောက်က ဖန်တီးထားတယ်ဆိုတာ သေချာတယ်၊ ဒီကိစ္စကသာ ငရဲနဲ့ အမှန်တကယ် ဆက်နွယ်မှုရှိရင်တော့…”
ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲက “ကိစ္စမရှိဘူး၊ ငရဲအစွန်အဖျားကို စောင့်ကြည့်ဖို့ ငါတို့နေသူတော်စင်ဂိုဏ်းက လူတွေ စေလွှတ်ထားတယ်”
“အရှေ့တက်နေဝန်းဘုရင်နဲ့ ငါလည်း ဒီရောက်နေတာပဲ၊ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ ကိစ္စအကြီးကြီးပေါ်လာရင် လိုအပ်တယ်ဆို ငါတို့ပါ ဖြေရှင်းပေးလို့ရတယ်”
“ဒါပေမယ့် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက အပြောင်းအလဲတွေကြောင့် ပေါ်ပေါက်လာတဲ့ အခွင့်အရေးကောင်းကို မလွတ်တမ်း ဆုပ်ကိုင်သင့်တယ်”
ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲက လက်နှစ်ဖက် နောက်ပစ်လျက် မတ်တပ်ရပ်လိုက်သည်။ “ဘေးကျပ်နံကျပ်၊ ဘေးကျပ်နံကျပ်ဖြစ်တယ်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲ၊ အန္တရာယ်ကော အခွင့်အရေးကော အတူ ရှိနေတဲ့နေရာမှာ ဘေးကျပ်နံကျပ်ဖြစ်လာတာပဲ၊ အခွင့်အရေးကို မြင်ပြီး အကျိုးအမြတ်အတွက် လောဘတကြီး မိုက်ရူးရဲဆန်စွာ တိုးဝင်တာ ဒါမှမဟုတ် အန္တရာယ်ကို မြင်ပြီး ဘာမှမလုပ်ဘဲ မတ်တပ်ရပ်နေတာ၊ နှစ်ခုစလုံးက မိုက်မဲတဲ့ လုပ်ရပ်တွေပဲ”
ကျောက်ရှီလီကလည်း သရဲဘောကြောင်သော လူတစ်ယောက်မဟုတ်ပေ။ နဂါးချုပ်လှောင်ခြင်းချောက်နက်၊ ငရဲတို့နှင့် ပတ်သတ်၍ နေသူတော်စင်ဂိုဏ်းက အသေအချာ ပြင်ဆင်ထားသည်ကို မြင်ပြီး သူသည်လည်း စိတ်သက်သာရာရသွားသည်။
သူ တခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် မေးလိုက်သည်။ “ငါတို့ ရန်ကျောက်ကဲကို သတ်ပြီးပြီဆို၊ ဘယ်လို…”
ရွှေရောင်ဝတ်စုံဝတ် အကြီးအကဲက ညင်သာစွာ ပြောလိုက်သည်။ “ကျောက်ဟိုနဲ့ အဆုံးမဲ့တောင်တန်း ရှိသေးတယ် မဟုတ်ဘူးလား”