အခန်း ( ၄၃၆ )

ကုန်းစွန်းဝမ်အာကို တိုက်ခိုက်ခြင်း

ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒ မန္တန်နှင့် ရွှေအမြုအဆင့် စွမ်းအင်များ ပါဝင်နေသည့် ရိုးရှင်းလှသော လက်ကွက်တစ်ခုကြောင့် အေးစိမ့်ကျင့်ကြံသူ အဆင့်မှ အေးစိမ့်ချီများ ထွက်လာပြီး လေးရောင်ခြယ် ရေခဲပန်းပွင့်ဆီသို့ ဦးတည်သွားရာ လေထုကြီးပင် တွန့်လိမ်သွားတော့သည်။

၎င်းနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသောအခါ ဝုန်းခနဲအသံကျယ်ကြီး တစ်သံပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားတော့သည်။ ပန်းပွင့်၏ ပွင့်ဖတ် သုံးချပ်မှာ ပြာမှုန့်အသွင်ပြောင်းလဲသွားသော်လည်း နောက်ဆုံး ပွင့်ဖတ်မှာ ပို၍ကြီးမားလာပြီး ရေခဲဓားတစ်ချောင်းအသွင်ပြောင်းကာ ပိုင်ရှောင်ချန်း၏ အေးစိမ့်ချီကို ဖောက်ထွင်း၍ ရှေ့ဆက်လာနေသည်။

ထိုရေခဲဓား၏ ကြောက်မက်ဖွယ် အမြန်နှုန်းကြောင့် ပိုင်ရှောင်ချန်း၏မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ ရေခဲပန်းပွင့်နှင့် ထိလိုက်သည့်အချိန်တွင် သူ၏ အေးစိမ့်ကျင့်ကြံသူ အဆင့် စွမ်းအားများ အားလုံးနီးပါး စုပ်ယူခံလိုက်ရပြီး အနီးသို့ ရေခဲဓားကြီး ရောက်လာသောအခါ ပြင်းထန်လှသည့် အေးစက်မှုကြောင့် သူ၏သွေးများမှာ အေးခဲစပြုလာတော့သည်။ သူ၏ ကောင်းကင်တာအို ေရွှအမြုတေနှင့် ထာဝရကောင်းကင်ဘုရင် အမြုတေတို့မှာ တုန်ခါသွားပြီး သူ၏ အပြင်ခန္ဓာကိုယ် စွမ်းအားများကို နှိုးထစေလိုက်တော့သည်။

ရေခဲဓားကြီးက ပိုမိုနီးကပ်လာသည့်အခါ ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်ပြီး ညာဘက်လက်ကို ဆုပ်ကာ ထိုရေခဲဓားကြီးကို ထိုးလိုက်သည်။

ထိုရေခဲဓားကြီးမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲအက်သွားပြီး အုန်းခနဲအသံကျယ်ကြီးတစ်သံ ပေါ်လာတော့သည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းသည် သေးတစ်ပွက်အန်လိုက်ရပြီး ညာလက်ကို ငုံ့ကြည့်လိုက်သောအခါ စုတ်ပြဲကာ သွေးထွက်နေသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း ဤအချိန်သည် နောက်ဆုတ်ရမည့် အချိန် မဟုတ်တော့ချေ။ သူက လှစ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် ကုန်းစွန်းဝမ်အာ၏ရုပ်တုဆီသို့ ဦးတည်သွားကာ အေးစိမ့်ချီများကို ထပ်မံထုတ်ဖော်လိုက်ပြီး အေးစိမ့်အရိပ်များကိုသုံးကာ အသေးစား တည်နေရာရွှေ့ပြောင်းခြင်းတစ်ခုကို လုပ်လိုက်သည်။

သူသည် အံ့သြဖွယ်ကောင်းစွာပင် အသက်မဲ့နေသော အမူအရာဖြင့်ရပ်နေသည့် ကုန်းစွန်းဝမ်အာ၏ရှေ့တည့်တည့်တွင် ပေါ်ပေါက်လာပြီး ထာဝရအရွတ်အကြောများ၏ စွမ်းအား အပြည့်ပါဝင်နေသည့် ဘယ်ခြေထောက်ဖြင့် ကန်လိုက်တော့သည်။

ပိုင်ရှောင်ချန်းက ထိုသို့တိုက်ခိုက်သည့် အချိန်တွင် ကုန်းစွန်းဝမ်အာက သူ့ကို လျစ်လျူရှုကာ ဘယ်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူမ၏နဖူးပေါ်သို့ လက်ညိုးကို ဖိချလိုက်သည်။ ထိုအခါ ယခင်အကြိမ်ကထက် သာလွန်အားကောင်းသည့် အေးစိမ့်ချီများ ပေါ်ထွက်လာတော့သည်။

သူမ၏ ဘေးပတ်လည်ရှိ အရာရာတိုင်း ချက်ချင်း အေးခဲသွားပြီး တချိန်ထဲမှာပင် သူမ၏ နောက်ဘက်တွင် ဧရာမလက်ကြီးတစ်ဖက် ပေါ်ထွက်လာကာ ပိုင်ရှောင်ချန်းကို ဖမ်းဆုပ်တော့မည့်အလား ရှေ့သို့ ပြေးထွက်သွားတော့သည်။

ပိုင်ရှောင်ချန်းက ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများပြည့်နေသည့် ခြေထောက်က ထိုရေခဲလက်ကြီးကို ကန်ကျောက်မိသွားပြီး လက်ကြီး၏ အများစုမှာ ပျက်စီးသွားတော့သည်။ သို့သော်လည်း ထိုလက်ကြီးမှာ ပိုင်ရှောင်ချန်းကို ဆက်လက် ရိုက်ခတ်သွားသေး၏။

ပိုင်ရှောင်ချန်းမှာ နောက်ဘက်သို့ လွင့်စင်သွားပြီး ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာတော့သည်။ သို့သော်လည်း သူ၏ မျက်ဝန်းများမှာ စူးရှသောအလင်းတန်းများ တလက်လက် တောက်ပနေပြီး သူက သူ၏ဒဏ်ရာများကို ဂရုလုံးဝမစိုက်ဘဲ အေးစိမ့်ချီတစ်ခုကို နောက်ထပ်တစ်ကြိမ် ထပ်မံဆင့်ခေါ်လိုက်ကာ ဘေးကင်းရာသို့ တည်နေရာရွှေ့ပြောင်းလိုက်သည်။

ထိုသို့ သူ ဆုတ်ခွာလိုက်သောအခါ ကုန်းစွန်းဝမ်အာ၏ အေးစိမ့်ချီများမှာ ချုပ်နှောင်စွမ်းအားတစ်ခုကဲ့သို့ အရာတစ်ခုအား ဖန်တီးနေသည်ကို သတိထားမိလိုက်ရာ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထိုစွမ်းအားများကြောင့် သူသည် အေးစိမ့်အရိပ်များနှင့် နေရာလွှဲပြောင်း၍ မရနိုင်တော့ပေ။

ရေခဲလက်ကြီး၏ ပျက်စီးသွားပြီဖြစ်သော အစိတ်အပိုင်းအများစုမှာ ပြန်လည်ကောင်းမွန်လာပြီး ပို၍ပင် ကြီးမားလာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလက်ကြီးသည် မီတာသုံးရာ အမြင့်အထိ ရှိသွားပြီး ပိုင်ရှောင်ချန်းဆီသို့ တဂျုန်းဂျုန်းမြည်ဟည်းလျက် လေကိုခွင်း၍ လာနေတော့သည်။

ယခုအချိန်အထိ ပိုင်ရှောင်ချန်းသည် ရေခဲလက်ကြီးနောက်တွင်ရပ်ကာ သူ့ကို အေးစက်စက်ကြည့်နေသည့် ကုန်းစွန်းဝမ်အာ၏အနားသို့ ကပ်၍ပင် မရသေးပေ။

ရေခဲလက်ကြီးမှာ နီးကပ်လာပြီး တချိန်လုံး အရွယ်အစားကြီးမားနေကာ မီတာသုံးထောင်အမြင့်ထိ ရောက်သွားတော့သည်။ ဤအချိန်တွင် မည်သို့ဆက်လုပ်ရမည်ကို မသိတော့သဖြင့် ပိုင်ရှောင်ချန်း၏မျက်လုံးများ ကျဥ်းသွားတော့သည်။ တိုက်ပွဲစတည်းက သူသည် လှုပ်ရှားနေသော်လည်း အသာစီးလုံးဝ မရနိုင်သေးပေ။ အဖြစ်အပျက်များကို ပြောင်းပြန်မလှန်နိုင်ပါက သူ ရှုံးနိမ့်တော့မည် ဖြစ်သည်။

” သြော်…. မင်းက အေးစိမ့်ချီနဲ့ ပတ်သက်ပြီး ယှဥ်ပြိုင်ချင်တယ်ပေါ့။ ကောင်းပြီ… ပြိုင်ကြတာပေါ့…. ” ဖက်တီးကျန်းကြီး၏ ဘေးကင်းမှုက အရေးကြီးဆုံးဖြစ်နေသဖြင့် သူ၏ စိုးရိမ်စိတ်များ ကြီးထွားလာပြီး ကုန်းစွမ်းဝမ်အာ၏ ရုပ်တုကိုသာ အနိုင်မယူနိုင်ပါက ခရမ်းရောင် စမ်းသပ်ပွဲသို့ တက်လှမ်းရန်မဖြစ်နိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက အသက်ပြင်းပြင်းရှူကာ သူ၏ရွှေအမြုတေထဲမှ အေးစိမ့်ချီ အမြောက်အမြားကို ထုတ်လွှတ်လိုက်ပြီး ညာလက်တွင် အားလုံးကို စုစည်းလိုက်လေရာ သူ့လက်က အပြာရင့်ရောင်သို့ ပြောင်းလဲသွားသည်။

ထို့နောက် သူ၏ အပြာရောင်လက်ကြီးကို မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။

” အေးစိမ့်…. တောင်တန်း။ ”

ထစ်ချုန်းသံများ မြည်ဟည်းလာပြီး အေးစိမ့်ချီများက မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားရာ ရေခဲတောင်ကြီးတစ်လုံး ပေါ်ထွက်လာပြီး ထိုနေရာရှိ အရာအားလုံးမှာ အေးခဲသွားရတော့သည်။

ရေခဲလက်ကြီး နီးကပ်လာသောအခါ ရေခဲတောင်ကြီးက မီတာရာပေါင်းများစွာ မြင့်တက်လာတော့သည်။ ထို့နောက် ထိုနှစ်ခုမှာ ထိပ်တိုက်တွေ့ဆုံသွားတော့သည်။

သူက အေးစိမ့်ချီများစွာကို ထုတ်ယူနေသဖြင့် သူ၏ ချီလမ်းကြောင်းများမှာ နာကျင်နေပြီဖြစ်သော်လည်း သတိမပြုမိပေ။ သူ၏ ရွှေအမြုတေက ပေးစွမ်းနိုင်သမျှ အေးစိမ့်ချီအားလုံးနီးပါးကို သူက အသုံးချနေကာ ဖြစ်လာမည့်အကျိုးဆက်များကို ထည့်ပင်မတွက်တော့ချေ။ ဤတိုက်ကွက်မှာ ရူးသွပ်ဖွယ်ကောင်းလှသည့် အသေခံ တိုက်ကွက်တစ်ခုပမာ ဖြစ်နေတော့သည်။

ထိုရေခဲတောင်ကြီးမှာ ဆက်တိုက်ကြီးထွားကာ မီတာသုံးထောင်အထိ မြင့်မားသွားတော့သည်။ ထိုအခါ ရေခဲလက်ကြီးနှင့် ရိုက်ခတ်မိသွားတော့သည်။

” ပေါက်ကွဲစေ။ ”
ပိုင်ရှောင်ချန်းက နီမြန်းနေသည့် မျက်ဝန်းများဖြင့် အော်ဟစ်လိုက်သည်။

ဘုန်း…

ရေခဲလက်ကြီးမှာ ကြေမွသွားပြီး ရေခဲတောက်ကြီးမှာ ပေါက်ကွဲသွားရာ ကြောက်မက်ဖွယ် တုန်ခါမှုလှိုင်းကြီးတစ်ခု အရပ်မျက်နှာအနှံ့သို့ ပျံ့သွားတော့သည်။ ပိုင်ရှောင်ချန်းသည် ပါးစပ်ထဲမှ သွေးများပန်းထွက်ပြီး နောက်သို့လွင့်စင်သွား၏။ ကုန်းစွန်းဝမ်အာ၏ ရုပ်ထုကြီးမှာလည်း ပိုင်ရှောင်ချန်း၏ ရူးသွပ်ဖွယ်တိုက်ကွက်ကြောင့် ပထမဆုံးအကြိမ်အဖြစ် ထိခိုက်သွားရတော့သည်။

သူမက တုန်လှုပ်သွားပြီး တဖျစ်ဖျစ်မြည်သံများ ခန္ဓာကိုယ်မှ ထွက်လာတော့သည်။ အံ့အားသင့်စရာကောင်းသည်မှာ ကုန်းစွန်းဝမ်အာ၏ နဖူးမှာ ကွဲအက်သွားပြီး ထိုအက်ကွဲကြောင်းက ပါးစပ်အထိရောက်သွားကာ ကြောက်မက်ဖွယ် မြင်ကွင်းကြီးတစ်ခု ဖြစ်နေတော့သည်။

တိုက်ပွဲမှာ ယခုမှစတင်သည် ဖြစ်ပါသော်လည်း တုန်လှုပ်ဖွယ်ကောင်းသည့် အနေအထားတစ်ခုသို့ ရောက်နေပြီဖြစ်သည်။ အပြင်ဘက်ရှိ ပွဲကြည့်နေသူတိုင်းမှာ လှုပ်ရှားမှုတိုင်းကို မခွာတမ်းကြည့်နေကြသည်။ မကြာသေးခင်က ထိပ်ဆုံးဆယ်ယောက်ထဲသို့ ကုန်းစွန်းဝမ်အာ ဝင်ထားသည့် အချက်ကြောင့် ပို၍ပင် လူကြည့်များနေတော့သည်။ ထို့အပြင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ အလယ်ပိုင်း ရွှေအမြုတေအဆင့်တွင်သာ ရှိသေးရော အနည်ငယ်အစွမ်းနိမ့်ကျနေသည်မှာ သိသာထင်ရှားလှသည်။ တိုက်ပွဲကိုကြည့်နေသည့် လူတိုင်းမှာ အံ့အားသင့်နေတော့သည်။

” အလယ်ပိုင်း ရွှေအမြုတေအဆင့်နဲ့ နှောင်းပိုင်း ရွှေအမြုတေအဆင့်ကို ယှဥ်ချတာပါလား။ ဒီ ပိုင်ရှောင်ချန်းက… သူ့စွမ်းအားတွေကို သေချာလျှိုထားတာပဲကွ။ ”

” သူ့မှာလည်း အေးစိမ့်ချီရှိသလို ကုန်းစွန်းဝမ်အာမှာလည်း ရှိနေတာပဲ။ ဒီတိုက်ပွဲကို အဆုံးအဖြတ်ပေးမှာက ဘယ်သူက ပိုပြီး ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်သလဲဆိုတဲ့ အချက်ပဲ။ ”

” ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က ဒီလောက်ထိ ရောက်နိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး။ ”

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်တန်းကြယ်ပွင့် ထိပ်ဆုံးအယောက်တစ်ရာထဲမှ ဤအကြောင်းကို ကြားလိုက်သူတိုင်းမှာ စိတ်နှလုံးလှုပ်ရှားသွားကြပြီး ချက်ချင်းပင် သူတို့လေ့ကျင့်နေသည့် ကျင့်စဥ်များကိုရပ်ကာ ပွဲကြည့်ကုန်ကြတော့သည်။

ဤသို့သော တိုက်ပွဲမျိုးကို မြင်တွေ့နိုင်ရန် အခွင့်အရေးမှာ ရှားပါးလွန်းလှ၍ ထိပ်တန်းကြယ်ပွင့်များ၏ ထိပ်ဆုံးဆယ်ယောက်ပင်လျှင် အင်မော်တယ်ဂူများထဲမှ ထွက်လာကာ ကြည့်ရှုနေကြတော့သည်။

အပြာရောင် နတ်မီးလျှံစမ်းသပ်ပွဲ ဖြစ်သည့် တိုက်ပွဲမြေပြင်ထဲတွင် ပိုင်ရှောင်ချန်းမှာ ကုန်းစွန်းဝမ်အာ၏ ရုပ်ထုကို ကြည့်ရင်း အသက်ရှူသံများပင် မမှန်တော့ပေ။ ကုန်းစွန်းဝမ်အာနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တိုက်ခိုက်ခဲ့စဥ် သူမသည် အေးစိမ့်ချီကိုအသုံးပြုခဲ့သော်လည်း ဤတိုက်ပွဲတွင်မူ သူမ၏ ထိန်းချုပ်နိုင်စွမ်းမှာ ထိုစဥ်ကနှင့် လုံးဝမတူတော့ပေ။ သူမ၏ အသုံးပြုပုံမှာ ကျွမ်းကျင်လိမ္မာပါးနပ်လွန်းလှသဖြင့် ပိုင်ရှောင်ချန်းမှာ အလွန်အမင်း အံ့အားသင့်နေရတော့သည်။

သူမက မည်သည့်နည်းလမ်းသုံးကာ အေးစိမ့်ချီအား ကျင့်ကြံသည်ကို သူ မသိသော်လည်း မည်သို့ကျင့်ကြံသည်ဖြစ်စေ ရလဒ်များမှာ အံ့သြဖွယ်ကောင်းနေပြီး သူ၏ အေးစိမ့်ကျင့်ကြံသူအဆင့် စွမ်းအားများထက်ပင် သာလွန်နေသည်။ ထို့အပြင် သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံမှာ အဆင့်အတူ ရှိသည်မဟုတ်ချေ။ သူသည် အလယ်ပိုင်း ရွှေအမြုတေအဆင့်သို့ ရောက်နေပြီး အဆင့်တက်ရန် အလွန်နီးစပ်နေသော်လည်း နှောင်းပိုင်းအဆင့်သို့ မရောက်သေးပေ။

ကုန်းစွန်းဝမ်အာ၏ အဆင့်သည် သူမ၏ ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များကို ကြည့်ခြင်းအားဖြင့် နှောင်းပိုင်း အမြုတေအဆင့်သို့ ရောက်နေသည်မှာ သေချာသည်။

” ကိစ္စမရှိပါဘူး။ ” သူက အေးစက်စက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်သည်။
” ငါဒီပွဲကို နိုင်မှရမှာ။ ” သူပိုင်ဆိုင်ထားသမျှ အေးစိမ့်ချီများအားလုံးကို ယခု အသေခံတိုက်ကွက်ထဲတွင် သုံးလိုက်ပြီ ဖြစ်ပြီး သူ၏ ပြိုင်ဘက်မှာ ဒဏ်ရာ ရရှိသွားဟန် ပေါ်နေသည်။ ယခုတွင်မူ အခြေအနေမှာ ယခင်ကနှင့် မတူတော့ပဲ သူက အနိုင်ကို အသေအချာယူရမည့် အချိန်သို့ ရောက်နေပြီဖြစ်သည်။

ထို့ကြောင့် သူက ရိပ်ခနဲလှုပ်ရှားလိုက်ပြီး သူ၏ ဘယ်ခြေထောက်ရှိ အပြင်အားကိုအသုံးချကာ ရှေ့သို့ အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် ပြေးထွက်သွားသည်။ ထိုသို့ပြေးနေစဥ် သူ့အိတ်ကိုပုတ်လိုက်ရာ အဆင့်ပေါင်းများစွာ စိတ်စွမ်းအင် အဆင့်မြှင့်တင်ထားသည့် ဓားပျံများစွာ ပေါ်ထွက်လာသည်။ တချိန်ထဲမှာပင် အနက်ရောင် အလင်းတန်းတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရသည်။ ၎င်းမှာ သူ၏ သစ္စာမဲ့နဂါးဦးချို ပင်ဖြစ်သည်။

ထို သစ္စာမဲ့နဂါးဦးချို မှာ ဓားအစီအရင်တစ်ခု၏ ပင်မသွေးကြောဖြစ်သွားပြီး ကုန်းစွန်းဝမ်အာ၏ ရုပ်တုဆီသို့ မိုးရေများအလား ကျဆင်းသွားတော့သည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ ညာလက်မှာ အနက်ရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားပြီး ဖမ်းဆုပ်လိုသည့် ပုံစံဖြင့် ဆန့်တန်းထွက်လာတော့သည်။ ၎င်းမှာ လည်မျိုဖမ်းဆုပ်ကွက်ပင် ဖြစ်သည်။

ထိုဓားအစီအရင်က ကုန်းစွန်းဝမ်အာ အပေါ်သို့ ကျဆင်းသွားစဥ် ရုပ်တု၏ မျက်လုံးများ ဖျတ်ခနဲလက်သွားပြီး သူမ၏ညာလက်မှာ မြောက်တက်သွားကာ သူမ၏လည်မျိုထဲသို့ဖောက်ဝင်သွား၏။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းစွာပင် ကျောရိုးတစ်ချောင်းနှင့်တူသော ဓားတစ်ချောင်းကို သူမ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်တော့သည်။

အပြင်သို့ ထိုအရိုးဓားကြီး ထွက်ပေါ်လာပြီးနောက် အပြာရောင် စမ်းသပ်ပွဲတစ်ခုလုံးတွင် အော်ဟစ်နေသောဝိညာဥ်များနှင့် ပြည့်နှက်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာမူ သေမင်းအငွေ့အသက်များကို ခံစားလိုက်ရတော့သည်။

အပြင်ဘက်ရှိ လူတိုင်းမှာ တုန်လှုပ်သွားကြပြီး တအံ့တသြ အော်ဟစ်နေကြတော့သည်။

တချိန်ထဲမှာပင် ကုန်းစွန်းဝမ်အာ၏ ရုပ်တုက အနည်းငယ်မျှ တွေဝေမနေပဲ အရိုးဓားကြီးကိုသုံးကာ ပိုင်ရှောင်ချန်း၏ ဓားအစီအရင်ကြီးကို ရက်စက်စွာ ခုတ်လိုက်တော့သည်။

အရိုးဓားကြီး၏ ဘေးတစ်ဝိုက်ရှိ လေထုကြီးပင် ကြေမွသွားရပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင် ဖျက်စီးခံရတော့မည့်အလား ဖြစ်ေနသည်။ ထိုနေရာရှိ အရာအားလုံး မည်းမှောင်သွားပြီး အရိုးဓားကြီးသည်သာ ထိုနေရာတွင် တောက်ပစွာ လင်းလက်နေသော အလင်းရောင်တစ်ခု ဖြစ်နေတော့သည်။

ဓားပျံများမှာ တစ်ချောင်းပြီးတစ်ချောင်း အစိတ်စိတ် အမြွှာမြွှာ ကွဲအက်သွားပြီး အဆုံးတွင် သစ္စာမဲ့နဂါးဦးချို သာ ကျန်ခဲ့တော့သည်။ ထို ဦးချိုပင် ကြာကြာတောင့်မခံနိုင်ဘဲ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး လဲပြိုသွားရတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ဘေးဘက်သို့ လွင့်စင်သွားပြီး အရိုးဓားကြီးက ကြောက်မယ်ဖွယ် စွမ်းအားကြီးဖြင့် ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားတော့သည်။

” သြော်.. လတ်စသတ်တော့ ဒီဟာက မင်းရဲ့ ဝှက်ဖဲ ကိုးကွ။ ဟုတ်လား။ ” ပိုင်ရှောင်ချန်း၏မျက်လုံးများ ကျဥ်းမြောင်းနေပြီး ရေရွတ်လိုက်တော့သည်။ တချိန်ထဲမှာပင် သူ၏အိတ်ကိုပုတ်လိုက်သဖြင့် အနက်ရောင်အကြေးခွံတစ်ခု ပျံထွက်လာပြီး အရိုးဓားကြီး၏ လမ်းကို ပိတ်လိုက်တော့သည်။ တစ်ပြိုင်နက်ထဲမှာပင် သူက အသက်ပြင်းပြင်းရှူကာ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်ပြီး မြေကြီးပေါ်သို့ ဖိချလိုက်သည်။ သူ့မျက်လုံးများမှာ ထူးဆန်းစွာတောက်ပနေပြီး သူက အညင်သာဆုံးသော လေသံဖြင့် ရေရွတ်လိုက်သည်။

” ရွှယ်ကျဲ ။ “


Comment

Leave a Reply

Options

not work with dark mode
Reset