Switch Mode

အခန်း ( ၄၃၅ )

ဝိညာဥ်စုစည်းဆေးလုံးများ၏အစွမ်း

မြောက်မြားစွာသော အမုန်း ဝိညာဥ်များကြောင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ် တုန်လှုပ်သွားသည်။ သူသည် ဝိညာဥ်များကိုကြည့်ကာ ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်ရွံ့နေသော်လည်း ယခုအခါ သူ့မှာ ရင်ဆိုင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

” ပါးစပ်ပိတ်စမ်း။ ”
သူက ကျယ်လောင်စွာအော်ဟစ်နေသည့် ဝိညာဥ်များကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ လက်ရှိအခြေအနေအရ အချိန်က အရေးကြီးနေပြီး သူ၏ အတွေးထဲရှိတစ်ခုထဲသောအရာမှာ ခရမ်းရောင် နတ်မီးလျှံစမ်းသပ်ပွဲသို့ ရောက်ရှိရန် အချိန် ဆယ့်နှစ်နာရီ မျှသာရသည့် အချက်ဖြစ်သည်။

ဖက်တီးကျန်းကြီး၏ အသက်သည် သေရေးရှင်ရေး အခြေအနေသို့ ရောက်နေပြီ မဟုတ်ပါလော။

ပိုင်ရှောင်ချန်းက ဝိညာဥ်များကို အော်ဟစ်လိုက်သောအခါ သူတို့က ပိုင်ရှောင်ချန်းဆီသို့ ပျံဝဲလာကြတော့သည်။ ပိုင်ရှောင်ချန်း ကမူ နောက်မဆုတ်ပဲ အရှိန်လည်းမလျှော့ပေ။ သူက ဝိညာဥ်များဆီသို့ တည့်မတ်စွာ ပြေးသွားတော့သည်။

အပြင်ဘက်တွင်မူ ရှင်းကုံကျစ်တာအိုဂိုဏ်းသားများက သူတို့ရှေ့မှ မြင်ကွင်းကြီးကို မျက်စိမခွာတမ်း ကြည့်နေကြသည်။ စိမ်းပြာရောင် စမ်းသပ်ပွဲအား ပိုင်ရှောင်ချန်း မည်သို့ ကိုင်တွယ်မည်ကို သူတို့ အလွန်အမင်း သိချင်နေကြသည်။

” ကြည့်ရတာ ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က နတ်ဘုရားစွမ်းရည် တစ်မျိုးမျိုးကို သုံးမယ့်ပုံပဲ…. ”

” ဒီစမ်းသပ်ပွဲက ဝိညာဥ်တွေရဲ့ စုပေါင်းတိုက်ခိုက်မှုကို ဘယ်လောက်ကြာကြာ ခံနိုင်လည်းဆိုတာနဲ့ ဝိညာဥ်ဘယ်နှစ်ကောင်ကို နှိမ်နင်းနိုင်လည်းဆိုတာကို စစ်ဆေးတာ။ အချိန်ကြာကြာ ခံနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်စွမ်းအင်ကို အတတ်နိုင်ဆုံး ချွေတာရမယ်။ နည်းနည်းလေးတောင် အလကားဖြစ်စေလို့ မရဘူး။ ထိန်းချုပ်မှု အများကြီး လိုအပ်တာ။ ”

” ကုန်းစွန်းဝမ်အာကတော့ အံ့မခန်း လုပ်ပြသွားတာပဲ။ ဝိညာဥ်တွေက သူ့ကိုချတောင် မချရဲကြဘူး။ ဒါပေမဲ့ ဝိညာဥ် ဧရာဇ်ကြီးကတော့ အဲ့လိုတော့ မဟုတ်ဘူး။ အဲ့တာတောင်မှ အဲ့လိုမျိုးဖြစ်ရပ်မျိုးက အတိတ်မှာ တစ်ခါမှ မဖြစ်ဖူးဘူး။ ”

” ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင် ဝိညာဥ်ဘယ်နှစ်ကောင်ကိုများ အနိုင်ယူမလဲ သိချင်မိတယ်။ ”

လူအုပ်ထဲတွင် ဆွေးနွေးငြင်းခုံသံများ ပေါ်ထွက်နေစဥ် စိမ်းပြာရောင် စမ်းသပ်ပွဲထဲရှိ ပိုင်ရှောင်ချန်းမှာ သူ့ဆီပြေးလာနေသည့် ဝိညာဥ်များဆီသို့ ပြန်းထန်မြန်ဆန်သော အရှိန်ဖြင့် ပြေးသွားနေသည်။

ခပ်လှမ်းလှမ်းမှကြည့်လျှင် ဝိညာဥ်ပင်လယ်ကြီးတစ်ခုက အော်မြည်သံပေးကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လှုပ်ယမ်းေနသည့်အလား ဖြစ်နေသည်။

သို့သော် ထိုပင်လယ်ကြီးက ပိုင်ရှောင်ချန်းကို ဝင်မတိုက်ခင်မှာပင် သူက ထည့်စရာအိတ်ကို ပုတ်လိုက်ပြီး ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

ထိုဆေးလုံးသည် အဖြူရောင်ရှိပြီး ဆေးရနံ့လုံးဝ မရှိပေ။ တမူထူးခြားသည့် ဆေးလုံးဟူ၍ပင် မထင်ရချေ။ လူအုပ်ကြီးကမူ ကြောင်အမ်းအမ်းဖြစ်နေပြီး ဤသို့ အရေးကြီးလှသောအချိန်မျိုးတွင် ပိုင်ရှောင်ချန်းက မည်သည့်အတွက်ကြောင့် ဆေးလုံးတစ်လုံးအား ထုတ်ယူလိုက်သည်ကို မသိနိုင်လောက်အောင် ဖြစ်နေသည်။

သို့သော်လည်း ပိုင်ရှောင်ချန်းက ဆေးလုံးကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်ပြီး တစ်ဆက်ထဲ အော်ဟစ်လိုက်သည်။
” ဒါကို မြည်းကြည့်စမ်း။ ”

ထိုဆေးလုံးက မြေပြင်နှင့် ရိုက်ခတ်မိသွားသောအခါ မမြင်နိုင်သော တုန်ခါမှုနှင့် အငွေ့အသက်များက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။ တချိန်ထဲမှာပင် သူ့ဆီပြေးလာနေသည့် ဝိညာဥ်များ၏ မျက်နှာများမှာ အရောင်လက်သွားကြပြီး ဦးတည်ရာပြောင်းသွားကာ ကြေမွနေသည့် ဆေးလုံးဆီသို့ ပျံသန်းသွားကြတော့သည်။ သူတို့၏ ဝိညာဥ်ခန္ဓာကိုယ်များမှာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့်အလား ဖြစ်နေသည်။

ဖော်ပြ၍မရနိုင်လောက်အောင် အားကောင်းသည့် ဆွဲငင်အားကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုဝိညာဥ်များကို တစ်နေရာထဲသို့ စုပ်ယူကာ ဖျက်စီးပစ်နေတော့သည်။ ပထမဆုံးတွင် ဝိညာဥ်ဆယ်ကောင်၊ မကြာမီ အကောင်တစ်ရာ၊ ထို့နောက် တစ်ထောင်မှ တစ်သောင်းအထိ ဖြစ်သွားတော့သည်။

ချက်ချင်းပင် ပိုင်ရှောင်ချန်းရှေ့တည့်တည့်ရှိ ဝိညာဥ်ပင်လယ်ထဲတွင် အပေါက်တစ်ပေါက် ပေါ်ထွက်လာသည်။ တချိန်ထဲမှာပင် ဝိညာဥ်ပေါင်း အကောင် တစ်သောင်းကျော်မှာ မြေကြီးထဲသို့ စုပ်ယူခံလိုက်ရကာ တချိန်လုံး အော်ဟစ်နေကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း လက်သီးဆုပ်အရွယ် အနက်ရောင် စက်လုံးလေးတစ်လုံး ပေါ်ထွက်လာသည်။

ထိုတလက်လက် တောက်ပနေသည့် စက်လုံးထဲတွင် ဝိညာဥ်ပေါင်း အကောင်တစ်သောင်း ကျော်ရှိနေသည်။

လူအုပ်ကြီးမှာ ယောက်ယက်ခတ်နေကြပြီး မရပ်မနား ပြေးလွှားနေသည့် ပိုင်ရှောင်ချန်းကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြသည်။ သူက ပြေးလွှားနေရင်း ဝိညာဥ်စုစည်း ဆေးလုံးတစ်လုံးကို ထပ်ထုတ်လိုက်သည်။

ထိုဆေးလုံးများကို သူ ပစ်လွှတ်လိုက်တိုင်း ထိုနေရာတစ်ဝိုက်ရှိ ဝိညာဥ်များမှာ တောက်ပနေသည့် အနက်ရောင်စက်လုံးတစ်လုံးထဲသို့ စုပ်ယူခံလိုက်ရသည်သာ ဖြစ်သည်။ ဝိညာဥ်များမှာ တဖြည်းဖြည်း နည်းပါးလာပြီး အနက်ရောင်စက်လုံးများ ပိုမိုများပြားလာတော့သည်။ ထိုစက်လုံးများထဲတွင်မူ ထွက်မပြေးနိုင်ပဲ ပိတ်မိနေကြသော ဝိညာဥ်များရှိလေသည်။

အဆုံးတွင် စိမ်းပြာရောင် စမ်းသပ်ပွဲ၏ အလယ်တွင် ဝိညာဥ်ဧကရာဇ်ကြီးကို ပိုင်ရှောင်ချန်း တွေ့လိုက်ရသည်။ ထိုဝိညာဥ်ကြီးက ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးလာပြီး အော်ဟစ်လိုက်သည်။
“ ဒီနေရာကနေ ပျောက်ကွယ်သွားစမ်း။ ”

ဝိညာဥ် ဧကရာဇ်ကြီးဆီမှ စွမ်းအားများ ပေါ်ထွက်လာပြီး ကောင်းကင်ကြီးမှာ မှေးမှိန်သွားသော်လည်း ပိုင်ရှောင်ချန်းသည် ညာလက်ကို ဝှေ့ယမ်းကာ ဝိညာဥ်စုစည်း ဆေးလုံးဒါဇင်များစွာကို တစ်ခါထဲ ပစ်လွှတ်လိုက်သည်။

” ဒါကို မြည်းကြည့်စမ်း။ ”
သူက အော်လိုက်သည်။ ထိုဆေးလုံးများ ပေါက်ကွဲသွားသောအခါ ရုတ်တရက် အော်ဟစ်ဟိန်းဟောက်နေသည့် ဝိညာဥ်ဧကရာဇ်ကြီး၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ၊ အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။

အသံတစ်သံပင် မထွက်လိုက်ရပဲ သူ၏ ခန္ဓာကိုယ်သည် ရုတ်ချည်း အပိုင်းပိုင်း ကွဲထွက်သွားပြီး ဆေးလုံးများ၏ စုပ်ယူ ချုပ်နှောင်ခြင်းကို ခံလိုက်ရတော့သည်။

ပိုင်ရှောင်ချန်းက ရလဒ်ကို ဂရုပင်မစိုက်ဘဲ ဆက်၍ပြေးလွှားကာ ဆေးလုံးများကို ဆက်တိုက်ထုတ်နေတော့သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်သွားသောအခါ အရင်က ကျင့်ကြံသူပေါင်း မြောက်မြားစွာကို ဒုက္ခပင်လယ်ဝေစေခဲ့သည့် စိမ်းပြာရောင် စမ်းသပ်ပွဲထဲတွင် ဝိညာဥ်တစ်ကောင်တစ်လေပင် မရှိတော့ချေ။

ပိုင်ရှောင်ချန်းက မရေမတွက်နိုင်သော ကမ္ဗည်းတိုင်များကို ကျော်ဖြတ်ကာ စမ်းသပ်ပွဲ၏ အဆုံးသို့ရောက်သွားပြီး ထွက်ပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

အပြင်ဘက်ရှိ ထိုမြင်ကွင်းကို ကြည့်နေကြသူများမှာ အံ့အားသင့်ကာ တုန်ရီနေကြတေ့သည်။ သူတို့သည် ဖြစ်ပျက်နိုင်မည့် ဖြစ်နိုင်ခြေများကို ခန့်မှန်းထားကြသော်လည်း ပိုင်ရှောင်ချန်းမှာ ဤကဲ့သို့ တုန်လှုပ်ဖွယ်ကောင်းသည့် နည်းလမ်းကြီးကိုသုံးကာ ဤစမ်းသပ်ပွဲကို ကျော်ဖြတ်လိမ့်မည်ဟု မည်သူမှ မထင်ထားမိချေ။

ရှေးယခင်မှ ယခုအချိန်ထိ မည်သူမှ ထိုသို့မလုပ်ဖူးချေ။ ဤစမ်းသပ်ပွဲမှာ ဝိညာဥ်များကို တတ်နိုင်သလောက်သာ သတ်ဖြတ်ရန်ဖြစ်သော်လည်း ယခုအခါ စမ်းသပ်ပွဲကြီးမှာ ပြောင်သလင်းခါနေပြီ ဖြစ်သည်။

” ဒါ…. ဒါ…. ”

” ကုန်းစွန်းဝမ်အာရဲ့ စွမ်းဆောင်မှုက ရင်သပ်ရှုမောဖွယ် အကောင်းဆုံးလို့ ငါကထင်နေတာ။ ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က သူ့ကို ကျော်တက်လိမ့်မယ်လို့ ငါ မထင်မိပါလား။ ”

” ဝိညာဥ်တွေက ကုန်းစွန်းဝမ်အာကို မတိုက်ခိုက်ရဲကြဘူး။ သူမက ဝိညာဥ်ဧကရာဇ်နဲ့ တိုက်တော့ သရေကျသွားတယ်။ ဒါပေမဲ့ ပိုင်ရှောင်ချန်းက….. ဝိညာဥ်ဧကရာဇ်ကြီးကို စုပ်ယူပစ်လိုက်တာပါလား။ ”

မကြာမီ လူအုပ်ကြီးမှာ သုဿာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ စမ်းသပ်ပွဲများကို ကျော်ဖြတ်မှုများသည် ကုန်းစွန်းဝမ်အာကဲ့သို့ ဖြစ်နေလေပြီ။ တစ်ဂိုဏ်းလုံးမှာ အံ့အားသင့်နေကြပြီး သတင်းများလည်း ပျံ့နေသဖြင့် စမ်းသပ်ပွဲများကို ကြည့်ရှုေနကြသူ များပြားလာတော့သည်။

ကုံ သက်တံ့ဒေသပေါ်ရှိ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ ပင်မဘုံကျောင်းထဲတွင် ဖက်တီးကျန်းကြီးမှာ ယခင်က ကဲ့သို့ တင်ပျဥ်ခွေထိုင်နေဆဲပင်။ ထိုစဥ် သူသည် လုံးဝ သတိမေ့နေပြီဖြစ်ပြီး သူ၏သက်စောင့်အား မီးတောက်မှာလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဖုန်းယွမ်ဒဲ့သာ သူ့ကိုယ်ထဲသို့ အားများ မသွင်းပေးထားပါက ထိုမီးတောက် ငြိမ်းနေသည်မှာ ကြာလှနေပြီဖြစ်သည်။

ဘုံကျောင်းအပြင်တွင် ရွှီပေါက်ချိုင်နှင့် နတ်ဆရာတို့မှာ ချင်းေမ့ယွမ်နှင့်အတူ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့် စမ်းသပ်ပွဲများကို ကြည့်ရှုနေကြသည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်း၏ လုပ်ရပ်များကြောင့် အံ့အားသင့်နေရသည်။

အခြားဂိုဏ်းသားများက ပိုင်ရှောင်ချန်းအကြောင်းကို မသိကြသော်လည်း သူတို့က သိေနသည်။ သူ၏ အကျင့်အရ ဤသို့သော စွန့်စားမှုများကို ပုံမှန်ဆိုလျှင် လုပ်မည်မဟုတ်ကြောင်း သူတို့ သိထားသည်။ ယခု သူလုပ်နေသမျှအရာအားလုံးမှာ ဖက်တီးကျန်းကြီးအတွက်သာ ဖြစ်လေသည်။

ပိုင်ရှောင်ချန်းအကြောင်း သတင်းများပျံ့သွားပြီး တစ်ဂိုဏ်းလုံး အံ့သြနေကြစဥ် သူက အပြာရောင် စမ်းသပ်ပွဲထဲသို့ ရောက်နေပြီဖြစ်သည်။ သူသည် စုစုပေါင်း တစ်နာရီထက်အနည်းငယ်ပိုသော အချိန်အတွင်း ပထမ စမ်းသပ်ပွဲ ငါးခုကို အောင်မြင်ခဲ့သော်လည်း အနားမယူနိုင်သေးပေ။ယခု သူက နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဤအဆင့်ပြီးလျှင် ခရမ်းရောင်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

သူသည် သူရမည့် အဆင့်ကို ဂရုမစိုက်သလို စိတ်ထဲမှာပင် မထားချေ။ သို့သော်လည်း ဤအဆင့်မှာ အခက်အခဲဆုံးဖြစ်မည်ကို သူက သိထားသည်။

သူ၏ ပြိုင်ဘက်သည်… ကုန်းစွန်းဝမ်အာ မဟုတ်ပါလော။

ပို၍တိတိကျကျဆိုရပါလျှင် ကုန်းစွန်းဝမ်အာ၏ ရုပ်တုတစ်ခု ဖြစ်သည်။

အပြာရောင် စမ်းသပ်ပွဲအတွက် နေရာမှာ အကျယ်ကြီးမဟုတ်ပဲ မီတာသုံးသောင်းခန့်သာ ရှိသည်။ နယ်နိမိတ်အကျော်တွင် အရာအားလုံး မှုန်ဝါးနေ၏။။ ထို မီတာသုံးသောင်းအကျယ်နေရာကြီး၏ အလယ်ဗဟိုတွင် အမျိုးသမီးတစ်ယောက်၏ ရုပ်တုတစ်ခုမှာ အထီးကျန်ဆန်စွာ ရပ်တည်နေသည်။ သူမသည် ချောမောလှပသော်လည်း အနည်းငယ် ထူးဆန်းနေသည်။ သူမ၏ ဘေးပတ်လည်ရှိ အေးစိမ့်သော အခိုးအငွေ့တစ်ခုကြောင့် ထိုပတ်လည်ရှိ အရာအားလုံး အပြာနုရောင်အသွင် ပြောင်းလဲနေသည်။

ပိုင်ရှောင်ချန်း ပေါ်လာသည့် အချိန်တွင် ထိုရုပ်တု၏ မျက်လုံးများ ပွင့်လာပြီး ပိုင်ရှောင်ချန်းကို အေးစက်စက် စိုက်ကြည့်နေတော့သည်။

ထိုအကြည့်မှာ ပိုင်ရှောင်ချန်း၏ မျက်လုံးများကို ဓားပါးေလးများ ထိုးနေသည့်အလား ဖြစ်နေပြီး သူ၏အတွင်းစိတ်ထဲသို့ ထွင်းဖောက်ကြည့်နေသည့်ပမာ ခံစားလိုက်ရသည်။ သူ တုန်လှုပ်သွားပြီး အသက်ဘေးအန္တရာယ်ကြီးတစ်ခုကိုပင် ခံစားလိုက်ရတော့သည်။

သူသည် ရှေးယခင်က ကုန်းစွန်ဝမ်အာနှင့် တစ်ခါ တိုက်ခိုက်ဖူးသည်။ သို့သော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ပြန်လာခဲ့ပြီးနောက်ပိုင်း သူမသည် တစ်ခုခု ထူးဆန်းနေသည်ဟု သူ အမြဲခံစားခဲ့ရသော်လည်း အကြောင်းအရင်း ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့်လည်း သူသည် သူမအား အမြဲရှောင်ကျဥ်ခဲ့သည်။

အဆုံးတွင်မူ ဤ အပြာရောင်စမ်းသပ်ပွဲထဲတွင် သူမနှင့် နောက်တစ်ခေါက် ပြန်လည်တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ဤအရာသည် သူမကို ကိုယ်စားပြုသည့် ရုပ်တုတစ်ခုမျှသာ ဖြစ်သော်လည်း ထိုရုပ်တုသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စူပါစတား စမ်းသပ်ပွဲများကို စိန်ခေါ်စဥ်က ကုန်းစွန်ဝမ်အာအသုံးပြုခဲ့သည့် စွမ်းအားအပြည့်အဝအား အသုံးချကာ သူ့အား တိုက်ခိုက်လိမ့်မည်ကို သိထားသည်။

ထို့အပြင် စိန်ခေါ်တိုက်ခိုက်ခဲ့စဥ်က ကုန်းစွန်းဝမ်အာသာ အလျော့မပေးခဲ့လျှင် ဤရုပ်တုသည် အစစ်အမှန်ကမ္ဘာထဲရှိ သူမနည်းတူ စွမ်းအားကြီးနေမည်ဖြစ်ကြောင်းကိုလည်း သူက သိသည်။ သူမကဲ့သို့ ဥာဏ်ကောင်းမည် မဟုတ်သော်လည်း ဤရုပ်တုသည်ကား သက်ရှိမဟုတ်သဖြင့် နာကျင်မှုများကို ခံစားနိုင်မည်မဟုတ်ချေ။ အဆုံးတွင်မူ ဤရုပ်တုကြီး၏ အားနည်းချက်နှင့် အားသာချက်များမှာ သူမသာ ကိုယ်မသာပင် ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ အကြည့်နှင့် ကုန်းစွန်းဝမ်အာ၏ အကြည့်တို့ ဆုံသွားသောအခါ သူမ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးသွားပြီး ကိုယ်ပွားများကဲ့သို့ သူမနှင့် ပုံစံတူ အရိပ်လေးခု ထွက်ပေါ်လာသည်။ သူတို့လေးယောက်စလုံးက မန္တန်လက်ကွက်များဖော်ကာ ပိုင်ရှောင်ချန်းဘက်သို့ လက်ညှိုးထိုးလိုက်သည်။

ချက်ချင်းပင် အရောင်မတူသည့် အလင်းတန်းလေးတန်းက သူ့ဆီသို့ ပြေးသွားတော့သည်။ ထိုအလင်းတန်းများက လေထုထဲတွင် တစ်တန်းနှင့်တစ်တန်း ရောယှက်သွားပြီး အရောင်မတူညီသော ပွင့်ဖတ်လေးခုပါရှိသည့် ရေခဲပန်းပွင့်တစ်ပွင့် အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုပန်းပွင့်မှာ လျင်မြန်စွာ လည်ပတ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားတော့သည်။

ထိုပန်းပွင့် ပြေးသွားသည့် လမ်းတစ်လျှောက် အောက်ဘက်ရှိ မြေကြီးမှာ အေးခဲသွားပြီး အပူချိန်များမှာ လျင်မြန်စွာကျဆင်းသွားကာ အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။

ပွင့်ဖတ်လေးခု၏ တစ်ခုစီပေါ်တွင် ကုန်းစွန်းဝမ်အာ၏ မျက်နှာများမှာ ပဟေဋိဆန်ကာ ထူးဆန်းလှစွာ ပြုံးနေသည်။ ပိုင်ရှောင်ချန်းမှာ ရက်စက်မှု အပေါင်းလွှမ်းခြုံထားသည့် ရယ်မောသံကြီးကိုပင် ကြားနေရသည်။

ကြက်သီးမွေးညင်း ထစရာကောင်းလောက်အောင် ကြောက်စရာကောင်းသည့် အပြုံးများနှင့် ရင်ဆိုင်နေရပါသော်လည်း ဤအခြေအနေကြီးကို စဥ်းစားတွေးတောနေရန် အချိန်မရှိကြောင်း ပိုင်ရှောင်ချန်း သိသည်။ သို့ဖြစ်၍ သူသည် ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒ မန္တန်တော်ကို ထုတ်သုံးကာ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်တော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset