” ဆယ့်နှစ်နာရီ…. ”
ပိုင်ရှောင်ချန်းသည် ကုံသက်တံ့ဒေသတွင် ပြေးလွှားရင်း တွေးနေတော့သည်။ ထိုအချိန်တွင် သူ၏ သွေးကြောကြီးများမှာ ထောင်ထနေပြီး သူ၏ အသက်ကိုပင်စတေးကာ သေဆုံးသည်အထိ တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေတော့သည်။
သူသည် ဖက်တီးကျန်းကြီးပင်မဟုတ် အခြား သူ၏မိတ်ဆွေများထဲမှ မည်သူ့ကိုမှ အသေမခံနိုင်ချေ။ ကျင့်ကြံခြင်း လောကသည် ရက်စက်သောနေရာတစ်ခုဖြစ်ကြောင်း သူ သိထား၏။ သို့ဖြစ်ရာ ကြီးမားသော ဖြစ်ရပ်ကြီးများကို တားဆီးနိုင်ရန်အတွက်ဆိုလျှင် သူ့အနေဖြင့် မစွမ်းနိုင်သည့်တိုင် လက်လျှော့မည်တော့ မဟုတ်ပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့အကြား စစ်ပွဲဖြစ်ပွားခါနီး အခြေအနေသို့ ရောက်ခဲ့သည့်တိုင် သူ လက်လျှော့ခဲ့သည်မဟုတ်ချေ။ အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် ကုံမြစ်ဂိုဏ်းခွဲတို့အကြား တိုက်ပွဲဖြစ်ခဲ့စဥ်ကလည်း သူ လက်မလျှော့ခဲ့ပေ။ အမွေအနှစ် တံဆိပ်တော်များတောင်တွင်လည်း သူက လက်လျှော့ခဲ့သည်မဟုတ်ချေ။
ယခုတွင်လည်း သူက လက်လျှော့မည် မဟုတ်သည်မှာ အသေအချာပင်။
ထိုပုံစံသည် သူ၏ ထာဝရအသက်ရှည်ရန် ကျင့်ကြံရာတွင် အသုံးပြုသည့် လမ်းစဥ်နှင့် ခံယူချက်ဖြစ်သည်။ သူ၏ ဆုံးဖြတ်ချက်ဖြစ်သည်။ သူ့အတွက် အရေးပါသည့် အရာသာ ဖြစ်တော့သည်။
ပိုင်ရှောင်ချန်းက သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားအကုန်ကို အသုံးချကာ တည်နေရာရွှေ့ပြောင်းခြင်း အပေါက်ဝသို့ လျင်မြန်စွာ ပြေးသွားတော့သည်။ ထို့နောက် သူက အနန္တကြယ်သက်တံ့ဒေသပေါ်တွင် ပြေးလွှားကာ ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့် စမ်းသပ်ပွဲများဆီသို့ ရောက်သွားတော့သည်။
ဖက်တီးကျန်းကြီး၏ အင်မော်တယ်ဂူထဲမှ ထွက်ကာ စမ်းသပ်ပွဲများ၏ ဝင်ပေါက်သို့ ရောက်သည့်အကြားတွင် အမွှေးတိုင်နှစ်တိုင်လောင်ကျွမ်းစာမျှသာ သူ ကြာလိုက်သည်။ ယခုအခါ ကျင့်ကြံသူ ရာဂဏန်းအနည်းငယ်သာ ထိုနေရာတွင် စုဝေးနေသည်။ အများစုမှာ ဝင်ပေါက်နားတွင် နေကာ သူတို့၏ အောင်မြင်မှုနှုန်းများ မြင့်တက်လာနိုင်စေရန်အတွက် အခြားသူများ၏ လုပ်ဆောင်ချက်များကိုကြည့်နေတော့သည်။
ထိုနေရာတစ်ဝိုက်တွင် စကားသံများကို ကြားနေရသော်လည်း ပိုင်ရှောင်ချန်းရောက်လာသောအခါ စုဝေးနေသည့် ကျင့်ကြံသူအချို့က သူ့ကို သတိထားမိလိုက်ကြသည်။ လွန်ခဲ့သော အခေါက်က ထိပ်ဆုံးအယောက်လေးရာထဲထိ သူ ဆက်တိုက်တက်သွားခြင်းမှာ ပုံမှန်ကိစ္စတစ်ရပ်မဟုတ်သဖြင့် လူတော်တော်များများ၏ အာရုံစိုက်မှုကို ရရှိလိုက်သည် မဟုတ်ပါလော။
” ပိုင်ရှောင်ချန်း ပါလား။ ”
” သူပြန်လာပြီလား။ ကြားထဲမှာ ဘယ်လောက်ကြာသွားတာပါလိမ့်။ ”
” ငါ ဒီကောင့်အကြောင်း ကြားဖူးတယ်။ လူတွေပြောနေကြတာ ဒီကောင်က သူ့နောက်ဆုံးအခေါက်က လုပ်ဆောင်ချက်တွေကို အားမရလို့ ထပ်စိန်ခေါ်ပြီး အဆင့်တက်အောင်လုပ်ပြမယ်လို့ ကြိမ်းဝါးထားတာတဲ့။ ”
လူတိုင်းမှာ ပိုင်ရှောင်ချန်းကို ဝိုင်းကြည့်နေကြတော့သည်။ ပုံမှန်ဆိုလျှင် ပိုင်ရှောင်ချန်းသည် အရှိန်လျှော့ကာ ဤသို့ချီးမွမ်းခန်းကြီးထဲတွင် ပျော်မွေ့နေမည်ဖြစ်သည်။ သို့သော် ယခုတွင် သူကထိုသို့လုပ်ရန် အတွေးမရှိတော့ချေ။ သူ၏မျက်နှာမှာ ခက်ထန်တင်းမာနေပြီး တစ်ခဏလေးမှ မရပ်နားပဲ လူအုပ်ကြီးကို ကျော်ဖြတ်ကာ ဝင်ပေါက်ထဲသို့ ဝင်သွားရာတွင် သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် အငွေ့အသက်များပင် ထွက်ပေါ်နေတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့် စမ်းသပ်ပွဲများကို စိန်ခေါ်ရာတွင် အစမှ ပြိုင်ရသည်သာ ဖြစ်သည်။ ထိုအရာမှာ မည်သူမှ မပြောင်းလဲနိုင်သည့် စည်းမျဥ်းတစ်ခုဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ကြယ်သည် စိမ်းပြာရောင် အဆင့်တွင်ရောက်နေသည် ဖြစ်ပါသော်လည်း သူက ပထမဆုံး စမ်းသပ်ပွဲမှ ပြန်စတင်ရမည်သာ ဖြစ်သည်။
သူ၏ အမြင်အာရုံများ ဝေဝါးသွားပြီး ပြန်လည်ရှင်းရှင်းလင်းလင်း မြင်ရသောအခါ သူ၏မျက်နှာကို အပူထုကြီးတစ်ခုက ဟပ်နေသည်။ သူက အနည်းငယ်မျှ ရပ်တန့်မသွားပဲ တောင်ပေါ်မှ ခုန်ချကာ ချော်ရည်ပူပင်လယ်ထဲသို့ ဝင်သွားတော့သည်။
ချော်ရည်ပူများ၏ မျက်နှာပြင်ကို ထိမိသွားသောအခါ သူ၏ မျက်လုံးများမှာ အရောင်လက်သွားပြီး သူတတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားတော့သည်။ သူရှေ့သို့ ပြေးသွားသည့်အခါ ထစ်ချုန်းသံများပေါ်ထွက်လာပြီး ချော်ရည်ပူ ပင်လယ်ပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများပင် ထလာတော့သည်။ သူသည် မျက်နှာပြင်တစ်ခုပေါ်တွင် ပြေးလွှားနေသကဲ့သို့ပင် ဖြစ်နေပြီး သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များကြောင့် ထိုနေရာရှိ အခြားစိန်ခေါ်သူများပင်လျှင် မှင်တက်နေကြရတော့သည်။
ထိုစဥ် အပြင်ဘက်ရှိ လူအချို့က ပိုင်ရှောင်ချန်း၏ လှုပ်ရှားမှုများကိုကြည့်ရန် စွမ်းဆောင်မှုရမှတ်များကို သုံးနေကြပြီဖြစ်သည်။ ထိုလူများထဲမှ အများစုမှာ ပိုင်ရှောင်ချန်းသည် ယခင်ကအတိုင်း ချော်ရည်ပူထဲတွင် ကူးခတ်ပြလိမ့်မည်ဟုသာ တွေးထားကြသည်။ ထို့ကြောင့် ယခုမြင်ကွင်းကြီးကို မြင်လိုက်ရသောအခါ သူတို့၏နှလုံးသားများကို အံ့အားသင့်မှုများက ဖုန်းလွှမ်းသွားပြီး ချက်ချင်းပင် လူများစွာမှာ အလန့်တကြား အော်ဟစ်နေကြတော့သည်။ ထိုအော်သံများကြောင့် အခြားလူများကလည်း သူ၏ စမ်းသပ်ပွဲများအား စိန်ခေါ်နေပုံကို ပိုမိုကြည့်လာကြတော့သည်။
” သူက အရင်ကနဲ့ လုံးဝမတူတဲ့ အရာကိုလုပ်နေတာပဲ။ ချော်ရည်ပူပေါ်မှာ ပြေးပြနေတာဟ။ ”
” ဘုရားရေ။ ကုန်းစွန်းဝမ်အာက သားရဲတွေကို သတ်ဖြတ်ပြီး လမ်းဖောက်သွားတာကို အံ့သြစရာကောင်းလှပြီ မှတ်နေတာ၊ ပင်လယ်မျက်နှာပြင်ပေါ် ပိုင်ရှောင်ချန်း ပြေးနေတာကလည်း တော်တော် အံ့သြဖို့ ကောင်းနေပါလား ”
လူတိုင်း အော်ဟစ်နေကြစဥ် ပိုင်ရှောင်ချန်းသည် ခက်ထန်တင်းမာနေသော မျက်နှာဖြင့် အရှိန်လုံးဝ မလျှော့ပဲ ထပ်၍ပင် တင်လိုက်တော့သည်။ အမွှေးတိုင်တစ်ဝက်လောက်ကျွမ်းစာထက် အနည်းငယ်ပိုသောအချိန်အတွင်း သူသည် ချော်ရည်ပူပင်လယ်ကြီးတစ်ခုလုံးကို ဖြတ်ကာ တစ်ဖက်ကမ်းရှိ ကမ်းခြေသို့ရောက်ရှိသွားပြီး ဒုတိယအဆင့်သို့ တက်လှမ်းသွားသည်။
ဒုတိယစမ်းသပ်ပွဲထဲတွင် ကျောက်ဘီလူးကြီးများမှာ ကြောက်မက်ဖွယ်ကောင်းစွာ တိုက်ခိုက်နေဆဲပင်။ ကောင်းကင်ပေါ်မှ ကျောက်တုံးကြီးများ မိုးရွာကျသည့်အလား ကျဆင်းနေကြပြီး လေပြင်းကြီးများလည်း တိုက်ခတ်နေတော့သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ တစ်ခဏလေးပင် မရပ်ချေ။
ထိုစိန်ခေါ်မှုထဲရှိ အနှောင့်အယှက် အတားအဆီးအားလုံးမှာ သူ့အပေါ် သက်ရောက်မှုမရှိသည့် အလားပင်။ သူ့ကိုမထိမိခင် အားလုံးမှာ လဲပြိုပျက်စီးသွားရသည်။
သို့သော် ထိုအရာမှာ နောက်လာမည့်အရာကဲ့သို့ အံ့သြစရာ မကောင်းပေ။ လူအုပ်ကြီး လုံးဝ အံ့အားသင့်သွားရသည်မှာ ဧရာမကျောက်ဘီလူးကြီး နှစ်ကောင်မှာ ပိုင်ရှောင်ချန်းကို သတိထားမိလိုက်သောအခါ တိုက်ခိုက်နေခြင်းကို ရပ်လိုက်ကြခြင်းပင် ဖြစ်သည်။
” ငါ့ကို ဒီနေရာကနေ ဖြတ်သွားခွင့်ပေးစမ်း။ ”
ပိုင်ရှောင်ချန်းက အသက်ဝင်တောင် ဂါထာတော်ကို အသုံးချကာ အော်ပြောလိုက်သည်။ သူ၏ ကိုယ်ပိုင် ကျောက်ဘီလူးကြီးကို ဆင့်ခေါ်လိုက်ခြင်း မဟုတ်သော်လည်း ဂါထာတော်၏ အငွေ့အသက်ကိုပင် ကျောက်ဘီလူးကြီးများက အာရုံခံနိုင်ရန် လုံလောက်ပေသည်။ သူတို့အတွက် ထိုအငွေ့အသက်မှာ အလွန်ရင်းနှီးနေပြီး တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုမှာ သူတို့ကို ဆက်သွယ်နေသည့်အလား ခံစားနေရသည်။
ပိုင်ရှောင်ချန်းက ဤစမ်းသပ်ပွဲကို ကျော်ဖြတ်ခွင့်ပေးရန် အကူအညီတောင်းလိုက်သည့် အချိန်တွင် ကျောက်ဘီလူးကြီးတစ်ကောင်က သူ့ကို မတိုက်ခိုက်ပဲ ကောက်ယူကာ လေထဲသို့ပစ်လွှတ်လိုက်ပြီး ထွက်ပေါက်ဆီသို့ ပို့ပေးလိုက်သဖြင့် လူအုပ်ကြီးမှာ မှင်တက်ကုန်ကြတော့သည်။
ကျောက်ဘီလူးကြီးက ပိုင်ရှောင်ချန်းကို အားအကုန်သုံးက ပစ်လွှတ်လိုက်သဖြင့် ထစ်ချုန်းသံများ ပေါ်ထွက်လာပြီး သူက ကြယ်ပျံတစ်လုံးအသွင် ပြောင်းကာ ဒုတိယစမ်းသပ်ပွဲ၏ လေထုကိုဖြတ်၍ တတိယစမ်းသပ်ပွဲဆီသို့ သွားနိုင်သည့် တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ဆီသို့ ရောက်သွားတော့သည်။
သူသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာ အချိန်အတွင်း ပထမနှင့် ဒုတိယ စမ်းသပ်ပွဲများကို ကျော်ဖြတ်ပြီးသွားပြီ ဖြစ်သည်။
အပြင်ဘက်မှ လူတိုင်းမှာ အံ့သြမှုအပေါင်းနှင့် ရူးသွပ်နေကြရတော့သည်။
” ဘုရားရေ… ဒီ….ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်…..”
” သူနောက်ဆုံးအချိန်တုံးက တကယ့်ကို လျှော့ထားတာပဲဟ…”
ယခုအခါ အပြင်ဘက်ရှိ ကျင့်ကြံသူများမှာ သူတို့၏ မိတ်ဆွေများဆီသို့ သတင်းများပို့နေကြသဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့် စမ်းသပ်ပွဲများကို ကြည့်ရှုနေသူများမှာ ပိုမိုများပြား လာတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်းမှာ ဧရာမ ပန်းပဲသမားကြီးနှင့် ပန်းပဲဖိုကြီး ပါဝင်သည့် တတိယစမ်းသပ်ပွဲထဲ ရောက်နေပြီ ဖြစ်သည်။ ယခုအခါ ထွက်ပေါက်ဆီသို့သွားရာလမ်းဖြစ်သည့် ဧရာမဓားကြီးအား ပန်းပဲသမားကြီးက တူကို သုံးကာ ထုနှက်နေသည်။
အရင်တစ်ခေါက်ကအတိုင်း ပိုင်ရှောင်ချန်းက တွေဝေမနေပေ။ သူသည် ဓားပေါ်မှ ဖြတ်လျှောက်ရန် မကြိုးစားတော့ပဲ အောက်ဘက်ရှိ အေးစိမ့်နေသော ပင်လယ်ထဲသို့သာ ထိုးဆင်းသွားတော့သည်။
ဤအကြိမ်တွင် သူသည် အေးစိမ့်ချီများကို စုပ်ယူမနေတော့ပဲ သူ၏ အေးစိမ့်ချီကိုပင် အသုံးပြုကာ ထိုနေရာရှိ အရာအားလုံးကို အေးခဲစေလိုက်တော့သည်။ ထို့နောက် ချော်ရည်ပူ ပင်လယ်ထဲတွင် သူလုပ်ခဲ့သည့်အတိုင်း ထိုမျက်နှာပြင်ပေါ်တွင် ဖြတ်ပြေးလိုက်တော့သည်။
ဤစမ်းသပ်ပွဲထဲတွင်မူ မတူညီသည့် အရာတစ်ခု ဖြစ်သွားလေသည်။ ဧရာမ ပန်းပဲသမားကြီးက ပိုင်ရှောင်ချန်းကို သတိထားမိလိုက်သောအခါ ယခင်အခေါက်က ဖြစ်ပွားခဲ့သည်များကို ပြန်အမှတ်ရသွားသဖြင့် သူ့မျက်နှာမှာ ဒေါသကြောင့် တင်းမာနေကာ ရှုံ့မဲ့သွားသည်။
သူက အော်ဟစ်လိုက်ရင်း သူ၏လက်ကြီးကိုသုံးကာ ပိုင်ရှောင်ချန်းကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
ထိုလက်ကြီး ကျဆင်းလာသောအခါ ပိုင်ရှောင်ချန်း၏ သတ်ဖြတ်လိုစိတ်များမှာ ထိပ်ဆုံးသို့ ရောက်ရှိသွားတော့သည်။ သူက လက်ကြီးကို ရှောင်တိမ်းမနေတော့ပဲ ထာဝရအသက်ရှည်နည်းသိုင်းပညာရပ်ကို သုံးလိုက်သည်။ သူ၏ ဘယ်ဘက်ခြေထောက်ထဲရှိ ထာဝရအရွတ်အကြောများ၏ အပြင်အားကို အသုံးချလိုက်သည်။ ထို့နောက် ပန်းပဲသမားကြီး၏လက်က သူ့ကို မဖမ်းမိခင်မှာပင် သူက ကန်ကျောက်လိုက်လေရာ ကျယ်လောင်သော ထစ်ချုန်းသံကြီးများ ပေါ်ထွက်လာတော့သည်။ ထိုကန်ကျောက်မှု၏ အားကြောင့် သူ၏ပါးစပ်ထဲမှ သွေးများပင် ပန်းထွက်လာသော်လည်း သူက ထိုအားကို အသုံးချကာ အရှိန်တင်လိုက်ပြီး အမြန်ဆုံးနည်းဖြင့် ထွက်ပေါက်ဆီသို့ ရောက်သွားတော့သည်။
လက်ကြီးမှာမူ ရောက်သည့်နေရာတွင် ရပ်သွားကာ ကန်ကျောက်မှုခံလိုက်ရသည့် နေရာရှိ သွေးကြောများမှာ ပိတ်ဆို့ခံလိုက်ရတော့သည်။ လက်ကြီးမှာ ထိုနေရာတွင် ခေတ္တမျှ မလှုပ်မယှက် ရပ်နေရာ ပန်းပဲသမားကြီးမှာ ဒေါသတကြီး အော်ဟစ်နေတော့သည်။ ထို့နောက်သူက ဖြေးညင်းစွာ လက်သီးဆုပ်လိုက်သဖြင့် သွေးကြောများစွာ ပေါက်ထွက်သွားပြီးနောက် ပြန်လည်လှုပ်ရှားနိုင်သွားတော့သည်။
သို့သော် ထိုအချိန်ခဏလေးတွင် ပိုင်ရှောင်ချန်းသည် ထွက်ပေါက်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာမျှပင် ထပ်မကုန်လိုက်ပေ။
ယခုအခါ သူသည် စတုတ္ထမြောက် စမ်းသပ်ပွဲထဲသို့ ရောက်နေပြီဖြစ်သည်။
အစိမ်းရောင် စမ်းသပ်ပွဲသည် လျှပ်စီးတံတားဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းက လျှပ်စီးများကို ကြောက်ရွံ့မနေပဲ ချက်ချင်းပင် အံ့သြဖွယ်အမြန်နှုန်းဖြင့် ရှေ့သို့ပြေးသွားလိုက်သည်။ လျှပ်စီးများကို သူ့ကိုပစ်ခတ်နေပါသော်လည်း သူက အရှိန်မလျော့သွားပေ။ လျှပ်စီးများက သူ့ကိုမည်မျှပင် လွှမ်းခြုံသွားစေကာမူ သူ၏အမြန်နှုန်းမှာ အနည်းငယ်လေးပင် မကျပေ။အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ မကုန်ခင်မှာပင် သူသည် စမ်းသပ်ပွဲ၏ အဆုံးသို့ ရောက်သွားပြီဖြစ်သည်။
သူက ထွက်ပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသောအခါ ကြည့်ရှုနေကြသူများမှာ ကြက်သေသေနေကြပြီး တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
” သူက အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာလောက်ပဲ ကြာတဲ့အချိန်အတွင်းမှာ ပထမစမ်းသပ်ပွဲလေးခုကို ကျော်ဖြတ်သွားတာပါလား။ ဘုရားရေ… ”
” အရင်တစ်ခေါက်တုံးက သူဘယ်လောက်များ အလျှော့ပေးထားတာတုံး။ ဒီအမြန်နှုန်းကြီးက မယုံနိုင်စရာပဲ။ ”
” ကုန်းစွန်းဝမ်အာ ထက်ကို သူက ဒီစမ်းသပ်ပွဲတွေကို အနိုင်ပိုင်းနေတော့တာပဲ။ တော်တော် ရူးသွပ်စရာကောင်းလှပါလား။”
” သူက အခု စိမ်းပြာရောင် စမ်းသပ်ပွဲထဲကို ရောက်သွားပြီ။ အရင်တစ်ခေါက်တုံးက သူဒီမှာ ရပ်သွားခဲ့တာ… ”
ပိုင်ရှောင်ချန်းက တစ်ခုခု ထူးဆန်းနေကြောင်း လူတိုင်း သတိထားမိသွားသော်လည်း အထူးအထွေ တွေးတောမနေကြချေ။ စိမ်းပြာရောင် စမ်းသပ်ပွဲထဲတွင် သူ မည်သို့ ပြုမူဆောင်ရွက်မည်ကိုသာ သူတို့ သိချင်နေကြသည်။
ဤ စိမ်းပြာရောင် စမ်းသပ်ပွဲသည် အမုန်း ဝိညာဥ်များနှင့် အဆုံးမဲ့သော ကမ္ဗည်းတိုင်များ၏ ကမ္ဘာဖြစ်သည်။ ထိုစမ်းသပ်ပွဲထဲ ပိုင်ရှောင်ချန်း ပေါ်လာသည်နှင့် စိမ်းပြာရောင် မီးခိုးများ ထွက်လာပြီး မရေမတွက်နိုင်သော ကြောက်မက်ဖွယ် ဝိညာဥ်များစွာ ပေါ်ထွက်လာကြတော့သည်။ သူတို့သည် ပိုင်ရှောင်ချန်းကို စိုက်ကြည့်ရင်း ကောင်းကင်ကိုတုန်ခါစေကာ မြေပြင်ကို အက်ကွဲစေနိုင်သည့် အသံများဖြင့် အော်ဟစ်လိုက်ကြတော့သည်။