Switch Mode

အခန်း (၅၆၆)

ရွေ့လျားသွားသော ကြယ်များ

” အကောင်ကြီးတစ်ကောင်ကောင် ဟုတ်လား ” ကျောက်ယမုန့်မှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်နှာအမူအရာ အနည်းငယ်ခန့်ပြောင်းသွား၏။ သူမသည် ဉာဏ်ရည်ထက်မြက်သည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အခြေအနေတစ်ခုအား လေ့လာသုံးသပ်ရာ၌ ကျွမ်းကျင်သလို ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်မဟုတ်ပါလော။ ထို့အပြင် သူမသည် ကျင့်ကြံခြင်းအပိုင်းနှင့် မန္တန်အစီအရင် ပညာရပ်အပိုင်းတွင်လည်း အလွန်အင်မတန်မှ ပါရမီပါပေသည်။ ထို့ကြောင့် အကယ်၍ ဝမ်ပေါင်လဲ့သာ ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါက သူမ၏ ဉာဏ်ပညာထက်မြက်မှုနှင့်သာဆိုလျှင် သူမသည် ထိပ်ဆုံးဆယ်ယောက်ထဲ၌ ပါနိုင်ခြေ ရှိပေသည်။

ထို့ကြောင့်လည်း သူမသည် ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ သူဆိုလိုချင်သည့် အဓိပ္ပါယ်အား ချက်ချင်းနားလည်သွား၏။ သူမသည် သူပြောချင်သည့် စကားများကို ခန့်မှန်းမိနေပြီ ဖြစ်သည်။ ခုန်းတောက်မှာ သူမထက် အနည်းငယ်ခန့် နောက်ကျသွားပါသော်လည်း သားရဲတစ်ကောင်ကဲ့သို့သော သူ၏ အာရုံခံနိုင်စွမ်းများကြောင့် သူသည်လည်း အကြမ်းဖျင်းခန့် ခန့်မှန်းမိသွား၏။

” ပေါင်လဲ့ မင်းပြောချင်တာက … ” ခုန်းတောက်မှာ ထိုသို့ဆိုလိုက်ပြီးနောက် စကားအဆုံးထိမပြောဘဲ နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် မျက်လုံးများမှေးသွားပြီး ဝမ်ပေါင်လဲ့အား ကြည့်နေရာမှ ပါရမီရှင်ငါးယောက်အား ‌ကိုယ်စားပြုနေသည့် ကောင်းကင်မြေပုံထဲရှိ ကြယ်ငါးလုံးအား မော့ကြည့်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး တွက်ချက်မှုအချို့ ပြုလုပ်လိုက်၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ ရုတ်တရက် ဆိုလိုက်တော့သည် ” ငါ့နောက်ကနေလိုက်ခဲ့။ သူ့ကို သင်ခန်းစာ သွားပေးကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် မျက်လုံးများ အရောင်လက်သွားပြီး တောင်ထိပ်ပေါ်မှနေ၍ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လေပေါ်သို့ ခုန်တက်သွားလိုက်၏။ ထို့နောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး သူသည် ‌အဝေးသို့ ပျံထွက်သွားတော့သည်။

ကျောက်ယမုန့်နှင့် ခုန်းတောက်တို့သည် သူတို့နှစ်ယောက်၏ ခန့်မှန်းချက်များမှာ မှန်ကန်နေသည်ဖြစ်ကြောင်း သိလိုက်ရသည်တိုင်အောင် ရင်ခုန်နှုန်းများ မြန်ဆန်လာရဆဲပင်။ သို့သော် သူတို့မှာ တွေ့ဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့၏နောက်သို့ ချက်ချင်းပင်ပြေးလိုက်သွားကြ၏။ တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် စတင်ရန် နှစ်နာရီပင် မလိုတော့ပေ။ ကမ္ဘာကြီးတစ်ခုလုံးမှာ အတော်အသင့် တိတ်ဆိတ်ငြိမ်သက်နေသည်ဟု သတ်မှတ်နိုင်ပေသည်။ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကြောင့် ငြိမ်သက်နေသည့် ရေကန်ထဲသို့ ကျောက်စရစ်ခဲတစ်ခဲ ပြုတ်ကျသွားသည့်အလား မြေပုံပေါ်၌ တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာသဖြင့် လူတိုင်းမှာ သတိထားမိသွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ချောင်းမြောင်းနေကြမည့် ပြိုင်ပွဲဝင်များကို ဂရုစိုက်နေခြင်းမရှိပေ။ သူသည် အံ့ဩ မှင်တက်ဖွယ် အမြန်နှုန်းမျိုးဖြင့် ရှေ့သို့ ပြေးလွှားနေ၏။ သူ၏ အမြန်နှုန်းမှာ တဖြည်းဖြည်းနှင့်ပို၍ မြန်ဆန်လာနေပြီဖြစ်သည်။ သူ၏ နှလုံးသားထဲတွင်မူ မီးတောက်တစ်ခု တောက်လောက်နေသကဲ့သို့ပင်။ ၎င်းမှာ ဒေါသမီးတောက်များ မဟုတ်ဘဲ တိုက်ခိုက်လိုစိတ်များသာ ဖြစ်ပေသည်။

သူ ပြောနေသည့် ” အကောင်ကြီး ” ဆိုသောအရာမှာ …. ကျယ်ပြန့်တာအိုနန်းတော်၏ တပည့်ရင်းငါးယောက်ထဲမှ တစ်ယောက်ဖြစ်ပေသည်။

သူတို့ငါး‌ယောက်သာလျှင် ဤ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ စုစုပေါင်း သော့အချောင်းရေ နှစ်ရာနီးပါး ပိုင်ဆိုင်ထားကြသည်မဟုတ်ပါလော။ ထို့ကြောင့် ထိုငါးယောက်ထဲမှ မည့်သူ့ကိုမဆို အနိုင်တိုက်နိုင်ပါက မိမိ၏ သော့ချောင်းအရေအတွက်အား ပိုများလာအောင် လုပ်နိုင်မည်ဖြစ်သလို လူအများစု၏ အာရုံစိုက်ခြင်းကိုလည်း ခံလိုက်ရမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လူအများက သူ့အား ထိုကဲ့သို့ အာရုံစိုက်လာကြမည်ကို ဂရုစိုက်နေခြင်း မရှိပေ။ အကယ်၍ သူ၏ပြိုင်ဘက်သာ ထို ငါးယောက်ထဲမှ တစ်ယောက်ယောက်ဖြစ်နေပါက သူသည် သူတို့အား တစ်ယောက်ချင်းစီ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည့်တိုင်အောင် ထိုငါးယောက်မှာ အခြားပြိုင်ဘက်များနှင့် တူမည်မဟုတ်ကြောင်း သူက နားလည်ထား၏။ အကယ်၍ သူတို့မှာ သူတို့၏ သော့များကို ဆုံးရှုံးလိုက်ရပြီး မြေပုံပေါ်မှပျောက်သွားပါက သူ့အား နောက်ပိုင်းတွင် ပြန်၍ ခြုံခိုတိုက်ခိုက်နိုင်စွမ်းရှိသည်ဖြစ်ရာ အလွန်အင်မတန်မှ အန္တရာယ်များသောလူများ ဖြစ်သွားကြမည်ဖြစ်သည်။

ထို့ကြောင့် သူ့တွင် သူတို့၏ ခြေလက်များအား ချိုးပစ်ရမည့် နည်းလမ်းတစ်ခုတည်းသာ ရှိတော့ပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သာမန်ဂိုဏ်းသားများအား သတ်ဖြတ်ခဲ့သည့် အကြောင်းအရင်းကို ရှင်းပြနိုင်မည် ဖြစ်ပါသော်လည်း တပည့်ရင်းတစ်ယောက်၏ ခြေလက်များအား ချိုးမိသွားပါက ဖုန့်ချိုးရန်ပင်လျှင် သူ၏ ဆရာဆီမှ ထွက်ပေါ်လာမည့် သတ်ဖြတ်လိုစိတ်များကို ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ပေ။

” အဲတာမလို့ ချိန်သားကိုက် လှုပ်ရှားနိုင်ဖို့ အရမ်းကိုရေးကြီးတယ် ” ဝမ်ပေါင်လဲ့မှာ ရှေ့သို့ပြေးလွှားနေရင်း မပွင့်တပွင့် ပြုံးလိုက်၏။ သူသည် မကြာသေးမီတုန်းက ဤပြဿနာကြီး၏ အကြောင်းကို စဉ်းစားတွေးတောနေခဲ့သည်ဖြစ်ရာ ယခုတွင် အဖြေရှာတွေ့သွားပြီဖြစ်သည်။ ယခုတွင် သူသည် တည်နေရာဖြစ်စဉ်ကြီး ပေါ်ပေါက်လာမည်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

အတိအကျ ဆိုရမည်ဆိုလျှင် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်ကြီးမစခင် နာရီဝက်သာလိုတော့မည့် အချိန်သို့ ရောက်သွားရန် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။

နာရီဝက်ဆိုသည့်အချိန်မှာ ရှည်ကြာလွန်းနေခြင်း မရှိသလို တိုတောင်းလွန်းနေခြင်းလည်း မရှိပေ။ ၎င်းမှာ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုအတွက် လုံလောက်သော အချိန်အတိုင်းအတာတစ်ခု ဖြစ်သည်။ ထို့အပြင် ထို နာရီဝက်အတွင်းတွင် လူများမှာ အသိစိတ်ပျောက်လုမတတ် ရူးသွပ်သွားနိုင်ပေသည်။ အထူးသဖြင့် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဥ် မစခင်နာရီဝက်အလိုတွင်ဆိုပါက ပို၍ပင် ဆိုးပေသည်။ မြေပုံပေါ်မှ ပျောက်နေကြသည် ကျင့်ကြံသူတိုင်းမှာ ထိုနာရီဝက်အတွင်းတွင် အရူးမီးဝိုင်း ဖြစ်နေလောက်မည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော သူတို့မှာ ထိုအချိန်တိုလေးအတွင်း သော့တစ်ချောင်းအား ရှာဖွေနိုင်စွမ်းမရှိပါက ပြိုင်ပွဲထဲမှ ထုတ်ပယ်ခံလိုက်ရမည် မဟုတ်ပါလော။

အလားတူပင် တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဥ် မတိုင်ခင် နာရီဝက်အတွင်းတွင် သော့များ ပိုင်ဆိုင်ထားသည့် လူတိုင်းမှာ သတိကြီးကြီး ထားနေရမည်ဖြစ်သည်။ နောက်ဆုံးအချိန်ရောက်မှ မိမိတို့ဆီတွင် ရှိနေသည့် သော့များ လုယူခံလိုက်ရသဖြင့် ပြိုင်ပွဲထဲမှ ထွက်သွားရမည့် အဖြစ်မျိုးနှင့် မည်သူကမှ ကြုံချင်ကြမည်မဟုတ်ပေ။ သူတို့မှာ ထိုအချိန်ရောက်မှ ပြိုင်ပွဲထဲမှ မထွက်ရအောင် ကြိုးစားလျှင်တောင် အချိန်မီတော့မည်မဟုတ်ပေ။

ထို့ကြောင့် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဥ် မစခင် နာရီဝက်အတွင်းတွင် သော့မရှိတော့သည့် လူများမှာ အခြားသူများအား သွေးရူးသွေးတန်းနှင့် လိုက်လံတိုက်ခိုက်နေကြမည်ဖြစ်ကြောင်း သာမန်လူတစ်ယောက်ပင် ခန့်မှန်းမိနိုင်ပေသည်။ အခြားတစ်ဖက်တွင်မူ သော့ရှိနေသည့် လူများမှာ စဉ်းစားဆင်ခြင်ဉာဏ် ရှိနေသရွေ့ ထိုအတောတွင်း၌ မည်သည့်တိုက်ပွဲထဲတွင်မှ ဝင်ပါမည်မဟုတ်သလို အခြားသူများ၏ သော့များကိုလည်း လိုက်လံလုယူနေကြမည်မဟုတ်ပေ။ သူတို့မှာ တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ်ကြီး ပြီးဆုံးသွားသည့်အချိန်ကို အရင်စောင့်ဆိုင်းပြီးမှ တိုက်ခိုက်ကြမည်သာဖြစ်သည်။

တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ် မတိုင်ခင် တိုက်ခိုက်ပါက အနိုင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အလွန်အင်မတန်မှ အန္တရာယ်များကာ အလျော်အစားအကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် ရှုံးနိမ့်သွားမည်ဆိုပါက ပြိုင်ပွဲထဲမှထွက်ရမည်ဖြစ်ပြီး အနိုင်ရရှိသွားလျှင်တောင် မြေပုံပေါ်မှ ပျောက်သွားသည့် ပြိုင်ပွဲဝင်များ သူတို့အား သွေးရူးသွေးတန်းနှင့် လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုသို့တိုက်ခိုက်ရာမှ ရရှိနိုင်သည့် အကျိုးအမြတ်များမှာ ကြုံတွေ့ရနိုင်သော အန္တရာယ်များနှင့် ချိန်ဆကြည့်လိုက်ပါက လုံးဝမတန်ပေ။

တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ်နှင့် ကြုံတွေ့ရတော့မည့်အချိန်တွင် မိမိဆီတွင် သော့တစ်ချောင်းရှိနေသည့် လူတစ်ယောက်နှင့် သော့တစ်ချောင်းမှ မရှိတော့သည့် လူတစ်ယောက်၏ စိတ်ခံစားမှု အခြေအနေများမှာ တူညီကြမည်မဟုတ်ပေ။ ထို့ကြောင့် ဤ အရည်အချင်းစမ်းသပ်ပွဲထဲရှိ ပြိုင်ပွဲဝင်များဖြစ်စေ၊ ပွဲကြည့်ပရိသတ်များဖြစ်စေ၊ တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ် မစခင် အချိန်အတောအတွင်း အခြားသူများအား လိုက်လံတိုက်ခိုက်ရန် ဆန္ဒပြင်းပြနေကြမည့် လူများမှာ မြေပုံပေါ်မှပျောက်သွားသော ပြိုင်ပွဲဝင်များသာ ဖြစ်နေလိမ့်မည်ဟု မှတ်ယူထားကြ၏။

ပြည်ထောင်စုကြီးထဲတွင် ” ရူးသွပ်မှ အောင်မြင်နိုင်မည်” ဆိုသည့် ရှေးဆိုရိုးစကားတစ်ခုရှိသည်။ ထို ဆိုရိုးစကားမှာ ပါရမီရှင်အချို့အတွက် အတိုင်းအတာတစ်ခုအထိ မှန်ကန်ပေသည်။ ဥပမာပြရလျှင် ဝမ်ပေါင်လဲ့မှာ ထိုဆိုရိုးစကားအတိုင်း ကျင့်ကြံနေခြင်းဖြစ်သည်။

သူသည် ယခုအချိန်သို့ ရောက်လာရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။ သူ၏ တွေးခေါ်ပုံများမှာ လူအများနှင့် မတူပေ။ သူသည် မကြာမီ ရောက်ရှိလာတော့မည့် တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ်ကြီးအား အခွင့်ကောင်းယူကာ သူ့အတွက် အန္တရာယ်ဖြစ်လာနိုင်မည့် ပြိုင်ပွဲဝင်တစ်ယောက်အား နှိမ်နင်းတော့မည်ဖြစ်သည်။

သူသည် အခြေ‌အနေတစ်ခုလုံးအား စဉ်းစားသုံးသပ် ကြည့်လိုက်ပြီးနောက် သူနှင့် အနီးဆုံးတွင်ရှိနေသော တပည့်ရင်းအား သူ၏ ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်၏။ သူသည် ထိုတပည့်ရင်းမှာ မည်သူမည်ဝါဖြစ်နေမှန်း မသိသလို သိစရာလည်းမလိုပေ။ သူ ရင်ဆိုင်ရမည့်လူမှာ မည်သူဖြစ်ဖြစ်၊ မည်သည့်အဖွဲ့အစည်းမှဖြစ်ဖြစ် သူသည် တိုက်ခိုက်လိုက်မည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ကောင်းကင်ကြီးအား ထိုးခွင်းကာ သူ၏ပစ်မှတ်ဆီသို့ ဦးတည်သွားနေစဉ် ကောင်းကင်ယံထဲရှိ တခြားတစ်နေရာတွင်လည်း ဝမ်ပေါင်လဲ့နှင့် အကြံတူနေသည့် တပည့်ရင်းတစ်ယောက် ရှိနေ၏။

ထိုတပည့်ရင်းမှာ ဒူဂူလင်းပင်ဖြစ်သည်။

သူသည် သူနှင့် အတော်အသင့်ကွာဝေးသည့်နေရာတွင် ရှိနေသော ဝမ်ပေါင်လဲ့၏ သော့တွဲကြီး အရှိန်အဟုန်ဖြင့် ရွေ့လျားနေသည်ကို ကောင်းကင်မြေပုံထဲ၌ လှမ်းမြင်လိုက်ရ၏။ သူသည် ထိုပုဂ္ဂိုလ်မှာ မည်သူမည်ဝါဖြစ်ကြောင်း မသိပါသော်လည်း ထိုသော့တွဲကြီးအား သတိထားမိလိုက်သည်နှင့် တစ်ပြိုင်နက် ထိုပုဂ္ဂိုလ်၏ အကြံအစည်များကို ချက်ချင်းပင်ရိပ်မိသွားတော့သည်။

” စိတ်ဝင်စားစရာပဲ။ ဘယ်သူများ ဖြစ်နေမလဲ။ ကျိုးချူတောက် များလား။ ဘယ်သူဘဲဖြစ်ဖြစ်ပါ။ ဒီလိုအချိန်မျိုးမှာ တိုက်စစ်ဆင်နေတာကိုကြည့်ရင် သူက သာမန်လူတစ်ယောက်တော့ မဟုတ်နိုင်ဘူး ” ဒူဂူလင်းမှာ မျက်လုံးများမှေးကာ ရေရွတ်လိုက်၏။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် သူသည် ကောင်းကင်မြေပုံပေါ်၌ ပါရမီရှင်ငါးယောက်၏ သော့တွဲများအပြင် နောက်ထပ်သော့တွဲတစ်တွဲကိုပါ မြင်ခဲ့ရသည့်အတွက် အံ့အားသင့်နေခဲ့ရ၏။ သူသည် သူအပါအဝင် ပြိုင်ပွဲဝင် ငါးယောက်သာလျှင် ထိုကဲ့သို့ စွမ်းဆောင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။

” သူ နောက်ဆုံးအချိန်အထိရှိနေရင် ကောင်းမယ်။ ကိုယ့်ရဲ့အစွမ်းအစတွေကို ဒီလောက်အထိ လျှို့ဝှက်ထားနိုင်တဲ့လူက ဘယ်သူလဲဆိုတာကို ငါ သိချင်တယ် ” ဒူဂူလင်းမှာ ထိုသို့တွေးကာ မပွင့်တပွင့် ပြုံးလိုက်၏။ ထို့နောက် သူသည် ကောင်းကင်ပေါ်သို့ ခုန်တက်သွားလိုက်ပြီး ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်ကာ သူနှင့် အနီးဆုံးတွင်ရှိနေသော တပည့်ရင်းတစ်ယောက်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

သူနှင့် ဝမ်ပေါင်လဲ့ ရှိနေသည့် နေရာနှစ်ခုမှာ အလွန်အင်မတန်မှ ဝေးကွာလွန်းနေသောကြောင့် သူတို့မှာ သူတို့၏ ပြိုင်ဘက်များအဖြစ် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ရွေးချယ်ခဲ့ကြခြင်းမရှိဘဲ သူတို့၏အနီးဆုံးတွင် ရှိနေသော တပည့်ရင်းများကိုသာ ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ဒူဂူလင်းမှာ အရှိန်မြှင့်တင်လိုက်သောအခါ လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ကောင်းကင်မြေပုံကြီးအား ထိုးခွင်းသွား၏။ သူနှင့် ဝမ်ပေါင်လဲ့တို့ နှစ်ယောက်စလုံးမှာ သူတို့၏ အကြံအစည်များကို လျှို့ဝှက်ထားခြင်းမရှိပေ။ သူတို့၏ လှုပ်ရှားမှုများကြောင့် အရည်အချင်းစမ်းသပ်ပွဲထဲမှ ပြိုင်ပွဲဝင်များမှာ အံ့ဩတုန်လှုပ်သွားရသလို အပြင်ဘက်တွင်ရှိနေကြသော ဂိုဏ်းသားများမှာလည်း ဆွံ့အမှင်တက်သွားကြ၏။

သူတို့မှာ တည်ငြိမ်အေးချမ်းနေသည့်ကောင်းကင်မြေပုံပေါ်တွင် ကြယ်နှစ်စင်းမှာ ရုတ်တရက်ဆိုသလို လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ၎င်းတို့၏ အနီးဆုံးတွင်ရှိနေသော ကြယ်များဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ရွေ့လျားသွားသည်ကို မြင်နေရပြီ ဖြစ်သည်။

” ဝမ်ပေါင်လဲ့နဲ့ ဒူဂူလင်းပဲ။ ဘုရားရေ။ သူတို့က တိုက်စစ်ဆင်နေကြတာပါလား ”

” ဝမ်ပေါင်လဲ့ရဲ့ ပစ်မှတ်က …. ကျိုးချူတောက်ပဲ ”

” ဒူဂူလင်းရဲ့ ပစ်မှတ်က… ရှုမင်ပဲ ”

ပြည်သူ့ရင်ပြင်ထဲတွင် ရှိနေကြသော ဂိုဏ်းသားများမှာ အံ့သြတုန်လှုပ်နေကြရပြီ ဖြစ်သည်။ သူတို့မှာ တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ် မပြီးဆုံးခင်အထိ ငြိမ်သက်နေပြီး ထိုဖြစ်စဉ်ကြီး ပြီးဆုံးသွားသောအခါမှ တိုက်ပွဲများပြန်စလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည် မဟုတ်ပါလော။ ထို့ကြောင့် ယခုလို ကျိုးကြောင်းဆီလျော်မှုမရှိဆုံးဟု သတ်မှတ်နိုင်သည့် အခိုက်အတန့်မျိုးတွင် ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့မှာ တိုက်စစ်ဆင်လိုက်ကြလိမ့်မည်ဟု သူတို့က လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

မည်သူကမှ ယခုလို ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းမရှိပေ။ သို့သော် အနည်းငယ်ခန့် စဉ်းစားတွေးတောကြည့်လိုက်ပါက သူတို့၏ လုပ်ရပ်များမှာ ကျိုးကြောင်းဆီလျော်မှုရှိနေသည်ကို သိနိုင်ပေသည်။ သို့သော်ငြားလည်း ဂိုဏ်းသားအများစုမှာ အံ့ဩတုန်လှုပ်သွားကြရဆဲပင်။ ယွမ်ယင်အဆင့် ကျင့်ကြံသူအချို့ပင်လျှင် မျက်လုံးများ အရောင်တောက်လာကြပြီဖြစ်သည်။ ဖုန့်ချိုးရန်၊ မြဲ့လျဲ့ကျိနှင့် ယိုရန်တို့မှာလည်း အရည်အချင်းစမ်းသပ်ပွဲအပေါ် ပို၍အာရုံစိုက်လာကြတော့သည်။

ယခုလိုအချိန်မျိုးတွင် ထိုကဲ့သို့ တိုက်စစ်ဆင်နိုင်ရန် ကျင့်ကြံခြင်းအဆင့် မြင့်မားနေရန်သာမက ရဲစွမ်းသတ္တိနှင့် ပြည့်စုံနေရန်လည်း လိုအပ်ပေသည်။

ပြည်ထောင်စုပျိုးပင်များမှာမူ စိတ်အလှုပ်ရှားဆုံး ဖြစ်နေကြသလို အစိုးရိမ်ဆုံးလည်းဖြစ်နေကြ၏။ ဝမ်ပေါင်လဲ့မှာ တစ်ချိန်လုံး သူတို့အား စိတ်ခံစားမှုအမျိုးမျိုး ပေးစွမ်းနေသည် မဟုတ်ပါလော။ လက်ရှိတွင် သူတို့ထဲမှအချို့မှာ စိုးရိမ်နေကြပြီး အခြားသူများမှာမူ စိတ်ဓာတ်များတက်ကြွနေကြပြီဖြစ်သည်။

ထိုကဲ့သို့ ပွဲကြည့်ပရိသတ် ထောင်သောင်းများစွာ ကြည့်ရှုနေကြစဉ် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ယံထဲ၌ ပျံသန်းနေဆဲပင်။ သူသည် ထိုသို့ ပျံသန်းနေရင်း ဒူဂူလင်းသည်လည်း သူ့အတိုင်း လှုပ်ရှားနေသည်ကို သတိထားမိလိုက်၏။ သို့သော် ဒူဂူလင်းနှင့် မတူညီသည့်အချက်မှာမူ ဝမ်ပေါင်လဲ့မှာ ထိုပြိုင်ပွဲဝင် လှုပ်ရှားလိုက်သည်ကို သတိထားမိလိုက်သည်နှင့် တစ်ပြိုင်နက် ဒူဂူလင်း၏ ပုံရိပ်မှာ သူ၏ အတွေးထဲ၌ ချက်ချင်းပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ ထိုသို့ဖြစ်နေရခြင်းမှာ သူ၏ ဝမ်းတွင်းအသိစိတ်များနှင့် သူ၏ လေ့လာသုံးသပ်ချက်များကြောင့် ဖြစ်ပေသည်။

” သူပဲ ဖြစ်ရမယ် ”

ဝမ်ပေါင်လဲ့မှာ ကောင်းကင်မြေပုံကြီးအား ကြည့်နေရာမှ မျက်လွှာပြန်ချကာ အရှိန်လျှော့လိုက်၏။ ခုန်းတောက်နှင့် ကျောက်ယမုန့်တို့ သူ့အား လိုက်မီသွားသည့် အချိန်တွင်မှ သူသည် အရှိန်ပြန်တင်လိုက်သည်။ သူတို့မှာ ကြယ်ပျံများကဲ့သို့ ညကောင်းကင်ယံထဲတွင် ပျံသန်းနေရင်း ကျိုးချူတောက် ရှိနေသည့်နေရာသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာတော့သည်။

ထိုသို့ဖြင့် အချိန်များ လျင်မြန်စွာကုန်ဆုံးသွား၏။ တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ် မစခင် နာရီဝက်သာ လိုတော့သည်ဖြစ်သည်။ ကောင်းကင်မြေပုံပေါ်တွင် ဒူဂူလင်း၏ ကြယ်မှာ သူ၏ပစ်မှတ်အနီးသို့ ရောက်ရှိလာပြီးနောက် သူသည် ချက်ချင်းပင် တိုက်ခိုက်လိုက်၏။ ဝမ်ပေါင်လဲ့မှာ အသံတစ်သံမှ မကြားရသည့်တိုင်အောင် ထိုတိုက်ပွဲကြီးမှာ ပြင်းထန်နေလိမ့်မည်ဖြစ်ကြောင်း သိထား၏။

” ကဲ။ အခု ငါ့အလှည့်ပဲ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ ထိုအချိန်တွင် သူ၏ တိုက်ခိုက်လိုစိတ် အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။ သူသည် ခပ်လှမ်းလှမ်းမှနေ၍ သူ၏ရှေ့တွင်ရှိနေသော တောင်ထိပ်တစ်ခုကို လှမ်းမြင်နေရပြီဖြစ်သည်။ ထိုတောင်ထိပ်ပေါ်တွင်မူ ကျိုးချူတောက်မှာ လယ်သမားအိုတစ်ယောက်၏ ရှုံ့မဲ့မဲ့ဖြစ်နေသော မျက်နှာအမူအရာဖြင့် သူ့အား မျက်နှာချင်းဆိုင်၍ ထိုင်နေ၏။

ကျိုးချူတောက်မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏ ခပ်အောအော စကားသံကြီးမှာ လေထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

” မင်း ဘာလို့ အခုလို လုပ်နေရတာလဲ… ငါ ထင်ထားတဲ့အတိုင်း မင်းဖြစ်နေတာကိုး “

Comment

  1. Soe Moe Family says:

    👍👍👍

Leave a Reply

Options

not work with dark mode
Reset