Switch Mode

အခန်း (၅၆၅)

ဒါ ဒဏ္ဍာရီလာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာပဲ

ပ်ြိုင်ပွဲစစချင်းတွင် ကျယ်ပြန့်တာအိုနန်းတော်မှ မည်သူကမှ ဝမ်ပေါင်လဲ့နှင့် သူ၏အဖွဲ့အား အာရုံစိုက်နေခဲ့ခြင်းမရှိပေ။ သူတို့မှာ အခြားပုံရိပ်များကို ကြည့်ရင်း သူတို့အား ဖျတ်ခနဲ မြင်ခဲ့ရသည့် အဆင့်တွင်သာ ရှိကြပေသည်။

ထို့ကြောင့် ပရိတ်သတ်များမှာလည်း ကောင်းကင်မြေပုံကြီးအား မြင်နေကြသည်တိုင်အောင် သူတို့၏ သော့ချောင်းအရေအတွက် သုံးချောင်းမှ ခြောက်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည့်လူမှာ များများစားစားမရှိပေ။ ပြည်သူ့ရင်ပြင်ကြီး၏ အစွန်းအဖျားပိုင်းတွင် စုဝေးနေကြသော ပြည်ထောင်စုပျိုးပင်များသာလျှင် ဝမ်ပေါင်လဲ့၏ အဖွဲ့အား ပြသနေသည့် ပုံရိပ်များကို မျက်ခြည်မပြတ်တမ်း စောင့်ကြည့်နေကြ၏။

သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် ပြေးထွက်သွားကာ၊ ချက်ချင်းပင်တိုက်ခိုက်လိုက်ပြီး ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားသုံးယောက်၏ ခြေထောက်များကိုချိုး‌၍ သူ၏ သော့ချောင်းအရေအတွက်အား နှစ်ဆပွားအောင်လုပ်ခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ၏။ သူတို့မှာ ထိုမြင်ကွင်းကြောင့် စိတ်ဓာတ်များ တက်ကြွသွားရသည်တိုင်အောင် အုတ်အော်သောင်းနင်းဖြစ်နေကြခြင်းမရှိပေ။ လီယီပင်လျှင် နှုတ်ဆိတ်နေခဲ့၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ အဖွဲ့ကြောင့် ဤ အရည်အချင်းစမ်းသပ်ပွဲ၏ အဓိကအချက်များကို နားလည်ထားကြပြီ ဖြစ်သည်။

ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့နှင့် လီပင်း၏အဖွဲ့ကြားမှ တိုက်ပွဲကြီးကိုလည်း မြင်ခဲ့ရသေးသည်။ ထို့ကြောင့် သူတို့မှာ ကြောက်မက်ဖွယ်ရာ သွေးရောင် စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများနှင့် ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ၏။ ထိုမြင်ကွင်းကြောင့် သူတို့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး စိတ်လှုပ်တရှား ဖြစ်လာကြတော့သည်။ ထို့ကြောင့် ဘေးနားတစ်ဝိုက်ရှိ ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားများမှာ သူတို့အား သတိထားမိသွားကြ၏။

ထိုကဲ့သို့ တစ်ခုခုထူးဆန်းနေကြောင်း သတိထားမိလိုက်သည့် ဂိုဏ်းသားများ သူတို့ဘက်သို့ လှမ်းကြည့်လိုက်ကြချိန်တွင် ဝမ်ပေါင်လဲ့၏ သတ်ဖြတ်မှုများမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော် ကောင်းကင်မြေပုံထဲတွင်မူ ဝမ်ပေါင်လဲ့အဖွဲ့၏ သော့ချောင်းအရေအတွက်မှာ ခြောက်ချောင်းမှ ဆယ့်သုံးချောင်းအထိ ခုန်တက်သွား၏။ ထိုမြင်ကွင်းအား သတိထားမိလိုက်သည့် လူပေါင်းများစွာမှာ ပင့်သက်ရှိုက်မိသွားတော့သည်။

” ပြည်ထောင်စုကြီးကလာတဲ့ ပြိုင်ပွဲဝင်တွေရဲ့ သော့အရေအတွက်က…. တိုးသွားပြီဟ ”

” ဟင်… ဆယ့်သုံးချောင်းတောင်ပါလား။ ငါ အမြင်တွေများ မှားနေတာလား။ သတိတောင် မထားမိလိုက်ဘူး။ သူတို့က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်သော့တွေအများကြီးကို ဘယ်သူမှ မသိအောင် စုဆောင်းနိုင်ခဲ့ရတာလဲ ”

” တစ်ခုခုတော့ လွဲနေပြီ ”

ထို ပင့်သက်ရှိုက်သံများကြောင့် အခြားလူများမှာလည်း သတိထားမိသွားကြ၏။ ခဏအကြာတွင် ဝမ်ပေါင်လဲ့၏အဖွဲ့အား ပြသနေသည့် ပုံရိပ်များကိုကြည့်ရှုနေကြသော ပြည်သူ့ရင်ပြင်ထဲမှ ဂိုဏ်းသားများ၏ အရေအတွက်မှ တဖြည်းဖြည်းနှင့် များများလာကြတော့သည်။ သူတို့အားလုံးမှာ ထို သော့ဆယ့်သုံးချောင်းကြောင့် မှင်တက်သွားရ၏။ လက်ရှိတွင် ထို အရည်အချင်းစမ်းသပ်ပွဲထဲ၌ သော့အရေအတွက် အများဆုံးပိုင်ဆိုင်ထားသည့်လူမှာ ‌ဒူဂူလင်းဖြစ်ပေသည်။ သူ့ဆီတွင် သော့အချောင်းလေးဆယ်ကျော် ရှိနေ၏။

ဒုတိယမြောက် အများဆုံးမှာ ကျိုးချူတောက်နှင့် အခြား ပါရမီရှင်များ ဖြစ်ကြပေသည်။ သူတို့မှာ တစ်ယောက်လျှင် သော့အချောင်းရေ နှစ်ဒါဇင်ခန့် ပိုင်ဆိုင်ထားကြသဖြင့် မြေပုံပေါ်တွင် ထင်းခနဲ မြင်နေရ၏။ ဝမ်ပေါင်လဲ့၏ အဖွဲ့မှာမူ ဆဋ္ဌမနေရာ၌ ရှိနေသည်။

ထိုကဲ့သို့ ရှုပ်ထွေးပွေလီနေသည့် အခြေအနေမျိုးတွင် သော့ချောင်းအမြောက်အမြား ပိုင်ဆိုင်ထားခြင်းမှာ အမြော်အမြင်မရှိသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း အများစုက မှတ်ယူထား၏။ ထိုသို့ အမြောက်အမြား ပိုင်ဆိုင်ထားမည်ဆိုပါက လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရမည်မဟုတ်ပါလော။ ထို့ကြောင့် ထိုဂိုဏ်းသားများမှာ အံ့ဩတုန်လှုပ်နေကြသည့်တိုင်အောင် အများစုမှာ စိတ်ထဲတွင်မူ ခေါင်းတယမ်းယမ်း ဖြစ်နေကြ၏။ ပြည်ထောင်စုကြီးအား အထင်သေးသည့် လူများစွာမှာမူ ပေါ်ပေါ်ထင်ထင် လှောင်ပြောင်ရယ်မောနေကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ မည်သူကမှ ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများကို မမြင်လိုက်ရသောကြောင့်ဖြစ်ပေသည်။ မြဲ့လျဲ့ကျိပင်လျှင် သတိမထားမိခဲ့ပေ။ ကောင်းကင်ယံထဲတွင် ပုံရိပ်ပေါင်း ခြောက်ရာတိတိ ရှိနေသည်ဖြစ်ရာ ၎င်းတို့အားလုံးအား တစ်ပြိုင်နက်တည်း လိုက်လံကြည့်ရှုနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ထို့အပြင် သော့များ ဆုံးရှုံးလိုက်ရသည့် လူများမှာ မြေပုံပေါ်မှ ပျောက်သွားကြ၏။ ထို့နောက် သူတို့မှာ နေရာတစ်ခုခု၌ ပုန်းကွယ်နေကြပြီး တစ်လက်မလေးပင် နေရာမ‌ရွှေ့တော့ဘဲ မလှုပ်မယှက် ငြိမ်သက်နေကြသည်သာ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့အား အာရုံစိုက်လာကြသည့် လူအရေအတွက်မှာ တဖြည်းဖြည်းနှင့် များများလာပြီဖြစ်ရာ ထိုကိစ္စကြီးအား အကြာကြီး ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပေ။ သူတို့မှာ သူတို့၏ အဖွဲ့အစည်းမှလူများ သူတို့၏ သော့ချောင်းများအား မည်သို့မည်ဖုံ ဆုံးရှုံးလိုက်ရသည်ကို သိချင်နေကြ၏။ ထို့ကြောင့် ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့၏ စွမ်းအားများကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့သည်။ သူ တိုက်ခိုက်လိုက်ချိန်တွင် ကျင့်ကြံသူလေးယောက် အပြင်းအထန်ဒဏ်ရာရသွားကြပြီး သူတို့၏ သော့များအား ဆုံးရှုံးလိုက်ရသည်ကို ပွဲကြည့်ပရိသတ်များက မြင်လိုက်ရ၏။ ထိုသို့ဖြင့် သူတို့၏ သော့ချောင်း အရေအတွက်မှာ ဆယ့်ခုနစ်ချောင်းအထိ ဖြစ်သွားတော့သည်။ ပွဲကြည့်ပရိသတ်ပေါင်းများစွာမှာ ထိုမြင်ကွင်းများကို မြင်လိုက်ရသောကြောင့် ခဏအကြာတွင် ပထမအကြိမ်တုန်းကထက်ပင် ပို၍ကျယ်လောင်သည့် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာတော့သည်။

” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က သူ့ရဲ့ စွမ်းအားအစစ်အမှန်တွေကို လျှိုထားတာပဲ ”

” သူ့နဲ့ ကျင့်ကြံခြင်းအဆင့် အတူတူမှာရှိတဲ့ အလယ်အလတ် အမြုတေအဆင့် ကျင့်ကြံသူလေးယောက်ကို သူက သုံးစက္ကန့်တည်းနဲ့ ချေမှုန်းဖြစ်တာဟ ”

ပရိတ်သတ်များမှာ ဆူညံပွက်လောရိုက်နေကြပြီဖြစ်ရာ ဖုန့်ချိုးရန်၊ မြဲ့လျဲ့ကျိနှင့် အခြား ယွမ်ယင်အဆင့်ကျင့်ကြံသူများမှာလည်း ဝမ်ပေါင်လဲ့၏ ပုံရိပ်ထဲရှိ ထူးဆန်းထွေလာဖြစ်ရပ်များကို သတိထားမိသွားကြတော့သည်။ ထိုအခါ သူတို့အားလုံးမှာ အံ့အားသင့်သွားရပြီး အထူးသဖြင့် ဖုန့်ချိုးရန်မှာဆိုလျှင် ဆွံ့မှင်တက်သွားကာ ပုံရိပ်တစ်ခုအား မျက်လုံးပြူးကြီးများဖြင့် ငေးကြည့်နေမိတော့သည်။ ထိုပုံရိပ်ထဲတွင် ဝမ်ပေါင်လဲ့နှင့် သူ၏အဖွဲ့မှာ ရှေ့သို့ပြေးလွှားနေကြ၏။

” ဝမ်ပေါင်လဲ့ပါလား။ စိတ်ဝင်စားစရာပဲ ” မြဲ့လျဲ့ကျိမှာ ရုတ်တရက် ရေရွတ်လိုက်၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်အားမြှောက်၍ လက်ညှိုးထိုးလိုက်သောအခါ ဖုန့်ချိုးရန်၏ အဖွဲ့အစည်းထဲမှ ဂိုဏ်းသားများအား ပြသနေသည့် ပုံရိပ်ပေါင်းမြောက်များစွာထဲမှ ဝမ်ပေါင်လဲ့၏အဖွဲ့အား ပြသနေသည့် ပုံရိပ်ကြီးမှာ အရွယ်အစားကြီးမားသွားပြီး ဝဲကြီးတစ်ခုလုံး၏ တစ်ဝက်တိတိအား နေရာယူသွားတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏အဖွဲ့ အရည်အချင်းစမ်းသပ်ပွဲထဲသို့ စတင်ရောက်ရှိခဲ့သည့်အချိန်မှစ၍ ယခုအထိ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများအားလုံးကို အစမှ ပြန်ပြလိုက်တော့သည်။

လူတိုင်းမှာ ထို ပုံရိပ်ကြီးအား စိုက်ကြည့်နေကြ၏။ ထိုအခါ သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် ကျင့်ကြံသူသုံးယောက်အား တိုက်ခိုက်ခဲ့ပြီး သူတို့၏ ခြေထောက်များကို ချိုးပစ်ခဲ့သည့် မြင်ကွင်းနှင့် လီပင်းနှင့် တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများကို ပြန်မြင်လိုက်ရတော့သည်။

သူတို့မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ဆန့်ထွက်နေသော သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများနှင့် သူ၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့သည်။ ထို့ကြောင့် ပွဲကြည့်ပရိသတ်များမှာ ချက်ချင်းဆိုသလိုပင် အံ့ဩတုန်လှုပ်သွားကြပြီး အမျက်ချောင်းချောင်းထွက်သွားကြ၏။ အများစုမှာဆိုလျှင် မတ်တတ်များထလာကြပြီး အော်ဟစ်နေကြပြီဖြစ်သည်။

” အဲတာ ဘာ ကျင့်ကြံခြင်းပညာရပ်ကြီးလဲဟ ”

” သူက သူ့ကို သတ်ပစ်တာပဲ… ”

” ပြည်ထောင်စုကြီးကလာတဲ့ ကျင့်ကြံသူတစ်ယောက်က ငါတို့ ကျယ်ပြန့်တာအိုနန်းတော်ထဲက ဂိုဏ်းသားတစ်ယောက်ကို သတ်ရဲလောက်အောင် အတင့်ရဲနေပါလား ”

ထိုကျင့်ကြံသူများ အော်ဟစ်နေကြစဉ် ပြည်ထောင်စုပျိုးပင်များမှာမူ လက်သီးများဆုပ်ကာ စိတ်ထဲတွင်သာကျိတ်၌ အမျက်ချောင်းချောင်း ထွက်နေကြတော့သည်။ သို့သော် သူတို့မှာ မည်သည့်အကူအညီမှ ပေးနိုင်မည်မဟုတ်ပေ။ ယွမ်ယင်အဆင့် ကျင့်ကြံသူအချို့ပင်လျှင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော အေးစက်စက်မျက်ဝန်းများဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြပြီဖြစ်သည်။ အချို့မှာဆိုလျှင် စကားတစ်ခွန်းခွန်း ပြောချင်သည့် အမူအရာဖြင့် မြဲ့လျဲ့ကျိနှင့် အခြားအကြီးအကဲကြီးနှစ်ယောက်အား လှမ်း၍ကြည့်လိုက်ကြသည်။ သို့သော် သူတို့သည် ထိုအကြီးအကဲကြီးများမှာလည်း မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲနေကြသည်ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ခဏအကြာတွင် နှုတ်ဆိတ်သွားတော့သည်။ ဖုန့်ချိုးရန်မှာမူ မတ်တတ်ထလာပြီး အသက်ရှူနှုန်းများ မြန်ဆန်လာရ၏။ သူမ၏ မျက်ဝန်းများမှာလည်း ဝင်းလက်တောက်ပနေပြီ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် စကားပြောရန် ပြင်နေကြသည် ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာ တွေဝေတုံ့ဆိုင်းသွားရတော့သည်။ ထို့နောက် သူတို့မှာ စကားတစ်ခွန်းမှမပြောတော့ဘဲ သတိဝီရီယအပြည့်ဖြင့် စောင့်ကြည့်နေရန်သာ ဆုံးဖြတ်လိုက်ကြ၏။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော ဂိုဏ်းသားများမှာလည်း အကြီးအကဲများ၏ မျက်နှာအမူအရာများကို သတိထားမိသွားကြသည်။ မြဲ့လျဲ့ကျိမှာ အနည်းငယ်ခန့် အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း ခံစားချက်မျိုးစုံ ရောယှက်နေသည်ကို မြင်နိုင်ပေသည်။ ထို့နောက် သူသည် လေသံတိုးတိုးဖြင့် ဆိုလိုက်၏ ” ဒါ… ဒဏ္ဍာရီလာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာမလား ”

” ငါတို့ရဲ့ မှတ်တမ်းတွေထဲမှာ ဖော်ပြထားတဲ့ပုံစံနဲ့ နည်းနည်းလေး ကွဲပြားနေပေမဲ့ အဲဒီပညာရပ်က ငါတို့ ကျယ်ပြန့်တာအိုနန်းတော် အဆုံးမဲ့ပညာရပ်မျက်လုံးထဲမှာ သိမ်းထားခဲ့တဲ့ အထွတ်အထိပ် အ‌မွေအနှစ် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာဆိုတာ သေချာတယ် ” ဖုန့်ချိုးရန်မှာ တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ပြန်ဖြေလိုက်၏။ သူမသည် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ဗြောင်းဆန်နေသည့် ပုံပင်။

ဝမ်ပေါင်လဲ့တစ်ယောက် ယခုလို ရုတ်တရက်ကြီး အစွမ်းထက်လာရသည့် အကြောင်းအရင်းမှာ ထိုအမွေအနှစ်ကြောင့် ဖြစ်ရမည်ဟု သူမက ယုံကြည်ထား၏။

သူ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ပတ်သတ်၍မူ… မြဲ့လျဲ့ကျိမှ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ထိုကိစ္စနှင့်ပတ်သက်၍ စကားတစ်ခွန်းမှ မဟရန် ဆုံးဖြတ်လိုက်၏။ အမွေအနှစ်နယ်မြေ၏ အသိအမှတ်ပြုခြင်းကို ခံရပြီး အမွေအနှစ်တစ်ခုအား လက်ခံရရှိခဲ့သည့်လူမှာ ပင်မဂိုဏ်းသားတစ်ယောက်အဆင့်သို့ ရောက်သွားပြီဖြစ်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရကြောင်း သူက နားလည်ထား၏။ သူတို၏ ဂိုဏ်းမှာ ပြိုကွဲသွားခဲ့ပြီမဟုတ်ပါလော။ ထိုသို့သာမဟုတ်ဘဲ ထုံးတမ်းအစဉ်အလာဟောင်းများအတိုင်း ဆောင်ရွက်မည်ဆိုပါက တာအိုကျောက်ပြားပေါ်တွင် မိမိ၏နာမည်ကို ရေးထိုးပြီးသော ဂိုဏ်းသားတစ်ယောက်မှာ အ‌မွေအနှစ်နယ်မြေထဲမှ ပြန်ထွက်လာပြီးလျှင် ပင်မဂိုဏ်းသားအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ထိုရာထူးမှာ သူတို့၏ ရာထူးဖြစ်သည့် အတွင်းစည်းဂိုဏ်းသားအဆင့်ထက် ပို၍ ကြီးမြတ်ပေသည်။

မြဲ့လျဲ့ကျိမှာ ပြည်ထောင်စုကြီးအား ရန်ပြုလိုပါသော်လည်း ကျယ်ပြန့်တာအိုနန်းတော်အပေါ် ထားရှိသည့် သူ၏ သစ္စာစောင့်သိမှုမှာ ထာဝရတည်မြဲနေမြည်သာဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား မနှစ်မြို့သည့်တိုင်အောင် ပါးစပ်ပိတ်ကာ သူ့အား သေသေချာချာ အကဲခတ်နေမိတော့သည်။ သူသည် အမွေအနှစ်နယ်မြေထဲ၌ အမွေအနှစ်တစ်ခု လက်ခံရရှိခဲ့သော လူတစ်ယောက်၏ ထူးချွန်ထက်မြက်မှုများကို သိချင်နေ၏။

ယိုရန်မှာလည်း နှုတ်ဆိတ်နေ၏။ သူသည် မျက်လုံးများ မှေးသွားပြီးနောက် အေးစက်စွာ တောက်ပသွားပါသော်လည်း မည်သူကမှ သတိမထားမိလိုက်ပေ။ သူ၏ မျက်ဝန်းများထဲမှ အေးစက်စက် အငွေ့အသက်များမှာ ချက်ချင်းပင် ပြန်ပျောက်သွား၏။ သို့သော် သူသည် တည်ကြည်မှုအပြည့်နှင့် အပြုံးမပျက်ရှိနေဆဲပင်။

အကြီးအကဲကြီးသုံးယောက်မှာ ထို သတ်ဖြတ်မှုများအကြောင်း တစ်ခွန်းမှ မဟသည်ကို မြင်လိုက်ရသဖြင့် ဘေးနားတစ်ဝိုက်ရှိ ယွမ်ယင်အဆင့်ကျင့်ကြံသူများနဲ့ အခြားဂိုဏ်းသားများမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှုတ်ဆိတ်သွားကြတော့သည်။ ပြည်ထောင်စုပျိုးပင်များမှာမူ တစ်ခဏမျှ ဆွံ့အမှင်တက်နေခဲ့ပြီးနောက် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာကြ၏။

ထိုသို့ဖြင့် ပြည်သူ့ရင်ပြင်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး ပွဲကြည့်ပရိသတ်များအားလုံးမှာ တပည့်ရင်းငါးယောက်ကိုသာမက ဝမ်ပေါင်လဲ့အား ပြသနေသည့် ပုံရိပ်ကြီးကိုပါ အကဲခတ်စောင့်ကြည့်နေကြတော့သည်။

ထိုသို့ဖြင့် အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး တစ်ရက်တိတိ ကုန်ဆုံးသွား၏။ နှစ်နာရီအတွင်းတွင် ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ကောင်းကင်မြေပုံထဲတွင်မူ တပည့်ရင်းငါးယောက်မှာ ထောင့်တစ်ထောင့်စီ၌ နေရာယူထားကြ၏။ မြေပုံပေါ်တွင် သော့အချောင်းရေပေါင်း မြောက်မြားစွာမှာ တလက်လက် တောက်ပနေကြသဖြင့် ၎င်းမှာ ကြယ်တာရာများ လင်းလက်တောက်ပနေသည့် ညကောင်းကင်ယံကြီးကဲ့သို့ ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ သော့အချောင်းနှစ်ဆယ်တိတိ စုဆောင်းပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် မြေပုံပေါ်တွင် သူ၏ သော့တွဲကြီးမှာလည်း ထောင့်တစ်ထောင့်၌ ဝင်းလက်တောက်ပနေ၏။ ပွဲကြည့်ပရိသတ်များ၏အမြင်တွင် သူသည် မြေပုံပေါ်ရှိ ဆဋ္ဌမမြောက်ကြယ်ကြီးကဲ့သို့ ဖြစ်နေတော့သည်။

အရည်အချင်းစမ်းသပ်ပွဲ ကျင်းပနေသည့် ကမ္ဘာကြီးမှာ တဖြည်းဖြည်းနှင့် တိတ်ဆိတ်ငြိမ်သက်လာ၏။ မြေပုံပေါ်တွင် နေရာရာအနှံ့ ပြန့်ကျဲနေကြသည့် သော့ပေါင်းမြောက်မြားစွာ ရှိနေကြသေးသည့်တိုင်အောင် ၎င်းတို့မှာ ယခင်တုန်းကလောက် ပျောက်သွားလိုက် ပြန်ပေါ်လာလိုက် ဖြစ်မနေကြတော့ပေ။ ထို့ကြောင့် မုန်တိုင်းမတိုက်ခင် တိတ်ဆိတ်ငြိမ်သက်နေသည့် အခိုက်အတန့်ကဲ့သို့ပင်။ ထို တိတ်ဆိတ်ငြိမ်သက်မှု၏ နောက်ကွယ်တွင် မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့ကို ပြောင်းပြန်လှန်ပစ်နိုင်သည့် မုန်တိုင်းကြီးတစ်ခု ပုန်းကွယ်နေသည်ဟုပင် ထင်ရပေသည်။

ပွဲကြည့်ပရိသတ်များမှာလည်း အခြေအနေများမှာ တင်းမာနေပြီဖြစ်ကြောင်း အာရုံခံမိနေကြ၏။ လူတိုင်းမှာ ပုံရိပ်ကြီးများအား မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ ထိုမုန်တိုင်းကြီး စတင်တိုက်ခတ်လာတော့မည့် အချိန်ကို စောင့်ဆိုင်းနေကြတော့သည်။

အရည်အချင်းစမ်းသပ်ပွဲထဲတွင်မူ ဝမ်ပေါင်လဲ့မှာ တောင်ထိပ်တစ်ခုပေါ်၌ ရပ်နေ၏။ သူသည် ခေါင်းမော့ကာ အဓိပ္ပါယ်ပါသော မျက်ဝန်းများဖြင့် ကောင်းကင်မြေပုံကြီးအား စိုက်ကြည့်နေသည်။ သူ၏နောက်တွင်မူ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ ရှိနေကြသည်။ သူတို့မှာ အနည်းငယ်ခန့် ဒဏ်ရာရထားပါသော်လည်း ခုန်းတောက်၏ အမူအရာမှာ ပုံမှန်အတိုင်းရှိနေဆဲဖြစ်ပင်။ သို့သော် ကျောက်ယမုန့်၏ အကြည့်များမှာမူ လွန်ခဲ့သည့် ဆယ့်နှစ်နာရီတုန်းကထက် သိသိသာသာပို၍ စူးရှတောက်ပလာပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်မှာ အများဆုံး တိုက်ခိုက်ခဲ့ကြရသောကြောင့်ဖြစ်သည်။ သူတို့၏ ပစ်မှတ်များမှာ မြေပုံပေါ်မှပျောက်သွားကြပြီး သူတို့အား ချုံခိုတိုက်ခိုက်ရန် ချောင်းမြောင်းနေခဲ့ကြသည့် ပြိုင်ပွဲဝင်များ ဖြစ်ခဲ့၏။ သူတို့နှစ်ယောက် မယှဉ်နိုင်သည့် ပြိုင်ပွဲဝင်များနှင့် ကြုံတွေ့ရသောအခါမှသာ ဝမ်ပေါင်လဲ့မှာ ဝင်ရောက်ကူညီခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက သူတို့နှစ်ယောက်သာလျှင် ရန်သူများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြ၏။ ထို့ကြောင့်လည်း ယခုတွင် ခုန်းတောက်နှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးမှာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာရပြီဖြစ်သည်။

ယခုတွင် သူတို့နှစ်ယောက်စလုံးမှာ နှုတ်ဆိတ်နေကြသည်။ ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ နောက်ကျောအား စိုက်ကြည့်ရင်း အရည်အချင်းစမ်းသပ်ပွဲထဲ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် စဉ်းစားတွေးတောကြည့်လိုက်၏။ ထိုအခါ သူမ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပလာတော့သည်။ သူမသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူတို့နှစ်ယောက်အား ကျောပေးထားပြီး ညကောင်းကင်ကြီးအား စိုက်ကြည့်နေသော ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ဆိုလိုက်၏ ” ယမုန့်။ ခုန်းတောက်။ ငါတို့တွေ… အကောင်ကြီးတစ်ကောင်ကောင်ကို ချိန်ကြမလား “

Comment

Leave a Reply

Options

not work with dark mode
Reset