Switch Mode

အခန်း ( ၂၈ )

ညသန်းခေါင်ယံ ဖခင်ဖြစ်သူနှင့် တွေ့ဆုံခြင်း

ကောင်းကင်သည်ကြည်လင်နေပြီး လေပြေလေညင်းကလေးများတိုက်ခတ်ကာ နေရောင်နွေးနွေးများသည် ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားသည်။

ကောင်းကင်ခွင်းတောင်ထိပ်ရှိ ကျိုးနတ်ဝိဇ္ဇာကိုးပါး နေထိုင်ရာစံအိမ်တစ်အိမ်၌ …

ကျိုးဝူသည် ခါးကိုကိုင်းကာ ကိုယ့်ကိုယ်ကို ထိန်းလိုက်သည်။ ငါးပေသာရှိသည့် သူ၏ခန္ဓာကိုယ်သည် နတ်တန်ခိုးများ အားလျှော့စွာ စီးဆင်းနေသဖြင့် သူ့အဆောက်အဦရှေ့၌ပင် ဒယိမ်းဒယိုင်ဖြစ်သွားသည်။ သူသည် မောပန်းနွမ်းနယ်မှုကို မခံစားရသည်မှာ ကြာလေပြီ။

သူနှင့် ကျိုးရှစ်တို့ ချုံတောင်လေးမှ ပြန်လာခဲ့သည်မှာ သုံးရက်ရှိခဲ့ပေပြီ။ သူ၏ တာအိုလက်တွဲဖော်သည် အခန်းအောင်းကျင့်ကြံနေလေသည်။ ဆက်၍ကျင့်ကြံရမည်လော၊ ပိုင်ဖန်ခန်းမကို တစ်ပတ်ပတ်၍ လမ်းလျှောက်ရမည်လော သူ၏စိတ်ထဲမှနေ၍ တွေးလိုက်သည်။

ထိုစဉ် အရက်အိုးကြီးတစ်အိုးသည် ကောင်းကင်မှနေ၍ ဆင်းသက်လာ၏။

ကျိုးဝူသည် ချက်ချင်းပင် မတ်မတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်လိုက်သည်။ ပုံမှန်နေ့များမှာကဲ့သို့ ခပ်တည်တည်ပင်နေလိုက်၏။ သူသည် လည်ချောင်းရှင်းလိုက်ပြီး အော်ပြောလိုက်သည်။

“ ကျိုးအာရေ … ဆရာတူအစ်ကိုဆီ ခဏလောက်လာပါဦးကွ ”

“ ဆရာတူအစ်ကို… ညီမလည်း အစ်ကို့ကို လိုက်ရှာတော့မလို့ပဲ။ ဒီမှာ အစ်ကိုလိုချင်တာယူလာတယ်..ဝှား… ”

ကျိုးကျိုးသည် အရက်အိုးပေါ်မှ ခေါင်းပြူ၍ကြည့်လိုက်သည်။ ထို့နောက် ပါးစပ်အားလက်ဖြင့်အုပ်ကာ သမ်းဝေလိုက်သည်။ သူမ၏ခန္ဓာကိုယ်သည်လည်း နွမ်းနယ်နေကြောင်း ကျိုးဝူ သတိပြုမိလိုက်၏။

အရက်အိုးသည် ရှေ့နောက်ယိမ်းထိုးနေပြီး နောက်ဆုံးတွင် ကျိုးဝူ၏အဆောက်အဦရှေ့၌ ဆင်းသက်လိုက်သည်။

ကျိုးနတ်ဝိဇ္ဇာကိုးပါးလုံးသည် အလားအလာကောင်းများ ရှိကြသည်။ သူတို့သည် သူတို့မျိုးဆက်အတွင်းရှိ အတော်ဆုံးများထဲ ပါဝင်ကြသူများဖြစ်သည်။ ကျိုးကျိုးမှလွဲ၍ ကျန်သူများသည် ထူးခွျန်သောအရည်အချင်းကိုယ်စီ ရှိကြသည်။

ကျိုးရှစ်သည် ပစ္စည်းကိရိယာများ နှင့်ရတနာ သွန်းလုပ်ရာတွင် ဆရာတစ်ဆူဖြစ်ပြီး ကျိုးဝူသည် အရက်စိမ်ခြင်းနှင့် ဆေးဖော်ခြင်းများတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် ကျိုးဝူ၏အဆောက်အဦအတွင်းရှိ ကြမ်းပြင်ပေါ်တွင် အရက်စည်များ၊ ရတနာများပြုလုပ်ရန် ပစ္စည်းများနှင့် ဆေးပေါင်းဖိုများ ပြန့်ကျဲနေလေသည်။

ဤနေရာသည် ကျိုးကျိုး၏ မသပ်မရပ်နေတတ်သော အကျင့်အစပြုရာနေရာဖြစ်ကြောင်း အထူးပြောပြရန် လိုအပ်မည် မထင်ပေ။ တစ်ခုတည်းသောကွာခြားချက်မှာ ကျိုးကျိုးသည် ဆရာထက်တပည့်လက်စောင်းထက်ကာ ပို၍ ရှုပ်ရှုပ်ပွပွနေတတ်ခြင်းပင်။

ကျိုးကျိုးသည် ထပ်၍သမ်းဝေလိုက်သည်။ သူမသည် ကျိုးဝူ၏အိမ်အား ကိုယ့်အိမ်ကိုယ့်ရာကဲ့သို့ သဘောထား၍ ထိုင်ရန်မပြောသေးသော်လည်း စားပွဲဝိုင်းတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် လှောင်အိမ်လေးတစ်ခုကို ကျိုးဝူအား ပစ်ပေးလိုက်သည်။

“ ဆရာတူအစ်ကို … အဲဒါ အစ်ကိုလိုချင်နေတဲ့ ပင့်ကူလေးပဲ။ ဒီတစ်ခါ မသေစေနဲ့တော့နော်။ ကိုယ့်ထက်အငယ်တွေဆီက ဒီလိုတောင်းနေရတာ အစ်ကိုမရှက်ဘူးလား ”

“ အံမယ် ရှားရှားပါးပါး ဒီတစ်ခါတော့ သတိတရ တောင်းလာခဲ့တာပဲ ”

ကျိုးဝူပြန်ပြောလိုက်သည်။ သူသည် လှောင်အိမ်အားဖွင့်ကာ ဖုံးထားသည့် အဝတ်စအနက်လေးကိုကြည့်လိုက်ပြီး သူ၏မျက်နှာ ပြုံး၍သွားလေသည်။

အထဲတွင် တစ်ကောင်နှင့်တစ်ကောင်ခွဲထားသော ပင့်ကူအဖိုအမ တစ်စုံရှိ၏။ ၎င်းတို့သည် ကြီးမားသော ခေါင်းကြီးသုံးလုံးရှိ၍ မျက်စိများသည်လည်း ကြီးမားကြသည်။

ကျိုးကျိုးသည် နွမ်းနယ်နေဟန်ဖြင့် ထပ်၍သမ်းဝေလိုက်သည်။

“ ဆရာတူအစ်ကို တခြားကိစ္စမရှိတော့ရင် ညီမသွားတော့မယ် ”

“ ခဏလေး…အစ်ကို ပစ္စည်းတချို့ရှာလိုက်ဦးမယ် ”

ကျိုးဝူသည် အိမ်အတွင်းရှိ အေးစက်မှောင်မည်းသောနေရာတစ်နေရာသို့ သွားကာ လှောင်အိမ်ကို ချိတ်လိုက်သည်။ ထို့နောက် စာအုပ်စင်သို့သွား၍ ရှာလေသည်။

ကျိုးကျိုးသည် နုံးခွေစွာဖြင့် စားပွဲပေါ်မှောက်အိပ်လိုက်သည်။

“ ဆရာတူအစ်ကို ဘာလုပ်နေတာလဲ။ ညီမ အခုတော်တော်ပင်ပန်းနေတယ်။ တစ်ခုခုသောက်ပြီး ရက်နည်းနည်းလောက်အိပ်လိုက်မှရမယ် ”

‘ ပင်ပန်းတယ်…ဟုတ်လား…’

စာအုပ်စင်ပေါ်ရှာနေသော ကျိုးဝူသည် ရှာနေသည်ကိုခေတ္တရပ်ကာ လှည့်၍ ကျိုးကျိုးအား လေ့လာလိုက်သည်။ ထိုအခါမှသာ သူသည် သူ့ညီမလေး၏ ကျင့်ကြံခြင်းအဆင့်အား ကြည့်ရုံဖြင့် မသိနိုင်တော့ကြောင်း သတိထားမိသွားသည်။ သူမ၏ ခန္ဓာကိုယ်အခြေအနေသည် ပို၍ပင် နွမ်းနယ်နေပေသည်။ သို့သော် ဆေးဖော်ဆောင်အတွင်း တွေ့ခဲ့ရသော မြင်ကွင်းကို ပြန်၍အမှတ်ရသွားပြီး ရင်ထဲမှ ရုတ်ခြည်းပင် သက်ပြင်းချလိုက်၏။ ဖခင်တစ်ဦး၏ ဝမ်းနည်းမှုမျိုးကို သူ ခံစားလိုက်ရသည်။

‘ ရှိပါစေတော့လေ … မိန်းကလေးတစ်ယောက်အရွယ်ရောက်လာရင် အိမ်ထောင်ရက်သားပြုရမှာပါပဲ။ တာအိုလက်တွဲဖော်ဆိုတာ ငါတို့ဂိုဏ်းထဲ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ။ ငါ့ရဲ့ ညီမလေးကလည်း သူ့ကံတရားကို ဘယ်ရှောင်လွှဲလို့ရမလဲ… ’

‘ ဒီအလေ့အထက ဘယ်ကနေစလာတာလဲ ’

‘ အရင်မျိုးဆက်တွေက ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့ သူတွေကို ကြည့်ရမှာပဲ။ ငါတို့ တုနတ်ဝိဇ္ဇာဂိုဏ်းထဲက အကြီးအကဲဆယ်ယောက်ထဲမှာကို အတွဲလေးတွဲ ရှိနေတာ။ အငယ်တွေကလည်း အကြီးတွေကို အတုခိုးကြမှာပေါ့။ ဘယ်သူ့မှ အပြစ်ပြောလို့ မရပါဘူးလေ ’

ကျိုးကျိုးသည် စားပွဲပေါ်တွင် မှောက်နေရင်း ဂိုဏ်းတူ တူလေးတစ်ဦးနှင့်အတူ ဆေးဖော်ခဲ့သည့် အတွေ့အကြုံကိုပြန်တွေးကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

ထိုအရာသည် စိတ်ဝင်စားဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုဖြစ်ပြီး သူမ၏ ဂိုဏ်းတူ တူလေးသည် အတုမဲ့နတ်ဝိဇ္ဇာများကိုပင် အဆိပ်ခပ်နိုင်သည့် အဆိပ်ဆေးလုံးများအပါအဝင် အခြားအကျိုးရှိသည့်အရာများကို သူမအား ပေးသော်ငြား သူမသည် ဆေးဖော်ချိန်တချိန်လုံးတွင် အနားယူချိန်မရှိခဲ့ပေ။ သူမအတွက် ထိုအရာသည် တော်တော်လေး ပင်ပန်းစေသည်။

ကျိုးကျိုးသည် သူမ၏ ဘဝတွင် တစ်ခါမှ ဤမျှ မပင်ပန်းဖူးချေ။ သို့ဖြစ်၍ ကျိုးကျိုးက မပွင့်တပွင့် ရေရွတ်လိုက်သည်။

“ သူက အခုမှ ဗလာနတ္ထိအဆင့် ချာတိတ်လေးပဲ ရှိသေးတယ်။ ဒါတောင် ငါ့ကို ဒီလောက်အကြာကြီး နှိပ်စက်နိုင်တယ်။ ဟူး … တော်တော်ပင်ပန်းလိုက်တာ ”

ဒုတ် …

ကျိုးဝူ၏လက်အတွင်းရှိ ကျောက်စိမ်းပေလိပ်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ တာအိုရသေ့ဂျပုသည် လက်မြှောက်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ၏မျက်လုံးများတွင် မျက်ရည်များ ဝေ့တက်လာသည်။

‘ ကျိုးအာ တကယ်ကို … အရွယ်ရောက်လာပြီပဲ… ’

သူမ၏ ဖခင်ပမာ ဖြစ်နေခဲ့သော ဆရာတူအစ်ကိုငါးအနေဖြင့် သူမအား ကိုယ့်ကျင့်ကြံခြင်းလမ်းကိုယ်ဖောက်ရန် ခွင့်ပြုလိုက်ရပေတော့မည်။

ကျိုးဝူသည် ပြုတ်ကျသွားသော ကျောက်စိမ်းပေလိပ်အား ကောက်လိုက်ကာ ထိုပေါ်တွင် ထွင်းထားသည့်စာလုံးကြီးများကို ကြည့်လိုက်၏။

‘ မန္တန်အစီအရင်များ၏ အလုံးစုံနိယာမများ၊ အညတရဝမ်ချင်း ရေးသားပြုစုသည် ’

ကျိုးဝူသည် စာအုပ်စင်ထောင့်မှ နောက်ထပ်ကျောက်စိမ်းပေလိပ်နှစ် လိပ်အား ယူလိုက်ပြီး ကျိုးကျိုးဆီသို့ လျှောက်သွားလိုက်သည်။

“ ကျိုးအာ ဒါတွေကို အစ်ကို့အစား ဂိုဏ်းတူ တူလေးချန်ရှို့ကို ပေးပေးပါဦး ”

ကျိုးဝူသည် နတ်ဝိဇ္ဇာတန်ခိုးများအားသုံး၍ ကျောက်စိမ်းပေလိပ်များအား ကျိုးကျိုး၏အရှေ့သို့ပို့လိုက်ပြီး နွေးထွေးစွာပြောလိုက်သည်။

“ ဒါတွေက ဆရာကိုယ်တိုင်ပြုစုထားတဲ့ မန္တန်အစီအရင်တွေရဲ့ အကြောင်းပဲ။ ပြီးတော့ ဆရာတူအစ်မသုံးနဲ့ အစ်ကို ဒီနှစ်တွေမှာ လေ့လာထားတဲ့ မန္တန်အစီအရင်တွေအကြောင်းလဲပါတယ် ”

“ အာ… ”

ကျိုးကျိုးသည် ကျောက်စိမ်းပေလိပ်များအား ကောက်ယူလိုက်ပြီး သူမ၏ သိုလှောင်ဓမ္မအဆောင်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် နားမလည်နိုင်သည့်ဟန်ဖြင့်မေးလိုက်သည်။

“ ဆရာတူအစ်ကိုက ဘာလို့ ရုတ်တရက်ကြီး ရှို့ရှို့လေးအပေါ် ဂရုစိုက်သွားရတာတုန်း ”

‘ ရှို့ရှို့လေး … ရှို့ရှို့လေးတဲ့လား… အေးလေ ငါလည်း အမှတ်လေးအစ်မတော်နဲ့ ချစ်စကားဆိုတုန်းကလည်း ရှစ်ရှစ်လေးဆိုပြီး ချစ်စနိုးခေါ်ခဲ့တာပါပဲ … ’

ကျိုးဝူသည် ခေါင်းမော့ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ထို့နောက် သူသည် ကြင်နာနွေးထွေးစွာပြုံးလိုက်ပြီး ညင်ညင်သာသာ ပြောလိုက်၏။

“ အရင်တစ်ခေါက် မြောက်ကျွန်းမှာတွေ့တုန်းက သူက တော်တော်လေး စိတ်အားထက်သန်တဲ့ လူငယ်လေးတစ်ယောက်ဆိုတာ အစ်ကိုသိခဲ့တယ်လေ။ အဲ ဟုတ်သား…ညီမရဲ့ အမှတ်လေးအစ်မကမက ညီမအတွက် အဝတ်သစ်တွေ ချုပ်ပေးထားတယ် ”

ကျိုးဝူသည် အိတ်တစ်ခုကိုယူပြီး ကျိုးကျိုးအားပေးလိုက်သည်။

“ ဒီမှာ နံ့သာမှုန့်တွေနဲ့ လက်ဝတ်ရတနာနည်းနည်းလည်း ရှိတယ်။ လိုချင်ရင် ညီမရဲ့ အစ်မက ညီမအတွက် ပိုလုပ်ပေးလိမ့်မယ် ”

“ အဝတ်တွေဟုတ်လား… ဘာအဝတ်တွေတုန်း … ”

ကျိုးကျိုးသည် အိတ်အားကောက်ယူလိုက်ကာ နှိုက်လိုက်သည်။ ထို့နောက် အတွင်းမှနေ၍ ပါးလွှာသော အဝတ်များကို ထုတ်ကြည့်လိုက်သည်။ ရုတ်ခြည်းပင် သူမ၏ နဖူးကြောလေးများ ရှုံ့တွသွားသည်။

“ ဆရာတူအစ်ကို … ညီမဘယ်တုန်းက ဒါမျိုးတွေ ဝတ်ဖူးလို့လဲ ”

“ အဟမ်း… အစ်ကို့ကို ဝင်ရှုပ်တယ်လို့တော့ အပြစ်မတင်နဲ့နော်။ ညီမလေးက ပင်ကိုလှပြီးသားဆိုပေမယ့် တစ်ခါတလေလည်း လှလှပပလေး ဝတ်ရမှာပေါ့။ ဟုတ်တယ်…ပြီးတော့ ညီမနဲ့ ဂိုဏ်းတူ တူလေးချန်ရှို့တို့ကလည်း … အဲ… လွန်ခဲ့တဲ့နှစ်နှစ်တည်းက… စခဲ့ကြတာမလား ”

“ လွန်ခဲ့တဲ့နှစ်နှစ်ကစတယ် ဟုတ်လား … ဘာပြောတာလဲ ”

ကျိုးကျိုးသည် မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ကျိုးဝူကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်သည်။ ရုတ်ခြည်းပင် သူမသည် အဝတ်ပါးပါးများကို အိတ်အတွင်းသို့ ပြန်ထည့်လိုက်ပြီး ရယ်ရခက်ငိုရခက် မျက်နှာထားဖြင့် မေးလိုက်သည်။

“ ရှို့ရှို့လေးနဲ့ ညီမကို ကြိုက်နေတယ်လို့တော့ အစ်ကိုထင်နေတာမဟုတ်ပါဘူးနော် ”

ကျိုးဝူ တုန့်ဆိုင်းသွားသည်။

“ ကြိုက်နေတာ မဟုတ်ဘူးလား ”

“ ဟွန်း… ”

ကျိုးကျိုးသည် ရွံရှာဟန်မျက်နှာထား ဖြင့် ပြောလိုက်သည်။

“ ညီမကို ဘာထင်လို့လဲ။ ညီမက ဂိုဏ်းတူ တူလေးတွေကို ဆွဲစားမယ့် သူမျိုးလား။ ညီမက အဲဒီလို ငယ်ငယ်ရွယ်ရွယ်ကောင်လေးတွေကို မကြိုက်ပါဘူးနော်။ မနူးမနပ်လေးတွေ … ”

ကျိုးဝူသည် ကျိုးကျိုးအား မယုံနိုင်ဟန်ငေးကြည့်နေပြီး ထပ်မေးလိုက်သည်။

“ ဒါဆို ဒီနှစ်နှစ်အတွင်းမှာ ညီမလေးက ဘာလို့ ချုံတောင်လေးကို ခဏခဏသွားနေရတာလဲ ”

“ ညီမက သူ မန္တန်အစီအရင်ဆင်တာကို ကူညီပေးနေတာလေ ”

ကျိုးကျိုးသည် လက်ဟန်ခြေဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ ညီမကို အရက်သောက်ခွင့် သုံးနှစ်ပိတ်ထားတာလေ။ ဂိုဏ်းတူ တူလေးက အရက်အစားထိုး သောက်စရာကောင်းလေးတွေပေးနေတာ။ အဟီး… အဲဒါအတွက် ပြန်ပြီးတော့ မန္တန်အစီအရင်ဆင်တဲ့ နေရာမှာ ကူညီပေးရတာ ”

ကျိုးဝူ မျက်လုံးပြူးသွားသည်။

“ ညီမလေး…ဒါဆိုရင် ချုံတောင်လေးပေါ်မှာ မန္တန်အစီအရင်တွေ ဆင်ထားတာ ညီမလေးပေါ့ ”

“ ဟုတ်တယ်လေ။ ညီမလေးကိုယ်တိုင်လုပ်ထားတာပဲ ”

ကျိုးကျိုးသည် ဝံ့ကြွားစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ သို့သော် ချက်ချင်းပင်ပြန်၍ ရှင်းပြလိုက်သည်။

“ ညီမက မန္တန်အစီအရင်တွေကို စိတ်မဝင်စားဘူးဆိုတာ ဆရာတူအစ်ကိုလည်း သိသားပဲ။ ဘယ်နေရာ ဘာဆင်ဆိုတာက ချန်ရှို့ပြောပြတာပါ။ ပြီးတော့ ညီမက မန္တန်အစီအရင်ပုံပေါ်လာပြီဆိုရင် စိတ်တန်ခိုးစီးကြောင်းတွေကို ဖိနှိပ်ပေးရတာ။ ဒါပေမဲ့ အခုတော့ ညီမ ဘာမန္တန်အစီအရင်မှ ဆင်စရာ မလိုတော့ပါဘူး။ တစ်ခု မပေးဘဲ တစ်ခုယူလို့မရဘူး မဟုတ်လား။ ဒီတော့ ဒီရက်ပိုင်း သူဆေးဖော်တာကို ကူညီပေးနေတာ … ”

“ ဆရာတူအစ်ကို… ”

“ ဆရာတူအစ်ကို … ဘာဖြစ်လို့လဲ။ အစ်ကို့မျက်နှာထားကြီးကလဲ ထူးဆန်းလိုက်တာ ”

“ ဒီလိုကိုး… ”

ကျိုးဝူတစ်ယောက် သဘောပေါက်သွားချေပြီ။ သူသည် မတ်တတ်ရပ်ကာ အခန်းအတွင်း ေခါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။

“ အဲ့ ဆက်စပ်မန္တန်အစီအရင်တွေက နတ်ဝိဇ္ဇာအဆင့်မရောက်သေးတဲ့ လူတစ်ယောက်ဆင်ထားတာ မဟုတ်ဘူးပဲ။ ဘာလို့ သာမန် ဝင်္ကပါလေးတွေ ထောင်ချောက်မန္တန်အစီအရင်လေးတွေပဲ သုံးထားလဲဆိုတာ အံ့ဩစရာမရှိတော့ပါဘူး။ သူက သူ့ရဲ့ဦးနှောက်နဲ့ ညီမလေးရဲ့ တန်ခိုးကို ဒီလိုမျိုး အရာတစ်ခုဖန်တီးဖို့ အသုံးချသွားတာပဲ။ တော်လွန်းတယ်…တော်လွန်းပါပေတယ်… လီချန်ရှို့က ထိပ်တန်းအဆင့် အလားအလာ‌တော့ မရှိပေမဲ့ ဂိုဏ်းကိုရောက်ခဲ့တဲ့ နှစ်(၁၀၀)အတွင်း ဗလာနတ္ထိအဆင့်ကို ရောက်နိုင်တယ်ဆိုတော့ သာမန်ထက် မြင့်တာပဲ။ တစ်ယောက်ယောက်ကသာ သူ့ကိုသေချာပျိုးထောင်ပေးလိုက်ရင် နတ်ဝိဇ္ဇာအဖြစ်ကို လွယ်လွယ်တက်လှမ်းနိုင်မယ့် ကောင်လေးပဲ။ ကြိုးကြိုးစားစားသာ ရှိမယ်ဆိုရင် တစ်ခုခုဖြစ်ထွန်းလာမှာ သေချာတယ် ”

ဘေးရှိ ကျိုးကျိုးသည် သမ်းဝေကာ တိတ်တဆိတ်ထရပ်လိုက်သည်။ သူမသည် တံခါးဝသို့ အရိုးခြောက်တစ်ကောင်နှယ် လျှောက်သွားလိုက်သည်။

“ ဆရာတူအစ်ကို ညီမသွားနားတော့မယ်။ ဆေးဖော်ရတာ တော်တော်ပင်ပန်းတယ် ”

“ အာ..ဟိုဟာလေ…အစ်ကိုခုနက ညီမလေးကိုပေးလိုက်တဲ့ ကျောက်စိမ်းပေလိပ်သုံးလိပ်လေ… ”

ကျိုးဝူသည် ခပ်သွက်သွက်ပြောလိုက်သည်။

“ အဲဒါတွေ အစ်ကို့ကိုပဲ ပြန်ပေးတော့။ အဲဒါတွေက အစ်ကိုတို့ရဲ့ ဆက်ခံသူတွေကိုပဲ ပေးရမယ့်ဟာတွေ။ တခြားသူတွေကို လွယ်လွယ်ပေးပစ်လို့မရဘူး… ”

“ အဲဒါတွေက အစ်ကိုလေ့လာပြီးသား ဟာတွေပဲကို။ ဘာလို့ အဲ့လောက် ကပ်စေးနှဲရတာလဲ ”

ကျိုးကျိုးသည် မျက်လုံးပင့်လိုက်ပြီး ကျိုးဝူထံသို့ ကျောက်စိမ်းပုလင်းနှစ်ပုလင်းအား ပစ်ပေးလိုက်သည်။

“ ညီမပဲ ဆုံးဖြတ်ပေးလိုက်မယ်။ ရှို့ရှို့လေးဖော်ထားတဲ့ အဲ့အဆိပ်ဆေးလုံးတွေနဲ့ ဒီပေလိပ်တွေနဲ့ လဲလိုက်မယ်။ အဲဒါဆို အဆင်ပြေတယ်မလား ”

“ အဲဒါက အတုမဲ့နတ်ဝိဇ္ဇာတွေကိုတောင် ဒဏ်ရာရစေတဲ့ အဆိပ်ဆေးလုံးတွေ။ ပြီး‌တော့ ညီမရဲ့ အားထုတ်မှုလည်းပါတဲ့ ဆေးလုံးတွေနော် ”

“ အဲဒါတွေက ရိုးရိုးပေလိပ်တွေမဟုတ်ဘူးဟ။ အဆိပ်ဆေးလုံးနဲ့လဲမယ် ဟုတ်လား … ”

ကျိုးဝူသည် ပုလင်းများကိုဖမ်းကာ မျက်မှောင်ကြုတ်၍ လေ့လာကြည့်လိုက်သည်။

ကျိုးကျိုးသည် ကျိုးဝူ၏အိမ်အတွင်းမှထွက်ကာ သူမ၏အိမ်သို့ ပြန်သွားနေပြီဖြစ်သည်။ ထို့ပြင် သူမသည် သူမ၏အဆောက်အဦအပြင်ဘက်ရှိ မန္တန်အစီအရင်ကြီးကို နှိုးလိုက်၏။

ထိုစဥ် ကျိုးဝူမှာ ရယ်မောလိုက်လေသည်။

‘ ဆရာတူညီမလေးကိုးက သူ့ကို အဲ့ပေလိပ်တွေပေးလိုက်လည်း ကိစ္စတော့မရှိပါဘူး။ သူလည်း ငါတို့ဂိုဏ်းက တပည့်တစ်ယောက်ပဲ ”

ကျိုးဝူသည် သူ၏ခန္ဓာကိုယ်အား နတ်တန်ခိုးများနှင့် လွမ်းခြုံပြီးနောက် ဆေးပုလင်းနှစ်လုံးအား ခြေဆယ်လှမ်းအကွာအထိ ပို့လိုက်ပြီး အဝေးမှနေ၍ ဖွင့်ကြည့်လိုက်သည်။ ပုလင်းတစ်လုံးစီ၏ အထဲတွင် အနီ‌ရောင် ဆေးလုံး သုံးလုံးရှိနေပြီး ထိုဆေးလုံးများမှ အမွှေးနံ့သင်းသင်းရနေသည်။

“ ဒါတွေက အရိုး၊စိတ်ပုပ်သိုးဆေးလုံးနဲ့ ဝိညာဉ်ပြောင်းလဲဆေးလုံးတွေပဲ။ အရည်အသွေးလည်း မဆိုးဘူး။ အဆိပ်ဆေးလုံးတွေဆိုပေမယ့် နတ်ဆေးလုံးလောက်နီးနီး အရည်အသွေးကောင်းတာပဲ။ ဒါတွေကိုလည်း ကျိုးအာရဲ့ အစွမ်းတွေသုံးပြီး ဖော်ထားတာလား။ ဒီလီချန်ရှို့က တစ်ခုခုတော့တစ်ခုခုပဲ ”

ကျိုးဝူသည် ထပ်၍ရယ်လိုက်ပြန်သည်။ ထို့နောက်သူသည် ပုလင်းများအပေါ်ရှိ အခြားအရာတစ်ခုအား သတိပြုမိလိုက်၍ ပုလင်းများကို အနီးကပ်ယူကာ ကြည့်လိုက်သည်။

ပုလင်းများအပေါ်တွင် စာနှစ်ကြောင်းရေးထားလေသည်။ ပုလင်းနှစ်လုံးအား ဘေးချင်းယှဉ်ထားလိုက်ရာ ဝါကျတစ်ကြောင်းဖြစ်လာလေသည်။

တာအိုရသေ့ဂျပုသည် ပုလင်းများအား ထောင်ကြည့်ကာ ရေရွတ်လိုက်သည်။

“ အမတလမ်းစဉ်တွင် ငြိမ်းအေးမှုတချို့ရှာရန်ပင် ခက်ခဲပေရာ လောကီစည်းစိမ်များကို စွန့်လွှတ်၍ လူကြီးလူကောင်းတို့၏ သဘောတူညီမှုအား ပြုလုပ်ရပေမည် ”

ကျိုးဝူ၏နှုတ်ခမ်းများတွင် အပြုံးတစ်စလက်သွားသည်။

“ ဒီကောင်လေးက ငါနဲ့ရှစ်ရှစ်ကို သတိထားမိသွားတာပဲ။ အဲဒါကြောင့် တမင် မန္တန်အစီအရင်ကို ပိတ်လိုက်တာကိုး။ ဒီစာကြောင်းနဲ့ သူနဲ့ကျိုးအာကြားမှာ အလုပ်သဘောဆက်ဆံရေးပဲ ရှိတယ်ဆိုတာ ပြောလိုက်တာပဲ။ ငါတို့ကို စိတ်မပူဖို့ပြောတာပဲ ”

“ မဟုတ်သေးပါဘူး… ဒီဆေးပုလင်းတွေက ငါ့လက်ထဲ ဒါမှမဟုတ် ရှစ်ရှစ်ရဲ့ လက်ထဲကို ရောက်သွားမယ်ဆိုတာ သူ ဘယ်လိုလုပ်သိနိုင်မှာလဲ။ ကျိုးအာကတော့ ဒီပုလင်းပေါ်က စာတွေကို သတိထားမိမှာ မဟုတ်ဘူး။ သတိထားမိရင်တောင် ဂရုစိုက်မှာ မဟုတ်ဘူး။ ဒီသတင်းစကားက ငါတို့အတွက်ဆိုတာ သိသာတယ်။ ပြီးတော့ မကြာသေးခင်ကမှ ဓမ္မတန်ခိုးသုံးပြီး ရေးထားတာပဲ။ ရေးထားတဲ့စာမှာ တန်ခိုးအငွေ့အသက်နည်းနည်းကျန်နေသေးတယ် ”

“ သူက ငါ့ကို ချုံတောင်လေးက သာမန်မဟုတ်တဲ့အရာတွေကို ဘာမှမမြင်ခဲ့သလို ဟန်ဆောင်ခိုင်းနေတာများလား ”

တာအိုရသေ့ဂျပုသည် ပုလင်းများအား ဆုပ်ကိုင်ကာ လက်ကိုနောက်ပစ်ထားပြီး စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ သူသည် မေးစေ့အားပွတ်ကာ နက်နက်ရှိုင်းရှိုင်းတွေးတောနေသည်။

ကျိုးဝူသည် မြောက်ကျွန်းတွင် လီချန်ရှို့နှင့် ယုံချင်ရွှမ်းယာတို့၏ သဲလွန်စများကို တွေ့ခဲ့သောအချိန်အား ပြန်စဉ်းစားလိုက်သည်။ ထိုစဉ်ကလည်း သူတို့ပုန်းအောင်းနေသည့်နေရာမှ အချင်းလီ(၁၀၀)ပတ်လည်အတွင်း ထောင်ချောက်အများအပြားကို တွေ့ခဲ့ရလေသည်။

ကျိုးဝူသည် ခေါင်းမော့ကြည့်လိုက်ရာ အေးစက်စက်အမှောင်ထဲတွင် ချိတ်ထားသော သစ်သားလှောင်အိမ်အား တွေ့လိုက်သည်။

ထို မိစ္ဆာပင့်ကူများသည် မွေးမြူရန် အလွန်ခက်လေသည်။ သို့သော် ၎င်းတို့သည် ချုံတောင်လေးတွင် ဆက်လက် မျိုးပွားနေကြ၏။

လွန်ခဲ့သည့်ရက်ပိုင်းမှ သူ တွေ့ခဲ့ရသည့် ဆက်စပ်မန္တန်အစီအရင်များနှင့် အဆိပ်ဆေးလုံးများကို ပေါင်းစပ်စဥ်းစားတွေးတောလိုက်သောအခါဝယ် …

“ ‌ကောင်လေး မင်းက တကယ့်ကို ဖြုံစရာ ကောင်းတာပဲ။ မင်းက ထင်ထင်ရှားရှားမနေဘဲ သိုသိုသိပ်သိပ်နေတယ်။ မင်း မြောက်ကျွန်းကို မသွားခင်တုန်းက မင်းအကြောင်းသိတဲ့သူ သိပ်မရှိဘူး။ မျိုးဆက်သစ် ကျင့်ကြံသူအဆင့်မှာလည်း အောက်ပိုင်းမှာပဲ။ လူတွေ မင်းကို အာရုံစိုက်တာ မကြိုက်ဘဲ တိတ်ဆိတ်တဲ့နေရာမှာ အေးအေးဆေးဆေး ကျင့်ကြံချင်လို့လား။ ငါလည်း မင်းကို မနှောင့်ယှက်ချင်ပါဘူး။ ဒါပေမဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းက စောင့်ရှောက်သူတစ်ယောက်အနေနဲ့တော့ မင်းကို သတိထားစောင့်ကြည့်နေရမှာပဲ… ”

“ ဟင် … ငြိမ်းအေးမှုတချို့ … လူကြီးလူကောင်းတို့၏ သဘောတူညီမှု….ဒါက ညဘက် သန်းခေါင်ကြက်တွန်ခါနီးမှာ လာတွေ့ဖို့ ဖိတ်ခေါ်တာပဲ ”

ကျိုးဝူတစ်ယောက် ဇဝေဇဝါဖြစ်သွားကာ မျက်နှာပေါ်ရှိ အပြုံးများသည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

သန်းခေါင်ကြက်တွန်ခါနီးအချိန်တွင် ကျိုးဝူသည် တိမ်ဖြူတစ်အုပ်အား စီးကာ ချုံတောင်လေးသို့ သွားနေလေသည်။

ထိုအချိန်တွင် ဆေးဖော်ဆောင်ဝန်းကျင်ရှိ မန္တန်အစီအရင်များသည် ပိတ်၍ထားပြီး ဖြစ်လေသည်။ အရပ်ရှည်ရှည်လူတစ်ယောက်သည် ဆေးဖော်ဆောင်၏ တံခါးဝတွင် ရပ်နေလေသည်။ သူသည် လက်နှစ်ဘက်ဆုပ်ကာ ကျိုးဝူအား ဦးညွှတ်အရိုအသေပေးလိုက်သည်။

ကျိုးဝူသည် ပြုံးကာ ကောင်းကင်ပေါ်မှ ဆင်းလာလေသည်။ သူသည် ဆေးဖော်ဆောင်အပြင်ဘက်မှနေ၍ မူးယစ်မွှေးပျံ့သော ရနံ့တစ်ခုကို ရလိုက်လေသည်။

လီချန်ရှိုက သူ့အား နှုတ်ဆက်လိုက်သည်။

“ ဆရာဦးလေးကို တပည့် နှုတ်ခွန်းဆက်ပါတယ် ”

“ ‘လူကြီးလူကောင်းတို့၏ သဘောတူညီမှု’ နဲ့ ‘ငြိမ်းအေးမှု တချို့ ’ ဆိုတဲ့စကားလုံးကို သုံးသွားပုံလေး ကောင်းတယ် ”

ကျိုးဝူသည် ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။

“ ငါ မရောက်လာမှာကို မင်းမစိုးရိမ်ဘူးလား။ ပြီးတော့ ငါက မင်းကိုစစ်မေးဖို့ အပြစ်ပေးခန်းမကို ဆွဲခေါ်သွားရင်ရော မင်းဘယ်လိုလုပ်မလဲ ”

“ ဟုတ်ကဲ့… ”

လီချန်ရှို့သည် လက်နှစ်ဘက်ဆုပ်ထား၍ ဦးညွှတ်လျှက် ဆက်၍ နွေးထွေးစွာပြောလိုက်သည်။

“ ကျွန်တော်လည်း မသေချာပါဘူး။ ပြီးတော့ ဆရာဦးလေးကို မြောက်ကျွန်းမှာ တွေ့လိုက်ကတည်းက ကျွန်တော်စိုးရိမ်နေခဲ့ရတာ။ ဒါပေမဲ့ ဆရာဦးလေးက စိတ်ကောင်းရှိပြီး ဂုဏ်သိက္ခာမြင့်မားတဲ့ သူတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်။ ဂိုဏ်းထဲက တပည့်တစ်ယောက် အခက်ကြုံအောင် တမင်လုပ်မယ့်သူမျိုး မဟုတ်ပါဘူး ”

“ ပြီးတော့ ကျွန်တော်က အာရုံစိုက်ခံရတာတွေကိုလည်း မလိုချင်ဘူး။ တုနတ်ဝိဇ္ဇာဂိုဏ်းအပေါ်မှာတော့ လုံးဝ သစ္စာရှိပါတယ်။ ဂိုဏ်းသားတစ်ယောက်အနေနဲ့ ထမ်းဆောင်ရမယ့်တာဝန်တွေကိုလည်း သိပါတယ်။ ကိုယ်မှန်တယ်ထင်တဲ့အတိုင်း နည်းလမ်းတကျနေထိုင်နေတာမလို့ စစ်မေးခံရတာကို မကြောက်ပါဘူးခင်ဗျာ ”

“ ဆရာဦးလေး…အထဲဝင်ပြီး အနားယူပါဦး ”

“ ဆရာဦးလေးက အရက်စိမ်တဲ့နေရာမှာ ဆရာတစ်ဆူဆိုတာ ကျွန်တော်သိတယ်။ အရက်နဲ့လိုက်မယ့် အမြည်းတွေကိုလည်း ဆရာတူညီမလေးကို ပြင်ခိုင်းထားပါတယ်။ ဆရာဦးလေးကို ကျွန်တော်စိမ်ထားတဲ့အရက်ရဲ့အရသာကို မြည်းကြည့်ပေးဖို့ ရဲရဲတင်းတင်းပဲ တောင်းဆိုလို့ရမလား ခင်ဗျာ ”

“ ဆရာဦးလေးဆီမှာ မေးစရာမေးခွန်းတွေရှိရင် ဒီည ကျွန်တော့်ကိုမေးနိုင်ပါတယ်။ ကျွန်တော် သေချာစဉ်းစားပြီးတော့ ဖြေပေးပါမယ်။ ကျွန်တော်က ဆရာဦးလေးရဲ့ရင်ထဲက စိုးရိမ်စိတ်တွေကို လျှော့ချပေးနိုင်ပြီး အရင်ကလိုပဲ အေးအေးဆေးဆေး ဆက်ပြီးကျင့်ကြံနိုင်ဖို့ မျှော်လင့်ပါတယ် ”

ကျိုးဝူသည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူသည် လက်နောက်ပစ်ကာ ဆေးဖော်ဆောင်အတွင်းသို့ ဝင်သွားလိုက်သည်။

ကြည်လင်သောလရောင်လေးသည် ပြတင်းပေါက်အား ဖြတ်သန်းကျရောက်နေ၏။ လရောင်အောက်ရှိ စားပွဲပုလေးပေါ်တွင် အရသာရှိသော စားဖွယ်များနှင့် ပြည့်နှက်နေလေသည်။ အရောင်လက်နေသောခွက်ကလေးထဲတွင် အကောင်းစားအရက်အား ကြို၍ဖြည့်ထားပြီးဖြစ်သည်။

ထိုအရက်သည် ကျိုးကျိုးအတွက် လီချန်ရှို့စိမ်ပေးထားသော ‘ဂင်္ဂါမြစ်ခမ်းအရက်’ ဖြစ်သည်။ သူသည် အရက်စည်တစ်စည်အား ကြို၍ ဖောက်လိုက်ခြင်း ဖြစ်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset