ကျောက်စိမ်းရောင်အလင်းတွေရဲ့တိုက်ခိုက်မှုတစ်ကြိမ်ကို ကြုံတွေ့ခဲ့လိုက်ရပြီးနောက်မှာ ရေကန်ရဲ့မျက်နှာပြင်ထက်တွင်လျှောက်လှမ်းနေကြသည့် ကျင့်ကြံသူတွေထဲမှ တစ်ဝက်နီးပါးပျောက်ကွယ်သွားခဲ့ရသည်။ ကျန်နေခဲ့သည့်ကျင့်ကြံသူတွေကလည်း ပုံမှန်အားဖြင့်စွမ်းရည်အချို့ရှိ၍သာ ကျန်နေခဲ့ရခြင်းဖြစ်သည်။ သူတို့တစ်ဦးချင်းစီရဲ့ရှေ့မှာလည်း ဇူယွမ်ကဲ့သို့ပင် တောက်ပတဲ့အလင်းအကာအကွယ်ကိုယ်စီရှိနေကြပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေကို အလုံးစုံကာကွယ်ပေးထားသည်။
သူတို့ရဲ့ခန္ဓာကိုယ်တွေကို စိတ်ဝိညာဉ်အကာအကွယ်တွေနဲ့ ကာကွယ်ထားသည့်အတွက်ကြောင့် ဇူယွမ်နဲ့ကျန်တဲ့လူအားလုံးရဲ့ခြေလှမ်းတွေက ရပ်တန့်သွားခြင်းမရှိသကဲ့သို့ ကျွန်းငယ်လေးဆီသို့ သတိကြီးစွာထား၍ ဆက်လက်တိုးဝင်သွားခဲ့သည်။
သူတို့တွေက ကျွန်းငယ်လေးနဲ့နီးကပ်လာသကဲ့သို့ ကျောက်စိမ်းသစ်ပင်ထံမှ ကျောက်စိမ်းရောင်အလင်းတွေနဲ့ နောက်ထပ်နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး များစွာသောကျင့်ကြံသူတွေရဲ့ အလင်းအကာအကွယ်တွေကို ပျက်စီးသွားစေခဲ့သလို သူတို့ကိုရေကန်ထဲပြုတ်ကျသွားစေခဲ့ကာ ရေကန်ထဲရှိရေတွေက သွေးရောင်လွှမ်းသွားခဲ့ရသည်။
ထိုအချိန်တွင် ဇူယွမ်နဲ့အခြားအသက်ရှင်ကျန်ရစ်နေသူတွေက ကျွန်းငယ်လေးနဲ့ ပေနှစ်ဆယ်အကွာသို့တိုင်ရောက်ရှိလာခဲ့ပြီး ဒီနေရာကိုရောက်ရှိနိုင်ဖို့အတွက် အချိန်များစွာကြာမြင့်ခဲ့ပေသည်။
ရေကန်ဘေးရှိလူတိုင်းကလည်း အသက်ကိုပြင်းပြင်းမရှူရဲခဲ့ဘဲ တိတ်ဆိတ်စွာဖြင့်ပင် စောင့်ကြည့်နေခဲ့ကြသည်။
ဇူယွမ်ရဲ့မျက်လုံးတွေက ကျွန်းငယ်လေးပေါ်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေလိုက်သည်။ ကျွန်းနဲ့နီးကပ်လာလေလေ သူ့ရဲ့အမူအယာကပို၍ပင် တည်ငြိမ်လေးနက်လာခဲ့ရသည်။ ကျွန်းငယ်လေးထံမှ အစောပိုင်းတိုက်ခိုက်မှုတွေက ၎င်းရဲ့အကန့်အသတ်မဟုတ်သေးကြောင်းကို သူ့အနေဖြင့်ခံစားမိရသည်။
ဇူယွမ်နဲ့ကျန်သည့်လူတွေက တစ်လှမ်းပြီးတစ်လှမ်း ရှေ့ကိုတိုးကပ်သွားခဲ့ပြီး မကြာမီမှာပင် ကျွန်းငယ်လေးရဲ့ကမ်းခြေနဲ့ ဆယ်ပေအကွာသို့ ရောက်ရှိလာခဲ့ကြသည်။
ဘန်း…
ထိုအခိုက်အတန့်မှာပင် ကျွန်းရဲ့အလယ်တွင်ပေါက်ရောက်နေသည့် ကျောက်စိမ်းသစ်ပင်ထံမှ ကျောက်စိမ်းရောင်အလင်းက အပြင်ဘက်ကိုစက်ဝိုင်းပုံစံဖြန့်ကျက်ကာ နောက်တစ်ကြိမ်ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဇူယွမ်နဲ့ကျန်တဲ့လူတွေအားလုံး ချက်ချင်းဆိုသလိုပင် အလင်းတွေရဲ့ဝါးမျိုဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
ဝှစ်…
ဇူယွမ်နဲ့ကျန်တဲ့သူအားလုံးရဲ့ခေါင်းထဲမှာ ချက်ချင်းဆိုသလို အချက်ပေးသံတွေဆူညံသွားခဲ့ရသကဲ့သို့ သူတို့ရှေ့ကမြင်ကွင်းကလည်း လုံးဝကိုမှောင်အတိကျသွားခဲ့သည်။ အဲ့ဒီနောက်မှာ တိတ်ဆိတ်ခြောက်ကပ်နေသည့်ကုန်းမြေတစ်ခု သူတို့ရှေ့မှာထွက်ပေါ်လာခဲ့သည်။ ဒီကုန်းမြေပေါ်မှာရှိနေတဲ့တစ်ခုတည်းသောအရာက ကျောက်စိမ်းရောင်ရှိသည့်ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်ဖြစ်သည်။
ဒီကြီးမားတဲ့သစ်ပင်ကြီးရှေ့မှာ သူတို့အားလုံးက ပုရွက်ဆိတ်တစ်ကောင်အလားသေးငယ်သွားခဲ့ရပြီး ဖော်ပြနိုင်ခြင်းငှါမစွမ်းသာတဲ့ဖိအားတစ်ခုက သူတို့ကိုဝါးမျိုသွားခဲ့သလို ဒါကသူတို့အားလုံးကို အလွန်အမင်းထိတ်လန့်ကြောက်ရွံ့သွားစေခဲ့သည်။ ဒီကြောက်ရွံ့ထိတ်လန့်မှုက လူတိုင်းရဲ့စိတ်ဝိညာဉ်ကို ပြင်းပြင်းထန်ထန်တုန်ခါသွားစေခဲ့ကာ ပျက်စီးပျောက်ကွယ်သွားရတော့မဲ့အရိပ်အယောင်တွေ စတင်ဖြစ်ပေါ်လာခဲ့ရသည်။
ရေကန်ဘေးမှာရှိနေသည့် စုယုဝေရဲ့အကြည့်က ရေကန်ပေါ်ရှိ ဇူယွမ်၊ ဇောင်ချင်းဖန်နဲ့ ကျန်တဲ့လူအားလုံး လှုပ်ရှားနေရာမှရပ်တန့်သွားခဲ့ရပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေက လုံးဝငြိမ်သက်သွားသည်ကို ကြည့်နေလျက်ရှိသည်။ သူမကချက်ချင်းပင် တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိလိုက်ရပြီး သူမရဲ့မျက်လုံးထဲမှာ စိုးရိမ်မှုတွေထွက်ပေါ်လာခဲ့ရကာ ယောင်ယောင့်ဘက်ကိုလှည့်ကြည့်ကာ မေးလိုက်သည်… “အစ်မကြီးယောင်ယောင်… ဒါက ဘာဖြစ်သွားတာလဲ…”
ယောင်ယောင်က သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်၏… “ဒါကစိတ်ဝိညာဉ်ဖိအားတစ်ခုပဲ… သူတို့အားလုံးက ထူးဆန်းတဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုအောက်ကို ကျရောက်နေခဲ့ကြတာပဲ… တကယ်လို့သူတို့တွေက ဒါကိုခုခံနိုင်ခြင်းမရှိဘူးဆိုရင် သူတို့ရဲ့စိတ်ဝိညာဉ်က အစိတ်စိတ်အမွှာမွှာဖြစ်သွားရလိမ့်မယ်…”
ဝေကန်းလန်၊ ဝေချင်းချင်း၊ လုတိန်ရှန်းနဲ့ ကျန်တဲ့လူအားလုံးရဲ့အမူအယာတွေ ပြောင်းလဲသွားခဲ့ရသည်။ တကယ်လို့ စိတ်ဝိညာဉ်သာပျက်စီးသွားခဲ့ရမယ်ဆိုရင် လူတစ်ယောက်က ဘာမှလုပ်နိုင်စွမ်းမရှိတဲ့လူတစ်ယောက်ဖြစ်လာရပေလိမ့်မည်။ ဒီအကျိုးဆက်က လွန်စွာမှပင်ပြင်းထန်လှပေသည်။
ဝေကန်းလန်က လေသံတိုးတိုးဖြင့်ပြောလိုက်သည်… “ငါတို့တွေ မင်းသားလေးကို ကယ်တင်ရမယ်…”
ယောင်ယောင်က သူမရဲ့ခေါင်းကိုခါယမ်းပြလိုက်ပြီး ညင်သာစွာပင်ပြောသည်… “မစိုးရိမ်ပါနဲ့… သူကအလွယ်တကူ ရှုံးနိမ့်လိမ့်မှာမဟုတ်ဘူး…”
တကယ်လို့ဒါက အခြားလူတစ်ယောက်သာဆိုရင် သူမအနေနဲ့ ဒီလိုမျိုးယုံကြည်မှုရှိရှိပြောနိုင်လိမ့်မှာမဟုတ်ပေမဲ့ အခုဒီအရာက စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုဖြစ်သည့်အတွက် မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို လေ့ကျင့်ထားသည့်ဇူယွမ့်အပေါ်တွင်တော့ ထိခိုက်နာကျင်စေနိုင်လိမ့်မည်မဟုတ်ပေ။
သူတို့တွေစကားပြောနေစဉ်မှာ ရေကန်ပေါ်မှာကျန်ရှိနေသည့်လူတွေထဲမှ တစ်ယောက်ပြီးတစ်ယောက် ရေကန်ထဲကိုပြုတ်ကျသွားခဲ့ရသည်။ သူတို့ရဲ့စိတ်ဝိညာဉ်က ဖျက်စီးခြင်းခံလိုက်ရသကဲ့သို့ သူတို့တစ်ဦးချင်းစီရဲ့မျက်လုံးတွေက လှုပ်ရှားမှုကင်းမဲ့သွားခဲ့ကြရသည်။
ဗွမ်း…
သူတို့ရဲ့ခန္ဓာကိုယ်တွေက ရေထဲကိုပြုတ်ကျသွားခဲ့ရပြီး ရေကန်အောက်ခြေထိတိုင်အောင် နစ်မြှုပ်သွားခဲ့ရကာ ပျက်စီးနေသည့်မူလမှော်စာလုံးနယ်နိမိတ်နဲ့ထိတွေ့မိသွားကြရပြီးနောက်မှာ ရေကန်ရဲ့မျက်နှာပြင်ထက်ကို သူတို့ရဲ့သွေးတွေသာ ပြန်လည်ထွက်ပေါ်လာခဲ့ရသည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်မှာ ရေကန်၏အထက်တွင် လူနှစ်ယောက်သာကျန်နေခဲ့တော့သည်။
သူတို့က ဇူယွမ်နှင့် ဇောင်ချင်းဖန်တို့ပင်ဖြစ်သည်။
…
သူတို့နှစ်ယောက်ရှေ့ရှိကြီးမားသည့်ကျောက်စိမ်းသစ်ပင်ကြီးထံမှ ဖိအားလှိုင်းတွေက သူတို့အပေါ်ဖုံးလွှမ်းနေလျက်ရှိပေသည်။
“စိတ်ဝိညာဉ်ဖိအားလား… ဟက်…”
ဇူယွမ်က လွန်စွာကြီးမားလှသည့်ကျောက်စိမ်းသစ်ပင်ကြီးကို စိုက်ကြည့်လိုက်သည်။ သူ့ရဲ့စိတ်ဝိညာဉ်က သစ်ပင်ထံမှထွက်ပေါ်လာသည့် ပြင်းထန်တဲ့ဖိအားကြောင့် တုန်ခါနေရပေမဲ့လည်း သူ့ကိုကြောက်လန့်မသွားစေခဲ့ပေ။
ဒါ့အပြင် သူ့အနေဖြင့် ဒီကျောက်စိမ်းသစ်ပင်မှ ထုတ်လွှတ်နေသည့်အရာအားလုံးထက် ပိုပြီးပြင်းထန်လှသည့်အရာတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးလေသည်။
“အစစ်အမှန်ထိတ်လန့်ကြောက်ရွံ့မှုက ဘာလဲဆိုတာ ငါ့ကိုပြစမ်းပါ…”
အတွေးတစ်ခုနဲ့အတူ ပုံသဏ္ဍာန်မရှိသည့် မူလဖျက်စီးခြင်းတစ်ခုက အပြင်ဘက်ရှိခြောက်ကပ်နေသည့်ကုန်းမြေပေါ် စတင်၍ဆင်းသက်လာခဲ့သည်။ အဆုံးမရှိအောင်ကြီးမားလှသည့် အရိပ်တစ်ခုဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သကဲ့သို့ လေဟာနယ်ထဲမှာ အစက်အပြောက်တွေစွန်းထင်းနေသည့် နတ်ဘုရားကျောက်တုံးပေါ်ထွက်လာခဲ့ရသည်။
ဖြည်းညှင်းစွာလှည့်လည်နေသည့် နတ်ဘုရားကျောက်တုံးက အရာရာတိုင်းကို အစအနလေးပင်မကျန်အောင် ပျောက်ကွယ်သွားစေခဲ့သည်။
ကျောက်စိမ်းသစ်ပင်က အံ့အားသင့်တုန်လှုပ်သွားမှုနဲ့အတူ အေးခဲသွားခဲ့ရသည်။ အစက်အပြောက်တွေစွန်းထင်းနေသည့် နတ်ဘုရားကျောက်တုံးရဲ့ရှေ့မှာ ကျောက်စိမ်းသစ်ပင်က အလွန်သေးငယ်သည့်အရာတစ်ခုဖြစ်သွားခဲ့ရသည်။
နတ်ဘုရားကျောက်တုံးက တဖြည်းဖြည်းနီးကပ်လာခဲ့ပြီး ကျောက်စိမ်းသစ်ပင်က ခြောက်ကပ်နေသည့်ကုန်းမြေနဲ့အတူ ဘာမှမကျန်ခဲ့တော့အောင် ပျောက်ကွယ်သွားခဲ့ရသည်။
ရေကန်အပေါ်မှာ ဇူယွမ်ရဲ့တင်းကျပ်စွာပိတ်ထားသည့်မျက်လုံးတွေက ရုတ်ချည်းပွင့်ဟလာခဲ့ရသည်။ သူတို့ထဲမှာ အသက်စွမ်းအားတွေ စီးဆင်းနေသည့်အတွက် သူ့ရဲ့စိတ်ဝိညာဉ်က စိတ်ဝိညာဉ်ဖိအားရဲ့ဖျက်စီးခြင်းမခံခဲ့ရဘူးဆိုတာကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပေသည်။
ဇူယွမ်ကနောက်ကိုလှည့်ကြည့်လိုက်ပြီး ရေကန်ဘေးရှိစိုးရိမ်ပူပန်နေသည့် စုယုဝေနဲ့ကျန်သည့်လူတွေကို စိတ်မပူဖို့ရန် လက်ဝှေ့ယမ်းပြလိုက်သည်။
ဝေကန်းလန်၊ စုယုဝေနဲ့ ကျန်တဲ့လူအားလုံးက ဒါကိုမြင်လိုက်ရသည့်အခါမှသာ သက်ပြင်းကိုယ်စီချလိုက်မိကြသည်။
ကျောက်စိမ်းသစ်ပင်၏ စိတ်ဝိညာဉ်ဖိအားထံမှ လွတ်မြောက်လာခဲ့ရပြီးနောက်မှာ ဇူယွမ်ကနောက်တစ်ကြိမ် ရှေ့ကိုလျှောက်လှမ်းသွားခဲ့ပြီး မကြာမီမှာပင် ကျွန်းငယ်လေးပေါ်သို့ ခြေချလိုက်နိုင်ခဲ့သည်။ သူ့အနေဖြင့် ဒီတစ်ကြိမ်မှာ မည်သည့်အနှောင့်အယှက်အဟန့်အတားကိုမှ ကြုံတွေ့ခဲ့ရခြင်းမရှိခဲ့ပေ။
ဇူယွမ်က ကျွန်းငယ်လေးပေါ်သို့ ခြေချလိုက်နိုင်သည့်အခိုက်အတန့်တွင်ပင် ဇောင်ချင်းဖန်ရဲ့ခန္ဓာကိုယ်က လှုပ်ခါသွားခဲ့ပြီး သူ့ရဲ့တင်းကျပ်စွာပိတ်ထားသည့်မျက်လုံးတွေက ဖြည်းညှင်းစွာပွင့်လာခဲ့ရသလို ၎င်းတို့ထဲမှာ ထိတ်လန့်ကြောက်ရွံ့နေမှုတွေ ဖြတ်ပြေးသွားခဲ့ရသည်။
အစောပိုင်းမှာ ကျောက်စိမ်းသစ်ပင်က သူ့ကိုလှုပ်ရှားရဲခြင်းမရှိအောင် ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။ သို့ပေမဲ့လည်း သူကကံကောင်းစွာဖြင့်ပင် အဆုံးထိတိုင်အောင် ခက်ခက်ခဲခဲတောင့်ခံနိုင်ခဲ့သည်။
“ဒီကျောက်စိမ်းသစ်ပင်က ဘာလို့ဒီလိုမျိုးစွမ်းအားပြည့်ဝလှတဲ့ စိတ်ဝိညာဉ်ဖိအားကို ပိုင်ဆိုင်ထားခဲ့ရတာလဲ… ငါ့ရဲ့စိတ်ဝိညာဉ်သန်မာမှုရှိတာကိုပဲ ကျေးဇူးတင်ရမယ်… ဒါကိုအရင်ဆုံးချိုးဖျက်ပြီးလွတ်မြောက်လာနိုင်တဲ့သူက ငါပဲဖြစ်သင့်တယ်…”
ဇောင်ချင်းဖန်တစ်ယောက် သူ့ရဲ့မျက်ခုံးထက်မှ အေးစက်စက်ချွေးတွေကို သုတ်လိုက်ရင်းမှ တီးတိုးရေရွတ်လိုက်မိသည်။ အဲ့ဒီနောက် သူ့ရဲ့ခေါင်းကိုမော့ကြည့်လိုက်သည့်အခါ ကျွန်းပေါ်ကိုရောက်ရှိနေခဲ့သည်ဇူယွမ်ကိုမြင်တွေ့လိုက်ရပြီး ထိုမြင်ကွင်းက သူ့ရဲ့အမူအယာကို ရုတ်ချည်းပြောင်းလဲသွားစေခဲ့သည်။
ဇောင်ချင်းဖန် အထိတ်တလန့်အော်ဟစ်လိုက်မိသည်… “ဘယ်လိုဖြစ်နိုင်မှာလဲ…”
သူ့ရဲ့မျက်နှာက ဒေါသကြောင့်အရောင်ပြောင်းသွားခဲ့ရသည်။ သူ့အနေဖြင့်မူလက သူ့ရဲ့စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်အဆင့်နဲ့ဆိုရင် ဒီနေရာမှာရှိနေသည့်လူတိုင်းထက် နှာတစ်ဖျားသာနေသည်လို့ ယုံကြည်ထားခဲ့သည်။ သို့ပေမဲ့လည်း သူ့ထက်အရမ်းကိုငယ်ရွယ်သည့်လူငယ်လေးတစ်ယောက်က စိတ်ဝိညာဉ်ဖိအားထံမှ သူ့ထက်စောလျင်စွာလွတ်မြောက်သွားနိုင်ခဲ့မယ်လို့ ဘယ်လိုများထင်မှတ်ထားနိုင်လိမ့်မည်နည်း။
ဇောင်ချင်းဖန်ရဲ့မျက်လုံးထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရပြီး နောက်ဆုံးမှာ ရက်စက်ကြမ်းကြုတ်လိုသည့်အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့ရသည်။
သူကိုယ်တိုင် ချီအိမ်တော်နဲ့ မဟာမိတ်ဖွဲ့ခဲ့ပြီးပြီဖြစ်သည့်အတွက် သူကသာဒီနေရာမှာ ကျရှုံးသွားခဲ့ရမယ်ဆိုရင် ချီဟောင်ရဲ့စိတ်ထဲမှာ သူ့ရဲ့တန်ဖိုးကသေချာပေါက် ကျဆင်းသွားခဲ့ရလိမ့်မည်ဖြစ်ကာ ဒါကသံသယရှိစရာမလိုလောက်အောင်ပင် သူ့အတွက်အကျိုးမရှိဖြစ်စေရပေလိမ့်မည်။
ထို့ကြောင့်ပင် သူကကျောက်စိမ်းသစ်သီးကို မဖြစ်မနေရအောင်ယူရပေမည်။
ဒီအတွေးတွေသူ့ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာသည့်အခါ ဇောင်ချင်းဖန်ရဲ့မူလမှော်စာလုံးစုတ်တံက လေထုကိုဖြတ်၍ ရုတ်ချည်းရေးဆွဲလိုက်သလို သူ့ရဲ့မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ်ကလည်း လှုပ်ရှားသွားခဲ့ရသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ မူလမှော်စာလုံးတစ်ခုက ပြီးပြည့်စုံသွားခဲ့သည်။
“အဆင့် ၂မူလမှော်စာလုံး… မကောင်းဆိုးဝါးသဏ္ဍာန်စိတ်ဝိညာဉ်ဝါးမျိုခြင်းမှော်စာလုံး…”
ဇောင်ချင်းဖန်ရဲ့နောက်ဆုံးစုတ်ချက်ရေးဆွဲအပြီးမှာ မူလမှော်စာလုံးထံမှ အလင်းတစ်ခုပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး နက်ပြာရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ကာ ဇူယွမ်၏နောက်ကျောထံ ပစ်လွှတ်လိုက်သည်။
ဒါကိုမြင်လိုက်ရသည့်အခါ စုယုဝေနဲ့ကျန်တဲ့လူတွေအားလုံးရဲ့ မျက်နှာအမူအယာတွေက ရုတ်ချည်းပြောင်းလဲသွားခဲ့ရပြီး စိုးရိမ်ပူပန်စွာအော်ဟစ်လိုက်မိကြသည်… “မင်းသားလေးသတိထား…”
နက်ပြာရောင်အလင်းတန်းလေထုကိုဖြတ်၍ပစ်လွင့်သွားမှုကြောင့် နားကွဲမတတ်ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ အကယ်၍တစ်ယောက်ယောက်ကသာ ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုနဲ့ တိုက်ခိုက်ခံခဲ့ရမယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်က အကောင်းပကတိရှိနေလိမ့်မည်ဖြစ်ပေမဲ့လည်း လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်က သေချာပေါက်ပင် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားရပေလိမ့်မည်။ ဒီရလဒ်က ခြေတွေလက်တွေဆုံးရှုံးသွားရတာထက်ပင် ဆုံးရှုံးမှုပိုပြီးကြီးမားပေသည်။
ဇောင်ချင်းဖန်ရဲ့တိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် သူ့အနေနဲ့ ဇူယွမ့်အပေါ်မှာ ဘယ်လောက်တောင်မုန်းတီးနေလဲဆိုတာကို လူတိုင်းမြင်တွေ့နိုင်ပေသည်။
နက်ပြာရောင်အလင်းတန်းက ဇူယွမ်ထံတိုးဝင်သွားခဲ့ရသကဲ့သို့ ဇူယွမ်ကလည်း တစ်စုံတစ်ခုကိုအာရုံခံစားလိုက်မိသည့်အလား သူ့ရဲ့ခေါင်းကိုရုတ်ချည်းလှည့်ကြည့်လိုက်သည်။ ဇောင်ချင်းဖန်ရဲ့တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရသည့်အခါ သူ့ရဲ့မျက်လုံးထဲမှာ လူသတ်လိုစိတ်တွေ ထွက်ပေါ်လာခဲ့ရသည်။
“ငါကမင်းကို အစကလျစ်လျူရှုလိုက်ဖို့ စဉ်းစားထားပေမဲ့ မင်းကဆိုးဆိုးရွားရွားသေချင်နေတယ်ဆိုမှတော့လည်း ငါကမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့…”
ဇူယွမ်ရဲ့မျက်ခုံးနှစ်ခုကြားထဲမှာ အလင်းရောင်တစ်ခုလှုပ်ရှားလာခဲ့ရသကဲ့သို့ မှော်စာလုံးတစ်ခုရဲ့အလင်းရောင်က ဖြည်းညှင်းစွာထွက်ပေါ်လာခဲ့ရသည်။ ၎င်းကဇူယွမ်အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သည့် မူလမှော်စာလုံးတစ်ခုပင်ဖြစ်သည်။
“အဆင့် ၂မူလမှော်စာလုံး… စိတ်ဝိညာဉ်ဖျက်စီးခြင်းမှော်စာလုံး…”
‘ရွှစ်’ဆိုသည့်အသံတစ်ခုနှင့်အတူ မှော်စာလုံးက မမြင်နိုင်သည့်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး ရှေ့ကိုပစ်လွင့်သွားခဲ့သည်။ စိတ်ဝိညာဉ်ဖြင့်ပြုလုပ်ထားသည့် ဓားသွားတစ်ခုအလား ၎င်းကဝင်ရောက်လာသည့် နက်ပြာရောင်အလင်းတန်းကို အပေါ်မှနေအုပ်မိုးကာ ခုတ်ပိုင်းလိုက်သည်။
ဇူယွမ့်အနေဖြင့် အဆိပ်ရေအိုင်သို့ ထွက်ခွာလာသည့်ခရီးတစ်လျောက်တွင် ယောင်ယောင့်ထံမှ အဆင့် ၂မူလမှော်စာလုံးများစွာကို လေ့လာသင်ယူနိုင်ခဲ့သည်။ စိတ်ဝိညာဉ်ဖျက်စီးခြင်းမှော်စာလုံးကလည်း ၎င်းတို့အထဲမှတစ်ခုဖြစ်ကာ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာတိုက်ခိုက်ခြင်းဖြစ်သည်။
သူ့အနေဖြင့် အရင်တုန်းက ဒီမှော်စာလုံးကို ချီဟောင်နဲ့ရင်ဆိုင်ရသည့်အခါမှသာ အသုံးပြုဖို့အတွက်စဉ်းစားထားခဲ့သည်။ သူက ဒီမှော်စာလုံးကို ဒီလိုနေရာမှာအသုံးပြုရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပေ။
ရွှပ်…
တိုးညှင်းတဲ့အသံတစ်ခုကိုကြားလိုက်ရပြီး နက်ပြာရောင်အလင်းတန်းက နှစ်ခြမ်းကွဲသွားခဲ့ရသည်။
ဇောင်ချင်းဖန်တစ်ယောက် မျက်မှောင်ကျုံ့သွားခဲ့ရပြီး အလန့်တကြားအော်ဟစ်လိုက်မိသည်… “ဘာ…”
သူ့ရဲ့အဆင့် ၂မူလမှော်စာလုံးက ဇူယွမ့်ကြောင့် အမှန်တကယ်ထက်ပိုင်းပြတ်သွားခဲ့ရတာလား။
“ဖွဲ့စည်းခြင်းအလယ်အဆင့်… ဒါဆိုရင် မင်းကလည်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်အဆင့်ကို ရောက်နေခဲ့တာပေါ့…” တစ်ချိန်တည်းမှာ ဇောင်ချင်းဖန်က ဇူယွမ်ရဲ့စိတ်ဝိညာဉ်လှုပ်ရှားမှုတွေကို အာရုံခံနိုင်ခဲ့မိပြီး ထိုစိတ်ဝိညာဉ်လှုပ်ရှားမှုတွေက သူ့နဲ့တူညီစွာပင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်အဆင့်သို့ ရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်။
ဇူယွမ်ရဲ့မျက်လုံးတွေက အေးစက်သွားခဲ့ရ၏။ သူ့ရဲ့မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ်ကဖြတ်ခနဲ လင်းလက်သွားခဲ့ရပြီး မှုန်ဝါးဝါးအရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ ၎င်းအရိပ်က ဇောင်ချင်းဖန်ရှေ့မှာထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့နဖူးထံတိုးဝင်သွားခဲ့သည်။
“ကျောက်စိမ်းသစ်ပင်ရဲ့ စိတ်ဝိညာဉ်ဖိအားက မင်းကိုကြောက်ရွံ့စေဖို့မလုံလောက်သေးဘူးဆိုတော့ ငါကမင်းကို နောက်ထပ်တစ်ခုထပ်ပြီးစမ်းကြည့်စေရမှာပေါ့…”
ဇူယွမ်ရဲ့အေးစက်စက်လေသံက ပျောက်ကွယ်သွားခဲ့ရသကဲ့သို့ ဇောင်ချင်းဖန်ရဲ့မျက်လုံးရှေ့ရှိမြင်ကွင်းကလည်း ပြောင်းလဲသွားခဲ့ရသည်။ ဒီတစ်ကြိမ်မှာ သူ့ရှေ့ရှိမြင်ကွင်းက တိတ်ဆိတ်ခြောက်ကပ်နေသည့်ကုန်းမြေအစား ပုံသဏ္ဍာန်မရှိသည့် လေဟာနယ်တစ်ခုဖြစ်သွားခဲ့သည်။
ဝုန်း…
ကျယ်လောင်တဲ့အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။ ဇောင်ချင်းဖန်က သူ့ရဲ့ခေါင်းကိုလျင်မြန်စွာမော့ကြည့်လိုက်သည့်အခါ အဆုံးမရှိအောင်ကြီးမားလှသည့် နတ်ဘုရားကျောက်တုံးကြီးက ဖြည်းညှင်းစွာသူ့ထံတိုးဝင်လာခဲ့သည်ကို မြင်လိုက်ရသည်။
နတ်ဘုရားကျောက်တုံးရဲ့ရှေ့မှာ အစောပိုင်းကမြင်တွေ့ခဲ့ရတဲ့ ကျောက်စိမ်းသစ်ပင်ဆိုတာက မနှိုင်းယှဉ်နိုင်လောက်အောင်ပင် သေးငယ်လို့သွားခဲ့ရသည်။
ဇောင်ချင်းဖန်ရဲ့နှလုံးသားထဲမှာ အလွန်အမင်းကြောက်ရွံ့နေမှုတွေ ထွက်ပေါ်လာခဲ့ရကာ သူ့ရဲ့စိတ်ဝိညာဉ်က ထိန်းချုပ်နိုင်ခြင်းမရှိလောက်အောင်ပင် တုန်ခါလာခဲ့ရသည်။ တိုးညှင်းတဲ့ကျိုးပျက်သွားသည့်အသံတစ်ခုကိုကြားလိုက်ရပြီး ဇောင်ချင်းဖန်၏စိတ်ဝိညာဉ်ရဲ့မျက်နှာပြင်က စတင်၍ကွဲအက်သွားခဲ့ရသည်။
အား…
ဇောင်ချင်းဖန်တစ်ယောက် သွေးပျက်ဖွယ်ကောင်းလောက်အောင်အော်ဟစ်လိုက်မိပြီး သူ့ရဲ့မျက်လုံးတွေက လှုပ်ရှားမှုကင်းမဲ့သွားခဲ့ရသည်။ သူ့ရဲ့စိတ်ဝိညာဉ်က နေရာမှာပင်ကွဲကြေသွားခဲ့ရပြီး နတ်ဘုရားကျောက်တုံးကို အနည်းငယ်လေးမျှပင် တောင့်ခံနိုင်ခြင်းမရှိခဲ့ပေ။
ဗွမ်း…
သူ့ရဲ့ခန္ဓာကိုယ်က ရေထဲကိုပြုတ်ကျသွားခဲ့ရပြီးနောက်မှာ ရေပြင်ထက်သို့သွေးတွေသာပြန်လည်၍ ထွက်ပေါ်လာခဲ့ရသည်။
ရေကန်ဘေးရှိလူတိုင်းက ဒီမြင်ကွင်းကို အံ့အားသင့်တုန်လှုပ်စွာဖြင့်ပင် တိတ်တဆိတ်ကြည့်နေလိုက်မိကြသည်။ စိတ်ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုတစ်ခုကို မြင်တွေ့နိုင်ခြင်းမရှိပေမဲ့လည်း ဒါကဘယ်လောက်တောင်အန္တရာယ်များလဲဆိုတာကို လူတိုင်းရှင်းရှင်းလင်းလင်းနားလည်ထားပေသည်။
သို့ပေမဲ့လည်း သူတို့တွေထဲမှာဘယ်သူကမှ အရင်ဆုံးစတင်တိုက်ခိုက်လိုက်သည့်ဇောင်ချင်းဖန်က အချိန်ခဏလေးအတွင်းမှာပင် ယခုကဲ့သို့သနားစရာကောင်းလောက်အောင် ရှုံးနိမ့်သွားခဲ့ရလိမ့်မယ်လို့ ထင်မှတ်မထားမိခဲ့ကြပေ။
ဒါကိုကြည့်ခြင်းအားဖြင့် မင်းသားလေးဇူယွမ်ရဲ့ စိတ်ဝိညာဉ်က ဘယ်လောက်တောင်စွမ်းအားပြည့်ဝလဲဆိုသည်ကို သူတို့အားလုံးမြင်တွေ့နိုင်ပေသည်။
“အသုံးကိုမကျဘူး…” ချီဟောင်ကလည်း ဒီမြင်ကွင်းကိုမြင်တွေ့လိုက်ရပြီး သူ့ရဲ့မျက်နှာကပျက်ယွင်းသွားခဲ့ရကာ သွားကြားမှကြောက်မက်ဖွယ်ရာကောင်းသည့် အေးစက်စက်လေသံတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ ဇောင်ချင်းဖန်က အစောပိုင်း၌သူတို့ရှေ့မှာ သူကဘယ်လိုပါရမီရှင်ဖြစ်ကြောင်းကို ကြွားဝါပြောဆိုခဲ့ပေသည်။ ဒီလိုမျိုးကိုယ့်ကိုကိုယ် ပါရမီရှင်လို့သတ်မှတ်ထားသည့် လူတစ်ယောက်က သူ့ထက်အားနည်းဟန်ရသည့် ဇူယွမ်နဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်သည့်အခါ တစ်ချက်တည်းနဲ့ပင် ရှုံးနိမ့်သွားခဲ့ရသည်။
ကျွန်းငယ်လေးပေါ်တွင်ရှိနေသည့်ဇူယွမ်က ရေကန်ထဲကိုပြုတ်ကျသွားသည့် ခန္ဓာကိုယ်အား ထူးမခြားနားစွာပင် ကြည့်နေလိုက်သည်။ ထို့နောက်မှာ သူကတစ်ဖက်ကိုပြန်လှည့်လိုက်ပြီး ကျွန်းရဲ့အလယ်တွင်ပေါက်ရောက်နေသည့် ကျောက်စိမ်းသစ်ပင်ထံသို့ လျှောက်လှမ်းလာခဲ့လိုက်သည်။
သူကခေါင်းမော့ကာ သစ်ပင်ထက်ရှိ ကျောက်စိမ်းသစ်သီးနှစ်လုံးကိုကြည့်လိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးထဲမှာလည်း စိတ်လှုပ်ရှားနေမှုတွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရသည်။
“အဲ…”
သို့ပေမဲ့လည်း သူကကျောက်စိမ်းသစ်သီးကို မခူးဆွတ်ရသေးမီမှာပင် ရုတ်တရက် သစ်ကိုင်းတစ်ခုမှာချိတ်ဆွဲထားသည့် မှိန်ဖျော့ဖျော့ငွေရောင်လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။
လက်စွပ်ထံမှ အားနည်းနေပေမဲ့ ထူးဆန်းသည့်အားလှိုင်းတစ်ခု လှုပ်ရှားနေလျက်ရှိပေသည်။
———————————————————————