Switch Mode

အခန်း ( ၄၃၁ )

သခင်လေး..ကျနော့်ကို ချမ်းသာပေးပါဗျာ

” သူတို့က ဝိညာဥ်ပေါက်စလေးတွေပါကွာ ဟုတ်တယ်မလား။ ကိုယ်တော်ပိုင် ခဏလေး တွေးလိုက်ရုံနဲ့ သူတို့ကို ပြာချနိုင်မယ့် နည်းလမ်းတွေ အများကြီး စဥ်းစားနိုင်ပါတယ်ကွ။ ”
ပိုင်ရှောင်ချန်းက ရက်ပေါင်းများစွာ ထိုပြဿနာကို စဥ်းစားတွေးတောသုံးသပ်နေတော့သည်။ အစပိုင်းတွင် သူသည် မကောင်းဆိုးဝါးတားဆီးပေးသည့် စက္ကူလက်ဖွဲ့များကို အသုံးပြုရန် တွေးလိုက်ပါသောလည်း စိမ်းပြာရောင် စမ်းသပ်ပွဲထဲရှိ အမုန်းဝိညာဥ်အရေအတွက်မှာ များပြားလွန်းလှသဖြင့် ထိုနည်းလမ်းမှာ အားကိုး၍ ရမည်မဟုတ်ကြောင်း သိလိုက်သည်။

” မိစ္ဆာဆန့်ကျင်တဲ့ စက္ကူလက်ဖွဲ့အဆောင်တွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ငါဆေးလုံးတစ်လုံး ဖော်မှရမယ်။ အဲ့တာမှ သေချာပေါက် အောင်မြင်နိုင်မှာ…. ”
ထိုအချိန်တွင် သူ၏မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် တလက်လက် တောက်ပနေပြီ ဖြစ်သည်။

အနည်းငယ် သုံးသပ်ဆင်ခြင်လိုက်ပြီးနောက် သူက သေချာပေါက် အလုပ်ဖြစ်နိုင်မည့် ဆေးလုံးအတွက် ဖော်စပ်နည်းတစ်ခုကို သိရှိသွားတော့သည်။ ထိုဖော်စပ်နည်းသည် ဆေးပင်များစွာ လိုအပ်မည်မဟုတ်ဘဲ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူ လေ့လာခဲ့သည့် ဆွဲငင်အားနှင့် တွန်းကန်အားတို့ကို အသုံးပြုကာ ကြားခံနယ်တစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

” ဝိညာဥ်တွေ အကုန်လုံးကို တစ်နေရာထဲမှာ စုသွားနိုင်မယ့် ဆေးလုံးမျိုးကို ငါလိုတာ… ”
သူက ဆေးလုံးကို ထုတ်ဖော်လိုက်သည်နှင့် ထိုပတ်ဝန်းကျင်ရှိ ဝိညာဥ်အားလုံးက ထိုဆေးလုံးဆီသို့ အမြန်ဆုံးနည်းဖြင့် ပြေးလာမည့် ဆေးလုံးမျိုးကို ဖန်တီးလိုနေသည်။ ထိုသို့သောဆေးလုံးကို ဖော်စပ်ရမည့် အတွေးလေးတစ်ခုထဲနှင့်ပင် သူ စိတ်လှုပ်ရှားစပြုလာတော့သည်။

သူသည် မျှော်လင့်ချက်များပြည့်နေလျက် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး အင်မော်တယ်ဂူထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ သူ၏ ဆေးဖော်စပ်နည်းအသစ်ကို ခွဲခြမ်းစိတ်ဖြာနေသည်။ အဆုံးတွင် သူ၏ပေါင်ကို ရိုက်လိုက်တော့သည်။

” ဒီလိုဆို သေချာပေါက် အောင်မြင်မှာပဲ။ ဆွဲငင်အားနဲ့ တွန်းကန်အားတွေ သုံးပြီး ငါဖော်စပ်ခဲ့တဲ့ စက်လုံးကြီးတွေက အဝတ်အစားတွေကိုပါ ဆုတ်ဖြဲပြီး ဂယောင်ခြောက်ခြားဖြစ်စေတဲ့ ဓာတ်ငွေ့တွေကိုပါ ထုတ်လွှတ်ပေးနိုင်ခဲ့တာတယ်။ အဲ့တာတွေကို သုံးပြီး ဝိညာဥ်တွေကို စုသွားအောင် လုပ်လို့ရမှာပဲ။ ” ထိုသို့တွေးတောလိုက်ပြီးနောက် ပိုင်ရှောင်ချန်းက ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သူက အင်မော်တယ်ဂူအပြင်သို့ ပြေးထွက်ကာ မိစ္ဆာနှိမ်နင်းရေခန်းမဆီသို့ သွားပြီး ဆေးပင်များစွာကို စုဆောင်းကာ ပြန်လာပြီးနောက် တံခါးပိတ် ကျင့်စဥ်ကို စတင်လိုက်သည်။

သုံးရက်အကြာတွင် အင်မော်တယ်ဂူထဲမှ တဂျုန်းဂျုန်းမြည်ဟည်းသံများ ထွက်ပေါ်လာသည်။ ယခုအခါ ပိုင်ရှောင်ချန်းက မျက်လုံးများ နီမြန်းနေပြီး သူ ဖော်စပ်လိုက်သည့် အဖြူရောင် ဆေးလုံးကိုကြည့်နေသည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး သူက ဆွဲငင်ခြင်းနှင့် တွန်းကန်ခြင်းတို့၏ စွမ်းအားကို အသုံးပြုကာ ဆေးလုံးထဲသို့ ရောနှောလိုက်သည်။ ဆွဲငင်အားနှင့် တွန်းကန်အားတို့ကို လေ့လာရသည်မှာ မလွယ်ကူသော်လည်း ပိုင်ရှောင်ချန်းမှာ နှစ်ပေါင်းဒါဇင်များစွာ သူ၏ စမ်းသပ်မှုများတွင် နှစ်မြုပ်ထားလေရာ ထိုစွမ်းအားများနှင့်ပတ်သက်ပြီး အနည်းငယ်အခက်အခဲ ရှိသော်လည်း လိုအပ်သလို ထိန်းချုပ်နိုင်ပေသည်။

နာရီပေါင်းများစွာ ကြာပြီးနောက် သူသည် ဆေးလုံးထဲသို့ ဆွဲငင်အားနှင့် တွန်းကန်အားတို့ကို ထည့်သွင်းရောနှောလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူ၏ကြေးမုံကို ထုတ်ယူလိုက်သည်။

” လူလိမ် ညမုဆိုးရေ။ အပြင်ထွက်ခဲ့စမ်း။ ”

လူလိမ်ညမုဆိုး၏ ဝိညာဥ်မှာ တုန်ရီသွားတော့သည်။ သူသည် ကြေးမုံအပြင်သို့ ထွက်ရန် ဆန္ဒမရှိသော်လည်း မငြင်းဆန်ရဲပေ။ မငိုမိစေရန် ထိန်းကာ သူသည် အပြင်သို့ ပျံထွက်လာတော့သည်။

” သခင်လေး…. ”
မည်သို့မျှ သူ မပြောနိုင်ခင်တွင် ပိုင်ရှောင်ချန်းက အော်လိုက်သည်။
” ဒါကို မြည်းကြည့်စမ်း။ ”

ထို့နောက်သူက ဆေးလုံးကို ချေမွလိုက်သည်။

အုန်းခနဲမြည်ဟည်းသံကြီးတစ်သံ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်း၏ အဝတ်အစားများမှာ ချက်ချင်းပင် ဆုတ်ပြဲသွားကာ ကိုယ်တုံးလုံးဖြစ်သွားတော့သည်။ လူလိမ်ညမုဆိုးမှာမူ ကြောက်လန့်တကြား အော်ဟစ်လိုက်ပါသော်လည်း အနည်းငယ်ကြာပြီးနောက် ထိုအော်ဟစ်သံမှာ တအံ့တသြဖြစ်နေသည့် အာမေဋိတ်အသံ အဖြစ်သို့သာ ပြောင်းလဲသွားသည်။

” ဟင်။ ငါ ဘာမှ မဖြစ်ဘူးပဲ။ ဟားဟားဟား။ ငါဘာမှ မဖြစ်လိုက်ဘူးဟ။ ”
လူလိမ်ညမုဆိုးမှာ ထိခိုက်မှုအနည်းငယ်ပင် မရှိပေ။ သူက စိတ်လှုပ်ရှားစွာဖြင့် ပိုင်ရှောင်ချန်းကိုကြည့်လိုက်သောအခါ ပိုင်ရှောင်ချန်းက ရှုံ့မဲ့နေသည့် မျက်နှာ၊ နီရဲနေသော မျက်လုံးကြီးများဖြင့် သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ လူလိမ်ညမုဆိုးမှာ ပိုင်ရှောင်ချန်းသည် အလွန်စိတ်တိုနေကာ အန္တရာယ်များသည့် အခြေအနေတစ်ခုသို့ ရောက်နေကြောင်း သိသွားသဖြင့် တုန်ရီသွားပြီး ဘေးနားလေးသို့ အမြီးကုပ်ကာ သွားလိုက်တော့သည်။

ပိုင်ရှောင်ချန်းကမူ မြန်ဆန်နေသော အသက်ရှူသံများအကြားတွင် ကြေမွနေသော ဆေးလုံး၏ အကြွင်းအကျန်များကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက လူလိမ်ညမုဆိုးကို လျစ်လျူရှုကာ အခြား ဝတ်စုံတစ်စုံထုတ်ယူဝတ်ဆင်လိုက်ပြီး နောက်ထပ်ဆေးတစ်လုံးကို ထပ်ဖော်စပ်ရန်ပြင်လိုက်သည်။

နောက်ထပ်သုံးရက် ကုန်ဆုံးသွားပြန်သည်။

” ဒါကိုမြည်းကြည့်စမ်း။ ” ပိုင်ရှောင်ချန်းက အော်ကာ ဆေးလုံးကို ချေမွလိုက်ပြန်သည်။

အုန်းခနဲမြည်ဟည်းသံကြီးတစ်သံ ပေါ်ထွက်လာပြီး ဤအချိန်တွင်မူ သူ၏ အဝတ်အစားများမှာ ထိခိုက်မှု မရှိပေ။ သို့သော်လည်း ပေါက်ကွဲမှု၏ ပြင်းအားကြောင့် ပိုင်ရှောင်ချန်းမှာ အင်မော်တယ်ဂူ၏ နံရံနှင့် သွားဆောင့်လိုက်သဖြင့် အက်ကွဲကြောင်းများ ဂူအနှံ့ ထွက်ပေါ်လာတော့သည်။

အတန်ငယ်ကြာသောအခါမှသာ မြေပြင်ပေါ်သို့ ပိုင်ရှောင်ချန်း ပြန်ကျလာပြီး နံရံမှာ လူပုံစံချိုင့်ကြီးတစ်ခု ကျန်ခဲ့တော့သည်။ သူက ပြတ်သားသည့် အရိပ်အယောင်များ ထပ်ဟပ်နေသော ဖြူဆုတ်နေသည့်မျက်နှာနှင့် အံကြိတ်ကာ ဆက်၍ အလုပ်ဆက်လုပ်နေပြန်တော့သည်။

လူလိမ် ညမုဆိုးမှာ မြင်တွေ့နေရသည့် အရာများကြောင့် မှင်တက်နေရတော့သည်။

” ဘယ်…. ဘယ်လိုမျိုးဆေးတွေများ ဖော်နေတာတုံး။ ”

နောက်ထပ်လေးရက် ကုန်ဆုံးသွားပြီးနောက် ပိုင်ရှောင်ချန်း၏ လက်ထဲတွင် အခြားဆေးတစ်လုံး ထပ်ရောက်လာသည်။ သူ၏မျက်လုံးများမှာ နီမြန်းနေပြီး နောက်သို့ဆုတ်ကာ နံရံကို မှီလိုက်သည်။ ဤအကြိမ်တွင် အောင်မြင်ရမည်ဟု ယုံကြည်ထားသဖြင့် သူက ဆေးလုံးကို ချေမွကာ အော်ဟစ်လိုက်ပြန်သည်။
” ဟုတ်ပြီဟေ့။ ဒါကိုမြည်းကြည့်စမ်း။ ”

ဤအချိန်တွင် သူ၏ အဝတ်အစားများမှာ ထပ်မံ ဆုတ်ပြဲသွားပြီး နောက်သို့အတွန်းမခံရတော့ပဲ ရှေ့သို့ဆွဲငင်ခံလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရနိုင်တော့ပဲ ဆန့်ကျင်ဘက်နံရံနှင့် ဝင်ဆောင့်သွားတော့သည်။ တဖျစ်ဖျစ် မြည်သံများထွက်လာပြီး နံရံပေါ်တွင် အက်ကွဲကြောင်းများ ထလာပြန်သည်။ ထိုစဥ် ညမုဆိုးမှာ ပိုင်ရှောင်ချန်းကို ကြည့်ကာ ပြင်းထန်စွာ တုန်ရီနေတော့သည်။

” သူ….သူက ဆေးဖော်စပ်နေတာမှ မဟုတ်ပဲ။ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားနေတာ ”
ညမုဆိုးမှာ ပိုင်ရှောင်ချန်းက သေဆုံးသွားနိုင်ခြင်းေကြာင့်မဟုတ်ဘဲ ထိုဆေးလုံးကို သူ့အပေါ်သို့ အသုံးချနိုင်မည့် အချက်ကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ တုန်ရီနေသည်။ ပိုင်ရှောင်ချန်းသာ သူဖော်စပ်နေသည့် ဆေးလုံးကို အောင်မြင်စွာဖော်စပ်နိုင်သွားပါက မည်သို့သော ကံကြမ္မာနှင့် သူ ဆုံတွေ့နိုင်မည်ကို မသိနိုင်လောက်အောင် ဖြစ်နေရတော့သည်။

ဤအချိန်တွင် ပိုင်ရှောင်ချန်းသည် ဒေါသထွက်နေပြီဖြစ်သည်။ နံရံထဲမှ ကြိုးစားရုန်းကန် ထွက်လိုက်ပြီးနောက် ထပ်မံဖော်စပ်ရန် ပြင်လိုက်ပြန်သည်။ ရက်အနည်းငယ် ကုန်ဆုံးသွားပြီး သူ၏ ဝိညာဥ်ဆေးလုံးမှာ ပုံစံအသစ်တစ်မျိုးဖြင့် ပေါ်ထွက်လာပြန်သည်။ ဤအကြိမ်တွင်မူ သူသည် ယခင်က ထိုးခွဲထားခဲ့သည့် နံရံထဲရှိ ချိုင့်ထဲသို့ တွားသွားဝင်ကာ ထိုနေရာသည် သူ့အတွက် ဘေးကင်းနိုင်စေရန် ဆုတောင်းနေတော့သည်။ ထို့နောက် သူက အံကြိတ်ကာ ဆေးလုံးကို ဖိချေရန် ပြင်လိုက်သည်။

လူလိမ်ညမုဆိုးကမူ သူ့ကိုသူ မထိန်းနိုင်တော့သဖြင့် အော်ဟစ်ငိုကြွေးလိုက်တော့သည်။
” သခင်လေးရယ်။ ကျနော့်ကို ချမ်းသာပေးပါဗျာ။ ”

ပိုင်ရှောင်ချန်းကမူ သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။
” ငါ့ယုံစမ်းပါ။ ဒီတစ်ခေါက် သေချာပေါက် အောင်မြင်မှာ။ ”

ထိုသို့ဆိုကာ သူက ဆေးလုံးကို ချေမွလိုက်တော့သည်။ ချက်ချင်းပင် ကျယ်လောင်သည့် အုန်းခနဲမြည်ဟည်းသံကြီးတစ်သံ ပေါ်ထွက်လာပြီး ဆွဲငင်ခြင်းနှင့် တွန်းကန်ခြင်းတို့၏ စွမ်းအားများ ပေါ်ပေါ်လာသည်။ ဤအချိန်တွင် ဆေးလုံးသည် ပေါက်ကွဲရုံမျှသာ ပေါက်ကွဲပြီး ပိုင်ရှောင်ချန်းမှာ နံရံထဲတွင် ပုန်းနေသည့်တိုင် ပေါက်ကွဲမှုဒဏ်ကို ခံလိုက်ရသေးသည်။ အင်မော်တယ် ဂူတစ်ဂူလုံးမှာ ရှေ့နောက် ယိမ်းထိုးနေတော့သည်။

ပိုင်ရှောင်ချန်းမှာလည်း နံရံထဲရှိနေရာမှ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ဘိုင်းခနဲပြုတ်ကျသွားသည်။ သူက အနည်းငယ်မျှ ကုန်းရုန်းထလိုက်ပြီးနောက် ပြန်ထိုင်လိုက်လေသည်။ ထို့နောက် သူသည် အသက်နှင့် လောင်းကြေးထပ်ထားသည့်အလား ဆေးဖော်စပ်ရန် ပြင်လိုက်ပြန်သည်။

ညမုဆိုးမှာမူ တုန်ရီလွန်းသဖြင့် ပြိုလဲတော့မည့်အလား ဖြစ်နေပြီး သူ၏ အနာဂတ်ကို ရေရေရာရာ မသိတော့ချေ။ သူသည် နှိပ်စက်မှုဒဏ်အကြီးကြီးကို ခံစားနေရသည်။ ပိုင်ရှောင်ချန်း ဆေးလုံးကိုချေမွလိုက်တိုင်း ပေါ်ထွက်လာသည့် ကြောက်မက်ဖွယ် ရလဒ်များကြောင့် သူ၏ အကြောက်တရားများမှာ ကြီးထွားလာရသည်။

ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ပိုင်ရှောင်ချန်းက နောက်ထပ်တစ်ခေါက် စမ်းသပ်ရန် အဆင်သင့်ဖြစ်နေပြန်ပြီ ဖြစ်သည်။ လူလိမ် ညမုဆိုးကမူ အော်ဟစ်မြည်တမ်းကာ ဆိုလိုက်သည်။ ” သခင်လေးရေ။ ကျေးဇူးပြုပြီးတော့ ကျနော့်အသက်ကို ချမ်းသာပေးပါလားဗျာ။ ”

သူက အမှန်တကယ် မသေချင်သေးပေ။ သူက ခေါင်းဖြတ်သည့် သစ်တုံးပေါ်တွင် ခေါင်းတင်ခံထားရပြီး သူ့ကိုခုတ်သည့် ပုဆိန်ကြီးမှာ ခဏခဏလွဲနေ၍သာ အသက်ရှင်နေရသေးသည့် သေမိန့်ကျ အကျဥ်းသားတစ်ယောက်အလား ခံစားနေရတော့သည်။ ထိုခံစားချက်ကြီးမှာ နာကျည်းဖွယ် ကောင်းလွန်းလှသည်။

” ငါ့ကိုယုံစမ်းပါ။ ဒီတစ်ခေါက် သေချာပေါက် အောင်မြင်မှာ။ ” ပိုင်ရှောင်ချန်းကမူ အော်ဟစ်ကာ ဆေးလုံးကို ချေမွလိုက်သဖြင့် နောက်ထပ် အုန်းခနဲ မြည်ဟည်းသံတစ်သံ ပေါ်ထွက်လာပြန်သည်။

အချိန်များမှာ နှစ်လ တိတိကုန်ဆုံးသွားသည်။ ထိုအတောအတွင်း ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူမှာ နေ့စဥ် ယိမ်းခါနေသည်။ အကယ်၍ ပိုင်ရှောင်ချန်းတွင် အံ့သြဖွယ်ကောင်းလောက်အောင် သန်မာသော အပြင်ခန္ဓာကိုယ်သာ မရှိလျှင် ယခုအခါ သူ အပြင်းအထန် ဒဏ်ရာရရှိနေမည်မှာ ဧကန်ပင်။

လူလိမ်ညမုဆိုး၏ မျှော်လင့်ချက်ကင်းမဲ့နေသည့် နေ့ရက်များအနက် တစ်ရက်တွင် အုန်းခနဲ မြည်ဟည်းသံတစ်သံနှင့်အတူ အားပြင်းသော ဆွဲငင်အားတစ်ခု ပေါ်ထွက်လာသည်။ လူလိမ်ညမုဆိုးမှာ ချက်ချင်းပင် ဖမ်းဆုပ်ခံလိုက်ရသည့်အလား ဖြစ်သွားပြီး တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ လက်ဖဝါးဆီသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။

” ဟားဟားဟား။ နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီကွ။ ”
ပိုင်ရှောင်ချန်းက အင်မော်တယ်ဂူ အပျက်အစီးများကြားတွင် ရှုပ်ပွနေသည့်ဆံပင်များဖြင့် စိတ်လှုပ်ရှားစွာ ရပ်ကာ အော်ဟစ်လိုက်သည်။ ညမုဆိုးတစ်ယောက်ထဲသာ ပြီးခဲ့သည့်နှစ်လအတောအတွင်း နှိပ်စက်မှု ဒဏ်များကို ခံခဲ့ရသည်မဟုတ်ပေ။

ဤအချိန်တွင်မူ သူသည် ဆေးလုံးကို ချေမွလိုက်လျှင် ဆွဲငင်ခြင်းနှင့် တွန်းကန်ခြင်းတို့၏ စွမ်းအားများကို ထုတ်လွှတ်ပေးကာ အနီးအနားရှိ ဝိညာဥ်တိုင်းအား ဆေးလုံးကို ချေမွလိုက်သည့် နေရာသို့ ဆွဲခေါ်သွားသည့် ဆေးလုံးတစ်မျိုးကို တီထွင်နိုင်လိုက်ပြီ ဖြစ်သည်။

” ဒီဆေးလုံးကို ဝိညာဥ်စုစည်းဆေးလုံးလို့ အမည်ပေးမယ်ဟေ့။ ”
သူက ထိုသို့အော်ဟစ်ကာ ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်သည်။ သူသည် မောပန်းနွမ်းနယ်နေပါသော်လည်း စိတ်လှုပ်ရှားမှုများကြောင့် ရူးသွပ်နေသဖြင့် အနည်းငယ်မျှ အနားယူပြီးလျှင် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်တန်းကြယ်ပွင့်များစမ်းသပ်ပွဲကို ထပ်မံစိန်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။

” ဒီတစ်ခေါက်တော့ အဲ့ ဝိညာဥ် အစုတ်ပလုတ်တွေကို သင်ခန်းစာ တစ်ခုနှစ်ခုလောက် ပြရသေးတာပေါ့။ ” သူ့ကိုသူ ဂုဏ်ယူနေသဖြင့် သူသည် ဝိညာဥ်စုစည်း ဆေးလုံးများကို ထပ်မံ ဖော်စပ်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်ကာ တင်ပျဥ်ခွေထိုင်၍ အသက်ရှူလေ့ကျင့်ခန်းများ လုပ်လိုက်တော့သည်။

နောက်တစ်လလုံးတိုင်အောင် ပိုင်ရှောင်ချန်းသည် ဝိညာဥ်စုစည်း ဆေးလုံးများကို အရူးအမူး ဖော်စပ်နေတော့သည်။ သူမောပမ်းလာတိုင်း အသက်ရှူလေ့ကျင့်ခန်း အနည်းငယ်ပြန်လုပ်လိုက်ပြီး အလျင်မြန်ဆုံး ဆေးများကို ပြန်ဖော်စပ်နေပြန်တော့သည်။ အချိန်များကုန်ဆုံးသွားသောအခါ သူသည် ဆေးလုံးအရေအတွက် အမြောက်အမြားကို စုဆောင်းမိရုံသာမ သူ့ကိုယ်သူ မောပမ်းအောင်လုပ်ပြီး ပြန်လည်အနားယူကာ အားဖြည့်မှုများကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံသည်လည်း နှောင်းပိုင်း ရွှေအမြုတေအဆင့်သို့ တဖြည်းဖြည်း ကပ်လာတော့သည်။

တစ်ရက်တွင် ဆေးဖော်စပ်မှု တစ်ပိုင်းပြီးသဖြင့် အသက်ရှူလေ့ကျင့်ခန်းလုပ်ရန် ပြင်နေစဥ် အင်မော်တယ်ဂူအပြင်ဘက်သို့ ရုတ်တရတ် လှမ်းကြည့်လိုက်သောအခါ သူ၏ မျက်နှာပေါ်တွင် အံ့သြသည့်အမူအရာတစ်ခု ပေါ်လာသည်။

မကြာမီ အလင်းတန်းသုံးစင်းမှာ သူ့ဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။ သူတို့သည် နတ်ဆရာ၊ ချင်းမေ့ယွမ်နှင့် ရွှီပေါက်ချိုင်တို့ဖြစ်ပြီး သူတို့အားလုံးမှာ တစ်ခုခုကို စိုးရိမ်နေသည့်ပုံပေါ်နေသည်။

သူသည် အလယ်ပိုင်း ရွှေအမြုတေအဆင့်၏ ထိပ်ဆုံးတွင်ရောက်နေပြီဖြစ်၍ ခပ်လှမ်းလှမ်းမှပင် ထိုသုံးယောက်၏ စိုးရိမ်နေသောအမူအရာများကို မြင်လိုက်ရပြီး တစ်ခုခုလွဲမှားနေပြီဖြစ်ကြောင်း သိလိုက်လေသည်။

သူတို့က အင်မော်တယ်ဂူဆီသို့ မရောက်ခင်မှာပင် အသံကုန်အော်ဟစ်လိုက်ကြတော့သည်။

“ခေါင်းဆောင်လေးရေ ဖက်တီးကျန်းကြီး ဒုက္ခရောက်နေပြီ…. ”

” ရှောင်ချန်းရေ.. ဖက်တီးကျန်းကြီးကို မြန်မြန် လာကယ်ပါဦး။ ”

သူတို့၏ စကားများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားတော့သည်။ သူက အင်္ကျီလက်ကို ခါယမ်းကာ အင်မော်တယ်ဂူ၏ တံခါးကို ဝုန်းခနဲဖွင့်လိုက်ပြီး အပြင်ဘက်သို့ လှစ်ခနဲ ထွက်သွားလိုက်သည်။

ထို့နောက် နတ်ဆရာ၏ ပုခုံးကို ဆုပ်ကိုင်ကာ သူက အော်မေးလိုက်သည်။
” အစ်ကိုအကြီးဆုံး ဘာဖြစ်လို့လဲ။ “

Comment

Leave a Reply

Options

not work with dark mode
Reset