” သူတို့က ငါ့ကိုသတ်ဖို့ ကြိုးစားနေမှတော့ ငါကလည်း သူတို့ကို သတ်ပေးရတာပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ရေရွတ်လိုက်၏။ ဤ အရည်အချင်းစမ်းသပ်ပွဲမှာ သတ်ဖြတ်ခြင်းအား တားမြစ်ထားခြင်းမရှိကြောင်း သူက သိထားသည်။ သို့သော် ပြိုင်ပွဲဝင်များအားလုံးမှာ တစ်ဂိုဏ်းတည်းမှ ဖြစ်နေကြသောကြောင့် အဖွဲ့အစည်းအမျိုးမျိုးမှ ဖြစ်နေကြလျှင်တောင် သတ်ဖြတ်မှုများမှာ မရှိသလောက်နည်းနေမည်သာဖြစ်သည်။ သို့သော် သူ့ကိုမူ ထိုကဲ့သို့ ညှာတာပေးနေကြမည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် လှောင်ပြုံးပြုံးလိုက်၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပသွားပြီး သူသည် တွေ့ဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။ ထို့ကြောင့် သူသည် သူ၏ရှေ့တွင်ရှိနေသော ကျင့်ကြံသူတစ်ဒါဇင်နှင့် ချက်ချင်းပင် ထိပ်တိုက်ရင်ဆိုင် တွေ့သွားတော့သည်။
” ပြည်ထောင်စုကြီးရဲ့ အဆင်နိမ့်သတ္တဝါ။ သေစမ်းကွာ ”
” သူ့ကို သတ်ကြဟေ့ ”
ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားများအားလုံးမှာ အသံကုန်အော်ဟစ်ကာ သူ့အား တိုက်ခိုက်လိုက်ကြ၏။ သူတို့အသုံးပြုလိုက်သည့် မန္တန်များနှင့် အဆောင်ပစ္စည်းများကြောင့် ကောင်းကင်ကြီးတစ်ခုလုံး ဝင်းလက်သွားသည်။
သို့သော် သူတို့ ထိုကဲ့သို့ တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို လမ်းကြောင်းပြောင်းသွား၏။ ထို့နောက် သူနှင့် တစ်ထေရာတည်းတူသော လျှပ်စီးကိုယ်ပွားတစ်ခုမှာ သူ၏ခန္ဓာကိုယ်ထဲမှ ခွဲထွက်လာတော့သည်။ ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို နှစ်ကိုယ်ခွဲသွားသကဲ့သို့ ဖြစ်သွား၏။
ထိုကိုယ်ပွားမှာ ရပ်တန့်သွားခြင်းမရှိဘဲ လူအုပ်ကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသဖြင့် သူတို့၏ မန္တန်များနှင့် အဆောင်ပစ္စည်းများမှာ ၎င်းဆီသို့ ရောက်ရှိလာကြ၏။ ဝမ်ပေါင်လဲ့အစစ်မှာမူ နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်၏။ ထိုအခါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ ပေါ်ပေါက်လာတော့သည်။ အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများမှာ အသွားထက် ဓားများကဲ့သို့ အပြင်ဘက်သို့ဆန့်ထွက်လာကြပြီး လူအုပ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေပြီ ဖြစ်သည်။
အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ လူအုပ်ကြီး၏ မန္တန်များအားလုံးမှာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွား ပေါ်သို့ ကျရောက်သွားကြသည်။ သူတို့မှာ ပစ်မှတ်ပြောင်းရန် ပြင်လိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် အပြင်ဘက်တွင်ရှိနေသော အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများမှာ အဆောင်ပစ္စည်းများအားလုံးကို တိခနဲ ဖြတ်တောက်ပစ်လိုက်ပြီး မန္တန်များ၏ အစွမ်းများကို လျစ်လျူရှုကာ ကျင့်ကြံသူငါးယောက်၏ နဖူးအား ထုတ်ချင်းပေါက် ထိုးဖောက်သွားတော့သည်။
ထိုအခါ ထို ကျင့်ကြံသူငါးယောက်ဆီမှ အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များမှာ လူတိုင်း၏ရှေ့တွင် တဆတ်ဆတ် တုန်ရီကာ ပိန်လှီရှုံ့တွသွားကြ၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာဖြစ်သော အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများမှာ သူတို့၏ ခန္ဓာကိုယ်များအား ဆွဲခေါ်သွားကြသဖြင့် ၎င်းတို့မှာ လေထဲတွင် ယိမ်းထိုးနေကြတော့သည်။
ထိုအဖြစ်အပျက်များအားလုံးမှာ လူတိုင်း၏ ရှေ့တွင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ထိုလူအုပ်ကြီး သူတို့၏ ပထမဆုံးတိုက်ကွက်များကို ထုတ်လွှတ်လိုက်သည့် အချိန်မှစ၍ ကျင့်ကြံသူငါးယောက် အသံကုန်အော်ဟစ်ကာ နဖူးများ ထုတ်ချင်းပေါက်သွားကြသည့် အချိန်အထိ မျက်စိတစ်မှိတ်ခန့်သာ ကြာမြင့်သွားခဲ့၏။ ထို့ကြောင့် ကျန်ရှိနေသေးသော ကျင့်ကြံသူများမှာ ဆွံ့အမှင်တက်သွားရတော့သည်။ သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင်ရှိနေသော အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသော ထိုကျင့်ကြံသူ ငါးယောက်၏ အသွေးအသားများနှင့် စိတ်ဆန္ဒများအားလုံးမှာ စုပ်ယူခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ချက်ချင်းဆိုသလိုပင် အရိုးခြောက်များအဖြစ် ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျလာကြတော့သည်။
ထိုမြင်ကွင်းထက် ပို၍ ကျောချမ်းစရာကောင်းနေသည်မှာ အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများပင် ဖြစ်သည်။ ၎င်းတို့မှာ အဆက်မပြတ် လူးလွန့်နေကြပြီး ၎င်းတို့ စုပ်ယူထားသမျှ အရာအားလုံးကို ဝမ်ပေါင်လဲ့ဆီသို့ ပြန်လည်ပေးပို့နေကြ၏။ ထိုမြင်ကွင်းကြောင့် အသက်ရှင်ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူများမှာ သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားသွားကြပြီး ကြောက်လန့်တကြား အော်ဟစ်ကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြတော့သည်။
လီပင်းမှာ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားကာ အသက်ရှူသံများ မြန်ဆန်လာပြီး ဦးရေခွံများ ထုံကျဉ်လာတော့သည်။ သို့သော် သူသည် နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အခြားသူများထက် ပို၍ စိတ်ဓာတ်ခိုင်မာသူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အခြားသူများ ထိတ်လန့်ကြောက်ရွံ့ကာ တိုက်ခိုက်ချင်စိတ်များ ပျောက်ကွယ်သွားမည့်အဖြစ်သို့ မရောက်စေရန် အလို့ငှာ သူတို့အား အားပေးစကားများ ပြောရန် ပြင်လိုက်၏။
သို့သော် သူ ပါးစပ်မဟနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်ပြီး အစောပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ ရှေ့တွင် ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာ မြန်ဆန်လွန်းနေသောကြောင့် ထိုကျင့်ကြံသူမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ သူသည် မကြာသေးမီတုန်းက မြင်ခဲ့ရသည့် ကျောချမ်းဖွယ်ရာ မြင်ကွင်းကြီးကြောင့် တုန်လှုပ်ချောက်ချားနေရဆဲဖြစ်ရာ ဝမ်ပေါင်လဲ့ သူ့ဆီသို့ ချဉ်းကပ်လာသည်ကို သတိထားမိလိုက်သည့်အချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူသည် နောက်သို့ဆုတ်ရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်အား မြှောက်လိုက်၏။ ထိုအခါ ထိုကျင့်ကြံသူ၏ ပတ်ပတ်လည်တွင် ရှိနေသော အကာအကွယ် အဆောင်ပစ္စည်းများနှင့် မန္တန်များအားလုံးမှာ တစ်စစီ ပျက်စီးသွားကြပြီး လုံးဝ အသုံးမဝင်တော့ပေ။ ထို့နောက် သူသည် ထို ကျင့်ကြံသူ၏ နဖူးအား လှမ်းရိုက်လိုက်၏။
ထိုအခါ ဖောက်ခနဲ မြည်သံအကျယ်ကြီး တစ်သံ ထွက်ပေါ်လာပြီး ထိုကျင့်ကြံသူ၏ ဦးခေါင်းမှာ တစစီပေါက်ကွဲသွားတော့သည်။ သူ၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းတစ်ခုမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်လာ၏။ ဝမ်ပေါင်လဲ့မှာမူ ထိုအလောင်းအား တစ်ချက်ပင်မကြည့်ဘဲ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ လျှပ်စီးတမျှ မြန်ဆန်သော အမြန်နှုန်းကို အသုံးပြု၍ အလယ်အလတ် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ ရှေ့တွင် ပေါ်ပေါက်လာပြန်သည်။
သူသည် ထိုကျင့်ကြံသူအား မှတ်မိနေ၏။ သူသည် ဝမ်ပေါင်လဲ့ ဂူဗိမာန်ကြီး၏ အပြင်ဘက်တွင် ရှိနေခဲ့စဉ်တုန်းက သူ့အား သတ်ဖြတ်ရန်ကြိုးစားခဲ့သော လီပင်း၏ အပေါင်းအပါများထဲမှ တစ်ယောက်ဖြစ်ပေသည်။ ထို အလယ်အလတ် အမြုတေအဆင့် ကျင့်ကြံသူမှာမူ အစောပိုင်း အမြုတေအဆင့် ကျင့်ကြံသူထက် သိသိသာသာပို၍ မြန်ဆန်နေ၏။ သူသည် အံ့ဩတုန်လှုပ်သွားသည့်တိုင်အောင် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အော်ဟစ်လိုက်၏။
” ဝမ်… ”
သို့သော် သူသည် ထို စကားလုံးတစ်လုံးသာ အော်နိုင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ လျှာထိပ်ကိုကိုက်ကာ သွေးတစ်ပွက် အန်ထုတ်လိုက်ရသောကြောင့်ဖြစ်သည်။ ၎င်းမှာ သာမန်သွေးများ မဟုတ်ဘဲ သူ၏ လျှို့ဝှက်လက်နက်တစ်ခု ဖြစ်ပေသည်။ ထိုသွေးများမှာ သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားပြီး တမူထူးခြားသော မန္တန်စွမ်းအင်များကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။
သို့သော် ဝမ်ပေါင်လဲ့၏ ရှေ့တွင်မူ မည်သည့်တိုက်ကွက်မှ အသုံးမဝင်ပေ။ သူ၏ လက်သီးမှာ ထိုသွေးမြူခိုးများအား ဖြတ်ကျော်သွားလိုက်ပြီးနောက် ထိုကျင့်ကြံသူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာ၏။ ထိုအခါ တဂျွတ်ဂျွတ်မြည်သံများ အဆက်မပြတ်ထွက်ပေါ်လာပြီး ထို ကျင့်ကြံသူ၏ ရင်ဘတ်မှာ အတွင်းဘက်သို့ ချိုင့်ဝင်သွားသဖြင့် သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။ ထို့နောက် သူ သေဆုံးသွားချိန်တွင် အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အား ထိုးဖောက်သွား၏။
ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသည်။ မျက်စိတစ်မှိတ်အတွင်းတွင် အစတုန်းက ရှိနေခဲ့သည့် ကျင့်ကြံသူ ဆယ့်သုံးယောက်ထဲမှ ခုနစ်ယောက်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လီပင်း အပါအဝင် ကျင့်ကြံသူခြောက်ယောက်သာ ကျန်ရှိတော့သည်။
” မင်း…. မင်း ဘယ်လိုလုပ်ပြီးတော့ ဒီလောက်အထိ အစွမ်းထက်နေရတာလဲ ” ဝမ်ပေါင်လဲ့တစ်ယောက် အလွန်အင်မတန်မှ ထူးဆန်းသော နည်းလမ်းများကိုအသုံးပြုကာ လူခုနစ်ယောက်တိတိအား သတ်ဖြတ်ခဲ့သည်ကို မျက်ဝါးထင်ထင်မြင်လိုက်ရသည့် လီပင်းမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သူသည် အသက်ရှူသံများ မတည်မငြိမ်ဖြစ်ကာ ဦးရေခွံများလည်း ထုံကျဉ်နေပြီး သူ မြင်တွေ့ခဲ့ရသည့် အရာအားလုံးကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။
သူသည် နှောင်းပိုင်း အမြုတေအဆင့်တွင် ရှိနေလျှင်တောင် ဝမ်ပေါင်လဲ့အား ယှဉ်နိုင်မည်မဟုတ်ကြောင်း ချက်ချင်းပင်ရိပ်မိသွား၏။ ဝမ်ပေါင်လဲ့၏ မန္တန်ကြီးမှာ အလွန်အင်မတန်မှ ကျောချမ်းစရာကောင်းပြီး ထူးဆန်းလွန်းနေသည်မဟုတ်ပါလော။ သူ့ဆီမှ သွေးညှီနံ့များနှင့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ အဆက်အပြတ် ပေါ်ထွက်နေ၏။ သူသည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေရင်း ဂူဗိမာန်ကြီး၏ အပြင်ဘက်၌ ချီလင်း ပေါ်ပေါက်လာခဲ့သည့်အချိန်အား ပြန်၍သတိရသွားတော့သည်။ ထိုစဉ်တုန်းက ချီလင်းမှာ ဝမ်ပေါင်လဲ့အား ကယ်တင်ပေးခဲ့ခြင်း မဟုတ်ဘဲ သူ့အား ကယ်တင်ပေးခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ လီပင်းသာ ရောက်မလာခဲ့ပါက သူသည် သေသွားလောက်ပြီဖြစ်ကြောင်း တွေးမိလိုက်သဖြင့် သူသည် လောကကြီးတစ်ခုလုံးမှာ လုံးဝ အဓိပ္ပါယ်မရှိတော့သည့်အလား ခံစားလိုက်ရတော့သည်။ ထိုစဉ်တုန်းက သူသည် ဝမ်ပေါင်လဲ့မှာ ကံကောင်းသွားခဲ့သည်ဟု တွေးနေခဲ့သည်မဟုတ်ပါလော။
သူ၏ အထင်နှင့်အမြင်မှာ တခြားစီပင်။ ထိုစဉ်တုန်းက ကံကောင်းသွားခဲ့သည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်နေ၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ စွမ်းအားများကို မျက်ဝါးထင်ထင် ကြုံတွေ့ပြီးသွားသည့်တိုင်အောင် သူ့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရဆဲပင်။
” သူက တော်တော်ကို လျှို့ဝှက်တဲ့ကောင်ပဲ ” လီပင်းမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်သို့ထွက်ပြေးရန် ချက်ချင်းပင်ကြိုးစားလိုက်၏။ သို့သော် သူ အဝေးကြီးသို့ မရောက်ခင်မှာပင် သူ၏နောက်တွင် သနားစဖွယ် အော်ဟစ်သံငါးသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ထိုအော်ဟစ်သံများမှာ လီပင်း၏ နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်သွင်းပေးလိုက်သကဲ့သို့ပင်။ သို့သော် သူသည် နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲ မဟုတ်ပါလော။ ထို့ကြောင့် ယခုလို သေရေးရှင်ရေး အခိုက်အတန့်မျိုးတွင် အန္တရာယ်ကြီးတစ်ခု သူ၏နောက်မှနေ၍ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်သောအခါ လီပင်းမှာ အံကြိတ်ကာ အသံကုန်အော်ဟစ်လိုက်ပြီး နောက်သို့လှည့်၍ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်တော့သည်။
ထိုအခါ သူ၏နောက်တွင် ဧရာမ ပုံရိပ်ယောင် တံဆိပ်ကြီးတစ်ခု ပေါ်ပေါက်လာပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသော အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းဆီသို့ ဦးတည်သွား၏။ ထို့နောက် လေထဲတွင် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ထို အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။ လီပင်းမှာမူ ပါးစပ်ထဲမှ သွေးများစီးကျလာပြီး နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရသည်။
သို့သော် သူသည် သေမင်ခံတွင်းဝမှ လွတ်မြောက်သွားပြီဟု မခံစားလိုက်ရသည့်အပြင် မျှော်လင့်ချက်များပင် ပျက်သုဉ်းသွားရတော့သည်။
အဘယ်ကြောင့်ဆိုသော်…. သူသည် အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်း တစ်ခုတည်းကိုပင်လျှင် အစွမ်းကုန်ထုတ်ကာ ခုခံတွန်းလှန်ခဲ့ရသည် မဟုတ်ပါလော။ ထို့အပြင် သူသည် ထို ရိုက်ခတ်မှုဒဏ်များကြောင့် ဒဏ်ရာများပင်ရသွားခဲ့သေးသည်။ သို့သော် သူ၏ရှေ့တွင်ရှိနေသော ဝမ်ပေါင်လဲ့မှာမူ သူ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေဆဲပင်။ သူ၏ ဘေးပတ်ပတ်လည်တွင်မူ အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများမှာ လေထဲ၌ ယိမ်းထိုးနေကြ၏။ ၎င်းတို့၏ အရေအတွက်မှာ ဒါဇင်နှင့်ချီ၍ ရှိနေကြသည်။
” ငါ့ဆီမှာရှိတဲ့ သော့တွေအကုန်လုံးကို မင်းကို ပေးပါ့မယ်။ ငါ့ကို မသတ်ပါနဲ့ ဝမ်ပေါင်လဲ့။ ဒါ အရည်အချင်းစမ်းသပ်ပွဲတစ်ခုနော်။ တစ်ဂိုဏ်းလုံးနဲ့ အကြီးအကဲတွေအကုန်လုံးက ငါတို့ကို စောင့်ကြည့်နေကြတာ ”
သို့သော် သူသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ဆန့်ထွက်လာသည်ကိုသာ မြင်လိုက်ရသည်။ ၎င်းတို့မှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်လာကြပြီး သူ၏ခန္ဓာကိုယ်အား ထိုးဖောက်သွားကြ၏။ ထို့ကြောင့် လီပင်းမှာ အမုန်းမျက်လုံးများဖြင့် အသံကုန်အော်ဟစ်လိုက်တော့သည်။ သို့သော် ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်မှာ ရှုံ့တွခြောက်ကပ်သွားပြီး သူသည် သေဆုံးသွားရတော့သည်။
” ငါ အရင်တစ်ခေါက်ကတည်းက ပြောပါတယ်။ မင်း ကံကောင်းသွားတာပါလို့ ” ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာဆိုလိုက်၏။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ တစ်ဝက်တစ်ပျက် အဆင့်တွင် ရှိနေခဲ့သော နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာကြီးမှာ ပျောက်ကွယ်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ ပုံမှန်အနေအထားသို့ ပြန်ရောက်သွားပြီး သူသည် အနည်းငယ်ခန့် ရီဝေဝေဖြစ်နေသည့်ပုံ ပေါက်နေသော်လည်း ခဏအကြာတွင် အကောင်းအတိုင်းပြန်ဖြစ်သွား၏။
” ကျူးသို နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာက စိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိတာပဲ။ ဒါပေမဲ့ ချပ်ဝတ်တန်ဆာကို ချွတ်ပြီးသွားရင်တော့ ကိုယ့်ရဲ့အသိစိတ်က ပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ သုံးသပ်လိုက်ပြီး သူ၏ ပတ်ပတ်လည်တွင် ပြန့်ကျဲနေသည့် လူသေအလောင်းများအား ငေးကြည့်နေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ အခြားသူများအား သတ်ဖြတ်ရသည်ကို စိုးရိမ်နေခြင်း မရှိပေ။ ပထမဦးဆုံး အချက်အနေနှင့် ဤ အရည်အချင်းစမ်းသပ်ပွဲမှာ သတ်ဖြတ်ခြင်းများကို တားမြစ်ထားခြင်းမရှိပေ။ ဒုတိယအချက်အနေနှင့် ဝမ်ပေါင်လဲ့မှာ သူ ပထမနေရာကို အရယူနိုင်သရွေ့ ဖုန့်ချိုးရန်မှာ ထိုအခွင့်အရေးကို အမိအရ အသုံးချလိမ့်မည်သာဖြစ်ကြောင်း သိထား၏။ အကယ်၍ သူမသာ ထိုကဲ့သို့ အသုံးမချနိုင်ပါက သူမကိုယ်သူမ အကြီးအကဲတစ်ယောက်အဖြစ် မသတ်မှတ်သင့်တော့ပေ။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတော့လိုက်ပြီးနောက် ခေါင်းမော့ကာ ကောင်းကင်မြေပုံကြီးအား စိုက်ကြည့်နေရင်း မျက်လုံးများမှေးသွား၏။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ ရောက်ရှိလာတော့သည်။ သူတို့နှစ်ယောက်မှာ ဘေးပတ်ပတ်လည်တွင် ပြန့်ကျဲနေကြသည့် လူသေအလောင်းများအား မြင်လိုက်ကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြတော့သည်။ ထို့နောက် သူတို့မှာ စကားတစ်ခွန်းမှပြောမနေဘဲ ထိုအလောင်းများဆီမှ သော့များကို စုဆောင်းလိုက်ကြ၏။ ထို အလောင်းများဆီတွင် သော့ခုနစ်ချောင်း ရှိနေသည်ဖြစ်ရာ သူတို့တွင် ရှိနေသည့် သော့ခြောက်ချောင်းနှင့် ပေါင်းလိုက်ပါက စုစုပေါင်း သော့ဆယ့်သုံးချောင်းအထိ ရှိသွားပြီဖြစ်သည်။
ထိုသော့ဆယ့်သုံးချောင်းမှာ စုဝေးသွားကြ၏။ ၎င်းတို့၏ အရေအတွက်မှာ တပည့်ရင်းငါးယောက် ပိုင်ဆိုင်ထားသည့် အရေအတွက်များနှင့် မယှဉ်နိုင်သည့်တိုင်အောင် ကောင်းကင်မြေပုံထဲတွင်မူ အလွန်အင်မတန်မှ သိသာထင်ရှားနေဆဲပင်။
တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ညကောင်းကင်ကြီးအား စိုက်ကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် အဝေးသို့ ပြေးထွက်သွားပြန်သည်။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ နှစ်ယောက်မှာလည်း အသက်ပြင်းပြင်း ရှူလိုက်ကြပြီးနောက် သူ၏နောက်မှ လိုက်သွားကြ၏။
ထိုအချိန်တွင် ပြင်ပကမ္ဘာကြီးထဲရှိ လူအချို့မှာ ဝမ်ပေါင်လဲ့၏ သတ်ဖြတ်မှုများကို သတိထားမိသွားတော့သည်….