Switch Mode

အခန်း (၅၆၃)

ကံကောင်းပါစေ

ထိုကမ္ဘာကြီးထဲရှိ အနောက်မြောက်ပိုင်း ဒေသထဲ၌ ‌အံ့ဩတုန်လှုပ်ဖွယ်ရာ ကိစ္စကြီးတစ်ခု ဖြစ်ပျက်နေစဉ် ပြင်ပကမ္ဘာထဲမှ ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မတောင်ထိပ်ပေါ်ရှိ ပြည်သူ့ရင်ပြင်ထဲတွင်မူ ပွဲကြည့်ပရိသတ်များမှာ ဝဲသုံးခုကို ကြည့်နေရှုနေကြရင်း ပင့်သက်များရှိုက်မိသွား၏။ အများစုမှာဆိုလျှင် မတ်တတ်ထလာကြပြီး ဝဲတစ်ခုထဲမှ ပုံရိပ်တစ်ခုအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။ ထိုပုံရိပ်မှာ မြဲ့လျဲ့ကျိ အဖွဲ့အစည်းမှ ဂိုဏ်းသားတစ်ယောက် ဖြစ်ပေသည်။

ထိုဝဲသုံးခုထဲတွင် ပုံရိပ်ပေါင်းမြောက်မြားစွာ ရွေ့လျားနေကြပါသော်လည်း လက်ရှိတွင်မူ အံ့ဩစရာအကောင်းဆုံး ပုံရိပ်ကြီးတစ်ခုမှာ လူတိုင်း၏အာရုံကို ဖမ်းစားထား၏။

ထိုပုံရိပ်ထဲတွင် မြဲ့လျဲ့ကျိ၏ တပည့်ရင်းဖြစ်သော ဒူဂူလင်း ရှိနေ၏။ သူသည် အေးစက်စက်မျက်နှာမူအရာဖြင့် လေထဲတွင် ပျံသန်းနေသည်။ သူ၏ အမြန်နှုန်းမှာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် အမြန်ဆုံးအနေအထားသို့ ရောက်နေပြီဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ဖုန့်ချိုးရန်၏ အဖွဲ့အစည်းမှ ဂိုဏ်းသားတစ်ယောက်၏ အနားသို့ ရောက်ရှိလာ၏။ ထိုကျင့်ကြံသူမှာ စကားပြောချိန်ပင် မရလိုက်ဘဲ ဒူဂူလင်း၏ တိုက်ခိုက်မှုကိုခံလိုက်ရ၏။ သူသည် လက်ချောင်းတစ်ချောင်းတည်းဖြင့် ထိုကျင့်ကြံသူအား နောက်သို့လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ ထိုအခါ ထို ကျင့်ကြံသူမှာ ပါးစပ်ထဲမှ သွေးများစီးကျလာပြီး ဒဏ်ရာအပြင်းအထန်ရကာ သတိလစ်သွားတော့သည်။

သူ၏သော့မှာလည်း သူ့ဆီမှ ပျံထွက်လာပြီး အဝေးသို့ ပြေးထွက်သွားပြီ ဖြစ်သော ဒူဂူလင်းဆီသို့ ဦးတည်သွား၏။ ဒူဂူလင်းမှာ ထိုသော့ကို လိုအပ်နေသည့်‌တိုင်အောင် ၎င်းအား သိပ်၍ ဂရုစိုက်မနေသည့်ပုံပင်။

ပွဲကြည့်ပရိသတ်များမှာ ဒူဂူလင်းတစ်ယောက် ထိုကဲ့သို့ ပြုမူနေသည့်ပုံရိပ်များကို ထပ်ခါတလဲလဲ မြင်တွေ့ခဲ့ရ၏။ သူ ပိုင်ဆိုင်ထားသည့် သော့ချောင်း အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် များများသောကြောင့် ယခုတွင် အချောင်းလေးဆယ်ကျော်အထိ ရှိနေပြီဖြစ်သည်။

၎င်းမှာ ဤ အရည်အချင်းစမ်းသပ်ပွဲထဲတွင် ပြိုင်ပွဲဝင်တစ်ယောက် အများဆုံးပိုင်ဆိုင်ထားသည့် ပမာဏဖြစ်ပေသည်။

ပြည်သူ့ရင်ပြင်ထဲတွင်ရှိနေကြသော ပွဲကြည့်ပရိသတ်များမှာ အသံမျိုးစုံထွက်လာကြပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ အထူးသဖြင့် မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းမှ ဂိုဏ်းသားများမှာဆိုလျှင် စိတ်လှုပ်တရှားနှင့် အော်ဟစ်အားပေးနေကြ၏။

” ဂိုဏ်းတူအစ်ကိုကြီး ဒူဂူလင်းက အမြုတေအဆင့်ကျင့်ကြံသူတွေ အားလုံးထဲမှာ ပြိုင်ဘက်ကင်းပဲ ”

” ဟားဟား။ ဂိုဏ်တူအစ်ကိုကြီး ဒူဂူလင်း အနိုင်ရမယ်လို့ ငါက တိုက်ပွဲရမှတ် အမှတ်ငါးရာတိတိ လောင်းထားတာ။ ပွပြီဟေ့ ”

” ငါ ပြောဖူးပါတယ်။ ဒီ အရည်အချင်းစမ်းသပ်ပွဲက တပည့်အရင်းတွေအတွက် စီစဉ်ထားတဲ့ ပြိုင်ပွဲတစ်ခုပါလို့။ တခြား တပည့်ရင်းတွေကတော့ စိုးထိတ်နေကြလောက်ပြီ ”

မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းမှာ ထိုကဲ့သို့ အော်ဟစ်အားပေးနေကြစဉ် ဖုန့်ချိုးရန်၏ အဖွဲ့အစည်းမှ ကျင့်ကြံသူများမှာမူ မျက်စိမျက်နှာပျက်နေကြ၏။ သူတို့မှာ ရှုမင်နှင့် လုယွင်တို့၏ ပုံရိပ်များကိုကြည့်ရင်း သူတို့၏ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းဆောင်မှုများကို မြင်ရရန် မျှော်လင့်နေကြတော့သည်။

ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားများ၏ နှလုံးသားများထဲဤ ထိုကဲ့သို့ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာနေကြစဉ် ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာမူ အမူအရာ တည်ကြည်နေကြဆဲပင်။ သို့သော် သူတို့မှာ သူတို့ မြင်နေရသည့် မြင်ကွင်းများကြောင့် အနည်းငယ်ခန့် အံ့အားသင့်နေရ၏။ ဒူဂူလင်း၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ ထူးခြားပြောင်မြောက်လွန်းနေသည်မဟုတ်ပါလော။

ဖုန့်ချိုးရန်ပင်လျှင် မျက်မှောင်ကြုတ်နေပြီ ဖြစ်သည်။ သူမ၏ဘေးတွင် ရှိနေသော ယိုရန်မှာမူ မျက်လုံးများ မှိတ်ထားပြီး အတွေးများထဲတွင် နစ်မျောနေသည့်ပုံ ပေါက်နေ၏။ ထို့နောက် သူသည် နောက်သို့လှည့်ကြည့်လိုက်သောအခါ မြဲ့လျဲ့ကျိ၏ မပွင့်တပွင့်အပြုံးအား မြင်လိုက်ရ၏။

ထိုအကြီးအကဲကြီးသုံးယောက်မှာ စကားတစ်ခွန်းမှ မပြောကြပါသော်လည်း ဖုန့်ချိုးရန်နှင့် ယိုရန်တို့မှာ အရည်အချင်းစမ်းသပ်ပွဲအား ကြည့်ရှုနေရင်း မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေတော့သည်။ သူတို့မှာ ဒူဂူလင်းအား အာရုံစိုက်၍ ကြည့်ရှုနေကြ၏။

ပြင်ကမ္ဘာထဲတွင် အုတ်အော်သောင်းနင်း ဖြစ်နေကြသလို အရည်အချင်းစမ်းသပ်ပွဲထဲမှ ပြိုင်ပွဲဝင်များမှာလည်း ကောင်းကင်မြေပုံပေါ်တွင် မြင်နေရသည့် အံ့ဩတုန်လှုပ်ဖွယ်ရာ ပြောင်းလဲမှုများကြောင့် မှင်တက်နေကြရပြီ ဖြစ်သည်။ ဖုန့်ချိုးရန်၏ တပည့်ရင်း လုယွင်မှာ အရင်ဆုံး လှုပ်ရှားလိုက်၏။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး အေးအေးဆေးဆေး လှုပ်ရှားရန် ကြံရွယ်ထားသည့် နည်းဗျူဟာအား စွန့်လွှတ်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အေးစက်စက် အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ သူသည် ရုတ်တရက်ဆိုသလို မြန်ဆန်သွားပြီး ဘေးနားတစ်ဝိုက်တွင် ရှိနေသော သော့များအား လိုက်ခံရှာဖွေနေပြီ ဖြစ်သည်။

သူသည် ဒူဂူလင်းအတိုင်း သူ၏ စွမ်းအားများကို အသုံးပြုကာ လမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရမျှ ပြိုင်ပွဲဝင်အားလုံးကို တိုက်ခိုက်၍ သူတို့၏ သော့များကို လိုက်လံ လုယူနေတော့သည်။

ရှုမင်မှာလည်း သူ့အတိုင်းပင်။ ဒူဂူလင်း၏ လုပ်ရပ်များကြောင့် စည်းမျဉ်းများမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူက နားလည်ထား၏။

” သူက ပြိုင်ပွဲကို အရှိန်မြှင့်တင်ပြီးတော့ ပြိုင်ပွဲဝင်အများစုကို ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ထဲမှာတင် ထွက်သွားရအောင် လုပ်နေတာပဲ။ စိတ်ဝင်စားစရာပါလားကွ ” ရှုမင်မှာ ထိုသို့တွေးကာ ရယ်မောလိုက်ပြီး မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ ထို့နောက် သူသည်လည်း တိုက်စစ်ဆင်ရန် ဆုံးဖြတ်လိုက်တော့သည်။

ကျိုးချူတောက်နှင့် သူ၏ တာအိုလက်တွဲဖော်လည်း ရှိသေးသည်။ အစတွင် သူတို့နှစ်ယောက်မှာ အတူတူ ရှိနေကြပါသော်လည်း ဆွေးနွေးလိုက်ကြပြီးနောက် တစ်လမ်းစီခွဲကာ သီးသန့်လှုပ်ရှားရန် ဆုံးဖြတ်လိုက်ကြ၏။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ အရပ်မျက်နှာ နှစ်ဖက်မှနေ၍ တိုက်ခိုက်ရင်း သော့များကို လိုက်လံရှာဖွေနေကြတော့သည်။

သူတို့ငါးယောက်စလုံးမှာ တိုက်စစ်ဆင်နေကြသောကြောင့် အရည်အချင်းစမ်းသပ်ပွဲထဲ၌ နောက်ဆက်တွဲအကျိုးဆက်ပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကြ၏။ ပြိုင်ပွဲကြီးမှာ ပို၍ပြင်းထန်လာပြီး ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ သူတို့၏သော့များကို ဆုံးရှူံးလိုက်ရပြီ ဖြစ်သည်။ မည်သူမှ ‌အသက်သေဆုံးသွားခြင်း မရှိ‌သေးပါသော်လည်း ခြေပြတ်လက်ပြတ် ဖြစ်သွားကြသည့် ကျင့်ကြံသူပေါင်း မြောက်မြားစွာ ရှိနေပြီ ဖြစ်သလို အပြင်းအထန် ဒဏ်ရာရကာ တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့် ကျင့်ကြံသူများလည်း ရှိနေကြပြီ ဖြစ်သည်။

ထို့အပြင် သော့များကို ဆုံးရှုံးလိုက်ရပါသော်လည်း တိုက်ခိုက်နိုင်စွမ်းရှိသေးသည့် ပြိုင်ပွဲဝင်များလည်း ရှိနေကြသေးသည်။ သူတို့ထဲမှ အများစုမှာ သူတို့၏ အဖွဲ့အစည်းထဲမှ ပါရမီရှင်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် သူတို့၏ သော့များကို ကြည်ကြည်ဖြူဖြူ ပေးအပ်ခဲ့သည့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။

သူတို့မှာ မြေပုံပေါ်မှ ပျောက်သွားကြပြီ ဖြစ်ရာ အခြားသူများအား အန္တရာယ်ပြုနိုင်စွမ်း ရှိသွားကြပြီလည်း ဖြစ်သည်။

ထို ပါရမီရှင်ငါးယောက် တိုက်စစ်ဆင်လိုက်ကြသည့် အချိန်မှစ၍ ထိုကမ္ဘာကြီးတစ်ခုလုံးမှာ ပြောင်းလဲသွားသည်ကို ကောင်းကင်မြေပုံပေါ်၌ အထင်းသား မြင်နိုင်ပေသည်။ သော့များမှာ မြေပုံပေါ်မှ တစ်ချောင်းပြီးတစ်ချောင်း ဆက်တိုက်ဆိုသလို ပျောက်ကွယ်သွားကြပြီး ဝင်းလက်တောက်ပစွာ ပြန်ပေါ်လာကြသည်သာဖြစ်သည်။ ကျောက်ယမုန့် ခန့်မှန်းထားခဲ့သည့်အတိုင်းပင်။ အရည်အချင်းစမ်းသပ်ပွဲ၏ ပထမဆုံးနေ့မှာ အလွန်အင်မတန်မှ ခက်ခဲကြမ်းတမ်းလွန်းလှပေသည်။

လက်ရှိတွင် ဝမ်ပေါင်လဲ့၏ အဖွဲ့မှာလည်း လေထဲတွင် ပျံသန်းနေ၏။ ဝမ်ပေါင်လဲ့၏ အတွေးအမြင်များကို နားလည်သွားပြီဖြစ်သော ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ ပြောင်းလဲသွားကြပြီဖြစ်သည်။ သူတို့မှာ ကိုယ်ရံတော်များကဲ့သို့ သူ၏ ဘယ်ညာနှစ်ဖက်မှ ခြံရံလျက် ကောင်းကင်ယံကြီးထဲ၌ ပျံသန်းနေကြ၏။

သူတို့၏ပစ်မှတ်မှာ သူတို့တဖြည်းဖြည်းနှင့် ချဉ်းကပ်သွားနေသည့် သော့ခုနစ်ချောင်းပါသော သော့တွဲကြီး ဖြစ်ပေသည်။

မြေပုံပေါ်တွင်ကြည့်လိုက်ပါက ထိုသော့ခုနစ်ချောင်းအား လူတစ်ယောက်တည်း ပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ လူပေါင်းမြောက်မြားစွာ ပိုင်ဆိုင်ထားသည့်ပုံ ပေါက်နေ၏။ သူတို့ ကြုံတွေ့ရနိုင်သည့် ဖြစ်နိုင်ခြေအမျိုးမျိုး ရှိပါသော်လည်း ဝမ်ပေါင်လဲ့က ဂရုမစိုက်ပေ။ သူသည် ရင်ဆိုင်ကြုံတွေ့ရသမျှ ပြိုင်ဘက်တိုင်းကို ချေမှုန်းပစ်မည်သာဖြစ်သည်။

သူသည် ရှေ့သို့ ပျံသန်းနေရင်း သူ၏ အငွေ့အသက်များမှာ ပို၍ အားကောင်းလာ၏။ နောက်ဆုံးတွင် သူသည် လျှပ်စီးတန်းများ ဝန်းရံနေသည့် ကြယ်ပျံတစ်စင်းကဲ့သို့ ဖြစ်သွားပြီး သော့ခုနစ်ချောင်းရှိနေသည့် တည်နေရာဆီသို့ ဦးတည်သွားလိုက်တော့သည်။

သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းမှာ အခြား အမြုတေအဆင့်ကျင့်ကြံသူများထက် အဆပေါင်းများစွာပို၍ သာလွန်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ သူတို့၏အနီးသို့ ရောက်လာချိန်တွင် သူရင်ဆိုင်ရမည့် ပြိုင်ဘက်၏ ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရ၏။ သို့သော် သူ၏ ပြိုင်ဘက်များမှာမူ သူရောက်လာသည်ကို အာရုံခံမိကြခြင်း မရှိသေးပေ။

” လီပင်းပါလား ” ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ပေါ်ပေါက်လာပြီး သူ၏ မျက်ဝန်းများမှာ ရေခဲတမျှ အေးစက်သွားတော့သည်။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွားလိုက်၏။

သူတို့၏ရှေ့၊ သော့ခုနစ်ချောင်း ရှိနေသည့်နေရာတွင်မူ လူတစ်ယောက်တည်းမဟုတ်ပဲ ဆယ့်သုံးယောက်တိတိ ရှိနေ၏။

သူတို့အားလုံးမှာ မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းမှဖြစ်ကြပေသည်။ သူတို့၏ ခေါင်းဆောင်မှာ မီးပင်လယ်အောက်ရှိ ဂူဗိမာန်ထဲတွင် ဝမ်ပေါင်လဲ့နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့စဉ်တုန်းက ချီလင်း၏ တားဆီးမှုကိုခံခဲ့ရသော လီပင်းဖြစ်ပေသည်။ သူသည် ထိုစဉ်ကတည်းက ဝမ်ပေါင်လဲ့အား သတ်ဖြတ်ရန် စိတ်ထဲ၌ တေးထားခဲ့၏။

ထို့အပြင် သူသည် ဝမ်ပေါင်လဲ့မှာ ထိုနေ့တုန်းက ကံကောင်းသွားခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်နေဆဲပင်။ ထိုသို့သာမဟုတ်ပါက သူသည် သူ့အား သတ်ဖြတ်ကာ နှစ်ပေါင်းများစွာကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် ပြန်ပွင့်လာခဲ့သော ဂူဗိမာန်ကြီးထဲရှိ ပစ္စည်းများကို သိမ်းယူနိုင်ခဲ့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ယနေ့ထိအောင် ထိုကိစ္စနှင့်ပတ်သတ်၍ နောင်တရနေရဆဲပင်။ ထိုအကြောင်းကို တွေးမိလိုက်တိုင်း ဝမ်ပေါင်လဲ့အား သတ်ဖြတ်လိုသည့် သူ၏ ဆန္ဒများမှာ ပို၍ ကြီးထွားလာရသည်သာ ဖြစ်သည်။

” ပြည်ထောင်စုကြီးထဲကနေ ရောက်လာတဲ့ ဟို အဆင့်နိမ့်သတ္တဝါ ဝမ်ပေါင်လဲ့လည်း ဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ ပါတာပဲ။ ဒီတစ်ခေါက်တော့ သူ အရင်တုန်းကလို ကံမကောင်းနိုင်တော့ပါဘူး။ ငါ မင်းနဲ့ ကြုံလို့ကတော့ကွာ…. ” လီပင်းမှာ ထိုသို့တွေးတောကာ ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်၏။ ထို့နောက် သူသည် သူ၏ အပေါင်းအပါများအား အကဲခတ်လိုက်ပြီးနောက် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေမိတော့သည်။

သူသည် နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ဤ အရည်အချင်းစမ်းသပ်ပွဲထဲတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်ဟု မှတ်ယူနိုင်ပေသည်။ ထို့ကြောင့် သူသည် ရူးသွပ်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော တပည့်ရင်းငါးယောက်နှင့် မကြုံသရွေ့ ထိပ်ဆုံးဆယ်ယောက်ထဲ၌ အလွယ်တကူ ပါနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ထား၏။

ထို့အပြင် သူသည် နောက်လိုက်ပေါင်း များစွာကိုလည်း စုစည်းထားသေးသည် မဟုတ်ပါလော။ သို့သော်ငြားလည်း ထိပ်ဆုံးသုံးယောက်ထဲတွင် ပါနိုင်ရန်မှာ သူ့အတွက် အလွန်အင်မတန်မှ ခက်ခဲနေမည်ကို လီပင်းက သိထား၏။ ထို့ကြောင့်လည်း သူသည် သူ၏သော့များအား တပည့်ရင်းတစ်ယောက်နှင့် လဲလှယ်ကာ သူတို့ဆီမှ အကူအညီ တောင်းရန်ဆုံးဖြတ်ထား၏။

သူသည် ထိုသို့ စိတ်ပိုင်းဖြတ်ထားသည့်အပြင် နဂိုတည်းက မောက်မာဝင့်ကြွားသည့် ‌‌ဗီဇတစ်ခုကိုပါ ပိုင်ဆိုင်ထားသောကြောင့် ကောင်းကင်မြေပုံ‌ထဲတွင် သူ့ဆီသို့ သော့ခြောက်ချောင်း ဦးတည်လာနေသည်ကို သတိထားမိလိုက်သည့်တိုင်အောင် ဂရုစိုက်နေခြင်း မရှိပေ။ သူ၏ ပြိုင်ဘက်မှာ တပည့်ရင်းငါးယောက်ထဲမှ မဟုတ်ကြောင်း သူက မှတ်ယူထားပြီးဖြစ်သည်။ ထိုငါးယောက်စလုံးမှာ ယခုတွင် သော့ဆယ်ချောင်းထက်ပို၍ ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း မြေပုံပေါ်တွင် အထင်အရှား မြင်နေရသည် မဟုတ်ပါလော။

ထို့ကြောင့် ယခုသူ့ဆီသို့ ရောက်ရှိလာမည့် ပြိုင်ပွဲဝင် ပိုင်ဆိုင်ထားနိုင်သည့် အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ သူနှင့်အဆင့်အတူတူဖြစ်သည့် နှောင်းပိုင်း အမြုတေအဆင့် ဖြစ်ပေသည်။ သူတို့အဖွဲ့၏ လူအင်အားမှာ သူ့အဖွဲ့လောက် ရှိမနေပါက သူတို့မှာ သူတို့၏ သော့များအား သူ့ဆီသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးပို့နေသကဲ့သို့သာ ဖြစ်နေမည် ဖြစ်သည်။

” သတိထားဖို့တော့ လိုသေးတယ်။ သူက ငါ့အတိုင်း သော့တွေလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ လူတွေကို စုစည်းထားတာ ဖြစ်‌ရင်ဖြစ်နေနိုင်တယ် ” လီပင်းမှာ ထိုသို့တွေးတောနေရင်း သူ၏ပြိုင်ဘက်မှာ သူရှိနေသည့်နေရာနှင့် အလွန်အင်မတန်မှ နီးကပ်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် ချက်ချင်းပင် သူ၏လက်အား ဝှေ့ယမ်းလိုက်သောအခါ သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ကျင့်ကြံသူများမှာ လူစုခွဲသွားကြ၏။ ထို့နောက် လီပင်းမှာ လက်မြှောက်ကာ သူ၏ နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။ သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် ပြေးလာနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူ ခပ်လှမ်းလှမ်းရှိ မိုးကုပ်စက်ဝိုင်းထဲ၌ ပေါ်ပေါက်လာချိန်တွင် လီပင်းမှာ သူ၏ မျက်နှာအား ချက်ချင်းပင် လှမ်းမြင်လိုက်ရတော့သည်။

” ဝမ်ပေါင်လဲ့ပါလား ” သူ့ဆီသို့ ရောက်လာသည့်လူမှာ ဝမ်ပေါင်လဲ့ဖြစ်နေကြောင်း သိလိုက်ရသဖြင့် လီပင်းမှာ အပျော််လွန်သွားရတော့သည်။ ထို့ကြောင့် သူသည် ခေါင်းမော့ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည့် လေသံဖြင့် ကြိမ်းဝါးလိုက်တော့သည်။

” ဝမ်ပေါင်လဲ့ဆိုတဲ့ ပြည်ထောင်စုကြီးရဲ့ အဆင့်နိမ့်သတ္တဝါနဲ့ တကယ်ကြီး ကြုံရတာ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူးဟေ့။ ဒီနေ့ မင်း ကံကောင်းနိုင်ဦးမလား ဆိုတာနဲ့ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ယောက်က မင်းကို လာကယ်ဦးမလားဆိုတာကို ကြည့်ကြသေးတာပေါ့ ” လီပင်းမှာ ထိုကဲ့သို့ အော်ဟစ်ရယ်မောနေရင်း သူ၏လက်ကို ဝှေ့ယမ်းကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။

” သူ့ကို သတ်ကြစမ်း ” သူ၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသော ကျင့်ကြံသူများမှာ ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။ ပြည်ထောင်စုကြီးမှ အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်မှာ ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားတစ်ယောက်နှင့် လုံးဝ ယှဉ်နိုင်လိမ့်မည်မဟုတ်ကြောင်း သူတို့က မှတ်ယူထားကြသည်။ အကယ်၍ သူတို့မှာ သူ့အား သတ်ဖြတ်လိုက်လျှင်တောင် မည်သည့် နောက်ဆက်တွဲအကျိုးဆက်ကိုမှ ခံစားရမည်မဟုတ်ပေ။ ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ သတ်ဖြတ်ခြင်းကို တားဆီးထားခြင်း မရှိသည် မဟုတ်ပါလော။ သို့သော် ပြိုင်ပွဲဝင်အားလုံးမှာ တစ်ဂိုဏ်းထဲမှ ဖြစ်ကြပြီး ဂိုဏ်းထဲတွင်လည်း မိတ်ဆွေများရှိနေကြသည် ဖြစ်ရာ သူတို့မှာ နောက်ဆုံး ရွေးချယ်စရာမရှိတော့မှသာ သူတို့၏ ပြိုင်ဘက်များကို သတ်ဖြတ်ကြမည်ဖြစ်သည်။ သို့သော် ပြည်ထောင်စုကြီးဆီမှ ကျင့်ကြံသူတစ်ယောက်ဆိုပါက အခြေအနေများမှာ မတူတော့ပေ။

ထို့ကြောင့် ထို ကျင့်ကြံသူများမှာ ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်ရယ်မောရင်း ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း သူတို့ ထိုသို့ ပြေးလာနေကြသည်ကို မြင်လိုက်ရသဖြင့် ပြုံးမိသွား၏။

” ဒီ အခွင့်အရေးကြီးကို လက်လွှတ်ခံလို့မဖြစ်ဘူး ” သူ ထိုသို့ တွေးလိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲတွင် သွေးရောင်များ ဖျတ်ခနဲ တောက်ပသွား၏။ ထို့နောက်သူ၏ နှလုံးသားပေါ်တွင် ရှိနေသော စိန်တုံးပုံစံ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမှတ်အသားမှာ ပွင့်ထွက်သွားကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် အပြင်ဘက်သို့ ပြန့်ထွက်လာတော့သည်။ ထို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာမှာ ပြီးပြည့်စုံခြင်းမရှိသေးပေ။ ၎င်းမှာ သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ တွန့်လိမ်လှုပ်ရှားနေသည့် အဆင့်တွင်သာ ရှိနေသေးသည်။ အဝေးမှကြည့်လိုက်လျှင်မူ သူ၏အထက်ရှိ ကောင်းကင်ယံကြီးမှာ အနီရောင်ပြောင်းလဲသွားပြီ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset