” ကျုပ် အဲဒီ စိမ်းပြာရောင် နတ်မီးလျှံစမ်းသပ်ပွဲကို မုန်းတယ်။ ကျုပ်ဘာလုပ်နေလဲဆိုတာတောင် မသိခဲ့ဘူး။ ဒီလိုမှမဟုတ်ရင် ကျုပ် ပိုင်ရှောင်ချန်းက ၄၉၀လောက်ပဲ ဘယ်လိုလုပ် ရနိုင်မှာတုန်း ”
” ကျုပ် ကြယ်ကို သေချာပေါက် အမြင့်ရောက်အောင် လုပ်ပြမယ်။ သက်တန့်ရဲ့ စိမ်းပြာရောင်အပိုင်းကို ဖြတ်ပြီး အပြာရောင်အပိုင်းကို ရောက်အောင် သွားမယ်။ အဲဒါပြီး ခရမ်းရောင် နတ်မီးလျှံစမ်းသပ်ပွဲထိ ကျုပ် ရောက်အောင် သွားပြအုံးမယ်။ နောက်တစ်ကြိမ် ကျုပ်ဘယ်လိုလုပ်မလဲ ဆိုတာ စောင့်သာကြည့်နေလိုက် ”
သူ့အသံထဲရှိ ဆုံးဖြတ်ချက်ပြတ်သားမှုသည် သံချောင်းများပျက်စီးစေ၍ သံမဏိကိုပင် ဖြတ်တောက်ပစ်နိုင်ပြီး သူ့တစ်ကိုယ်လုံးမှ
ရဲစွမ်းသတ္တိအငွေ့အသက်များ တဟုန်းဟုန်းတောက်လောင်နေဟန်ရှိသည်။
ဖက်တီးကျန်းကြီးနှင့် နတ်ဆရာမှာ ချက်ချင်း တုန်လှုပ်သွားပြီး တခဏမျှ အနေရခက်စွာ ရပ်နေမိလေသည်။
” အားမလျှော့နဲ့ ရှောင်ချန်း ”
နောက်ဆုံး ဖက်တီးကျန်းကြီးက ထပြောတော့သည်။
” အပြာရောင်စမ်းသပ်ပွဲမှာ အရင်လူ ချန်ထားခဲ့တဲ့ ကိုယ်ပွားရုပ်ထုနဲ့ တိုက်ခိုက်ရမယ်လို့ ကြားတယ်။ အင်း.. တကယ်လို့ အဲဒီရုပ်ထုကို မင်းနိုင်သွားခဲ့ရင်တော့ မင်းရဲ့ကိုယ်ပွားရုပ်ထုကို ချန်ခဲ့ရမှာပဲ။ ဒါပေမယ့် နောက်တစ်ကြိမ် စမ်းသပ်ပွဲတွေကို စိန်ခေါ်ရင် မင်းအတွက် အေးဆေးဖြစ်နေမှာပါ။ မင်းရဲ့ရုပ်ထုကြီးကို သေချာပေါက် ချန်ထားခဲ့နိုင်ပါလိမ့်မယ် ”
” ဟုတ်တယ် ခေါင်းဆောင်လေး။ ရှင်းကုံကျစ်တာအိုဂိုဏ်းက ကြီးမားတယ်။ ထိပ်ဆုံး ၅၀၀ထဲပါတာကပဲ အောင်မြင်မှုကြီးဖြစ်နေပါပြီ။ နောက်တစ်ကြိမ်ကျရင် ခေါင်းဆောင်လေးကြောင့် ပိုပြီး ဂယက်ရိုက်သွားဦးမှာ သေချာတယ်”
သူတို့ ဖျောင်းဖျနေသဖြင့် သူ့မျက်ဝန်းများမှာ အတန်ငယ့် ပျော့ပျောင်းလာ၏။ သို့သော်လည်း သူ့မျက်နှာထက်တွင် နောင်တရခြင်း များနှင့် ကြိတ်မနိုင်ခဲမရဖြစ်နေသည့် အရိပ်အယောင်များ မြင်နေရသေးသည်။
နတ်ဆရာနှင့် ဖက်တီးကျန်းကြီးမှာ မည်သို့မည်ပုံလုပ်ရမည်ကို သေချာမသိေသာကြောင့် အားပေးစကားအနည်းငယ်ထပ်ပြောလိုက်သည်။ သို့တိုင် ပိုင်ရှောင်ချန်းမှာ စိတ်ကြည်လာဟန် မတူချေ။ နောက်ဆုံးတွင် သူတို့မှာ လက်ယှက်နှုတ်ဆက်၍ ပြန်သွားလေတော့သည်။
သူတို့ထွက်သွားသည်နှင့် ပိုင်ရှောင်ချန်း၏အမူအရာမှာ စိတ်အေးလက်အေးဖြစ်သွားပြီး သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူနေတော့သည်။
“ဟားဟားဟား ။ ငါသရုပ်ဆောင်တာ ပီပြင်တာပဲ။ ဒီတစ်ခါတော့ ရွှီပေါက်ချိုင်တော်သွားပြီ ” ဖက်တီးကျန်းကြီးနှင့် နတ်ဆရာတို့၏ မျက်နှာပေါ်ရှိ အမူအရာများကို ပြန်တွေးလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။ ထိုစဥ် သူ့ထံပျံသန်းလာနေသော နောက်ထပ်အလင်းတန်းတစ်ခုပေါ်လာြပီး ထိုလူသည်ကား ချင်းမေ့ယွမ်မှလွဲ၍ တခြားသူ မဟုတ်ချေ။
အနားသို့ သူမ ရောက်လာသည်နှင့် ပိုင်ရှောင်ချန်းက လက်ကိုနောက်ပစ်၍ တဖန်မော့ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် မခံမရပ်နိုင် ဖြစ်နေသည့်အမူအရာ ဖမ်းလိုက်သည်။ သူ့မျက်လုံးများထဲတွင် တည်ကြည်သော အလင်းများ တစ်ဖန်ပေါ်ထွက်လာပြီး သူမက မည်သည့်စကားမှ မပြောရသေးခင် သူက ဦးစွာ ပြောလိုက်သည်။
” ငါ့ကို နားချဖို့ မကြိုးစားနဲ့။ အဲဒီ စိမ်းပြာရောင်နတ်မီးလျှံစမ်းသပ်ပွဲကြီးကို မုန်းလိုက်တာကွာ ”
ထို့နောက် သူက ဆက်၍ နတ်ဆရာနှင့် ဖက်တီးကျန်းကြီးကို ပြောခဲ့သောစကားများအတိုင်း တသွေမတိမ်းပြောလိုက်လေရာ ချင်းမေ့ယွမ်မှာ အံ့သြနေတော့သည်။
ချင်းမေ့ယွမ်မှာ တုန်လှုပ်သွားပြီး သူမရှေ့တွင် ရပ်နေသည့် ပိုင်ရှောင်ချန်း၏ ယခုပုံစံကို တစ်ခါမှ မသိသည့်အလား ခံစားလိုက်ရသည်။
” ရှောင်ချန်း.. နင် စိတ်မကောင်းဖြစ်နေစရာမလိုပါဘူး”
နောက်ထပ် ခုနစ်ရက်ပတ်လုံး အရိုအသေလာပေးကြသည့်လူများ လာသည့်အချိန်တိုင်း ပိုင်ရှောင်ချန်း၏ ယခုကဲ့သို့ဟန်အမူအရာနှင့် စကားများ ကြားရမည်ဖြစ်သည်။ အကျိုးဆက်အနေနှင့် သူ့အပေါ် ရိုသေလေးစားမှုများ ကြီးထွားလာတော့သည်။
သုံးရက်ကြာသော် ရွှီပေါက်ချိုင်သည် ထာဝရအသက်ရှည်စားသောက်ဆိုင်၏ ကိစ္စရေးရာများကို အပြီးသတ်ပြီး ကုံ သက်တန့်ဒေသ ပေါ် အဆင့်တက်လာလေသည်။ သူက ရောက်သည်နှင့်တစ်ပြိုက်နက် ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူသို့ ပထမဆုံး သွားလိုက်ပြီး နှစ်ယောက်လုံး အချိန်အတော်ကြာ အစည်းအဝေးထိုင်နေတော့သည်။ ထို့နောက် ရွှီပေါက်ချိုင်က ကုန်ကျစရိတ်များအတွက် အတော်အတန်များပြားသည့် စွမ်းဆောင်ရည်ရမှတ်များ တောင်းပြီးနောက် ဘဝင်ခိုက်လျက် မာနကြီးတစ်ခွဲသားဖြင့် သူလမ်းသူဆက်သွားလိုက်လေသည်။
ရွှီပေါက်ချိုင်ထံတွင် သတင်းများနှိုက်ခြင်းနှင့် ကောလာဟလများဖြန့်ရန်အတွက် ပြိုင်ဘက်ကင်းနည်းလမ်းများ အမှန်တကယ် ရှိလေရာ သူ၏ ပင်ကိုယ်ပါရမီများကို အဆုံးအစွန်ထိ သုံးလိုက်လေသည်။ သူက ပိုင်ရှောင်ချန်းလက်ရွေးစင်ဖြစ်လာသည့် ဇာတ်လမ်းများကို လျှောက်ဖြန့်လေရာ ပိုင်ရှောင်ချန်းနှင့်ပတ်သက်သော ပုံပြင်အမျိုးမျိုး ပျံ့နှံ့လာတော့သည်။ တချို့ ဇာတ်လမ်းများက သူ့ကို ချီးကျူးအမွှမ်းတင်ထားပြီး အချို့က ကဲ့ရဲ့ဝေဖန်ထားလေရာ ဇာတ်လမ်းတစ်ခုစီတိုင်းမှာ တစ်ခုနှင့်တစ်ခု ရှေ့နောက်မညီဘဲ ဆန့်ကျင်ဘက်ဖြစ်နေလေသည်။ သို့တိုင် ထိုအတွက်ကြောင့်ပင် လူအများပြောစရာဖြစ်လာတော့သည်။
မကြာမီ ကုံဒေသသက်တန့်တစ်ခုလုံးတွင် ပိုင်ရှောင်ချန်း၏ နာမည်မှာ လူသိများလာလေသည်။ ပိုင်ရှောင်ချန်းမှာလည်း ကိုယ်တိုင်သရုပ်ဆောင်ရမည့် အခန်းကဏ္ဍရှိလေသည်။ သူက အတွေးထဲနစ်မြောနေရင်း သံမဏိစိတ်ဓာတ်ရှိသော လူတစ်ယောက်ပမာ လက်နောက်ပစ်လျက် ဂိုဏ်းသားများစုဝေးနေသည့်နေရာများကို နေ့စဥ်နေ့တိုင်းသွားသည်။ ကုံဒေသသက်တန့်ပေါ်ရှိ ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းနှင့် အတော်လေး မရင်းနှီးလေရာ သူက စိတ်ဓာတ်ပြတ်သားခြင်းနှင့် ယုံကြည်ချက်ခိုင်မာခြင်းများ အရိုးထဲထိ စိမ့်ဝင်နေသည့် ခန့်ညားထည်ဝါသောလက်ရွေးစင်တစ်ဦးဟု ပြောလာကြလေသည်။
ထို့ကြောင့် ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းက ရှင်းကုံကျစ်တာအိုထိပ်တန်းကြယ်ပွင့်စမ်းသပ်ပွဲများအား နောက်တစ်ကြိမ် စိန်ခေါ်မည့်အချိန်ကို မျှော်လင့်စောင့်စားလာကြတော့သည်။
နေ့စဥ်နေ့တိုင်း လူအများအာရုံစိုက်ခံနေရသဖြင့် ပိုင်ရှောင်ချန်း၏နှလုံးသားထဲတွင် ဝမ်းသာပီတိဖြာနေတော့သည်။ထို့နောက် သူစမ်းသပ်ပွဲများကို စတင်စိန်ခေါ်ရသည့် အဓိကအကြောင်းရင်းဖြစ်သော ခုနစ်ရောင်မြူခိုးပင်လယ်မြက်ကို သွားဝယ်လိုက်လေသည်။
သူပြင်ဆင်ထားပြီးသည့် ပါဝင်ပစ္စည်းများနှင့် ထိုမြက်များကို ရောစပ်ပြီးနောက် ရက်အနည်းငယ်ကြာ တံခါးပိတ်ကျင့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မေ့သွားစေသည့် ဆေးလုံးတစ်လုံးကို ဖော်စပ်တော့သည်။
ထွက်ပေါ်လာသည့် ဆေးလုံးသည် ခုနစ်ရောင်ခြယ်အလင်းများဖြင့် တောက်ပနေရာ ပိုင်ရှောင်ချန်း၏ ဂုဏ်ယူဝင့်ကြွားနေသောမျက်လုံးများကို ရောင်ပြန်ဟန်နေတော့သည်။
” ဒီတစ်ကြိမ် သေချာပေါက် အသက်ဝင်တောင် ဂါထာရဲ့ ဉာဏ်အလင်းကို ရစေရမယ်” စိတ်ဓာတ်များတက်ကြွလာရင်း ရှင်းကုံကျစ်တာအိုဂိုဏ်း ကြယ်ပွင့်များစမ်းသပ်ပွဲတွင် ကြုံတွေ့ခဲ့သည့် ကျောက်ဘီလူးကြီးများကို ပြန်တွေးလိုက်ပြီး အောင်မြင်ရန်အတွက် ပို၍ပင် ယုံကြည်ချက်ခိုင်မာလာတော့သည်။ လက်ထဲတွင် ဆေးလုံးကို ဆုပ်ကိုင်လျက် သူ၏ အင်မော်တယ်ဂူထဲမှ ပျံထွက်လိုက်ပြီး အနန္တကြယ်သက်တန့်နှင့် အဆုံးမဲ့ မဟူရာချောက်ကို သွားလိုက်သည်။
ချောက်၏ အပြင်ဘက်တွင် မျောက်တစ်ကောင်ကဲ့သို့ ထိုင်လျက်ရှိသော ကျောက်တောင်ကို တစ်ဖန်တွေ့လိုက်ရလေသည်။
ပိုင်ရှောင်ချန်းမှာ ကျောက်တောင်၏ ကျင့်ကြံခြင်း အဆင့်ကို မခန့်မှန်းနိုင်ပြန်ပေ။ ထိုမျှသာမက သူ၏ အရှိန်အဝါက ကျောက်ဘီလူးကြီးများနှင့် ခပ်ဆင်ဆင်တူလေသည်။ တခဏမျှငေးကြည့်နေပြီးနောက် သူက လက်ယှက်၍ ခေါင်းငုံလိုက်သည်။
” ပိုင်ရှောင်ချန်းက အစ်ကိုကြီးကျောက်တောင် ဂါဝရပြုပါတယ် ”
ကျောက်တောင်၏မျက်လုံးများ ပွင့်လာပြီး ပိုင်ရှောင်ချန်းကို တခဏကြာကြည့်ပြီးနောက် အနည်းငယ် ပြုံးပြပြီးနောက် ခေါင်းညိတ်ပြလေသည်။ သူက စကားတစ်ခွန်းမှ မပြောပဲ လက်ကို ဝှေ့ယမ်းလိုက်လေ၏။
ချက်ချင်းပင် မြေကြီး တုန်ခါသွားပြီး ရင်းနှီးသောကျောက်လက်ကြီး ထိုးထွက်လာ၏။ ပိုင်ရှောင်ချန်းက ထိုလက်အပေါ် ခုန်တက်လိုက်ပြီးနောက် သူ၏အမြင်များဝေဝါးကာ တည်နေရာရွှေ့ပြောင်းသွားတော့သည်။ သဲသဲကွဲကွဲမြင်ရသောအခါ အရပ်မျက်နှာတစ်ခွင်တွင် မရေမတွက်နိုင်သော တောင်တန်းများ သွယ်တန်းနေသည့် ထူးဆန်းသော ကမ္ဘာထဲတွင်ရောက်နေကြောင်း သိလိုက်ရလေသည်။
ဤတစ်ကြိမ်တွင် သူ့မျက်လုံးများမှာ ယုံကြည်ချက်များဖြင့် တောက်ပနေပြီး နောက်ဆုံးအကြိမ်က လမ်းကြောင်းကို ခြေရာကောက်၍ ကျောက်ဘီလူးကြီးနှင့်ဆင်သော တောင်ကို ရှာတွေ့သည်အထိ သွားလိုက်သည်။ သူတွေ့သည်နှင့် ဘီလူးကြီး၏ခေါင်းပေါ်တွင် တင်ပျဥ်ခွေနေရာယူလိုက်သည်။
ထို့နောက် သူဖော်စပ်ခဲ့သည့် ဆေးလုံးကို ထုတ်ကာ တခဏမျှ ချီတုံချတုံဖြစ်သွားပြီး အံတင်းတင်းကြိတ်လိုက်လေသည်။
” ငါ အသက်ဝင်တောင် ဂါထာကို အမွေအနှစ်နယ်မြေက အမွေအနှစ်တံဆိပ်တွေအားလုံးရခဲ့ပြီးမှ ယူနိုင်ခဲ့တာ။ အောင်အောင်မြင်မြင် မကျင့်ကြံနိုင်ရင် သေချာပေါက် အမှိုက်ပဲဖြစ်သွားလိမ့်မယ်။ ဒီတစ်ကြိမ်တော့ အောင်မြင်မှဖြစ်မယ်”
အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူမေ့ရန် ဖော်စပ်ခဲ့သည့် ဆေးလုံးကို ငုံ့ကြည့်လိုက်သည်။
” တောင်နဲ့ ပေါင်းစည်းဖို့ ” သူက ရေရွတ်လိုက်သည်။
” သင့်ကိုယ်သင် အရင်မေ့ပြီးမှ တောင်ကို မေ့ရမယ်။ သင်နိုးလာရင် သင်က တောင်ဖြစ်သွားပြီး တောင်က သင်ဖြစ်သွားမယ်….”
အသက်ဝင်တောင် ဂါထာထဲတွင် ဖော်ပြထားသည့် နည်းလမ်းများအတိုင်း တောင်၏ဖွဲ့စည်းတည်ဆောက်ပုံ ဉာဏ်အလင်းကို စတင် ရှာဖွေလိုက်တော့သည်။ ထိုသို့လုပ်ရန် တစ်ခုခုတုံ့ပြန်လာသည်အထိ သူ အကြိမ်ပေါင်းများစွာကြိုးစားလိုက်သည်။ ထို့နောက်မှသာ သူ့ပါးစပ်ထဲ ဆေးလုံးကို ထည့်လိုက်ပြီး မျိုချပစ်လိုက်သည်။
သူ့ဝမ်းဗိုက်ထဲ ဆေးလုံးရောက်သွားသည်နှင့် ၄င်းက အရည်ပျော်သွားပြီး အပူစီးကြောင်းများအသွင်ပြောင်းကာ သူ့ခေါင်းထဲသို့ ဦးတည်သွားနေသည်။ ထို့နောက် သူ့ကိုယ်ထဲတွင် ကောင်းကင်ဘုံမှ မိုးခြိမ်းသံများကဲ့သို့သော တဂျိန်းဂျိန်း ထစ်ခြုန်းသံများမြည်ဟည်းသွားလေသည်။ တစ်ဆက်တည်းမှာပင် သူ၏စိတ်အစဥ်မှာ ကစဥ့်ကလျားဖြစ်လာပြီး နောက်ဆုံးတွင် လုံးဝ ဗလာသက်သက်ဖြစ်သွားတော့သည်။
သူ၏စိတ်မှာ ဗလာကျင်းသွားသော်လည်း သူက တောင်၏ ဖွဲ့စည်းပုံကို ဉာဏ်အလင်းပေါက်ပြီး တောင်နှင့်ပေါင်းစည်းနိုင်ရန် ကြိုးစားရင်း ယခင်အတိုင်း ထိုင်မြဲထိုင်နေလေသည်။
အချိန်များကုန်လွန်သွား၏။ သုံးရက်ကြာသော် ပိုင်ရှောင်ချန်းသည် မလှုပ်မယှက်ထိုင်နေဆဲပင်။ သူ့ကိုယ်သူ မေ့နေပြီး သူ၏ စိတ်မှာ ဗလာနတ္ထိဖြစ်နေ၏။ သူတက်ထိုင်နေသည့် ကျောက်ဘီလူးကြီးကဲ့သို့ တောင်ကြီးအကြောင်းကိုပင် မေ့သွားလေပြီ။ သူ၏စိတ်ထဲတွင် အတွေးများ လုံးဝဥဿုံကင်းမဲ့နေချေသည်။
နောက်ဆုံး ခုနစ်ရက်မြောက်နေ့တွင် သူ့စိတ်ထဲ၌ ရိုးရှင်းသောအတွေးအချို့ ပေါ်လာ၏။ နေ့ရက်များ ကုန်လွန်သွားပြီး အတွေးများသည် ကျောက်ဘီလူးကြီးတစ်ကောင်၏ကောက်ကြောင်းများအသွင်ပြောင်း၍ တဖြည်းဖြည်း စုဆုံလာလေသည်။
ထိုကောက်ကြောင်းများမှာ သူ့အောက်ရှိ တောင်ကြီးနှင့်သာမက ရှင်းကုံကျစ်တာအိုထိပ်တန်းကြယ်ပွင့်များစမ်းသပ်ပွဲက ကျောက်ဘီလူးကြီးနှင့်လည်း တူလေသည်။
နောက်ထပ် လဝက်ကုန်ဆုံးသွားသည့်တိုင် ပိုင်ရှောင်ချန်း နိုးထမလာသေးချေ။ သူစိတ်ထဲရှိ ကျောက်ဘီလူးကြီး၏ ပုံရိပ်သည် ဖြည်းဖြည်းချင်း ပြည့်စုံလာပြီး ရုပ်လုံးပေါ်လာတော့သည်။
ထိုအချိန်တွင် အပြင်ဘက် ရှင်းကုံကျစ်တာအိုဂိုဏ်း၌ တစ်ဂိုဏ်းလုံးအား အုတ်အော်သောင်းနင်းဖြစ်သွားစေသော ကိစ္စတစ်ရပ်ဖြစ်ပေါ်သွားလေသည်။ ဂိုဏ်းခေါင်းဆောင်ပင်လျှင် လုံးလုံးလျားလျား တုန်လှုပ်သွားခဲ့သည်။
ကုန်းစွန်းဝမ်အာ……ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့်များ စမ်းသပ်ပွဲကို စိန်ခေါ်လေသည်။
ပထမတွင် သူမကို အာရုံစိုက်သူမရှိပေ။ သို့သော်လည်း သူမ၏ကြယ် တောက်ပလာစဥ် စမ်းသပ်ပွဲကို ကျော်ဖြတ်ရန် သူမ အသုံးပြုနေသည့် ပြိုင်ဘက်ကင်းနည်းလမ်းများကို သတိထားမိသွားကြပြီး လူအတော်များများ အာရုံစိုက်လာကြလေသည်။
အနီရောင် နတ်မီးလျှံစမ်းသပ်ပွဲ၌ သူမက ချော်ရည်ပင်လယ်ထဲတွင် လမ်းတစ်လျှောက်လုံး သားရဲများကို သတ်ဖြတ်၍ ပင်လယ်ကို ဖြတ်ရန် အလောင်းများကိုသုံးသွားသော သေမင်းနတ်ဘုရားမ ဖြစ်လာလေသည်။ သူမနှင့်အတူ နတ်မီးလျှံစမ်းသပ်ပွဲရှိ အခြားဂိုဏ်းသားများအားလုံးမှာ သူမက အလောင်းတံတားလုပ်သွားသည်ကြည့်ပြီး လုံးဝ အံ့သြတုန်လှုပ်သွားကြတာ့သည်။
ကျောက်ဘီလူးကြီးများ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေကြသည့် လိမ္မော်ရောင် နတ်မီးလျှံစမ်းသပ်ပွဲတွင် အခြားသောဂိုဏ်းသားများအားလုံး ကြောက်လန့်၍ အမြီးကုပ်နေကြချိန်တွင် သူမက အေးအေးလူလူ လမ်းလျှောက်ဖြတ်သွားခဲ့သည်။ အဝါရောင် နတ်မီးလျှံစမ်းသပ်ပွဲတွင် ပန်းပဲဖိုကို ထိုအတိုင်းပင် အေးအေးဆေးဆေး ပုံမှန်လမ်းလျှောက်ဖြတ်သွားလေသည်။ လျှပ်စီးမိုးကြိုး အစိမ်းရောင်နတ်မီးလျှံစမ်းသပ်ပွဲတွင် သူမသည် လျှပ်စီးမိုးကြိုးများစွာကို ပါးစပ်ဖြင့် စုပ်ယူ၍ တံတားကို လမ်းလျှောက်ဖြတ်သွားပြန်သည်။
အားလုံးအထဲမှ တုန်လှုပ်ဖွယ်အကောင်းဆုံးအရာမှာ စိမ်းပြာရောင်နတ်မီးလျှံစမ်းသပ်ပွဲတွင်ဖြစ်သည်။ သူမ စမ်းသပ်ပွဲအတွင်း ပေါ်လာရုံနှင့် အမုန်းဝိညာဥ်များအားလုံး ကြောက်လန့်တုန်ရီသွားကြပြီး ပုန်းရှောင်ကုန်ကြလေသည်။ ဝိညာဥ်ဧကရာဇ်သည်သာလျှင် သူမနှင့်တိုက်ခိုက်ရန် ပေါ်လာပြီး အဆုံးသတ်၌ သူတို့တိုက်ပွဲမှာ သရေကျလေသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ဂိုဏ်းလုံး အဖြစ်အပျက်များကြောင့် တုန်လှုပ်ကုန်ကြလေသည်။
ဝိညာဥ်ဧကရာဇ်၏ စွမ်းအားသည် အစောပိုင်း ယင်ယန်ဝိညာဥ်အဆင့်နှင့် ညီမျှသည် မဟုတ်ပါလော။