Switch Mode

အခန်း ( ၄၂၈ )

ကျုပ်ကို နားချဖို့ မကြိုးစားကြပါနဲ့

အပြင်ဘက်တွင် စိမ်းပြာရောင် နတ်မီးလျှံစမ်းသပ်ပွဲထဲရှိ ပိုင်ရှောင်ချန်းကို စွမ်းဆောင်မှုရမှတ်များသုံးကာ စောင့်ကြည့်နေကြသည့် လူအုပ်ကြီး ရှိသည်။

အဆုံးမဲ့ ဝိညာဥ်ပင်လယ်ကြီးကို တွေ့နေစဥ် သူ အော်ဟစ်နေသည်ကို သူတို့ မြင်လိုက်ရသောအခါ သူတို့၏မျက်နှာများထက်တွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ဤ နတ်မီးလျှံစမ်းသပ်ပွဲသည် ယခင်စမ်းသပ်ပွဲများနှင့် အနည်းငယ် ကွဲပြားသည်။ ယခုစမ်းသပ်ပွဲသည် အမုန်းဝိညာဥ်များ၏ တိုက်ခိုက်မှုအား ခုခံနိုင်စွမ်း နှင့် ခုခံနိုင်သည့် အချိန်ပမာဏကို စမ်းသပ်ခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်း၏ ယခင်က ရင်သပ်ရှုမောဖွယ် ထူးခြားသော စွမ်းဆောင်မှုများကြောင့် ဤစမ်းသပ်ပွဲကိုလည်း အံ့သြဖွယ်နည်းလမ်းများ သုံးကာ ကျော်ဖြတ်သွားလိမ့်မည်ဟု လူတိုင်း ယူဆထားကြသည်။ သို့သော် သူ၏ အလန့်တကြားထွက်ပြေးနေပုံကို မြင်လိုက်ရသောအခါ သူတို့မှာ အံ့သြသွားကြပြီးနောက် သက်ပြင်းများကိုယ်စီ ချလိုက်ကြတော့သည်။

” ပိုင်ရှောင်ချန်းရဲ့ အရှိန်အဟုန်တွေ ဒီမှာရပ်သွားတာ ဆန်းတော့မဆန်းပါဘူး။ ဒီနတ်မီးလျှံစမ်းသပ်ပွဲက မြေရိုင်းဒေသနဲ့ ဆက်စပ်နေတာလေ။ ပြီးတော့ အဲ့နေရာမှာ ငါတို့ဂိုဏ်းသားတွေ ရင်ဆိုင်ရနိုင်တဲ့ အရာတွေအတွက် ကြိုတင်ပြင်ဆင်ပေးထားတဲ့သဘောလုပ်ထားတာ။ ဂိုဏ်းတူအစ်ကိုအကြီးဆုံး ဇောင်ထျန်ကျောက် တောင်မှ ပထမဆုံးအခေါက်မှာ အခက်တွေ့ခဲ့ရသေးတာပဲ။ နောက်မှသာ နံပါတ်တစ် နေရာကို ပြန်ယူနိုင်တာ။ ”

” ဟုတ်တယ် ဟုတ်တယ်။ ငါကြားဖူးတဲ့ ဇာတ်လမ်းတစ်ခုအရဆိုရင် ဒီ စိမ်းပြာရောင် နတ်မီးလျှံစမ်းသပ်ပွဲထဲမှာရှိတဲ့ ဝိညာဥ်တွေ အကုန်လုံးကို မြေရိုင်းဒေသဆီကနေ ဖမ်းလာတာတဲ့… ”

” ပိုင်ရှောင်ချန်းက ပထမဆုံးအခေါက်မှာတင် ထိပ်ဆုံး အယောက်ငါးရာထဲ ဝင်သွားတာကို တော်တော် တမူထူးခြားနေပါပြီ။ ငါ့အထင်တော့ သူက အဆင့် လေးရာ့ကိုးဆယ်ကျော်ကို ရောက်သွားပြီ ထင်တယ်။ အခုသူက ထိပ်ဆုံးအယောက်ငါးရာထဲ ဝင်သွားပြီဆိုတော့ ခန်းမတွေရဲ့ လက်ရွေးစင် မဟုတ်တော့ပဲ ဒေသတွေရဲ့ လက်ရွေးစင်တစ်ယောက် ဖြစ်သွားပြီ။ အဲ့နှစ်ခုက လုံးဝကို မတူတာ ”

ထိုသို့ ဆွေးနွေးငြင်းခုံနေသံများအကြားတွင် ပိုင်ရှောင်ချန်းမှာ အဖြူရောင်အလင်းတန်းတစ်ခုအသွင်ဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ နတ်မီးလျှံစမ်းသပ်ပွဲ၏ ပင်မအပေါက်ဝတွင် ပေါ်ပေါက်လာသည်။ သူပေါ်ထွက်လာသည်နှင့် တစ်ပြိုက်နက် မရေမတွက်နိုင်သော ဂိုဏ်းသားများက အားကျမှုနှင့် အခြားခံစားချက်ပေါင်းစုံရောထွေးနေသည့် မျက်ဝန်းများနှင့် သူ့ကို လှမ်းကြည့်လိုက်ကြသည်။ ထိုသို့ လူများစွာက သူ့ကို အားကျနေသည့် မျက်လုံးကြီးများဖြင့် ဝိုင်းကြည့်နေသည်အား မြင်လိုက်ရသောအခါ အစပိုင်းတွင် ပိုင်ရှောင်ချန်းသည် မျက်တောင်တဖျတ်ဖျတ်ခတ်နေပြီးနောက် မကြာသေးမီက သွေးရူးသွေးတန်းဖြစ်ခဲ့ရသည့် ခံစားချက်ကြီးမှာ အနည်းငယ် တည်ငြိမ်လာတော့သည်။

” သူတို့အားလံုး ငါ့ကိုကြည့်နေကြတာလား ”
သူက သူ့ကိုယ်သူ အံ့သြစရာကောင်းသော လူတစ်ယောက်ဖြစ်ကြောင်း တွေးကာ ချောင်းဟန့်လိုက်သည်။ ထို့နောက် ရင်အနည်းငယ်ကော့လိုက်ပြီး လက်ရွေးစင်တစ်ယောက်ပုံစံနှင့် အတတ်နိုင်ဆုံးတူအောင် ကြိုးစားကာ ပုံဖမ်းလိုက်သည်။

” သူတို့အကုန်လုံးက ငါ့ကို တကယ် ကြည့်နေကြတာပဲ။ ငါက အင်မတန် ထူးချွန်တဲ့ ကောင်ပါလား။ အီး… ငါက သိုသိုသိပ်သိပ် နေရမှာလေကွာ။ ငါက ဓားစာခံတစ်ယောက်ပဲကို။ ”
သူ့ကို လူတိုင်းက အာရုံစိုက်နေသည့်အချက်ကြောင့် ပျော်ရွှင်နေပြီး စိမ်းပြာရောင် နတ်မီးလျှံစမ်းသပ်ပွဲထဲမှ သူ၏ ရင်ထိတ်ဖွယ်နောက်ဆုံးဖြစ်ရပ်များကိုပင် မေ့သွားတော့သည်။ ထို့နောက် သူက မေးငေါ့ကာ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး ထွက်ခွာသွားတော့သည်။

ထိုသို့ သူထွက်ခွာသွားသောအခါ သူ့ကိုလိုက်ကြည့်နေသူများ၏ မျက်ဝန်းထဲတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။ သူက လေပေါ်တွင်ပျံဝဲကာ သွား၍ရပါသော်လည်း သူ၏ လတ်လတ်ဆတ်ဆတ်ရရှိထားသော ဂုဏ်ထူးကြီးဖြစ်သည့် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်တန်းကြယ်ပွင့် အယောက်ငါးရာထဲရှိ လက်ရွေးစင်တစ်ယောက်ဆိုသည့် ဆောင်ပုဒ်ကြောင့် အလွန်အမင်း မာနမကြီးသင့်ကြောင်း သူ တွေးလိုက်တော့သည်။ ထိုကြောင့် သူက ဂိုဏ်းသားများနှင့် တတ်နိုင်သလောက်တွေ့ဆုံကာ မိတ်ဆက်စကားများဆိုလိုက်တော့သည်။

” ဒီတစ်ခေါက်လည်း ငါက ရေရှည်ကို တွေးလိုက်နိုင်ပြီ… ”
သူက ဂုဏ်ယူနေတော့သည်။ လူတိုင်းက သူ့ကို အလျင်အမြန် လမ်းဘေးဖယ်ပေးလိုက်ကြသဖြင့် ပိုင်ရှောင်ချန်းမှာ များစွာ ကျေနပ်နေတော့သည်။ သူသည် အနီးအနားရှိ ဂိုဏ်းသားများကို လက်ဝှေ့ယမ်းကာပင် နှုတ်ဆက်လိုက်သေးသည်။

” အားလုံးပဲ မင်္ဂလာပါ ”
ပိုင်ရှောင်ချန်းမှာ တည်ရှိသမျှအရာအားလုံး၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အလား ခံစားနေရပြီး စိတ်ပျက်စရာကောင်းသည့် တစ်ခုထဲသောအရာမှာ ဤနေရာတွင် လူရာဂဏန်းသာ ရှိနေသည့် အချက်ပင်။

” အခုထက် လူနည်းနည်းသာပိုရှိရင်တော့ကွာ… ”
သူက တွေးလိုက်တော့သည်။ ထို့နောက် သက်ပြင်းချရင်း လူအုပ်ကြီးနှင့် ဝေးရာသို့ သူ လျှောက်သွားတော့သည်။ ထိုလူအုပ်ထဲတွင် ပိုင်ရှောင်ချန်းထွက်ခွာသွားသည်ကို စိုက်ကြည့်နေသည့် မိန်းမပျိုတစ်ယောက်ရှိသည်။

သူမသည် အစိမ်းရောင်ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားပြီး မည်သူကမှ မပတ်သတ်လိုသည့် အေးတိအေးစက် လူတစ်မျိုးဖြစ်သည်။ သူမဆီမှ ထွက်ပေါ်နေသည် ကြောက်မက်ဖွယ် အေးစိမ့်နေသည့် အငွေ့အသက်ကြီးကြောင့် ထိုနေရာတွင် ရပ်နေသည့်လူများမှာ အနေရခက်လာသည် အထိပင်။

သူမသည် ပိုင်ရှောင်ချန်းကို တချိန်လုံး အနီးကပ်စောင့်ကြည့်နေခဲ့ပြီး စောစောက သူ ဂုဏ်ယူဝင့်ကြွားနေသည့်ပုံဖမ်းလိုက်သောအခါ သူမသည် တခစ်ခစ်ရယ်မောကာ သူမ၏ပါးစပ်ကိုပင် လက်နှင့်အုပ်လိုက်သေးသည်။ ယခုတွင်မူ သူမ၏ မျက်ဝန်းများမှာ ထူးဆန်းသည့် အလင်းရောင်တစ်ခုဖြင့် တလက်လက် တောက်ပနေတော့သည်။

သူမသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်တန်းကြယ်ပွင့်စမ်းသပ်ပွဲများရှိရာ ဝင်ပေါက်ကို မော့ကြည့်လိုက်ပြီး ရေရွတ်လိုက်တော့သည်။
” တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းမဲ့ပုံပဲ။ ”

ထိုမိန်းမပျိုမှာ ကုန်းစွန်းဝမ်အာပင် ဖြစ်သည်။

သူမသည် ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ စရောက်စဥ်ထဲက ပိုင်ရှောင်ချန်းနှင့် လမ်းခွဲသွားခဲ့သည်။ သူမသည် ကုံ သက်တံ့ဒေသပေါ်သို့ ရာထူးတိုးလာသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယခုတွင် အစိမ်းရောင်ဝတ်ရုံအဆင့် ဂိုဏ်းသားဖြစ်နေပြီဖြစ်သည်။ ယခုအချိန်တွင် သူမ၏မျက်ဝန်းများမှာ နက်နဲလှသော အလင်းရောင်တစ်မျိုးဖြင့် တလက်လက်တောက်ပနေတော့သည်။ သူမသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်တန်းကြယ်ပွင့်များကို အလွန်တရာ စိတ်ဝင်စားနေပြီ ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အနန္တကြယ် သက်တံ့ပေါ်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး သူနှင့် လမ်းတွင်ကြုံတွေ့ရသမျှ ဂိုဏ်းသားများ၏ အာရုံစိုက်မှုကို ရရှိနိုင်ရန်အတွက် ချောင်းတဟန့်ဟန့် လုပ်နေတော့သည်။ ကုံ သက်တံ့ဒေသဆီသို့ ပြန်ရောက်သွားပြီး တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ထဲ သူပြန်ပေါ်လာသည့် အချိန်မှာပင် အသံများစွာ ပေါ်ထွက်လာတော့သည်။

” ပိုင်ရှောင်ချန်းပါလား။ ”

” သူက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ အဆင့် လေးရာ့ကိုးဆယ်မှာ ရှိတာနော်။ ပိုင်ရှောင်ချန်း တဲ့ဟေ့ နာမည်က။ ”

တည်နေရာရွှေ့ပြောင်းခြင်း၏ အစွမ်းများ ကွယ်ပျောက်သွားသောအခါ အပြင်ဘက်ရှိ လူအုပ်စုကြီး၏မျက်ဝန်းများမှာ ရိုသေလေးစားမှုများနှင့် စိတ်ပြင်းပြမှု ပေါင်းစုံတို့ဖြင့် ပြည့်နှက်နေသည်ကို မြင်ရနိုင်သည်။

ထိုသူများ၏ တအံ့တသြ စကားသံများကြောင့် ပိုင်ရှောင်ချန်းမှာ ပုံမှန်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေရတော့သည်။ ယခုတွင်မူ သူသည် ယခင်ကာလများထက် သာလွန်သည့် လက်ရွေးစင်တစ်ယောက်ကဲ့သို့ ခံစားနေရတော့သည်။ သူက အနည်းငယ်ပြုံးလိုက်ပြီး အပြင်သို့ထွက်ကာ လူအုပ်ကြီးကို လက်ဝှေ့ယမ်းပြလိုက်သည်။

” အားလံုးပဲ မင်္ဂလာပါ ”

” မင်းတို့အားလုံး ဆက်ကြိုးစားကြကွာ ”

” ဒါဟာ ကျုပ်တစ်ဦးထဲရဲ့ ဂုဏ်အရှိန်အဝါမဟုတ်ပါဘူး တာအိုရောင်းရင်းတို့။ ကုံဒေသအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုပါ။ ”

သူ လက်တစ်ခေါက် ဝှေ့ယမ်းလိုက်တိုင်း တဝူးဝူး တဝါးဝါးအသံများ ဆက်တိုက်ထွက်လာစမြဲပင်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ မလှုပ်မယှက် ရပ်နေဆဲဖြစ်သဖြင့် တည်နေရာရွှေ့ပြောင်းခြင်း အပေါက်ဝအနားရှိ ကျင့်ကြံသူတို့မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်လာကြတော့သည်။ မကြာမီ သူတို့၏ မျက်နှာပေါ်တွင် ထူးဆန်းနေသည့် အမူအရာများ ပေါ်ပေါက်လာတော့သည်။

” ပိုင်ရှောင်ချန်းက ဘာလို့ မသွားသေးတာတုံး။ ”

” သူ့ မျက်နှာထားက တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ။ ဘာလို့ ငါမြင်ဖူးတဲ့ လက်ရွေးစင်တွေ အားလုံးနဲ့သူက လုံးဝ မတူရတာလဲ…. ”

ပိုင်ရှောင်ချန်းက သူတို့၏ အမူအရာများကို မြင်လိုက်ရသောအခါ ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားသဖြင့် နောက်ဆုံးတစ်ခေါက် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။

သူ၏ အင်မော်တယ်ဂူသို့ ပြန်ရာလမ်းတစ်လျှောက်တွင် သူက ဖြည်းညင်းစွာ တစ်လှမ်းချင်းစီလှမ်းကာ သူနှင့် လမ်းတွင် ကြုံ တွေ့သမျှ လူတိုင်းကို ပြုံးပြလိုက်၊ ခေါင်းညိတ်ပြလိုက် လုပ်နေတော့သည်။ စမ်းသပ်ပွဲများအား သူကျော်ဖြတ်ခဲ့သည်ကို စောင့်ကြည့်နေသူ အနည်းငယ်ရှိသော်လည်း ရှင်းကုံကျစ်တာအိုဂိုဏ်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်းတစ်ခုဖြစ်သဖြင့် ဖြစ်ပျက်သွားခဲ့သည်များကို မကြားရသေးသူများစွာ ကျန်သေးသည်။ ထိုလူများကမူ သူပြုံးပြသည်ကိုမြင်သောအခါ ကြောင်အမ်းအမ်းဖြင့်သာ ပြန်ကြည့်နိုင်ကြတော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုအခြင်းအရာကို ဘဝင်မကျဘဲ သူ၏သတင်းများကို တစ်စုံတစ်ယောက်အား ဖြန့်စေချင်နေတော့သည်။ သူက မည်မျှပင် အံ့သြဖွယ်ကောင်းကာ ရိုသေလေးစားမှုနှင့် ထိုက်တန်နေသည်ဖြစ်စေ သူ၏ကောင်းကြောင်းသတင်းကို သူကိုယ်တိုင်လိုက်၍ ဖြန့်နေလျှင် မသင့်တော်သည် မဟုတ်ပါလော။

” ဒီလိုဆို အဆင်မပြေဘူးဟေ့။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ သတင်းပျံ့ တာက နှေးလွန်းတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ငါနည်းလမ်းရှာမှ ရမယ်။ ” သူက အင်မော်တယ်ဂူသို့ ပြန်ရောက်သောအခါ သူ၏ တစ်ကိုယ်တော်ဂုဏ်ယူဖွယ်ရာများအကြောင်းနှင့် ထိုအကြောင်းကို လူအများသိအောင် လုပ်နိုင်မည့်နည်းလမ်းများကို တွေးနေတော့သည်။

” ငါ ရွှီပေါက်ချိုင်ကို ဒီခေါ်လာတာ သတင်းစုဖို့ တစ်ခုထဲအတွက်မှ မဟုတ်ပဲ။ သတင်းဖြန့်ဖို့ရော ပါတယ်လေ။ သူ့ကို ကုံမြို့တော်မှာပဲ ချန်ထားခဲ့တာ ဖြုန်းတီးရာကျတာပေါ့။ ” ထိုသို့တွေးကာ သူသည် ရွှီပေါက်ချိုင်ဆီသို့ သတင်းပို့ကာ စားသောက်ဆိုင်အတွက် ဝေရာဝစ္စများကို တာဝန်ယူပြီးလျှင် အမြန်ဆုံးနည်းဖြင့် ရာထူးတက်အောင်လုပ်ကာ သူ့အား လာကူညီရန် အမိန့်ပေးလိုက်တော့သည်။

ရွှီပေါက်ချိုင်ကလည်း သူ၏အရည်အချင်းများကို အစွမ်းကုန်အသုံးချရတော့မည်ဖြစ်သဖြင့် အကြီးအကျယ် စိတ်လှုပ်ရှားသွားတော့သည်။ ထိုအခြင်းအရာကို ခေတ္တမျှ ချင့်ချိန်လိုက်ပြီးနောက် သူ၏အရေးပါပုံကို ပိုင်ရှောင်ချန်းအား သေချာသိစေရန် လုပ်ရမည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ပြီး လျင်မြန်စွာပင် စာပြန်ပို့လိုက်တော့သည်။

” ခေါင်းဆောင်လေးရေ။ ကျနော့်မှာ အကြံတစ်ခုရှိတယ်။ ခေါင်းဆောင်လေးသိတဲ့အတိုင်း ကျနော်က ဒီလိုနေရာတွေဆို အရမ်း ကျွမ်းတာလေ။ ပြီးတော့ ကျနော် သိထားသလောက်ဆိုရင် မကြာခင် လူတွေက လာပြီးတော့ မိတ်ဆက်စကားတွေ လာဆိုကြလိမ့်မယ်ဗျ။ မှတ်ထားရမှာတစ်ခုက သူတို့ရောက်လာတိုင်း ခေါင်းဆောင်လေးက ခေါင်းဆောင်လေးလုပ်ခဲ့တာတွေကို အားမရတဲ့ပုံစံဖမ်းပြီး အဲ့စမ်းသပ်ပွဲတွေကို ထပ်ပြီးစိန်ခေါ်ဖို့ အကြံအစည်ရှိကြောင်းကိုလည်း သူတို့သိအောင် လုပ်ရမှာ။ ခေါင်းဆောင်လေးအဲ့လိုလုပ်လေ သူတို့က ခေါင်းဆောင်လေးရဲ့ အလားအလာတွေကို ပိုယုံကြည်ကြလေ ဖြစ်သွားမှာ။ ပြီးတော့ မမေ့နဲ့နော်။ လာလည်တဲ့ လူတွေရဲ့ရှေ့မှာ လုံးဝ မကြွားမိစေနဲ့။”

ရွှီပေါက်ချိုင်၏ အကြံပေးစကားကို ရလိုက်သောအခါ ပိုင်ရှောင်ချန်းသည် ထိုအကြံမှာ အကြံကောင်းတစ်ခုဖြစ်ကြောင်း လက်ခံလိုက်သည်။ ထို့ကြောင့် အနည်းငယ် တွေးတောလိုက်ပြီးနောက် သူက အင်မော်တယ်ဂူတံခါးကိုဖွင့်ကာ ဘေးနားက ဖြတ်လျှောက်သွားသူများနှင့် ဧည့်သည်များကို စောင့်မျှော်နေတော့သည်။

” အိမ်း။ ခေါင်းခဲစရာပါလား။ ရွှီပေါက်ချိုင်ပြောပုံအရဆို မကြာခင် ငါ့ကို လာပြီး နှုတ်ဆက်စကားတွေ လာပြောကြမယ့် လူတွေ တော်တော်များမှာပဲ။ ”
သူက သက်ပြင်းချကာ အိတ်ထဲမှ မှော်ကြေးမုံကိုထုတ်ကာ သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ ထို့နောက် ထိုကြေးမုံကို ပြန်၍သိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ကြည်သောအမူအရာတစ်ခုကိုဖမ်း၍ တစ်စုံတစ်ရာကို တွေးတောနေသည့်အလား ဟန်ဆောင်လိုက်တော့သည်။ သူက ကောင်းကင်ကြီးကို မော့ကြည့်ကာ ဉာဏ်အလင်းပွင့်ရန် ကြိုးပမ်းနေသည်ပုံပင် ပေါ်နေတော့သည်။

မကြာမီ နတ်ဆရာနှင့် ဖက်တီးကျန်းကြီးတို့မှာ အလင်းတန်းနှစ်တန်းအသွင်ဖြင့် ရောက်ရှိလာကြသည်။ လတ်တလော ကုန်ဆုံးသွားခဲ့သည့် အချိန်တခဏတွင် ဖက်တီးကျန်းကြီးသည် အခြေခိုင်မာခြင်းအဆင့်၏ စက်ဝန်းထဲသို့ ရောက်ရှိနေပြီဖြစ်ပြီး ရစ်ဆိုင်းနေသော ပုံရိပ်ယောင်မြူခိုးတစ်ခုက သူ့ကို ဝန်းရံထားလေရာ သူ၏ပုံပန်းသွင်ပြင်မှာ အံ့အားသင့်ဖွယ် ကောင်းနေတော့သည်။

နတ်ဆရာကမူ အစောပိုင်း အမြုတေအဆင့်ရောက်နေပြီဖြစ်ပြီး သူ၏ ပုံပန်းသွင်ပြင်မှာလည်း ရင်သပ်ရှုမောဖွယ်ရာပင်။ သူတို့နှစ်ယောက်စလုံးမှာ ပိုင်ရှောင်ချန်း၏ စွမ်းဆောင်မှုကို အံ့သြနေကြပြီး သူ အင်မော်တယ်ဂူအပြင်ဘက်တွင် ရပ်နေသည့် ပုံစံကြီးမှာလည်း ပုံမှန်အသွင်အပြင်ထက် သာလွန်နေသည်။ သူက အဆင့်အတန်း မြင့်မားလာဟန်တူပြီး သူ၏ဝတ်စံု အနားစများမှာ လေဒဏ်ကြောင့် လွင့်ပျံနေကာ သူ၏ ရှည်လျားနက်မှောင်နေသည့် ဆံပင်ရှည်ကြီးများကြောင့်လည်း ထိုမြင်ကွင်းကြီးမှာ ရင်သပ်ရှုမောဖွယ် ဖြစ်နေတော့သည်။ သူ၏ မျက်ဝန်းများထဲရှိ နက်ရှိုင်းသော အကြည့်များကြောင့် သူသည် သာမန်လူ့လောကနှင့် ဆက်စပ်မှုမရှိသည့် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူနေတော့သည်။

” ခေါင်းဆောင်လေး…. ”

” ရှောင်ချန်းရေ… ”

ဖက်တီးကျန်းကြီးနှင့် နတ်ဆရာတို့မှာ မည်သို့ပြုမူရမှန်းမသိ၍ နှုတ်ဆက်ရန် ပြင်လိုက်စဥ် ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့အသွင်က ပြတ်သားသောအရိပ်အယောင်များနှင့်အတူ အားမလိုအားမရဖြစ်နေဟန်ရှိနေသည်။

သူက သူတို့နှစ်ယောက်ကို မျက်လုံးထောင့်စွန်းမှ ခိုးကြည့်လိုက်ရင်း
” ကျုပ်ကို နားချဖို့ မကြိုးစားကြပါနဲ့ ”

ထိုစကားကြောင့် ချက်ချင်းပင် ဖက်တီးကျန်းကြီးနှင့် နတ်ဆရာတို့မှာ မျက်လုံးပြူးသွားကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset