စမ်းသပ်ပွဲ၏ အပြင်ဘက်တွင် အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ဂိုဏ်းသားများမှာလည်း မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြတော့သည်။ တဒင်္ဂကြာသောအခါ သူတို့၏မျက်နှာထက်တွင် မနာလိုမှု၊ အားကျမှု၊ တွေးတောနေမှု၊ ကြောင်အန်းအန်းဖြစ်နေမှု၊ စိတ်ရှုပ်ထွေးမှုတို့ ပေါင်းစုံ ရောယှက်နေတော့သည်။
ပိုင်ရှောင်ချန်း သုံးသွားခဲ့သည့် နည်းလမ်းမှာ အဓိပ္ပါယ်ကင်းမဲ့လှသော်လည်း ယခင်က သူတို့အားလုံး အင်မတန်ခက်ခဲလှပါသည်ဟု သတ်မှတ်ထားသည့် အစိမ်းရောင် နတ်မီးလျှံစမ်းသပ်ပွဲကို အေးအေးဆေးဆေး ကျော်ဖြတ်သွားနိုင်ခဲ့သည်။ သူတို့သည် အချိန်အတော်ကြာအောင် ဂယောင်ခြောက်ခြားဖြစ်နေကြပြီးနောက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် တုန်ရီသွားစေနိုင်လောက်အောင် အုပ်အော်သောင်းနင်း ဖြစ်ကုန်ကြတော့သည်။
” အဲ့တာ တကယ် အသုံးဝင်တဲ့ လှည့်ကွက်လားဟ။ ”
” မဖြစ်နိုင်တာ။ အဲ့လို လုပ်လို့ ရတယ်တဲ့လား။ ”
” ဒီလောက် နှာဗူးကျတဲ့ နည်းလမ်းကြီးကို သုံးပြီး ဒီစမ်းသပ်ပွဲကို အောင်မြင်နိုင်တာ မယုံနိုင်လောက်အောင်ပဲ။ ပြီးတော့ စောစောက ကျောက်ရိသုန် ရှေ့ဆက်မသွားနိုင်တော့တာ သေချာနေတာ။ ဒါပေမဲ့ နည်းလမ်းပြောင်းလိုက်တော့ ရှေ့ကို မီတာ၃၀လောက်အထိ ပိုရောက်သွားလိုက်သေးတယ်။ ”
အနန္တကြယ် သက်တံ့ပေါ်တွင်သာ စကားများ ပေါက်ပေါက်ဖောက်သလို ထွက်ပေါ်နေသည်မဟုတ်ချေ။ အခြား သက်တံ့ဒေသများတွင်လည်း ထိုနည်းတူပင်။ အစိမ်းရောင် နတ်မီးလျှံစမ်းသပ်ပွဲကို ကျော်လွှားရန် ပိုင်ရှောင်ချန်း သုံးလိုက်သည့် တစ်ခါမှ မကြားဖူးသော နည်းလမ်းကြီးကြောင့် လူတိုင်း အံ့သြမှင်တက်နေကြရပြီး အများစုမှာ လွန်စွာ စိတ်လှုပ်ရှားကုန်ကြတော့သည်။
ထိုအစိမ်းရောင် အဆင့်ကို မကျော်ဖြတ်နိုင်ပဲ လမ်းပိတ်သလိုဖြစ်နေရသည့် လက်ရွေးစင်ပေါင်း များစွာရှိသည်။ ယခုတွင်မူ ရှေ့အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခု ရှိသွားပြီဖြစ်ရာ သူတို့၏ မျက်ဝန်းများ တောက်ပလာကြတော့သည်။ အနည်းငယ် ညည်းတွားသံပြုခြင်းက အရှက်ရစရာ ကောင်းသော်လည်း သူတို့ လက်ခံနိုင်ပေသည်။
အစိမ်းရောင် သက်တံ့အဆင့်ထဲတွင် ကြယ်စင်ပေါင်းတစ်ထောင်ကျော်ရှိသည်။ သို့သော် စိမ်းပြာရောင်အဆင့်သို့သာ တက်လှမ်းနိုင်ပါက ထိပ်ဆုံး အယောက်ငါးရာထဲသို့ ရောက်ရှိနိုင်လိမ့်မည်။ ထိပ်ဆုံးအယောက် တစ်ထောင်နှင့် အယောက်ငါးရာတို့အကြား ကွာခြားချက်ကြီးမှာ ကြီးမားလွန်းလှသည်။
ထိပ်ဆုံးအယောက်တစ်ထောင်သည် ခန်းမဆောင်များ၏ လက်ရွေးစင်များထဲတွင်သာ ပါဝင်ပြီး ထိပ်ဆုံးငါးရာကမူ ဒေသများ၏ လက်ရွေးစင်များထဲတွင် ပါဝင်နေသည်။
” သဘောပေါက်ပြီ။ ဒီစမ်းသပ်ပွဲရဲ့ သော့ချက်က အမြန်နှုန်းနဲ့ အပြင်အားတင် မဟုတ်ဘူး။ ကျင့်ကြံခြင်းအတွက်ပါ အထောက်အကူအဖြစ် သုံးလို့ရတာပဲ။ ”
” အဲ့ ညည်းညူသံတွေက သာမန် အသံတွေမဟုတ်ဘူး။ အသက်ရှူသံနဲ့ ချိန်ကိုက်ပြီး လုပ်ရတာ။ သေသေချာချာ ဂရုစိုက်ပြီး လုပ်မယ်ဆိုရင် လျှပ်စီးရဲ့စွမ်းအားကို အသုံးချပြီး ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်လို့ရတယ်။ အပြင်အားကိုပါ တိုးပွားစေနိုင်ပြီး ချီလမ်းကြောင်းတွေကိုလည်း တိုးတက်အောင် လုပ်လို့ရတယ်။ ”
” ညည်းညူသံတောင် ထွက်စရာလိုချင်မှလိုမှာ။ မင်းရဲ့ အသက်ရှူနှုန်းကို စည်းချက်ကျအောင် လုပ်ပေးရင်ကို ရပြီ။ စစလုပ်ချင်းတော့ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ လျှို့ဝှက်ချက်ကို သိသွားတာနဲ့ အလွယ်တကူကျော်ဖြတ်လို့ ရပြီ။ ” ဤအစိမ်းရောင် နတ်မီးလျှံစမ်းသပ်ပွဲတွင် ပိတ်မိနေသည် လက်ရွေးစင်အများစုမှာ ရုတ်တရက် တက်ကြွသွားကြပြီး အနန္တကြယ် သက်တံ့ တည်နေရာရွှေ့ပြောင်းခြင်း အပေါက်ဝဆီသို့ အပြေးသွားလိုက်ကြတော့သည်။ တစ်ခဏအတွင်း သက်တံ့ဒေသလေးခုစလုံးမှ လူအနည်းငယ်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ထိပ်တန်းကြယ်ပွင့် စမ်းသပ်ပွဲများဆီသို့ ပျံသန်းနေကြပြီဖြစ်သည်။
ဤ အစိမ်းရောင်အဆင့်၏ လျှို့ဝှက်ချက်ကို အခြားသိသောသူ မရှိသည်တော့ မဟုတ်ချေ။ သို့သော်လည်း ဤဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးက ဤလျှို့ဝှက်ချက်ကို သိသူများအား အခြားလူများကို ပြောမပြရန် အမိန့်ထုတ်ထားခြင်းဖြစ်သည်။
ထို့အပြင် ဤစမ်းသပ်ပွဲကို အောင်မြင်ပြီးသွားပြီဖြစ်သည့် အခြား ဂိုဏ်းသားရာချီမှာ ပိုင်ရှောင်ချန်းကဲ့သို့ အေးဆေးသက်သာခဲ့ကြသည်တော့ မဟုတ်ချေ….
ယခုမှသာ ပိုင်ရှောင်ချန်းကြောင့် အစိမ်းရောင် နတ်မီးလျှံစမ်းစပ်ပွဲ၏ လျှို့ဝှက်ချက်မှာ သတင်းပျံ့သွားပြီ ဖြစ်သည်။ ခဏအကြာတွင် ဤအဆင့်ကို ကျော်ဖြတ်နိုင်မည့် လူအရေအတွက်မှာ မှိုလိုပေါက်နေမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။
” အဲ့လိုပဲ ဖြစ်မှာ။ ဒီ အစိမ်းရောင်စမ်းသပ်ပွဲကို ကျော်ဖြတ်သွားတဲ့ အခြားလူတွေကို ငါကြည့်တုံးကလည်း သူတို့ရဲ့ အသက်ရှူတဲ့ပုံစံတွေက မူမမှန်ဘူး ” လက်ရွေးစင်များစွာမှာ ထိုအစိမ်းအရောင်အဆင့်ကို ပြန်လည်စိန်ခေါ်ရန် အပြေးလာနေကြပြီး သူတို့ထဲမှ လူငယ်တစ်ယောက်ဆိုလျှင် အားပါးတရရယ်မောကာ အပေါက်ဝထဲသို့ ပြေးဝင်သွားတော့သည်။
ထိုလူငယ် အထဲသို့ရောက်သွားသည်နှင့် တပြိုင်နက် အခြားသော လက်ရွေးစင်ဒါဇင်များစွာလည်း ပေါ်ပေါက်လာပြီး လူတိုင်းမှာ ပိုင်ရှောင်ချန်း၏ နည်းလမ်းကိုသုံးကာ ဤစမ်းသပ်ပွဲကို ကျော်ဖြတ်ရန် အဆင်သင့်ဖြစ်နေကြတော့သည်။
ပိုင်ရှောင်ချန်းကမူ ထိုအရာများကို သတိမထားမိပေ။ အစိမ်းရောင်စမ်းသပ်ပွဲထဲမှ ပျောက်ကွယ်သွားပြီးနောက် သူက နောက်အဆင့်ဖြစ်သော စိမ်းပြာရောင် နတ်မီးလျှံစမ်းသပ်ပွဲထဲတွင် ပေါ်ပေါက်လာတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်တန်းကြယ်ပွင့်စမ်းသပ်ပွဲများကို အရောင်များဖြင့် အဆင့်ခွဲထားသည်။ ထိုအရောင်များမှာ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာနှင့် ခရမ်းရောင်တို့ဖြစ်သည်။ မတူညီသော နတ်မီးလျှံစမ်းသပ်ပွဲ ခုနစ်ခု ရှိပြီး စိမ်းပြာရောင် အဆင့်ကိုမူ လူငါးရာခန့်သာ ရောက်ရှိဖူးသည်။ ထိုအခြင်းအရာကို ကြည့်လျှင် ပိုင်ရှောင်ချန်းသည် ထိပ်ဆုံးအယောက်တစ်ထောင်ထဲသို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်သည်။
” သိပ်အခက်ကြီးလည်း မဟုတ်ပါဘူးဟ။ ”
ပိုင်ရှောင်ချန်းက ချောင်းဟန့်ကာ အင်္ကျီလက်ကို ခါယမ်းရင်း ဝင့်ကြွားစွာဆိုလိုက်သည်။
သူ၏ အဆင့်ကို အတိအကျမသိနိုင်သေးသော်လည်း အစိမ်းရောင်သက်တံ့ပေါ်ရှိ ကြယ်အရေအတွက်ကို သူ ပြန်မှတ်မိသွားသောအခါ ဂုဏ်ယူဝင့်ကြွားစွာ မေးငေါ့လိုက်ပြီး စိမ်းပြာရောင်စမ်းသပ်ပွဲကျင်းပရာ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်တော့သည်။
” အစက ငါက ထိပ်ဆုံးအယောက် တစ်ထောင်ထဲ ဝင်ဖို့ပဲ လုပ်တာပါဟ။ မတော်တဆနဲ့ ထိပ်ဆုံးအယောက် ငါးရာထဲပါသွားလိမ့်မယ်လို ဘယ်သူထင်မိမှာလဲ။ ခေါင်းခဲစရာတွေကွာ…. ”
ကောင်းကင်ကြီးနှင့် မြေကြီးအပါအဝင် သူ၏ ဘေးပတ်လည်ရှိ အရာအားလုံးမှာ ခဲရောင်ဖြစ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လေထုထဲတွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ လွင့်ပျံေနသည်။ မြေကြီးပေါ်တွင်မူ အလောင်းမြှုပ်နှံရာ ကမ္ဗည်းတိုင်များ မျက်စိတစ်ဆုံး ရှိနေသည်။
ဤဒေသထဲတွင် အတိတ်နမိတ်မကောင်းခြင်းကို ကိုယ်စားပြုနေသည့်အလား ကြောက်မက်ဖွယ်အေးစက်မှုကြီးတစ်ခုက လွှမ်းခြုံထားရာ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် သေမင်းအငွေ့အသက်ဖြစ်ကြောင်း သိလိုက်တော့သည်။ ထိုအငွေ့အသက်ကြီးမှာ ပြင်းထန်လွန်းလှသဖြင့် ခပ်လှမ်းလှမ်းရှိ လေထုကြီးပင် တွန့်လိမ်နေတော့သည်။
ဘေးဘီဝဲယာသို့ အကဲခတ်လိုက်သောအခါ သူ၏ နှလုံးသားထဲတွင် အကြောက်တရားများ စိုးမိုးလာတော့သည်။ တိတ်ဆိတ်ငြိမ်သက်နေခြင်းမှာ ကြောက်ရွံ့ဖွယ်ကောင်းနေသည် မဟုတ်ပါလော။
” ဘာကိစ္စနဲ့များ ရှင်းကုံကျစ်တာအိုဂိုဏ်းက ဒီလို ကြောက်စရာနေရာကြီးကို လုပ်ထားရတာတုံး။ သေမင်း အခိုးအငွေ့ကြီးကလည်း အားပြင်းလိုက်တာမှ လွန်ရော။ သရဲတွေ ငါ့ဘေးနားမှာ ရှိနေလောက်တယ်။ ”
ပိုင်ရှောင်ချန်းမှာ ကြက်သီးမွေးညင်းများပင် ထနေပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ကာ တံတွေးများကို မျိုချနေရတော့သည်။ သူ၏ မျက်နှာမှာလည်း တဖြည်းဖြည်း ဖြူဆုတ်လာပြီး အဏ္ဏဝါခေါ်သံဂိုဏ်းမှာရှိစဥ်က ခေါင်းဆောင်ကြီးများ ပြောခဲ့ဖူးသည့် မသန့်စင် မကျွတ်လွတ်သော အရာများကို ပြန်သတိရသွားကာ နောက်ထပ်တစ်ခေါက် တံတွေး မျိုချလိုက်ပြန်တော့သည်။ ဆက်၍တွေဝေ မနေတော့ပဲ သူက မကောင်းဆိုးဝါးဝိညာဥ် များကို နှိမ်နင်းရန် စီမံထားသည့် စက္ကူလက်ဖွဲ့အဆောင်အချို့ကို ထုတ်ကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကပ်လိုက်တော့သည်။
” သောက် ရှင်းကုံကျစ်တာအိုဂိုဏ်းကွာ။ ငါက ဘယ်လိုနည်းနဲ့ ဒီ စမ်းသပ်ပွဲကို အောင်မြင်အောင် လုပ်ရမှာတုံးဟ။ ” သူ၏ေကြာက်လန့်မှုများ ကြီးထွားလာစဥ် အဝေးတစ်နေရာမှ ရက်စက်မှုအတိပြီးသော မျက်ဝန်းတစ်စုံက သူ့ကို စိုက်ကြည့်လိုက်တော့သည်။ ထိုခံစားချက်ကြီးကြောင့် သူ၏ဦးခေါင်ပေါ်သို့ ဓားသွားတစ်စင်း ဖြတ်ပြေးနေသည့်အလား ခံစားလိုက်ရသည်။
တချိန်ထဲမှာပင် သံသံချင်း ပွတ်တိုက်နေသကဲ့သို့ ဆွဲဆွဲငင်ငင် အော်ဟစ်သံကြီးတစ်ခု လေထဲလွင့်ပျံလာပြီး ကမ္ဗည်းတိုင်တစ်တိုင်မှ အမုန်းဝိညာဥ်တစ်ကောင် ထလာသည်။ ၎င်း၏ပါးစပ်ထဲမှ ရှည်လျားကာ ကြောက်မက်ဖွယ်ကောင်းသော လျှာကြီး တန်းလန်းထွက်နေပြီး မျက်လုံးများမှာလည်း ရန်ငြိုးများ တောက်လောင်နေကာ ပိုင်ရှောင်ချန်းကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ ထို့နောက် ၎င်းသည် ပိုင်ရှောင်ချန်းဆီသို့ ပြေးလာတော့သည်။
၎င်း၏ လှုပ်ရှားမှုမှာ လျင်မြန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်း ပိုင်ရှောင်ချန်းအရှေ့သို့ ရောက်လာတော့သည်။ ပိုင်ရှောင်ချန်းထံမှ ပင့်သက်ရှိုက်သံ ထွက်လာပြီး ညာဘက်လက်ကို ဝှေ့ယမ်းကာ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒ မန္တန်ကို ထုတ်ဖော်လိုက်တော့သည်။ ချက်ချင်းပင် သူ၏လက်ချောင်းထဲမှ အေးစိမ့်ချီများ ထွက်ပေါ်လာပြီး ထို ဝိညာဥ်ကြီးကို ရိုက်ခတ်သွားရာ ၎င်းမှာ သနားစဖွယ်အော်ဟစ်ကာ အပိုင်းပိုင်း ဖြစ်သွားတော့သည်။ သို့သော်လည်း ၎င်းမှာ မပျက်စီးသွားပဲ နောက်သို့သာ ဆုတ်ခွာသွားသည်။
” အီး။ ငါထင်သလောက်လဲ စွမ်းအားမကြီးပါလား။ ” ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားသွားကာ ထိုသို့ ထွက်ပြေးသွားသည့် ဝိညာဥ်ကို လိုက်ဖမ်းရန် ပြင်လိုက်စဥ်မှာပင် ၎င်း၏ မျက်ဝန်းများမှာ အမုန်းမီးလျှံများ ဝင်းဝင်းတောက်လာသည်။ ၎င်းက တစ်စစီကွဲပြိုသွားပြီး ကောင်းကင်ကိုတုန်ခါစေကာ မြေကြီးကို အက်ကွဲစေနိုင်သည့် အသံကြီးဖြင့် အာခေါင်ခြစ်ကာ အော်လိုက်တော့သည်။
ထိုအသံကြီးမှာ ကမ္ဘာကြီးကို လွှမ်းခြုံသွားပြီး ကောင်းကင်နှင့် မြေကြီးမှာ ပြင်းထန်စွာ လှုပ်ခါသွားတော့သည်။ ထို့နောက် မျက်စိတစ်ဆုံးရှိ ကမ္ဗည်းတိုင်များအားလုံးထဲမှ အမုန်း ဝိညာဥ်များထွက်လာကြပြီး လေထဲတွင် အုပ်လိုက်ကြီး စုဝေးနေကြတော့သည်။ ၎င်းတို့၏ ပုံပန်းသွင်ပြင်များမှာလည်း ရက်စက်ကြမ်းကြုတ်လွန်းလှပြီး ၎င်းတို့ ထွက်ပေါ်လာခြင်းကြောင့် ထိုနေရာရှိ သေမင်းအခိုးအငွေ့ကြီးမှာ ယခင်ကထက် ပိုမို အားကောင်းလာတော့သည်။
ပိုင်ရှောင်ချန်းသည် နေရာမှာပင် ရပ်နေပြီး သူ့ မျက်လုံးများပြူးလာကာ ဦးရေပြားများပင် ထုံကျဥ်လာတော့သည်။
” အ….အများ…. အများကြီးပဲဟ။ ”
ထို ဝိညာဥ်များအားလုံးက သူ့ကိုစိုက်ကြည့်နေကြောင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ကျယ်လောင်စွာအော်ဟစ်ကာ နောက်သို့ဆုတ်ရန် ပြင်လိုက်တော့သည်။ သူနောက်သို့ဆုတ်သွားစဥ် အတန်ငယ်ဝေးသောနေရာမှ ဝိညာဥ်အရိပ်မည်းကြီးအလား ဧရာမအရိပ်ကြီးတစ်ခု ပျံတက်လာရာ တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ထွက်ပေါ်လာတော့သည်။
ထိုအရိပ်ကြီးမှာ ဧကရာဇ်တစ်ပါး၏ သရဖူကို ဆင်မြန်းထားသည့် အရိပ်ဝိညာဥ်ကြီးတစ်ကောင်နှင့်ဆင်တူပြီး ထိုဝိညာဥ်များအားလုံး၏ အရှင်သခင်ဖြစ်ပုံရသည်။ သူ၏အရွယ်အစားမှာ ကြီးမားလွန်းလှသဖြင့် ကောင်းကင်ကြီးကိုပင် ထမ်းထားနိုင်သည့် အလားဖြစ်နေတော့သည်။ သူ၏မျက်ဝန်းထဲတွင် အစိမ်းရောင်မီးတောက်များ တောက်လောင်နေပြီး အေးစက်စက်အပြုံးတစ်ပွင့်ကို ဆင်မြန်းကာ လက်တစ်ဘက်တွင် ဧရာမ သုံးခွမှိန်းကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူ၏ ခန္ဓာကိုယ်မှာ အခြားသော ဝိညာဥ်ပေါင်းများစွာနှင့် တည်ဆောက်ထားသည့် အသွင်ရှိပြီး ထိုဝိညာဥ်များ၏ မျက်နှာများမှာ ရယ်မောနေမှုများ၊ ငိုယိုနေမှုများ စသည့် အမူအရာပေါင်းစုံ ရောယှက်နေတော့သည်။
” မင်းအခု ဒီကိုရောက်လာပြီဆိုမှတော့ ထွက်သွားမယ် မကြံတော့နဲ့။ ” ထိုအသံကြီးထဲတွင် တချို့ကရယ်မောကာ တချို့က ငိုယိုနေကြသည့် မရေမတွက်နိုင်သော အခြားအသံများ ပါဝင်နေသည်။ ဧရာမ ဝိညာဥ် ဧကရာဇ်ကြီးမှာ သုံးခွမှိန်းကို လေထဲတွင် ဝှေ့ယမ်းကာ ပိုင်ရှောင်ချန်းဆီသို့ ထိုးလိုက်သောအခါ ကြောက်မက်ဖွယ်စွမ်းအင်ကြီးတစ်ခု ထွက်ပေါ်လာပြီး အခြားသော ဝိညာဥ်များအားလုံးမှာ စူးရှစွာ အော်ဟစ်ကုန်ကြတော့သည်။
ထို့နောက် သိပ်သည်းစွာ စုဝေးနေကြသည့် ဝိညာဥ်များမှာ ပိုင်ရှောင်ချန်းဘက်သို့ ဦးတည်ပြေးလာကြသဖြင့် လေထုထဲတွင် ထစ်ချုန်းသံကြီးများ ပေါ်ထွက်လာတော့သည်။
ပိုမိုဆိုးဝါးလာသည်မှာ မိုးကုတ်စက်ဝိုင်းဆီမှ ပြေးလာနေသည့် ဝိညာဥ်များစွာကို ထပ်၍ မြင်လိုက်ရခြင်းပင်။ ပိုင်ရှောင်ချန်းမှာ အော်ဟစ်နေရုံမှလွဲ၍ မတတ်နိုင်တော့ပေ။ သူ၏ ဘဝတစ်လျှောက်လုံးတွင် ယခုကဲ့သို့ ဝိညာဥ်အုပ်လိုက်ကြီးမှာ သူကြုံတွေ့ဖူးသမျှထဲတွင် အကြီးဆုံးဖြစ်သည်။
သူက ကြောက်ကြောက်လန့်လန့်ဖြင့် အံကြိတ်ကာ ညည်းညူလိုက်တော့သည်။
” စိတ်တော့မကောင်းဘူးကွာ။ ဒါပေမဲ့ ကိုယ်တော်ပိုင်က မင်းတို့နဲ့ မကစားချင်သေးဘူး ”
ပိုင်ရှောင်ချန်းကို စဥ်းစားကြည့်လျှင် သူ၏ပန်းတိုင်ဖြစ်သော ထိပ်ဆုံးအယောက်တစ်ထောင်ထဲသို့ ရောက်ပြီးသွားပြီဖြစ်သည်။ သူသာ ယခုအထိ မဝင်ရောက်သေးလျှင် တစ်မျိုးတဖုံ ပြောင်းလဲသွားနိုင်လိမ့်မည်။ သို့သော် ယခုကြုံတွေ့နေရသည့် အန္တရာယ်ကြီးနှင့် အစထဲက နတ်မီးလျှံစမ်းသပ်ပွဲများကို စိန်ခေါ်လိုစိတ်မရှိသော သူ့စိတ်ကြောင့် တွေဝေမနေပဲ ခုနစ်ရောင်ခြယ် ကျောက်စိမ်းဆွဲပြားအား ထုတ်လိုက်တော့သည်။ သူက ထိုဆွဲပြားအား ချေမွရန် ပြင်လိုက်စဥ် ခပ်လှမ်းလှမ်းရှိ ဧရာမ ဝိညာဥ်ဧကရာဇ်ကြီးက သူ့ကို အထင်သေးစွာ ကြည့်လိုက်တော့သည်။
” မင်းငါ့ကို တိုက်မှာလား မတိုက်ဘူးလား။ ”
သူ၏လေသံမှာ ရက်စက်မှုအပြည့်ပါဝင်နေပြီး မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသည်။
ပိုင်ရှောင်ချန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဤသို့ တည့်တိုးကြီး စိန်ခေါ်ခံရသည်ကို သူက ရင်မဆိုင်ပဲ ထွက်ခွာသွားပါက အရှက်ရစရာ ကောင်းနေလိမ့်မည်။
” ကျုပ်…. ”
သို့သော် မည်သို့မှ သူ ဆက်မပြောနိုင်ခင်မှာပင် ထိုနေရာရှိ ဝိညာဥ်များမှာ ဝိညာဥ်ဧကရာဇ်ကြီး၏ အမိန့်တော်အတိုင်း ပို၍ဆူညံစွာဖြင့် ပြေးလာနေကြသည်ကို မြင်လိုက်ရသည်။
ထိုအသံများကြောင့် ပိုင်ရှောင်ချန်း၏ခေါင်းတစ်ခုလံုး တဆစ်ဆစ်နာကျင်နေပြီး အသက်ရှူသံများပင် မြန်လာရတော့သည်။ ဝိညာဥ်ဧကရာဇ်ကြီးကိုသာ တစ်ယောက်ချင်း ယှဥ်၍တိုက်ခိုက်ရပါက သူက တိုက်ခိုက်မည် ဖြစ်ပါသော်လည်း ယခုသူ၏မျက်မှောက်တွင် ဝိညာဥ်ပင်လယ်ကြီးက ကြောက်မက်ဖွယ်အတိ လွှမ်းခြုံထားလေရာ အနိုင်ကျင့်ခံနေရသကဲ့သို့ ခံစားရရုံမှတစ်ပါး မည်သို့မျှ သူ မတတ်နိုင်တော့ချေ။
” ကျုပ်ကိုစောင့်နေ ဟုတ်ပြီလား။ အခုလောလောဆယ် ကျုပ် အရမ်းပင်ပန်းနေလို့ ပြန်ပြီး နားလိုက်ဦးမယ်။ ပြီးမှပြန်လာပြီး ခင်ဗျားတို့ကို သင်ခန်းစာတစ်ခု၊နှစ်ခုလောက် ပေးမယ် ”
ထိုသို့ဆိုကာ သူက လည်ဆွဲကို ချေမွလိုက်ပြီး တည်နေရာရွှေ့ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။