Switch Mode

အခန်း ( ၄၂၆ )

တံတားဆိုးလေး

” ကပ်စီးကုတ်လိုက်တဲ့ ပန်းပဲဆရာ…”
ပိုင်ရှောင်ချန်းသည် ထွက်ပေါက်ဆီသို့ ပျံထွက်လာရင်း တွေးလိုက်သည်။ သူသည် တည်နေရာရွှေ့ပြောင်းနေလျက်မှပင် အေးစိမ့်ပင်လယ်ကို လွမ်းနေပြီဖြစ်သည်။ ထိုထဲတွင် နေခဲ့သည့် အချိန်အနည်းငယ်အတွင်းမှာပင် သူသည် အလယ်ပိုင်းရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ဤနေရာသို့ မလာမီက ယခုကဲ့သို့ ကံကောင်းမှုမျိုးသည် သူ့ဆီသို့ ရောက်ရှိလာလိမ့်မည်ဟု စိတ်ပင်မကူးရဲပေ။

” ငါ့မှာ အချိန်နည်းနည်းသာ ပိုရမယ်ဆို နောက်တစ်ဆင့် တက်နိုင်လောက်တယ် ” တတိယမြောက် နတ်နတ်မီးလျှံစမ်းသပ်ပွဲမှ မထွက်ချင်၊ ထွက်ချင်နှင့် ထွက်လာပြီးနောက် စတုတ္တမြောက်နေရာသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။

ဤစတုတ္ထမြောက်အဆင့်သည် သက်တန့်၏ အစိမ်းရောင်အပိုင်းနှင့် တူညီကာ ရောက်သည်နှင့် တတိယနတ်မီးလျှံစမ်းသပ်ပွဲကို ထွက်ခွာခဲ့ရသောနောင်တကို ဖယ်ရှားကာ နိုးကြားစွာဖြင့် လှည့်ပတ်ကြည့်ရှုလိုက်သည်။ ခဏကြာပြီးနောက် သူ၏ နိုးကြားမှုသည် အံ့ဩမှုအဖြစ် ပြောင်းလဲသွားလေသည်။

ဤနေရာတွင် ကောင်းကင်သည် ပြာလွင်နေကာ ဖွာလွင့်နေသော တိမ်ဖြူဖြူလေးများကို မှုန်မှုန်လေးမြင်နေရသည်။ ညင်သာသော လေညင်းလေးက သူ့မျက်နှာကို ထိခတ်သွားကာ အရာအားလုံးသည် အလွန်ငြိမ်းချမ်းကာ အန္တရာယ်ဟူ၍ မြူမှုန်တစ်စက်မျှပင် မရှိသည့်ပုံပေါ်နေပေသည်။

“ဟင်၊ တစ်ခုခုတော့ လွဲပြီ။ ” ဟု သူကတွေးလိုက်သည်။ သူ စုဆောင်းထားခဲ့သော အချက်အလက်များအရ စတုတ္ထမြောက် နတ်မီးလျှံစမ်းသပ်ပွဲသည် မိုးကြိုး၊ လျှပ်စီးများနှင့် သက်ဆိုင်သည်။ ဤနေရာသို့ ရောက်ရှိလျှင် တစ်စုံတစ်ယောက်သည် ထိပ်ဆုံး၁၀၀၀ စာရင်းထဲသို့ ဝင်ရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။

” အဲဒါ ငါ့ရဲ့ ဦးတည်ချက်ပဲ။ ထိပ်ဆုံး၁၀၀၀… ”
သူသည် တွေဝေစွာဖြင့် ဘေးကို လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် တတိယမြောက် နတ်မီးလျှံစမ်းသပ်ပွဲသည် အလွန်ရိုးရှင်းခဲ့သည်ကို တွေးကာ ရင်ဘတ်ဖောင်းသွားသည်အထိ အသက်ကို ရှူထုတ်လိုက်ပြီး အရှိန်ဖြင့် ပြေးသွားသည်။

သို့သော် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည့်အချိန်မှာပင် ယခင်က နေသာနေခဲ့သော ကောင်းကင်ကြီးသည် ရုတ်တရက် မရေမတွက်နိုင်အောင် များပြားသည့် အနက်ရောင် မိုးကြိုးသွားများဖြင့် ပြည့်နှက်သွားကာ သူ့ဆီသို့ ဆင်းသက်လာလေသည်။

ပိုင်ရှောင်ချန်းသည် မျက်စိမျက်နှာပျက်သွားကာ သူ့အပေါ်တွင် မိုးကြိုးများစုဝေးလျက် လေထုကို ထိုးခွင်း၍ လူတစ်ယောက်ဖြတ်သွားနိုင်လောက်သည့် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာပြီး သူလည်း နောက်သို့ လဲကျသွားလေသည်။

ထိုအက်ကွဲကြောင်း၏ အလွန်တွင် နောက်ထပ် ကမ္ဘာတစ်ခုကို မြင်တွေ့နိုင်သည်။

မကြာသေးမီက တွေ့လိုက်ရသော အနက်ရောင်မိုးကြိုးများနှင့် ဆင်တူသော်လည်း မျက်စိကျိန်းလောက်အောင် တောက်ပသည့် မိုးကြိုးများနှင့် ပြည့်နှက်နေသော ကမ္ဘာကြီးဖြစ်သည်။

လျှပ်စီးလက်ခြင်းများမှာ များလှသဖြင့် မိုးကြိုးအရေအတွက်ကို ရေရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် ထိတ်လန့်ဖွယ်ကောင်းလှသော မိုးကြိုးများဖြင့် ပြုလုပ်ထားသည့်၊ ကြီးမားလှသော တံတားကြီးတစ်စင်းသည် ဤကမ္ဘာ၏ အဆုံးထိ ရှည်လျားပေသည်။

တံတားကို မည်သို့ဆောက်လုပ်ထားသည်ဟု မပြောနိုင်သော်လည်း မရေမတွက်နိုင်သော မိုးကြိုးသွားများသည် အံဩဖွယ်ပုံစံဖြင့် ပေါင်းစပ်သွားရာမှ ဖြစ်ပေါ်လာသည့်ပုံပေါ်လေသည်။

အံ့ဩဖွယ်ကောင်းစွာပင် တံတားအလယ်ခန့်တွင် ခက်ခက်ခဲခဲ ရှေ့ဆက်နေသော လူတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ အခြားမဟုတ် ကျောက်ရိသုန်ပင် ဖြစ်သည်။

သူလှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် မိုးကြိုးသွားအမြောက်အမြား ရွာကျလာကာ သူ၏ လမ်းကို ပိတ်ထားသည့်အပြင် တံတားပေါ်မှ ပြုတ်ကျစေရန်ပင် ကြိုးစားလျက်ရှိသည်။

ဖြစ်ပျက်နေသော မြင်ကွင်းသည် ပိုင်ရှောင်ချန်းကို အံ့ဩတကြီးဖြစ်သွားစေပြီး တချိန်တည်းမှာပင် ဤမိုးကြိုးတံတားသည် အတော်ပင် ခေါင်းကိုက်စေလိမ့်မည်ဟု သိလိုက်သည်။

“ပထမက မီး၊ အဲ့နောက် ကျောက်တုံး၊ နောက်တစ်ခါ ပန်းပဲ။ ဒီရှင်းကုံကျစ်တာအိုဂိုဏ်းမှာ မိုးကြိုးတံတားတစ်စင်း တကယ်ကြီးရှိနေတာ ငါ မယုံနိုင်ဘူး။ ကြွားလိုက်တာကွာ။ ”
အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားကာ အဏ္ဏဝါခေါ်သံဂိုဏ်းသို့ ပြန်ရောက်လျှင် ခေါင်းဆောင်ကြီးများနှင့် ဤသို့သော ကမ္ဘာမျိုးကို တည်ဆောက်သင့်ကြောင်း ဝိုင်းဖွဲ့ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

ခဏမျှ ရပ်ကြည့်နေပြီးနောက် အံကြိတ်ကာပြောလိုက်သည်။
” ငါထိပ်ဆုံး၁၀၀၀ထဲကို ရောက်အောင် လုပ်ရမယ်။”

တစ်သမတ်တည်း စိုက်ကြည့်လျက် အက်ကွဲကြောင်းမှတစ်ဆင့် မိုးကြိုးကမ္ဘာထဲသို့ ခုန်ဝင်လိုက်သည်။

ချက်ချင်းပင် မိုးကြိုးသွားများသည် ခွေလိမ်ယှက်နွယ်ကာ ပိုက်ကွန်သဏ္ဌာန်ဖြင့် သူ့အပေါ်သို့ ကျလာလေသည်။

အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် သူထွက်မပြေးနိုင်မီမှာပင် သူ့ကို မိုးကြိုးများအပစ်ခံလိုက်ရကာ နာကျင်စွာအော်လိုက်သော အသံထွက်ပေါ်လာသည်။ တံတားပေါ်မှ ကျောက်ရိသုန်သည် ထိုအသံကို ကြားကာ လှည့်ကြည့်လိုက်ပြီး အထင်သေးစွာဖြင့် ခေါင်းရမ်းကာ ပြောလိုက်သည်။

“ကိုယ့်ဘာသာကိုယ် စွတ်အထင်ကြီးတဲ့ နောက်ထပ်အရူးတစ်ယောက်ပဲ။ ” ဟု သူကပြောလိုက်သည်။ ထို့နောက် အံကြိတ်ကာ ရှေ့ဆက်သွားလိုက်သည်။

သို့သော် ကျောက်ရိသုန် အကြည့်လွှဲလိုက်စဥ်မှာပင် ပိုင်ရှောင်ချန်း၏ဘေးမှ မိုးကြိုးများ ပျောက်ကွယ်သွားသည်။ သူ၏ အဝတ်များမှာ စုတ်ပြဲနေပြီး ဆံပင်များလည်း ထောင်လျက်ရှိသည်။ သူသည် အနည်းငယ်ပင် တုန်ရီလျက်ရှိသည်။ မရေမတွက်နိုင်သော မိုးကြိုးများအပစ်ခံလိုက်ရခြင်းကြောင့် တုန်ခါနေသည်ဟု ခံစားနေရသည့်တိုင် ထိခိုက်မှု မရှိခဲ့ပေ။

ခဏအကြာတွင် သက်ပြင်းရှည်ကြီး ရှိုက်ထုတ်လိုက်ကာ သူ၏ မျက်လုံးများသည် တောက်ပစွာ လင်းလက်လာသည်။ သူ၏မျက်နှာတွင် ကျေနပ်သောအမူအရာဖြင့် ဝမ်းမြောက်တိုးတိတ်စွာ ရေရွတ်လိုက်သည်။

” အား…ကောင်းလိုက်တာ ” မိုးကြိုးအပစ်ခံလိုက်ခြင်းဖြင့် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆေးလုံးအမျိုးမျိုးကို နှစ်ပေါင်းများစွာ စားသုံးရာမှ စုပုံလာခဲ့သော မရေမတွက်နိုင်သည့် အညစ်အကြေးများကို ပြိုကွဲစေကာ သူ၏ ချွေးပေါက်များမှ စိမ့်ထွက်သွားသည်ကို ယခုလေးတင် သူ သိသွားသည်။

သန့်စင်လိုက်သည့်အလားပင်ဖြစ်သွားကာ တချိန်တည်းမှာပင် မရေမတွက်နိုင်သော လက်သေးသေးလေးများက နှိပ်နယ်ပေးနေသည့်အလားပင်ဖြစ်နေသည်။ တဖျဥ်းဖျဥ်းခံစားချက်သည် အတော်လေးပင် နှစ်လိုဖွယ်ကောင်းပြီး ကျင့်ကြံခြင်းကာလတစ်လျှောက်လုံးတွင် တစ်ခါမှ မကြုံဖူးသည့်အရာမျိုးပင် ဖြစ်သည်။

အပြင်ဘက်မှ လူများသည် သူ့မျက်နှာမှ အမူအရာကို သတိထားမိသောအခါ မှင်သက်မိသွားကြလေသည်။ အများစုသည် ပိုင်ရှောင်ချန်းက ဤစမ်းသပ်ပွဲကို မည်သို့၊မည်ပုံကိုင်တွယ်မည်ဟု အမျိုးမျိုးသုံးသပ်ထားကြသော်လည်း တစ်ယောက်မှ ဤသို့ဖြစ်လာလိမ့်မည်ဟု တွေးမထားခဲ့ပေ။

” သူက လူ…မှ ဟုတ်ရဲ့လား။ ”

” သူ့အရေပြားက ဘယ်လောက်တောင် မာနေလို့ မိုးကြိုးအပစ်ခံရတာကို မနာရုံတင်မကဘဲ တကယ်ကြီး ကျေနပ်နေရတာလဲ။ ”

” အဲ့နားမှာရှိတဲ့ မိုးကြိုးတွေမှာ အကန့်အသတ်တော့ရှိတယ်။ ဒါပေမဲ့ မိုးကြိုးတစ်ချက်စီက အလယ်ပိုင်းအမြုတေအဆင့်နဲ့ ယှဥ်လို့ရတယ်။ တံတားကို ပစ်နေတဲ့ဟာတွေဆိုရင် နှောင်းပိုင်းအမြုတေအဆင့် တချို့ပါတယ်။ ”

အားလုံးသည် သူတို့၏ အံ့အားသင့်မှုကို ထုတ်၍ပြောနေကြစဥ် မိုးကြိုးကမ္ဘာထဲတွင် ပိုင်ရှောင်ချန်းသည် သက်တောင့်သက်သာရှိနေသည်ကို သိသွားသောကြောင့် မျက်လုံးများ တောက်ပလာသည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ လှုပ်ခတ်နေသည်ကို ခံစားနေရပြီး ပုံမှန်အားဖြင့် ရှာရန်ခက်ခဲသည့် ချီစီးကြောင်း အချို့ကို ယခုမူ လုံးဝတွေ့နေရသည်။

မိုးကြိုးက သန့်စင်ပေးလိုက်သောကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း အနည်းငယ်တိုးတက်လာခဲ့သည်။ စိတ်လှုပ်ရှားစွာဖြင့် တံတားတစ်လျှောက် ရှေ့ဆက်တိုးသွားရာ မိုးကြိုးများပေါင်းဆုံကာ သူ့ကို ပစ်ခတ်သွားပြန်သည်။ သို့သော် ထိုမိုးကြိုးများက သူ့ကိုနောက်တစ်ခါ ကျေနပ်သက်ပြင်းချစေရန်သာ တတ်နိုင်ပေသည်။

“ဒီနေရာက တကယ်မိုက်တာပဲ။” ဟု ပြောကာ သူအမှန်တကယ် ဒဏ်ရာမရကြောင်း သေချာစေရန် သူ၏ အရေပြားကို အနီးကပ် စစ်ဆေးလိုက်သည်။ သူ၏ အမြင်အရဆိုလျှင် ဤနတ်မီးလျှံစမ်းသပ်ပွဲသည် အမှန်တကယ် ရိုးစင်းလှပေသည်။ ထို့နောက် သူသည် တံတားအဝင်တွင် ရှေ့နောက်ပြေးကာ မိုးကြိုးများ အပစ်ခံရင်း ကျေနပ်အားရစွာ အော်ညည်းလျက်ရှိသည်။ ကျောက်ရိသုန်မှာမူ အံ့ဩစွာဖြင့် မျက်လုံးများပြူးလျက်ရှိသည်။

” ဒီစမ်းသပ်ပွဲကို စိန်ခေါ်ဖို့ တကယ်လာခဲ့တာလား။”
အံ့ဩကာ သူသည် ပိုင်ရှောင်ချန်းကိုကြည့်ပြီးနောက် သူ့ကိုယ်သူပြန်ကြည့်ကာ အံကြိတ်လျက် ရှေ့ဆက်သွားလေသည်။

နောက်ဆုံးတွင် မိုးကြိုးသွားများသည် အနည်းငယ် အားပျော့သွားပုံပေါ်သဖြင့် ပိုင်ရှောင်ချန်းသည် တံတားပေါ်သို့ လှမ်းတက်လိုက်တော့သည်။

ကျောက်ရိသုန်သည် နောက်သို့ လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

” ကြွားလို့ပြီးပြီလား။ မိုးကြိုးယဥ်ပါးတယ်ဆိုလည်း ဘယ်သူက မင်းကို ဂရုစိုက်မှာလဲ။ တံတားအပြင်ဘက်က မိုးကြိုးက လုံးဝတခြားစီပဲ။ အဲ့မိုးကြိုးကို ခံနိုင်ရည်ရှိတယ်ဆိုတာနဲ့ တံတားပေါ်ရောက်ရင်လည်း အဲဒီလို ခံနိုင်လိမ့်မယ်လို့ မဆိုလို–”
သို့သော် ကျောက်ရိသုန်စကားမဆုံးမီမှာပင် ပိုင်ရှောင်ချန်း၏ နှုတ်ခမ်းမှ ပိုမိုကျယ်လောင်သည့် ညည်းတွားသံထွက်လာသည်။

အညစ်အကြေးများအင်နှင့်အားနှင့် ထွက်သွားပြီးနောက် သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ တံတားကို တောက်ပသောမျက်လုံးများဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

“ဒါကတော့ တံတားဆိုးလေး တစ်စင်းပဲ။ ဟုတ်တယ်။ တော်တော်ဆိုးတာ.. ”
ထို့နောက် ရှေ့သို့ တစ်လှမ်းဆက်လျှောက်ပြီး တုန်ခါသွားကာ ထပ်မံညည်းတွားလိုက်ပြန်သည်။ ခြေလှမ်းတိုင်းတွင် သူသည် ညည်းတွားကာ ထိုအသံကို အပြင်ဘက်မှ ကြည့်နေကြသူအားလုံးက ပြတ်သားစွာ ကြားနိုင်ပေသည်။ မကြာမီမှာပင် သူတို့၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အမူအရာများပေါ်လာပြီး အတော်များများသည် နေရခက်သည့်ပုံစံဖြင့် အကြည့်များဖလှယ်လိုက်ကြသည်။

အထူးသဖြင့် မိန်းကလေးဂိုဏ်းဝင်အများစုသည် ရှက်သွေးဖြာကာ မျက်နှာများပင် နီနေကြသည်။

“လုံးဝကို အရှက်မရှိတာပဲ။ ”

” ဒီတံတားက အပြင်အားရဲ့ အကန့်အသတ်ကို စမ်းသပ်တယ်ဆိုတာ အသိသာကြီး။ ဒါပေမဲ့ ဒီကောင်ပေါ်လာတာနဲ့ အားလုံးက ပြောင်းလဲသွားတယ်။ ”

“သေလိုက်ပါလား။ သူက သူ့အရေပြားဘယ်လောက်မာလဲဆိုတာ ကြွားနေတာပါကွာ။ သွေးကြီးနေလိုက်တာ။ ”

ထိုအချိန်တွင် ဖက်တီးကျန်း၊ နတ်ဆရာ၊ ချင်းမေ့ယွမ် နှင့် စုန့်ချွဲတို့သည် ပိုင်ရှောင်ချန်းကို ကောင်းစွာသိပြီးဖြစ်သည့်တိုင် ရှုံ့မဲ့ကာ ပြုံးလိုက်ကြသည်။ တိမ်တာအိုသခင်မှာမူ မိစ္ဆာနှိမ်နင်းရေးခန်းမဆောင်ထဲတွင် အံ့ဩထိတ်လန့်လျက်ရှိသည်။

ပိုင်ရှောင်ချန်းမှာမူ ဖြစ်ပျက်နေသည်များကို အသေအချာမသိပေ။ သို့သော် သူသည် စမ်းသပ်ပွဲတစ်ခုကို စိန်ခေါ်ယှဥ်ပြိုင်တိုင်းတွင် တမူထူးခြားသော အခြေအနေများကြောင့် သူ့နာမည်သည် အချိန်တိုအတွင်း ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

သူသည် စိတ်ကျေနပ်ဖွယ် အတွေ့အထိများကို သေချာစွာ ခံစားနေရုံမက သူ့ထဲတွင် စုနေသော အညစ်အကြေးများ ထွက်သွားသောကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကာ နောက်တစ်ဆင့်သို့ ထိုးဖောက်နိုင်ရန် အနည်းငယ်သာလိုတော့သည်ကိုပါ သိလိုက်ရပြန်သည်။

သူသည် ပျော်ရွှင်စွာဖြင့် ရှေ့ဆက်လျှောက်လာရာ မကြာမီ ကျောက်ရိသုန်ကို မီလာပြီး မျက်လုံးချင်းဆုံသွားလျှင် ကျောက်ရိသုန်၏ အမူအရာမှာ ပို၍ တင်းမာသွားသည်။

အလွယ်တကူ ကျော်တက်ခံလိုက်ရသောကြောင့် ဒေါသတကြီးဖြင့် လက်သီးဆုပ်ထားမိသည်။

ပိုင်ရှောင်ချန်းက အားတက်သရောဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
” နှုတ်ဆက်ပါတယ် အစ်–”

သို့သော် ကျောက်ရိသုန်သည် အေးစက်စွာဖြင့် နှာမှုတ်လိုက်ကာ အကြည့်လွှဲသွားလေသည်။ အံကို ကြိတ်ကာ နောက်တစ်လှမ်းဆက်လှမ်းလျှင် မိုးကြိုးများရိုက်ခတ်သောအခါ တုန်ခါသွားလေသည်။

ပိုင်ရှောင်ချန်းသည် ရှေ့သို့ ဆက်သွားကာ ကျောက်ရိသုန်၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
” အစ်ကိုက ခက်ခဲအောင် လုပ်နေတာပဲ။ ဒီမှာကြည့် ကျွန်တော်ပြမယ်။ အီး..အား ဆိုပြီးအသံထွက်အောင် လုပ်ရတယ်။ အဲ့ဒါဆို ရှေ့ဆက်သွားဖို့ အများကြီးလွယ်သွားပြီ။ ”

” သွားစမ်းပါကွာ။ ”
ကျောက်ရိသုန်က အော်လိုက်သည်။

ပိုင်ရှောင်ချန်းသည် စိတ်ဆိုးကာ ကျောက်ရိသုန်ကို ဒေါသတကြီး ကြည့်လိုက်သည်။ သူသည် ရည်ရွက်ချက်ကောင်းဖြင့် လာခဲ့သော်လည်း လုံးဝ ရိုင်းပြစွာ ဆက်ဆံခံလိုက်ရသည်။ သူကလည်း အေးစက်စွာနှာမှုတ်လိုက်ပြီး ရှေ့ဆက်လျှောက်လာကာ တံတားအဆုံးထိ တစ်လမ်းလုံး အော်ညည်းလာလေသည်။ ထို့နောက် ထွက်ပေါက်ဆီသို့ ခုန်မထွက်မီ နောက်ဆုံးအဖြစ် ကျောက်ရိသုန်ကို လှည့်ကြည့်သွားလေသည်။

ကျောက်ရိသုန်မှာ ပိုင်ရှောင်ချန်းက စမ်းသပ်ပွဲတစ်လျှောက်လုံးတွင် လွယ်လွယ်ကူကူဖြတ်သန်းသွားနိုင်သည်ကိုကြည့်ကာ ဒေါသတကြီး အံကြိတ်နေတော့သည်။ သူသည် ခြေလှမ်းအနည်းငယ် ဆက်သွားပြီးနောက် သူ၏ နောက်ဆုံးကန့်သတ်ချက်ရောက်နေပြီကို သိသွားကာ လက်လျှော့ရန်အချိန်ရောက်လာသည်။ သို့သော် စောစောက ပိုင်ရှောင်ချန်းပြောသွားသည်များကို ပြန်တွေးကာ တွေဝေသွားလေသည်။ နောက်ဆုံးတွင် သူသည် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ပါးစပ်ကိုဟကာ လေကို အားရပါးရရှိုက်ထုတ်လျက် နောက်တစ်လှမ်းလှမ်းလိုက်သည်။

အထင်မှားခြင်းဟုတ်၊မဟုတ် မသေချာသော်လည်း ယခင်ကလောက် ဖိအားမများတော့သည်ကို အမှန်ပင် ခံစားလိုက်ရသည်။ ထို့အပြင် ယခု ရှိုက်ထုတ်လိုက်သော လေထဲတွင် မသန့်စင်သော သက်စောင့်အားအချို့ပါဝင်လေသည်။

အံ့ဩကာ အံကြိတ်ပြီးနောက် ပိုင်ရှောင်ချန်း၏ နည်းလမ်းကို အတုခိုးရန် ဆုံးဖြတ်လိုက်လေသည်။ သူ ရှေ့ဆက်သွားရာ မိုးကြိုးများပိုမိုရိုက်ခတ်သော်လည်း ၃၀မီတာခန့် သွားနိုင်ပြီးနောက် ခံနိုင်ရည်မရှိတော့သဖြင့် တည်နေရာရွှေ့ပြောင်းကာ ထွက်ခွာခဲ့လိုက်သည်။

မသွားမီအချိန်လေးတွင် သူသည် တံတားကို ဖြတ်သန်းနိုင်မည့် သော့ချက်ကို ရရှိသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် သူ့မျက်လုံးများမှာ စိတ်လှုပ်ရှားစွာ တောက်ပနေပေသည်။

“နောက်တစ်ခါဆို သေချာပေါက် အောင်မြင်မှာပဲ “

Comment

Leave a Reply

Options

not work with dark mode
Reset