Switch Mode

အခန်း (၅၆၂)

စည်းမျဉ်းများကို ချိုးဖောက်ခြင်း

ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲမှ တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာ၏။ ခုန်းတောက်နှင့် ကျောက်ယမုန့်တို့မှာ မိုးကုတ်စက်ဝိုင်းထဲတွင် ပေါ်ပေါက်လာကြခြင်းဖြစ်သည်။ သူတို့မှာ အလွဲလွဲအချော်ချော်ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သောကြောင့် အလွန်အင်မတန်မှ မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် ပျံသန်းလာနေကြ၏။ ကျောက်ယမုန့်မှာ သူမ၏ သံလိုက်အိမ်မြှောင်ထဲမှ မန္တန်အစီအရင်အား ထုတ်လွှတ်လိုက်သောအခါ သူတို့နှစ်ယောက်မှာ ပို၍မြန်ဆန်သွားကြ၏။ ထို့ကြောင့်လည်း သူတို့နှစ်ယောက်မှာ ယခုကဲ့သို့ အလျင်အမြန် ရောက်ရှိလာကြခြင်းဖြစ်သည်။

သူတို့မှာ အနားသို့ရောက်လာကြသောအခါ လူစုန့်နှင့် သူ၏အဖွဲ့သားများ မြေကြီးပေါ်တွင် ကတုန်ကယင်နှင့် ထိတ်လန့်ကြောက်ရွံ့နေကြသည့် မြင်ကွင်းကို မြင်လိုက်ရ၏။ ထိုကျင့်ကြံသူသုံးယောက်မှာ အလယ်အလတ် အမြုတေအဆင့်တွင် ရှိနေကြောင်း သူတို့က အာရုံနိုင်ပေသည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် အလယ်အလတ် အမြုတေအဆင့်၏ ထိပ်ဆုံးသို့ရောက်နေပြီဖြစ်ရာ နှောင်းပိုင်း အမြုတေအဆင့်သို့ တက်လှမ်းနိုင်ရန် သိပ်မလိုတော့ပေ။ ထို့ကြောင့် ကျောက်ယမုန့်မှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားရပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေမိတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် အလွန်အင်မတန်မှ အစွမ်းထက်သည်ကို သူမက သိထားပြီးသားဖြစ်သည်။ သို့သော်ငြားလည်း သူတို့နှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့ ထုတ်ပြခဲ့သည့် စွမ်းအားများကြောင့် အံ့သြတုန်လှုပ်သွားရဆဲပင်။ သူသည် သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင် ရှိနေသော ကျင့်ကြံသူသုံးယောက်အား အကြောက်အလန့်မရှိ တစ်ပြိုင်နက်တည်း ရင်ဆိုင်ခဲ့ပြီးနောက် အချိန်တိုလေးအတွင်းတွင် သူတို့သုံးယောက်စလုံးကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏ အစွမ်းမှာ တမူထူးခြားလွန်းလှပေသည်။

နှောင်းပိုင်း အမြုတေအဆင့် သို့မဟုတ် အမြုတေထိပ်ဆုံးအဆင့်သို့ ရောက်နေသည့် လူများသာလျှင် ထိုကဲ့သို့ စွမ်းဆောင်နိုင်မည်သာဖြစ်သည်။

ခုန်းတောက်မှာ မီးပင်လယ်ကြီးအောက်ရှိ ဂူဗိမာန်ထဲတွင် ဝမ်ပေါင်လဲ့နှင့် လင်းနို့ရုပ်ထုကြီးတို့၏ တိုက်ပွဲကို မြင်ခဲ့ရပါသော်လည်း ထိုစဉ်တုန်းက သူသည် တံခါးပေါက်အား တွန်းဖွင့်နေခဲ့ရသောကြောင့် ဝမ်ပေါင်လဲ့အား အာရုံအပြည့် မစိုက်နိုင်ခဲ့ပေ။ ထို့အပြင် ထိုရုပ်ထုကြီးမှာ အသိဉာဏ်မရှိသော အရာဝတ္ထုပစ္စည်းတစ်ခုသာ ဖြစ်နေခဲ့သည်ဖြစ်ရာ သက်ရှိတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရခြင်း မဟုတ်ပေ။ ထို့ကြောင့်လည်း ယခုတွင် သူသည် အံ့ဩတုန်လှုပ်သွားရခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ကို မြင်လိုက်ရသောအခါ ပြုံးသွား၏။ ထို့နောက် သူသည် ညာလက်လက်ကိုမြှောက်ကာ မြေကြီးပေါ်တွင် ဖရိုဖရဲဖြစ်နေကြသည့် ကျင့်ကြံသူသုံးယောက်ရှိရာဘက်သို့ လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ သူတို့၏ သိုလှောင်လက်ကောက်များမှာ သူ၏လက်ထဲသို့ ရောက်လာကြတော့သည်။ ထို့နောက် သူသည် ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်၏ ” အခု ဒီသုံးယောက်က ကောင်းကင်မြေပုံကြီးမှာ ပေါ်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ခြေထောက်ကျိုးနေတဲ့အပြင် သိုလှောင်အိတ်တွေလည်း မရှိကြတော့ဘူးဆိုတော့ ဒီနေရာမှာ ပိတ်မိနေတော့မှာပဲ။ အဲတာမလို့ သူတို့တွေ မြေပုံပေါ်မှာ ပေါ်နေသည်ဖြစ်စေ ပျောက်နေသည်ဖြစ်စေ အရေးမကြီးတော့ပါဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ သိမ်းယူလိုက်သည့် သိုလှောင်လက်ကောက်များနှင့် အခြားသော့နှစ်ချောင်းအား ကျောက်ယမုန့်ဆီသို့ လှမ်းပစ်ပေးလိုက်၏။

” ငါတို့ရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုဆီကို သွားကြစို့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် အခြားတစ်ဖက်သို့လှည့်ကာ အဝေးသို့ထွက်ခွာသွားတော့သည်။

ကျောက်ယမုန့်မှာ အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်ပြီးနောက် နှုတ်ဆိတ်ကာ မြေပြင်ပေါ်တွင် ကတုန်ကယင် ဖြစ်နေကြသည့် ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားသုံးယောက်အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူမသည် ရှုံ့မဲ့မဲ့ ပြုံးကာ ခေါင်းယမ်းလိုက်ပြီး ဝမ်ပေါင်လဲ့၏ နောက်သို့ လိုက်သွားလိုက်တော့သည်။

ခုန်းတောက်မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ အစွမ်းအစများကို မြင်လိုက်ရပြီးနောက် ပြည်ထောင်စုကြီးထဲမှ တစ်ယောက်ယောက်မှာ ဤ အရည်အချင်းစမ်းသပ်ပွဲ၏ ထိပ်ဆုံးသုံးယောက်ထဲတွင် ပါနိုင်သည်ဖြစ်ကြောင်း ယုံကြည်သွားတော့သည်။

သူတို့သုံးယောက် ထွက်ခွာသွားသောအခါမှ မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းမှ ဂိုဏ်းသားသုံး‌ယောက်မှာ စိတ်‌အေးသွားကြပြီး သက်ပြင်းများ ချလိုက်ကြတော့သည်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်သောအခါ မျက်ဝန်းများထဲရှိ နာကျည်းမှုများနှင့် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များကို အတိုင်းသား မြင်လိုက်ရတော့သည်။

” အဲဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တကယ်ရော ပြည်ထောင်စုကြီးကနေလာတဲ့ ကျင့်ကြံသူတစ်ယောက် ဟုတ်ရဲ့လား ”

” သူက အလယ်အလတ် အမြုတေအဆင့်မှာပဲ ရှိနေသေးတာ သေချာတယ်။ ဒါပေမဲ့ သူ့ရဲ့ တိုက်ရည်ခိုက်ရည် စွမ်းရည်တွေက တပည့်ရင်းတွေနဲ့ပါ ယှဉ်နိုင်တဲ့ အနေအထားတစ်ခုမှာ ရှိနေတာကွ ”

” ငါတို့တွေ ပြည်ထောင်စုကြီးထဲကနေ ရောက်လာတဲ့ ကျင့်ကြံသူတွေကို လျှော့တွက်မိသွားပြီ။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တော်တော်ကို အစွမ်းထက်တာပဲ ” သူတို့မှာ မျက်နှာများ ရှုံ့မဲ့နေကြပြီဖြစ်ပြီး ပြိုင်ပွဲမှ နှုတ်ထွက်ရတော့မည်ဖြစ်ကြောင်း သိထားကြသည်။ သူတို့မှာ စိတ်ထဲ၌ ခံစားချက်မျိုးစုံ ရောယှက်နေကြပြီး လဲနေရာမှ ပြန်ထလာနိုင်ရန် ကြိုးပမ်းလိုက်ကြ၏။ သူတို့၏ နှလုံးသားထဲတွင်မူ မကြာသေးမီတုန်းက တိုက်ပွဲကြီးကြောင့် ခံစားခဲ့ရသည့် အကြောက်တရားများဖြင့် ပြည့်နှက်နေဆဲပင်။ ထို့ကြောင့် သူတို့မှာ နာရီအနည်းငယ်ခန့်ကြာလျှင် ပေါ်ပေါက်လာမည့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီးအား တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့နှင့် သူ၏အဖွဲ့မှာမူ အဝေးသို့ ပြေးထွက်သွားကြပြီ ဖြစ်သည်။ သူတို့မှာလည်း နှုတ်ဆိတ်နေကြ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ကျောက်ယမုန့်မှာ သူမ၏ နဖူးအား လက်ဖြင့်ပွတ်နေတော့သည်။ လူတစ်ယောက်မှာ မည်မျှအထိ အစွမ်းထက်စေကာမူ ဗျူဟာတစ်ခုခု ရှိနေရန်လိုအပ်ကြောင်း သူမက ယုံကြည်ထားဆဲပင်။ သို့မှသာ အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း ပိုများလာမည် ဖြစ်သည်။ ထို့ကြောင့် သူမသည် တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လှမ်းကြည့်ကာ သတိပေးလိုက်၏။

” ပေါင်လဲ့။ ငါတို့တွေ တခြားလူတွေနဲ့ ခပ်ကင်းကင်းနေပြီး ပြဿနာတွေကို ဝေးဝေးကနေ ရှောင်သင့်တယ်။ ငါတို့ မမြင်ရတဲ့သူတွေကိုဆိုရင် ပိုလို့တောင်သတိထားသင့်သေးတယ်။ မြေပုံပေါ်ကနေ ပျောက်သွားတဲ့လူတိုင်းက မတိုက်ခိုက်နိုင်တော့တဲ့ လူတွေမဟုတ်ဘူး။ သူတို့က မုဆိုး‌တွေနော် ”

” ယမုန့် ” ထိုအခါ ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွားကာ နောက်တို့လှည့်လာ၏။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် သူမအားစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ဆိုလိုက်၏။

” တကယ့် အကြွင်းမဲ့တန်ခိုးအာဏာနဲ့ ပက်ပင်းကြုံရတဲ့အချိန်ကျရင် အစီအစဉ်တွေအားလုံး ပျက်သုဉ်းသွားရတာချည်းပဲ။ ဒီ အရည်အချင်းစမ်းသပ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေဆိုတာ အဲဒီ တန်ခိုးအာဏာဆိုတဲ့ အရာနဲ့ ယှဥ်လိုက်ရင် အလကားပဲ။ အဲတာမလို့ နင် အဲဒီစည်းမျဉ်းတွေကို တွေးပူနေစရာမလိုဘူး။ တကယ်လို့ ငါတို့က ပြည်ထောင်စုကြီးထဲမှာဆိုရင် ငါက နင်ပြောတဲ့အတိုင်း လုပ်မှာပါ။ ဘာလို့လဲဆိုတော့ ပြည်ထောင်စုကြီးက ရှေးဦးဝိညာဉ်ခေတ်ထဲကို ရောက်လာတာမကြာသေးဘူးလေ။ အဲတာမလို့ ငါတို့လို ကျင့်ကြံသူတွေကို ထိန်းချုပ်ထားနိုင်တဲ့ စည်းမျဉ်းဥပဒေတွေရှိနေတုန်းပဲ ”

” ဒါပေမဲ့ အခု ငါတို့က ကျင့်ကြံခြင်းလောကအစစ်ဖြစ်တဲ့ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးထဲကို ရောက်နေတာ။ ငါ သေချာ စဉ်းစားကြည့်ပြီးတော့ အရာအားလုံးကိုနားလည်သွားပြီ။ ထွက်ပြေးနေရုံနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အားကြီးတဲ့လူတွေက အားနည်းတဲ့လူတွေကို ချေမှုန်းပစ်ကြမှာ။ နောက်ဆုံးရောက်ရင် ငါတို့က ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ ”

” ငါက မြေပုံပေါ်ကနေ ပျောက်မသွားနိုင်ပေမဲ့ မုဆိုးတစ်ယောက် ဖြစ်နေတုန်းပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရှင်းပြနေရင်း သူ၏ အကြည့်မှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာတော့သည်။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်ကာ ကောင်းကင်ယံထဲရှိ မြေပုံအား လက်ညှိုးထိုးလိုက်၏။

” ငါတို့ရဲ့ သတ္တမမြောက်သော့က ငါတို့နဲ့ ကီလိုမီတာ ငါးရာအကွာမှာ ရှိနေတယ်။ ငါ မင်းတို့ကို အဲဒီနေရာဆီ ခေါ်သွားပေးမယ် ”

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ စကားများကြောင့် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရ၏။ ထို့နောက် သူမသည် စည်းမျဉ်းများအပေါ် အလွန်အကျွံ အာရုံစိုက်မိနေခဲ့သည်ဖြစ်ကြောင်း ဝန်ခံလိုက်၏။ မန္တန်အစီအရင်ဆိုသည့် အရာများမှာလည်း စည်းမျဉ်းစည်းကမ်းများထဲ၌ ပါဝင်နေသည်မဟုတ်ပါလော။ သူမသည် သူမ၏ သုံးသပ်ချက်များမှာ အကျိုးမရှိဟု မှတ်ယူလိုက်ခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့၏ ခံယူချက်အား လေးစားမှုရှိသောကြောင့် နှုတ်ဆိတ်နေလိုက်တော့သည်။

ခုန်းတောက်မှာ ဘေးနားတွင်ရပ်ရင်း ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့၏ စကားဝိုင်းအား နားထောင်နေ၏။ သူသည် ဝမ်ပေါင်လဲ့၏ ပြောစကားများမှာ မှားယွင်းမှုမရှိဟု တွေးနေသလို ကျောက်ယမုန့်၏ နည်းဗျူဟာများမှာလည်း ကျိုးကြောင်းဆီလျော်မှုရှိနေသည်ဖြစ်ကြောင်း ခံစားနေရ၏။ ထို့ကြောင့် သူသည် ရှုံ့မဲ့မဲ့ပြုံးကာ ဆိုလိုက်၏။

” ပေါင်လဲ့။ အခု ငါတို့ဆီမှာ သော့ခြောက်ချောင်း ရှိနေပြီဆိုတော့ ဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ သုံးရက်အထိ နေလို့ရပါပြီ။ အဲတာမလို့…. ငါတို့‌‌တွေ တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်တစ်ခု ပြီးသွားအောင် အရင်ဆုံး စောင့်ပြီးမှ သော့တွေကို ထပ်ပြီးတော့ လိုက်လုကြတာပေါ့ ”

ဝမ်ပေါင်လဲ့မှာ ချက်ချင်းအဖြေပြန်မပေးဘဲ ညကောင်းကင်အား မော့ကြည့်လိုက်ပြီးနောက် ခုန်းတောက်ပြောသည့် အစီအစဥ်နှင့် ကျောက်ယမုန့်ပြောခဲ့သည့် နည်းဗျူဟာတို့အား စဉ်းစားသုံးသပ်နေလိုက်၏။ တစ်အောင့်ခန့်ကြာပြီးသွားသောအခါ သူသည် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာပြီးနောက် ခေါင်းယမ်းပြလိုက်သည်။ ထို့နောက် သူသည် သူတို့နှစ်ယောက်အား ကျောပေးကာ လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည် ” ယမုန့်။ ဒီ အရည်အချင်းစမ်းသပ်ပွဲရဲ့ စည်းမျဉ်းတွေက ရှုပ်ထွေးလွန်းနေတာမလို့ ဖြစ်နိုင်ခြေတွေအများကြီး ပေါ်ပေါက်လာနိုင်တယ်။ အဲတာမလို့ နင်နဲ့ ခုန်းတောက် နှစ်ယောက်ပေါင်းရင်တောင် အဲဒီ ဖြစ်နိုင်ခြေတွေအကုန်လုံးကို တစ်ခုချင်းစီ လိုက်ပြီးတော့ အတိအကျ ခန့်မှန်းနိုင်ဖို့ဆိုတာ ဒီလုံးဝမဖြစ်နိုင်ဘူး ”

” ဘာလို့လဲဆိုတော့ မြေပုံပေါ်မှာ မမြင်ရတဲ့ ပြိုင်ပွဲဝင်တွေကြောင့် ဖြစ်နိုင်ခြေအမျိုးမျိုး ပေါ်ပေါက်လာနိုင်တာမလို့ပဲ။ သူတို့က ရပ်နေကြမှာမဟုတ်ဘဲ လှုပ်ရှားနေကြမှာမလို့ သူတို့ရဲ့ လှုပ်ရှားမှုတွေအားလုံးကို အတိအကျ ခန့်မှန်းကြည့်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ငါပါ ကူပြီးတော့ ခန့်မှန်းပေးရင်တောင် ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ ခန့်မှန်းစရာမလိုဘဲ အတိအကျ သိထားတဲ့ အချက်တစ်ချက်ရှိတယ်။ အဲတာက အစွမ်းထက်တဲ့ လူတစ်ယောက်က တခြားလူဆယ်ယောက်ကို အနိုင်ယူနိုင်တယ်ဆိုတဲ့ အချက်ပဲ။ အစွမ်းအထက်ဆုံး လူတွေကသာ အောင်မြင်နိုင်တယ်ဆိုတဲ့ အချက်ပဲ ”

” အဲတာမလို့ နည်းဗျူဟာ‌တွေ စဉ်းစားနေစရာ မလိုသလို စည်းမျဉ်း‌တွေကိုလည်း ထည့်တွက်နေစရာမလိုဘူး။ ငါ အမြဲတမ်း သတိရနေအောင် မှတ်ထားရမယ့် အချက်တစ်ချက်ပဲရှိတယ်။ အဲ့တာ ရှေ့ဆက်လျှောက်ပြီးတော့ နောက်ကို လုံးဝလှည့်မကြည့်ဖို့ပဲ။ မြေပုံပေါ်ကနေ ပျောက်နေတဲ့ ပြိုင်ပွဲဝင်တွေ ဘယ်လောက်ပဲရှိနေရှိနေ ငါ ဂရုမစိုက်ဘူး။ သော့တွေလည်း ဘယ်‌နှချောင်းအထိ ရှိနေရှိနေ ဂရုစိုက်နေမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါက ဒီ အရည်အချင်းစမ်းသပ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်လို့ပဲ ”

” ထိပ်ဆုံးသုံးနေရာကို ရအောင်လုပ်ဖို့က လွယ်ပါတယ်။ ငါတို့ရှာတွေ့သမျှ သော့တွေအားလုံးကို ရအောင်ယူပြီးတော့ တွေ့သမျှလူတွေအားလုံးကို ချေမှုန်းနိုင်ရင် ရပြီ။ အဲတာဆိုရင် ငါ ထိပ်ဆုံးသုံးယောက်ထဲကို အလိုလိုရောက်သွားမှာ။ အဆင့်တစ်တောင် ဖြစ်ရင်ဖြစ်သွားနိုင်တယ် ”

” ငါတို့တွေ တခြားလူတွေအများကြီးကို ဒေါသဆွပေးသလို ဖြစ်နေမှာကို နင်တို့တွေ စိုးရိမ်နေတာ ငါ နားလည်ပါတယ်။ ဒါပေမဲ့ တခြားပြိုင်ပွဲဝင်တွေက ပူးပေါင်းပြီးတော့ ငါတို့ကို တိုက်ခိုက်လာရင်ရော။ ဒီ အရည်အချင်းစမ်းသပ်ပွဲကို ကြည့်နေတဲ့ ပွဲကြည့်ပရိသတ်တွေ အများကြီးရှိတယ်။ တကယ်လို့ ငါတို့သာ အောင်မြင်သွားမယ်ဆိုရင် ပြည်ထောင်စုကြီးထဲကနေ ရောက်လာတဲ့ ကျင့်ကြံသူတွေရဲ့ တန်ဖိုးကိုပါ သက်သေပြပြီးသား ဖြစ်သွားတာပေါ့ ”

” ဒါကတော့ ငါရဲ့ အမြင်တွေ သက်သက်ပါ။ အားနည်းတဲ့လူတွေပဲ စည်းမျဉ်းတွေရဲ့ ချုပ်နှောင်ခြင်းကို ခံရတာ။ စည်းမျဉ်းတွေကို ချိုးဖောက်ပြီးတော့ ကိုယ်ပိုင်စည်းမျဥ်းအသစ်တွေ ချမှတ်နိုင်တဲ့ လူတွေကပဲ အစွမ်းအထက်ဆုံးဖြစ်လာခွင့်ရှိတာ ” ဝမ်ပေါင်လဲ့၏ လေသံမှာ တည်ငြိမ်နေပါသော်လည်း သူ ထိုသို့စကားပြောနေရင်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ထပ်၍ လည်ပတ်လာပြန်သည်။ ထို့နောက် သူ၏ ကျင့်ကြံခြင်းပညာရပ်နှင့် စိတ်‌ဆန္ဒမှ တစ်သားတည်း ထပ်တူကျသွားသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်လှိုင်းများ ထပ်၍ ထွက်ပေါ်လာတော့သည်။

ယခုအကြိမ်တွင်မူ ထိုစွမ်းအင်လှိုင်းမှာ ပထမဆုံးနှစ်ကြိမ်တုန်းကထက် သိသိသာသာပို၍ အားကောင်းနေ၏။ ၎င်းမှာ အငွေ့အသက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဘေးပတ်ပတ်လည်တွင် လေမုန်တိုင်းများအား ဆင့်ခေါ်ပေးလိုက်သကဲ့သို့ပင်။ ထိုအငွေ့အသက်များမှာ အလွန်အင်မတန်မှ ဖိနှိပ်အားကောင်းသလို ကြောက်မက်ဖွယ်ရာလည်း ကောင်းလှပေသည်။ ၎င်းမှာ ၎င်း၏ရှေ့တွင် ရှိနေသည့် သမုဒ္ဒရာများနှင့် တောင်တန်းများသာမက မည်သည့်အရာကိုမဆို ဖြတ်တောက်ပစ်နိုင်စွမ်းရှိသော ဓားတစ်လက်ကဲ့သို့ပင်။

ထို အငွေ့အသက်မှာ ယခုအကြိမ်တွင် ပို၍သိသာထင်ရှားနေသောကြောင့် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ပင်လျှင် ၎င်းအား ချက်ချင်းပင် အာရုံခံမိလိုက်၏။ ထိုအခါ ခုန်းတောက်မှာ အသက်ရှူသံများ တစ်ခဏမျှ ငြိမ်သက်သွားရပြီး သူ၏ နှလုံးသားမှာလည်း ထိန်းမနိုင် သိမ်းမရ တဆတ်ဆတ် တုန်ရီလာတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရ၏။ ထို့နောက် သူသည် အားကောင်းသော တိုက်ခိုက်လိုစိတ်များ ပိုင်ဆိုင်ထားသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား မယှဥ်နိုင်ဘဲ ဖြစ်နေရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူသည် လူမသိအောင် ပုန်းကွယ်နေရသည်ကို ကျင့်သားရနေခြင်းဖြစ်၏။ သူသည်… ပါရမီရှင် အစစ်တစ်ယောက်တွင်သာ ရှိသော ဖိနှိပ်အားကောင်းသည့် အငွေ့အသက်တစ်မျိုးကို လိုအပ်နေခြင်းဖြစ်သည်။

” ကျင့်ကြံသူတစ်ယောက်ဆိုတာ တခြားကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ပြီးတော့ ကောင်းကင်ဘုံကိုပါ စိန်ခေါ်သင့်တာ။ စိန်ခေါ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်ပြီးတော့ သဘာဝတရားကြီးနဲ့ ကောင်းကင်ဘုံရဲ့ စည်းမျဉ်းဥပဒေတွေကို ဆန့်ကျင်ရမှာ။ အဲတာမှသာ အကြောက်အလန့်မရှိ ရွပ်ရွပ်ချွံချွံ ရှေ့ကိုချီတက်နိုင်မှာ။ အဲလို ချီတက်နေတာတောင် အသက်မသေသေးရင်တော့ မဟာတာအိုလမ်းစဉ်အသစ်တွေကို ဖောက်လုပ်နိုင်မှာပဲ ”

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း မိန်းမောတွေဝေနေရပြီ ဖြစ်သည်။ ထို့နောက် သူမ၏ မျက်ဝန်းများထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါက်လာ၏။ သူမနှင့် ခုန်းတောက်တို့ နှစ်ယောက်စလုံး နားလည်သွားချိန်တွင် ကောင်းကင်မြေပုံကြီးမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသည်။

သူတို့နှင့် အလွန်အင်မတန်မှ ဝေးကွာသည့် အနောက်မြောက်ဘက်ရှိ ဒေသတစ်ခုတွင် သော့ပုံစံသင်္ကေတ လေးခုမှာ စုဝေးနေကြ၏။ ၎င်းမှာ လူသုံးယောက်၊ လေးယောက် ပိုင်ဆိုင်ထားသည့် သော့များဟု ထင်ရပါသော်လည်း လူတစ်ယောက်တည်းက ပိုင်ဆိုင်ထားခြင်းမှာ ပို၍ ဖြစ်နိုင်ပေသည်။

ထိုပုဂ္ဂိုလ်မှာ မျဉ်းဖြောင့်အတိုင်း လျင်မြန်စွာ ရွေ့လျားနေ၏။ သူ ဘေးမှဖြတ်သွားတိုင်း သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် အခြား သော့ပုံစံသင်္ကေတများ အားလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကြပြီး သူနှင့် ပေါင်းစည်းသွားကြသည်သာဖြစ်သည်။ ထို့ကြောင့် သူ့တွင် ရှိနေသည့် သော့အရေအတွက်မှာ တဖြည်းဖြည်းနှင့် များများပြီး အချိန်တိုလေးအတွင်းတွင် ဆယ့်နှစ်ချောင်း ကျော်သွား၏။

ထို့ကြောင့် ထို သော့များ ရှိနေခဲ့သည့်နေရာတွင် မျက်လုံးဖြင့်မမြင်နိုင်သော ဝဲတစ်ခု ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသောကြောင့် ဆင့်ကဲဖြစ်စဉ်များ ပေါ်ပေါက်လာသကဲ့သို့ပင်။ ထိုသော့များ တစ်ချောင်းပြီးတစ်ချောင်း ပျောက်ကွယ်သွားကြပြီနောက် ၎င်းတို့၏ နေရာတွင် သော့အသစ်များ ပေါ်ပေါက်လာကြ၏။ ထိုသော့များကို ဆုံးရှုံးလိုက်ရသည့်လူများမှာမူ ‌သော့အသစ်များအား လိုက်လံရှာဖွေနေရတော့မည် ဖြစ်သည်။

သော့အချောင်းရေ တစ်ဒါဇင်ကျော်ပါသော ထိုသော့တွဲကြီးမှာ အလွန်အင်မတန်မှ လျင်မြန်စွာရွေ့လျားကာ လမ်းတ‌စ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးချေမှုန်းနေသည့်အလားပင်။ ထို့ကြောင့် ထိုသော့‌တွဲထဲမှ သော့များ၏ အရေအတွက်မှာ တဖြည်းဖြည်းနှင့် များများလာ၏။ အကယ်၍ ထို‌သော့များအားလုံးကို လူတစ်ယောက်ထဲသာ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါက ယခုတွင်…

မြေပုံကြီးအား ကြည့်နေကြသည်လူတိုင်းမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်သည့် လူတစ်ယောက် သဘာဝတရားကြီးကို ဆန့်ကျင်၍ အကြောက်အလန့်ကင်းမဲ့စွာ ရှေ့သို့ချီတက်လာနေသည်ဖြစ်ကြောင်း စိတ်ထဲ၌ ခံစားနေကြရလောက်ပေသည်။

ထိုခံစားချက်ကြောင့် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ ပို၍ပင် အံ့ဩတုန်လှုပ်သွားရတော့သည်။ အဘယ့်ကြောင့်ဆိုသော အနောက်မြောက်ပိုင်းဒေသတွင် ရှိနေသော ထို သော့တွဲကြီးဆီမှ ထွက်ပေါ်လာနေသည့် အငွေ့အသက်မှာ မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့ ထုတ်လွှတ်ခဲ့သည့် အငွေ့အသက်များနှင့် တစ်ထေရာတည်း တူနေသောကြောင့် ဖြစ်ပေသည်။

၎င်းမှာ ပုန်းလျှိုးကွယ်လျှိုးလုပ်ရသည်ကို မုန်းတီးကာ စည်းမျဉ်းများကို ဂရုမစိုက်သည့် အငွေ့အသက်မျိုး ဖြစ်ပေသည်။

” တကယ်လို့ အဲဒီ အနောက်မြောက်ပိုင်းဒေသမှာ လူတစ်ယောက်ပဲ ရှိနေမှာဆိုရင် သူက ပါရမီရှင်တွေထဲက တစ်ယောက်ပဲဖြစ်ရမယ် ” ကျောက်ယမုန့်မှာ‌ နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်ပြီးနောက် အရာအားလုံးကို နားလည်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ကောင်းကင်မြေပုံထဲမှ အရာများကို သတိထားမိလိုက်သဖြင့် သူ၏ မျက်ဝန်းများမှာ ကြယ်တာရာများကဲ့သို့ ဝင်းလက်တောက်ပသွား၏။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာပြီး သူသည် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာတော့သည်။

” ဒါကမှ ငါ့ရဲ့ ပြိုင်ဘက်အစစ်ပဲ “

Comment

Leave a Reply

Options

not work with dark mode
Reset