ဝမ်ပေါင်လဲ့မှာ ထိုသို့ပြေးထွက်သွားရင်း သူ၏ညာဘက်လက်ကို မြှောက်ကာ သုံးရောင်ခြယ်ဓားပျံများကို ထုတ်လွှတ်လိုက်၏။ ၎င်းတို့မှာ သူ၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေကြပြီး ကြောက်မက်ဖွယ်ရာကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီဖြစ်သည်။ ၎င်းတို့ထဲမှ ဓားပျံတစ်လက်မှာ သူ၏ ခြေထောက်အောက်သို့ ရောက်လာသဖြင့် သူသည် ထိုဓားပျံပေါ်တွင် မတ်တတ်ရပ်နေသကဲ့သို့ ဖြစ်နေပြီး သူ၏ ဆံပင်များမှာလည်း လေထဲတွင် တလူလူ လွင့်နေတော့သည်။ သူ၏ ဘယ်ဘက်နှင့် ညာဘက်တွင်မူ တလက်လက်တောက်ပနေသည့် ဓားပျံနှစ်ချောင်း ရှိနေကြ၏။ ၎င်းတို့မှာ ကြယ်ပျံများကဲ့သို့ လေထုကိုထိုးခွင်းကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားကြတော့သည်။
ခုန်းတောက်မှာ ဝမ်ပေါင်လဲ့တစ်ယောက် လေရှည်မနေဘဲ ရုတ်ခြည်းဆိုသလို ပြေးထွက်သွားသည့်မြင်ကွင်းအား ငေးကြည့်နေလိုက်၏။ ထို့နောက် သူသည် ခေါင်းမော့၍ သူ၏အထက်တွင် ရှိနေသော ကောင်းကင်မြေပုံကြီးအား လှမ်းကြည့်လိုက်သောအခါ မျက်နှာအမူအရာများ ပြောင်းလဲသွားရတော့သည်။ သူတို့၏ အနီးတွင် သော့ပုံစံသင်္ကေတသုံးခု စုဝေးနေကြပြီး သူတို့ဆီသို့ ဦးတည်လာနေကြ၏။ ထို့ကြောင့် သူတို့မှာ ပစ်မှတ်ထားခံနေရခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထို ကျူးကျော်လာသူများမှာ ဝမ်ပေါင်လဲ့ သူတို့ဆီသို့ ပြေးလာနေသည်ကို သတိထားမိကြပါသော်လည်း ထွက်ပြေးသွားခြင်းမရှိသည့်အပြင် အရှိန် မြှင့်တင်လိုက်ကြ၏။ သို့ဖြစ်ရာ သူတို့မှာ နာရီဝက်အတွင်းတွင် မျက်နှာချင်းဆိုင် ကြုံတွေ့ကြတော့မည် ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ခုန်းတောက်မှာ စိုးထိတ်သွားရ၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏နောက်သို့ ချက်ချင်းပြေးလိုက်သွားပြီး သူ့အား လှမ်း၍ အော်ပြောလိုက်တော့သည်။
” ပေါင်လဲ့ ခဏနေဦး။ ငါတို့ရဲ့ပြိုင်ဘက်တွေက ဘယ်သူတွေလဲဆိုတာကို မသိသေးသလို သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကိုလည်း မသိသေးဘူး။ အဲတာမလို့ သူတို့နဲ့ ထိပ်တိုက် ရင်မဆိုင်သင့်ဘူးကွ။ ချုံခိုတိုက်ခိုက်တာ အကောင်းဆုံးပဲ ”
ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားသည်ကို မြင်လိုက်ရသောအခါ ကျောက်ယမုန့်မှာ မှင်တက်သွားရ၏။ သူမ၏ ဗျူဟာများအားလုံးမှာ သဲထဲရေသွန် ဖြစ်သွားရပြီဖြစ်ရာ သူမမှာ ခေါင်းခဲသွားရတော့သည်။ ထို့နောက် သူမသည် လေပေါ်သို့ ခုန်တက်သွားပြီး သူတို့၏နောက်မှ ပြေးလိုက်ကာ အလောတကြီး အော်ပြောလိုက်၏။
” ပေါင်လဲ့။ ချောင်းမြောင်းနေမယ့် ကျင့်ကြံသူတွေကို သတိထားဦး။ ငါ သိသလောက်ဆိုရင် ကျင့်ကြံသူ အယောက်တစ်ရာကျော် မြေပုံပေါ်ကနေ ပျောက်သွားပြီ ”
ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ သူ၏နောက်တွင် အော်ဟစ်နေကြသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ အရှိန်မြှင့်တင်လိုက်၏။ သူသည် သူတို့၏ အော်ဟစ်သံများကို ကြားပါသော်လည်း သူ၏ အတွေးအမြင်များမှာ သူတို့နှင့် မတူပေ။ ဤလုပ်ရပ်မှာ မဆင်မခြင်ပြုလုပ်ရာ ကျပါသော်လည်း သူ အသုံးပြုသည့် ကျင့်ကြံခြင်းနည်းလမ်းများအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။ ထို့အပြင် အရေးအကြီးဆုံးအချက်မှာ… သူသည် အောင်မြင်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထားခြင်းပင်ဖြစ်သည်။
သူသည် အလယ်အလတ် အမြုတေအဆင့်တွင်သာ ရှိသေးသည်ဖြစ်ပြီး ပြိုင်ပွဲဝင်အများစုမှာ နှောင်းပိုင်းအမြုတေအဆင့်တွင် ရှိနေကြသည်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သူသည် အခြားသူများထက် အဆင့်နိမ့်ကျခြင်းမရှိဟု မှတ်ယူထား၏။ သူ၏ပြိုင်ဘက်မှာ အမြုတေထိပ်ဆုံးအဆင့်၌ ရှိနေလျှင်တောင် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကို အသုံးပြုလိုက်ပါက ထိုပြိုင်ဘက်အား အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
” ငါ ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ သိုသိုသိပ်သိပ် နေခဲ့ရတာ တော်တော်ကြာနေပြီမလို့ လူတွေအာရုံစိုက်တာကို ခံရတဲ့ ခံစားချက်ကိုတောင် မေ့ချင်သလိုလို ဖြစ်နေပြီ… ဖုန့်ချိုးရန်က မြဲ့လျဲ့ကျိကို မထိန်းချုပ်နိုင်တဲ့အပြင် ကျယ်ပြန့်တာအိုနန်းတော်ကလည်း ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ် ရောက်လာမှာကို လက်မခံချင်မှတော့ ငါကလည်း ငါ့ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်ပြရတာပေါ့။ ငါ ဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ အကောင်းဆုံးကြိုးစားပြမယ် ”
” လက်ရှိ အခြေအနေအရ သိုသိုသိပ်သိပ်လေးနေပြီးတော့ ကိုယ့်ရဲ့ အစွမ်းအစတွေကို ဖုံးကွယ်ထားရင် ကောင်းကျိုးရှိနိုင်ပေမယ့် ငါကတော့ အဲလို လုပ်နေမှာ မဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲ၌ စူးရှတောက်ပသော အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ အရှိန်မြှင့်တင်လိုက်တော့သည်။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် လျှပ်စီးတန်းပေါင်း မြောက်မြားစွာ ပေါ်ထွက်လာသဖြင့် သူသည် မိုးကောင်းကင်ကြီးကို ထိုးခွင်းနေသည့် မိုးကြိုးသွားတစ်ခုကဲ့သို့ ဖြစ်သွား၏။ ထိုသို့ဖြင့် သူသည် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသည့် သော့ပုံစံသင်္ကေတသုံးခုဆီသို့ ဦးတည်သွားလိုက်တော့သည်။
ကောင်းကင်မြေပုံကြီးကို ကြည့်လိုက်ပါက သူတို့မှာ အရှိန်အဟုန်ပြင်းစွာ ပြေးလွှားနေကြသည်ကို မြင်နိုင်ပေသည်။ သူတို့မှာ မျက်နှာချင်းဆိုင်ကာ ပြေးလွှားနေကြသည်ဖြစ်ရာ သူတို့၏ကြားတွင် ငါးဆယ်ကီလိုမီတာမျှသာ ကွာဝေးတော့သည်။
ထို ငါးဆယ်ကီလိုမီတာ အကွာအဝေးတွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်မှာ လေထဲ၌ လျင်မြန်စွာ ပျံသန်းနေကြ၏။ သူတို့မှာ အေးစက်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ အမျိုးသား ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက်မှာ သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်ပြီး သူ၏ မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ အခြားတစ်ယောက်မှာမူ မျက်လုံးမှေးမှေးနှင့် မျက်နှာအမူအရာ အေးတိအေးစက် ဖြစ်နေသော လူငယ်လေးတစ်ယောက် ဖြစ်ပေသည်။ အမျိုးသမီးကျင့်ကြံသူမှာမူ အလွန်အင်မတန်မှ ချောမောလှပ၏။
သူတို့မှာ မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းမှ ဖြစ်ကြပေသည်။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် အလွန်အင်မတန်မှ ခင်မင်ရင်းနှီးကြပြီး ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ အတော်အသင့် နာမည်ကျော်ကြားသည့် ကျင့်ကြံသူများဖြစ်ကြ၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များအရဆိုလျှင် သူတို့မှာ ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ အစွမ်းထက်သောလူများထဲတွင် ပါဝင်ပေသည်။ သူတို့မှာ နှောင်းပိုင်း အမြုတေအဆင့်တွင် မဟုတ်ဘဲ အလယ်အလတ် အမြုတေအဆင့်တွင်သာ ရှိနေကြသည့်တိုင်အောင် ပူးပေါင်းလိုက်ကြမည်ဆိုပါက နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေသည်။
” သူတို့သုံးယောက်က ငါတို့လာနေမှန်း သိတာတောင် ထွက်မပြေးဘူးပဲ။ သူတို့ထဲက တစ်ယောက်ဆိုရင် ငါတို့ဆီကိုတောင် ပြေးလာနေသေးတယ်။ သူက တော်တော်ကို မြန်တာပဲ ” သူတို့သုံးယောက်မှာ လေထဲ၌ ပျံသန်းနေကြရင်း အမျိုးသမီး ကျင့်ကြံသူမှာ မျက်မှောင်ကြုတ်သွားကာ ရေရွတ်လိုက်၏။
” ငါတို့တွေ နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ယောက်နဲ့ မကြုံရဖို့ပဲ မျှော်လင့်ပါတယ် ”
” အဲ့လောက်ကြီး ကံမဆိုးလောက်ပါဘူးကွာ။ ဒီအဆင့်မှာ နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူ သိပ်မရှိပါဘူး။ ဘာမှ စိတ်ပူမနေနဲ့။ ဒါပေမဲ့ ငါတို့ဆီကို ပြေးလာနေတဲ့ ကောင်ကတော့ ထူးဆန်းတယ်။ သူက တကယ်ပဲ နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုရင် ငါတို့တွေ ထွက်ပြေးကြတာပေါ့။ သူကလည်း ပြိုင်ပွဲစစချင်းမှာ ဒဏ်ရာရချင်မှာ မဟုတ်ပါဘူး။ တကယ်လို့ နှောင်းပိုင်းအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးဆိုရင်တော့… သူ့ကို သတ်တဲ့အထိ မလုပ်သင့်ပေမဲ့ သတိပေးတဲ့အနေနဲ့ သူ့ရဲ့ ခြေတွေလက်တွေကို ချိုးပစ်ကြတာပေါ့ ” သူတို့၏ အဖွဲ့ထဲမှာ ကြောက်မက်ဖွယ်ရာ မျက်နှာအမူအရာကြီးနှင့် သက်လတ်ပိုင်းလူကြီးမှာ ထိုသို့ ကြိမ်းဝါးလိုက်၏။ ထိုအခါ သူ၏ အဖွဲ့သားများ၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းရောင်များ တောက်ပလာတော့သည်။
” တကယ်လို့ သူတို့သုံးယောက်က ပြည်ထောင်စုကြီးထဲက အဆင့်နိမ့်သတ္တဝါတွေ ဖြစ်နေမယ်ဆိုရင်တော့ သူတို့ကို သတ်သင့်ရင် သတ်ရမှာပဲ ” မိန်မငယ်လေးမှာ ရက်စက်ကြမ်းကြုတ်စွာပြုံး၍ ဆိုလိုက်၏။
သူတို့သုံးယောက်မှာ ထိုသို့ဆုံးဖြတ်လိုက်ကြပြီးနောက် အရှိန်လျှော့လိုက်ကြ၏။ သူတို့၏ ပြိုင်ဘက်မှာ သူတို့ဆီမှ ထွက်ပြေးတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းမှာ သူတို့အတွက် အကောင်းဆုံးဖြစ်ပေသည်။ ထို့ကြောင့် သူတို့မှာ အရှိန်လျှော့ကာ သူတို့၏ ကျင့်ကြံခြင်း စွမ်းအားများကို ထိပ်ဆုံးအနေအထားတွင် ရှိနေအောင် ထိန်းသိမ်းထားလိုက်၏။ ထို့နောက် သူတို့သုံးယောက်မှာ သူတို့၏ ပတ်ပတ်လည်၌ အဆောင်ပစ္စည်းများကို ထုတ်ယူကာ အနည်းငယ်ခန့် လူစုခွဲသွားလိုက်ကြ၏။ မကြာသေးမီတုန်းက သူတို့နှင့် ကီလိုမီတာ ငါးဆယ်အကွာတွင် ရှိနေခဲ့သော ဝမ်ပေါင်လဲ့မှာ ယခုတွင် သူတို့နှင့် သုံးဆယ့်ငါးကီလိုမီတာပင် မဝေးတော့ပေ။
” သုံးဆယ့်ငါး ကီလိုမီတာ… ငါတို့တွေ အချိန်ဆယ်မိနစ်လောက် ရသေးတယ်။ သူက သူ့ရဲ့သော့ကို ငါတို့ဆီ တကူးတက လာပေးချင်နေတာပဲ။ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ သူ့ရဲ့ လက်တွေခြေထောက်တွေကို အချိန်ပေးပြီးတော့ အေးအေးဆေးဆေး ချိုးကြတာပေါ့ကွာ ” သက်လတ်ပိုင်းလူကြီးမှာ နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ ကြိမ်းဝါးလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ သူ၏ ဘေးဘီဝဲယာအား အကဲခတ်ကြည့်ရှုလိုက်၏။ သူသည် သူတို့၏ ပြိုင်ဘက်အား အနိုင်ယူပြီးပါက ထွက်ပြေးခွင့်မပေးလိုသောကြောင့် သူ့အား ဝိုင်းထားနိုင်မည့် နေရာကောင်းတစ်ခုကို လိုက်လံရှာဖွေနေခြင်းဖြစ်သည်။
ထိုကဲ့သို့ သူ နေရာကောင်းတစ်ခု လိုက်လံရှာဖွေနေစဉ်မှာပင် သူ၏ဘေးတွင်ရှိနေသော အမျိုးသမီး ကျင့်ကြံသူမှာ ရုတ်တရက်ဆိုသလို ပင့်သက်ရှိုက်မိသွား၏။ ထို့နောက် သူမသည် အသက်ရှူသံများ မြန်ဆန်လာပြီး လေသံများ ပြောင်းလဲသွားတော့သည်…
” သုံးဆယ့်ငါးကီလိုမီတာ မဟုတ်တော့ဘူး… ဘုရားရေ… သူ့ရဲ့ အမြန်နှုန်းက… ”
အမျိုးသမီး ကျင့်ကြံသူ ထိုကဲ့သို့ မှင်တက်နေစဉ် သူမ၏ဘေးတွင် ရှိနေသော လူငယ်လေးမှာလည်း ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
” ဆယ့်ငါးကီလိုမီတာပဲ ဝေးတော့တာ ”
ထိုအဖြစ်အပျက်အားလုံးမှာ စိတ်ကူးများနှင့် မမှန်းဆနိုင်လောက်အောင် မြန်ဆန်လွန်းနေ၏။ သက်လတ်ပိုင်း ကျင့်ကြံသူကြီး ခေါင်းမော့လာပြီး လှမ်းကြည့်လိုက်သောအခါ သူ၏ သူငယ်အိမ်များမှာ ရုတ်တရက်ဆိုသလို ကျဉ်းမြောင်းသွားရတော့သည်။ သူသည် ကောင်းကင်မြေပုံကြီးကိုပင် ကြည့်နေစရာမလိုတော့ပေ။ ခပ်လှမ်းလှမ်းရှိ မိုးကုတ်စက်ဝိုင်းထဲတွင် လျှပ်စီးတန်းတစ်ခု ပေါ်ပေါက်လာသည်ကို လှမ်းမြင်နေရပြီဖြစ်သည်။ ၎င်းမှာ ထစ်ချုန်းသံများ မြည်ဟည်းကာ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေ၏။
၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် မကြာသေးမီတုန်းက မိုးကုတ်စက်ဝိုင်းထဲတွင် ရှိနေခဲ့ပါသော်လည်း ယခုတွင်မူ သူတို့၏ရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
လေထုထဲတွင် ဝမ်ပေါင်လဲ့၏ လျှပ်စီးတာအိုထဲမှ ထွက်ပေါ်လာသည့် လျှပ်စီးတန်းများဖြင့် ပြည့်နှက်သွားပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ သူ၏ အံ့ဩတုန်လှုပ်ဖွယ်ရာ အမြန်နှုန်းကြောင့် သူ၏ ပတ်ပတ်လည် ပေထောင်ပေါင်းများစွာ အတွင်းတွင် လျှပ်စီးတန်းများမှာ လေထုထဲ၌ ကခုန်နေသကဲ့သို့ ဖြစ်နေတော့သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက သူသည် ရွေ့လျားနေသော လျှပ်စစ်သံလိုက် မုန်တိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။
သူတို့သုံးယောက်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ကြောက်မက်ဖွယ်ရာ ဝိညာဉ်စွမ်းအင်တစ်မျိုး သူတို့၏ ပတ်ပတ်လည်၌ ဝန်းရံသွားပြီး သူတို့အား လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရတော့သည်။ ထို အဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေသောကြောင့် သူတို့မှာ မည်သို့မည်ပုံ ဖြစ်ပျက်သွားမှန်းပင် မသိလိုက်ပေ။ သူတို့၏ ပတ်ပတ်လည်၌ လျှပ်စီးတန်းပေါင်း မြောက်မြားစွာ ဝန်းရံသွားကာ သူတို့၏ရှေ့တွင် ပေါက်ကွဲသွားကြပြီးနောက် လေပြင်းများမှာ သူတို့၏ မျက်နှာများအား တိုးဝှေ့ တိုက်ခတ်သွားကြသဖြင့် သူတို့မှာ စူးရှရှ နာကျင်မှုများကို ခံစားလိုက်ရ၏။
ကောင်းကင်ယံထဲနှင့် လေထုထဲတွင်မူ မိုးခြိမ်းသံများ ပဲ့တင်ထပ်သွား၏။ အမျိုးသမီး ကျင့်ကြံသူမှာ အသံကုန်အော်ဟစ်လိုက်ပြီးနောက် သူမ၏ ပတ်ပတ်လည်တွင်ရှိနေသော အဆောင်ပစ္စည်းများမှာလည်း တစ်စစီ ကြေမွပျက်စီးသွားတော့သည်။ ထို့နောက် သူမသည် ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ မြေကြီးပေါ်သို့ ပုံခနဲ လဲကျသွားတော့သည်။ သူမ၏ ဘေးတွင်ရှိနေသော လူငယ်လေးမှာလည်း ထိုနည်းအတူပင်။ သူ ထုတ်ယူထားခဲ့သည့် လက်နက်များမှာ မိုးကြိုးပစ်ဒဏ်တစ်ချက်ကိုပင် မခံနိုင်ဘဲ ပေါက်ကွဲပျက်စီးသွားကြ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားတော့သည်။
သက်လတ်ပိုင်း ကျင့်ကြံသူကြီးမှာမူ အလယ်အလတ် အမြုတေထိပ်ဆုံးအဆင့်သို့ ရောက်နေသည်ဖြစ်ရာ အနည်းငယ်ခန့် သက်သာရာရသွား၏။ သို့သော်လည်း သူ၏ ပါးစပ်ထဲမှ သွေးများစီးကျလာဆဲပင်။ သူသည် နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားရပြီး အံ့ဩမှင်တက်သွားရ၏။
” လူကြီးမင်းက ဘယ် အကြီးအကဲရဲ့ တပည့်ရင်းပါလဲ ခဗျား။ ကျွန်တော့်နာမည်က လူစုန့်ပါ။ လူကြီးမင်းကို စိတ်အနှောင့်အယှက် ပေးမိတဲ့အတွက် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ ” လူစုန့်မှာ ကတုန်ကယင်နှင့် အလောတကြီး အော်ပြောလိုက်၏။ သူတို့၏ ပြိုက်ဘက်မှာ အစွမ်းထက်လွန်းနေသည်ဖြစ်ရာ သူသည်သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားနေရပြီဖြစ်သည်။ သူသည် ထို မရေမတွက်နိုင်လောက်အောင် များပြားနေသော လျှပ်စီးတန်းများထဲတွင် နတ်ဘုရားတစ်ပါးနှင့် တူသည့် လူရိပ်တစ်ခုအား ခပ်ရေးရေးခန့် လှမ်းမြင်နေရ၏။ သို့သော် သူသည် သူ၏မျက်နှာအား မမြင်ရသောကြောင့် သူစကားပြောနေသည့် ပုဂ္ဂိုလ်မှာ မည်သူမည်ဝါဖြစ်ကြောင်း မသိနိုင်ဘဲဖြစ်နေရသည်။
ထိုပုဂ္ဂိုလ်မှာ အနည်းငယ်ခန့် ဝဖြိုးနေပြီး သူ အပြစ်လုပ်မိ၍ မဖြစ်ကြောင်း မှတ်ထားသည့် တပည့်ရင်းများထဲမှ မည်သူနှင့်မှ မတူပေ။ သို့သော် သူသည် အတွေးများနေခြင်း မရှိဘဲ သူတို့၏ ပြိုင်ဘက်မှာ တပည့်ရင်းတစ်ယောက် ဖြစ်ရမည်ဖြစ်ကြောင်း ချက်ချင်းပင် မှတ်ယူလိုက်၏။
သူတစ်ယောက်သာ ထိုကဲ့သို့ တွေးနေသည်တော့ မဟုတ်ပေ။ သူ၏ အဖွဲ့သားများမှာလည်း ထိုနည်းတူပင်။ သူတို့မှာ မျက်ဝန်းများထဲ၌ ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက််နေကြပြီး သူတို့၏ ပြိုင်ဘက်အားတောင်းပန်ရန် ပြင်လိုက်ကြ၏။
သို့သော် လူစုန့်၏စကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ လျှပ်စီးတန်းများ၏ ကြားမှနေ၍ တည်ကြည်စွာဆိုလိုက်၏။
” တပည့်ရင်းဟုတ်လား။ အဲတာက ဘာလဲ။ စားလို့ရလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် လျှပ်စီးတန်းများ၏ အပြင်ဘက်သို့ထွက်လာ၏။ သူ၏ စကားသံကြောင့် လူစုန့်နှင့် အခြားကျင့်ကြံသူနှစ်ယောက်မှာ နားများအူသွားရတော့သည်။ သူသည် ပါးစပ်၌ သွေးများပေကျံကာ ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာအမူအရာဖြင့် ကတုန်ကယင်ဖြစ်နေသည့် လူစုန့်၏အနီးသို့ ရောက်လာပြီးနောက် သူ့အား တစ်ချက်ပင်မကြည့်ပဲ သူ၏ ညာဘက်လက်ကိုမြှောက်ကာ လူစုန့်၏ သော့အား လှမ်း၍ ဆွဲယူလိုက်၏။ ထို့နောက် သူသည် သူ၏ခြေထောက်အား လူစုန့်၏ ညာဘက်ခြေထောက်ပေါ်သို့ ဆောင့်ချလိုက်သဖြင့် ဂျွတ်ခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ လူစုန့်မှာမူ ခြေထောက်ကျိုးသွားသဖြင့် အသံကုန်အော်ဟစ်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားခြင်း မရှိပေ။ သူသည် အမျိုးသမီးကျင့်ကြံသူနှင့် လူငယ်လေးတို့ကိုလည်း ခြေထောက်များချိုးကာ သူတို့၏ သော့များကို လုယူလိုက်၏။ ထို့နောက် သူသည် လေထဲတွင် ရစ်ဝဲနေလိုက်ပြီးနောက် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြသည့် ကျင့်ကြံသူသုံးယောက်အား အေးစက်စက်မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်၏။ နောက်ဆုံးတွင် သူတို့သုံးယောက်မှာ ဝမ်ပေါင်လဲ့၏ မျက်နှာအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသောကြောင့် မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ အံ့ဩတုန်လှုပ်သွားကြတော့သည်။
” မင်း… မင်းက… ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ရတာလဲ… ”
” ပြည်ထောင်စုကြီးရဲ့ အဆင့်နိမ့်… ”
” ဝမ်ပေါင်လဲ့…. ”
သူတို့မှာ သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြပြီး တစ်ခေါင်းလုံး ထူပူသွားကြတော့သည်။ သို့သော် သူတို့မှာ ထိုကဲ့သို့ မိန်းမောတွေဝေနေစဉ်မှာပင် ဝမ်ပေါင်လဲ့၏ အေးစက်စက် စကားသံကြီးအား ထပ်၍ ကြားလိုက်ရပြန်သည်။
” ပြည်ထောင်စုကြီးရဲ့ ဘာဖြစ်တယ် ”
ထိုအခါ သူတို့သုံးယောက်မှာ ဝမ်ပေါင်လဲ့၏ အေးစက်စက်မျက်ဝန်းများကို သတိထားမိလိုက်သောကြောင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူတို့၏ အသိစိတ်များထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။
Good