ပိုင်ရှောင်ချန်းကို ထွက်ပေါက်ဆီသို့ သယ်ဆောင်သွားသည့် လေပြင်းကြီးသည် နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုလုံးကို လေမုန်တိုင်းကြီးတစ်ခုအလား လွှမ်းခြုံသွားသဖြင့် အတွင်းရှိ လူတိုင်းမှာ စိုးရိမ်တကြီးနှင့် အပြင်ဘက်သို့ အမြန်နိုင်ဆုံး တည်နေရာရွှေ့ပြောင်းသွားရတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့် နတ်မီးလျှံစမ်းသပ်ပွဲ၏အပြင်ဘက်သို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာသောအခါ သူတို့၏မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အရိပ်အယောင်တစ်ခုကိုပင် မမြင်ရပေ။ သူတို့အားလုံးမှာ မယုံမကြည်နိုင်အောင် တုန်လှုပ်အံ့သြနေကြသည်သာဖြစ်သည်။
” ဒီပိုင်ရှောင်ချန်းဆိုတဲ့ ကောင်က ဘာသိုင်းကျင့်ကြံတာတုံး။ အဲ့ကျောက်ဘီလူးကြီးက သူ့ကို ကြည်ကြည်ဖြူဖြူ ထွက်ပေါက်ဆီကို ပို့ပေးလိုက်တာပဲဟ။ ”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး။ ”
” အနီရောင် နတ်မီးလျှံစမ်းသပ်ပွဲတုံးကလည်း သူက ချော်ရည်ပူပင်လယ်ကြီးကို ဖြတ်ပြီး ရေကူးခဲ့တာ။ လိမ္မော်ရောင် စမ်းသပ်ပွဲအလှည့်ရောက်တော့ ကျောက်ဘီလူးကြီးက သူ့ကို ကူညီလိုက်သေးတယ်။ ဒီကောင် ဘယ်ကများ လာတာပါလိမ့်။ ”
ထိုလူအုပ်ကြီးမှာ ယောက်ယက်ခတ်နေကြစဥ် ပိုင်ရှောင်ချန်း၏ ကြယ်ပွင့်ကလေးမှာ လိမ္မော်ရောင်အဆင့်မှ အဝါရောင်အဆင့်ထဲရှိ အခြားကြယ်ထောင်ပေါင်းများစွာထဲသို့ တက်သွားတော့သည်။
ထိုအချင်းအရာကိုကြည့်လျှင် သူသည် ထိပ်သီးအယောက်ငါးထောင်ထဲတွင် ပါဝင်နေပြီဟူသည့် သဘောဖြစ်သည်။
ဆက်တိုက်ဖြစ်ပေါ်နေသည့် ထူးဆန်းဖွယ်ဖြစ်ရပ်ကြီးများကြောင့် နတ်မီးလျှံစမ်းသပ်ပွဲအား ပိုင်ရှောင်ချန်း ကျော်ဖြတ်နေသည်ကို စွမ်းဆောင်မှုရမှတ်များပေးကာ ကြည့်ရှုနေကြသည့်လူများလည်း ပိုမိုများပြားလာတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်းက အဝါရောင် နတ်မီးလျှံစမ်းသပ်ပွဲထဲတွင် ပေါ်ပေါက်လာပြီး ချက်ချင်းပင် အနီးအနားတစ်နေရာမှ အေးစိမ့်မှုများကို ခံစားလိုက်ရပြီး မြေကြီးမှာ တုန်ရီနေသည်ကိုလည်း သတိထားမိလိုက်သည်။
သူ၏မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးမှုများ အနည်းငယ် ကျန်ရှိနေသေးသည်။ လိမ္မော်ရောင် နတ်မီးလျှံစမ်းသပ်ပွဲထဲတွင် ဖြစ်ပျက်သွားခဲ့သည်များကို သူက လက်ခံနိုင်ရန် အနည်းငယ် ခက်ခဲနေသေးသည်။ သူ၏နှလုံးသားမှာ ကြောက်ရွံမှုအနည်းငယ်ကြောင့် တုန်ရီနေဆဲပင်။ ထို့အပြင် အဆုံးတွင် ကျောက်ဘီလူးကြီးက သူ့ကို ဆွဲဖမ်းလိုက်သော အချိန်က ခံစားချက်ကြီးလည်း ကျန်ရှိနေသေးသည်။ ထိုအရာအားလုံးကြောင့် သူ တအံ့တသြဖြစ်နေရဆဲပင်။
” ဒီရှင်းကုံကျစ်တာအိုဂိုဏ်းမှာ လျှို့ဝှက်ချက်တွေ တော်တော်များတာပဲ။ အဲ့ ကျောက်ဘီလူးကြီးတွေက နတ်မီးလျှံစမ်းသပ်ပွဲထဲမှာ ပိတ်လှောင်ခြင်းခံထားရတဲ့ သတ္တဝါမျိုးစိတ်တစ်ခုခု ဆိုတာသေချာတယ်။ ဘာလို့များ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ နတ်မီးလျှံစမ်းသပ်ပွဲတွေက အကျဥ်းထောင်တွေနဲ့ တူနေရတာလဲ။ ”
သူက ကြောက်လန့်မှုကြောင့် တုန်လှုပ်နေသလို စိတ်လှုပ်ရှားမှုကြောင့်လည်း အသားများတုန်ရီနေရသည်။ သူ၏ အသက်ဝင်တောင် ဂါထာတော်ကို ယခင်က သူလေ့ကျင့်ခဲ့ဖူးသည်များထက် ပို၍ သိသိသာသာ တိုးတက်အောင် လုပ်နိုင်လိုက်သည် မဟုတ်ပါလော။
” ထိပ်ဆုံးအယောက်တစ်ထောင်ထဲ ဝင်အောင်လုပ်ပြီး ခုနစ်ရောင်ခြယ် မြူခိုးပင်လယ် မြက်ပင်ကို ဝယ်ခွင့်ရအောင် လုပ်ရမယ်။ အဲ့တာဆို အသက်ဝင်တောင် ဂါထာတော်ကို အပြည့်အဝကျင့်ကြံနိုင်ဖို့ လိုအပ်တဲ့ ဆေးလုံးကိုဖော်စပ်လို့ရပြီ။ ” ထိုသို့ဆိုကာ သူသည် အဝါရောင် နတ်မီးလျှံစမ်းသပ်ပွဲကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ အနီနှင့် လိမ္မော်ရောင် စမ်းသပ်ပွဲများထဲတွင် သူကြုံတွေ့ခဲ့ရသည်များနှင့် ယှဥ်လိုက်လျှင် ယခုသူမြင်နေရသည့် အရာများကြောင့် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ နည်းလမ်းများကို အလွန်အမင်း အံ့သြ အထင်ကြီးသွားရတော့သည်။
သူရောက်နေသည်နေရာမှာ အခန်းတစ်ခန်းထဲတွင် ဖြစ်သည်။ ထိုအခန်း၏ အလယ်တည့်တည့်တွင် ရပ်နေသည်မှာ အနီရောင်ကြိုးတစ်ချောင်းကို ခေါင်းတွင်ချည်ထားသည့် ခန္ဓာကိုယ် ကြီးမားသော လူကြီးတစ်ယောက်ဖြစ်သည်။ သူသည် လက်တစ်ဖက်ထဲတွင် သံညှပ်တစ်ခုကိုကိုင်ထားပြီး ထိုသံညှပ်ဖြင့် အောက်ဘက်ရှိ နီရဲနေသော ဓားတစ်ချောင်းကို ငြိမ်အောင် ညှပ်ထားသည်။
ထိုဓား၏ အောက်ဘက်တွင် ဖော်ပြ၍မရနိုင်လောက်အောင်အေးေနသည့် အနက်ရောင်အရည်များဖြင့် ပြည့်နှက်နေသော ရေလက်ကြားတစ်ခု ရှိသည်။ ထို အရည်များမှ အေးစိမ့်သော အငွေ့အသက်များ ပေါ်ထွက်နေသည်။
ထိုလူကြီးသည် အခြားလက်တစ်ဖက်ထဲတွင် သံတူတစ်ခုကို ကိုင်ကာ ဓားကြီးကို သူတတ်နိုင်သမျှ အားအကုန်သုံးကာ ရိုက်ချလိုက်လေသည်။
ထိုအခါ ထွက်ပေါ်လာသည့် တအုန်းအုန်းမြည်သံများမှာ နားစည်များပင် ကွဲလောက်အောင် ကျယ်လောင်လွန်းလှသည်။
ဤ လူသန်ကြီးမှာ ပန်းပဲသမား တစ်ယောက်ဖြစ်ပြီး ဤအခန်းကြီးမှာ သံရည်ကျိုစက်ရုံတစ်ခုဖြစ်သည်။ ထို့အပြင် ပိုင်ရှောင်ချန်းသည် ယခင်ထက် များစွာသေးငယ်သည့် အရွယ်အစားထိ ကျုံ့သွားပြီ ဖြစ်ပြီး သံညှပ်ပေါ်တွင် ရပ်နေသည်။
ထိုသို့မဟုတ်ဘဲ ပိုင်ရှောင်ချန်းက ကျုံ့မသွားခဲ့လျှက် ဤနေရာကြီးကသာ ကြီးမားနေသည်ဖြစ်ပြီး ပန်းပဲသမားကြီးကလည်း ဘီလူးတစ်ကောင် ဖြစ်နေနိုင်သည်။ အချိုးအဆများကို ကြည့်လိုက်ပါက ဤပန်းပဲသမားကြီးသည် ပြီးခဲ့သည့် စမ်းသပ်ပွဲထဲရှိ ကျောက်ဘီလူးကြီးများထက် မသေးငယ်ပေ။
သံတူကြီးကို ရိုက်ချလိုက်တိုင်း ထိုနေရာတစ်ခုလုံးမှာ တုန်ခါသွားရသည်။
ပိုင်ရှောင်ချန်း၏ မျက်နှာမှာ သွေးဆုတ်နေပြီး ဤမြင်ကွင်းကြီးကြောင့် သူ၏စိတ်များသည် ဂယောက်ခြောက်ခြား ဖြစ်နေပြီဖြစ်သည်။ သူက တုန်တုန်ရီရီဖြင့် ဧရာမ ပန်းပဲသမားကြီးကို မော့ကြည့်လိုက်ပြီးနောက် သံညှပ်ဖြင့်ညှပ်ထားသည့် နီရဲနေသော ဓားကြီးနှင့် အောက်ဘက်ရှိ ရေလက်ကြားကြီးကို ကြည့်လိုက်တော့သည်။
သူ့နေရာမှကြည့်ပါက ထို ရေထုထည်ကြီးသည် ပင်လယ်တစ်စင်းကဲ့သို့ ဖြစ်နေသည်။
အချိန်အနည်းငယ်ကြာသည်အထိ ဆုံးဖြတ်ချက်မချရသေးသဖြင့် ပိုင်ရှောင်ချန်းသည် အံကိုကြိတ်ကာ ရှေ့သို့ပြေးသွားပြီး နီရဲနေသော ဓားကြီးပေါ်သို့ ခုန်တက်လိုက်သည်။ ချက်ချင်းပင် သူ၏ ခြေထောက်ထဲသို့ စီးဝင်လာသည့် အပူများကို သူ ခံစားလိုက်ရသဖြင့် ထိုအပူကိုတုံ့ပြန်ရန် သူ၏ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေ လိုက်ပြီး ရှေ့သို့ ဆက်သွားလိုက်သည်။
ထိုသို့တဇွတ်ထိုး သူ ပြေးနေချိန်တွင် မျက်လုံးထဲတွင် မျက်ရည်များ စို့တက်လာတော့သည်။ ဤနေရာကြီးသည် ပူပြင်းလွန်းလှသဖြင့် သူသည် မတတ်နိုင်တော့ပဲ နာကျင်စွာအော်ဟစ်ကာ ခုန်ဆွခုန်ဆွဖြစ်နေတော့သည်။ အကယ်၍ သူသာပျံသန်းနိုင်လျှင် ပျံသန်းလိုက်မည်သာ ဖြစ်သော်လည်း ဤနေရာတွင် ပျံသန်းမှုကို ပိတ်ပင်တားမြစ်ထားသည်။
အပူထုကြီးကိုသာ ရင်ဆိုင်ရသည်သာမက ဧရာမ သံတူကြီးလည်း ရှိသေးသည်။ ထိုတူကြီးသည် ဧရာမကြယ်ကြီးတစ်လုံးက ဓားပေါ်သို့ ကြွေကျနေသည့် အလားဖြစ်နေပြီး သူသာ ပေါ့ပေါ့ဆဆနှင့် ထုခံလိုက်ရပါက သူ၏ စွမ်းအားကြီးလှပါသည်ဆိုသော အပြင်ခန္ဓာကိုယ်သည်လည်း သူ့ကို ကာကွယ်ပေးနိုင်မည်မဟုတ်ပဲ အသက်ပျောက်သွားမည်သာ ဖြစ်သည်။
” ငါတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲဟေ့။ သေတော့မှာပဲဟ။ ”
” အား….. ”
သူက ငယ်သံပါအောင် အော်ဟစ်နေတော့သည်။
” ကိုယ်တော်ပိုင်က ပူလွန်းလို့ သေရပါတော့မယ်။ ” ဤအပူထုကြီးသည် အနီရောင် စမ်းသပ်ပွဲထဲရှိ ချော်ရည်ပင်လယ်ကြီးထက် များစွာပို၍ သာလွန်ပြီး ဤအချိန်တွင်မူ ပိုင်ရှောင်ချန်းသည် ဤစမ်းသပ်ပွဲကို ကျော်လွှားရန် သူလုပ်နိုင်သော အရာမရှိတော့ကြောင်း တွေးလိုက်တော့သည်။ သို့သော်လည်း အဝါရောင်သက်တံ့အပိုင်း၏ အထက်တွင် ထိပ်တန်းကြယ်ပွင့် အယောင်တစ်ထောင်ခန့်သာ ပါသည့် အစိမ်းရောင်အပိုင်းရှိသည်ဖြစ်ကြောင်းကို သူက သတိရသွားလေသည်။ ထိုအဓိပ္ပါယ်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ဤစမ်းသပ်ပွဲကို အောင်မြင်ဘူးသည့် အမြုတေအဆင့် ကျင့်ကြံသူများမှာ အယောက် တစ်ထောင်သာ ရှိသည်ဟု အဓိပ္ပါယ်ရသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းသည် အလွန်ကြီးမားသည့် ဂိုဏ်းကြီးဖြစ်၍ လူအယောင်တစ်ထောင်ဆိုသည်မှာ အလွန်သေးငယ်သော အဖွဲ့တစ်ဖွဲ့ဖြစ်သဖြင့် ဤ နတ်မီးလျှံစမ်းသပ်ပွဲကို ကျော်ဖြတ်ရန်မှာ မည်မျှခက်ခဲကြောင်း သိနိုင်ပေသည်။
သို့သော်လည်း ပိုင်ရှောင်ချန်းသည် အလွန်လျင်မြန်လှပြီး ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒ မန္တန်တော်ကိုလည်း လေ့ကျင့်ထားသည်။ သူ၏ အေးစိမ့်ချီများကို သူ၏ခြေဖဝါးနှင့် ခြေထောက်များတွင် စုစည်းလိုက်ရာ အပူထုကြီးကို အတိုင်းအတာ တစ်ခုအထိ လျော့နည်းစေခဲ့သည်။ အနည်းငယ်နာကျင်နေဆဲဖြစ်ပါသော်လည်း ရှေ့သို့ ဆက်၍ပြေးနေနိုင်ဆဲဖြစ်သည်။ ယခုတွင်မူ သူသည် ဓား၏ သုံးဆယ်ရာခိုင်နှုန်းခန့်အထိ ကျော်ဖြတ်ပြီးသွားပြီဖြစ်သည်။
” ပိုပြီး မြန်မြန် သွားရမယ်။ ” သူက အလွန်အမင်းနှေးနေမည်ကိုစိုးရိမ်နေတော့သည်။ သူသည် ရေနွေးအိုးပူတစ်အိုးပေါ်တွင် ဖြတ်ပြေးနေသည့် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ဖြစ်နေပြီး အပြင်ဘက်မှလူများက ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးသွားကြတော့သည်။
သူတို့အားလုံးမှာ ဤစမ်းသပ်ပွဲကို ဆင်နွှဲဖူးသည့် လူများကို မြင်ဖူးကြသည်ဖြစ်ပြီး အများစုမှာ သူတို့ကိုယ်တိုင် စိန်ခေါ်ခဲ့ဖူးသည်။ သူတို့အားလုံးမှာ ဤစမ်းသပ်ပွဲသည် အလွန်ခက်ခဲကြောင်း သိထားကြပြီး လူအားလုံးက သတိကြီးကြီးထား၍ စိန်ခေါ်ခဲ့ကြသည်။ ဤစမ်းသပ်ပွဲထဲတွင်လူအများစုမှာ သူတို့၏အချိန်အများစုကို ပတ်ဝန်းကျင်ကို အကဲခတ်၍သာ ကုန်ဆုံးစေကြခြင်းဖြစ်သည်။
ဤ စမ်းသပ်ပွဲသည်ကား လျင်မြန်မှုနှင့် အပူဒဏ်ခံနိုင်မှုကို စမ်းသပ်ရုံသာ မဟုတ်ဘဲ တုန်ခါမှုများအကြောင်းနားလည်နိုင်စွမ်းကိုလည်း စမ်းသပ်သည့် ပွဲဖြစ်သည်။ တူက ဓားကို ထုနှက်လိုက်သည့်အခါတိုင်း ထိုနေရာတစ်ခုလုံး တုန်ခါသွားပြီး အပူများကလည်း ပျံ့နှံ့သွားရသည်။ တပြိုက်နက်ထဲမှာပင် ထိုတုန်ခါမှုကို အသုံးပြုကာ အရှိန်တင်နိုင်သည်။ အရာအားလုံးကို အချိန်ကိုက်ဆောင်ရွက်လှုပ်ရှားနိုင်ပါက အပူဒဏ်ကိုခံစရာမလိုပဲ ရှေ့သို့တစ်လှမ်းချင်းစီ တက်လှမ်းနိုင်မည် ဖြစ်သည်။
ဤစမ်းသပ်ပွဲမျိုးသည် ယှဥ်ပြိုင်သူ ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံများကို တိုးတက်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူမတူသော ထိန်းချုပ်မှုမျိုးဖြင့် အန္တရာယ်များကို သိသိသာသာ လျော့ကျစေနိုင်သည်။
သမိုင်းတစ်လျှောက်တွင် ယခု ပိုင်ရှောင်ချန်းက ရှေ့သို့ ကမူးရှူထိုး ပြေးနေသကဲ့သို့ မည်သူမှ မလုပ်ခဲ့ဖူးပေ။
” ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်…သူ…..သူ ”
” ဒီကောင်က ပုံမှန်နည်းတွေကို မသုံးတဲ့ ငကြောင်တစ်ကောင်ပဲ။ ” ပိုင်ရှောင်ချန်းသည် အမြီးကိုမီးစွဲနေသည့် ယုန်ကလေးတစ်ကောင်အလား အော်ဟစ်ကာ ပြေးလွှားနေချိန်တွင် အပြင်ဘက်ရှိ လူများက တစ်ယောက်ကိုတစ်ယောက် ကြောင်အန်းအန်းကြည့်နေကြတော့သည်။ ပိုင်ရှောင်ချန်းက ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှူရင်း တတွတ်တွတ်ရွတ်နေသည်များကို အချို့ဂိုဏ်းသားများက ကြားမိလိုက်သည့်အခါ ပို၍ပင် ဆိုးနေတော့သည်။
” ဒါ ဘယ်လို ရူးကြောင်ကြောင်နိုင်တဲ့ နတ်မီးလျှံစမ်းသပ်ပွဲမျိုးပါလိမ့်။ ဘာကို စမ်းသပ်ချင်တာတုံး။ လူတွေလှလှပပလေး လောင်ကျွမ်းနိုင်၊ မနိုင်ကို စစ်ဆေးတာလား။ အားးး ပူလွန်းလို့ သေတော့မှာပဲ။ ”
” တခြားလူတွေ ဒီစမ်းသပ်ပွဲကို ဘယ်လိုများ ကျော်ဖြတ်သွားကြတာတုံး။ သူတို့အကုန် ငါ့ကိုမှီမှာ မဟုတ်တာတော့ ငါလောင်းရဲတယ်။ သူတို့တွေ ပြေးနေရင်း အော်ငိုရင်ငိုနေခဲ့မှာ။ ဒါမှမဟုတ် တွားသွားရင်တောင် သွားနေမှာ။ ‘ ပိုင်ရှောင်ချန်းမှာ မျက်ရည်စက်လက်ဖြင့် ဆက်တိုက်အရှိန်တင်ကာ ပြေးနေတော့သည်။ အမွှေးတိုင်တစ််တိုင် လောင်ကျွမ်းစာခန့် ကြာပြီးသွားသည့် အချိန်တွင် သူသည် ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ကျော်ဖြတ်ပြီးသွားပြီဖြစ်သည်။
” ဟွန်း။ ပိုင်ရှောင်ချန်းကတော့ ပိုင်ရှောင်ချန်း ပါပဲ။ အတော်ဆုံးဖြစ်နေတုံးပဲဟေ့။ ”
သူသည် အဆုံးနားသို့ နီးကပ်လာပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် စိတ်ဓာတ်များတက်ကြွသွားတော့သည်။ သူသည် နာကျင်လွန်းလှ၍ ခဏခဏ အော်ဟစ်နေရပါသော်လည်း သူ့ကိုယ်သူ အလွန်အမင်း ကျေနပ်နေဆဲပင်။
” အခုမှ သေချာစဥ်းစားကြည့်လိုက်တော့ ဒီအပူဒဏ်က ငါ့ခြေထောက်အတွက် တော်တော် သက်တောင့်သက်သာ ရှိနေတာပဲဟ။ ”
လူတိုင်းမှာ ပိုင်ရှောင်ချန်း၏ တဇွတ်ထိုး လုပ်ရပ်များကြောင့် ကြက်သေသေနေရတော့သည်။ ယခုပုံစံအတိုင်းဆိုပါက သူသည် တတိယမြောကိစမ်းသပ်ပွဲကို အောင်မြင်တော့မည်ဖြစ်သည်။
” ဒီ စမ်းသပ်ပွဲကို ဒီလိုနည်းနဲ့ အောင်မြင်နိုင်စရာ အကြောင်းမရှိတာကွာ။ ” လူအနည်းငယ်မှာ မနာလိုနေကြသဖြင့် ထိုသို့စကားသံများပေါ်ထွက်လာကြတော့သည်။
” သောက်ကျိုးနည်း။ ဘယ်လိုများ တတိယစမ်းသပ်ပွဲကို သူဒီလောက်မြန်မြန် ကျော်ဖြတ်နိုင်ရတာလဲ။ တုန်ခါမှုတွေနဲ့ ချိန်ကိုက်လှုပ်ရှားပြီးမှ ရှေ့ဆက်ရတာမဟုတ်ဘူးလားကွာ။ ”
ထိုသို့ ထင်မြင်ချက်ပေးသူများမှာ တစ်စတစ်စ များပြားလာပြီး ပိုင်ရှောင်ချန်းမှာ ကိုးဆယ်ရာခိုင်နှုန်းအထိ ကျော်ဖြတ်ပြီးသွားကာ အဆုံးနားသို့ ရောက်နေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ ကျေနပ်နေစဥ် တစ်ခုခု လွဲနေကြောင်း ခံစားလိုက်ရတော့သည်။
ဓားကြီးကိုသွန်းလုပ်နေသည့် ဘီလူးကြီးမှာ ရလဒ်များကို ကျေနပ်သွားဟန်တူသည်။ သူက ဓားကိုမီးညှပ်များဖြင့်ညှပ်ကာ မြှောက်လိုက်ပြီး အောက်ဘက် ရေလက်ကြားထဲရှိ အနက်ရောင် အရည်များထဲသို့ နှစ်လိုက်တော့သည်။
” ဟားဟားဟား။ သူက သံကို မီးငြှိမ်းနေတာပဲ။ ”
” ပိုင်ရှောင်ချန်းတို့ကတော့ ကံဆိုးတာပဲဟေ့။ သူ သံကိုမီးငြှိမ်းတာနဲ့မှ သွားကြုံတာ ငါ့ဖြင့် မယုံနိုင်ဘူး။ ”
” ဒါမျိုးက ဆယ်ခါမှ တစ်ခါဖြစ်တာ။ ဒါကို ပိုင်ရှောင်ချန်း မြင်လိုက်ရတာ ကံကောင်းတာပဲဟေ့။ ”
လူတိုင်းက ပိုင်ရှောင်ချန်း ဒုက္ခရောက်နေသည်ကို ကြည့်ကာ ပျော်ရွှင်နေကြစဥ် သူက နီရဲနေသည့် ဓားပူကြီးပေါ်တွင်ရပ်ကာ နာကျည်းဖွယ် အော်ဟစ်လိုက်တော့သည်။
သူသည် ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားသော်လည်း ဘာမှမလုပ်နိုင်လိုက်ခင်မှာပင် ဘီလူးကြီးက ဓားကိုညှပ်ကာ ပိုင်ရှောင်ချန်းနှင့်အတူ ဓားကြီးကို အနက်ရောင် ပင်လယ်ကြီးထဲသို့ နှစ်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ နောက်သို့ချက်ချင်း ဆုတ်လိုက်ပါသော်လည်း ခြေလှမ်းအနည်းငယ်မျှသာ ဆုတ်နိုင်လိုက်သည်။ သူ၏ ခုနစ်ရောင်ခြယ် ကျောက်စိမ်းလည်ဆွဲကို ထုတ်ရန်အချိန်ပင်မရလိုက်ချေ။ အနက်ရောင်အရည်များက သူ့ဆီသို့ ပြေးလာနေတော့သည်။
” မလုပ်ပါနဲ့။ ကျနော် မသေချင်သေး…… “