Switch Mode

အခန်း ( ၂၇ )

ဟင် ...ဒီမန္တန်အစီအရင်တွေက

“ ဆရာတူအစ်မရေ၊ ရှစ်ရှစ်လေး၊ ကိုယ့်ချစ်ဇနီးလေး … ကိုယ်တို့ဒီလို ခိုးကြောင်ခိုးဝှက် ဝင်သွားလို့ မသင့်တော်ဘူးလေ။ ပေါ်တင်သွားကြရအောင်ပါ။ ကိုယ်တို့ သိချင်တာမှန်သမျှ သူတို့ကို တိုက်ရိုက်မေးလို့ရတာပေါ့ ”

ချုံတောင်လေးရှိ သစ်တောအတွင်း အရိပ်နှစ်ခုသည် ရုတ်တရက် ရပ်တန့်သွားပြီး လူပုံစံအဖြစ် ပြောင်းလဲသွားသည်။ တစ်ယောက်က ရှည်ရှည်၊ တစ်ယောက်က ပုပု။ ထိုသူနှစ်ဦးသည် ဖုံးကွယ်ထားသော သူတို့၏နတ်အာရုံအား အသုံးချပြီး သူတို့ပတ်ဝန်းကျင်ရှိ တာအိုအတတ်များကို လေ့လာလိုက်သည်။

ကျိုးဝူသည် သူ့ထပ်အရပ်ရှည်သော တာအိုလက်တွဲဖော် အရှေ့တွင် ရပ်နေပြီး သူမအား စိတ်ပါလက်ပါ ဖြောင်းဖြနေသည်။

“ ကျိုးအာလည်း အရွယ်ရောက်လာပြီပဲ။ ကိုယ်တို့ သူ့ဘေးမှာ အမြဲနေနိုင်တာမှ မဟုတ်တာ။ ပြီးတော့ သူက အသက်(၉၆၂)နှစ်ရှိတဲ့ နတ်ဝိဇ္ဇာတစ်ယောက်ပဲလေ။ ကလေးမဟုတ်တော့ပါဘူး ”

တာအိုလက်တွဲဖော် တားလာခြင်းကြောင့် ရပ်တန့်လိုက်ရသော ကျိုးရှစ်သည် မျက်လုံးပင့်ကာ မကျေမနပ်ပြောလိုက်သည်။

“ ကျမတို့ သူတို့ကို ပေါ်ပေါ်ထင်ထင်သွားတွေ့ရင် ဘာမှမေးလို့ရမှာ မဟုတ်ဘူး။ ဒီလိုကိစ္စမျိုးမှာ အမှန်အတိုင်းသိရဖို့ အခုလို ခိုးကြောင်ခိုးဝှက် သွားရမှာပဲ။ ကျမတို့ ညီမလေးခြောက် နဲ့ ကိုယ်လေးခုနစ် တို့အကြောင်း ဘယ်လိုသိခဲ့ရတယ် ဆိုတာမေ့သွားပြီလား။ သူတို့ကို အိပ်ရာပေါ်မှာသာ မတွေ့ခဲ့ရင် သူတို့ဝန်ခံမှာမဟုတ်ဘူး။ မြန်မြန်..ကိုယ်ယောင်ပြန်ဖျောက်လိုက်‌တော့။ ရှင့် ခြေရာတွေမပေါ်စေနဲ့… ”

ကျိုးရှစ်သည် ခြေဆောင့်ကာ ကျိုးဝူ၏ကော်လံအား ထပ်မံဆွဲကာ ကိုင်မြှောက်လိုက်သည်။ ထိုသူနှစ်ဦးသည် အရိပ်များအဖြစ် ပြန်၍ ပြောင်းလဲသွားပြီး သစ်တောအတွင်းဆက်ဝင်ကာ ပျောက်ကွယ်သွားလေသည်။

ကျိုးဝူသည် ခါးသက်သက်သာ ရယ်လိုက်ရတော့သည်။ သူသည် အခြားသူများ၏ရှေ့တွင် ဗဟုသုတများ၍ ဉာဏ်ကောင်းကြောင်း ဝံ့ကြွားနိုင်သော်လည်း သူ ချစ်ရသော မိန်းကလေး၏ရှေ့တွင်မူ လက်မှိုင်သာ ချနေရလေသည်။

သို့သော် သူတို့သည် ကျန့်(၁၀၀)ခန့်သွားပြီးနောက် ထပ်၍ရပ်တန့်ရပြန်လေသည်။

သူတို့၏ ပုံရိပ်များသည် သစ်ပင်ကြီးတစ်ပင်၏ ထိပ်တွင် ပေါ်လာကြသည်။ သူတို့သည် အ‌ရှေ့တွင်ရှိသော အခြေအနေများအား လေ့လာလိုက်သည်။

“ ဒီမန္တန်အစီရင်က တော်တော်လေး လက်ရာမြောက်တာပဲ ”

ကျိုးဝူကချီးကျူးလိုက်သည်။

“ မန္တန်အစီအရင်ရဲ့ အနားသတ်တွေက ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်နေတယ်။ ထိပ်အစွန်းပိုင်းလေးတွေသာ နည်းနည်းလေးသိသာပြီး စိတ်တန်ခိုးလေးနည်းနည်းထွက်နေတာ ”

ကျိုးရှစ်သည် ခေါင်းစောင်းလိုက်ရာ သူမ၏ ကျစ်ဆံမြီးလေးနှစ်ခု လှုပ်ရမ်းသွားလေသည်။

သူမသည်သေသေချာချာကြည့်ပြီးနောက် တည်ငြိမ်စွာပင်ပြောလိုက်သည်။

“ အဲဒါက စိတ်ရှုပ်ထွေးမန္တန်အစီအရင်လေးပါပဲ။ ကျမတို့နှစ်ယောက် ကိုင်တွယ်နိုင်တယ် မဟုတ်ဘူးလား။ ရှင့်မျက်နှာထားကို ကြည့်ပါဦး။ မလုပ်ချင်ဘူးလား။ ဘာလဲ ဒီညကုတင်ပေါ်မှာ မအိပ်ချင်တော့ဘူးနဲ့ တူတယ်… ”

ထိုခြိမ်းခြောက်မှုနှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရသောအခါ ကျိုးဝူသည် ချက်ချင်းပင် အရှုံးပေးလိုက်လေတော့သည်။

“ အဲ … ဟို … သိပ်အိပ်ချင်တာပေါ့။ ရှစ်ရှစ် အခန်းအောင်းကျင့်ကြံတာကနေ ထွက်လာတာမျိုးက သိပ်ရှားတာလေ …”

“ တော်ပါ…ကျမ ရှေ့ကသွားမယ်။ ဘာပဲဖြစ်လာဖြစ်လာ ကျမပဲ တာဝန်ခံမယ် ”

ကျိုးရှစ်၏ အနိုင်ကျင့်မှုကို ကျိုးဝူတစ်ယောက် သက်ပြင်းချ၍သာ ခံလိုက်ရလေသည်။ သူသည် သစ်ပင်ထိပ်မှဆင်းလိုက်ပြီး လက်နှစ်ဘက်နောက်ပစ်ကာ ဦးဆောင်၍ ရှေ့သို့ ဆက်သွားလိုက်သည်။ သူသည် ပတ်ဝန်းကျင်အား စူးစမ်းလိုက်သည်။ သူ၏စိတ်များသည်လည်း ပျံ့လွင့်၍နေပေသည်။

ကျိုးဝူသည် မန္တန်အစီအရင်များကို ကျော်နိုင်၊မကျော်နိုင်အားစဉ်းစားနေခြင်းမဟုတ်ပေ။ အမှန်ဆိုရလျှင် သူသည် ချုံတောင်လေးအား သိပ်၍စိတ်ထဲမရှိချေ။ ချုံတောင်လေးတွင် နတ်ဝိဇ္ဇာတစ်ပါးမျှပင် မရှိသည် မဟုတ်ပေလော။ ထိုသူတို့၏ မန္တန်အစီအရင်သည် မည်မျှအစွမ်းကြီးနိုင်ပေမည်နည်း။

ထို့ထက် သူသည် ကျိုးအာနှင့် ဂိုဏ်းတူညီလေးချီယွမ်တို့အား ထိပ်တိုက်တွေ့ဆုံခဲ့လျှင် မည်သို့ဖြစ်မည်ကိုသာ တွေးနေလေသည်။ ထိုအခြေအနေသည် အလွန်ကိုးရိုးကားရားနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

အထူးသဖြင့်…

‘ ဂိုဏ်းတူညီလေးချီယွမ် ကောင်းကင်ပြစ်ဒဏ်ကို မဖြတ်ကျော်နိုင်ဖို့က (၈၀)ရာခိုင်နှုန်းလောက် သေချာတယ်။ ငါတို့ညီမလေးတော့ သူ့တာအိုလက်တွဲဖော်ကိုရရချင်းပဲ မုဆိုးမဖြစ်ရတော့မှာလား။ ငါတို့ အဲဒါကို ဘယ်လိုလုပ်ရမလဲ ’

“ မြန်မြန်သွားစမ်းပါ… ”

ကျိုးဝူ၏အနောက်ရှိ ကျိုးရှစ်က လောလိုက်သည်။

“ ရှင် အဲဒီလို ငေးတိငေးကြောင်လုပ်နေရင် ကျမတို့ရောက်တဲ့အချိန်ဆို ဘာမှတွေ့ရတော့မှာ မဟုတ်ဘူး ”

“ မလောပါနဲ့… ကိုယ် ဒီမန္တန်အစီအရင်ရဲ့ ထွက်ပေါက်ကို ရှာတွေ့တော့မှာပါ ”

ကျိုးဝူသည် ထိုမန္တန်အစီအရင်၏ ဘဝတံခါးရှိမည့်နေရာကို ခန့်မှန်းလိုက်သည်။ ထိုသို့ပင် သူသည် ပထမဦးဆုံးဝင်္ကပါမှလွတ်ရန် ကျိုးရှစ်အား ဦးဆောင်ခေါ်သွားနိုင်ခဲ့လေသည်။

သို့သော် ကျိုးဝူသည် ခပ်မြန်မြန်ပင် ထပ်၍ရပ်လိုက်ရပြန်သည်။ သူသည် လက်ဝဲလက်အားမြှောက်ကာ ကျိုးရှစ်အား ရပ်ရန် အချက်ပြလိုက်၏။

“ အာ…ဆက်စပ်နေတဲ့ မန္တန်အစီအရင်တစ်ခုလား… ”

ကျိုးဝူသည် စိတ်ထဲမှနေ၍တွေးလိုက်၏။ သူသည် မေ့စေ့အားပွတ်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

“ ဒါတွေက တစ်ခုပြီးတစ်ခုဆင်ထားတဲ့ ရိုးရှင်းတဲ့ မန္တန်အစီအရင်တွေဆိုပေမယ့် အဲဒါတွေကို ဆက်စပ်ထားတာကိုကြည့်ရင် သူက တော်တော်ဉာဏ်ကောင်းပြီး အနုပညာဆန်တဲ့သူပဲ… ”

“ တော်တော်ပေရှည်တာပဲ ”

ကျိုးရှစ်သည် မကျေနပ်ပြောလိုက်ပြီး သူမ၏ဆရာတူကိုယ်လေးရှေ့သို့ ခြေနှစ်လှမ်းကျော်တက်လိုက်သည်။

သူမသည် သူမ၏နတ်အာရုံအားဖြန့်ကျက်လိုက်ပြီး မန္တန်အစီအရင်၏ ထွက်ပေါက်ကိုရှာလိုက်သည်။ ထို့နောက် တုံးတုံးတိတ်ပင်ပြောလိုက်သည်။

“ ကျမ နောက်လိုက်ခဲ့ ”

ကျိုးဝူသည် မချိသွားဖြဲလိုက်ပြီး သူ၏ တာအိုလက်တွဲဖော် ဆရာတူအစ်မ နောက်သို့ လိုက်သွားလေသည်။ သူ၏ရင်တွင်းတွင်မူ အခြေအနေများ ရုတ်ရုတ်သဲသဲဖြစ်လာခဲ့လျှင် မည်သို့ပြုလုပ်ရမည်ကို တွေး၍နေပေသည်။

ထိုအချိန်၌ (၁၀)လီခန့်အကွာရှိ ဆေးဖော်ဆောင်လေးထဲတွင်…

ဆေးပင်နှင့်ဆေးများအား ပြင်ဆင်နေသော လီချန်ရှို့တစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တရားထိုင်နေသော ကျိုးကျိုးအား မထူးခြားစွာ ကြည့်လိုက်သည်။ သူသည် စတင်တွေးတောနေသော်လည်း မည်သည့်စကားမျှ မဆိုလိုက်ပေ။

‘ ဆရာဦးလေးကျိုးဝူရဲ့ဘေးကသူက ကျိုးနတ်ဝိဇ္ဇာကိုးပါးထဲက တစ်ယောက်ဖြစ်မယ်။ အဲဒါလည်း ကောင်းတာပဲ။ သူတို့နှစ်ယောက်က မန္တန်အစီအရင် အောက်ဆုံးအလွှာ ဘယ်လောက်အသုံးဝင်တယ်ဆိုတာ စမ်းသပ်ဖို့ ကူညီပေးနိုင်တာပေါ့ ”

“ ဆရာဒေါ်လေးကျိုး… ”

“ အေး..ဘာလဲ…စတော့မှာလား ”

“ ကျွန်တော်တို့ နည်းနည်းထပ်စောင့်ရဦးမယ်… ”

လီချန်ရှို့ပြုံးကာ ပြန်ပြောလိုက်သည်။

“ ဆရာဒေါ်လေး… ကောင်းကင်ခွင်းတောင်ကို ပြန်ရောက်လို့ တစ်ယောက်‌ယောက်က ဒီမှာဘာလာလုပ်တာလဲလို့ မေးရင် ဆရာဒေါ်လေး အမှန်အတိုင်း ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီမှာဆင်ထားတဲ့ မန္တန်အစီအရင်တွေရဲ့ အရေအတွက်နဲ့ အစီအစဉ်တွေကိုတော့ လျှို့ဝှက်ထားပေးပါ ”

“ မပူပါနဲ့…အဲဒါတော့ ငါနားလည်ပါတယ်ဟ ”

ကျိုးကျိုးသည် ရင်ဘတ်အား ခပ်ပြင်းပြင်းပုတ်ပြလိုက်သည်။

“ မင်းရဲ့ဆရာဒေါ်လေးက အကျိုးရပြီးရင် အကုန်မေ့ကုန်တဲ့သူမျိုး မဟုတ်ပါဘူး။ မင်းငါ့ကို မိန်းမလှညှို့ဓာတ်တွေ အများကြီးပေးခဲ့တာကို ထောက်ပြီး ငါ့ရဲ့ပါးစပ်ကို ချိပ်ပိတ်ထားမှာပါ ”

လီချန်ရှို့သည် သူမအား အနည်းငယ်ပြုံးပြလိုက်ပြီး ဆေးပင်များနှင့် ပါဝင်ပစ္စည်းများကို ဆက်၍ အလေးချိန်ချိန်နေလေသည်။

နောက်ဆုံးတွင် သူသည် နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးအား ဖော်စပ်နိုင်တော့မည် ဖြစ်သည်။

သို့သော် အပြင်ရှိအတုမဲ့နတ်ဝိဇ္ဇာနှစ်ဦး ထွက်သွားသည့်အခါမှ စတင်၍ရပေမည်။

သစ်တောအတွင်း၌ …

ကျိုးနတ်ဝိဇ္ဇာကိုးပါးထဲမှ အတုမဲ့နတ်ဝိဇ္ဇာအကြီးအကဲနှစ်ဦးသည် မန္တန်အစီအရင်အတွင်းသို့ ရောက်နေသည်မှာ အမွှေးတိုင်တစ်တိုင်စာ ကျော်လွန်ခဲ့ပေပြီ။

“ ရှင်ပဲ ဒီမန္တန်အစီအရင်ကို ဖြေရှင်းတော့… ”

ကျိုးရှစ်သည် ခပ်တိုးတိုးပြောလိုက်သည်။

“ ကျမက လက်နက်လုပ်တာပဲ သေချာလေ့လာထားတာ။ မန္တန်အစီအရင်မှာကျ ရှင်နဲ့ ဆရာတူအစ်ကိုသုံးကို မယှဉ်နိုင်ဘူး ”

ကျိုးဝူသည် တည်တည်ငြိမ်ငြိမ်ပင် ပြုံးလိုက်ပြီး လက်နှစ်ဘက်နောက်ပစ်လျှက် သူ၏တာအိုလက်တွဲဖော်ကို ‌ကျော်ကာ လျှောက်သွားလိုက်သည်။ သူ၏ပုကွကွခန္ဓာကိုယ်မှ ယောက်ျားဆန်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများ ထွက်ပေါ်နေသည်။

“ မောင့်နောက်က ကပ်ပြီးလိုက်ခဲ့။ ဒီမန္တန်အစီအရင်က လျင်မြန်လှည့်ပတ်မန္တန်အစီအရင်လို့ ခေါ်တယ်။ အဲဒါကလည်း အခြေခံအဆင့် မန္တန်အစီအရင်ပါပဲ။ ဒါပေမဲ့ ဘဝတံခါးက ထူးဆန်းတဲ့နေရာမှာရှိတယ်။ အပေါ်ပိုင်းမှာပေါ့ ”

ကျိုးဝူသည် စကားမဆုံးသေးခင်၌ပင် မန္တန်အစီအရင်၏ ထွက်ပေါက်အား ရှာဖွေလိုက်သည်။ သူသည် ကျိုးရှစ်အားဦးဆောင်၍ မန္တန်အစီအရင်အတွင်းမှ ခုန်ထွက်လိုက်ရာ သူတို့အား ကြိုဆိုနေသည်မှာ နောက်ထပ်မန္တန်အစီအရင်တစ်ခု ဖြစ်သည်။ ထို့နောက် သူတို့ပတ်ပတ်လည်ရှိ အရာအားလုံး လည်ပတ်သွားကြသည်။

ဤသို့ဖြင့် နောက်ထပ်တစ်နာရီအကြာ…

“ ဒါကထူးဆန်းတယ်။ ကိုယ်တို့ တစ်ပတ်အပြည့်ပတ်လျှောက်ပြီး စခဲ့တဲ့နေရာကိုပြန်ရောက်လာတဲ့ပုံပဲ ”

ကျိုးဝူသည် အခြေအနေအားသုံးသပ်ရန် လက်ချောင်းများအား ချိုးနေပြီး သူ့မျက်နှာသည် ခွေးချေးမှန်သကဲ့သို့ ဖြစ်သွားသည်။

“ ကိုယ်တို့ ဆက်စပ်နေတဲ့ မန္တန်အစီအရင်(၂၄)ခုကို ဖြတ်ပြီးသွားပြီ။ ဒါပေမဲ့ ဒီမန္တန်အစီအရင်လေးတွေပေါင်းပြီး အကြီးစားမန္တန်အစီအရင်ကြီးတစ်ခု ဖြစ်နေတဲ့ပုံပဲ။ ဘဝတံခါးတွေအတိုင်းလိုက်သွားရင်း ကိုယ်တို့စခဲ့တဲ့နေရာကို ပြန်ရောက်လာတာ။ မန္တန်အစီအရင်တွေကို ဒီလိုဆင်ထားတော့ ဖန်တီးတဲ့သူက အားနည်းနည်းပဲစိုက်ရပြီး အကောင်းဆုံးအကျိုးတွေကို ရတာပဲ။ သူက ကျွမ်းကျင်တဲ့ဆရာတစ်ဆူလို့တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ဒါက တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းတာပဲ။ အင်း … တကယ်စိတ်ဝင်စားစရာပဲ… ”

ကျိုးရှစ်သည် ကိုယ့်နဖူးကိုယ်ရိုက်လိုက်ပြီး ဆူပူလိုက်သည်။

“ အဲဒါဆို ဖြေရှင်းလိုက်လေ။ ဘယ်လောက်တောင်ကြာနေပြီလဲ။ ရှင်သာပြောသလိုတကယ်တော်ရင် ကျမတို့ လွန်ခဲ့တဲ့ သုံးလေးနာရီလောက်ထဲက ဒီထဲကထွက်နိုင်နေလောက်ပြီ ”

ကျိုးဝူသည် လည်ချောင်းရှင်းကာ ပြောလိုက်သည်။

“ ကောင်းပြီ။ အခုက ကိုယ်သေချာစူးစိုက်ရတော့မယ့်အချိန်ရောက်ပြီ။ မောင့်နောက်က လိုက်ခဲ့ ”

ချက်ချင်းပင် သူသည် သူ့တာအိုလက်တွဲဖော်၏လက်ကိုဆွဲကာ ဝင်္ကပါအတွင်းသို့ ရဲဝံ့စွာဝင်သွားလေသည်။ သူတို့နှစ်ဦးသည် အလျင်အမြန်ပင် သစ်တောအုပ်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

နှစ်နာရီထပ်၍ကြာပြီးနောက်…

“ ဒါက သောက်အဓိပ္ပာယ်မရှိတာပဲ။ ဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ… ”

ကျိုးဝူသည် မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်ပုံတစ်ပုံပေါ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။ သူသည် လက်နှစ်ဖက်လုံးရှိ လက်ချောင်းများအား ချိုးကာ အခြေအနေကို သုံးသပ်နေ၏။

ကျိုးရှစ်သည် သူမ၏ သန့်ရှင်းချောမွေ့လှပသော မေ့စေ့အားပွတ်ကာ လူးလားခေါက်တုန့်လျှောက်နေသည်။ သူမသည် သိထားသမျှ မန္တန်အစီအရင်နှင့်ဆိုင်သည့် ဂါထာများကို ပြန်ရွတ်ကြည့်နေသည်။ သို့သော် ၎င်းဂါထာများသည် ထိုအချိန်တွင် အသုံးမတည့်ချေ။

သူတို့၏ လက်ရှိပြဿနာသည် ထိုမန္တန်အစီအရင်ကြီးအတွင်း ကျိုးကျိုးအား ရှာဖွေခြင်းမဟုတ်တော့ပေ။ အဓိကပြဿနာသည် သူတို့သည် ထိုဆက်စပ်နေသည့် မန္တန်အစီအရင်ကြီးထဲတွင် လမ်းပျောက်နေခြင်းပင် ဖြစ်လေတော့သည်။

သူတို့သည် မည်သည့်ဦးတည်ရာသို့ သွားသည်ဖြစ်စေ အခြားဝင်္ကပါတစ်ခုအတွင်းသို့ ထပ်မံရောက်ရှိသွားပေသည်။

သူတို့သည် စက်ဝိုင်းပေါ်တွင်လျှောက်နေသကဲ့သို့ ပတ်ခြာလည်ကာ မူလနေရာသို့ပင် ပြန်ရောက်သွားနေသည်။ မည်မျှပင်ကြိုးစားရှာဖွေကာမူ ထွက်ပေါက်အား ရှာမတွေ့ပေ။

ကျိုးရှစ်က ပြောလိုက်သည်။

“ ကျမတို့ ဘာလို့ ဒီမန္တန်အစီအရင်ကြီးကို ဖျက်စီးမပစ်တာလဲ…”

“ အဲဒီလိုလုပ်လို့ ဘယ်ရမလဲ။ ကိုယ်တို့က ဒီကိုလူလာဖမ်းတာလည်းမဟုတ် တောင်ကိုလာဖြိုတာလည်း မဟုတ်ဘူးလေ… ”

ကျိုးဝူသည် ခါးသက်သက်ပြုံးလိုက်သည်။

“ ပြီးတော့ နတ်ဝိဇ္ဇာတစ်ပါးတောင်မရှိတဲ့ ချုံတောင်လေးပေါ်က မန္တန်အစီအရင်ထဲမှာ ကိုယ်တို့ပိတ်မိနေတယ်ဆိုတဲ့ စကားတွေပျံ့သွားရင် အစ်ကိုတို့ လူကြားထဲဘယ်လိုမျက်နှာပြရတော့မှာလဲ ”

ကျိုးရှစ်က အတွန့်တက်လိုက်သည်။

“ ရှင်က မန္တန်အစီအရင်ဘက်မှာ ဆရာကြီးမဟုတ်ဘူးလား ”

“ ဒါတွေက အခြေခံတော့အခြေခံ မန္တန်အစီအရင်လေးတွေပဲ ဒါပေမဲ့ ဆက်စပ်နေတာတွေကို ဖောက်ထွက်ဖို့ ပုံသေနည်း မရှိဘူး။ ကိုယ်တို့ သည်းခံပြီး ဖြည်းဖြည်းချင်းပဲ ထွက်ပေါက်ရှာရမှာပဲ။ နို့မဟုတ်ရင် မန္တန်အစီအရင်တစ်ခုနဲ့တစ်ခုကြား လွတ်နေဟနေတဲ့နေရာတွေ လိုက်ရှာရမှာပဲ။ ဒါပေမဲ့ ဒီမန္တန်အစီအရင်ကို ဆင်ထားတဲ့သူက အဲဒီဟာကွက်တွေကို သေချာဖုံးထားတယ် ”

ကျိုးဝူသည် ကိုယ့်နဖူးကိုယ်ရိုက်ကာ ပြောလိုက်သည်။

“ လာ..ကိုယ် ဒီမန္တန်အစီအရင်ထဲက ဘယ်လိုထွက်ရမလဲဆိုတာသိပြီ။ ထပ်ကြိုးစားကြည့်တာပေါ့… ”

ဤသို့ဖြင့် နောက်ထပ် နှစ်နာရီကြာပြီးနောက်….

ဒုတ်…

မြေပြင်ပေါ်မှ ငါးပေအကွာရှိ နဖူးပြင်တစ်ခုသည် သစ်ပင်ကြီးတစ်ပင်၏ ပင်စည်နှင့်ဆောင့်နေလေသည်။ တာအိုရသေ့ဂျပုသည် မျက်လုံးဟောက်ပက်ဖြစ်နေပြီး သူ၏ ပုံမှန် စူးရှ၍သတိကြီးသော အကြည့်များသည်လည်း ယခုအခါတွင် မှေးမှိန်ကာ အသက်ကင်းမဲ့နေချေသည်။ သစ်ရွက်နှင့် သစ်ကိုင်းခြောက်များသည် သူ့ကိုယ်ပေါ်သို့ ပြုတ်ကျလာကြသည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါသည်လည်း ရှုပ်ထွေးနေလေသည်။

သူသည် အသက်ကင်းမဲ့စွာ ရယ်သွမ်းလိုက်ပြီး နဖူးနှင့်ပင်စည်ကို ထပ်ဆောင့်လိုက်ပြန်သည်။ ထို့နောက် သူသည် တီးတိုးရေရွတ်လိုက်၏။

“ အတုတွေပဲ။ ငါနားလည်ထားတဲ့ မန္တန်အစီအရင်တွေအကြောင်းက အကုန်အတုတွေချည်းပဲ။ ဒီလိုအခြေခံမန္တန်အစီအရင်လေးတွေတောင် ဆက်စပ်စုစည်းထားရင် အဆင့်မြင့်တဲ့ ဝင်္ကပါနဲ့ ထောင်ချောက်မန္တန်အစီအရင်တွေဖြစ်လာနိုင်တာပဲ။ ငါ ဒီနှစ်တွေတစ်လျှောက်လုံး လမ်းမှားကို လျှောက်နေမိတာပဲ။ ငါရဲ့တာအိုတွေလည်း မှားနေလား မသိဘူး။ ငါရဲ့ စိတ်တည်ငြိမ်သုတ္တန်ကလည်း အမှားကြီးနေမှာပါ…ငါသိသားပဲ..ဟား..ဟား…ဟီးဟီး..နောက်ဆုံးတော့လည်း ငါက သာမန်အတုမဲ့နတ်ဝိဇ္ဇာငချွတ်လေးပါပဲ…ဟီးဟီး… ”

ကျိုးရှစ်သည် ဘေးတွင်ရပ်ကာ လုံးဝစိတ်ဓာတ်ပျက်ပြားနေသောသူ့အား ကြည့်နေလေသည်။ သူမသည် လျင်မြန်စွာ ဒူးတစ်ဖက်ထောက်၍ ထိုင်ချလိုက်ပြီး သူမ၏တာအိုလက်တွဲဖော်အား ဖက်လိုက်သည်။

“ ဆရာတူကိုယ်လေး … ကျမကို အဲဒီလိုကြီး မခြောက်ပါနဲ့။ ကျမတို့ ဒီမန္တန်အစီအရင်ကြီးကို ဖျက်ဆီးပစ်လို့ရပါသေးတယ် ”

“ မလုပ်နဲ့ …သွားမဖျက်လိုက်နဲ့နော်… ဒီလိုမန္တန်အစီအရင်ကြီးကို ဆင်ထားတဲ့သူက သေချာပေါက် အဲဒီလို တစ်ယောက်ယောက်လာဖျက်မယ့်ရန်ကလည်း ပြင်ဆင်ထားမှာပဲ။ သိသလောက်ဆိုရင် သွားဖျက်ဖို့လုပ်လိုက်တာနဲ့ ချက်ချင်း သတ်ဖြတ်အစီအရင်တွေ ဖြစ်သွားပြီး အကုန်မာလကီးယားကုန်လိမ့်မယ်…ဆရာတူအစ်မ…”

ကျိုးဝူသည် အောက်ရှိ အလွန်လှပသော နတ်ဝိဇ္ဇာမလေးအားငုံ့ကြည့်လိုက်ရင်း သူ၏နှုတ်ခမ်းများ တုန်ခါလာတော့သည်။ ထို့နောက် သူသည် မချိတင်ကဲပြုံးလိုက်ပြီး ပြောလေသည်။

“ ကြည့်ရတာ ကိုယ်က မအတွက် မထိုက်တန်တဲ့သူတစ်ယောက်ပဲ… ”

ကျိုးရှစ်သည် ကျိုးဝူအား ပို၍ပင် တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။

“ အဲ့လိုတွေမပြောပါနဲ့။ ဘာပဲဖြစ်လာဖြစ်လာ တစ်ယောက်ကိုတစ်ယောက်မခွဲပဲနေကြဖို့ ကြီးမြတ်တဲ့တာအိုတရားကို တိုင်တည်ပြီး ကျမတို့ ကျိန်ဆိုခဲ့တယ်မလား ”

“ ကိုယ်က…တကယ်ကိုမထိုက်တန်တဲ့ကောင်ပဲ… ”

ဟူး…

လေညင်းလေးတစ်ခု ဖြတ်၍ တိုက်ခတ်သွားသည်။ သိပ်သည်းဖြူစွတ်သော မြူခိုးများသည် ရုတ်ခြည်းပင် ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ ထို့နောက် ဖြစ်ပေါ်လာစဉ်ကကဲ့သို့ပင် လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားလေသည်။

တချိန်တည်းတွင် သူတို့သည် သိပ်၍မဝေးသောနေရာတစ်ခုမှ စကားပြောနေသံတစ်သံကို ကြားလိုက်ရသည်။

“ ဆရာဒေါ်လေးကျိုး…စမ်းကြည့်ကြတာပေါ့။ ဒါပြီးရင် ကျွန်တော်တို့ ဒီဆေးပင်နှစ်ပင်ကို ဆေးပေါင်းဖိုထဲထည့်လိုက်မယ်။ ပြီးရင်တော့ ဆရာဒေါ်လေး… ”

“ အင်း ပြဿနာမရှိပါဘူး… ”

ကျိုးဝူနှင့် ကျိုးရှစ်တို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ ကျိုးရှစ်သည် သူမ၏အစွမ်းများအားသုံးကာ နှစ်ဦးစလုံးအား အရိပ်များအဖြစ် သို့ပြောင်းလိုက်သည်။ ထို့နောက် သူတို့သည် အသံထွက်လာရာသို့ သွားလိုက်ကြသည်။

မကြာမီ သူတို့သည် ကျိုးကျိုးနှင့် ကျန့်(၁၀၀) အကွာတွင်သာ တချိန်လုံး ရှိနေကြောင်း သိရှိသွားရလေသည်။

သူတို့သည် သစ်ပင်ကြီးတစ်ပင်၏ နောက်တွင်ပုံးအောင်းကာ ဆေးဖော်ဆောင်အတွင်းသို့ ချောင်းကြည့်လိုက်ကြသည်။

လီချန်ရှို့တို့သည် ဆေးပေါင်းဖိုအားနှိုးကာ ဆေးလုံးဖော်တော့မည်ဖြစ်၍ ဆေးဖော်ဆောင်ဘေးနှစ်ဘက်ရှိ ပြူတင်းပေါက်များကို ဖွင့်ထားလေသည်။ ကျိုးဝူ၏နေရာမှကြည့်လျှင် လီချန်ရှို့နှင့် ကျိုးကျိုးတို့ ဆေးပေါင်းဖိုအရှေ့တွင် တစ်စုံတစ်ခုအား ဆွေးနွေးနေသည်ကို တွေ့ရလေသည်။

သူတို့ပိတ်မိနေချိန်မှာပင် အချိန်သည် နေစောင်းခဲ့လေပြီ။ ဝင်ခါစပြုနေသောနေမင်းကြီး၏ လင်းရောင်ခြည် နီဖန့်ဖန့်များသည် ပြတင်းပေါက်မှဖြတ်ကာ ကျိုးကျိုးအပေါ်သို့ ကျရောက်နေလေသည်။

သူမသည် လက်နှစ်ဖက်အားနောက်ပစ်ကာ ဆုပ်ထား၏။ သူမသည် ဝဲဘက်ခြေထောက်အား‌ ခြေဖျားထောက်ကာ အရှေ့သို့ကိုင်း၍ သူမ၏အရှေ့ရှိ အရပ်ရှည်ရှည်ကျင့်ကြံသူပြောနေသည့် ဆေးဖော်နည်းအဆင့်များ၏အသေးစိတ်ကို နားထောင်နေလေသည်။

နေရောင်အောက်တွင် သူမ၏ ပုခုံးထိရှည်သော ဆံသားများသည် တောက်ပနေသည်။ သူမ၏ အသားအရည်သည်လည်း ဝင်းပကာစိုစွတ်နေပြီး သူမ၏ ကြယ်လေးများနှင့်တူကာ ဝိုင်စက်သော မျက်လုံးလေးများသည်လည်း ကြည်လင်ကာ အရည်လဲ့နေလေသည်။

ထို့ပြင် သူမ၏ ရှည်လျားသွယ်ပြောင်းသော လည်တိုင်ကလေးနှင့် ရှိုက်ကြီးဖိုငယ်များကြောင့် သူမ၏တစ်ကိုယ်လုံးသည် နဖူးမှခြေဖျားထိ..မဟုတ်သေး..ငယ်ထိပ်မှခြေဖဝါးအထိ အလှတရားများ ယိုဖိတ်နေပေတော့သည်။

သူမ၏ဘေးတွင်ရပ်နေသော အမျိုးသားကျင့်ကြံသူသည် အပြာဖျော့ဖျော့ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဆံပင်ရှည်များအား တာအိုခေါင်းစီးကွင်းတစ်ခုဖြင့်ပင် ရိုးရိုးရှင်းရှင်းစီးနှောင်ထားလေသည်။

‘ အာ… ’

“ ဂိုဏ်းတူ တူလေးချန်ရှို့လား… ဒါဆို ဒီမန္တန်အစီအရင်ကလည်း…. ”

ကျိုးဝူသည် တီးတိုးရေရွတ်လိုက်သည်။ သူ၏မျက်နှာတွင် နားမလည်နိုင်ဟန်များ ပေါ်နေလေသည်။

သူပြော၍မပြီးသေမီမှာပင် နူးညံ့သောလက်လေးတစ်ခုက သူ့ပါးစပ်အား ကာလိုက်လေသည်။ သူ၏ဘေးမှ ကျိုးရှစ်သည် တခစ်ခစ်ရယ်ကာ သူ့ဆီ အသံပို့လွှတ်လိုက်သည်။

“ ရှူး..တိုးတိုး…သွားကြစို့။ ပြန်ရင်းနဲ့မှ ပြောကြတာပေါ့။ သူတို့ကို မနှောင့်ယှက်တော့ပါဘူး… ”

ကျိုးဝူ နားမလည်နိုင်အောင် ဖြစ်သွားသည်။

“ ကိုယ်တို့ ဒီလိုပဲ ပြန်တော့မှာလား… ”

“ မပြန်တော့ ဘာလုပ်ချင်သေးလို့လဲ… အဲဒီကောင်လေးက တော်တော်တော့ချောသားပဲ။ သူက ဗလာနတ္ထိအဆင့်မှာပဲရှိသေးတာ တစ်ခုပဲ…အဲဒါလည်း ပြဿနာတော့မဟုတ်ပါဘူးလေ… ”

ကျိုးရှစ်သည် အနည်းငယ်ပြုံးလိုက်ပြီး ကျိုးဝူအားကိုင်ကာ သူမ၏ တာအိုအတတ်တစ်ခုကို ထုတ်လိုက်သည်။

ထိုအခိုက်မှာပင် အပင်ရှိ အစိမ်းရောင်သစ်ရွက်ကလေးသည် သူ၏ဌာနီအားစွန့်ကာ လေတွင်ဝေ့ဝဲရင်း ကျိုးဝူ၏ခေါင်းပေါ်သို့ကျသွားလေသည်။

***

‘ နောက်ဆုံးတော့ သူတို့ပြန်သွားပြီပေါ့ ’

လီချန်ရှို့သည် စိတ်အေးသွားဟန် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် မန္တန်အစီအရင်ကြီးအားပြန်နှိုးလိုက်ပြီး အတွင်းရှိနေရာအနှံ့အား အကြိမ်ကြိမ်စစ်ဆေးလိုက်လေသည်။

‘ ကောင်းတယ်။ ဘာမှမပေါ်သွားဘူး ’

ထောင်ချောက်မန္တန်အစီအရင်များသည် မထင်မှတ်ထားလောက်သည်အထိ ကောင်းမွန်စွာ အလုပ်လုပ်ခဲ့သည်။ ထို့ပြင် ကျူးကျော်ဝင်ရောက်လာသူများကို ၎င်းထောင်ချောက်မန္တန်အစီအရင်များနှင့် သတိစကားပေးလိုက်နိုင်မှုသည် လီချန်ရှို့ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်၏။

“ ဆေးလုံးစဖော်ကြတာပေါ… ”

ထိုသို့ပြောပြီးနောက် သူသည် နေရာလွတ်တစ်ခုသို့သွားလိုက်ပြီး တက္ကိဗေဒအမှတ်(၁၁) ဟု မှတ်သားထားသည့် အိတ်တစ်ခုကိုထုတ်ယူကာ သူ၏အရှေ့တွင်ကိုင်၍ လှုပ်ရမ်းလိုက်ရာ ပစ္စည်းတချို့ ကြမ်းပြင်ပေါ်သို့ ထွက်ကျလာသည်။

ပြင်းထန်သည့်အဆိပ်များ၏ တိုက်စားမှုကိုခံနိုင်သော အာကာသဝတ်စုံနှင့်တူသည့် တာအိုဝတ်ရုံများနှင့် လက်အိတ်များ၊ အဆိပ်ဒဏ်ခံအဆောင်များ၊ အဆိပ်ဖြေဆေးလုံးများ၊ တိုက်စားမှုခံ ဇာဂနာအသေးများနှင့် ကလစ်လေးများ၊ ထူးဆန်းသည့်ပုံစံရှိသည့် ဘူးများနှင့် အခြားအရာများ ဖြစ်လေသည်။

ကျိုးကျိုးက စိတ်ဝင်တစားမေးလိုက်သည်။

“ အဲဒါက ဘာတွေလဲ ”

“ ဆေးပေါင်းတဲ့အခါ မဖြစ်မနေလိုအပ်တဲ့ အကာအကွယ်တွေလေ… ”

လီချန်ရှို့သည် ပြုံးရင်း ပြန်ဖြေလိုက်သည်။

“ ဆရာဒေါ်လေးအတွက်လည်း တစ်စုံ ပြင်ထားတယ်။ ကျနော်တို့ နှစ်ယောက်လုံး အတူဝတ်လို့ရတယ်။ ဆရာဒေါ်လေးရဲ့ နတ်ဝိဇ္ဇာတန်ခိုးတွေက များပေမယ့် အဆိပ်က ဆီလိုအပေါက်ရှာပြီး ဝင်လာတတ်တယ်။ သတိထားတာ အကောင်းဆုံးပဲ ”

“ ကောင်းပြီလေ။ ဂိုဏ်းတူ တူလေး … မင်းက ဆရာဒေါ်လေးအတွက် စဉ်းစားပေးတတ်တာပဲ ”

ကျိုးကျိုးသည် လီချန်ရှို့၏ဘေးသို့ မျက်တောင်ခတ်ကာ စိတ်ဝင်တစားကပ်သွားလိုက်လေတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset