အခန်း ( ၄၂၃ )

မရပ်မနား

လက်ရှိအချိန်တွင် ပိုင်ရှောင်ချန်းသည် လိမ္မော်ရောင် နတ်မီးလျှံစမ်းသပ်ပွဲ၏ ထွက်ပေါက်မှ မီတာ၃၀၀၀ သာကွာဝေးတော့သည်။ သူ၏ အမြန်နှုန်းကို ထည့်တွက်ကြည့်ပါက အဝါရောင်စမ်းသပ်ပွဲကို ဆက်သွားရန် အားအနည်းငယ်သာ ထုတ်ရလိမ့်မည်။

အမှန်တကယ်ဆိုရလျှင် ထိုနေရာရှိ အခြားကျင့်ကြံသူများမှာ သူရပ်နေသည့် နေရာသို့ရောက်ရန် အကောင်းဆုံးကြိုးစားသည့်တိုင်အောင် လေမုန်တိုင်းနှင့် နတ်ဘုရားစွမ်းရည်များကို မကျော်နိုင်ကြပေ။

သူက အလျင်အမြန်ဖြတ်သွားသောကြောင့် လူများမှာ တုန်လှုပ်သွားကြသော်လည်း သူ့ကို အာရုံသိပ်စိုက်မနေနိုင်ကြပေ။ သူတို့အခြေအနေကိုသာ သူတို့ ပို၍ စိုးရိမ်နေကြရလေသည်။ အာရုံနည်းနည်းလွင့်သွားသည်နှင့် ပွဲချင်းပြီးသေသွားလိမ့်မည်မဟုတ်ပါလော။

အလွန်ကြီးမားသောအန္တရာယ်ကြီးကြောင့် ဂိုဏ်းသားများအားလုံးမှာ သူတို့အသက်များကို စွန့်စားနေကြရလေသည်။

အခြားသော ဂိုဏ်းသားများအားလုံးနှင့် ကျောက်ဘီလူးကြီးများတိုက်ပွဲကို ရပ်ကြည့်နေသော ပိုင်ရှောင်ချန်းကို ယှဥ်ကြည့်လိုက်လျှင် အလွန်တရာသိသာလေရာ သူ့ကို စောင့်ကြည့်နေကြသော အပြင်ဘက်မှ ကျင့်ကြံသူအချို့မှာ တုန်လှုပ်သွားကြလေသည်။

” ဒီလူ ပိုင်ရှောင်ချန်း.. ဘာဖြစ်နေတာလဲ။ ဒီပွဲမှာ ဘာမှ သိပ်ထူးထူးခြားခြား မလုပ်ပေမယ့်လည်း တကယ့်ကို မြန်တာပဲ။ ဒီတိုင်းလေး ထွက်ပေါက်ကို ဘာလို့ မသွားတာတုန်း”

” ဒီလူကတော့ တော်တော် လက်ဖျားခါလောက်ပါတယ်။ ထိပ်ဆုံး ၁၀၀၀၀ထဲကို ရောက်နေပြီ။ သက်တန့်ရဲ့ အဝါရောင်အပိုင်းထဲရောက်တာနဲ့ ထိပ်ဆုံး ၅၀၀၀ ထဲ ချက်ချင်းရောက်သွားမှာပဲ”

” ဘာလို့ ဒီတိုင်း ရပ်ပဲနေရတာတုန်း”

အပြင်ဘက်ရှိကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းက မည်သို့လုပ်ရန် ဆုံးဖြတ်လိုက်သည်ကို စဥ်းစားမရပဲ ကြည့်နေကြလေသည်။ သူရပ်နေစဥ် သူ့စိတ်ထဲ၌ အသက်ဝင်တောင်ဂါထာနှင့်သက်ဆိုင်သော သော့မျိုးစုံ ပွင့်သွားပြီး ကုန်လွန်သွားသော တစ်စက္ကန့်တိုင်းတွင် ဤသည်မှာ သူ လက်လွှတ်မခံနိုင်သော အခွင့်အရေးတစ်ခုဖြစ်ကြောင်း သိသာထင်ရှားလာလေသည်။

ကံဆိုးစွာပင် သူ၏ နတ်ဘုရားအာရုံများကို နတ်မီးလျှံစမ်းသပ်ပွဲတွင် ကန့်သတ်ထားလေရာ မီတာရာဂဏန်းမျှသာ ဖြန့်ကျက်ပေးနိုင်လေသည်။ သူ၏မျက်စိဗလာဖြင့်သာ ဘီလူးကြီးများကို လေ့လာရခြင်းမှာ ခေါင်းမြီခြုံ၍ ကြည့်နေရသည့်အတိုင်းဖြစ်နေတော့သည်။

” ငါ အနားတိုးသွားပြီး နတ်ဘုရားအာရုံနဲ့ ကြည့်လိုက်ရင် ဒီကျောက်ဘီလူးကြီးတွေကို ပိုပြီး နားလည်လာမှာ အသေအချာပဲ”

မျက်လုံးများ နီရဲလျက် အံတင်းတင်းကြိတ်လိုက်ပြီး တခဏကြာ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လုပ်နေမိလေသည်။
” အဆိုးဆုံးဖြစ်လာရင် ဘေးကင်းတဲ့နေရာကို ပို့ပေးဖို့ ခုနစ်ရောင်ခြယ်ကျောက်စိမ်းပေလွှာကို သုံးလို့ရတာပဲ”

ထို့နောက် သူက ထွက်ပေါက်၏ ဆန့်ကျင်ဘက်သို့ တဟုန်ထိုးပြေးသွားတော့သည်။

စောင့်ကြည့်နေသော လူတိုင်းမှာ ချက်ချင်းပင် တုန်လှုပ်သွားကြသော်လည်း အော်ရန်ပင်အခွင့်အရေးမရလိုက်ခင် ပိုင်ရှောင်ချန်းသည် အလင်းတန်းအသွင်ပြောင်း၍ လိမ္မော်ရောင် နတ်မီးလျှံစမ်းသပ်ပွဲမြေပြင်ပေါ်တွင် ဖြတ်ပြေးနေလေပြီ။ နတ်မီးလျှံစမ်းသပ်ပွဲအတွင်းရှိ ကျင့်ကြံသူများမှာ မျက်လုံးပြူးကြီးများဖြင့် ကြည့်လိုက်ကြသည်။

” သူဘာလုပျနေတောလဲ… ”

တစ်ဆက်တည်းမှာပင် ပိုင်ရှောင်ချန်းသည် ကျောက်ဘီလူးကြီးများထံ တရှိန်ထိုးဦးတည်သွားပြီးနောက် သူ၏ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းကို ထိန်းကာ အနီးဆုံးတစ်ကောင်၏ ခြေထောက်ပေါ်သို့ ပျံတက်လိုက်သည်။

မလှမ်းမကမ်းမှနေ၍ ပိုင်ရှောင်ချန်းကို ဧရာမကျောက်ဘီလူးကြီးနှင့် နှိုင်းယှဥ်လျှင် အလွန်သေးငယ်သောပိုးကောင်လေးအလားပင်။ သို့တိုင်အောင် သူသည် အလွန်တရာလျင်မြန်ပြီး ကုပ်ဖဲ့တက်၍ ဘီလူးကြီးကျောပေါ် ခုန်တက်လိုက်လေသည်။ နောက်ဆုံးတွင် ကျောက်အစွန်းကဲ့သို့သော အရာတစ်ခုပေါ်ရောက်သွားပြီး ဘီလူးကြီး၏ လှုပ်ရှားမှုများကြောင့် ထိုနေရာမှာ လှုပ်ယမ်းနေစေကာမူ တင်ပျဥ်ခွေထိုင်လိုက်နိုင်ပြီး ဘီလူးကြီးကို လေ့လာရန် သူ၏ နတ်ဘုရားအာရုံများကို ထုတ်လွှတ်လိုက်လေသည်။

ထိုအချိန်တွင် နတ်မီးလျှံစမ်းသပ်ပွဲထဲရှိ ကျင့်ကြံသူများသာမက ပုံရိပ်မျက်နှာပြင်ပေါ်တွင် ပြသနေသော အဖြစ်အပျက်များကို စောင့်ကြည့်နေကြသည့် ပရိသတ်များအပါအဝင် လူတိုင်းမှာ အံ့သြမှင်သက်နေကြလေသည်။

” သူ…သူ… ဘီလူးကြီးပေါ်ကို ဒီတိုင်းတက်သွားတာလား”

” ဒီလူပိုင်ရှောင်ချန်း.. ရူးများနေတာလား”

“နေဦး ကျင့်ကြံမလို့ လုပ်နေတာလားဟ။ ဘုရားဘုရား။ သူဘာတွေ တွေးနေတာတုန်း။ လူတော်တော်များများက မြန်နိုင်သမျှ မြန်မြန်ထွက်နိုင်ဖို့ ကြိုးစားကြတာလေ။ ဒါပေမယ့် သူက နောက်ပြန်လာပြီး ကျင့်ကြံအားထုတ်မလို့တဲ့လား။ ဒါက နတ်မီးလျှံစမ်းသပ်ပွဲဟ ကျင့်ကြံဖို့ နေရာမဟုတ်ဘူး”
ပိုင်ရှောင်ချန်း၏အပြုအမူများကြောင့် နတ်မီးလျှံစမ်းသပ်ပွဲ၏ အတွင်းအပြင် နှစ်ဖက်လုံးတွင် အုတ်အုတ်ကျက်ကျက်ဖြစ်နေတော့သည်။

ထိုအချိန်တွင် ကျိုးရိသုန်၏ကြယ်မှာ လူအများအာရုံစိုက်ခြင်း မခံရတော့ပေ။ လိမ္မော်ရောင်နတ်မီးလျှံစမ်းသပ်ပွဲသာရှိသေးသော်လည်း ပိုင်ရှောင်ချန်း၏ အပြုအမူများကြောင့် ပွဲကြည့်ပရိသတ်များမှာ မကြံစဖူး တုန်လှုပ်နေကြတော့သည်။

အချိန်များကုန်လွန်သွားသည်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ကျင့်ကြံသူများအကြား သတင်းစကားများ ပျံနှံ့လာကာ ဖြစ်ပျက်နေသည်ကို အာရုံစိုက်လာေသာလူများ ပိုမိုများပြားလာသည်။

စုန့်ချွဲက သူ၏ အိတ် ရုတ်တရက် တုန်ခါလာချိန် တံခါးပိတ်ကျင့်ကြံနေသည်။ မျက်လုံးများဖွင့်ကာ သူ၏ မိတ်ဆွေတစ်ယောက်ပေးပို့ထားသည့် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်လေသည်။ ၄င်းကို ဖတ်ရှုပြီးနောက် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထရပ်လိုက်လေသည်။

” ပိုင်ရှောင်ချန်း ”
သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ အင်မော်တယ်ဂူထဲမှ အပြေးထွက်ကာ ခေါင်းပေါ်ရှိ လိမ္မော်ရောင်အပိုင်းကို လှမ်းကြည့်လိုက်သည်။ ထူးထူးခြားခြားတောက်ပနေသော ကြယ်တစ်လုံးကို ရှာလိုက်ပြီး ထိုကြယ်အပေါ် အာရုံစိုက်လိုက်ရာ တခဏကြာသော် သူ့ခေါင်းထဲတွင် ပိုင်ရှောင်ချန်း နာမည် ပေါ်လာလေသည်။

အပြင်ဘက်လောကတွင် ဆူညံပွက်လောရိုက်နေကြစဥ် ပိုင်ရှောင်ချန်းသည် နတ်မီးလျှံစမ်းသပ်ပွဲထဲတွင် ဘီလူးကြီး၏ ကျောပေါ် မှာ နေနိုင်ရန် အကောင်းဆုံးကြိုးစားနေ၏။ တိုက်ခတ်နေသော လေပြင်းများကို ကြံ့ကြံ့ခံရင်း ကျောက်ဘီလူးကြီး၏ အတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံကိုလေ့လာရန် သူ၏ နတ်ဘုရားအာရုံများ ထည့်သွင်းနေလေသည်။

ဤကျောက်ဘီလူးကြီးကို လေ့လာရန် သူရထားသော နေရာထက် သင့်တော်သောနေရာမရှိတော့ပေ။

” တောင်နဲ့ ပေါင်းစည်းဖို့ ”
သူက ရေရွတ်လိုက်သည်။
” သင် သူ့ကို နားလည်အောင် အရင်လုပ်ရမယ်”
ထို့နောက် သူက ထလိုက်ပြီး ကျောက်ဘီလူးကြီးကျောပေါ်ရှိ အက်ကွဲကြောင်းများကို ဖြတ်၍ ပိုမြင့်သော နေရာသို့ တက်သွားလေသည်။ ကောင်းကင်ကို ဆုတ်ဖြဲ၍ မြေပြင်တို့ အက်ကွဲနေသော ထစ်ခြုန်းမြည်သံများအလယ်တွင် ကျောက်ဘီလူးကြီးသည် ၄င်း၏ပြိုင်ဘက်ကို ရှေ့နောက် ယိမ်းထိုး၍ တချိန်လုံး အပြင်းအထန် တိုက်ခိုက်နေလေသည်။

ရံဖန်ရံခါ ပိုင်ရှောင်ချန်းမှာ ကျောက်ဘီလူးကြီးကျောပေါ်မှ ပြတ်ကျတော့မတတ် ဖြစ်သွားလေသည်။ အထူးသဖြင့် အခြားကျောက်ဘီလူးကြီး၏ လက်သီးထိုးခံလိုက်ရသည့် အချိန်တိုင်း သူ့ဘေးပတ်လည်ရှိ အရာအားလုံးမှာ ပြင်းထန်စွာ တုန်ခါနေသည်။

တစ်ကြိမ်တွင် အခြားကျောက်ဘီလူးကြီးက နတ်ဘုရားစွမ်းရည်များဆင့်ခေါ်ထားသော လက်သီးချက်ဖြင့် ထိုးလိုက်လေရာ ပိုင်ရှောင်ချန်းမှာ သွေးအန်သွားတော့သည်။ ဘီလူးကြီး၏ ကျောပေါ်ရှိ အက်ကွဲကြောင်းများအကြား ပုန်းနေစေကာမူ သူ၏အတွင်းအင်္ဂါများ တုန်ခါပြီး ပျက်စီးတော့မည့်အလား ခံစားရလိုက်လေသည်။

မည်သို့ပင်ဖြစ်စေ သူ့မျက်လုံးအတွင်း၌ စိတ်ပိုင်းဖြတ်ထားခြင်းများ ပြည့်နှက်နေသည်။ ကျောက်တုံးကျောက်ခဲအတိပြီးသော မျက်နှာပြင်ကို မြဲမြံစွာဆုပ်ကိုင်ထားရင်း ကျောက်ဘီလူးကြီးအကြောင်း ပိုမို နားလည်ရန် နတ်ဘုရားအာရုံအနည်းငယ် နောက်တစ်ကြိမ် ထပ်လွှတ်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေကြသူတိုင်းမှာ ကြက်သေသေနေကြပြီး ကျောက်ဘီလူးကြီးနှစ်ကောင်ပင်လျှင် သူ့ကို သတိပြုမိသွားလေပြီ။ သို့သော်လည်း သူတို့၏မျက်လုံးများအတွင်း ထူးဆန်းသော အလင်းများ တောက်ပနေသည်က လွဲ၍ မည်သို့မျှ မပြုလုပ်ဘဲ ဆက်သာ တိုက်ခိုက်နေကြသည်။

ထိုအချိန်တွင် အနန္တကြယ်သက်တန့်ပေါ် အဆုံးမဲ့မဟူရာချောက်၏အပြင်ဘက်တွင် ကျောက်တောင်သည် စိမ်းပုပ်ရောင်ကျောက်တုံးကြီးပေါ်တွင် တင်ပျဥ်ခွေထိုင်နေ၏။ သူ၏မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များစမ်းသပ်ပွဲနေရာကို လှမ်းကြည့်ကာ သူ၏အကြည့်သည် သက်တန့်၏ လိမ္မော်ရောင်အပိုင်းပေါ်ရှိ ပိုင်ရှောင်ချန်း၏ ကြယ်ပေါ်တွင် ရပ်သွားလေသည်။ တဖြည်းဖြည်းနှင့် ထိုလူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်ခု တောက်ပသွားပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်စ ဖြစ်ပေါ်လာတော့သည်။

” အခုတော့ ..တော်သားပဲ ”
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

လိမ္မော်ရောင် နတ်မီးလျှံစမ်းသပ်ပွဲအတွင်း ပိုင်ရှောင်ချန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဘီလူးကြီးအပေါ် အမြင့်သို့ တက်လိုက်သည်။ ယခုအခါ ခေါင်းမှ လွဲ၍ ဧရာမကျောက်သတ္တဝါကြီး၏ အတွင်းပိုင်းပြုလုပ်ထားပုံကို အတော်အသင့်နားလည်သွားလေပြီ။ အမှန်တကယ်ဆိုရလျှင် ခေါင်းသည် အားလုံးအထဲ အန္တရာယ်အများဆုံးဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တွင် ပိုင်ရှောင်ချန်းမှာ ဆေးဖော်စပ်ရာတွင် တစ်ခါတရံ သူ့ကိုယ်သူ မေ့သွားသကဲ့သို့ အသက်ဝင်တောင်ဂါထာထဲတွင် စိတ်ရောကိုယ်ပါနစ်မြုပ်နေလေပြီ။ ကျောက်ဘီလူးကြီးနှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် မပြီးဆုံးနိုင်အောင် တိုက်ခိုက်နေချိန်တွင် ကြောက်ရွံ့မှုစိုးစဥ်းမျှမရှိပဲ သူက အပေါ်တက်သို့ တက်လာလေသည်။

သူက တောင်ဖြိုသိုင်းနှင့် ဘယ်ခြေထောက်ရှိ အရွတ်ကြောကို အသုံးပြုကာ ပိုမြန်သောအရှိန်ဖြင့် သုတ်ခြေတင်နေလေရာ သူ့နောက်တွင် လေပြင်းများ ဖြစ်ပေါ်လာသည်။ ကျောက်ဘီလူးကြီး၏ ခေါင်းထိပ်သို့ရောက်ရန် တဟုန်ထိုးသွားနေသဖြင့် တဝုန်းဝုန်းအသံများ အဆက်မပြတ်ပေါ်ထွက်နေပြီး သူ့နောက်တွင် ပုံရိပ်များတစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်ပေါ်လာတော့သည်။ လေမုန်တိုင်းများက သူ့ကို အဆက်မပြတ်တိုးဝှေ့နေလေရာ မတ်မတ်ရပ်နိုင်ရန် မဖြစ်နိုင်သော်လည်း သူက ဘီလူးကြီးခေါင်းမှ ထွက်နေသော ကျောက်ဆံပင်မွှေးတစ်ချောင်းကို လှမ်းဆွဲလိုက်ပြီးနောက် ကျိုးကြောင်းမစဥ်းစားတော့ပဲ သူ၏နတ်ဘုရားအာရုံများ စိတ်လွတ်ကိုယ်လွတ် ထုတ်လွှတ်လိုက်လေသည်။

ကျောက်ဘီလူးကြီးမှာ ခေါင်းမွှေးဆွဲထားခံရသည်ကို ကြိုက်ပုံမရပေ။ မျက်မှောင်ကြုတ်ရင်း ၄င်းက ခေါင်းကို ဘေးသို့ ဆတ်ခနဲခါလိုက်လေရာ နတ်မီးလျှံစမ်းသပ်ပွဲအတွင်း ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်သွားတော့သည်။ ချက်ချင်းပင် စမ်းသပ်ပွဲအတွင်းရှိ အခြားကျင့်ကြံသူများမှာ မချိတင်ကဲ အော်လိုက်ကြပြီး သူတို့၏ ကျောက်စိမ်းပေလွှာများကို အလျင်အမြန် ခွဲခြေပစ်လိုက်ကာ တည်နေရာရွှေ့ပြောင်းသွားကြလေသည်။

ပိုင်ရှောင်ချန်းမှာ ဆက်လက် တောင့်မခံနိုင်တော့သဖြင့် ဘီလူးကြီး၏ခေါင်းကို လွှတ်ချလိုက်လေသည်။ တချိန်တည်းမှာပင် ဧရာမကျောက်ဘီလူးကြီး၏ တောင်သဖွယ်လက်ကြီးက ပျံထွက်သွားသည့် ယင်ကောင်တစ်ကောင်ကို ဖမ်းဆွဲရန် ကြိုးစားသည့်အလား ပိုင်ရှောင်ချန်းထံ လွှဲလိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ သူ့မြင်ကွင်းထဲ ဧရာမလက်ကြီးပေါ်လာသည်ကို ကြည့်ရင်း သူ့မျက်လုံးများမှာ ဉာဏ်အလင်းပွင့်သွား၍ ရုတ်တရက်တောက်ပလာလေသည်။

” ဝိညာဥ်-ပေါင်းစပ် ”
ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်ပြီး အသက်ဝင်တောင်ဂါထာတွင် ဖော်ပြထားသော ဝိညာဥ်ပေါင်းစပ်ခြင်းနည်းလမ်းများကိုသုံး၍ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်လေသည်။ ၄င်းကို အဆုံးမဲ့မဟူရာချောက်တွင် ကြိမ်ဖန်များစွာကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းကျရှုံးခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ့စိတ်ထဲတွင် ဤဧရာမကျောက်ဘီလူးကြီးနှင့် ဆက်သွယ်မှုကဲ့သို့သော တစ်စုံတစ်ခုနိုးထလာသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။

ဘီလူးကြီး၏ ခံစားချက်များနှင့် ပေါင်းစပ်ခံလိုက်ရသည့်အလား မဖော်ပြနိုင်သည့် အနှိုင်းမဲ့ ဆက်သွယ်မှုတစ်ခုဖြစ်လေသည်။ ၄င်းမည်မျှရှေးဆန်ကြောင်းခံစားလိုက်ရပြီး ၄င်း၏ခါးသီးနာကြည်းမှုများနှင့် အမျက်ဒေါသများကို ခံစားလိုက်ရ၏။ ဤကမ္ဘာကြီး အထူးသဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်းကို မည်မျှမုန်းတီးနေကြောင်း သူ သိလိုက်ရလေသည်။

ပိုင်ရှောင်ချန်း၏တစ်ကိုယ်လုံးတုန်တက်သွားပြီး ဧရာမကျောက်ဘီလူးကြီးသည်လည်း ထိုအတိုင်းပင်။ ပိုင်ရှောင်ချန်းကို ကြည့်လိုက်စဥ် ၄င်း၏ မျက်လုံးများမှာ တလက်လက်တောက်ပနေပြီး ရုတ်တရက် ပိုင်ရှောင်ချန်းကို ဖမ်းဆုပ်ရန်ကြိုးစားမည့်အစား ရိုက်ချပစ်လိုက်လေသည်။

ချက်ချင်းပင် ပိုင်ရှောင်ချန်းသည် လေကိုခွင်း၍ ပျံထွက်သွားပြီး လိမ္မော်ရောင် နတ်မီးလျှံစမ်းသပ်ပွဲ၏ ထွက်ပေါက်ထံ ကျွမ်းထိုးမှောက်ခုံလည်ထွက်သွားတော့သည်။

ထွက်ပေါက်၏ တည်နေရာရွှေ့ပြောင်းခြင်းနေရာအတွင်းမရောက်မီ ပိုင်ရှောင်ချန်းမှာ အမောဖြေရန် အချိန်ပင်မရလိုက်ပဲ အဝါရောင် နတ်မီးလျှံစမ်းသပ်ပွဲထံ စုပ်ယူခံလိုက်ရတော့သည်။ သူပျောက်ကွယ်မသွားမီ အခိုက်အတန့်တွင် ပြန်လှည့်ကြည့်လိုက်ရာ သူ့ကို ရပ်လျက် စိုက်ကြည့်နေကြသော ကျောက်ဘီလူးကြီးနှစ်ကောင်လုံးကို တွေ့မြင်လိုက်ရလေသည်။

အချိန်အနည်းငယ်ကြာသော် ထစ်ခြုန်းမြည်ဟည်းသံများ နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်တော့သည်။ သူတို့၏ တိုက်ပွဲမှာ ထာဝရပြီးဆုံးတော့မည့်ပုံမပေါ်ချေ။ သူတို့ မသေမချင်း အနားယူကြလိမ့်မည်မဟုတ်ပေ။


Comment

Leave a Reply

Options

not work with dark mode
Reset