ထိုကျင့်ကြံသူမြင်လိုက်ရသည်မှာ ကြီးကျယ်ခမ်းနားသော ချော်ရည်ပင်လယ်ကြီးကို ပျော်ရွှင်မြူးထူးစွာ လက်ပစ်ကူးနေရင်း သူ့ကိုယ်သူအလွန်ကျေနပ်နေဟန်ရှိသော ပိုင်ရှောင်ချန်းပင် ဖြစ်ပေသည်။
ကျင့်ကြံသူ၏ တအံ့တသြ အော်ဟစ်သံကြောင့် ထိုပတ်ဝန်းကျင်ရှိ ဂိုဏ်းသားအနည်းစုမှာ ဖြစ်ပျက်နေသည်တို့အား တွေ့မြင်ရန် လှမ်းကြည့်လိုက်ကြလေသည်။ သူတို့ မြင်တွေ့လိုက်ရသည်မှာ မျက်လုံးများကျွတ်ကျတော့မတတ် ပြူးကျယ်နေပြီး ခံစားချက်မျိုးစုံပြောင်းလဲနေသာအမူအရာများနှင့် တစ်ကိုယ်လုံးတုန်ရီနေသည့် အမိန့်လည်ဆွဲနှင့် ကျင့်ကြံသူဖြစ်လေသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို ကိုယ်စားပြုသည့် ကြယ်အ တဆတ်ဆတ် တုန်ယင်နေသော လက်ကိုမြှောက်၍ ထိုးပြလိုက်လေသည်။ မယုံကြည်နိုင်လွန်း၍ထင် အသံများ တုန်ယင်နေလျက် သူက အော်လိုက်သည်။
” သူ…သူက.. လက်ပစ်ကူးနေတာ”
လူအများအပြား လှမ်းကြည့်လာသည့်တိုင် ထိုလူက မည်သည့်အကြောင်း ပြောနေသည်ကို နားလည်ပုံမရပေ။ ထိုစဥ် စပ်စပ်စုစုဂိုဏ်းသားတစ်ယောက်က မေးလာ၏။
” လက်ပစ်ကူးနေတယ်ဆိုတာ ဘာပြောချင်တာလဲ။ ကူးနေတာ ဘယ်သူတုံး ”
” ပိုင်ရှောင်ချန်းလေ ။ အခုလေးတင် ပေါ်လာတဲ့ ကြယ်ရဲ့ ပိုင်ရှင်။ သူ…သူက ချော်ရည်ပင်လယ်ကြီးကို လက်ပစ်ကူးနေတာ ”
သည်တစ်ကြိမ်တွင် ထိုလူ၏အော်သံကြောင့် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားတော့သည်။ သူ၏ စကားလုံးများမှာ နားလည်နိုင်သည့် ဟိုဘက်ကို လွန်နေဟန်တူပြီး ပိုင်ရှောင်ချန်း၏ ကြယ်ကို လူအများအပြား မော့ကြည့်လိုက်ကြသည်။
တချို့မှာ စွဲဆောင်နေသည်ကို သည်းမခံနိုင်တော့ဘဲ သူတို့၏ ကိုယ်ပိုင် အထူးအမိန့်လည်ဆွဲများကို ထုတ်၍ ကိုယ်တိုင် စစ်ဆေးကြည့်လိုက်သည်။ ချော်ရည်ပူတို့ကို ဖြတ်၍ ပိုင်ရှောင်ချန်းက အမှန်တကယ် ကူးခတ်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသောအခါ သူတို့သည်လည်း တအံ့တသြအော်ဟစ်လိုက်ကြသည်။
” ဟုတ်တယ်။ သူ….သူ…တကယ်ကြီး လက်ပစ်ကူးနေတာ”
“ဘုရားရေ။ မဖြစ်နိုင်တာ။ အရင်တုန်းက ချော်ရည်ပင်လယ်မှာ လက်ပစ်ကူးတာကို တစ်ခါမှ မမြင်ဖူးပါဘူး”
” ဘယ်လိုလုပ်နေတာတုန်း…။ သူက လူလား သားရဲလားဟ”
ထိုအော်သံများကြောင့် လူအတော်များများ စိတ်ဝင်စားလာကြလေသည်။ ဤသို့ အလှည့်အပြောင်းအဖြစ်အပျက်များကြောင့် လူတိုင်းမှာ လုံးဝတုန်လှုပ်သွားကြပြီး မကြာမီ သိချင်စိတ်များပြင်းပြလာသော ဂိုဏ်းသားများမှာ ကိုယ်တိုင်ကြည့်ရန်အတွက် သူတို့၏ အမိန့်လည်ဆွဲများအသုံးပြုရန် လိုအပ်သောစျေးနှုန်းများပေးချေလာကြလေသည်။ထို့နောက် စိတ်လှုပ်ရှားနေသည့် အော်ဟစ်သံများ ကြားလာရပြီး မကြာမီ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များ စမ်းသပ်ပွဲအပြင်ဘက်တွင် အုတ်အော်သောင်းနင်းဖြစ်လာကြတော့သည်။
” ဒီလူ ပိုင်ရှောင်ချန်းက ဘယ်သူများလဲ”
တအံ့တသြ ရေရွတ်နေကြစဥ် ကျင့်ကြံသူများသည် သူတို့၏ မိတ်ဆွေများကို သတင်းများ ပေးပို့လိုက်ကြပြီး သဘောထားကြီးရက်ရောသော လူတချို့မှာ အခြားလူများကြည့်ရန်အတွက် သူတို့၏ အမိန့်လည်ဆွဲများမှ ပုံရိပ်များကိုပင် ပြသပေးကြသည်။ ထိုနေရာသို့ လူအများအပြား အပြေးအလွှား လာကြလေရာ ဆူညံပွက်လောရိုက်ကုန်တော့သည်။
ကုံဒေသရှိ မိစ္ဆာနှိမ်နင်းရေးခန်းမတွင်လည်း ထိုအတိုင်း ဖြစ်ပျက်နေလေသည်။ တိမ်တာအိုသခင်သည် ဖြစ်ပျက်နေသည့်သတင်းတို့အား ရထားလေသည်။ သူ့ကိုယ်ပိုင်အမိန့်လည်ဆွဲကို ဆွဲထုတ်လိုက်ပြီး ပိုင်ရှောင်ချန်းက ချော်ရည်များကို ဖြတ်၍ ကူးခတ်နေသည်ကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
” ပိုင်ရှောင်ချန်း ”
သတင်းများ တောမီးကဲ့သို့ ပျံ့နှံ့သွားသော်လည်း ပိုင်ရှောင်ချန်းမှာ လူအများအာရုံစိုက်ခံနေရသည်ကို မသိပေ။ ရှေ့သို့ ကူးခတ်နေသည့်အပေါ်တွင်သာ အာရုံစိုက်ထားပြီး လူအားလုံး၏ရှေ့တွင် ပြောပြရမည်မှာ မည်မျှပျော်ရွှင်ဖွယ်ကောင်းကြောင်း စိတ်ကူးဖြင့်မှန်းဆနေလေသည်။ နောက်ဆုံးတွင် တစ်ဖက်ရှိ ကမ်းပါးပေါ် တက်လိုက်၏။ အတန်ငယ် ခုန်ဆွ ခုန်ဆွ လုပ်လိုက်ပြီး သူ့ပေါ်ရှိ ချော်ရည်များ ခါလိုက်ကာ သူ့ကိုယ်သူ ငုံ့ကြည့်ပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာ အဝတ်လဲလိုက်လေသည်။
” ရေမချိုးရတာတောင် ကြာခဲ့ပြီပဲ” သူက ပြောလိုက်သည်။
” ဇိမ်ရှိလိုက်တာ”
ဂိုဏ်းရှိ လူများသာ သူ့လှုပ်ရှားမှုတိုင်းကို ကြည့်နေကြသည်ကိုသာ သိနေခဲ့ပါလျှင်….
ကြည့်ရှုနေကြသူများထဲတွင် ဂိုဏ်းသူများလည်း ပါဝင်လေရာ အများစုမှာ ရှက်သွေးဖြာနေကြသော်လည်း တစ်ယောက်မှ တစ်ချက်ကလေးပင် အကြည့်မခွာကြပေ။
ရုတ်တရက် တအံ့တသြအော်ဟစ်သံများ ထွက်ပေါ်လာချိန်တွင် ဖက်တီးကျန်းကြီးသည် လတ်တလောတွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးခန်းမတွင် ရှိနေသည်။ ဖြစ်ပျက်နေသည်တို့အား သိချင်စိတ်ပြင်းပြစွာ မေးလိုက်ပြီးသော် ချော်ရည်ထဲမှ ခုန်ထွက်လာသည့် ပိုင်ရှောင်ချန်းကို တွေ့မြင်လိုက်ရလေသည်။
” ရှောင်ချန်း… ”
သူက ပါးစပ်ပြဲကြီးဖြင့် ပြောလိုက်လေသည်။
နတ်မီးလျှံစမ်းသပ်ပွဲအတွင်း ပိုင်ရှောင်ချန်းသည် သူ့နောက်ရှိ ကျယ်ပြောသောပင်လယ်ကြီးကို ပြန်လှည့်ကြည့်လိုက်ပြီးနောက် မေးမော့ကာ အကျီလက်ကို ခါလိုက်လေသည်။
” ငါ ပိုင်ရှောင်ချန်း လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ဒီစမ်းသပ်ပွဲ ပြာဖြစ်သွားစေရမယ် ”
သက်ပြင်းချလျက် အထီးကျန်သူရဲကောင်းတစ်ဦးအသွင် ဖမ်းလိုက်ပြီး ပင်လယ်မှ ခြေလှမ်းကျဲကျဲဖြင့် ထွက်လာလေသည်။ ထိုသို့ သူလျှောက်လာသည်နှင့် သူ၏ အမြင်အာရုံများဝေဝါးသွားပြီး နတ်မီးလျှံစမ်းသပ်ပွဲမှ ထွက်သွားလေသည်။ သူပြန်ပေါ်လာသောအခါ နောက်ထပ် လိမ္မော်ရောင်အဆင့် စမ်းသပ်ပွဲ တွင် ဖြစ်လေသည်။
ထိုအချိန်တွင် အပြင်ဘက်ရှိ စောင့်ကြည့်နေကြသောလူအများကြားတွင် ပိုင်ရှောင်ချန်း၏ စကားလုံးများနှင့် သူ့မျက်နှာပေါ်ရှိ အမူအရာ တို့ကြောင့် မီးထဲ ဓာတ်ဆီလောင်းထည့်လိုက်သည့်အလား ဆူညံပွက်လောရိုက်ကုန်တော့သည်။ မည်သူမျှ သူတို့တွေးနေသည်ကို တိတိကျကျ မပြောကြသော်လည်း ထူးဆန်းသော အမူအရာများကို မြင်လာရလေသည်။
” ရွက်ပုန်းသီး..ဟုတ်တယ် သူက ရွက်ပုန်းသီးပဲ ”
” ဒီလူ ပိုင်ရှောင်ချန်း ဘယ်အထိ သွားနိုင်မယ်ထင်လဲ ”
ရှင်းကုံကျစ်တာအိုဂိုဏ်းထဲတွင် ဆွေးနွေးငြင်းခုံမှုများ ပွက်လောရိုက်နေစဥ် ပိုင်ရှောင်ချန်းသည် လိမ္မော်ရောင် နတ်မီးလျှံစမ်းသပ်ပွဲတွင် ပေါ်လာရုံသာရှိသေးလေသည်။ ချက်ချင်းပင် သူသည် နားကွဲလုမတတ် ထစ်ခြုန်းမြည်သံများကို ကြားလိုက်ရပြီး သူ့ဘေးပတ်လည်ရှိ ကမ္ဘာကြီးမှာ တုန်ခါလာလေသည်။
လိမ္မော်ရောင် နတ်မီးလျှံစမ်းသပ်ပွဲအတွင်း ပေါ်လာသည့် တချိန်တည်းမှာပင် တောင်ကဲ့သို့သော ကျောက်တုံးကြီးက မယုံကြည်နိုင်ဖွယ် အရှိန်ဖြင့် သူ့ထံ ပြုတ်ကျလာလေသည်။
ငယ်သံပါအောင် အော်လိုက်ပြီး နောက်ဆုတ်သည့် အချိန်လေးမှာပင် သူရပ်နေခဲ့သည့် နေရာသို့ ကျောက်တုံးကြီးက ဝုန်းခနဲ ပြုတ်ကျလာလေရာ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားပြီး အရပ်မျက်နှာအနှံ့ အက်ကွဲကြောင်းများ တွန့်လိမ်ကောက်ကွေးစွာ ဖြစ်ပေါ်သွားတော့သည်။ ရင်တဒိန်းဒိန်းခုန်လျက် ပိုင်ရှောင်ချန်းသည် နောက်သို့ လှည့်ကြည့်လိုက်ပြီး မြင်လိုက်သောအရာကြောင့် အံ့သြမှင်သက်သွားတော့သည်။
ကောင်းကင်နှင့် မြေပြင်အပါအဝင် ကမ္ဘာကြီးမှာ လုံးဝ ခဲရောင်ဖြစ်နေလေသည်။ သို့သော်လည်း ထိုသည်က အံ့သြစရာကောင်းသည်မဟုတ်ပေ။ မထင်မှတ်ထားဖွယ် ဧရာမကျောက်ဘီလူးကြီးနှစ်ကောင်သည်လည်း သူနှင့်အတူ ဤကမ္ဘာထဲတွင် ရှိနေလေသည်။
သူတို့နှစ်ကောင်လုံးမှာ မီတာ တစ်သောင်းအမြင့်ရှိပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကြောင့် ကောင်းကင်တုန်ခါ၍ မြေပြင်အက်ကွဲသွားလုမတတ် ထစ်ခြုန်းသံများ ထွက်ပေါ်လာလေသည်။ သူတို့၏ ခန္ဓာကိုယ်များကို မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများစုပေါင်း၍ တည်ဆောက်ထားလေရာ ရုပ်ထုများနှင့် ရုပ်သေးရုပ်များပုံပေါ်နေတော့သည်။ အားလုံးအထဲ ကြောက်စရာအကောင်းဆုံးမှာ သူတို့သည် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။
သူတို့သည် မိုးခြိမ်းသံကဲ့သော အသံများဖြင့် ဟိန်းဟောက် အော်ဟစ်နေရင်း ရှေ့တိုးနောက်ဆုတ်တိုက်ခိုက်နေကြလေသည်။ လက်သီးတစ်ချက် ထိုးခံလိုက်ရတိုင်း သူတို့ကိုယ်ပေါ်မှ ကျောက်တုံးကျောက်ခဲအမြောက်အမြား ပြုတ်ကျလာကာ အောက်ဖက်ရှိ မြေပြင်ပေါ်သို့ ရိုက်ခတ်သွားကြလေရာ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာတော့သည်။ ကျောက်ဘီလူးကြီးနှစ်ကောင်၏ ခြေထောက်များ မြေပေါ်ကျလိုက်သည်နှင့် ပို၍ ကြီးမားသော အက်ကွဲကြောင်းကြီးများ ပွင့်ထွက်လာတော့သည်။
မြေကြီး တသိမ့်သိမ့်တုန်နေစေသည့်အပြင် တိုက်ခိုက်နေသောဧရာမကျောက်ဘီလူးကြီးများကြောင့် အရပ်မျက်နှာတစ်ခွင် ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်နေလျက်ရှိသည်။ သူတို့သည် နတ်ဘုရားစွမ်းရည်များ သုံး၍ ကျောက်နဂါးများနှင့် ကျောက်ဆူးချွန်များကို ထုတ်လိုက်ကြလေရာ နေရာတိုင်း အကြီးအကျယ် ပျက်စီးကုန်လေသည်။
ပြင်းထန်သောအန္တရာယ်အငွေ့အသက်ကို ရလိုက်သဖြင့် ပိုင်ရှောင်ချန်း၏ အမူအရာ ရှုံမဲ့သွားတော့သည်။ အန္တရာယ်ရှိသော အရာဝတ္ထုမျိုးစုံကို စိုးရိမ်တကြီးရှောင်ရှားရင်း သူ၏ဘေးပတ်လည်ကို အကဲခတ်လိုက်သောအခါ အခြားကျင့်ကြံသူများရှိကြောင်း သတိပြုမိလိုက်လေသည်။
ဤနတ်မီးလျှံစမ်းသပ်ပွဲတွင် ပါဝင်နေသော အခြားကျင့်ကြံသူများအားလုံးမှာ ပြုတ်ကျနေသော ကျောက်တုံးများ၊ လေမုန်တိုင်းများနှင့် နတ်ဘုရားစွမ်းရည်များကို ပုရွက်ဆိတ်များကဲ့သို့ သုတ်သုတ်ပျာပျာပြေးလွှားရှောင်ရှားနေရင်း ကျောက်ဘီလူးကြီးနှစ်ကောင် တိုက်ခိုက်နေသော နေရာကို ဖြတ်ရန် အသည်းအသန်ကြိုးစားနေကြလေသည်။
ကံဆိုးစွာပင် ထိုသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ….. ။ ရဲတိုက်၏ နံရံများ မီးလောင်ချိန်တွင် ကျုံးထဲကျသွားသော ငါးကဲ့သို့ သူတို့မှာ ကြားညှပ်နေလေသည်။ တိုက်ခိုက်နေသော ဧရာမကျောက်ဘီလူးကြီးနှစ်ကောင်သည် အောက်ဖက်ရှိ ကျင့်ကြံသူများကို အန္တရာယ်တွင်းထဲသို့ တွန်းပို့နေတော့သည်။
ပိုင်ရှောင်ချန်း မှန်းဆကြည့်မိသည်မှာ ထိုကျောက်ဘီလူးကြီးများသည် ယင်ယန်ဝိညာဥ်အဆင့်ကျော်လွန်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းမှသူ့ကို လာခေါ်သော နတ်အဆင့်လူငယ်လေးနှင့် ပို၍ တူလေသည်။ တအံ့တသြလှည့်ပတ်ကြည့်နေရင်း လိမ္မော်ရောင် နတ်မီးလျှံစမ်းသပ်ပွဲအကြောင်း သူလေ့လာခဲ့သော အချက်အလက်များကို ပြန်လည်စဥ်းစားလိုက်သည်။
သူ့ပတ်လည်ရှိ ကမ္ဘာကြီးမှာ အကျဥ်းထောင်တစ်ခုနှင့်တူပြီး ကျောက်ဘီလူးကြီးနှစ်ကောင်မှာ အပြစ်အနေနှင့် တစ်ကောင်နှင့်တစ်ကောင် အဆက်မပြတ်တိုက်ခိုက်နေရန် ဖိအားပေးခံထားရသော အကျဥ်းသားများဖြစ်နေလေသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဂိုဏ်းသားများအား တိုက်ရိုက်သတ်သည်ကို တားမြစ်ထားသော်လည်း သူတို့၏တိုက်ပွဲမှ ဖြစ်ပေါ်လာသောအကျိုးဆက်အနေဖြင့် သတ်နိုင်လေသည်။ ထိုအချက်ကြောင့် ဤ နတ်မီးလျှံစမ်းသပ်ပွဲသည် ယခင်တစ်ခုထက် များစွာ ပို၍ ခက်ခဲလေသည်။
” သက်တန့်ရဲ့ လိမ္မော်ရောင် အပိုင်းပေါ်မှာ ကျင့်ကြံသူတစ်သောင်းလောက်ပဲ ရှိတာ အံ့သြစရာမရှိပါဘူး။ ”
ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
” အနီရောင်အပိုင်းပေါ်က မရေမတွက်နိုင်တဲ့ပမာဏနဲ့ ဆန့်ကျင်ဘက်ပဲ…….. ဒါ့အပြင် ကျင့်ကြံသူထောင်ဂဏန်းလောက်ပဲ ဒီနတ်မီးလျှံစမ်းသပ်ပွဲကို ကျော်ဖြတ်ပြီး သက်တန့်ရဲ့အဝါရောင်အဆင့်ပေါ်ရောက်ဖို့ အရည်အချင်းရှိတယ်။ ”
ထို့နောက် သူက အန္တရာယ်တွင်းမှ လွတ်မြောက်ရန် သူ၏မယုံကြည်နိုင်ဖွယ်အမြန်နှုန်းအပေါ် အားပြု၍ သတိရှိရှိဖြင့် ရှေ့ဆက်သွားလိုက်သည်။ သူသည် အားရကျေနပ်ဖွယ်မကောင်းသော ပြကွက်များကို တမင်ပြသနေခြင်းမဟုတ်သော်လည်း သူ့ကို စောင့်ကြည့်နေကြသည့် အပြင်ဘက်ရှိလူများမှာ သူ့ကို သေသေချာချာဆက်လက်ကြည့်ရှုရန်အတွက် တစ်စက္ကန့်တိုင်း စွမ်းဆောင်မှုရမှတ်များ သုံးနေရလေသည်။
ထို့ကြောင့် လူအတော်များများမှာ သူလုပ်နေသော အရာတို့ကို စိတ်တိုင်းမကျတော့ပေ။
” ဘာ။ အနီရောင် နတ်မီးလျှံစမ်းသပ်ပွဲကိုကျ အေးအေးဆေးဆေး ကူးလာတယ်လေ။ ဘာလို့ လိမ္မော်ရောင် နတ်မီးလျှံစမ်းသပ်ပွဲကို ဒီလိုမျိုးသွားနေတာတုံး ”
” ကျုပ်လဲ အဲ့တာပဲ တွေးနေတာ။ တော်ပြီ ဒီလူ့ကို ကြည့်ဖို့ ကျုပ်ရဲ့ စွမ်းဆောင်မှုရမှတ်တွေ ထပ်မသုံးတော့ဘူး ။ ထားလိုက်တော့ ”
လူတိုင်း အပြင်ဘက်တွင် ညည်းတွားနေကြစဥ် ပိုင်ရှောင်ချန်းသည် နတ်မီးလျှံစမ်းသပ်ပွဲတွင် အရှိန်မြှင့်နေလေသည်။ ရုတ်တရက် အတွင်းတွင် ကျောက်နဂါးတစ်ကောင်၏ ကိုယ်တစ်ပိုင်းရှိသော လေမုန်တိုင်းတစ်ခုက သူ့ကို ရိုက်ခတ်လာလေသည်။
ပိုင်ရှောင်ချန်း၏မျက်နှာ ရှုံ့တွသွားပြီး ရှောင်ရန် အချိန်မရှိကြောင်း သိလိုက်ရသောအခါ သူ့မျက်လုံးများမှာ အေးစက်စက်အလင်းများဖြင့် တောက်ပသွားပြီး ရုတ်တရက် သူ၏ ဘယ်ခြေကို လှည့်ကာ နဂါးထံသို့ ဝိုက်ကန်ချလိုက်လေသည်။
ဝုန်းခနဲ အသံကြီး ထွက်ပေါ်လာပြီး ကျောက်နဂါးပေါက်ကွဲသွားကာ လေမုန်တိုင်းလည်း ပျောက်ကွယ်သွားလေသည်။ အံတင်းတင်းကြိတ်ပြီး ပိုင်ရှောင်ချန်းသည် ရှေ့သို့ တဟုန်ထူးပြေးသွားကာ တစ်လမ်းလုံး၏ ထွက်ပေါက်နှင့် နီးသထက်နီးလာလေသည်။ သို့သော်လည်း တစ်နေရာအရောက်တွင် သူက တုန့်ခနဲရပ်လိုက်ပြီး ဧရာမကျောက်ဘီလူးကြီးနှစ်ကောင်ကို မော့ကြည့်လိုက်ကာ သူတို့ ရှေ့တိုးနောက်ဆုတ်တိုက်ခိုက်နေကြစဥ် သူ၏မျက်လုံးများ ရုတ်တရက် တောက်ပလာလေသည်။
မကြာသေးမီက ဧရာမကျောက်ဘီလူးကြီးနှစ်ကောင်သည် သူ့အတွက် အရေးမပါသော်လည်း ယခု အနားသို့ရောက်နေလေရာ သူတို့ကို အတန်ကြာ ကြည့်ရန် အခွင့်အရေးရသွားပြီးနောက် ရုတ်တရက် သူတို့ကို အတန်ငယ် ရင်းနှီးလာသယောင် ခံစားလိုက်ရသည်။
” ဒီကျောက်ဘီလူးကြီးနှစ်ကောင်သာ ဒူးထောက်လိုက်ပြီး မလှုပ်ရှားတော့ရင်… အဆုံးမဲ့ မဟူရာချောက်မှာ ငါတွေ့ခဲ့ရတဲ့ ဟိုရုပ်ထုကြီးတွေနဲ့ တစ်ထပ်တည်းပဲဟ ”
အံ့သြမှင်သက်လျက် ထိုဧရာမကျောက်ဘီလူးကြီးများကို ကြည့်လေ ရုပ်ထုကြီးတွေနှင့် ပို၍ တူလာကြောင်း သတိပြုမိလိုက်လေသည်။ မကြာမီ သူတို့သည် အဆုံးမဲ့တောင်မဟူရာချောက်ရှိ သူတွေ့ခဲ့သော ဘီလူးကြီးနှင့် တစ်ကောင်တည်းဖြစ်ကြောင်း ယုံကြည်ချက်ခိုင်မာသွားတော့သည်။
” အသက်ဝင်တောင်ဂါထာ ကို ကျင့်ကြံချင်ရင် တောင်နဲ့ ပေါင်းစပ်ရမယ်။ တောင်အကြောင်း အကုန်လုံး နားလည်ထားရမယ်။ တောင် ဝိညာဥ်ရဲ့ ဉာဏ်အလင်းကိုရဖို့ မင်းကိုယ်မင်း မေ့ပစ်ရမယ်။ မင်းနိုးလာတာနဲ့.. နတ်ဘုရားစွမ်းအင် ပြည့်စုံသွားပြီး ..လူသားတောင်ဖြစ်လာဖို့ အောင်မြင်လိမ့်မယ် ” ရင်ခုန်သံမြန်လျက် သူသည် တိုက်ခိုက်နေသော ကျောက်ဘီလူးကြီးနှစ်ကောင်ကို မော့ကြည့်လိုက်ပြီးနောက် ရုတ်တရက် အရာအားလုံး ထင်ရှားပြတ်သားလာလေသည်။ သူယခင်က ဇဝေဇဝါဖြစ်နေသာ နေရာများအားလုံး ချက်ချင်းပင် ပျောက်ပျက်သွားလေပြီ။
စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများလင်းလက်တောက်ပနေရင်း သူက ရေရွတ်လိုက်သည်။
” အသက်ဝင်တောင်ဂါထာရဲ့….ဉာဏ်အလင်းရဖို့… ဒီနေရာလောက်…ကောင်းတဲ့နေရာမရှိတော့ဘူး”