Switch Mode

အခန်း ( ၄၂၁ )

ဘယ်လောက်တောင် ဇိမ်ရှိလိုက်လဲ

ဟိန်းဟောက် ရုန်းကန်နေသော သားရဲအချို့မှာ အခြားကောင်များထက် ပိုသန်မာသည်။ ၎င်းတို့က အတန်ငယ်ဝေးသောနေရာရှိ မှန်ကဲ့သို့ပစ္စည်းတစ်ခုရှိရာသို့ ဆက်သွားကာ ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။

ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသော အရာမှန်သမျှကို လှည့်ပတ်ကြည့်ရှုပြီးနောက် လွန်ခဲ့သော ရက်များအတွင်းက သူစုဆောင်းခဲ့သော အချက်အလက်အချို့ကို ပြန်ကြည့်လိုက်လေသည်။

” ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့်တွေရဲ့ အဆင့်ပေးတဲ့ပုံစံကို စုစုပေါင်း အရောင်ခုနစ်မျိုး ခွဲခြားထားပါတယ်။ နတ်မီးလျှံစမ်းသပ်ပွဲရဲ့ ပထမအဆင့်က အနီရောင်အဆင့်ဖြစ်ပြီး အားလုံးထဲမှာ အရိုးရှင်းဆုံးပါ။ ဒီမီးလျှံ ပင်လယ်ကို သင် ဖြတ်သွားရပါမယ်။ ပင်လယ်ရဲ့ ၃၀ရာခိုင်နှုန်းကို သွားနိုင်ရင် သင့်ရဲ့ကိုယ်ပိုင်ကြယ်က အဆင့်တွေမှာ ပေါ်လာပါလိမ့်မယ်”

” သော့ချက်က သင် ဘယ်ေလာက်ဝေးဝေးသွားသလဲဆိုတဲ့အပေါ် မူတည်ပြီး သင့်ရဲ့ နောက်ဆုံးအဆင့်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ သတ်မှတ်ထားတဲ့ နေရာရောက်ရင် နောက်မီးလျှံစမ်းသပ်ပွဲကို သင်ဆက်သွားနိူင်တယ်။ အနီရောင်စမ်းသပ်ပွဲရဲ့ အဆုံးအထိ သွားနိုင်တဲ့ လူအရေအတွက်က အင်မတန် နည်းပါတယ်…”

သူသည် သက်ပြင်းဖွဖွ ချလိုက်ပြီး မရေမတွက်နိုင်သော သားရဲများအားလုံး မီးလျှံပင်လယ်ထဲသို့ တိုးဝင်သွားကြကာ စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်မြည်ကြွေးသံများ ပဲ့တင်ထပ်လျက် သေကုန်ကြသည်ကို ကြည့်နေမိလေသည်။ ထိုအချိန်တွင် သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များကို ပို၍ပင် အထင်ကြီးမိသွားလေသည်။

” အဆင့်တွေကို လူတွေ ရူးသွပ်နေတာ မဆန်းပါဘူး။ ငါတော့ ဒီလိုဟာမျိုးကို တစ်ခါမှတောင် မမြင်ဖူးဘူး။ အင်း.. ဒီပထမအဆင့်ကို ကျော်ဖို့ သားရဲတစ်ကောင်ကောင် သုံးရမှာလား ” ထို့နောက် သူ့အိတ်ကို ပုတ်လိုက်ပြီး အရင်ရက်က စွမ်းဆောင်မှုရမှတ်အနည်းငယ်ဖြင့် ဝယ်ယူခဲ့သော ခုနစ်ရောင်ခြယ်ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်သည်။ ဤ ကျောက်စိမ်းပေလွှာကို ရှင်းကုံကျစ်တာအိုဂိုဏ်းအထင်ကရကြယ်ပွင့်များ နတ်မီးလျှံစမ်းသပ်ပွဲအတွက် အထူးစီစဥ်ထားခြင်းဖြစ်ပြီး ၄င်းကို ထုခြေလိုက်ပါက ပိုင်ရှင်သည် မျက်စိတစ်မှိတ်တွင်းမှာပင် နတ်မီးလျှံစမ်းသပ်ပွဲ၏အပြင်ဘက်သို့ ဘေးကင်းလုံခြုံစွာ တည်နေရာရွှေ့ပြောင်းသွားမည်ဖြစ်သည်။ ၄င်းကျောက်စိမ်းပေလွှာသည် လူတစ်ယောက်၏ အောင်မြင်မှုများနှင့် သူမည်မျှ ဝေးဝေးသွားနိုင်ခဲ့ကြောင်း မှတ်တမ်းကိုလည်း ထိန်းသိမ်းပေးထားသည်။

ကျောက်စိမ်းပေလွှာကို အချိန်မှီ မထုခြေနိုင်ခဲ့၍ သေဆုံးသွားသော လူများ အမြဲရှိလေသည်။

ပိုင်ရှောင်ချန်းက ချောက်ကမ်းပါးစွန်းနားသို့ လျှောက်သွားလိုက်လေသည်။ ဤနေရာတွင် ပျံသန်းခွင့် ပိတ်ပင်ထားရာ ရွေးချယ်စရာမရှိတော့သဖြင့် ချောက်ကမ်းပါးအောက်ခြေမှ ပျံထွက်လာသော သားရဲတစ်ကောင်ပေါ်သို့ ခုန်ချရန်သာရှိတော့သည်။ အောက်သို့ တခဏကြာ ငုံ့ကြည့်ပြီးနောက် ချော်ရည်ပူများအပေါ် လောလောလတ်လတ်ပျံနေသော ကြက်သွေးရောင် အန်နာကွန်ဒါမြွေတစ်ကောင်ပေါ်သို့ ခုန်ချလိုက်ပြီး တဟုန်ထိုး ဆင်းလိုက်သည်။

ပိုင်ရှောင်ချန်းက မီးလျှံမြွေကြီးပေါ်သို့ ကျသွားသောအခါ ၎င်းမှာ ရှေ့နောက်တွန့်လိမ်သွားပြီး ကျောပေါ်မှ ခါချရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက ညာခြေထောက်ကို အောက်သို့ ဆောင့်နင်းချကာ စွမ်းအားများထုတ်လွှတ်လိုက်သည်နှင့် ၄င်းမှာ ချက်ချင်း ဝပ်ကျသွားလေသည်။ ထိုမြွေကြီး၏မျက်လုံးများတွင် စိတ်အားထက်သန်မှုများ တောက်ပနေပြီး အရှိန်မြှင့်တင်သွားလေတော့သည်။

ဤနေရာရှိ သားရဲများအားလုံးက သူတို့၏ နောက်ဆုံးပန်းတိုင်သို့ ရောက်နိုင်လျှင် လွတ်မြောက်မည်မှန်း သိထားကြလေသည်။

သူတို့အတွက်မူ ဤ နတ်မီးလျှံစမ်းသပ်ပွဲသည် အမှန်တကယ်ဆိုရလျှင် အကျဥ်းထောင်တစ်ခုသာဖြစ်သည်။

” တော်တယ်.. လိမ္မာတဲ့မြွေကလေးရေ.. မြန်မြန်သာသွားပေတော့”

မီးလျှံမြွေကြီးက အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းသည့်အချိန်အထိ တစ်ဟုန်ထိုး ပျံသန်းနေစဥ် ပိုင်ရှောင်ချန်းမှာ ကြောက်ရွံ့ထိတ်လန့်စွာ စီးနေရ၏။ ထိုသို့ဆက်သွားနေစဥ် အောက်ဖက်ရှိ ပင်လယ်မှာ လှိုင်းထန်နေရုံသာမက သူတစ်ယောက်တည်း မဟုတ်ကြောင်းလည်း သတိထားမိသွားလေသည်။ ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မြင်လိုက်ရပြီး အချို့မှာ ပင်လယ်ထဲရှိ အဝေးဆုံးနေရာသို့ သွားနိုင်ရန်အတွက် ပျံသန်းနေသော စီးစရာသားရဲများကို ပြောင်းရန် ကြိုးစားနေကြလေသည်။

သူတို့အထဲမှ နှစ်ယောက်မှာ ပိုင်ရှောင်ချန်း၏ စီးစရာသားရဲကြီးကို လိုချင်စိတ်ပြင်းပြနေသော အကြည့်များဖြင့် ကြည့်နေကြလေသည်။ သူစီးနေသည်မှာ အရှိန်တညီးညီး ပူပြင်းလှသော လက်ရှိအနေအထားမျိုးတွင် အခြားသားရဲများထက် ပို၍ ခံနိုင်ရည်ရှိသော မီးလျှံအမျိုးအစားသားရဲတစ်ကောင် ဖြစ်နေသည် မဟုတ်ပါလော။

” အဲဒါ မီးလျှံအန်နာကွန်ဒါမြွေကွ”

” မီးလျှံအမျိုးအစားသားရဲတွေကို ဒီမှာ သိပ်မတွေ့ရဘူး… ” ထိုကျင့်ကြံသူနှစ်ယောက်လုံးမှာ သူ၏သားရဲကို လုယူရန် မျှော်လင့်၍ သူတို့၏ စီးစရာသားရဲများကို ပိုင်ရှောင်ချန်းရှိရာသို့ ဦးတည်လာလေသည်။

” မင်းတို့ကောင်တွေ ဘာလုပ်တာတုံး ” ပိုင်ရှောင်ချန်းက ဒေါသတကြီးအော်ဟစ်လိုက်လေသည်။

ကျင့်ကြံသူနှစ်ယောက်လုံးမှာ အလယ်ပိုင်း အမြတေအဆင့်တွင် ရှိကြသည်။ တစ်ယောက်မှ စကားမပြောကြဘဲ သူ့ကို အနည်းငယ်စိုက် ကြည့်နေပြီးနောက် နှစ်ယောက်လုံးက မီးလျှံပင်လယ်ပေါ်သို့ လက်ဝါးများရိုက်ချလိုက်ရာ ချော်ရည်လှိုင်းလုံးကြီးက ပိုင်ရှောင်ချန်းဘက်သို့ ရုတ်တရက် လိမ့်တက်လာတော့သည်။

ပိုင်ရှောင်ချန်းအတွက် ဒေါသထွက်နေရမည့်အချိန်မရှိပေ။ သူ့ထံ အပူလုံးကြီးဦးတည်လာသဖြင့် ကြွတ်ရွနေအောင် အကင်ခံရတော့မည်ကို ချက်ချင်း သိလိုက်လေသည်။ စူးစူးဝါးဝါးအော်ရင်း ဘေးဖက်သို့ ရှောင်လိုက်သည့်တိုင်အောင် ချော်ရည်စင်သွားသေးသည်။

တခဏကြာသော် အော်ဟစ်နေသည်ကို ရုတ်တရက် ရပ်လိုက်ပြီး သူ၏လက်မောင်းအား တအံ့တသြ ငုံ့ကြည့်လိုက်လေသည်။ သူ၏ဝတ်ရုံတွင် မီးလောင်ပေါက်အချို့ရှိသော်လည်း အောက်ဖက်ရှိ အရေပြားမှာ မည်သို့မျှ မဖြစ်သွားပေ။

” အီး ”
ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်နေပြီး သူ့ဘေး ပတ်လည်ရှိ လေထဲတွင် နောက်ထပ် ချော်ရည်ပူများပြည့်လာ၏။ ထိုချော်ရည်များအား ကြိုးစားရှောင်တိမ်းမည့်အစား အစင်ခံလိုက်ရာ သူ၏အဝတ်အစားများကို လောင်ကျွမ်း၍ သူ့အရေပြားပေါ်ရောက်လာလေသည်။

သို့သော်လည်း သူခံစားလိုက်ရသည်မှာ မျှော်လင့်ထားသကဲ့သို့ လောင်ကျွမ်းသွား၍ နာကျင်မှုမျိုးမဟုတ်ပဲ ခပ်နွေးနွေး အထိအတွေ့လေးပင်။ မလှမ်းမကမ်းမှ ကောက်ကျစ်လိုသော ရည်ရွယ်ချက်များဖြင့် သူ့အနားကပ်လာသော ကျင့်ကြံသူနှစ်ယောက်မှာ မယုံကြည်နိုင်အောင် ဖြစ်နေကြပြီး သူ့ကို လှမ်းကြည့်နေကြလေသည်။

” သူ….သူ….ဒဏ်ရာမရဘူးလား”

“သူ့ကို အကာအကွယ်ပေးတဲ့ မှော်ပစ္စည်းလိုဟာမျိုးရှိနေတာများလား။ ဒီစမ်းသပ်ပွဲမှာ မှော်ပစ္စည်းသုံးခွင့်မရှိဘူးလေ ”
သူတို့ တအံ့တသြ ကြည့်နေကြစဥ် ပိုင်ရှောင်ချန်းက အောက်ဖက်ချော်ရည်ထဲသို့ လက်နှစ်လိုက်ပြီး အကြိမ်အနည်းငယ်ခန့် ရှေ့နောက် ပုတ်ခတ်နေလေသည်။

” ကောင်းလိုက်တာ.. နွေးနေတာပဲ….” သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အခြားကျင့်ကြံသူနှစ်ယောက်မှာ ထိုအခြင်းအရာကို မြင်သောအခါ သူတို့၏မျက်လုံးများမှာ ဦးခေါင်းခွံထဲက ကျွတ်ကျတော့မတတ်ဖြစ်သွားတော့သည်။

“မဖြစ်နိုင်တာ”

“ဘုရားဘုရား.. သူတကယ်ကြီး ချော်ရည်ထဲ လက်နှစ်လိုက်တာလား”

” ဘယ်လို… ”

ပိုင်ရှောင်ချန်းမှာမူ လွန်စွာ စိတ်လှုပ်ရှားခြင်း မဖြစ်တော့ဘဲ ချက်ချင်းပင် ခေါင်းနောက်လှန်ပြီး ကျယ်လောင်စွာ တဟားဟား ရယ်လိုက်လေသည်။

” ဒါက ဘယ်လို ချော်ရည်ပင်လယ်လဲဟ။ ကြောက်ဖို့ကောင်းမယ်ထင်နေတာ ” သူ့ကိုယ်သူ အလွန်တရာကျေနပ်နေပြီး ပိုင်ရှောင်ချန်းသည် မီးလျှံမြွေကြီးပေါ်မှ ထကာ ချော်ရည်ထဲ ခုန်ဆင်းလိုက်သည်။ ချက်ချင်းပင် သူ၏ အဝတ်အစားများ လောင်ကျွမ်းကုန်ပြီး ဝစ်လစ်စလစ်ခန္ဓာကိုယ် ပေါ်လာသော်လည်း သူ့ကို ထိခိုက်မှုတစ်စုံတစ်ရာမရှိပေ။ သူက သူ့ကိုယ်သူ လွန်စွာနှစ်ထောင်းအားရ ဖြစ်နေတော့၏။

” မဆိုးဘူး ..တကယ်မဆိုးဘူးပဲ.” ထို့နောက် သူ့ကို တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူနှစ်ယောက်ကို မော့ကြည့်လိုက်ရာ စက္ကူကဲ့သို့ဖြူဆုပ်နေသော မျက်နှာများဖြင့် ပြန်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူက မည်သို့မျှ မတုံ့ပြန်ရသေးခင်မှာပင် သူတို့၏ ခုနစ်ရောင်ခြယ်ကျောက်စိမ်းပေလွှာများကို ထုတ်၍ ထုခြေကာ ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်းက သူတို့အား ပြန်လည်တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြောင်း သိသာထင်ရှားလှသည်။

” ငကြောက်တွေ ”
သူက ဘဝင်မြင့်လျက် ပြောလိုက်သည်။ ” ဒီကို ပြန်လာစမ်းပါ။ ဆင်းလာပြီး ချော်ရည်ထဲမှာ ငါနဲ့ ပျော်ကြရအောင်လေ”
ထို့နောက် သူက လှည့်၍ ချော်ရည်တို့ကို ဖြတ်ကာ ရှေ့သို့ ကူးခတ်သွားတော့သည်။ မကြာမီ စမ်းသပ်ပွဲထဲရှိ အခြားသော ကျင့်ကြံသူများကို သူ မြင်လာရ၏။ သူတို့မှာမူ သူ့ကို မြင်သောအခါ မယုံကြည်နိုင်မှုများဖြင့် ချက်ချင်းအော်ဟစ်ကုန်ကြလေသည်။

” အဲ့…အဲ့တာ.. ဘာကြီးတုန်း”

“ဒါ… ဒါကြီးက လူလားဟ”

” ဘုရားရေ. ချော်ရည်ပူထဲမှာ တကယ်ကြီး ကူးနေတာလား။ အဲ့ချော်ရည်က အင်မတန်မာလှပါချည်ရဲ့ဆိုတဲ့ သတ္တုတွေ အရည်ပျော်သွားရတဲ့အထိ ပူတာနော် ”

” အဲ့ဟာကြီး က လူပုံစံ သားရဲကြီးများလား”

ထို့သို့ တအံ့တသြ အော်ဟစ်သံများ ဆူညံပွက်လောရိုက်နေစဥ် ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူကျေနပ်နေလျက် ပေါ့ပေါ့ပါးပါးကူးခတ်နေလေသည်။ သူက အခြားသော ကျင့်ကြံသူများကိုပင် လက်ပြနှုတ်ဆက်နေလိုက်သေးသည်။

” ငါနဲ့အတူ ကူးရအောင် ဆင်းလာခဲ့လေကွာ။ အင်မတန် ဇိမ်ရှိတာကွ….”

မကြာမီ သူသည် အဆင့်သတ်မှတ်ချက်ပေးသည့် ချော်ရည်ပင်လယ်ထဲတွင် သုံးဆယ်ရာခိုင်နှုန်းအထိ ကူးခတ်ပြီးသွားလေသည်။ ထိုအချိန်တွင် အပြင်ဘက်သက်တန့်၏ အနီရောင်အပိုင်းပေါ်တွင် ကြယ်အသစ်တစ်လုံး ရုတ်တရက် လင်းလက်လာလေသည်။

သက်တန့်၏ အနီရောင်အပိုင်းတွင် မရေမတွက်နိုင်သော ကြယ်များရှိနေလေရာ ကြယ်အသစ်ပေါ်လာခြင်းသည် အလွန်အမင်း အံ့သြတုန်လှုပ်နေရသည်အထိ ရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်ပေ။ သို့သော်လည်း ကြယ်တစ်လုံး ပထမဆုံးအကြိမ် ပေါ်လာသည့်အချိန်တိုင်း ကြည့်ရှုနေသူများ အာရုံစိုက်ပြီး မနာလိုအားကျလာစေရန် ပုံမှန်ထက်ပို၍ တောက်ပလင်းလက်လာမည်ဖြစ်သည်။

“ဟေး.. ကြည့်ဦး ကြယ်အသစ်တစ်လုံးဟ။ တစ်ယောက်ယောက်တော့ အဆင့်တက်ပြီ”

” ဘယ်သူများလဲ ကြည့်ရအောင်။ ဟမ်. ပိုင်ရှောင်ချန်း။ တစ်ခါမှလည်း မကြားဖူးဘူး ”

ပုံမှန်အားဖြင့် ဆိုရလျှင် ထိုအကြောင်းသည် ဆွေးနွေးစရာဖြစ်လိမ့်မည်ဖြစ်သော်လည်း ကျိုးရိသုန်၏ကိစ္စက အရေးကြီးနေလေရာ လူအများစုမှာ သူ၏ကြယ်ကိုသာ အာရုံစိုက်နေကြလေသည်။

အမှန်တွင် စမ်းသပ်ပွဲအတွင်းရှိ ပြိုင်ပွဲဝင်များကို စောင့်ကြည့်နိုင်သည့် အထူး အမိန့်လည်ဆွဲနှင့် လူအချို့ပင် ရှိလေသည်။ ထိုလည်ဆွဲများမှာ စျေးများခေါင်ခိုက်နေလေရာ ထိပ်ဆုံး၁၀၀၀အတွင်း မဝင်နိုင်သည့် ကျင့်ကြံသူတစ်ယောက်ပေါ်တွင် ဖြုန်းတီးနေမည်မဟုတ်ပေ။

မည်သူမှ ပိုင်ရှောင်ချန်းကို ထိုနည်းလမ်းကို သုံး၍ စူးစမ်းရနိ မစဥ်းစားကြသောကြောင့် အပြင်ဘက်ရှိ လူတစ်ယောက်မှ ချော်ရည်ပူထဲ သူလက်ပစ်ကူးနေသည်ကို မသိကြပေ။

သို့သော်လည်း နတ်မီးလျှံစမ်းသပ်ပွဲအတွင်းရှိ ကျင့်ကြံသူအမြောက်အမြားမှာ သူ့ကို မြင်နေကြရလေရာ သူတို့၏ အံ့သြတုန်လှုပ်ကာ အော်သံများ မရပ်မနား ဆက်လက်ထွက်ပေါ်နေတော့သည်။

တစ်ခါတရံ သူက အရှိန်မြှင့်ကာ သီချင်းလေးပင် ညည်းနေလိုက်သေးသည်။ သူ အနေရခက်စွာ ပူလာသည့်အချိန်တိုင်း အေးစိမ့်ချီအချို့ ထုတ်လွှတ်လိုက်သည်။ သူ၏ လက်ရှိအနေအထားကြောင့် ပင်လယ်ကမ်းပါးထံ ဦးတည်ကူးခတ်နေရင်း သူ အမြဲတစေ ပျော်ရွှင်နေတော့သည်။

” ဒီနတ်မီးလျှံစမ်းသပ်ပွဲက လွယ်လွန်းတယ်”
သူက တွေးလိုက်သည်။ လည်ချောင်းရှင်းရင်း ချော်ရည်ပင်လယ်ထဲ သူ ကူးခတ်နေသည်ကို လူအတော်များများ သတိမထားမိကြောင်း တွေးကာ နှမြောတသဖြစ်နေတော့သည်။

” ငါအပြင်ရောက်တာနဲ့ ဒီအကြောင်းပြောပြလိုက်ရင်တော့ ငါ အင်မတန် အံသြစရာကောင်းတယ်လို့ သေချာပေါက်ထင်ကြမှာပဲ ” စိတ်လှုပ်ရှားရင်း သူက ရှေ့ရှိ ပင်လယ်ကမ်းပါးကို ရောက်သည်အထိ အရှိန်မြှင့် ကူးခတ်လိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်ရှိ ပွဲ့ကြည့်ပရိသတ်အနည်းစုသည် သက်တန့်၏ အနီရောင်အပိုင်းပေါ်ရှိ ကြယ်တစ်လုံးက ပုံမှန်မဟုတ်သော အမြန်နှုန်းဖြင့် တိုးတက်လာသည်ကို သတိထားမိလိုက်ကြသည်။ ၄င်းသည် သက်တန့်၏ အနီရောင်အပိုင်း အစပ်နားကိုပင် နီးကပ်နေလေပြီ။

” အင်မတန် မြန်တာပဲ။ အဲ့တာဘယ်သူတုန်း။ ပိုင်ရှောင်ချန်း။ ပထမဆုံးအကြိမ် ပေါ်လာတဲ့ လူပဲလား”

” ဘာတွေဖြစ်နေတာတုန်း။ အခုလေးတင်မှ သူက သက်တန့်မှာ ပေါ်လာတာလေ။ အနီရောင်အပိုင်းအဆုံးကို ရောက်နေပြီတဲ့လား ” အထူးအမိန့်လည်ဆွဲတစ်ခုရှိသော ကျင့်ကြံသူတစ်ယောက်သည် မည်သည့်သားရဲအမျိုးအစားအား ပိုင်ရှောင်ချန်း အသုံးပြုနေသည်ကို ကြည့်ရန် အတွက် ပိုင်ရှောင်ချန်း၏ကြယ်အပေါ်အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။

အသက်ရှုချိန်အနည်းငယ်ကြာသော် သူ၏ မျက်လုံးများမှာ လက်ဖက်ရည်ပန်းကန်တစ်လံုးစာ ပြူးကျယ်လာတော့သည်။ ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် အော်ဟစ်လိုက်တော့သည်။
” ဘယ်…..ဘယ်လိုလုပ်.. ဖြစ်နိုင်မှာတုန်း”

Comment

Leave a Reply

Options

not work with dark mode
Reset