ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ စိန်းစိန်းဝါးဝါးကြည့်လိုက်မိသည်။ တိမ်တာအိုသခင်သာ သူ့ကို ဆွဲခေါ်မသွားပါက သူတို့နှစ်ယောက်ဂူထဲကထွက်သွားသည်ကို အေးတိအေးစက်ကြည့်နေသော ချိန်အမည်ရှိကျင့်ကြံသူနှင့် ရန်ထဖြစ်မည်မှာ သေချာသလောက်ပင်။
ထို့နောက် တံခါးကို ဆောင့်ပိတ်လိုက်သောကြောင့် ဒုန်းခနဲအသံကြားလိုက်ရလေသည်။ အချိန်အနည်းငယ်ကြာသော် ဂူအတွင်းမှ အေးတိအေးစက် အသံထွက်ပေါ်လာ၏။
“မစောင့်နိုင်ဘူးလား ။ မင်းဘာသာမင်း စမ်းသပ်ပွဲတွေ သွားစိန်ခေါ်ပေါ့”
” ကောင်းပြီလေ” ပိုင်ရှောင်ချန်းက ဒေါသတကြီး ပြန်ရန်တွေ့လိုက်သည်။
” ထိပ်ဆုံး ၁၀၀၀ ထဲဝင်တာ ဘာတွေများ အံ့သြစရာကောင်းလို့လဲ။ မင်း မကူညီချင်ရင် မကူညီနဲ့ပေါ့ ။ အဲဒါအတွက်နဲ့ ဘဝင်ရူး ဖြစ်နေစရာမလိုဘူး”
တိမ်တာအိုသခင်က ခါးသက်သက်ပြုံးလိုက်ပြီး ပိုင်ရှောင်ချန်းကို နားချရန် အလျင်အမြန်ကြိုးစားလိုက်သည်။
” စိတ်လျှော့ပါ ညီလေးပိုင်ရယ် ”
သူက ခေါင်းခါလိုက်သည်။
” အီး…။ ကြည့်.. ထိပ်ဆုံး ၁၀၀၀က လူတွေအားလုံးကလေ ထိပ်ဆုံးလက်ရွေးစင်တွေပဲ။ ကျုပ်တို့ ဟိုဟာလုပ် ဒီဟာလုပ် ဘာညာ ပြောလို့ရတဲ့ လူတွေမဟုတ်ဘူး။ ဂိုဏ်းက သူတို့ကို အရေးကြီးတဲ့အနာဂတ်ပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ထားတာ။ အထူးသဖြင့် အဆင့်အလိုက် ထိပ်ဆုံး ရာဂဏန်းထဲပါတဲ့ လူတွေပေါ့ကွာ။ ဥပမာပြောရရင် သိပ်မကြာတုန်းက စီမာဖေးရုက ကျင့်ကြံခြင်းဒေသတစ်ခုလုံးကို သိမ်းပိုက်ထားပြီးတော့ ဘယ်သူမှ အဝင်မခံဘူး။ အဲဒါက တော်တော်လေး အနှောင့်အယှက်ဖြစ်ပေမယ့် နောက်ဆုံးတော့ ဘာမှဖြစ်မလာဘူး။ ဘယ်သူမှလည်း သူ့ကို အတိုက်အခံလုပ်ပြီး ပြဿနာမီးထွန်းမရှာချင်ဘူးလေ”
ပိုင်ရှောင်ချန်းသည် စီမာဖေးရု ဆိုသူကို ကြားဖူးပြီး ၉၀ အတွင်း အဆင့်ဝင်ကြောင်းသိလေသည်။ သူသည် မိစ္ဆာနှိမ်နင်းရေးခန်းမမှ မဟုတ်ပဲ သီးသန့်ဂိုဏ်းခန်းမမှ ခမ်းနားကြီးကျယ်ပြီး အရှိန်အဝါကြီးမားသော လက်ရွေးစင်တစ်ယောက်ဖြစ်သည်။
ထို့နောက် ပိုင်ရှောင်ချန်းမှာ စိတ်သောကရောက်နေလေရာ တိမ်တာအိုသခင်က တတိယမြောက်နေရာကို ခေါ်သွားလေသည်။ ထို့နောက် စတုတ္ထမြောက်နေရာ…
မိစ္ဆာနှိမ်နင်းရေးခန်းမတွင် ထိပ်ဆုံး ၁၀၀၀ ဝင်သော ကျင့်ကြံသူဒါဇင်အနည်းစုသာ ရှိသည့်အထဲမှ အများစုမှာ လောလောဆယ်တွင် တံခါးပိတ်ကျင့်ကြံနေကြပြီး အခြားသူများမှာ အဝေးရောက်နေကြသည်။ တစ်နေ့လုံးကုန်သွားသော်လည်း လက်ရွေးစင်တစ်ယောက်မှ ပိုင်ရှောင်ချန်းနှင့် တိမ်တာအိုသခင်ကို ဂရုတစ်ချက်ပင်မစိုက်ပေ။ သူတို့နှစ်ယောက်လုံးမှာ လျစ်လျုရှုခံရလိုက်၊ တန်းအငြင်းခံရလိုက်ဖြစ်နေတော့သည်။ လက်ရွေးစင်အမျိုးမျိုး၏ မျက်နှာများပေါ်ရှိ အမူအရာများမှာ ကွဲပြားသော်လည်း သူတို့၏ အရိုးထဲထိစိမ့်ဝင်နေသော စိတ်ကြီးဝင်နေမှုကို တစ်ယောက်မှ မဖုံးကွယ်နိုင်ကြပေ။ ပိုင်ရှောင်ချန်းမှာ သည်းမခံနိုင်တော့ပဲ ဒေါသထွက်လာတော့သည်။
” ဝိညာဥ်အမြီးကြက်လို ဘဝင်မြင့်နေလိုက်ကြတာ ”
ယခုတွင် ညနေစောင်းနေပြီး ဤအလုပ်မှာ အရေးမပါသည့်အလား ဖြစ်ပျက်နေခြင်းကြောင့် ပိုင်ရှောင်ချန်းမှာ ဒေါသလည်းထွက် သိမ်ငယ်စိတ်လည်း ဝင်လာတော့သည်။ အမှန်တကယ်ပင် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များထဲ ဝင်ရန် သွားရောက်ကြိုးစားလိုစိတ်များပင်လျှင် တဖွားဖွားပေါ်လာတော့သည်။
” ညီလေးပိုင်..အီး.. ဟိုကိုကြည့်ဦး..တစ်ခုကျန်သေးတယ်။ သူက တခြားလူတွေထက်ပိုပြီး ပြောရဆိုရအဆင်ပြေတယ်။ ငါတို့ သေချာပေါက် အောင်မြင်သင့်တယ်နော်။ ဒေါသမထွက်စေနဲ့။ လက်ရွေးစင်တွေက ဒီလိုပါပဲကွာ။ သူတို့ အခုရောက်နေတဲ့နေရာအတွက် လူတစ်သောင်းကို တိုက်ခိုက်ခဲ့ရတာကိုး။ အဲဒီမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို တွေးပဲကြည့်လိုက်။ သူတို့ မာနကြီးဘဝင်မြင့်နေတာလဲ သဘာဝပါပဲကွာ..”
တိမ်တာအိုသခင်မှာ တစ်နေ့လုံး ထိုအတိုင်း ပိုင်ရှောင်ချန်းကို ချော့မော့နားချနေခဲ့လေသည်။ ဖြစ်ခဲ့သောအရာများအတွက် သူ့ အနည်းငယ်ရှက်မိသော်လည်း သူ့အတွက် အရာအားလုံးလိုက်လုပ်ပေးရန် ဖုန်းယွမ်ဒဲ့အပေါ်မှီခိုနေသည့်အတွက် ပိုင်ရှောင်ချန်းကို အတန်ငယ် လှောင်နေမိလေသည်။ သူ့မှာ စစ်မှန်သော ကျွမ်းကျင်မှုရှိလျှင် လူတကာပတ်ပြီး အကူအညီလိုက်တောင်းနေမည့်အစား မည်သည့်အတွက်ကြောင့် စိန်မခေါ်လေသနည်း။
ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်က စိတ်ဓာတ်ကျနေသောခံစားချက်များကို ဖိနှိပ်လိုက်ပြီး တိမ်တာအိုသခင်နောက်လိုက်ကာ နောက်ဆုံး အင်မော်တယ်ဂူကို သွားလိုက်လေသည်။ ပြောခဲ့သည့်အတိုင်း ယခုကျင့်ကြံသူသည် အနည်းငယ်ပို၍ ပြောရဆိုရလွယ်လေသည်။ တောင်းဆိုမှုကို ကြားပြီးနောက် သူက ချက်ချင်းပင် ပြုံးလိုက်သည်။
” အာ.. ဒီကိစ္စလေးက ဘာမှမဟုတ်ပါဘူး။ အရင်ကလဲ ကျုပ်ဒီလိုကိစ္စမျိုး လုပ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် ကျုပ် ပွဲစားခ ယူမယ်ဗျာ။ ညီလေးပိုင်.. မင်းအကြောင်းတော်တော်များများ ကျုပ်ကြားဖူးပါတယ်။ ဒါကြောင့် စွမ်းဆောင်မှုရမှတ် တစ်သိန်းပဲပေး။ မင်းအတွက် အဲဒီဆေးပင်တွေဝယ်ပေးမယ်”
ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ စွမ်းဆောင်မှုဏမှတ် တစ်သိန်းကို သူ မတတ်နိုင်သောကြောင့်မဟုတ်သော်လည်း သူလိုချင်သော ခုနစ်ရောင်မြူပင်လယ်မြက်သည် တစ်သောင်းမျှသာ ကျသင့်လေသည်။ သို့သော် ဤလူက သူ့ကို တစ်သိန်းပေးခိုင်းနေသည်လား။
ပိုင်ရှောင်ချန်း၏ အမူအရာကို ကြည့်ပြီး ကျင့်ကြံသူက အထင်သေးမှုနှင့် ယုံကြည်မှုများ ဒွန်တွဲနေသော အပြုံးတစ်ခုဖြင့် ပြုံးလိုက်လေသည်။
” စျေးကြီးတယ်လို့ တွေးနေတာလား။ မပေးချင်ဘူးလား။ ရတယ်လေ။ မင်းတော်ရင်တော့ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်တွေထဲ ပါအောင် သွားကြိုးစားပေါ့။ ထိပ်ဆုံး ၁၀၀၀ ထဲဝင်ရင် ငါ့ဆီက အကူအညီမလိုတော့ဘူးလေ”
ဝင်လေထွက်လေကို တည်ငြိမ်အောင်ကြိုးစားရင်း ပိုင်ရှောင်ချန်းသည် စကားတစ်ခွန်းမှမပြောပဲ နောက်သို့ ချာခနဲလှည့်ကာ ထွက်သွားလိုက်သည်။ တိမ်တာအိုသခင်က သက်ပြင်းချလျက် သူ့နောက် အပြေးအလွှားလိုက်လာ၏။ ပိုင်ရှောင်ချန်းက ဒေါသအကြီးအကျယ် ထွက်လာမည်ကို ရင်ထိတ်နေလျက် အားပေးနှစ်သိမ့် စကားနည်းနည်းပါးပါး ပြောရန် ပြင်လိုက်သည်။ သို့သော်လည်း လမ်းအနည်းငယ်လျှောက်ပြီးသော် ပိုင်ရှောင်ချန်းက ရပ်လိုက်ပြီး သူ့ဘက်လှည့်လာ၏။
” ဒီနေ့ ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် တိမ်တာအိုသခင်”
တခဏကြာ ချီတုံချတုံဖြစ်သွားပြီးနောက် တိမ်တာအိုသခင်က ပြောလိုက်သည်။
” အမ်… ညီလေးပိုင်၊ နားထောင်၊ ငါတို့ အဆင်ပြေအောင် လုပ်လို့ရပါသေးတယ်။ အဆောင်မှူးကို သွားပြောလိုက်ရအောင်လေ။ သူ ဓမ္မအမိန့်ချပြီး သူတို့လုပ်ချင်ချင်၊ မလုပ်ချင်ချင် ဖိအားပေးပြီး မင်းကို ကူညီခိုင်းလို့ရတယ်”
တစ်နေ့လုံး တိမ်တာအိုသခင် ကြိုးစားဖုံးဖိနေသည့် အထင်အမြင်သေးသောအကြည့်များကို ပိုင်ရှောင်ချန်း သတိမပြုမိပဲနေချေ။ အံတင်းတင်းကြိတ်လိုက်ပြီး သူက ပြောလိုက်သည်။
” မလိုဘူး ”
တိမ်တာအိုသခင်မျက်လုံးပြူးသွား၏။
” မင်း ပြောချင်တာက…”
” ထိပ်ဆုံး ၁၀၀၀ ပဲမလား။ ကျုပ် စမ်းသပ်ပွဲကို စိန်ခေါ်မယ်”
အင်္ကျီလက်ကို ခါလိုက်ပြီး အလင်းတန်းအသွင်ပြောင်းကာ သူ၏အင်မော်တယ် ဂူသို့ ပြန်လိုက်လေသည်။
တိမ်တာအိုသခင်မှာ ရပ်လျက် သူထွက်ခွာသွားသည်ကို ကြည့်နေလေသည်။ တခဏကြာသော် သူက ခပ်တိုးတိုးရယ်လိုက်၏။
” မင်း တကယ်သာလုပ်နိုင်ရင် ဘာလို့သူများတွေ အကူအညီ သွားတောင်းနေသေးတုံး။ ရက်နည်းနည်းကြာတာနဲ့ အဆောင်မှူးဆီက အကူအညီပြန်လာတောင်းလိမ့်မယ်လို့ ငါလောင်းရဲတယ်”
အင်မော်တယ်ဂူသို့ ပြန်ရောက်သော် ပိုင်ရှောင်ချန်းသည် ခဏနားလိုက်ပြီးနောက် သူ၏ တာအိုစောင့်ရှောက်သူများကို သတင်းပို့ကာ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များနှင့်ပတ်သက်သော အချက်အလက်များကို တတ်နိုင်သမျှ ရှာပေးရန်ခိုင်းလိုက်သည်။ ကျန်ရှိသောလအတောအတွင်း နည်းမျိုးစုံဖြင့် စုံစမ်းထောက်လှမ်းကြလေသည်။
နောက်ထပ်လဝက်ကုန်ဆုံးသွားလေသည်။ ပိုင်ရှောင်ချန်းသည် ကောင်းကောင်းမွန်မွန်ပြင်ဆင်မိပြီဟု ခံစားလိုက်ရ၏။ အံတင်းတင်းကြိတ်၍ သူကပြောလိုက်သည်။
“ ထိပ်ဆုံး ၁၀၀၀ပဲမလား။ ဘာတွေများ အဲ့လောက် ထူးခြားနေလို့လဲ။ ငါပြန်လာတာနဲ့ ထိပ်ဆုံး ၁၀၀၀ထဲ သေချာပေါက်ရောက်စေရမယ်”
သူ့မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေပြီး ပစ္စည်းအနည်းငယ် ထုတ်ပိုးလိုက်ပြီးနောက် အနန္တကြယ်သက်တန့်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းအထင်ကရကြယ်ပွင့်များစမ်းသပ်ပွဲ ကို သွားသည့် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို ဦးတည်လိုက်သည်။
စမ်းသပ်ပွဲများမှာ အနန္တကြယ်သက်တန့်၏ သုံးဆယ်ရာခိုင်နှုန်းနီးပါး နေရာယူထားပြီး နေ့ညမဟူ ဝင်ပေါက်မှာ အမြဲတစေ လူများ ပြွတ်သိပ်ကြပ်လျက်ရှိသည်။ အချိန်တိုင်း လူများစွာ စမ်းသပ်ပွဲထဲ ဝင်ရောက်နေကြပြီး လူတစ်ယောက်က သူ၏ကိုယ်ပိုင်ကြယ်ပွင့်အဆင့်တက်ရာတွင် အောင်မြင်သွားလျှင် လူများမှာ ချက်ချင်း သတိပြုမိသွားကြပြီး မနာလိုဖြစ်သွားကြသည်။
စမ်းသပ်ပွဲဝင်ပေါက်ကို ထူးခြားသောအလင်းများနှင့် အံ့သြတုန်လှုပ်ဖွယ်ကောင်းသော ဖိအားများထုတ်လွှတ်နေသည့် နက်နဲသိမ်မွေ့သော မှော်သင်္ကေတအမြောက်အမြားထွင်းထားပြီး မီတာ ၃၀၀၀တိတိ မြင့်မားသော ရှေးဟောင်းစိမ်းပုပ်ရောင် တံခါးပေါက်တစ်ခုဖြစ်သည်။
တံခါးပေါက်ကြီးကို ကျင့်ကြံသူများမဟုတ်သော်လည်း ပုံပန်းသွင်ပြင်အားဖြင့် ရက်စက်ကြမ်းကြုတ်ခက်ထန်သော ဧရာမခြင်္သေ့ကြီးကဲ့သောသားရဲကြီးများကို ဖော်ကျူးနေသည့် ဧရာမရုပ်တုကြီးနှစ်ခုက ဘေးတစ်ဖက်တစ်ချက်တွင် ခြံရံထားလေသည်။
တံခါးပေါက်ကြီးတွင် အက်ကွဲကြောင်းတစ်ခုသာ ဟနေလေသည်။ မလှမ်းမကမ်းမှကြည့်လျှင် ထိုအက်ကွဲကြောင်းလေးသည် အလွန်တရာသေးငယ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် မီတာဒါဇင်ပေါင်းများစွာ ကျယ်ပြောလေရာ ကျင့်ကြံသူအများအပြား ဝင်ရန်၊ ထွက်ရန်နေရာများစွာရှိလေသည်။ ပိုင်ရှောင်ချန်း ရောက်သည်နှင့် တိမ်တစ်ခုပေါ်ရှိ ဝင်ပေါက်ကို ပျံသန်းသွားသော အစိမ်းရောင် တာအို ဝတ်ရုံဖြင့် ချောမောခန့်ညားသော လူငယ်တစ်ယောက်ကို မြင်လိုက်ရလေသည်။
ဘေးပတ်လည်ရှိ အခြားကျင့်ကြံသူများမှာ ထိုလူကို မြင်လိုက်သည်နှင့် အော်ဟစ်လိုက်ကြလေသည်။
” အဲဒါ ရှင်းသက်တန့်ဒေသက ကျိုးရိသုန်။ အစ်ကိုကြီးကျိုး”
“ဒီတစ်ကြိမ်တော့ အစ်ကိုကြီးကျိုးက သေချာပေါက် ထိပ်ဆုံး ၁၀၀၀ ထဲ ဝင်မှာပဲ”
” ဟုတ်တယ် ကျုပ်တွေးနေတာလဲ အဲ့တာပဲ။ အစ်ကိုကြီးကျိုးက ရှင်းသက်တန့်ဒေသက လက်ရွေးစင်လေ။ ပြီးတော့ ပင်လယ်ကင်းစောင့်ခန်းမဆောင်က အဖွဲ့ဝင်။ သူ ပထမဆုံးအကြိမ် စမ်းသပ်ပွဲ ဝင်တုန်းက ထိပ်ဆုံး ၅၀၀၀မှာပါတယ်။ နှစ်ကြိမ်မြောက်မှာ ထိပ်ဆုံး၃၀၀၀။ နောက်ပြီး သုံးကြိမ်မြောက်လဲကျရော အဆင့် ၁၅၀၀ ရတယ်။ ဒါက သူ့ရဲ့ လေးကြိမ်မြောက်ပဲ။ ငါတော့ သူ သေချာပေါက် ထိပ်ဆုံး ၁၀၀၀ထဲ ဝင်လိမ့်မယ်လို့ ခံစားနေရတယ်”
သူတို့ အော်နေကြချိန်တွင် အစိမ်းရောင်အပိုင်းရှိ အစ်ကိုကြီးကျိုးကို ကိုယ်စားပြုသည့် ကြယ်မှာ လင်းသွားလေရာ ပို၍များပြားသော လူများပင်လျှင် အာရုံစိုက်လာကြတော့သည်။
လူတိုင်း ကျိုးရိသုန်ကို အာရုံစိုက်နေကြစဥ် ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝင်ပေါက်ကို ဦးတည်လိုက်သည်။ ဘယ်သူမှ သူ့ကို အာရုံစိုက်မနေကြပေ။ လူတိုင်းမှာ ကျိုးရိသုန် ထိပ်ဆုံး ၁၀၀၀ အတွင်း ဝင်ရောက်နိုင်မည်လား ကြည့်ချင်နေကြသည်။
စမ်းသပ်ပွဲတွင် အဓိကမှတ်တိုင်များမှာ ၁၀၀၀၀ မြောက်နေရာ၊ ထို့နောက် ၁၀၀၀ မြောက်၊ ၅၀၀ မြောက်နှင့် ၁၀၀ မြောက်တို့ဖြစ်ကြသည်။ ထို့အပြင် ပို၍ မြင့်သောအဆင့်ကို တက်လှမ်းနိုင်ပါက မယုံကြည်နိုင်ဖွယ် ဆုလာဘ် အမြောက်အမြားပေးအပ်မည်ဖြစ်သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များတွင် အဆင့်တက်ခြင်းသည် လူတစ်ယောက်၏နာမည် လူသိထင်ရှားဖြစ်လာရန် နည်းလမ်းတစ်ခုဖြစ်သည်။ ထိပ်ဆုံး ၁၀၀၀၀ အတွင်းဆိုလျှင် ဂုဏ်သတင်းကြီးကျယ်သော်လည်း ထိုသို့ အဆင့်တက်နိုင်မှသာ ခန်းမဆောင်များ၏ စစ်မှန်သော လက်ရွေးစင်အဖြစ် အမှန်တကယ် သတ်မှတ်ခံရလေသည်။
ထိပ်ဆုံး ၅၀၀ အတွင်း ဝင်ရောက်သွားသည့် မည်သူ့ကိုမဆို ဒေသများ၏ လက်ရွေးစင်တစ်ယောက်အဖြစ် သတ်မှတ်ပေမည်။ ထို့နောက်တွင် ထိပ်ဆုံး ၁၀၀။ ထိုအဆင့်သို့ ရောက်သည့် မည်သူ့မဆို ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စစ်မှန်သော ထိပ်တန်းကြယ်ပွင့်များအဖြစ် သတ်မှတ်ပေးလေသည်။
” ငါလဲ လုပ်နိုင်တယ်”
ပိုင်ရှောင်ချန်းက စိတ်ပိုင်းဖြတ်ထားမှုများဖြင့် မျက်လုံး တလက်လက်တောက်ပနေရင်း တွေးလိုက်သည်။ မိစ္ဆာနှိမ်နင်းရေးခန်းမရှိ သူ၏ အတွေ့အကြုံနှင့် သူ့ဘေးပတ်လည်ရှိ စိတ်အားထက်သန်နေသော လေထုကြောင့် ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုများဖြင့် ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ချီစုစည်းမှုအဆင့်နှင့် အပင်နှင့်အသီးအရွက်များကျောက်တိုင်ကို စိန်ခေါ်ခဲ့သည့်ေန့ရက်များကဲ့သို့ သူ ရုတ်တရက် ခံစားလာရတော့သည်။
ထို့နောက် တံခါးရှိ အက်ကွဲကြောင်းထံ သွားလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အထဲရောက်သွားလေသည်။ သူ့နားထဲတွင် တဂျုန်းဂျုန်းအသံများကြားလိုက်ရပြီး ပုံရိပ်အမြောက်အမြား ပြိုးပြိုးပြက်ပြက်ဖြစ်နေလေရာ သူ၏ အမြင်အာရုံများ ဝေဝါးလာတော့သည်။ ကမ္ဘာတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်အလား အရာအားလုံး ဝိုးတိုးဝါးတားဖြစ်သွားတော့သည်။
အားတစ်ခုက ထိုအရာထဲမှ သူ့ကို ဆွဲခေါ်သွားပြီး ထိုအားနှင့် တံခါးမှ သူ့အပေါ်အသုံးပြုလိုက်သည့် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားတို့ ပေါင်းစပ်သွားသောအခါ လက်ကြီးတစ်ဖက်က သူ့ကို ဖမ်းဆွဲပြီး အခြားနေရာထဲသို့ ဆွဲခေါ်နေသည့်အလား မယုံကြည်နိုင်သော ဖိအားတစ်ခုဖြစ်ပေါ်လာတော့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး မျက်နှာမှာ သွေးဆုပ်သွားလေသည်။ ဤမျှပြင်းထန်သော တည်နေရာရွှေ့ပြောင်းခြင်းမျိုးကို သူပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်လေသည်။ သူ၏ စွမ်းအားကြီးမားသော ကျင့်ကြံခြင်းအခြေခံကြောင့်သာမဟုတ်လျှင် ယခုချက်ချင်း မေ့လဲသွားပေလိမ့်မည်။
အမှန်တကယ်ဆိုရလျှင် စမ်းသပ်ပွဲထဲ ပါဝင်သည့် လူတိုင်း အလားတူ ကြုံတွေ့ရလေသည်။အမှန်တွင် ထိုဖိအားကို မခံနိုင်သည့် မည်သူမဆို ထုတ်ပယ်ခံရမည်ဖြစ်လေသည်။ နတ်မီးလျှံ စမ်းသပ်ပွဲသည် တကယ်တမ်းဆိုရလျှင် ဤ တည်နေရာရွှေ့ပြောင်းခြင်းဖြင့် စတင်လေသည်။
သဲသဲကွဲကွဲမြင်လာရစဥ် သူ့မျက်နှာကို အပူလှိုင်းတစ်လှိုင်း ရိုက်ခတ်သွား ပြီး အနံ့တစ်ခုကို ခံစားမိလိုက်ရာ သူ၏ဆံပင် မီးလောင်သွားသည်လားပင် ထင်မိသွားလေသည်။ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ ကြက်သွေးရောင် ချောက်ကမ်းပါးများဖြင့် နယ်နိမိတ် ကန့်သတ်ထားသည့် ကမ္ဘာတစ်ခုထဲရောက်နေကြောင်း တွေ့လိုက်ရလေသည်။
ချောက်ကမ်းပါးများ၏ အောက်တွင် မျက်စိတစ်ဆုံးစီးဆင်းနေသည့် ချော်ရည်ပင်လယ်တစ်စင်းရှိ၏။ မီးတောက်မီးလျှံများ တဟုန်းဟုန်းတောက်လောင်နေပြီး ချော်ရည်ပူများ တပွက်ပွက်ဆူနေလေရာ အရပ်မျက်နှာတစ်ခွင်တွင် ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံကြီးများ ပဲ့တင်ထပ်နေတော့သည်။
တချိန်တည်းမှာပင် ချောက်ကမ်းပါးမှ တောရိုင်းသားရဲအများအပြား ပျံတက်လာပြီး သူတို့လမ်းသူတို့ဆက်သွားရန်ကြိုးစားလိုက်ကြသည်။
သို့သော်လည်း ထိုသားရဲအများအပြားမှာ မီးတောက်များ အဟပ်ခံလိုက်ရပြီး မီးလောင်ပြာကျသွားကာ ပင်လယ်၏ ဝါးမျိုခြင်းခံလိုက်ရလေတော့သည်။