Switch Mode

အခန်း ( ၄၁၉ )

အဆင့်ကို လေးစားပါ

ပိုင်ရှောင်ချန်းက ရုတ်တရက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ချင်းမေ့ယွမ်ကို ကြည့်လိုက်သည်။

ချင်းမေ့ယွမ်က သူမ၏ပါးစပ်ကို လက်ဖြင့်ကွယ်ကာ နှစ်လိုဖွယ်ကောင်းသော မျက်ဝန်းများဖြင့် တိုးတိုးလေးရယ်လိုက်သည်။ ပိုင်ရှောင်ချန်းက ထိုသတင်းအား အလွန်အမင်းကြားချင်နေသည်ကို မြင်လိုက်ရသဖြင့် သူမက အချိန်ဆွဲမနေတော့ချေ။

” ညီမ ရဲ့ စေ့စပ်သေချာတဲ့ စုံစမ်းမှုတွေအရ သူ့ တည်နေရာအတိအကျကိုတော့မသိနိုင်သေးပေမဲ့ သေချာတာတစ်ခုက ဒီ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ သူရှိတယ်ဆိုတာပဲ။ ”

ပိုင်ရှောင်ချန်းကမူ ဘာမှဆက်မပြောသော်လည်း သူ၏မျက်ဝန်းများမှာ ပို၍ တောက်ပစွာ လင်းလက်လာတော့သည်။

” အစ်ကို့ကို ညီမလုပ်ပေးဖို့ ကတိပေးခဲ့တာတွေအကုန်လုံးကို ညီမလုပ်ပေးမှာပါ။ ”
ချင်းမေ့ယွမ်က ဆိုလိုက်သည်။
” ညီမ ဆက်ပြီးစုံစမ်းပေးမယ်။ ပြီးတော့ အချက်အလက်အသစ်တွေထပ်ရရင် အစ်ကို့ကို ချက်ချင်းပြန်ပြောပြမယ်။ သိထားရမှာတစ်ခုက အစ်ကိုဒီဂိုဏ်းမှာ ရောက်နေတယ်ဆိုတာကို တုလင်ဖေး သိရင်သိနေနိုင်တယ်ဆိုတဲ့ အချက်ပဲ။ ” ထိုသို့ဆိုကာ သူမသည် ပိုင်ရှောင်ချန်းကို နောက်ဆုံးတစ်ခေါက်စိုက်ကြည့်ပြီးနောက် ထွက်ခွာသွားတော့သည်။

ချင်းမေ့ယွမ်ထွက်ခွာသွားပြီးနောက် အချိန်အတော်ကြာသည်အထိ ပိုင်ရှောင်ချန်းသည် အင်မော်တယ်ဂူအဝတွင်ရပ်ကာ မိုးကုတ်စက်ဝိုင်းထဲသို့ ဝင်သွားသည့် နေလုံးကြီး၊ ညနေစောင်းအချိန်၏ ပျံ့ကြဲနေသော အရိပ်များ နှင့် မျက်စိတစ်ဆုံး ကျယ်ပြန့်လှသော ခမ်းနားထည်ဝါလှသည့် ရွှေဝါရောင်ပင်လယ်ကြီးကို ကြည့်နေတော့သည်။ တချိန်ထဲမှာပင် သူသည် အတိတ်က အမှတ်တရများစွာကို ပြန်တွေးနေမိတော့သည်။

နှစ်နာရီကြာပြီးနောက် သူကအသက်ပြင်းပြင်းရှူလိုက်ကာ စိတ်နှလုံးကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး တရားထိုင်ရန်အတွက် အင်မော်တယ်ဂူထဲသို့ ပြန်ဝင်သွားတော့သည်။ ယခုတွင်မူ သူသည် ယခင်နှစ်ပေါင်းများစွာကကဲ့သို့ တုလင်ဖေးနှင့်ပတ်သတ်သော အမှန်တရားကို ရှာဖွေရန် ခေါင်းမမာတော့ချေ။

ရက်အနည်းငယ်ကြာသောအခါတွင်မူ သူသည် စိတ်ထဲတွင် နေမထိ ထိုင်မသာ ဖြစ်လာတော့သည်။ တုလင်ဖေးကိစ္စကြောင့် သူခေါင်းစားနေရရုံသာမက အသက်ဝင်တောင် ဂါထာတော်၏ ပြဿနာများကြောင့် သူ့ရင်ထဲတွင် တနုတ်နုတ် ဖြစ်နေရတော့သည်။ ထို့အပြင် ကျောက်တောင်က သူ့ကို ပြောခဲ့သည့် စကားများကိုလည်း ပြန်တွေးနေမိသည်။

” ကိုယ့်ကိုယ်ကိုယ် မေ့အောင်လုပ်။ ပြီးရင် တောင်ကိုမေ့အောင်လုပ်။ ငါနိုးထလာတဲ့အချိန်ရောက်ရင် ငါကတောင်ကြီးဖြစ်နေပြီး တောင်ကြီးက ငါဖြစ်နေလိမ့်မယ်။ ”
ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ် နေရတော့သည်။ သူက ထိုစကားများ၏ ယေဘုံယျသဘောတရားများကို နားလည်ပါသော်လည်း ‘ မေ့ ‘ ဟူသော စကားလုံးမှာ အရေးကြီးဆုံး ဖြစ်နေသည်မှာ အသေအချာပင်ဖြစ်သည်။

တစ်စုံတစ်ခုကို မေ့ရန်မှာ ပြောရသည်သာလွယ်သော်လည်း လက်တွေ့လုပ်ရသည်မှာ တခြားဆီပင် ဖြစ်သည်။ ယခုတွင်မူ ပိုင်ရှောင်ချန်းသည် မည်သို့မည်ဖုံမေ့ရမည်ကို မသိနိုင်အောင် ဖြစ်နေရသည်။

” ငါ ဘယ်လိုနည်းနဲ့များ မေ့ရပါ့။ ”
သူက စိုးရိမ်တကြီး ရေရွတ်နေတော့သည်။
” သတိမေ့မျောသွားအောင် လုပ်ရမှာလား။ ကဗျာမှာတော့ သတိမေ့မျောတာနဲ့ဆိုင်တာ တစ်ခုမှတော့ မပါဘူး။ ပါးစပ်က မေ့ဆိုပြီး ပြောလိုက်တာနဲ့ ချက်ချင်းမေ့သွားနိုင်တဲ့ နည်းလမ်းရှိရင် သိပ်ကောင်းမှာပဲ။ အဲ့တာဆို လုံးဝ ကွက်တိပဲ။ ”
ထိုစကားများကို ပြောမိလိုက်သည့်အချိန်တွင် သူက ရုတ်တရက် ရပ်သွားပြီး မျက်လုံးများမှာ ထူးဆန်းစွာတောက်ပလာသည်။

” မေ့ဆိုပြီး ပါးစပ်ကပြောရင် ချက်ချင်းမေ့သွားတာ…. ”
သူက တောက်ပနေသည့် မျက်ဝန်းများဖြင့် စုတ်သပ်နေရင်း သုံးစွဲလိုက်ပါက အမှန်တရားကြီးကို မေ့သွားစေနိုင်ကာ ပုံရိပ်ယောင်များကိုသာ မြင်ယောင်လာစေနိုင်သည့် သူ၏ မူးယစ်ဆေးလုံးများအကြောင်းကို ပြန်တွေးမိသွားတော့သည်။

” သိပ်ဟုတ်တာပေါ့ကွာ။ ”
သူက စိတ်လှုပ်ရှားစွာ ပေါင်ကိုရိုက်ကာ မတ်တတ်ထရပ်လိုက်ပြီး အင်မော်တယ်ဂူထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေတော့သည်။ အချိန်အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် သူက မူးယစ်ဆေးလုံးတစ်လုံးကိုထုတ်ကာ အသေးစိတ် လေ့လာလိုက်သည်။ ထို့နောက် သူက ထိုဆေးလုံးကို သုံးစွဲခဲ့သည့် ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် ပေါ်ပေါက်လာသော ထူးဆန်းသည့် အမူအရာများကို ပြန်တွေးမိသွားပြီး ထိုဆေးလုံးကို စားလိုက်ပါက ထိုကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေတော့သည်။.

” မဟုတ်သေးဘူး။ အဆင်မပြေသေးဘူး။ အခုက ငါကိုယ်တိုင် သုံးမှာဆိုတော့ အများကြီး ပိုပြီး ဂရုစိုက်မှရမယ်။ ငါနဲ့ ကွက်တိဖြစ်အောင်လို့ ဖော်စပ်နည်းကို သေသေချာချာ ပြုပြင်ပြောင်းလဲမှ ရမယ်။ ”
အနည်းငယ်ထပ်၍ တွေးတောလိုက်ပြီးနောက် သူက အင်မော်တယ်ဂူအပြင်သို့ ထွက်ကာ လိုအပ်သော ပစ္စည်းများကိုရယူရန် မိစ္ဆာနှိမ်နင်းရေးခန်းမဆီသို့ ထွက်သွားတော့သည်။

ထောက်ပံ့ရေးပစ္စည်းများထားသည့် နေရာတွင် တာဝန်ကျသည့် ဂိုဏ်းသားက ပိုင်ရှောင်ချန်းကို မြင်သောအခါ ပြုံးပြကာ ရိုသေစွာဖြင့် ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။ ပိုင်ရှောင်ချန်းမှာ သူအလိုရှိသော ပစ္စည်းများကို ရယူရန် မိစ္ဆာနှိမ်နင်းရေးခန်းမသို့ လာနေကြဖြစ်သည်။ အများစုကို သူကအကြွေးဝယ်နေကြဖြစ်သည်။ ထိုသို့ဝယ်ယူခြင်းမှာ မိစ္ဆာနှိမ်နင်းရေးခန်းမတွင် တစ်ခါမှ မရှိဘူးသဖြင့် သူသည် အလွန်နာမည်ကြီးနေတော့သည်။

” ငါဒီဆေးလုံးကို ပြန်ဖော်စပ်မှ ရမယ်။ ငါ့အတွက် သီးသန့်ဖော်စပ်ထားပြီး အန္တရာယ်ကင်းတဲ့ ဆေးလုံးမျိုးကို လိုတာ။ ပါးစပ်က မေ့ဆိုပြီး ပြောလိုက်တာနဲ့ ချက်ချင်းမေ့သွားရမယ်။ နိုးထစမ်းဆိုပြီးပြောလိုက်တာနဲ့ ချက်ချင်းပြန်ပြီး နိုးထလာရမယ်။ ” သူက ပို၍တွေးလေ ထိုအကြံမှာ ပို၍အဓိပ္ပါယ်ရှိလာ လေ ဖြစ်နေတော့သည်။ ထို့ကြောင့် သူက စွမ်းဆောင်မှုရမှတ်များစွာကို သုံးကာ သူလိုအပ်သည့် အလွန်ရှားပါးသော ဆေးပင်များကို ဝယ်လိုက်တော့သည်။

ဝယ်ယူနိုင်သည့် ပစ္စည်းများကို သူက တစ်ခုချင်းစီ ကြည့်နေစဥ် ရုတ်တရက် ပန်းပွင့်များမပါပဲ အရောင်မတူညီသော အရွက်ခုနစ်ရွက်ပါသည့် ဝိညာဥ်အပင်တစ်မျိုးကို မြင်လိုက်ရသည်။

” ခုနစ်ရောင်ခြယ် မြူခိုးပင်လယ် မြက်ပင်ပါလားဟ။ ” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရှိခဲ့စဥ်က သူသည် ထိုအပင်အကြောင်းကို ကျောက်စိမ်းပေလွှာတစ်ခုပေါ်တွင် ဖတ်ခဲ့ရဘူးသည်။ ထိုအပင်သည် စိတ်လှည့်စားမှုဆေးလုံးများလုပ်ရာတွင် အသုံးပြုသော ပုံရိပ်ယောင်များကို မြင်ရသည့် မြူခိုးများကို ထုတ်လွှတ်ပေးနိုင်သော ဝိညာဥ်အပင်တစ်မျိုး ဖြစ်သည်။ ထိုဆေးပင်သည် အလွန်အသုံးဝင်ရုံသာမက ဘေးထွက်ဆိုးကျိုးလည်း လုံးဝမရှိပေ။

” ငါ့ကို ဒီအပင် နည်းနည်းပေး။ ”
သူက စိတ်လှုပ်ရှားစွာဖြင့် ခုနစ်ရောင်ခြယ် မြူခိုးပင်လယ် မြက်ပင်ကို လက်ညှိုးထိုး၍ ဆိုလိုက်သည်။

” ဂိုဏ်းတူအစ်ကိုပိုင်ရေ။ ဂိုဏ်းက ဒီဆေးပင်ရောင်းချမှုနှုန်းကို ကန့်သတ်ထားတယ်ဗျ။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ထိပ်တန်းကြယ်ပွင့်တွေထဲက ထိပ်ဆုံးအယောက်တစ်ထောင်ထဲက လူတွေပဲ ဒီဆေးပင်ကို ဝယ်လို့ရတာ။ ”

” ဟင်။ ”
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ အနည်းငယ်မျှ တွေဝေသွားပြီးနောက် သူက ထိုအပင်ကြောင့် စိတ်လှုပ်ရှားနေမှုကို မထိန်းချုပ်နိုင်သေးသဖြင့် ချက်ချင်းပင် မိစ္ဆာနှိမ်နင်းရေးခန်းမ၏ ပင်မဘုံကျောင်းကြီးထံသို့ ပျံသန်းသွားတော့သည်။

သူ၏ လမ်းတစ်လျှောက်တွင် မိစ္ဆာနှိမ်နင်းရေးခန်းမမှ များစွာသော ကျင့်ကြံသူများက သူ့ကို ရိုသေလေးစွာ ကြည့်နေကြသည်။ ဤနေရာသို့ သူ လာသည့် ပုံမှန် အချိန်များတွင်မူ သူက အနည်းငယ် ကြွားနေကြဖြစ်သော်လည်း ယခုတွင်မူ စိတ်လှုပ်ရှားလွန်းနေသဖြင့် ဘုံကျောင်းဆီသို့သာ တည့်တည့်မတ်မတ်သာ သွားလိုက်တော့သည်။

” အဆောင်မှူးကြီးရေ။ ”
သူက ဘုံကျောင်းထဲသို့ မရောက်ခင် အပြင်ကပင် ကြို၍ အော်ဟစ်နေတော့သည်။
” ကျွန်တော် ပိုင်ရှောင်ချန်းပါဗျ။ အဆောင်မှူးကြီးနဲ့ ခဏလောက်တွေ့လို့ ရမလားဗျ။ ”
တိမ်တာအိုသခင်က ဘုံကျောင်းအပြင်ဘက်တွင် စောင့်ကြပ်နေပြီး ပိုင်ရှောင်ကိုမြင်လိုက်သောအခါ သူက ပြုံးပြကာ လမ်းကို ပိတ်မနေပဲ ဘုံကျောင်းထဲသို့ ဝင်သွားခွင့်ပေးလိုက်လေသည်။

ဖုန်းယွမ်ဒဲ့ကမူ ဘုံကျောင်း၏ အဆုံးတွင် ထိုင်ကာ တရားမှတ်နေသည်။ သို့သော် ပိုင်ရှောင်ချန်းက အပြေးအလွှားဝင်လာသောအခါ သူ့ မျက်လုံးများ ပွင့်လာတော့သည်။

ထို့နောက် သူက ဟန်ဆောင်ပြုံးကာ မေးလိုက်သည်။
” ဘာကူညီပေးရမလဲ ရှောင်ချန်း ”

အရင်ရက်များက ပိုင်ရှောင်ချန်းသည် အဆုံးမဲ့မဟူရာေချာက်၏ လျှိုမြောင်ထဲတွင် ရောက်နေသည်ဖြစ်၍ မိစ္ဆာနှိမ်နင်းရေးခန်းမ တိတ်ဆိတ်နေခဲ့ရသည်။ ထိုမတိုင်မီက သူသည် ဤသို့ ကိစ္စတစ်ခုမဟုတ် တစ်ခုကြောင့် ရောက်လာလာကာ ဖုန်းယွမ်ဒဲ့ကို အနှောင့်အယှက်ပေးနေကြ ဖြစ်သည်။

” အဆောင်မှူးကြီးရေ။ ”
ပိုင်ရှောင်ချန်းက စိတ်ညစ်ညစ်ဖြင့် ပြောလိုက်သည်။
” ကျွန်တော် ခုနစ်ရောင်ခြယ် မြူခိုးပင်လယ် မြက်ပင် နည်းနည်းလောက် အရေးကြီးလိုလို့ဗျ။ အဆောင်မှူးဆီများမှာ နည်းနည်းလောက်ရှိလားဗျာ။ ရှိရင် ကျွန်တော့်ကို နည်းနည်းလောက်ပေးလို့ရလား။ ”

ဖုန်းယွမ်ဒဲ့က ကျောက်စိမ်းပေလွှာ တစ်ခုကိုထုတ်ကာ မိစ္ဆာနှိမ်နင်းရေးခန်းမထဲတွင် ထိုဆေးပင် မည်မျှရှိကြောင်း စစ်ဆေးလိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူ၏မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။ ခုနစ်ရောင်ခြယ် မြူခိုးပင်လယ် မြက်ပင်သည် အလွန်ရှားသောဆေးပင်တစ်ပင် မဟုတ်သော်လည်း သူ၏လက်ဝယ်တွင် အများကြီး ရှိမနေပေ။ မိစ္ဆာနှိမ်နင်းရေးခန်းမတွင် သုံးပင်သာ ရှိသည်။ ထို့အပြင် ထိုဆေးပင်၏ စိတ်ကို ဂယောက်ခြောက်ခြားဖြစ်စေသည့် စွမ်းအင်များကြောင့် မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိသည့် ကျင့်ကြံသူများသာလျှင် ဘေးကင်းစွာ ကိုင်တွယ်အသုံးပြုနိုင်သည်။ ထို့ကြောင့် ဂိုဏ်းက ထိုဆေးပင်ကို ရောင်းချဖြန့်ဖြူးရာတွင် သတ်မှတ်ချက်များ ထားရှိထားခြင်း ဖြစ်သည်။

ဖုန်းယွမ်ဒဲ့က သက်ပြင်းချကာ ဆိုလိုက်သည်။
” အာ… ဒါ ပြဿနာမဟုတ်ပါဘူး။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ထိပ်တန်းကြယ်ပွင့်အယောက်တစ်ထောင်ထဲက တစ်ယောက်ကို သွားရှာပြီး မင်းအစား ဝယ်ခိုင်းလိုက်လေ။ ”

ဤအချိန်တွင် သူသည် ပိုင်ရှောင်ချန်း၏ တာအိုစောင့်ရှောက်သူ တစ်ယောက်အလား ခံစားနေရပြီဖြစ်သည်။ သူ၏နှလုံးသားထဲတွင် တရိပ်ရိပ်မြင့်တက်လာသည့် ဝမ်းနည်းဖွယ်ခံစားချက်ကြီးကို မျိုသိပ်ကာ အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။
” တိမ်တာအိုသခင်ရေ။ မင်းဒီကိစ္စကို တာဝန်ယူပေးနိုင်မယ် မလား။ ”

တိမ်တာအိုသခင်မှာ ခေါင်းညိတ်ပြလိုက်ပြီး အပြေးရောက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ အတော်လေးပင် စိတ်လှုပ်ရှားသွားရတော့သည်။ ဤနေရာသို့ သူ ရောက်လာရသည့် တစ်ခုထဲသော ရည်ရွယ်ချက်မှာ ထိပ်ဆုံးအယောက်တစ်ထောင်ထဲမှ တစ်ယောက်ကို သူ့အစားဝယ်ခိုင်းစေရန် ဖုန်းယွမ်ဒဲ့၏ အကူအညီကို လာတောင်းခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းက တိမ်တာအိုသခင်၏ ပခုံးအပေါ် လက်တင်လိုက်ပြီး ခန်းမအပြင်ဘက်သို့ ခေါ်ဆောင်သွားတော့သည်။

” ဂိုဏ်းတူညီလေးပိုင်။ ” တိမ်တာအိုသခင်က လျင်မြန်စွာဆိုလိုက်သည်။
” မိစ္ဆာနှိမ်နင်းရေးခန်းမမှာ ထိပ်ဆုံးအယောက်တစ်ထောင် ထဲပါတဲ့ ဂိုဏ်းသားက ဒါဇင်အနည်းငယ်လောက်ပဲ ရှိတာ။ သူတို့အားလုံးက မာနကြီးပြီး ခေါင်းမာတဲ့အမျိုးတွေချည်းပဲ။ ဘယ်သူကမှ အကျိုးအမြတ်တစ်ခုခု ပြန်မရပဲနဲ့တော့ ကူညီမှာမဟုတ်ဘူး။ ” တိမ်တာအိုသခင်က ပိုင်ရှောင်ချန်းကို အမှန်အတိုင်း ပြောပြလိုက်သည်။ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ ဂုဏ်ထူးဆောင်အစောင့်တစ်ယောက်အနေဖြင့် သူသည် ပိုင်ရှောင်ချန်းနှင့် ပြဿနာမတက်လိုသည်သာမက ထိပ်ဆုံးအယောက်တစ်ထောင်ထဲတွင် ပါဝင်သူများကိုလည်း သူက ရန်မစလိုပေ။

” ပြဿနာမရှိပါဘူး။ ”
ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ဝှေ့ယမ်းကာ ဆိုလိုက်သည်။ သူ့တွင် အများဆုံးပိုင်ဆိုင်ထားသည့်အရာသည်ကား စွမ်းဆောင်မှုရမှတ်များဖြစ်သည် မဟုတ်ပါလော။ စိတ်အားထက်သန်စွာဖြင့် သူသည် တိမ်တာအိုသခင်နှင့်အတူ ခပ်လှမ်းလှမ်းရှိ အင်မော်တယ်ဂူတစ်လုံးဆီသို့ အပြေးသွားလိုက်တော့သည်။

အတန်ငယ်ကွာေဝးသော နေရာသို့ ရောက်သောအခါ တိမ်တာအိုသခင်က ရပ်ကာ ရှင်းပြလိုက်သည်။
” ဒါက ဂိုဏ်းတူညီလေးကျိုးရဲ့ အင်မော်တယ်ဂူ။ သူက အသက်တစ်ရာသာ မပြည့်သေးတာ နှောင်းပိုင်း အမြုတေအဆင့်ကို ရောက်နေပြီ။ သက်တံ့ပေါ်မှာဆို အစိမ်းရောင်အဆင့်ထိရောက်ထားပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ထိပ်တန်းကြယ်ပွင့်တွေထဲမှာ အဆင့် ခုနှစ်ရာကနေ ခုနှစ်ဆယ့်ခုနစ်ကို ရောက်နေပြီ။ ”

‘” ဂိုဏ်းတူညီလေးကျိုးက လက်ရွေးစင်အစစ်တစ်ယောက်ပဲ။ ပြီးတော့ မိစ္ဆာနှိမ်နင်းရေးခန်းမမှာ အင်မတန် နာမည်ကြီးတာ။ အောက်တန်းအဆင့် ဂိုဏ်းသားတွေထဲမှာဆို သူ့နောက်လိုက်တွေ အများကြီး။ သူ့ဆီ သွားလည် ကြည့်တာပေါ့။ ပျူပျူငှာငှာနေဖို့ မမေ့နဲ့နော်။ ပြီးတော့ သူ့ကိုစိတ်ဆိုးစေမဲ့ အရာတစ်ခုမှ မလုပ်မိစေနဲ့ဦး။ ”
တိမ်တာအိုသခင်က ရှင်းပြရင်း သတိများပေးလိုက်သဖြင့် ပိုင်ရှောင်ချန်းကလည်း တချိန်လုံး ခေါင်းညိတ်နေတော့သည်။ ကိုယ့်ဘက်က အကူအညီတောင်းလိုပါက အကောင်းဆုံး ပြုမူရကြောင်းကို သူ ကောင်းကောင်းသိပေသည်။

သူတို့နှစ်ယောက်မှာ တံခါးနားသို့ မရောက်ခင်မှာပင် ကျင့်ကြံသူသုံးယောက်က ပြေးလာပြီး သူတို့၏လမ်းကိုပိတ်လိုက်လေသည်။ ဤ ကျင့်ကြံသူသုံးယောက်တွင် နက်နဲသော ကျင့်ကြံခြင်းအခြေခံများရှိကြသော်လည်း တိမ်တာအိုသခင်ကို မြင်လိုက်ကြသောအခါ ဘေးဖယ်ပေးလိုက်ကြသည်။ သို့သော် တံခါးဆီသို့ရောက်သွားပြီးနောက် မည်မျှပင် အော်ခေါ်စေကာမူ အတွင်းထဲမှ မည်သည့်တုံ့ပြန်မှုကိုမှ ပြန်မရပေ။

” ကြည့်ရတာ ဂိုဏ်းတူညီလေးကျိုးက အိမ်မှာမရှိဘူး ထင်ပါရဲ့။ ” တိမ်တာအိုသခင်က အနေရခက်နေသည့် အမူအရာဖြင့် ဆိုလိုက်သည်။

ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏တတိယမျက်လုံးကို အနည်းငယ်မျှ ဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူက ချက်ချင်းပင် အင်မော်တယ်ဂူ၏ အတွင်းပိုင်းကို မြင်လိုက်ရတော့သည်။ အတွင်းရှိ ညောင်စောင်းတစ်ခုပေါ်တွင်ကား များစွာသော အမျိုးသမီးအစေခံများ ခစားနေသည့် လူငယ်တစ်ယောက် လဲလျောင်းနေသည်။ သူက ပိုင်ရှောင်ချန်းနှင့် တိမ်တာအိုသခင်တို့ကို မထီမဲ့မြင်သော အမူအရာဖြင့် ခေါင်းမာစွာလျစ်လျူရှုနေသည်။

” မပူပါနဲ့ ဂိုဏ်းတူညီလေးပိုင်။ ရှေ့ဆက်သွားရအောင်ပါ။ နောက်သွားမဲ့နေရာက ဂိုဏ်းတူညီလေးချိန်ရဲ့ အင်မော်တယ်ဂူ။ သူက ငါ့ရဲ့ မိတ်ဆွေတစ်ယောက်ဆိုတော့ ဒီလို အသေးအဖွဲ့လေးဆို ကူညီမှာပါ။ ” ပိုင်ရှောင်ချန်းမှာ စိတ်ဓာတ်ကျစပြုလာသော်လည်း တိမ်တာအိုသခင်နှင့်အတူ ဒုတိယအင်မော်တယ်ဂူဆီသို့ လိုက်သွားတော့သည်။

တိမ်တာအိုသခင်သည် ဤ ဂိုဏ်းတူညီလေးချိန်ဆိုသူနှင့် မိတ်ဆွေများဖြစ်ရာ တံခါးကို ချက်ချင်းပင်ဖွင့်ပေးကာ သူ့တို့အား အထဲသို့ကြိုဆိုလိုက်တော့သည်။ သို့သော်လည်း သူ၏ဆက်ဆံပုံမှာ အေးစက်လွန်းသည်ဟု ဆို၍မရသလို နွေးထွေးလွန်းသည်ဟူ၍လည်း မဆိုနိုင်ပေ။ တိမ်တာအိုသခင်က အခြေအနေများကို ရှင်းပြလိုက်ပြီးနောက် ဂိုဏ်းတူညီလေးချိန်ဆိုသူက ပိုင်ရှောင်ချန်းကို တည်ကြည်စွာကြည့်ကာ ဆိုလိုက်သည်။ ” အဲ့ကိစ္စကို ငါ တံခါးပိတ်ကျင့်ကြံပြီးတာနဲ့ တာဝန်ယူဖြေရှင်းပေးမယ်လေ။ ”

” ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းတူအစ်ကို ချိန်။ ”
ပိုင်ရှောင်ချန်းက လျင်မြန်စွာဆိုလိုက်သည်။
” ဒါနဲ့ အစ်ကို့ရဲ့ တံခါးပိတ်ကျင့်ကြံတာက ဘယ်လောက်ကြာ…. ”

” အနည်းဆုံးဆိုရင် နှစ်နှစ်။ အများဆုံးဆိုရင်တော့ ငါးနှစ်လောက်ပေါ့။ ”
ထိုသို့ဆိုကာ သူက စိတ်မရှည်သည့်ပုံစံဖြင့် သူ၏အင်မော်တယ်ဂူထဲမှ သူတို့ကိုမောင်းထုတ်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset