အခန်း ( ၄၁၆ )

ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များ

ဟိန်းထွက်သွားသည့်အသံ၏ နောက်ကွယ်တွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အင်အားများ ပါဝင်နေလေရာ လျှပ်စီးမီးလျှံလေးဦး၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားပြီး ခန္ဓာကိုယ်များ တုန်ရီလာတော့သည်။ ထိုအသံပိုင်ရှင်မှာ သာမန်ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပါက သူတို့ ဆိုးဆိုးဝါးဝါး မျက်နှာပျက်နေလိမ့်မည် မဟုတ်ချေ။ တစ်ဖွဲ့လုံးက သာမန်ထက်ထူးကဲသည့် စွမ်းရည်များရှိပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း၏ထိပ်တန်းကြယ်ပွင့်များ ဖြစ်ကြသည်။ သာမန်ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဆိုလျှင် သူတို့ တုန်လှုပ်ချောက်ချားေနလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ဖုန်းယွမ်ဒဲ့သည် နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်တွင်ဖြစ်ပြီး သာမန်ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်အများစုထက် ပိုမိုသာလွန်လေရာ လျှပ်စီးမီးလျှံလေးဦး၏ စိတ်ထဲတွင် အကြောက်တရားများ ကြီးစိုးလာတော့သည်။

အားလုံးထဲမှ အမှန်တကယ် ကြောက်စရာကောင်းသည်မှာ ဖုန်းယွမ်ဒဲ့၏ ကျင့်ကြံခြင်းအခြေခံမဟုတ်ပဲ ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ သူ၏ ရာထူးအဆင့်အတန်းပင်ဖြစ်သည်။ မည်သည့်သက်တန့်ဒေသတွင်မဆို အဆောင်မှူးရာထူးအထိတက်လှမ်းလာနိုင်သည့်လူများမှာ ရှားပါးလှသည်။

ပို၍ဆိုးသည်မှာ သူသည် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်၏ အဆောင်မှူးဖြစ်နေလေသည်။ သက်တန့်ဒေသလေးခုတွင် တစ်ခုစီ၌ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်ကိုယ်စီရှိသော်လည်း ၄င်းခန်းမဆောင်များမှကျင့်ကြံသူများမှာ အမြဲ ရက်စက်ကြမ်းကြုတ်၍ ကြောက်မက်ဖွယ်ကောင်းလေသည်။ ထိုသို့သော ယင်ယန်ဝိညာဥ်အဆင့် ပညာရှင်တစ်ယောက်ကို မည်သူမျှ ရန်မစဝံ့ဘဲ ယခုကဲ့သို့ ဒေါသမီးများတောက်လောင်လျက် ထွက်ပေါ်လာလေရာ လျှပ်စီးမီးလျှံလေးဦးမှာ ကြောက်လန့်တုန်လှုပ်နေတော့သည်။

ထိုသည်မှာ သူတို့လေးဦး၏စိတ်ထဲရှိအခြေအနေ ဖြစ်ပြီး လီယွမ်ရှန်အကြောင်း အနည်းငယ်ပြောပြပါဦးမည်။ သူသည် နတ်မျိုးနွယ်စုမှဖြစ်ပြီး သူ့မျိုးနွယ်စုက ယင်ယန်ဝိညာဥ်အဆင့်အဆောင်မှူးတစ်ယောက်ကို ကြောက်လိမ့်မည်မဟုတ်သော်လည်း လီယွမ်ရှန်မှာမူ ဤနေရာတွင် သူ၏မျိုးနွယ်စု၏ ကိုယ်စား ရောက်ရှိလာခြင်း မဟုတ်ချေ။ သူ့သဘောနှင့်သူ လာခြင်းဖြစ်သည်။

သူ့မျိုးနွယ်စုကဲ့သို့ အင်အားကြီးသော မျိုးနွယ်စုက နတ်အဆင့်ရောက်ရှိလာနိုင်သည်ဖြစ်ပါစေ မျိုးနွယ်စုဝင်တစ်ယောက်ကြောင့် အဆောင်မှူးတစ်ယောက်ကို စော်ကား၍ ပြဿနာဖန်တီးမည်မဟုတ်ပေ။

လီယွမ်ရှန်မှာ ထိုသည်ကို ချက်ချင်းပင်နားလည်လိုက်သောကြောင့် ကြောက်လန့်လာတော့သည်။ စိတ်ထဲတွင် ပူဆွေးသောကရောက်နေပြီး တိမ်တာအိုသခင် ပြောခဲ့သည့်စကားများကို ပြန်တွေးမိလိုက်သည်။

” ဒီကောင်ပိုင်ရှောင်ချန်းမှာ နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတဲ့ အရှိန်အဝါကြီးတဲ့လူတစ်ယောက် ဘယ်လိုလုပ်ရှိနေရတာတုံး ”
သူက တွေးလိုက်မိသည်။ ပထမဆုံးအကြိမ် သူလုပ်ခဲ့သမျှအားလုံးကို လီယွမ်ရှန်နောင်တရလာတော့သည်။ အထူးသဖြင့် တုန်လှုပ်နေသော လျှပ်စီးမီးလျှံလေးဦးက အာဃာတအမုန်းတရားများဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရသောအခါ ဖြစ်ပေသည်။

သူ့ကိုယ်သူအားတင်းရင်း လက်ယှက်၍ စကားစပြောလိုက်သည်။
” အစ်ကိုကြီးဖုန်း. ကျေးဇူးပြုပြီး ကျုပ်….”

စောစောက ပိုင်ရှောင်ချန်းသည် ဖုန်းယွမ်ဒဲ့အား တအံ့တသြ ငေးကြည့်နေလေသည်။

အကူအညီတောင်းခံသည့်စာပို့လိုက်သော်လည်း ဖုန်းယွမ်ဒဲ့ ကိုယ်တိုင် ရောက်ရှိခြင်းကြောင့် သူ အလွန်တရာ တုန်လှုပ်နေလေသည်။ ဤသည်မှာ ဂိုဏ်း၏ကိစ္စရေးရာမဟုတ်လေရာ ဖုန်းယွမ်ဒဲ့က သူ့ကို မည်သည့်အတိုင်းအတာအထိ စောင့်ရှောက်ပေးမည်ကို မတွေးနိုင်တော့ပေ။

ထို့ကြောင့် ဖုန်းယွမ်ဒဲ့ရောက်လာသည်ကို သတိပြုမိလိုက်သည်နှင့် သူက လျှပ်စီးမီးလျှံလေးဦးကို လက်ညှိုးထိုးပြီး လီယွမ်ရှန်စကားပြောနေသည်ကို ကြားဖြတ်ပြောလိုက်သည်။
“အဆောင်မှူး… ဒီကောင်တွေ ကျုပ်ရဲ့ သနားစရာအသက်လေးကို ယူချင်နေကြတာ။ ပြီးတော့ ဟိုကောင်က ပိုင်ဆိုင်မှုပြ အလံကို အတင်းပေးခိုင်းနေတာ။ မြေထဲကနေ အဲ့အလံထွက်လာတာနဲ့ ကျုပ်သေချာပေါက်သေတော့မှာ ”

လျှပ်စီးမီးလျှံလေးဦးမှာ ရှင်းပြရန် ပါးစပ်များ ဟလိုက်သည်။

ဖုန်းယွမ်ဒဲ့သည် လေထဲမှာ ရပ်နေရင်း အတန်ငယ်စိတ်ဓာတ်ကျနေလေသည်။ ပိုင်ရှောင်ချန်း၏စာကိုရပြီးနောက် ဘာလုပ်ရမည်ကို ချီတုံချတုံဖြစ်နေခဲ့သည်။ သူ၏ရာထူးကိုစဥ်းစားကြည့်လျှင် ပိုင်ရှောင်ချန်း၏သက်တော်စောင့်အလား ပြုမူရန် မသင့်တော်သည်မဟုတ်ပါလော။ သို့သော် ကောင်းကင်တံတား တမန်တော်က သူ့အား ကတိပေးခဲ့သည်ကို ပြန်တွေးကြည့်သော် အံတင်းတင်းကြိတ်ပြီး ကြားဝင်စွက်ဖက်လိုက်ရသည်။

ထိုနေရာသို့ သူရောက်သည်နှင့်တစ်ပြိုင်နက် လျှပ်စီးမီးလျှံလေးဦးက ပိုင်ရှောင်ချန်းအား တိုက်ခိုက်နေသည်ကို တွေ့လိုက်သောအခါ သူစိတ်ပိုင်းဖြတ်လိုက်လေသည်။ ဤအခြေအနေတွင် ပိုင်ရှောင်ချန်းကို ကူညီပေးလိုက်လျှင် ပြဿနာရှာမည့်အတွေးများဖြင့် အငြိုးအတေးထားသော ကျင့်ကြံသူများ ကြောက်သွားလိမ့်မည်။ ဤနည်းအားဖြင့် နောက်နောင် ယခုကဲ့သို့ မတော်တဆမှုများရှိတော့မည်မဟုတ်ပေ။

” မ..မဟုတ်ပါဘူးး..အဲ့လိုမဟုတ်ဘူး…ဆရာကြီး ” လီယွမ်ရှန်က အထစ်ထစ်အငေါ့ငေါ့ပြော၏။
” အစ်ကိုကြီး ဖုန်း.. ကျေးဇူးပြုပြီး နားထောင်….”

ဖုန်းယွမ်ဒဲ့၏မျက်လုံးများမှာ အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်နေပြီး လီယွမ်ရှန်ကို လျစ်လျူရှုကာ အင်္ကျီလက်ကိုအဆက်မပြတ်ခါရင်း နှာမှုတ်လိုက်သည်။ ချက်ချင်းပင် တိမ်များထံမှ ခမ်းနားထည်ဝါသော အင်အားကြီးတစ်ခု ထွက်ပေါ်လာပြီး အောက်သို့ နိမ့်ဆင်းလာတော့သည်။ ပိုင်ရှောင်ချန်းနှင့် ရှိသမျှလူအားလုံး တုန်လှုပ်သွားစဥ် ထိုအားလှိုင်းက လျှပ်စီးမီးလျှံလေးဦးကို ဝုန်းခနဲ ထိမှန်သွားလေရာ နောက်သို့ မီတာ ၃၀၀အထိ ပြင်းထန်စွာ လွင့်ထွက်သွားပြီး သူတို့ပါးစပ်များမှ သွေးများပန်းထွက်လာတော့သည်။

” ကိုယ့်နေရာကိုယ် ပြန်သွားကြစမ်း ”
ဖုန်းယွမ်ဒဲ့က အေးစက်စက် ပြောလိုက်။
” ကျင့်ကြံခြင်းမှာ အားစိုက်ကြ။ အခုကစပြီး ဒီလိုကိစ္စတွေမှာ ဝင်မပါနဲ့”

အဖြစ်အပျက်များကို ကြည့်ပြီး ပိုင်ရှောင်ချန်းလည်း အော်ငေါက်လိုက်သည်။
“ ဟုတ်တယ်..ကိုယ့်နေရာကိုယ် ပြန်သွားကြ။ ပြီးတော့ ကျင့်ကြံခြင်းမှာ အားစိုက်ကြစမ်းပါ။ အခုကစပြီး ဒီလိုကိစ္စတွေမှာ ဝင်မပါနဲ့”

လျှပ်စီးမီးလျှံလေးဦး၏ ပါးစပ်မှသွေးများစီးကျလျက် ဒယိမ်းဒယိုင်ထလာသည်။ စကားတစ်ခွန်းမှပင် ပြန်မပြောရဲဘဲ လက်သီးဆုပ်၍ လီယွမ်ရှန်ကို ဒေါသတကြီးကြည့်သွားပြီးနောက် လှည့်ပြန်သွားတော့သည်။

တုန်ရီနေသော လီယွမ်ရှန်သည် သတိမထားမိဘဲ နောက်သို့ ဆုတ်သွားမိသော်လည်း သူ အဝေးသို့ မရောက်ခင် ဖုန်းယွမ်ဒဲ့၏ အေးစက်စက်အကြည့်က သူ့အပေါ်ကျရောက်လာတော့သည်။ ထို့နောက် ဖုန်းယွမ်ဒဲ့က သူ့အကျီလက်ကိုခါလိုက်ရာ လီယွမ်ရှန်ထံ လေပြင်းမုန်တိုင်းရိုက်ခတ်သွားလေရာ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီး သူ့ ပါးစပ်မှ သွေးများပန်းထွက်လာကာ မလှမ်းမကမ်းသို့ လွင့်ထွက်သွားတော့သည်။

” ပိုင်ရှောင်ချန်းနဲ့ မကျေပွဲဘယ်လိုရှိနေပါစေ.. ငါဂရုမစိုက်ဘူး ။ မင်း ပြဿနာရှာနေမယ်ဆိုလို့ကတော့ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်ကိုခေါ်ဖို့ အမိန့်ထုတ်လိုက်မယ် ”
ထိုစကားကြောင့် လီယွမ်ရှန်၏ မျက်နှာကို အကြောက်တရားများဖုံးလွှမ်းသွားပြီး ပို၍ပင် တုန်ရီလာတော့သည်။ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်ကို ဝင်လိုစိတ်မရှိရုံသာမက ပိုင်ရှောင်ချန်းမှာ သူ့ကိုစောင့်ရှောက်ပေးသည့် အလွန်အရှိန်အဝါကြီးမားသောလူတစ်ယောက်ရှိနေခြင်းကြောင့် ခါးသီးနာကျည်းမှုနှင့် နောင်တများဖြင့် ပြည့်နေလေတော့သည်။ ခေါင်းငုံရင်း ပိုင်ရှောင်ချန်းကို နောက်ဘယ်သောအခါမှ ပြဿနာမရှာတော့ပါဟု ကတိပေးရင်း ထွက်ပြေးသွားလေသည်။

ပိုင်ရှောင်ချန်းမှာ ခြိမ်းခြောက်မှုကြောင့် သူမည်မျှကြောက်လန့်သွားသည်ကို မြင်လိုက်ရလေရာ မထိန်းနိုင်တော့ပဲ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်လေသည်။
” ဟုတ်တာပေါ့။ လီယွမ်ရှန် ။ မင်းငါ့ကို ထပ်ပြီးရန်စချင်ရင် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်ကိုလာခဲ့လိုက်။ ဟေးးး..ဘယ်သွားတာတုန်း။ ရပ်ဦး..မင်းငါ့ စားသောက်ဆိုင်ကို ဖျက်စီးခဲ့တယ်လေ။ အလျော်ပေးဦး”

လီယွမ်ရှန်၏နှလုံးသားမှ သွေးစိမ်းရှင်ရှင်ကျလာပြီး အံတင်းတင်းကြိတ်ကာ အိတ်ကို နောက်သို့ လှမ်းပစ်၍ ဖနောင့်နှင့်ဖင် တစ်သားတည်းကျအောင် ပြေးသွားတော့သည်။

အကုန်လုံး ဖြေရှင်းပြီးသွားသဖြင့် ဝမ်းမြောက်သွားရင်း ပိုင်ရှောင်ချန်းက ဖုန်းယွမ်ဒဲ့ကို မော့ကြည့်လိုက်ပြီးနောက် လက်ယှက် ခေါင်းငုံ့လိုက်သည်။

“ကျေးဇူးကမ္ဘာပါ အဆောင်မှူး”

ဖုန်းယွမ်ဒဲ့သည် ပိုင်ရှောင်ချန်းကို ငုံ့ကြည့်ပြီး လည်ချောင်းရှင်းကာ အားပေးစကားအနည်းငယ်ပြောလိုက်သည်။ ထို့နောက် သူလှည့်ပြန်သွားတော့သည်။ တခြားလူတစ်ယောက်က ဆင့်ခေါ်ခြင်းခံခဲ့ရသည့် ခံစားချက်ကြောင့် ခံရခက်နေတော့သည်။

ဖုန်းယွမ်ဒဲ့ ပြန်သွားသော် ရွှီပေါက်ချိုင်နှင့် အခြားသော မိုးပြာရောင်နဂါးအဖွဲ့အစည်းကျင့်ကြံသူများသည် ပိုင်ရှောင်ချန်းကို နတ်ဘုရားးအလား လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ သေစေနိုင်သောအန္တရာယ်ကြီးမှာ ဤနည်းဖြင့် ဖြေရှင်းပြီးသွားလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

သူလက်လေးတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ဆင့်ခေါ်လိုက်လေရာ ပွဲလာကြည့်သော ကျင့်ကြံသူများအပါအဝင်လူတိုင်းမှာ တုန်လှုပ်သွားကြသည်။

လူအားလုံး၏မျက်လုံးများတောက်ပနေကြစဥ် ပိုင်ရှောင်ချန်းက ရွှီပေါက်ချိုင်နှင့် အခြားသူများထံ ရင်ကော့လျက် ဟန်ပါပါလျှောက်သွားပြီး စွမ်းဆောင်မှုရမှတ်အများအပြားအား လှမ်းပေးလိုက်သည်။ သူ့မျက်လုံးများ တလက်လက်တောက်ပနေပြီး ကုံ သက်တန့်ဒေသနှင့် သူ၏အင်မော်တယ်ဂူသို့ ဂုဏ်ယူဝင့်ကြွားစွာ ပြန်သွားတော့သည်။

” သူ့အတွက် ငါက အဲ့လောက်အရေးကြီးနေမှန်း ယုံတောင်မယုံနိုင်ဘူး” သူကတွေးလိုက်သည်။
” ငါဆင့်ခေါ်တာနဲ့ တကယ်ကြီးရောက်ချလာပေမယ့် သူ့မျက်နှာကိုကြည့်ရတာ မလုပ်ချင်ပဲ လုပ်နေရသလိုကြီး။ အင်း.. ကုံဒေသ ေတာင်ထိပ်သခင်နဲ့ တွေ့တုန်းကလည်း အဲ့လို တစ်ပုံစံတည်းပဲ….”

” တစ်ယောက်ယောက်က ငါ့ကို စောင့်ရှောက်ဖို့ ဖိအားပေးထားတာလား။ ဒါပေမယ့် ဘယ်သူလဲ”

အချိန်တို့ ကုန်လွန်သွား၏။ တစ်လလုံးကုန်သွားလေပြီ။ ထိုအချိန်အတွင်း လီယွမ်ရှန်သည် ပိုင်ရှာင်ချန်းကို မည်သည့်ပြဿနာမှ လာမရှာရုံသာမက မိစ္ဆာနှိမ်နင်းရေး ခန်းမသည်လည်း မည်သည့်တာဝန်မှမပေးပေ။

မိစ္ဆာနှိမ်နင်းရေး ခန်းမကို သူသွားလည်သည့်အချိန်တိုင်း သူသဘောကျသည့်အရာတစ်ခု တွေ့လျှင် အကြွေးယူသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းရှိထိပ်တန်းကြယ်ပွင့်များအတွက်သာ ရရှိနိုင်သော အလွန် ရှားပါးတန်ဖိုးကြီးသည့် ပစ္စည်းများမှ လွဲ၍ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ထိုပစ္စည်းများကို အာရုံသိပ်မထားပေ။ ဘဝသည် အဆင်ပြေချောမွေ့နေပြီး သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း တဖြေးဖြေး မြင့်တက်လာလေသည်။

နောက်ဆုံးတွင် သူ၏ အသက်ဝင်တောင်ဂါထာကို ဒုတိယအဆင့်သက်တန့်ပေါ်တွင် ကျင့်ကြံလိုလျှင် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်မှ အမိန့်လည်ဆွဲတစ်ခုကိုသာ ဝယ်ရန်လိုကြောင်း သိလာလေတော့သည်။ သူတို့မှာ စျေးသိပ်မကြီးလေရာ တစ်ခုထက်ပို၍ ဝယ်လိုက်လေသည်။

ဒုတိယအဆင့်သက်တန့်များတွင် ဘယ်ဘက်တစ်ခုမှာ နတ်အဆင့်ခေါင်းဆောင်ကြီးများအတွက်ဖြစ်ပြီး ညာဖက်တစ်ခုမှာမူ ဂိုဏ်းခေါင်းဆောင်များအတွက်ဖြစ်သည်။

ထိုသက်တန့်ကို အနန္တကြယ်သက်တန့် အဖြစ် လည်းသိကြလေသည်။

အနန္တကြယ်သက်တန့်သည် လိုအပ်သောအမိန့်လည်ဆွဲများပိုင်ဆိုင်သော ဂိုဏ်းသားများသာ ဝင်ရောက်နိုင်သည့် မီးလျှံစမ်းသပ်ပွဲများ၊ လေ့ကျင့်ရေးများအတွက် အမျိုးမျိုးသော ပြိုင်ဘက်ကင်းနေရာများထဲမှ နေရာတစ်ခုလည်း ဖြစ်လေသည်။

အနန္တကြယ်သက်တန့်၏ နာမည်အတွက် အကြောင်းပြချက်တစ်ခုရှိပြီး ထိုသည်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များရှိ ကျင့်ကြံသူများစာရင်းကို ဖော်ပြထားသည့်နေရာဖြစ်သောကြောင့်ပင်။ ထိုသို့သောကျင့်ကြံသူများမှာ အရှေ့ဘက်ကျင့်ကြံခြင်းလောကတစ်ခွင်လုံးကို လှုပ်ရမ်းပစ်နိုင်သူများဖြစ်လေသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ထိပ်တန်းကြယ်ပွင့်များစာရင်းမှာ အတော်အတန်မျက်စိဖမ်းစားထားလေသည်။ ၄င်းသည် အနန္တကြယ်သက်တန့် ၏ ၃၀ ရာခိုင်နှုန်းခန့်ကို နေရာယူထားပြီး အပေါ်တွင် မရေမတွက်နိုင်သော တလက်လက်တောက်ပနေသည့်ကြယ်များကို မြင်နိုင်လေသည်။

ကြယ်များကို သက်တန့်၏ အရောင် ခုနစ်ရောင် ကြားတွင် ဖြန့်ကျက်ထားပြီး အများစုမှာ အနီရောင်အပိုင်းတွင် ရှိကြကာ အလွန်တရာပြည့်ကြပ်သိပ်သည်းနေလေရာ ရေတွက်ရန်ပင်မဖြစ်နိုင်ချေ။ ထို့နောက် အရေအတွက်များကို လိမ္မော်ရောင် ( တစ်သောင်း) ၊ အဝါရောင် ( ထောင်ဂဏန်းများ)၊ အစိမ်းရောင် ( တစ်ထောင်)၊ အပြာနုရောင်( လေးရာ သို့မဟုတ် ငါးရာ)၊ အပြာရောင် ( တစ်ရာစွန်းစွန်း)ဟူ၍ ဖြန့်ထားလေသည်။ ခရမ်းရောင်အပိုင်းတွင် ကြယ်အနည်းဆုံးဖြစ်၍ ရှစ်ခုသာရှိလေသည်။

ထိုအရောင်တစ်ခုစီသည် မတူညီသော နတ်မီးလျှံစမ်းသပ်ပွဲများကို ကိုယ်စားပြုပြီး ကြယ်များမှာမူ မတူညီသောလက်ရွေးစင်များဖြစ်လေသည်။

ဤသက်တန့်ပေါ်တွင် အရည်အချင်းပြည့်မှီသည့်သူများကိုသာ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များအဖြစ်သတ်မှတ်ထားလေသည်။ များစွာသော ကျင့်ကြံသူများမှာ အရည်အချင်းမပြည့်မီလေရာ ထိုစာရင်းတွင်ပါသည့် မည်သူမဆို အခြားသူများ၏ အားကျမနာလိုစရာဖြစ်ပြီး ချက်ချင်းပင် လူသိထင်ရှားနာမည်ကြီးလာလေသည်။

ထို့အပြင် ထိုရေပန်းစားမှုကို ပိုမိုပေါ်လွင်သွားစေသော ရှင်းကုံကျစ်တာအိုဂိုဏ်း၏ မဟာမန္တန်အစီအရင်၌ အထူးလုပ်ဆောင်ချက်တစ်ခုရှိလေသည်။ ထိုကြယ်ပွင့်များထဲမှ မည်သည့်ကြယ်ကိုမဆို အနီးကပ်ကြည့်လိုက်သည့် ဂိုဏ်းသားတစ်ယောက်၏ခေါင်းထဲတွင် ထိုလက်ရွေးစင်၏နာမည် ချက်ချင်းပေါ်လာလေသည်။

ထို့ကြောင့်ပင် ဂိုဏ်းရှိ ကျင့်ကြံသူအမြောက်အမြားသည် ရှင်းကုံကျစ်တာအိုဂိုဏ်းရှိထိပ်တန်းကြယ်ပွင့်များထဲမှ တစ်ပွင့်ဖြစ်လာစေရန် လုံးဝစိတ်ပိုင်းဖြတ်ထားကြလေသည်။

ထိုသက်တန့်ပေါ်တွင် သူတို့နာမည်ပေါ်လာသည်နှင့် မိုးကောင်းကင်နှင့် မြေပြင်ကို လုံးဝလှုပ်ရမ်းပစ်နိုင်လေသည်။သို့သော်လည်း ယင်ယန်ဝိညာဥ်အဆင့်အောက်ရှိ ကျင့်ကြံသူများသာလျှင် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များဖြစ်လာနိုင်လေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset