တိမ်တာအိုသခင်ထွက်သွားပြီးနောက် လီယွမ်ရှန်၏ ဖြူဖတ်နေသောမျက်နှာတွင် ပြင်းထန်သော အမျက်ဒေါသမီးကြောင့် အစိမ်းရောင်ဖြစ်နေပြီး အင်မော်တယ်ဂူဆီသို့ပြန်သွားလေသည်။ သူ့ နှုတ်ခမ်းတွင် သွေးများ ပေကျံနေဆဲဖြစ်ကာ သူ၏လက်များကို ဆုပ်လိုက်ပြီး ပြောလိုက်သည်။
” ပိုင်ရှောင်ချန်းက အလယ်ပိုင်းဒေသရဲ့ဂိုဏ်းတစ်ခုက ဓားစာခံထက်မပိုပါဘူးကွ။ အဏ္ဏဝါခေါ်သံဂိုဏ်းဆိုတာက အခုထိတည်ငြိမ်သေးတာမဟုတ်ဘူး။ ပြီးတော့ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်မှတောင် ရှိတာမဟုတ်ဘူး။ သူတို့ကို ဘယ်အချိန်မဆို ဖျက်ဆီးပစ်လို့တောင်ရနိုင်တယ်။ ဒီလိုဓားစာခံမျိုးမှာ အင်အားကြီးတဲ့နောက်ခံဘယ်လိုလုပ် ရှိနိုင်မှာလဲ…”
လီယွမ်ရှန်က အံကိုကြိတ်လိုက်ပြီး ထိုကိစ္စရပ်အားလက်လျှော့လိုက်ရန် စဥ်းစားမိလိုက်သော်လည်း ထိုခါးသက်လှသောဆေးကြီးအား မျိုချရန် ခဲယဥ်းေနသည်။ အထူးသဖြင့် ကုံမြို့တွင် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရသည်ကို တောင့်ခံခဲ့ရကြောင်း ပြန်၍စဥ်းစားမိတိုင်း သူ၏တည်ငြိမ်အေးစက်သောအမူအရာမှာ ရုတ်ချည်း ယောက်ယက်ခတ်သွားခဲ့သည်။ သူ့မျက်လုံးများမှာ အေးစက်စက်အရောင်များ တောက်ပသွားပြီး တွေးတောလိုက်သည်။
” ဒါဟာတိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ရမယ်။ အဆောင်မှူးဖုန်းက မိစ္ဆာအိုကြီး နဲ့ကတောက်ကဆဖြစ်ခဲ့ဖူးလို့နေမှာ။ ပိုင်ရှောင်ချန်းမှာ နောက်ကွယ်ကနေ ဂရုတစိုက်စောင့်ကြည့်ပေးမဲ့ အရှိန်အဝါကြီးမားတဲ့ လူတစ်ယောက်ရှိတာ မဖြစ်နိုင်ဘူး ”
” တိမ်တာအိုသခင်က ငါ့ကိုမကူညီမှတော့ ငါ့ဘာသာငါပဲကိုင်တွယ်ရတော့မယ်။ ဒီတစ်ကြိမ်တော့ ပိုင်ရှောင်ချန်းကို ကောင်းကင်ကဘယ်လောက်မြင့်ပြီး မြေပြင်ကဘယ်လောက်ကျယ်ကြောင်း သေသေချာချာ သိသွားအောင် ငါလုပ်ပေးရမယ် ”
လီယွမ်ရှန်က ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်ကာ တစ်ခဏကြာ စဥ်းစားလိုက်ပြီးနောက် မျိုးနွယ်စု၏အရင်းအမြစ်များကို တောင်းခံရန်ဆုံးဖြတ်ချက်ချလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် လီယွမ်ရှန်သည် ခက်ထန်တင်းမာနေသောအမူအယာဖြင့် အင်မော်တယ်ဂူထဲမှ ထွက်လာကာ ကုံသက်တန့်ဒေသရှိ တည်နေရာရွေ့ပြောင်းခြင်းမုခ်ဝဆီသို့ သွားလေသည်။ သူ၏ဦးတည်ရာနေရာမှာ…. သဲကန္တာရနှင့် ပိုင်ရှောင်ချန်း၏စားသောက်ဆိုင်ဆီသို့သာ ဖြစ်ပေသည်။
****
ယခုအခါ ဖက်တီးကျန်းကြီးနှင့် အခြားတာအိုစောင့်ရှောက်သူများမှာ အဆင့်တက်သွားခဲ့ကြပြီး ရွှီပေါက်ချိုင်တစ်ယောက်တည်းသာ မိုးပြာရောင်နဂါး အဖွဲ့အစည်းကို ဦးစီးလုပ်ကိုင်ရန် ကျန်ရှိနေခဲ့သည်။ သူအများဆုံးလုပ်ကိုင်နေသည့်ကဏ္ဍမှာ စွမ်းဆောင်ရည်ရမှတ်များ ဝင်ရောက်နေမှုများကို စောင့်ကြည့်နေခြင်းသာဖြစ်ပြီး သက်တောင့်သက်သာရှိလှသောဘဝလေးအား ခံစားနေလေသည်။
“အာ… ဒါကဘဝပဲကွ။ ငါလိုချင်တဲ့ဘယ်အရာမဆို လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ရနိုင်တယ်။ ခေါင်းဆောင်ငယ်နဲ့ သက်တန့်ဒေသကို အဆင့်တက်သွားတဲ့လူတိုင်း ငါ့ကိုမနာလိုဖြစ်မှာ သေချာတယ် ”
လက်ရှိအချိန်တွင် သူက ဝမ်းလျားမှောက်အိပ်နေပြီး မိန်းမပျိုအစေခံလေးရှစ်ယောက်၏ တစ်ကိုယ်လုံးနှိပ်နယ်ပေးနေမှုကို ပျော်ပျော်ကြီးခံစားနေလေသည်။ သူတို့၏ နွေးထွေးပြီး သိမ်မွေ့နူးညံ့လှသော လက်ကလေးများ၏အထိအတွေ့ကို ခံစားရခြင်းကြောင့် သူ၏မျက်နှာကြီး ပြုံးဖြီးနေလေသည်။ သူ၏လက်က လှပသောမိန်းမပျိုအစေခံလေးတစ်ဦး၏ခါးကျဥ်ကျဥ်လေးထက်သို့ ရောက်သွားပြီး အနီးသို့ ဆွဲယူလိုက်လေသည်။
” ဒီညကိုယ့်ကိုနွေးထွေးအောင်ပြုစုပေးရမှာက မင်းလေးရဲ့တာဝန်နော် ”
သူက နှစ်လိုဖွယ်ပြုံး၍ ဆိုလေရာ သူ၏မျက်လုံးများမှာ မြင်ရသည်ဆိုရုံမျှသာဖြစ်သွားလေသည်။
ထို မိန်းမပျိုအစေခံလေးမှာ ရှက်သွေးဖြန်းသွားကာ ပြောလိုက်လေသည်။
” ကိုယ်တော် ပေါက်ချိုင်၊ ရှင်ကတော့လေ….”
ရွှီပေါက်ချိုင်က အူလှိုက်သည်းလှိုက်ရယ်မောလေသည်။ သူ့နှလုံးသားတွင် ပြင်းထန်သော ရမ္မက်မီးများ တောက်လောင်လာပြီး သူမအား ပွေ့ဖက်ကာ ဘေးသို့ လှဲချလုအချိန်တွင် ရုတ်တရက် ကောင်းကင်ကြီး တုန်ခါပြီး မြေပြင်အက်ကွဲလုမတတ် ဆူညံသံများ သူ၏နားအတွင်းသို့ဝင်လာလေသည်။ မျက်စိတမှိတ်အတွင်း အရာအားလုံးမှာ ပြင်းပြင်းထန်ထန်လှုပ်ရှားသွားပြီး စားသောက်ဆိုင်၏အမိုးက ပြိုကျသွားတော့မည့်အလား တသိမ့်သိမ့်တုန်သွားလေသည်။
ချက်ချင်းပင် နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာပြီး စားသောက်ဆိုင်တစ်ခုလုံးမှာလည်း အုတ်ကျိုးအုတ်ပဲ့များအဖြစ်သို့ ပြိုလဲသွားလေသည်။ ရွှီပေါက်ချိုင်းမှာ အမျက်ချောင်းချောင်းထွက်လျက် ထိတ်လန့်တကြား အော်ဟစ်ကာ ဘေးကင်းရာသို့အလုအယက်တိုးဝှေ့သွားလိုက်သည်။ သူက အမိန့်ပေးရန် ပြင်လိုက်စဥ်မှာပင် အပေါ်သို့မော့ကြည့်လိုက်ရာ အဝါရောင်ဝတ်ဂိုဏ်းသားလီယွမ်ရှန်ကို လေထဲတွင်တွေ့လိုက်ရသည်။
” အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းချိန် ပိုင်ရှောင်ချန်းကို မင်း ဆက်သွယ်ရမယ်။ ပြီးရင် သူ့ကို ဒီကိုဆင်းလာခဲ့ဖို့ ပြောလိုက်စမ်း..။ တကယ်လို့ သူသာအချိန်မီမလာခဲ့ရင် အဲဒီမြေကြီးပေါ်က ပိုင်ဆိုင်မှုအမှတ်အသားအလံကို ဆွဲဖြဲပစ်မယ် ”
ထိုသို့ဆိုကာ လီယွမ်ရှန်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်ပြီး စားသောက်ဆိုင်၏လက်ကျန် အပျက်အစီးများကို ရှင်းလင်းရန် မီးလျှံများ စေလွှတ်လိုက်သည်။
စားသောက်ဆိုင် လောင်ကျွမ်းသွားသောအခါ ကုံမြို့တွင် ကိုယ်ပိုင် ပိုင်ဆိုင်မှုကိုခွင့်ပြုထားသည့် ပိုင်ရှောင်ချန်းလက်ခံရရှိခဲ့သော အလံငယ်လေး ထွက်ပေါ်လာသည်။
ရွှီပေါက်ချိုင်းက ဘေးပတ်လည်ရှိ ပျက်စီးပြိုကျနေသည့်အရာများနှင့် အဆက်မပြတ် အော်ဟစ်နေကြသော မိုးပြာရောင်နဂါး အဖွဲ့အစည်း၏ကျင့်ကြံသူများကို ရဲရဲနီနေသောမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ လီယွမ်ရှန်က ပိုင်ရှောင်ချန်းအား ပွင့်လင်းစွာ တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း ယခုအခါ ရွှီပေါက်ချိုင်မှာ ပိုင်ရှောင်ချန်းနှင့် ဆက်သွယ်ရန်မှလွဲ၍ တခြား မစဥ်းစားနိုင်တော့ပေ။
ထို့ေနာက် သူက တွေဝေတုံ့ဆိုင်းမနေဘဲ ကျောက်စိမ်းပေလွှာတစ်ခုထုတ်ကာ သတင်းပို့လိုက်လေသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ကုံသက်တန့်ဒေသရှိ အင်မော်တယ်ဂူထဲတွင် ဖုန်းယွမ်ဒဲ့ပေးထားသောဆေးလုံးများကိုသောက်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံ တိုးတက်လာသည်ကို ခံစားမိကာ ပျော်ရွှင်နေသည်။ အသက်ရှူလေ့ကျင့်ခန်းအချို့ ပြုလုပ်ပြီးနောက် သူက မသန့်စင်သော စွမ်းအင်အချို့ကို ပါးစပ်အတွင်းမှ မှုတ်ထုတ်လိုက်ကာ ဆက်လက်လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။
ထာဝရအပြောင်းအလဲဒေသတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်များကို အချိန်ယူကာ စဥ်းစားခဲ့သော်လည်း ယခုအချိန်ထိ ထိုကိစ္စများကို သေချာ နားမလည်သေးပေ။ သူက မည်သို့ပင်ကြိုးစားအဖြေထုတ်စေကာမူ ထိုအဖြေများက အဓိပ္ပါယ် ရှိမနေချေ။
” ပထမက ကုံမြို့တောင်ထိပ်သခင်နဲ့ ဖြစ်တယ်…ပြီးတော့ ဖုန်းယွမ်ဒဲ့က ရုတ်တရက်ကြီး သဘောထားပြောင်းသွားတယ်။ ဒီမှာဘာတွေဖြစ်ပျက်နေတာလဲ..။ ငါ နည်းနည်းလောက် စုံစမ်းသင့်လား ”
သူက စဉ်းစားဟန်ဖြင့် မေးစေ့ကိုပွတ်သပ်နေစဉ် သူ့မျက်နှာ လက်ခနဲဖြစ်သွားပြီး အိတ်အတွင်းမှ ကျောက်စိမ်းပေလွှာကိုဆွဲထုတ်ကာ နတ်ဘုရားစွမ်းရည်အချို့ ပို့လွှတ်လိုက်သည်နှင့်တပြိုင်နက် ရွှီပေါက်ချိုင်၏စကားသံများ ကြားလိုက်ရသည်။
” ကျနော်တို့ကို ကယ်ပါဦး..ခေါင်းဆောင်ငယ်..။ ဒီမှာ လီယွမ်ရှန် ရောက်နေတယ်။ စားသောက်ဆိုင်ကိုလဲ မီးလောင်တိုက်သွင်းပစ်နေတာ။ မိုးပြာရောင်နဂါး အဖွဲ့အစည်းရဲ့ ညီအစ်ကိုအများစုလည်း ဒဏ်ရာရကုန်ကြပြီ…..”
” သူက ခေါင်းဆောင်ငယ်ကို အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်အတွင်း ဒီကိုဆင်းလာခဲ့ဖို့ ပြောခိုင်းလိုက်တယ်။ ဒါမှမဟုတ်ရင် သူက ပိုင်ဆိုင်မှုပြ အလံငယ်ကို ယူမှာတဲ့..။ ကျနော်တို့ ဘာဆက်လုပ်ရမလဲ ခေါင်းဆောင်ငယ် ”
ရွှီပေါင်ချိုင်၏စကားများ ကြားလိုက်သည်နှင့် ပိုင်ရှောင်ချန်းမှာ ပင့်သက်ရှိုက်သွားပြီး အမျက်ဒေါသမီးများ လောင်မြိုက်လာလေသည်။
” မင်းက ငါ့အလံကို လိုချင်နေတယ်ပေါ့လေ..။ အဲ့အလံက ငါ့ရဲ့ပိုင်ဆိုင်မှုပဲကွ..။ မင်းက ငါ့စားသောက်ဆိုင်ကိုရော မီးရှို့ပစ်လိုက်တယ်ပေါ့… လီယွမ်ရှန်..အေး..လီယွမ်ရှန်.. အရင်တစ်ခေါက်က ငါ့ကို လျှို့ဝှက်တိုက်ခိုက်ဖို့ စီစဥ်ခဲ့တာကိုတောင် အခုထိစာရင်းမရှင်းရသေးဘူး..။ အခုတော့ မင်းက ငါ့ကို ရဲရဲတင်းတင်း အနိုင်ကျင့်ဖို့ ကြိုးစားနေပြီပေါ့လေ…”
ပိုင်ရှောင်ချန်းမှာ လုံးဝ ဒေါသူပုန်ထလျက်ရှိသည်။ ရွှီပေါက်ချိုင်မှာ အနိုင်ကျင့်ခံနေရပြီး စားသောက်ဆိုင်မှာလည်း ဖျက်စီးခံလိုက်ရလေပြီ။ ထို့အပြင် သူ၏ ပိုင်ဆိုင်မှုပြအလံကိုလည်း သိမ်းယူသွားမည်ဟု ခြိမ်းခြောက်ခံနေရသည်။ ပိုင်ရှောင်ချန်းမှာ အလျင်အမြန် သွားရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ချေ။
” မင်းက ငါ့ကိုကုံမြို့ဆီကို ဆင်းလာစေချင်တာပေါ့လေ…ဟမ်း..။ ကုံသက်တန့်ဒေသမှာကျ ငါ့ကိုတိုက်ခိုက်ဖို့အဆင်မပြေလို့လား။ ကောင်းပြီ.. အဲ့လိုမျိုးကို ငါကကြိုက်တာ ”
မြို့ထဲသို့ ဆင်းသွားသည့်အတွက်ကြောင့် ပြဿနာမဖြစ်ကြောင်း သေချာစေရန် သူ၏လည်ပင်းတွင် မိစ္ဆာနှိမ်နင်းရေးခန်းမ၏ သက်သေခံတံဆိပ်ပြားကို ချိတ်ဆွဲလိုက်ကာ အင်မော်တယ်ဂူထဲမှ ပျံသန်းထွက်ခွာလာလေသည်။
” ငါက မိစ္ဆာနှိမ်နင်းရေးခန်းမရဲ့ ကိုယ်စားပြုအနေနဲ့ သွားလိုက်ရင် လီယွမ်ရှန်က ငါ့ကို တိုက်ခိုက်ဝံ့မလား ကြည့်ရသေးတာပေါ့။ ခန်းမဆောင်ကိုတော့ မလေးမစားမလုပ်ရဲပါဘူးကွာ ” အမျက်ချောင်းချောင်းထွက်လျက် သူက တည်နေရာရွေ့ပြောင်းခြင်းမုခ်ဝဆီသို့ အပြေးအလွှားသွားလေသည်။ သူက အောက်ဖက်သို့ တည်နေရာမရွှေ့ပြောင်းမီ တစ်ခဏကြာ တုံ့ဆိုင်းသွားပြီးနောက် အဆောင်မှူး ဖုန်းယွမ်ဒဲ့ဆီသို့ ရုတ်ခြည်း သတင်းပို့လိုက်လေသည်။ ထိုသို့လုပ်ဆောင်ပြီးနောက် ပို၍ဘေးကင်းသွားသည်ဟု သူ ခံစားလိုက်ရပြီး အောက်ဖက်သို့တည်နေရာရွေ့ပြောင်းလိုက်ကာ အနောက်ပိုင်းဒေသရှိ သဲကန္တာရဆီသို့ တဟုန်ထိုး သွားလိုက်တော့သည်။
အတန်ငယ်ဝေးကွာသော နေရာမှပင် သူ၏စားသောက်ဆိုင်ဖြစ်ခဲ့ဖူးသည့် အုတ်ကျိုးအုတ်ပဲ့များမှ လေထဲသို့ တလူလူထွက်နေသော မီးခိုးငွေ့များကို ကြည့်နေကြသည့် လူအုပ်ကြီးကို တွေ့လိုက်ရလေသည်။
ထို့နောက် ရွှီပေါက်ချိုင်နှင့် မိုးပြာရောင်နဂါး အဖွဲ့အစည်း၏ကျင့်ကြံသူများက သွေးဆုတ်ဖြူရော်နေသောမျက်နှာများနှင့် သွေးများထွက်နေလျက် ဘေးဘက်တွင် လဲကျနေပြီး လီယွမ်ရှန်က မီးတောက်မီးလျှံများ၏အလယ်၊ သူ၏ပိုင်ဆိုင်မှုပြအလံ၏အထက်တွင် ရစ်ဝဲနေသည်ကို မြင်လိုက်ရသည်။
” လီယွမ်ရှန်..”
ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်သည်။
” မင်းက ငါ့အလံကို အတင့်ရဲပြီး ခြိမ်းခြောက်နေပါလား ”
ထိုသို့ဆိုကာ သူကလီယွမ်ရှန်ဆီသို့ တဟုန်ထိုးသွားလိုက်ပြီး တချိန်တည်းမှာပင် မီးလောင်နေသောစားသောက်ဆိုင်၏ မီးတောက်များကို ငြိမ်းသက်ရန် အေးစိမ့်ချီများလွှတ်ထုတ်လိုက်လေသည်။
လီယွမ်ရှန်က လှမ်းကြည့်လိုက်ရာ ပိုင်ရှောင်ချန်းအား မြင်လိုက်သည်နှင့်တပြိုင်နက် သူ၏မျက်နှာထက်တွင် အေးစက်စက် အပြုံးတစ်စ ဖြစ်ပေါ်လာသည်။ ထို့နောက် သူ၏ လက်ချောင်းကို ဝေ့ယမ်းလိုက်ရာ ပိုင်ရှောင်ချန်း၏ ဘေးပတ်လည်ရှိလေထုမှာ တွန့်လိမ်ပြီးပုံပျက်လာကာ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းများ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် ပါးလွှာသောလေထုအတွင်းမှ ပုံသဏ္ဍာန်လေးခုထွက်ပေါ်လာ၏။
ပိုင်ရှောင်ချန်း၏မျက်နှာမှာ အိုကျသွားပြီး နေရာမှာပင် ရပ်ကာ အသစ်ရောက်ရှိလာသော လူလေးဦးကိုကြည့်လိုက်သည်။ ထို့နောက် သူ၏ဘေးပတ်လည်ရှိ အေးစိမ့်ချီများကို ပိုမိုအားကောင်းအောင် လုပ်ဆောင်လိုက်လေသည်။
သူတို့အားလုံးမှာ အလယ်ပိုင်းအမြုတေအဆင့် ကျင့်ကြံခြင်းအခြေခံရှိသော လူငယ်များဖြစ်ကြလေသည်။ အရင်တစ်ခေါက်က လီယွမ်ရှန် ခေါ်ဆောင်လာခဲ့သော ရွှေဇွန်းကိုက်သူဌေးသားလေးများနှင့်မတူကြောင်း သိသာလှသည်။ ထိုလေးဦး၏မျက်နှာများတွင် တင်းခက်ထန်သောအမူအယာများနှင့် ပြင်းထန်သော လူသတ်ငွေ့များ ရှိနေသည်။ သူတို့မှာ လေ့ကျင့်ထားသော လူသတ်သမားများထဲမှ စစ်မှန်သောလက်ရွေးစင်များဖြစ်ကြလေသည်။ ထို့အပြင် သူတို့၏ချောမောသော အသွင်အပြင်မှာလည်း အနည်းငယ်ဆင်တူနေကြပြီး တူညီသောအစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြလေသည်။
လူအုပ်ထဲရှိ ကျင့်ကြံသူအများစုမှာ သူတို့အား မမှတ်မိကြသော်လည်း အနည်းငယ်မှာ မှတ်မိပြီး ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်စွာ အော်ပြောလိုက်ကြသည်။
” လျှပ်စီးမီးလျှံ လေးဦး…”
” သူတို့က သေချာပေါက် လျှပ်စီးမီးလျှံ လေးဦးပဲကွ…။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ထိပ်တန်းကြယ်ပွင့် အယောက်သုံးရာရဲ့အထက်မှာရှိတယ်”
ထိတ်လန့်တုန်လှုပ်ဖွယ်အော်ဟစ်သံများကြောင့် ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်ကာ ထိုအဖွဲ့အား မော့ကြည့်လိုက်လေသည်။ ထိုအစိမ်းရောင်ဝတ်ရုံဝတ်ဂိုဏ်းသားလေးဦးလုံးမှာ ကျိုးဟုန်ဖန်၏ အမြုတေအဆင့်ကျင့်ကြံသူအစောင့်အရှောက်များနှင့် တူညီသော မယုံကြည်နိုင်ဖွယ်ဖိအားများ ထုတ်လွှတ်လျက်ရှိသည်။
လီယွမ်ရှန်က ခေါင်းကိုနောက်ပစ်ကာ ရယ်မောလိုက်သည်။ လက်သီးဆုပ်၍ လျှပ်စီးမီးလျှံ လေးဦးကို ဦးညွှတ်လိုက်ပြီးနောက် သူ၏အာရုံကိုပိုင်ရှောင်ချန်းဆီသို့ ထားလိုက်စဥ် သူ့မျက်လုံးများမှာလည်း မီးဝင်းဝင်းတောက်လျက်ရှိသည်။
” ပိုင်ရှောင်ချန်း… ဒီနေ့ ဘာတွေပဲဖြစ်နေ ငါဂရုမစိုက်ဘူး။ မင်းရဲ့ ပိုင်ဆိုင်မှုပြအလံကို အမြစ်ဖြုတ်ပြီး စားသောက်ဆိုင်ရဲ့ နေ့ရက်တွေကိုလည်း အဆုံးသတ်ပစ်လိုက်မယ်…”
ထိုသို့ဆိုကာ သူက နောက်ထပ်တစ်ကြိမ် တဟားဟား ရယ်မောလိုက်လေသည်။ အထူးသဖြင့် လျှပ်စီးမီးလျှံလေးဦးက ပိုင်ရှောင်ချန်းကဲ့သို့ အလယ်ပိုင်းအမြုတေအဆင့်တွင်ရှိသည်ကို စဉ်းစားမိကာ လုံးလုံးလျားလျား ယုံကြည်မှုအပြည့်ရှိသွားလေသည်။ သူတို့က ပိုင်ရှောင်ချန်းအား အပေါ်စီးမှတိုက်ခိုက်ရာတွင် မည်သည့်ပြဿနာမျှရှိမည်မဟုတ်ကြောင်း သူ တထစ်ချပြောနိုင်သည်။
” တကယ်တော့ မင်းရဲ့အလံကို ယူရုံပဲမဟုတ်ဘူးကွ..။ ကမ္ဘာပေါ်မှာ မင်းစိတ်အနှောင့်အယှက်ပေးလို့ မရနိုင်တဲ့လူတွေရှိသေးတယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျနားလည်သွားအောင် ငါကလုပ်ပေးဦးမှာကွ..”
လီယွမ်ရှန်က ထပ်မံရယ်မောလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ စားသောက်ဆိုင်၏ လက်ကျန်အစိတ်အပိုင်းလေးများကို ဝါးမျိုရန် သူ၏မီးတောက်များကို ထုတ်လွှတ်လိုက်သည်။
” တိုက် ”
သူကအော်ဟစ်လိုက်သည်။ ချက်ချင်းပင် လျှပ်စီးမီးလျှံ လေးဦး၏မျက်နှာများထက်တွင် အထင်အမြင်သေးသည့်အမူအယာများထွက်ပေါ်လာပြီး ရှေ့သို့ လျှောက်လာလေသည်။ ထို့နောက် သူတို့က မီးတောက်များမှဖန်တီးထားသည့်အလား သူတို့၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်မီးတောက်များ ထွက်ပေါ်လာလေသည်။
သူတို့ကပိုင်ရှောင်ချန်းအား သတ်ဖြတ်ရန် ကြိုးပမ်းခြင်းမဟုတ်ဘဲ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားစေရန် ကြိုးစားနေကြခြင်းဖြစ်သည်မှာ သိသာထင်ရှားလှသည်။
ပိုင်ရှောင်ချန်း၏မျက်လုံးများက စူးရှတောက်ပနေ၏။ သူက ညာဘက်လက်ဖြင့် လက်ကွက်ဖော်လိုက်ရာ ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်၏စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုနေရာတွင် အေးစိမ့်ချီများစတင်စုစည်းလာသည်နှင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ခေါင်းကိုနောက်သို့ပစ်လိုက်ကာ အော်ဟစ်ပြောဆိုလိုက်လေသည်။
” အနိုင်ကျင့်လိုက်ကြတဲ့ကောင်တွေ… မင်းတို့ လွန်လွန်းနေပြီနော်… မင်းတို့ကောင်တွေက လေးယောက်၊တစ်ယောက် တိုက်ခိုက်ချင်တယ်ပေါ့လေ။ ငါ့အလံကို ယူပြီး ငါ့စီးပွားရေးကိုလည်း ဖျက်စီးချင်နေကြတယ်။ နောက်ထပ် ငါ့ရဲ့ သနားစရာအသက်ကလေးကိုပါ ယူကြဦးမလို့လား ”
” အဆောင်မှူး…မြန်မြန်လေးလာပါဗျ။ သူတို့ ကျုပ်ကို သတ်ဖို့ ကြိုးစားနေပါတယ်ဗျို့ ”
ပိုင်ရှောင်ချန်းက တတ်နိုင်သမျှအားကုန်ထုတ်၍ ပြောလိုက်ရာ သူ့စကားသံများက မိုးခြိမ်းသံများအလား နေရာတစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။ လျှပ်စီးမီးလျှံ လေးဦး..သို့မဟုတ်…လီယွမ်ရှန်တို့ မည်သို့မျှမတုံ့ပြန်နိုင်သေးခင်မှာပင် ကောင်းကင်တစ်ခွင် တဝုန်းဝုန်းမြည်ဟည်းသံများပြည့်နှက်လာပြီး လေပြင်းတစ်ချက်တိုက်ခတ်လာသည်။ ထို့နောက် ကောင်းကင်ယံမှ အကန့်အသတ်မဲ့ စွမ်းအင်အငွေ့အသက်များ ထိုနေရာတစ်ဝိုက်သို့ ကျဆင်းလာလေသည်။
ထို့နောက် လေထဲတွင် အဘိုးအိုတစ်ယောက် ရုတ်ချည်း ထွက်ပေါ်လာ၏။ သူ့အသွင်မှာ ခက်ထန်တင်းမာနေပြီး သူ့မျက်လုံးများတွင် အေးစက်စက်အရိပ်အယောင်များနှင့် ပြည့်နေသည်။ သူနီးကပ်လာသည်နှင့်အမျှ သက်ရောက်နေသည့် ဖိအားမှာ ပိုမိုပြင်းထန်လာပြီး မြေပြင်တစ်ခုလုံးတုန်ခါနေကာ ထိုနေရာရှိ လူအားလုံး တုန်ယင်နေကြတော့သည်။
ထိုအဘိုးအိုမှာ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ အဆောင်မှူး ဖုန်းယွမ်ဒဲ့မှလွဲ၍ အခြားသူမဟုတ်ပေ။
” ပိုင်ရှောင်ချန်းရဲ့သနားစရာ အသက်ကလေးကို ဘယ်ကောင် ယူချင်တာတုံးကွ ”
သူက အော်ဟစ်လိုက်သည်။ သူ၏ပြင်းထန်သော ဒေါသကြောင့် ကောင်းကင်နှင့် မြေပြင်မှာ အရှိန်အဟုန်ပြင်းစွာ တုန်ခါလာလေသည်။