Switch Mode

အခန်း (၅၆၀)

ငါက မုဆိုးတစ်ယောက်

ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွနေသည့် ကျောက်ယမုန့်အား ကြည့်ရင်း မျက်တောင်တဖျပ်ဖျပ် ခတ်နေမိတော့သည်။ အကယ်၍ သူသာ အချိန်ပေး၍ စဉ်းစားလိုက်မည်ဆိုပါက ထိုကဲ့သို့ သုံးသပ်နိုင်စွမ်းရှိသွားမည်သာဖြစ်သည်။ သို့သော် ထိုသို့ စဉ်းစားရန်မှာ သူ့အတွက် အလွန်အင်မတန်မှ စိတ်ပင်ပန်းစရာကောင်းပေသည်။

ခုန်းတောက်မှာ ကျောက်ယမုန့်အား အကဲခတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျောက်ယမုန့်မှာ လက်မြှောက်လိုက်၏။ ထို့နောက် သူမသည် တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် အလောတကြီးဆိုလိုက်၏ ” ငါ့ကို စကားဖြတ်မပြောနဲ့ ”

” ငါတို့သုံးယောက်ယောက် တူတူရှိနေရင် အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိတယ်။ အားသာချက်က ငါတို့တွေ ပူးပေါင်းလိုက်မယ်ဆိုရင် ပိုပြီးတော့ အစွမ်းထက်လာမယ့် အချက်ပဲ။ ဒါပေမဲ့ အားနည်းချက်ကတော့ ငါတို့တွေက မြေပုံပေါ်မှာ သိသာထင်ရှားလွန်းနေမှာ ”

” ငါတို့ သတိထားရမယ့် လူတွေက ဒီနေ့မှာ သော့တွေကို ဆုံးရှူံလိုက်ရမယ့်လူတွေပဲ။ သူတို့တွေက တဖြည်းဖြည်းနဲ့ များများလာကြမှာ။ ပြီးတော့ သူတို့ကို မြေပုံပေါ်မှာ မြင်ရမှာလည်း မဟုတ်ဘူး။ ငါတို့တွေက မြေပုံပေါ်မှာ အထင်းသား ပေါ်နေကြမှာ။ အဲတာမလို့ သူတို့က ညအချိန်မှာ ချောင်းမြောင်းနေတဲ့ အဆိပ်ပြင်း မြွေဟောက်တွေလို ဖြစ်နေကြမှာ။ တည်နေရာပြောင်းရွှေ့မယ့်အချိန်နား ကပ်လာတာနဲ့ သူတို့က ပိုပြီးတော့ သွေးရူးသွေးတမ်း ဖြစ်လာကြမှာ အသေအချာပဲ ” သူမမှာ ထိုသို့ရှင်းပြနေရင်း လေးပြည်လေညင်းလေးတစ်ခုမှာ သူမ၏ ဆံနွယ်များအား ဖြတ်၍ တိုက်ခတ်သွား၏။ ထို့ကြောင့် သူမသည် မသိစိတ်မှနေ၍ သူမ၏ ဆံပင်များအား နားရွက်နောက်သို့ သပ်မိလိုက်သည်။ သူမ၏ ကိုယ်ဟန်အမူအရာနှင့် အာရုံစူးစိုက်မှုအပြည့်ရှိနေသော မျက်နှာထားကြောင့် ထိုအခိုက်အတန့်တွင် ကျောက်ယမုန့်၏ အလှတရားမှာ အလွန်အင်မတန်မှ စွဲမက်ဖွယ်ရာ ကောင်းသွားတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူမအား ငေးကြည့်ရင်း အနည်းငယ်ခန့် မိန်းမောတွေဝေသွားရ၏။

ထိုအချိန်တွင် ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာအား သတိထားမိလိုက်သောကြောင့် စိတ်ထဲတွေကျိတ်၍ ကျေနပ်သွားတော့သည်။ ထို့နောက် သူသည် ခုန်းတောက်ဘက်သို့ လှည့်ကာ မေးလိုက်၏။

” ခုန်းတောက်။ နင် စောစောက ဘာပြောမလို့လဲ ”

ထိုအခါ ခုန်းတောက်မှာ ချောင်းဟန့်လိုက်၏။ ကျောက်ယမုန့်မှာ စောစောတုန်းက သူ့အား စကားပြောခွင့် မပေးခဲ့သည့်တိုင်အောင် ကျောက်ယမုန့်၏ အနုစိတ်သော သုံးသပ်ချက်များကြောင့် အံ့အားသင့်သွားရဆဲပင်။ ထို့ကြောင့် သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ဆိုလိုက်၏။

” ငါ့မှာ အကြံတစ်ခုရှိတယ်။ ငါတို့တွေ ငါတို့ရဲ့ သော့တွေကို ပေါင်လဲ့ဆီ ပေးထားတာပေါ့။ ပြီးရင် တစ်နေရာရာမှာ ပုန်းနေပြီး သူ့ကို တစ်ယောက်ယောက် လာတိုက်ခိုက်ရင် ငါတို့တွေက သူတို့ကို ပြန်ပြီးတော့ အငိုက်ဖမ်းလို့ရတယ် ”

” ဒါမှမဟုတ် ငါတို့နှစ်ယောက် သော့တွေကို ယူထားရင်လည်း ရတယ်။ ပေါင်လဲ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ငါတို့ထက် ပိုမြင့်တာမလို့ တကယ်လို့ သူသာ ချုံခိုတိုက်ခိုက်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်မှာ သေချာတယ်

” ငါ့ဆီမှာ နောက်ထပ် အကြံတစ်ခုလည်း ရှိသေးတယ်။ ငါတို့တွေ ထောင်ချောက်ဆင်လို့ရတယ်လေ။ နင် မန္တန်အစီအရင်တစ်ခု ဖန်တီးလိုက်။ ပြီးရင် အဲဒီ မန္တန်အစီအရင်ထဲမှာ သော့တွေကို ထားထားပြီးတော့ ငါတို့တွေက ပုန်းပြီး စောင့်နေကြမယ်။ တစ်ယောက်ယောက် ထောင်ချောက်ထဲဝင်လာတာနဲ့ ငါတို့‌တွေ ပူးပေါင်းတိုက်ခိုက်လိုက်ရုံပဲ။ အဲလိုသာဆိုရင် ပထမဆုံး နေ့မှာတင် ထောင်ချောက်တွေအများကြီး ဆင်ပြီးတော့ သော့တွေထပ်ပြီး စုဆောင်းနိုင်လောက်တယ် ” ခုန်းတောက်မှာ သူ၏ အစီအစဉ်များကို စိတ်လှုပ်တရှား ရှင်းပြရင်း မျက်လုံးများ အရောင်တောက်ပလာတော့သည်။ သူသည် သူ၏ အကြံအစည်များမှာ အသုံးဝင်လိမ့်မည်ဟု မှတ်ယူထား၏။ မည်သည့်နည်းဖြင့် ထောင်ချောက်ဆင်စေကာမူ သူတို့မှာ အကျိုးမအမြတ်တစ်ခုခုအား ရရှိကြမည်သာဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ခုန်းတောက်၏ စကားများကို ကြားလိုက်ရသောအခါ ခေါင်းများခဲသွားရ၏။ ထို့နောက် သူသည် ခုန်းတောက်အား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ မေးလိုက်တော့သည်။

” ခုန်းတောက်။ မင်းရဲ့အကြံအစည် သုံးခုစလုံးက သူများတွေကို ချုံခိုတိုက်ခိုက်ဖို့ချည်းပဲ။ ငါတစ်ယောက်တည်း တိုက်ခိုက်တာရယ်၊ မင်းတို့နှစ်ယောက် တိုက်ခိုက်တာရယ် ဒါမှမဟုတ် ငါတို့သုံးယောက်စလုံး တိုက်ခိုက်တာရယ်ပဲ ကွာသွားတာ။ ဘာလို့ အဲလိုပဲ ချုံခိုတိုက်ခိုက်နေရမှာလဲကွ ”

ခုန်းတောက်မှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ မကျေမနပ်ဖြစ်သွားခြင်းမရှိဘဲ ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်၏ ” ပေါင်လဲ့။ ဒါကို မင်း နားလည်မှာမဟုတ်ပါဘူး။ ငါက အင်္ဂါဂြိုဟ်ပေါ်မှာ သုံးနှစ်တိတိ တစ်ယောက်တည်း နေလာခဲ့ရတာ။ ငါ အသက်ရှင်နိုင်ဖို့အတွက် အဲဒီ နည်းဗျူဟာကို သုံးခဲ့ရတာကွ။ အဲဒါ ငါ့ရဲ့ နံပါတ်တစ် စည်းမျဥ်းပဲ။ ကျယ်ပြန့်တာအိုနန်းတော်ထဲ ရောက်လာတာတောင် ငါက အဲဒီ နည်းဗျူဟာကိုပဲ သုံးပြီးတော့ အကျိုးအမြတ်တွေအများကြီး ရှာဖွေနိုင်ခဲ့တာ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ နှုတ်ခမ်းစူသွားရ၏။ သူသည် ခုန်းတောက်နှင့် နေပူမရှောင် မိုးရွာမရှောင် အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ဖူးသည် ဖြစ်ရာ စကားများ သွယ်ဝိုက်ပြောဆိုနေခြင်းမရှိပေ။ ခုန်းတောက်မှာလည်း ဝမ်ပေါင်လဲ့တစ်ယောက် နှုတ်ခမ်းစူနေသည်ကို မြင်လိုက်ရသောအခါ သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား ချုံခိုတိုက်ခိုက်ခြင်း အနုပညာ၏ အရေးပါပုံများကို သိရှိနားလည်လာအောင် ရှင်းပြပေးရန် လိုအပ်ကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် ကျောက်ယမုန့်အား စကားပြောရန်ပြင်လိုက်စဉ်မှာပင် သူတို့၏ စကားများကြောင့် ခေါင်းခဲနေခဲ့ရသော ကျောက်ယမုန့်မှာ စိတ်ရှုပ်နေသည့် အမူအရာဖြင့် ဝင်ပြောလိုက်၏။

” ငြင်းခုံမနေကြနဲ့တော့။ အရည်အချင်းစမ်းသပ်ပွဲရဲ့ ပထမဆုံးနေ့က အရေးကြီးတာမှန်ပေမဲ့ နောက်လာမယ့် နေ့တွေက ပိုလို့တောင်အရေးကြီးသေးတယ် ”

” ဒီ အရည်အချင်းစမ်းသပ်ပွဲထဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် တိုက်ပွဲတွေရဲ့ ပြင်းထန်မှုနှုန်းအပြင် သော့ချောင်းတွေရဲ့ အရေအတွက် ပြောင်းလဲမှုနှုန်းတွေက မြင့်ရာကနေ နိမ့်ရာကို ကျသွားနိုင်တယ်။ တကယ်လို့ ပထမဆုံးနေ့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်သွားခဲ့မယ်ဆိုရင် ကျန်နေသေးတဲ့သော့တွေက လူနည်းစုရဲ့ လက်ထဲမှ စုမိသွားကြမှာ။ အဲတာမလို့ တချို့အချိန်တွေမှာ သူတို့တွေက မတိုက်ခိုက်တော့ဘဲ ငြိမ်နေလောက်တယ်။ ငါတို့လုပ်ရမှာက လက်ရှိစည်းမျဉ်းတွေအတိုင်း လိုက်လျောညီထွေရှိနိုင်ဖို့ လိုအပ်တာတွေကို လုပ်ထားဖို့ပဲ ” ကျောက်ယမုန့် ထိုသို့ဆိုလိုက်သောအခါ ခုန်းတောက်မှာ စကားတစ်ခွန်းမှ ပြန်မပြောတော့ဘဲ နှုတ်ဆိတ်ကာ အတွေးများထဲ၌နစ်မျောသွား၏။ ဝမ်ပေါင်လဲ့မှာမူ သူမ၏ စကားများကို ကြားလိုက်ရပြီးနောက် ပို၍ပင် ခေါင်းရှုပ်လာရတော့သည်။

” ငါကတော့ ငါတို့သုံးယောက်ပေါင်းပြီး တစ်ယောက်တည်းကို ကာကွယ်ဖို့ အကြံပေးချင်တယ် ”

” ငါတို့တွေ ဝမ်ပေါင်လဲ့ကို ဒီအရည်အချင်းစမ်းသပ်ပွဲထဲမှာ အနည်းဆုံး သုံးရက်အထိ ရှိနေအောင် လုပ်နိုင်မယ်ဆိုရင် အနိုင်ရနိုင်တယ် ” ကျောက်ယမုန့်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။

” ပေါင်လဲ့။ နင် နိုးနိုးကြားကြား ရှိနေမှဖြစ်မယ်။ ငါတို့တွေ ဒီနေ့ ညကောင်းကင်မြေပုံကြီးကို အာရုံစိုက်ကြတာပေါ့။ တကယ်လို့ သော့တွေက လူနည်းစုရဲ့လက်ထဲမှာ စုမနေဘူးဆိုရင် အခုလက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက သိပ်ပြီးတော့ မပြင်းထန်သေးဘူးလို့ မှတ်ယူလို့ရတယ်။ အဲတာဆိုရင် ခုန်းတောက်ရယ် ငါရယ်က ငါတို့ရဲ့ သော့တွေကို နင့်ကို ပေးလိုက်မယ်။ ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ထဲမှာ ငါတို့နှစ်ယောက်က ပြိုင်ပွဲထဲကနေ ထွက်သွားလိုက်မယ်။ အဲ့တာဆိုရင် နင့်ဆီမှာ သော့နှစ်ချောင်း ကျန်နေဦးမှာပဲ။ ဒါပေမဲ့ ပေါင်လဲ့။ နင် သတိထားဖို့လိုတယ်။ တကယ်လို့ အရည်အချင်းစမ်းသပ်ပွဲက ဒီအတိုင်း ဖြစ်သွားမယ်ဆိုရင် သော့အရေအတွက်တွေ ပိုနည်းလာလေလေ သော့တွေကို လိုက်ရှာနေမယ့် လူအရေအတွက်က ပိုများလာလေလေ ဖြစ်နေမှာ ”

” တကယ်လို့ ဒီနေ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်ဆိုရင် ညကောင်းကင်မြေပုံပေါ်မှာ သော့တွေအများကြီးက ‌တစ်နေရာတည်းမှာ စုဝေးနေမှာ။ အဲတာဆိုရင် ဒုတိယမြောက်နေ့ကျရင် အခြေအနေတွေ ပြန်ပြီးတော့ ငြိမ်သက်သွားလောက်တယ်။ တကယ်လို့ အဲလိုသာ ဖြစ်မယ်ဆိုရင်တော့ ခုန်းတောက်ရယ်ငါရယ် ပြိုင်ပွဲထဲကနေမထွက်တော့ဘူး။ ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ထဲမှာ ငါတို့ရဲ့သော့တွေကို သုံးလိုက်မယ်။ ပြီးရင် ငါတို့သုံးယောက်ပေါင်းပြီးတော့ ထောင်ချောက်ဆင်ရင်ဆင်၊ မဟုတ်ရင်လည်း ‌တွေ့တဲ့လူတွေကို လိုက်လံတိုက်ခိုက်ပြီးတော့ သော့အသစ်တွေ ရှာကြတာပေါ့။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် သော့တွေအများကြီး ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ယောက်ကို တိုက်ခိုက်ဖို့လိုတယ် ”

ကျောက်ယမုန့်မှာ ထိုသို့ရှင်းပြလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင်မူ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပြည့်နှက်နေသည်။ ထို့နောက် သူမသည် ခေါင်းများကိုက်ခဲလာသောကြောင့် နဖူးအား လက်ဖြင့် ပွတ်နေမိတော့သည်။ ဤ အရည်အချင်းစမ်းသပ်ပွဲထဲတွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည် စည်းမျဉ်းများသာမက လျှို့ဝှက်ထားသည့် စည်းမျဉ်းများလည်း ရှိနေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ သာမန် ရှုံးထွက်နည်းစနစ်တစ်ခုကိုသာ ကျင့်သုံးထားသည့် ပြိုင်ပွဲတစ်ခုဟုထင်ရပါသော်လည်း လက်တွေ့တွင်မူ ဖြစ်နိုင်ခြေ အမြောက်အမြား ရှိနေ၏။

သူတို့မှာ ပြည်ထောင်စုကြီးထဲရှိ မှော်ဝင်နယ်မြေများထဲတွင် လေ့ကျင့်ခဲ့ရစဉ်တုန်းက ယခုလိုမျိုး ပြိုင်ပွဲမျိုးနှင့် မကြုံတွေ့ခဲ့ရပေ။ ၎င်းမှာ အလွန်အင်မတန်မှ ရှုပ်ထွေးပါသော်လည်း ဖြေရှင်း၍မရနိုင်လောက်သည့် အဆင့်အထိ ရောက်နေခြင်းတော့ မဟုတ်ပေ။ သို့သော် ပြိုင်ပွဲထဲ၌ အသုံးပြုရမည့် နည်းဗျူဟာများ ချမှတ်နိုင်ရန်အတွက် စိတ်ရောကိုယ်ပါ အပင်ပန်းခံရမည်ဖြစ်ပေသည်။ သို့သော် ကျောက်ယမုန့်တစ်ယောက် စိတ်လှုပ်ရှားနေရသည့် အချက်မှာ အကယ်၍ သူတို့ဘက်မှ သေချာပြင်ဆင်ထားပါက အရည်အချင်းစမ်းသပ်ပွဲထဲတွင် အသာစီးရနိုင်ရုံသာမက အခြား အခွင့်အရေးများပါ ရရှိနိုင်သည့်အချက်ပင် ဖြစ်ပေသည်။

” အရိုးအရှင်းဆုံး ပြောရမယ်ဆိုရင် မြေပုံပေါ်မှာ ပျောက်နေတဲ့လူတွေက မုဆိုးတွေ ဖြစ်ပြီးတော့ သော့တွေကိုင်ထားတဲ့လူတွေက သားကောင်တွေပဲ ” ကျောက်ယမုန့်မှာ ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။

” ပြီးရင် သင်္ချာနည်းအရဆိုရင် ဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် အများဆုံး ရှစ်ခုပဲ ပေါ်ပေါက်လာနိုင်မှာ။ ဒါပေမဲ့ တကယ်လက်တွေ့မှာတော့ အဲလောက်အထိ မများလောက်ပါဘူး။ ငါ့ရဲ့ သုံးသပ်ချက်တွေအရဆိုရင် ဒီ အရည်အချင်းစမ်းသပ်ပွဲက သတ္တမမြောက် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် မရောက်ခင်မှာပဲ ပြီးသွားလောက်တယ်။ အဲ့တာဆိုရင်… ငါတို့ဆီမှာ သော့ခုနစ်ချောင်း ရှိနေပြီး အဲဒီသော့တွေကို ထိန်းသိမ်းထားနိုင်သရွေ့ ထိပ်ဆုံး‌နေရာကထဲက နေရာတစ်ခုကို သေချာပေါက် ပိုင်ဆိုင်နိုင်မှာပဲ ” ကျောက်ယမုန့်မှာ ထိုစကားများဆိုလိုက်သောအခါ မျက်လုံးများအရောင်တောက်ပသွား၏။ ထို့နောက် သူမသည် နဖူးအား လက်ဖြင့်ပွတ်ကာ ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့အား လှမ်းကြည့်လိုက်ပြီး ဝမ်ပေါင်လဲ့ ချမှတ်မည့် ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေလိုက်တော့သည်။

” ကျောက်ယမုန့်။ ငါက နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က သာမန်အဆင့်မှာပဲ ရှိပြီးတော့ မန္တန်အစီအရင်တွေကလည်း သိပ်ပြီးတော့ အသုံးမဝင်ဘူးလို့ ထင်ခဲ့မိတာ။ အခုတော့ ငါ့ရဲ့ အမြင်တွေ ပြောင်းသွားပြီ။ နင်က တော်တော်ကို အံ့သြဖို့ကောင်းတာပဲ ” ခုန်းတောက်မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသော အမူအရာဖြင့်ဆိုလိုက်ပြီး ကျောက်ယမုန့်အား ရိုသေလေးစားမှု အပြည့်ရှိသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ကျောက်ယမုန့်၏ အကဲဖြတ်သုံးသပ်နိုင်စွမ်းများမှာ အလွန်အင်မတန်မှ တိကျလွန်းနေသည် မဟုတ်ပါလော။ သူမသည် ခက်ခဲရှုပ်ထွေးနေသော ပြဿနာကြီးတစ်ခုအား ရိုးရှင်းကာ နားလည်ရလွယ်သွားအောင် ရှင်းပြနိုင်ခဲ့၏။

သူမ၏ ရှင်းပြချက်များကြောင့် ခုန်းတောက်မှာ ဤ အရည်အချင်းစမ်းသပ်ပွဲ၏ အခန်းကဏ္ဍမျိုးစုံကို နားလည်သွားပြီဖြစ်သည်။ ထို့အပြင် ကျောက်ယမုန့်မှာ သူတို့အဖွဲ့ထဲမှ တစ်ယောက်ယောက် နောက်ဆုံးအချိန်အထိ ကျန်ခဲ့နိုင်ရန်အတွက် လိုအပ်ပါက ချုံခိုတိုက်ခိုက်မည့် အစီအစဉ်အား အရံဗျူဟာအဖြစ် အသုံးပြုမည်ဟုလည်း အသိပေးခဲ့၏။ ထို့ကြောင့် သူသည်လည်း ချုံခိုတိုက်ခိုက်နိုင်မည့် နည်းလမ်းအမျိုးမျိုးအား စဉ်းစားတွေးတောနေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ခုန်းတောက်နှင့် ကျောက်ယမုန့်တို့အား ပြန်ကြည့်လိုက်ပြီး မျက်လုံးများမှိတ်ကာ စိတ်ထဲ၌ စဉ်းစားတွေးတောနေလိုက်တော့သည်။ ကျောက်ယမုန့်၏ အကဲဖြတ်သုံးသပ်ချက်များမှာ အလွန်အင်မတန်မှ အနုစိတ်လွန်းသောကြောင့် သူသည် ၎င်းတို့အား အသိအမှတ်ပြုပါသော်လည်း သူ၏ စိတ်ထဲတွင်မူ အကယ်၍ ကျောက်ယမုန့် အကြံပြုသည့်အတိုင်းသာ ဆောင်ရွက်မည်ဆိုပါက ကိစ္စများမှာ ထင်မှတ်ထားသလောက် ချောမွေ့နိုင်မည်မဟုတ်ကြောင်း ခံစားနေရ၏။

သူသည် ထိုသို့ခံစားနေရသည့် အကြောင်းအရင်းကိုလည်း သိပေသည်။ ၎င်းမှာ အခြား အမြုတေအဆင့် ကျင့်ကြံသူများ ပိုင်ဆိုင်ထားခြင်းမရှိဘဲ ယွမ်ယင်အဆင့်သို့ ရောက်ရှိနေသည့် လူများသာလျှင် ပိုင်ဆိုင်ထားသည့် ဝိညာဉ်အာရုံခံနိုင်စွမ်းများကြောင့် ဖြစ်ပေသည်။

” ကျောက်ယမုန့်ရဲ့ နည်းဗျူဟာက သူသုံးတဲ့ ကျင့်ကြံခြင်းပညာရပ်တွေနဲ့ ကိုက်ညီမှု ရှိသားပဲ။ ဒါပေမဲ့ ငါကတော့ ဒီဗျူဟာကို အသုံးပြုမှာမဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်ကာ စဉ်းစား‌တွေးတောနေရင်း သူ၏အသိစိတ်များမှာ ပိုမို ကြည်လင်ပြတ်သားလာတော့သည်။

” ငါ လေ့ကျင့်တဲ့ လျှပ်စီးတာအိုက လျှပ်စီးတွေကို အသုံးပြုပြီးတော့ ပြိုင်ဘက်တွေကို ဖိနှိပ်ချုပ်ချယ်ရတာ။ လျှပ်စီးတန်း တစ်ခုတည်းကိုအသုံးပြုပြီးတော့ အဆုံးမရှိတဲ့ မန္တန်တွေကိုပါ ချိုးဖျက်ရတာ။ ကျူးသိုပညာရပ်ကလည်း ဝိညာဉ်ထောင်သောင်းများစွာရဲ့ စိတ်ဆန္ဒ‌တွေကို စုပ်ယူစားသုံးရတာ။ ပြီးရင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာနဲ့ ပူးပေါင်းပြီးတော့ ပြိုင်ဘက်တွေအားလုံးကို ချေမှုန်းပစ်ရတာ။ အဲဒီ ပညာရပ်က နောက်ကို လုံးဝ လှည့်မကြည့်ဘဲ ရှေ့ဆက်တိုးဖို့ တွန်းအားပေးတဲ့ ပညာရပ်မျိုးကွ… ရှေ့မှာ သွားစရာလမ်းမရှိရင်တောင် ကိုယ်ကိုယ်တိုင် လမ်းဖောက်ပစ်မယ့် ပညာရပ်မျိုး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတော့လိုက်ပြီးနောက် အရာအားလုံးမှာ သူ့အတွက် ရှင်းလင်းပြတ်သားသွားတော့သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများပင်လျှင် စတင်အသက်ဝင်လာပြီး သူ၏ အတွေးများနှင့် ထပ်တူကျသွားသကဲ့သို့ ဖြစ်နေ၏။ ထို့နောက် ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင်လျှင် သတိမထားမိသော အငွေ့အသက်တစ်မျိုးမှာ သူ၏ ပတ်ပတ်လည်၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

ထိုအငွေ့အသက်များကို မည်သူမှ အာရုံမခံမိပေ။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ပင်လျှင် ၎င်းတို့အား သတိမထားမိပေ။ သို့သော် လီရှင်းဝမ်သာ သူ၏အနီးတွင် ရှိနေမည်ဆိုပါက ထို အငွေ့အသက်များကြောင့် အံ့ဩတုန်လှုပ်သွားရမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့ဆီမှ ထိုကဲ့သို့ အငွေ့အသက်များ ထွက်ပေါ်လာဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ကောင်းကင်တာအိုကျောင်းထဲ၌ လီရှင်းဝမ်တစ်ယောက် ဝမ်ပေါင်လဲ့အား စမ်းသပ်ခဲ့ပြီး သူ၏ လက်သီးချက်အား တားဆီးခဲ့သည့်အချိန်တုန်းက ထိုအငွေ့အသက်များမှာ ပထမဆုံးအကြိမ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ သူ၏ စိတ်ဆန္ဒများကို သူ၏ မန္တန်နှင့် ပေါင်းစည်းပေးခဲ့သည့် လက်သီးချက်တစ်ချက် ဖြစ်နေ၏။ ထိုသို့ပေါင်းစည်းနိုင်သောအခါမှသာ ထပ်တူကျခြင်းဆိုသည့် အရာအား ရရှိနိုင်ခြင်း ဖြစ်သည်။

ထို ” ထပ်တူကျခြင်း ” ဆိုသည့် စကားလုံးမှာ ပြည်ထောင်စုကြီးထဲ၌ သုံးနှုန်းသော စကားတစ်ခု ဖြစ်ပေသည်။ ကျယ်ပြန့်တာအိုနန်းတော်မှာမူ ၎င်းအား အခြားနာမည်တစ်ခု ပေးထား၏။ ၎င်းမှာ နှိုင်းယှဉ်၍မရလောက်အောင် လျှို့ဝှက်ဆန်းကြယ်သည့်…. တာအို ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထို အငွေ့အသက်များထဲတွင် ရပ်နေရင်း သူ၏ မျက်လုံးများအား ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ကိန်းအောင်းနေပြီဖြစ်သည်။ ၎င်းမှာ သူ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ဆင်မြန်းထားရင်း မီးပင်လယ်ကြီးထဲ၌ ရှိနေခဲ့စဉ်တုန်းက ပေါ်ပေါက်လာခဲ့သည့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်မျိုး ဖြစ်ပေသည်။ ထိုအချိန်တွင် သူသည် ဖြည်းညင်းစွာ ဆိုလိုက်၏။

” ယမုန့်။ နင့်ရဲ့ အကဲဖြတ်သုံးသပ်ချက်တွေက အသုံးဝင်တယ်လို့လည်း ပြောလို့ရသလို အသုံးမဝင်ဘူးလို့လည်း ပြောလို့ရတယ်… ငါ့ကို ကာကွယ်ပေးဖို့အတွက်နဲ့ နင်တို့နှစ်ယောက်ကို စတေးစရာ မလိုပါဘူး။ ကောင်းကင်ထဲက မြေပုံကိုကြည့်လိုက်။ ငါတို့ဆီကို သော့သုံးချောင်း ချဉ်းကပ်လာနေပြီ။ သူတို့က ငါတို့ကို ပစ်မှတ်ထားနေမှာ သေချာသလောက်ရှိတယ်။ အဲတာမလို့ ငါ့ရဲ့ နည်းဗျူဟာကို ရှင်းရှင်းလေးပဲပြောမယ်…. ”

” ငါတို့တွေ တိုက်ခိုက်ကြတာပေါ့ ”

သူ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ မျက်ဝန်းများထဲ၌ ကြောက်မက်ဖွယ်ရာ အလင်းရောင်များ တောက်ပလာ၏။ ထို့နောက် သူသည် မြေပုံပေါ်၌ သူတို့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည့် သော့ပုံစံသင်္ကေတသုံးခုဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset