ဝမ်ပေါင်လဲ့နှင့် သူ၏အဖွဲ့မှာ ရှုမင်နှင့် အပေါင်းအပါများ ထွက်ခွာသွားသည်ကို လှမ်းကြည့်နေလိုက်ကြ၏။ ထို့နောက် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြပြီးနောက် အခြားတစ်ဘက်သို့ ပြေးထွက်သွားလိုက်တော့သည်။ သူတို့မှာ လမ်းစဉ်တစ်လျှောက်လုံးတွင် သတိရှိရှိနေခဲ့ကြ၏။ ကျောက်ယမုန့်မှာ အရည်အချင်းစမ်းသပ်ပွဲ၏ စည်းမျဉ်းများကို သုံးသပ်နေပြီ ဖြစ်သည်။
” လူတိုင်း တွေးနေလောက်မယ့် နည်းဗျူဟာတစ်ခုက သော့တွေကို အရေအတွက်တစ်ခုအထိ စုဆောင်းပြီးရင် ပုန်းနေဖို့ပဲ… ” ကျောက်ယမုန့်မှာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ ထိုအခါ ခုန်းတောက်မှာလည်း အနည်းငယ်ခန့်တွေးတောလိုက်ပြီးနောက် ခေါင်းယမ်းကာ ပြန်ပြောလိုက်သည်။
” ငါလည်း အဲ့လို တွေးမိတယ်။ အဲဒီသော့ကို သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းထားလို့ မရပေမဲ့ ကိုယ့်ရဲ့အနီးကို ရောက်လာမှသာ အဲဒီသော့ကို အာရုံခံမိနိုင်တာ။ ကျယ်ပြန့်တာအိုနန်းတော်က ဘာလို့ ဒီလောက် သိသာလွန်းတဲ့ ဟာကွက်ကြီးတစ်ခုကို ချန်ထားခဲ့ရတာလဲဆိုတာ ငါ အခုထိ အဖြေရှာမရသေးဘူး ”
ကျောက်ယမုန့်နှင့် ခုန်းတောက်တို့၏ ပြောစကားများကို နားထောင်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် အတွေးများထဲတွင် နစ်မျောသွား၏။ ထို့နောက် သူသည် ဖြည်းဖြည်းချင်း စကားပြန်ပြောလိုက်သည် ” မန္တန်အစီအရင်ရဲ့နာမည်က အဆုံးမဲ့လမ်းစဉ်မန္တန်အစီအရင်ဆိုမှတော့ ငါတို့တွေ ဒီကမ္ဘာကြီးထဲမှာ တခြား ပြောင်းလဲမှုတွေနဲ့ပါ ကြုံရင်ကြုံရနိုင်တယ် ”
သူတို့သုံးယောက်မှာ အချိန်ပေး၍ ဆွေးနွေးနေကြသည်တိုင်အောင် အသုံးပြုမည့် နည်းဗျူဟာအား မဆုံးဖြတ်နိုင်ဘဲဖြစ်နေရ၏။ နောက်ဆုံးတွင် ကျောက်ယမုန့်မှာ ပုန်းစရာနေရာ တစ်နေရာ ရှာထားရန် အကြံပေးလိုက်၏။ သို့မှသာ သူတို့မှာ အစီအစဉ်တကျ မလှုပ်ရှားခင် အရင်ဆုံး အခြေအနေများကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။
ဖုန့်ချိုးရန်၏ အဖွဲ့အစည်းထဲမှ ကျင့်ကြံသူများမှာ လူစုခွဲသွားကြပြီဖြစ်သည်။ မြဲ့လျဲ့ကျိနှင့် ယိုရန်တို့၏ အဖွဲ့အစည်းများမှ ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။
လူအများစုမှာ ကျိုးချူတောက်နှင့် သူ၏ တာအိုလက်တွဲဖော် ဟွမ်ယွင်ရှန်းတို့၏နောက်သို့ လိုက်သွားကြ၏။ ဒူဂူလင်း တစ်ယောက်သာလျှင် တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။ သူသည် မည်သူမှ သူ၏နောက်သို့ လိုက်မလာရန် ပိတ်ပင်တားမြစ်ခဲ့၏။
ကျင့်ကြံသူများ အရပ်မျက်နှာအနှံ့သို့ ခွဲထွက်သွားကြပြီဖြစ်ရာ အရည်အချင်းစမ်းသပ်ပွဲမှာ အမှန်တကယ် စတင်သွားပြီဖြစ်သည်။ ပြင်ပကမ္ဘာထဲတွင် ရှိနေသော ပွဲကြည့်ပရိသတ်များမှာ ပြည်သူ့ရင်ပြင်ထဲတွင် စိတ်လှုပ်တရှား စောင့်ကြည့်နေကြ၏။ မကြာမီတွင် ပြိုင်ပွဲကြီးမှာ စိတ်ဝင်စားစရာ ကောင်းလာတော့မည်ဖြစ်ကြောင်း သူတို့က သိထားကြသည်။
လက်ရှိတွင် တိုက်ပွဲကြီးကြီးမားမားဟူ၍ မရှိသေးပေ။ အမှန်အတိုင်းဆိုရလျှင် မည်သူကမှ မတိုက်ခိုက်ရသေးပေ။ သို့သော် ချမှတ်ထားသည့် စည်းမျဉ်းများအရဆိုလျှင် အချိန်ကုန်လာသည်နှင့်အမျှ ပြိုင်ပွဲဝင်တိုင်းမှာ စိုးရိမ်စိတ်များ ကြီးထွားလာမည်သာ ဖြစ်သည်။
ဤ အရည်အချင်းစမ်းသပ်ပွဲကြီးမှာ နည်းလမ်းအမျိုးမျိုးဖြင့် အဆုံးသတ်သွားနိုင်ပေသည်။ ထိုကဲ့သို့ ဖြစ်နိုင်ခြေအမျိုးမျိုး ရှိနေသောကြောင့် လောင်းကြေးအမျိုးမျိုးလည်း ထွက်ပေါ်လာကြပြီဖြစ်သည်။ မြဲ့လဲ့ကျိနှင့် ဖုန့်ချိုးရန်တို့၏ကြားမှ လောင်းကြေးလည်း ရှိနေသလို… ရှဲ့ဟေးရန်တစ်ယောက် တိတ်တိတ်ကလေး ထောင်ထားသည့် လောင်းကစားဝိုင်းတစ်ခုလည်းရှိနေ၏။
ထိုလောင်းကစားဝိုင်းအား ပေါ်ပေါ်ထင်ထင် ကြေညာ၍ မဖြစ်ပေ။ သို့သော်လည်း ရှဲ့ဟေးရန်မှာ ထိုအကြောင်းနှင့် ပတ်သတ်သည့် သတင်းများကို လူအများသိအောင် အလွယ်တကူ ဖြန့်နိုင်ခဲ့၏။ လက်ရှိတွင် သူ့ဆီ၌ လောင်းထားကြသည့် လူအရေအတွက်မှာ သောင်းဂဏန်းအထိ ရှိနေပြီဖြစ်သည်။
ရှဲ့ဟေးရန်မှာ ဝဲများထဲရှိ ပုံရိပ်များအား စောင့်ကြည့်နေသည့် လူပေါင်းများစွာထဲမှ တစ်ယောက်ဖြစ်ပေသည်။ သို့သော် သူသည် အသံလွှင့်အကြောင်းကြားစာများမှတစ်ဆင့် လောင်းကြေးငွေများ လက်ခံရယူနေရသောကြောင့် အလုပ်ရှုပ်နေ၏။ ထို့အပြင် သူသည် လောင်းကြေးများကိုလည်း မကြာခဏဆိုသလို သင့်တော်သလို ပြောင်းလဲနေရသေးသည်။ ထို့ကြောင့် သူ၏ ပတ်ပတ်လည်တွင် လူများအုံနေကြပြီး အများစုမှာ လူကိုယ်တိုင်လာရောက်ကာ လောင်းနေကြ၏။
ဂိုဏ်းမှ အကြီးအကဲအချို့မှာ ထိုအချင်းအရာများကို သတိထားမိသွားသဖြင့် မျက်မှောင်များ ကြုတ်သွားကြပါသော်လည်း ခဏအကြာတွင် သူတို့မှာ အသံလွှင့်အကြောင်းကြားစာတစ်စောင်စီ လက်ခံရရှိလိုက်ကြ၏။ သူတို့မှာ ထိုအသံလွှင့်အကြောင်းကြားစာအား ဖတ်ရှုပြီးသွားသောအခါ ရှဲ့ဟေးရန်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ သူ၏လုပ်ရပ်များအား လျစ်လျူရှုထားလိုက်ကြတော့သည်။ ထိုသို့ဖြင့် ရှဲ့ဟေးရန်၏ လောင်းကစားဝိုင်းကြီးမှာ ကြီးသည်ထက် ကြီးလာ၏။ နောက်ဆုံးတွင် သူ၏ဘေးတွင်ရပ်နေသော သတ်လတ်ပိုင်းလူကြီးမှာ သိချင်ဇောဖြင့် မေးလိုက်တော့သည်။
” တာအိုရောင်းရင်းရှဲ့။ ညီလေးက ဒိုင်ကိုင်နေတာဆိုတော့ ညီလေး လောင်းထားတဲ့လူတွေရော ရှိလား ”
ရှဲ့ဟေးရန်မှာ ထိုစကားကို ကြားလိုက်ရသောအခါ ပြုံးသွား၏။ ထို့နောက် သူသည် သူ၏ သိုလှောင်လက်ကောက်ထဲမှ ဘူးသီးခြောက်သုံးခုအား ထုတ်ယူလိုက်ပြီး သူတို့၏ ရှေ့၌ ချပြလိုက်သည်။ သူသည် ထို ဘူသီးခြောက်များအား လက်ညှိုးထိုးကာ ရယ်မောရင်း လူအုပ်ကြီးအား ပြောပြလိုက်၏။
” ကျွန်တော်က ဒီသုံးယောက်ကို တိုက်ပွဲရမှတ် တစ်သောင်းတိတိ လောင်းထားတာ။ သူတို့ရဲ့ နာမည်တွေက အဲဒီ ဘူးသီးခြောက်တွေထဲမှာရှိတယ်။ ပျောက်မသွားအောင် ကြည့်ပေးထားဦး။ နောက် သုံးရက်၊ လေးရက်လောက်နေလို့ ရလဒ်တွေထွက်လာတဲ့ အချိန်ကျရင် ကျွန်တော် ခင်ဗျားတို့အားလုံးရဲ့ ရှေ့မှာ ဒီဘူးသီးခြောက်တွေကို ဖွင့်ပြပါ့မယ် ”
အရည်အချင်းစမ်းသပ်ပွဲ ကျင်းပနေသည့် နေရာ၏ ပြင်ပကမ္ဘာကြီးထဲတွင်မူ လူများမှာ ဆူညံပွက်လောရိုက်နေကြ၏။ လောင်းကစားဝိုင်းတစ်ခုလည်း ရှိနေသည်ဖြစ်ရာ ပွဲကြည့်ပရိသတ်များမှာ အရည်အချင်းစမ်းသပ်ပွဲအား စိတ်ရောကိုယ်ပါနှစ်၍ စောင့်ကြည့်နေကြသည်။ ထို့ကြောင့် အရာအားလုံးမှာ ပို၍ စည်ကားသိုက်မြိုက်လာတော့သည်။
ပြင်ပကမ္ဘာကြီးနှင့် ယှဉ်လိုက်ပါက မန္တန်အစီအရင်ထဲတွင်မူ အခြေအနေများမှာ ငြိမ်သက်နေဆဲဖြစ်သောကြောင့် စိတ်လှုပ်ရှားစရာမကောင်းသေးပေ။ အရည်အချင်းစမ်းသပ်ပွဲမှာ ယခုမှ စတင်သွားခဲ့သည်ဖြစ်ပြီး ပြိုင်ပွဲဝင်များမှာ မကြာသေးမီကမှ အထဲသို့ ရောက်လာကြသည် မဟုတ်ပါလော။ ထို့ကြောင့် တိုက်ပွဲများပေါ်ပေါက်လာရန် အချိန်မကျသေးပေ။
မြဲ့လျဲ့ကျိမှာ အားမလိုအားမရဖြစ်နေသောကြောင့် သူ၏ ညာဘက်လက်ကို မြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထို့နောက် သူသည် ကောင်းကင်ယံထဲတွင် ရှိနေသော ဝဲများအား လက်ညှိုးဖြင့်ထိုးလိုက်၏။ ထိုအခါ ထိုဝဲများမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားကြပြီး မန္တန်အစီအရင်ထဲ၌ ပြောင်းလဲမှုများ စတင်ပေါ်ပေါက်လာတော့သည်။
ခဏအကြာတွင် ပွဲကြည့်ပရိသတ်များမှာ ထိုပြောင်းလဲမှုများအား သတိထားမိသွားကြသောကြောင့် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာ၏။
” မန္တန်အစီအရင်ကြီးက ပြောင်းလဲနေပြီဟေ့ ”
” ပုံရိပ်တွေထဲက ကောင်းကင်ကြီးကို ကြည့်လိုက်… အနက်ရောင်ပြောင်းသွားပြီ ”
” ညကောင်းကင်ထဲမှာ ကြယ်အလင်းရောင်တွေပါ ရှိနေတာပဲဟ ”
ထိုကဲ့သို့ ပွဲကြည့်ပရိသတ်များ အံ့ဩမှင်တက်နေကြစဉ် မန္တန်အစီအရင်ထဲရှိ ပြိုင်ပွဲဝင်များမှာ ခေါင်းများမော့ကြည့်လိုက်ကြပြီးနောက် ကောင်းကင်ယံကြီး ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် မျက်နှာအမူအရာများ ပြောင်းသွားကြ၏။
ထိုအချိန်တွင်… သူတို့၏ ပတ်ပတ်လည်မှာ သိသိသာသာ မှောင်ကျသွား၏။ ထိုပြောင်းလဲမှုမှာ ကြီးကြီးမားမား မဟုတ်ပါသော်လည်း ကျင့်ကြံသူများ၏ မျက်ဝန်းများထဲတွင်မူ သိသာထင်ရှားနေ၏။ သူတို့၏ အထက်တွင် ရှိနေသော ကောင်းကင်ယံကြီးမှာ ကြည်လင်ရှင်းလင်းကာ တောက်ပနေရာမှ ညအချိန်သို့ ရောက်သွားသကဲ့သို့ မှောင်မိုက်သွားသည်မဟုတ်ပါလော။
သို့သော် ညအချိန်သို့ ရောက်သွားသည်ဟူ၍လည်း အတိအကျ သတ်မှတ်၍မရပေ။ ထိုကမ္ဘာကြီးမှာ သိသိသာသာ မှောင်ကျသွားပါသော်လည်း ညဉ့်နက်ချိန်သို့ ရောက်သွားသကဲ့သို့ မှောင်မိုက်နေခြင်းတော့ မဟုတ်ပေ။ အပြာရောင် ကောင်းကင်ယံကြီးသာလျှင် အနက်ရောင်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
အနက်ရောင် ကောင်းကင်ယံကြီး၏အောက်ရှိ ကုန်းမြေကြီးမှာ အလင်းရောင်များ ထုတ်လွှတ်နေဆဲပင်။ ထိုအလင်းရောင်များ၏ မူလဇစ်မြစ်ကို အတိအကျမသိနိုင်ပေ။ ထို့ကြောင့် ဤကမ္ဘာကြီးထဲရှိ အရာအားလုံးမှာ အလင်းရောင် ထုတ်လွှတ်ပေးနိုင်စွမ်း ရှိနေသည်ဟု ထင်ရပေသည်။ ၎င်းမှာ အဆုံးမဲ့လမ်းစဉ် မန္တန်အစီအရင်ကြီး တမူထူးခြားနေရသည့် အကြောင်းအရင်များထဲမှ တစ်ခုဖြစ်ပေသည်။
ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ ရှေ့သို့ခရီးဆက်နေကြစဉ် ကောင်းကင်ကြီးမှာ ရုတ်တရက်ဆိုသလို အနက်ရောင်ပြောင်းသွား၏။ ထိုအခါ သူတို့မှာ ချက်ချင်းပင်ရပ်တန့်သွားကာ ခေါင်းများမော့ကြည့်လိုက်ကြပြီးနောက် မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။ အနက်ရောင်ကောင်းကင်ကြီးမှာ တဖြည်းဖြည်းနှင့် ပုံစံပြောင်းလဲနေပြီး ကြယ်အလင်းရောင်များဖြင့် ဖန်တီးထားသော မြေပုံကြီးတစ်ခုမှာ ကောင်းကင်ယံထဲ၌ ပေါ်ပေါက်လာ၏။
၎င်းမှာ အရည်အချင်းစမ်းသပ်ပွဲကြီး ကျင်းပနေသည့် ကမ္ဘာကြီး၏ မြေပုံတစ်ခု ဖြစ်ပေသည်။ ထို့အပြင် ထိုမြေပုံပေါ်၌ သော့ပုံစံ သင်္ကေတေပေါင်း မြောက်မြားစွာလည်း ပေါ်ပေါက်လာကြ၏။
ထိုသင်္ကေတများမှာ ငြိမ်သက်နေခြင်းမရှိပေ။
၎င်းတို့ထဲမှာ အချို့မှာ တစ်ခုချင်းစီ ကွဲနေကြပြီး အချို့မှာမူ သုံးခုမှ ငါးခုအထိ အစုလိုက်အပြုံလိုက် ရှိနေကြ၏။ ထို့အပြင် သော့အချောင်းရေ ဒါဇင်ပေါင်းများစွာ ရှိနေကြသည့် အစုအဝေးများလည်း ရှိနေသေးသည်။ ထို သော့ပုံစံသင်္ကေတ တစ်ခုချင်းစီတိုင်းမှာ သော့တစ်ချောင်းပိုင်ဆိုင်ထားသည့် လူတစ်ယောက်အား ကိုယ်စားပြုနေခြင်းဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ ကောင်းကင်ယံထဲရှိ မြေပုံကြီးထဲ၌ သူတို့၏ တည်နေရာနှင့် သူတို့အား ကိုယ်စားပြုနေသည့် သော့ပုံစံသင်္ကေတများကို မြင်လိုက်ရသောအခါ ရင်ထဲ၌ စိုးထိတ်သွားရတော့သည်။
သူတို့မှာ စမ်း၍ လှုပ်ရှားကြည့်လိုက်သောအခါ သူတို့ နေရာရွှေ့လိုက်သည်နှင့် ထိုသော့ပုံစံသင်္ကေတများလည်း ရွေ့လျားသွားသည်ဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် ကောင်းကင်ယံထဲရှိ ထိုမြေပုံကြီးမှာ အရည်အချင်းစမ်းသပ်ပွဲမှ လှုပ်ရှားမှုများနှင့် တိုက်ရိုက် ချိတ်ဆက်နေရမည်ဖြစ်ကြောင်း သူတို့က ကောက်ချက်ချလိုက်တော့သည်။
သို့ဖြစ်ရာ တိတ်တဆိတ် လှုပ်ရှား၍ ရတော့မည်မဟုတ်ပေ။ ဘေးကင်းသည့်နေရာတစ်နေရာတွင် ပုန်းအောင်းနေခြင်းမှာလည်း အလုပ်ဖြစ်တော့မည်မဟုတ်ပေ။ ကောင်းကင်ယံထဲ၌ မြေပုံကြီး ပေါ်ပေါက်လာမှုကြောင့် သူတို့၏ စိတ်ထဲ၌ ရှိနေခဲ့သော သံသယများအားလုံးမှာ ပျောက်ကွယ်သွားရတော့သည်။
” ရက်စက်လှပါလား။ ပုန်းစရာနေရာတောင် မရှိတော့ဘူး။ ငါတို့ရဲ့ လှုပ်ရှားမှုတွေကို လူတိုင်းက မြင်နေရတော့မှာပဲ ” ခုန်းတောက် မှင်တက်နေရပြီ ဖြစ်သည်။ ကောင်းကင်ယံထဲ၌ မြေပုံကြီးပေါ်ပေါက်လာမှုကြောင့် အရည်အချင်းစမ်းသပ်ပွဲ၏ အရှိန်မှာ အမြင့်ဆုံးသို့ ရောက်ရှိသွားတော့မည်ဖြစ်ကြောင်း သူက ခန့်မှန်းမိလိုက်၏။
” အဲ့လိုလည်း မဟုတ်ပါဘူး ” ထိုအချိန်တွင် ကျောက်ယမုန့်မှာ ရုတ်တရက်ဆိုသလို မျက်လုံးများအရောင်လက်သွားပြီး ပြောလိုက်၏။
” ဒီ မြေပုံကြီးက ငါတို့တွေအတွက် ဆိုးကျိုးတွေပဲ ပေးမှာတော့မဟုတ်ဘူး။ အပေါ်ယံကနေကြည့်ရင်တော့ ဒီမြေပုံကြီးက လူတိုင်းရဲ့ တည်နေရာတွေကို ဖော်ပြတဲ့ပုံစံ ပေါက်ရင်ပေါက်နေမှာပေါ့။ ဒါပေမဲ့ တကယ့်လက်တွေ့မှာက အရည်အချင်းစမ်းသပ်ပွဲထဲမှာ နောက်ထပ် စည်းမျဉ်းတစ်ခု ထပ်ပေါ်လာတာပဲ…. တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် မစခင် သော့မရှိတဲ့လူတွေကို မြေပုံပေါ်မှာ မြင်ရတော့မှာမဟုတ်ဘူးလေ ”
ဝမ်ပေါင်လဲ့မှာ သူတို့၏စကားများကိုနားထောင်ရင် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများအရောင်လက်သွား၏။ ကျောက်ယမုန့်မှာ စိတ်ဓာတ်များ တက်ကြွနေသည်ဖြစ်ပြီး သူမ၏ မျက်ဝန်းများမှာလည်း တလက်လက်တောက်ပနေသည်။ သူမသည် ဤ အရည်အချင်းစမ်းသပ်ပွဲ၏ စည်းမျဉ်းများနှင့် ဤ မန္တန်အစီအရင်ကြီးမှာ သူမအား မန္တန်အစီအရင် ပညာရပ်တွင် ပို၍ ကျွမ်းကျင်လာအောင် ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည့်ပုံပင်။ ခဏအကြာတွင် သူမသည် စကားဆက်ပြောလိုက်၏။
” ဒီ ကမ္ဘာကြီးက တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ နှစ်ဆယ့်လေးနာရီတစ်ကြိမ် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တစ်ခု စတင်ပေးမှာမလို့ ငါတို့တွေက တစ်ရက်တစ်ကြိမ် တည်နေရာပြောင်းရွှေ့ခံရမှာ။ သော့တစ်ချောင်းရှိတဲ့ လူတွေက လွတ်မြောက်နိုင်ပေမဲ့ မရှိတဲ့လူတွေကတော့ အရည်အချင်းစမ်းသပ်ပွဲထဲကနေ ထုတ်ပယ်ခံရမှာပဲ ”
” ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က ပြိုင်ပွဲဝင်တစ်ယောက်က သူ့ရဲ့ သော့ကိုသုံးပြီးတော့ ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကို ရှောင်တိမ်းနိုင်ရင်တောင် နောက်ထပ် ထပ်ပြီးတော့ ပေါ်ပေါက်လာမယ့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တွေကိုပါ ရှောင်တိမ်းနိုင်ဖို့အတွက်ဆိုရင် တခြားလူတွေဆီက သော့တွေကို လိုက်လုရမှာ။ လူတိုင်းမှာ တစ်ရက်တိတိအချိန်ရှိတယ်။ အဲဒီအချိန်အတောအတွင်းမှာ သူတို့ရဲ့ တည်နေရာတွေကို မြေပုံပေါ်မှာ မြင်ရတော့မှာမဟုတ်ဘူး။ ဒါပေမဲ့ သော့ရှိနေသေးတဲ့ လူတွေကတော့ မြေပုံပေါ်မှာ ပေါ်နေဦးမှာပဲ။ သူတို့က ငါတို့ကို သော့တွေ လိုက်လုဖို့ အတင်းအကျပ် ဖိအားပေးနေတာပဲ ”
” ငါ့ရဲ့ သုံးသပ်ချက်အရဆိုရင်တော့ ပထမဆုံးနေ့က အကြမ်းဆုံး ဖြစ်လောက်တယ်။ စုစုပေါင်းရှိတဲ့ သော့အရေအတွက်က ခြောက်ရာအထိပဲ ရှိတာမလို့ ပထမဆုံးနေ့မှာပဲ ပြိုင်ပွဲဝင်တွေအများကြီး ထွက်ရလောက်တယ်။ တကယ်လို့ ပထမဆုံးနေ့မှာ တိုက်ပွဲတွေအများကြီးမဖြစ်ရင် သော့အများစုက လူနည်းစုရဲ့လက်ထဲမှာ ရှိနေမှာ မဟုတ်ဘူး။ အဲတာဆိုရင် ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် ပြီးသွားတာနဲ့ ပြိုင်ပွဲတွေက ပြိုင်ပွဲကနေ မထွက်ရအောင် သော့တွေကို သုံးပစ်ကြမှာ။ အဲ့လိုဆိုရင် သော့တွေအများကြီး ကုန်သွားမှာလေ။ သော့မရှိတော့လို့ မြေပုံပေါ်မှာ မပေါ်တော့တဲ့လူတွေကလည်း အရည်အချင်းစမ်းသပ်ပွဲထဲမှာ ဆက်ပြီးတော့ နေနိုင်ဖို့အတွက် နောက်ထပ်သော့တွေကို မရမက လိုက်လုကြမှာပဲ။ ဒါပေမဲ့ အဲဒီ အချိန်ရောက်ရင် သော့တွေက သိပ်ကျန်မှာ မဟုတ်တော့ဘူး။ အဲတာမလို့ သော့တွေက ပထမဆုံးနေ့ကထက်ကို ပိုပြီးတော့ တန်ဖိုးကြီးလာတော့မှာ။ အဲတာဆိုရင် တိုက်ပွဲတွေကလည်း ပိုပြီးတော့ကို ပြင်းထန်လာတော့မှာ ”
ကျောက်ယမုန့်မှာ ထိုသို့ရှင်းပြရင်း သူမ၏ မျက်ဝန်းများမှာ ပို၍ပင်တောက်ပလာတော့သည်။ သူမသည် မန္တန်အစီအရင်ပညာရပ်နှင့် အကဲဖြတ်ပညာရပ်များတွင် အလွန်အင်မတန်မှကျွမ်းကျင်ပေသည်။ ထို့အပြင် သူမသည် အလွန်အင်မတန်မှ ဉာဏ်ပြေးသောကြောင့် ဤ အရည်အချင်းစမ်းသပ်ပွဲ၏ အဓိက သော့ချက်များကို တိုတိုနှင့်လိုရင်းသို့ရောက်အောင် ရှင်းပြနိုင်စွမ်းရှိနေ၏။