Switch Mode

အခန်း (၉)

ခက်ခဲကြမ်းတမ်းသောလောက

အပိုင်း (၉) ခက်ခဲကြမ်းတမ်းသောလောက

မနက်စောစော ဆန်းလျန် ထွက်သွားရသည့် အကြောင်းအရင်းမှာ အေးဆေး တိတ်ဆိတ်စွာ နေချင်သောကြောင့် ဖြစ်လေသည်။

သို့သော်လည်း ဆန်းအိမ်တော်မှ သက်တော်စောင့် နှစ်ယောက်မှာ သူ့နောက်မှ လိုက်လာ ကြလေသည်။

ချင်ပြည်နယ် မြို့တော်၏ စီးပွားရေး လုပ်ငန်း တစ်ဝက်ခန့်ကို ဆန်းအိမ်တော်မှ ပိုင်ဆိုင်ထား သည်ကို သိရှိပြီးသည့် နောက်ပိုင်းတွင်တော့ ဆန်းလျန်မှာ မင်းမျိုးမင်းနွယ် တစ်ယောက် အလည် အပတ် ထွက်သလို ခံစားလိုက်မိ လေသည်။

အမြတ် အများဆုံးသော လုပ်ငန်းများကို ဆန်းအိမ်တော် တစ်ဦးတည်းက သိမ်းပိုက် ထားလေ သည်။ အသက်မွေး ဝမ်းကျောင်း ပြုရန်အတွက် ဆန်းအိမ်တော်နှင့် ကင်းလွတ်သည့်သူ ဟူ၍ မရှိသ လောက်ပင် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းအိမ်တော်ကို မြို့တော်၏ ဘုရင်ဟု ခေါ်ဝေါ်ပါက မှားမည် မဟုတ်ပေ။

သူက ဆန်းအိမ်တော်၏ တရားဝင် အမွေဆက်ခံမည့်သူ ဖြစ်သော်လည်း မင်းမျိုးမင်းနွယ် တစ်ယောက် အလည်အပတ် ထွက်သည်နှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ လုံးဝ သင့်တော်မည် မဟုတ်ပေ။

အဆင့်အတန်းရှိပြီး အပြစ်ကင်းသည့် မိန်းကလေး တစ်ယောက်ကို စနောက် လိုက်ရသည်မှာ ပျော်စရာ ကောင်းသော်လည်း သူတစ်ပါးကို အနိုင်ကျင့်ရ သည်ကိုတော့ သူက မကြိုက်ပေ။

ချင်ပြည်နယ် မြို့တော်ကို မြို့တွင်းနှင့် မြို့ပြင်ဟု နှစ်ပိုင်း ခွဲထားလေသည်။ မြို့တွင်းကတော့ တံတိုင်း အမြင့်ကြီးများ ကာရံထားပြီး မြို့ပြင်ကတော့ ဈေးနှင့် ဈေးဆိုင်များ ရှိလေသည်။ ဤအချက်မှာ မြို့တော်၏ ထင်ရှားသည့် အချက်ဖြစ်လေသည်။ မြို့တွင်းတွင် နေထိုင်သူများက မြို့ပြင်တွင် နေထိုင်သူ များထက် ပိုသာသည်ဟု ခံယူထားကြ လေ သည်။

မြို့ပြင်တွင် နေထိုင်ကြသူများကလည်း မြို့တွင်းသို့ ရောက်ရန်အတွက် ဘာမဆို သူတို့က လုပ်မည်ဖြစ်သည်။

မြို့တွင်းတွင်ရှိသော အိမ်များမှာ မြို့ပြင်တွင်ရှိသော အိမ်များထက် သေးလေသည်။ သို့သော် မြို့ပြင်ရှိ အိမ်များထက် အဆပေါင်းများစွာ တန်ဖိုးကြီးမား လေသည်။

မြို့တွင်းရှိ အိမ်အများစုမှာ ဆန်းအိမ်တော်မှ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ထိုအိမ်များကို အဖိုးနှုန်း မြင့်မားစွာဖြင့် ရောင်းချသည်။ ဆန်းအိမ်တော်မှာ မြေများစွာကို ပိုင်ဆိုင်သည်မှာ ထင်ရှား လျက် ရှိလေသည်။

ဆန်းလျန်မှာ ဆန်းသခင်ကြီး၏ စီးပွားရေး အကွက်မြင်မှုကို မလေးစားဘဲ မနေနိုင်။ ဆန်းသခင် ကြီးမှာ ဆန်းလျန် လာခဲ့သည့် ခေတ်ပေါ် ကမ္ဘာမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် များစွာ ဆင်တူ လေသည်။

အမှန်တော့ ငှက်ဆိုလျှင် အမွေးရှိမည် ဆိုသကဲ့သို့ စိတ်နေစိတ်ထား စရိုက်များ တူညီကြခြင်း ဖြစ်ဟန် တူသည်။

မြို့တွင်းမှ မြို့ပြင်သို့ ဆန်းလျန် ထွက်သွားပြီး မြို့အပိုင်း နှစ်ခု၏ အရွယ်အစားကို သတိပြုလိုက် မိသည်။ မြို့ပြင်ပိုင်းမှာ မြို့တွင်းပိုင်းလိုမျိုး စုစုစည်းစည်း မရှိ။ လူအများ ပြားပန်းခတ် လှုပ်ရှား စည်ကား နေသည်ကို တွေ့ရလေသည်။

သူက မြို့တွင်း အရှေ့တံခါးမှ အပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ အရှေ့ဘက်ပိုင်းမှာ တောင်တစ်လုံး ရှိသော်လည်း မြေပြန့် လွင်ပြင်ကသာ များသည်ကို တွေ့ရပြီး ကုန်သည်များအတွက် အရေးပါသည့် ကုန်သွယ်လမ်းမကြီးလည်း ဖြစ်သည်။ စားသောက်ဆိုင်နှင့် တည်းခိုခန်းများမှာ လူများ ပြည့်နှက်လျက် ရှိလေသည်။

ဆန်းလျန် အရှေ့တံခါးမှ ထွက်သွားရသည်မှာ ဆန်းအိမ်တော်မှ သခင်လေးများ၏ ဈာပန အခမ်း အနားကို ရှောင်ချင်သောကြောင့် ဖြစ်သည်။

ဆန်းအိမ်တော်မှ မနက် အစောကြီး ထွက်လာခြင်း ဖြစ်သည့်အတွက် မနက်စာလည်း မစားခဲ့ရ ပေ။ ထို့ကြောင့် မွှေးပျံ့သော လမုန့်ရနံ့ ရသည့်အခါ သူဗိုက်ဆာ လာလေတော့သည်။

သို့သော်သူက မုန့်မဝယ်တော့ဘဲ သူက တည်းခိုရိပ်သာ တစ်ခုသို့သာ သွားလိုက်သည်။ ယွဲ့ခယ်လိုင်ဆိုသည့် တည်းခိုရိပ်သာ ဖြစ်လေသည်။

တည်းခိုခန်းအမည်မှာ ပိုင်ရှင်မှ တည်းခိုသူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည် ဆိုသော အဓိပ္ပာယ် ဖြစ်လေသည်။ နာမည်မှာ ထူးဆန်းနေသော်လည်း ရိုးရှင်းပွင့်လင်းမှု ရှိသည်။

ဆန်းလျန်မှာ ပိုက်ဆံ ယူမလာခဲ့မိပေ။ သို့သော် သူ၏ သက်တော်စောင့်များက ပိုက်ဆံ ယူလာ မည် ဖြစ်ကြောင်း သူသိလိုက်သည်။

ဆန်းလျန်က သီးသန့်ခန်းတွင် စားသောက်လိုခြင်း မရှိသောကြောင့် အခန်းကျယ်ဆီသို့ပင် သွား လိုက်သည်။ နေ့လည်စာ စားချိန် မဟုတ်သည့်အတွက် ဆိုင်မှာ လူရှင်းနေသည်။ ဆန်းလျန်က ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး အရသာရှိသည့် ဟင်းလျာများစွာကို စားပွဲအပြည့် မှာကြားလိုက်လေသည်။

ဆန်းလျန်မှာ တန်ဖိုးကြီးသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း စားပွဲထိုးလေးမှာ အစားအသောက် များစွာ မှာယူသည့်အတွက် သင်္ကာမကင်း ဖြစ်နေလေသည်။ ဆန်းလျန် ငွေမရှင်းနိုင် မှာကို စိတ်ပူနေပုံရလေသည်။

စားပွဲထိုးလေးက ဆိုင်ရှင်ကို မေးရန် ပြင်လိုက်စဉ်မှာပင် ဆိုင်ရှင်က ပြုံးလိုက်ပြီး အထူး ဟင်းလျာများကို ချက်ပြုတ်ရန် စားဖိုမှုးကို ပြောလိုက်လေသည်။

ဆိုင်ရှင်က ဆန်းလျန်ကို အကြာကြီး မစောင့် စေချင်သောကြောင့် အထူး ကောင်းမွန်သော မုန့်များနှင့် အရက်တစ်အိုး လာချပေးလိုက်သည်။

ဆန်းလျန်က အရက်သောက်ရသည်ကို ကြိုက်နှစ်သက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အားနည်း နေသေးသည့်အတွက် မသောက်ရန် ဆုံးဖြတ်လိုက်ပြီး လက်ဖက်ရည် တစ်အိုးသာ မှာလိုက် သည်။ ဆန်းလျန်၏ သက်တော်စောင့် နှစ်ယောက်က ဆန်းလျန်နှင့် အတူမထိုင်ဘဲ မနီးမဝေးရှိ စားပွဲ တစ်ခုတွင် ထိုင်လိုက်ကြလေသည်။

ဆန်းလျန် မုန့်တစ်ခုကို ကောက်ယူလိုက်ချိန်တွင် အနောက်မှ အစိမ်းရောင် အရိပ်တစ်ခု ရောက် လာသည်ကို တွေ့လိုက် ရသည်။

ထိုသူက ညစ်ပတ်ပြီး မသပ်မရပ်ဖြစ်နေသော အစိမ်းရောင် အဝတ်များကို ဝတ်ဆင်ထားသည့် လူတစ်ယောက် ဖြစ် သည်။

သူအင်္ကျီ မလဲသည်မှာ ဘယ်လောက်ကြာပြီလဲဟု ဆန်းလျန် တွေးလိုက်မိသည်။ သူ့မျက်နှာတွင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးများ အနည်းငယ် ပေါက်နေပြီး သူ့ပုံစံမှာ ရိုင်းစိုင်းပြီး ထီမထင်သည့်ပုံ ဖြစ် လေသည်။ သူ၏ ထင်ရှားသော သွင်ပြင် လက္ခဏာမှာ ကောက်နေသော နှာခေါင်းနှင့် တောက်ပသော မျက်လုံးများပင် ဖြစ်လေသည်။ အရပ်တော့ သိပ်မြင့်မားသည့် အထဲတွင်မပါပေ။

သာမာန် လူတစ်ယောက်ပင်လျှင် ထိုသူမှာ ထူးခြားနေသည်ဟု ခံစားမိမည် ဖြစ်ပြီး ဆန်းလျန် အနေနှင့် ပိုပြီး အာရုံခံ၍ ရလေသည်။ ဆန်းလျန် အန္တရာယ် အငွေ့အသက်များကို ရလိုက်သည်။

ဆိုင်ပိုင်ရှင်က အစိမ်းရောင်ဝတ်လူ သွားမည့်လမ်းကို မကြောက်မရွံ့တားလိုက်သည်

“ခင်ဗျား အခန်းခ မပေးတာ သုံးရက်တောင်ရှိနေပြီ။ ဘယ်တော့ပေးမှာလဲ”

ဆိုင်ရှင်က မေးလိုက်သည်။

“အသေးအဖွဲတွေကို ပြောမနေဘဲ ဟင်းတွေသာ ယူခဲ့။ ဗိုက်ဖြည့်ပြီးမှ ကျန်တာ ဆက်ပြောမယ်”

အစိမ်းရောင်ဝတ် လူက ပြန်ပြောလိုက်သည်။

“မင်းက အဖေကို သင်္ဂြိုဟ်စရာ ငွေမရှိလို့ ကိုယ့်ကိုယ်ကိုယ် ကျွန်အဖြစ်ရောင်းနေတဲ့ သူကို ကူညီ ဖို့ကျတော့ ပိုက်ဆံရှိပြီး အခန်းခ ပေးဖို့ကျတော့ ပိုက်ဆံ မရှိဘူးလား။ ပြီးတော့ ခုလည်း ထမင်း အလကား စားဦးမယ်။ မင်းရဲ့ အတွေးအခေါ်က ဘယ်လိုမျိုးလဲ”

ဆိုင်ပိုင်ရှင်က ပြောလိုက်သည်။

“သူ့ကို ပိုက်ဆံ အလကားပေးလိုက်တာ မဟုတ်ဘူး။ ကျုပ်ကသူ့ကို အစေခံအဖြစ် ဝယ်လိုက်တာ။ အခန်းခ ကျန်တာအတွက်လည်း စိတ်မပူနဲ့။ ကျုပ်ရဲ့အစေခံကို အလုပ် လုပ်ခိုင်းပြီးရင် ပေးမယ်”

“စာချုပ်လည်း မရှိဘဲနဲ့ သူဘယ်မှာ နေလဲ ဆိုတာလဲ မသိဘဲနဲ့ သူလိမ် သွားတယ်ဆိုရင် ဘယ်လို လုပ်မလဲ။ မင်းလို လူမျိုးမို့လို့ ဒီလို ကိစ္စတွေကို ယုံနေတယ်”

ဆိုင်ပိုင်ရှင်က ရွဲ့ပြီး ပြောလိုက်ခြင်းဖြစ်လေသည်။

“သုံးရက်အတွင်း သူ့ကိုပြန်လာဖို့ ပြောထားတယ်။ သူကတိ ဖျက်မှာ မဟုတ်ဘူး”

အစိမ်းရောင်ဝတ် လူက ပြန်ပြောလိုက်သည်။

“မနေ့ကလည်း မင်းဒီစကားပဲ ပြောခဲ့တာပဲ”

“ဒါပေမယ့် ဒီနေ့က မနေ့ကနဲ့ မတူဘူးလေ”

ထိုခဏလေးအတွင်းမှာပဲ စားပွဲထိုးလေးက မီးဖိုဆောင်ထဲမှ အစားအသောက်များ သယ်လာလေသည်။ မွှေးကြိုင်သော ဟင်းရနံ့များမှာ အခန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဆန်းလျန်၏ စားပွဲပေါ်သို့ ဟင်းလျာများ ရောက်ရှိလာသည့် အခါတွင်တော့ အစိမ်းရောင်ဝတ် လူက ဆန်းလျန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူက အသားတစ်ဖတ်ကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဆန်းလျန်၏ စားပွဲပေါ်မှ ဟင်းလျာမှာ ပူကြွပ်နေသည့် အမဲသားဟင်း ဖြစ်ပြီး ဆီများပင် ပွက်ပွက်ဆူ နေသေးသည်။ သို့သော် အစိမ်းရောင်ဝတ်လူက တစ်ချက်ပင် မတွန့်ဘဲ မျိုချလိုက်လေသည်။

အစိမ်းရောင်ဝတ် လူက ဆန်းလျန်၏ စားပွဲတွင် ဝင်ထိုင် လိုက်သည့်အတွက် ဆိုင်ပိုင်ရှင်မှာ အံ့သြ သွားရပြီး ထိုသူကို ဖယ်ထုတ်ရန် အနားသို့ တိုးကပ် လာသည်။

ဆိုင်ရှင် ဘာမှ မလုပ်ရသေးခင် မှာပင် ဆန်းလျန်က ပြောလိုက်သည်။

“နောက်ထပ် တူတစ်စုံ ယူလာပေးပါ။ ပြီးတော့ သူစားတဲ့ အစား အသောက်တွေနဲ့ အခန်းခ ကိုလည်း ကျုပ် ရှင်းပေးမယ်”

ဆိုင်ရှင်မှာ ဆန်းလျန်ကို မသိပေ။ သို့သော် ဆန်းလျန်နှင့် ပါလာသည့် သက်တော်စောင့် နှစ် ယောက်မှာ ဆန်းအိမ်တော်မှ ဖြစ်သည်ကိုတော့ သိလေသည်။ ထို့ကြောင့်ပင် အမြန် ထွက်သွားပြီး ဆန်းလျန် ပြောသည့်အတိုင်း လုပ်ဆောင် ပေးလိုက်လေသည်။

ဆန်းအိမ်တော်မှာ အရှိန်အဝါ ကြီးမားသောကြောင့် ဆန်းလျန် ငွေပေးချေမည် ဆိုလျှင် လက် မခံနိုင်စရာ အကြောင်း မရှိပေ။

ပြီးတော့ အစိမ်းရောင်ဝတ် လူမှာလည်း သူနှင့် ရန်ငြိုးရှိသူ မဟုတ်။ သူက ပိုက်ဆံပဲ လိုချင်တာ ဖြစ်သည်။

ဆန်းအိမ်တော်တွင် အပေါများဆုံး အရာမှာ ငွေကြေးပင် ဖြစ်လေသည်။

အစားအသောက်များ စားပြီးသည့်နောက် အစိမ်းရောင်ဝတ် လူက အရက်တစ်အိုးကို ယူလိုက် သည်။ သူက အရက်ကို စက္ကန့်ပိုင်း အတွင်းမှာပင် ကုန်စင်အောင် တစ်ရှိန်ထိုး မော့သောက် လိုက်သည်။

“ဆိုင်ရှင် အရက်အိုးထဲမှာ အရက်က တော်တော်နည်းတာပဲ။ ပိုကြီးတဲ့ အရက်အိုး ပေးစမ်းပါ။ ဆယ်အိုးလောက် ယူလာခဲ့”

အစိမ်းရောင်ဝတ် လူက ပြောလိုက်သည်။

ဆိုင်ရှင်က ဆန်းလျန်ကို တစ်ချက် ကြည့်လိုက်သည်။ ဆန်းလျန်က သဘောတူသည့် အနေဖြင့် ခေါင်းညိတ် ပြလိုက်လေသည်။

သိပ်မကြာခင်မှာပင် ဆိုင်ရှင်က အရက်အိုး ဆယ်အိုး ယူလာလေသည်။

“ဒါဘာတွေလဲ ရေတွေ ယူလာတာလား။ မင်းကျုပ်ကို အရူး လုပ်နေတာလား။ ငါမှာတာ အရက်အိုး ဆယ်အိုးနော်”

အရက်ကို အနံ့ခံကြည့်ပြီး အစိမ်းရောင်ဝတ် လူက အော်ဟစ်လိုက်သည်။

“ခုနအရက်က လျှို့ဝှက်နည်းနဲ့ ဖော်စပ်ထားတဲ့ ဟွားသျောင်အရက်ပါ။ ကျွန်တော်တို့ဆီမှာ လက် ကျန် သိပ်မရှိတော့ပါဘူး”

ဆိုင်ရှင်က ချိုသာသည့် လေသံဖြင့် ပြောလိုက်လေသည်။ သို့သော် စိတ်ထဲတွင်တော့ အစိမ်း ရောင်ဝတ် လူကို ကျိန်ဆဲ နေမိလေသည်။

“ဘာလဲ အဘိုးကြီး ဒီသခင်လေးက အရက်ဖိုး မပေးနိုင်မှာ စိတ်ပူနေတာလား”

အစိမ်းရောင်ဝတ် လူက ဆန်းလျန်ကို လက်ညိုး ထိုးပြပြီး ပြောလိုက်သည်။

“ခုနအရက်မျိုး ယူလာခဲ့ပါ လက်ကျန် ရှိသလောက် ယူလာခဲ့”

ဆန်းလျန်က ပြောလိုက်လေသည်။

ဆိုင်ရှင်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး စားပွဲထိုးလေးအား သူယူလာသည့် အရက်များကို ပြန် သိမ်းခိုင်းလိုက်ကာ ဟွားသျောင် အရက်များ ယူလာ ခိုင်းလိုက်လေသည်။

“လူငယ်လေး မင်းက တကယ်ယဉ်ကျေး သိမ်မွေ့တဲ့ သူပဲ မင်းမှာ ဒီလိုမြင့်မြတ်တဲ့ စိတ်ထားမျိုး ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒီလို လူငယ်လေးမျိုးနဲ့ စောစော မတွေ့ခဲ့ရတာ တကယ် စိတ်မကောင်း ဘူး”

အစိမ်းရောင်ဝတ် လူက ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။

“ခင်ဗျားကို အစားအသောက်ဖိုး ပိုက်ဆံ ရှင်းပေးတာက ကျုပ်မှာ ပိုက်ဆံရှိလို့ ရှင်းပေးတာပဲ။ ပိုက်ဆံ တစ်ထောင်ရှိနေလို့ တစ်ကျပ်လောက်ကို ပေးတဲ့ သဘောပဲ။ ဒါပေမယ့် တစ်ကျပ်ပဲ ရှိတဲ့ အချိန်မှာ တစ်ကျပ်ကို ပေးလှူလိုက်တဲ့ သူနဲ့ ယှဉ်လိုက်ရင် ငွေပမာဏ တူပေမယ့် ထားတဲ့ စေတနာ ကွဲပြားတယ်လေ။ လောကကြီးက ခက်ခဲ ကြမ်းတမ်းတယ်။ ကျုပ်ကို မြင့်မြတ်တယ်လို့ ထင်စရာ အကြောင်း မရှိပါဘူး”

ဆန်းလျန်က ပြုံးပြီး ပြန်ပြောလိုက်သည်။

အစိမ်းရောင်ဝတ် လူ၏ မျက်ဝန်းများ အရောင် လက်သွားကြပြီး သူက ပန်းကန်လုံးကို တူနှင့် တစ်ချက် ခေါက်လိုက်ပြီး ပြတ်သားသော အသံဖြင့်…

“လောကကြီးက ခက်ခဲ ကြမ်းတမ်းတာ အမှန်ပဲ။ မင်းလောက် အသက် ငယ်ငယ်လေးနဲ့ ဒီလို အသိဉာဏ်မျိုး ရှိလိမ့်မယ်လို့ ထင်မထားမိဘူး”

ဟု ပြောလိုက်လေသည်။

“ဒါ ကျုပ်စကားတွေ မဟုတ်ပါဘူး။ ကုလုံလို့ ခေါ်တဲ့ လူတစ်ယောက်ရဲ့ စာအုပ်ထဲက စကားတွေပါ။ ကျန်တဲ့စကားတွေ ကိုရော ခင်ဗျားနားထောင်ချင်သေးလား”

“ခဏနေပါဦး။ ဒီလို ပညာရှိ စကားမျိုးဆိုတာ အရက်လေးနဲ့မှ ကောင်းတာ။ အရက် လာတဲ့အထိ စောင့်ရအောင်”


Comment

  1. ဆောင်းရတီ says:

    good

Leave a Reply

Options

not work with dark mode
Reset