Switch Mode

စာစဉ်(၆) အပိုင်း(၇၇)

ကျောက်စိမ်းသစ်သီး

တိုက်ပွဲဂိုလမ်ဂိုဏ်းရှေးဟောင်းနယ်မြေက နတ်ဆိုးအကျဉ်းထောင်နယ်မြေမှဆိုရင် မိုင် ၂၀၀ခန့်ကွာဝေးပေသည်။ ဇူယွမ်တို့လူစုက ရှေးဟောင်းနယ်မြေကိုရောက်ဖို့ နှစ်နာရီကျော်ကြာခရီးနှင်လာခဲ့ရသည်။

ဇူယွမ်တို့လူစုက တောင်ကုန်းတစ်ခုပေါ်မှာရပ်တန့်လိုက်ပြီး သူတို့ရှေ့ရှိ ကြီးမားသည့်သစ်ပင်ကြီးတွေပေါက်ရောက်နေလျက်ရှိသည့် တောအုပ်ကြီးကိုမမှိတ်မသုန်စိုက်ကြည့်နေကြလျက်ရှိသည်။ တောအုပ်ရဲ့အနက်ပိုင်းမှာ အဖြူရောင်မြူနှင်းတွေရစ်သိုင်းနေပြီး ပျက်စီးယိုယွင်းနေသည့် များစွာသောအဆောက်အအုံတွေရဲ့ မှုန်ဝါးဝါးပုံသဏ္ဍာန်တွေ ထွက်ပေါ်နေသည်။

ရှေးဟောင်းနယ်မြေရဲ့အထက်ကောင်းကင်ယံမှာ အလင်းရောင်တွေခုန်ပေါက်လှုပ်ရှားနေသလို ဘာမှန်းမသိရတဲ့အန္တရာယ်အငွေ့အသက်တွေ ပျံ့နှံ့နေသည်ကို သူတို့အားလုံးခံစားမိခဲ့ရသည်။

ယောင်ယောင်က လှုပ်ရှားနေသည့်အလင်းရောင်တွေကို တစ်ချက်ကြည့်လိုက်ပြီးပြောသည်… “ရှေးဟောင်းနယ်မြေအပေါ်မှာ မူလမှော်စာလုံးနယ်နိမိတ်တစ်ခုရှိတယ်…”

မူလမှော်စာလုံးနယ်နိမိတ်ဆိုသည်က လွန်စွာမှရှုပ်ထွေးသလို မူလမှော်စာလုံးများစွာကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်ကာ ၎င်းကဝင်္ကပါတစ်ခုနှင့် အနည်းငယ်တူပေသည်။

ဒီမူလမှော်စာလုံးနယ်နိမိတ်က တိုက်ပွဲဂိုလမ်ဂိုဏ်း အဆိပ်ရေအိုင်အတွင်းမှာ တည်ရှိနေခဲ့စဉ်ကတည်းက ဂိုဏ်းရဲ့နယ်နိမိတ်ကိုကာကွယ်ဖို့အတွက် အသုံးပြုခဲ့ခြင်းဖြစ်ဟန်တူသည်။ တိုက်ပွဲဂိုလမ်ဂိုဏ်းပျောက်ကွယ်သွားခဲ့ရပြီးနောက်မှာ မူလချီတွေကင်းမဲ့သွားခဲ့ရမှုကြောင့် မူလမှော်စာလုံးနယ်နိမိတ်ကလည်း တဖြည်းဖြည်းလွင့်ပါးပျောက်ကွယ်လာခဲ့ရပေမဲ့ အစိတ်အပိုင်းအချို့က ကျန်ရှိနေသေးသည့်ပုံပင်။ ဂရုစိုက်ခြင်းအလျဉ်းမရှိဘဲ ကောင်းကင်မှဖြတ်သန်း၍ ရှေးဟောင်းနယ်မြေအတွင်းဝင်ရောက်လာတဲ့သူတွေက မူလမှော်စာလုံးနယ်နိမိတ်ရဲ့ ကြွင်းကျန်ရစ်သည့်အပိုင်းနဲ့ သေချာပေါက်ထိပ်တိုင်ရင်ဆိုင်ရလိမ့်မည်ဖြစ်ကာ မူလစဦးအဆင့်ကျင့်ကြံသူတွေတောင်မှပင် အချို့အရာတွေကို နိုင်နင်းစွာကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့အပြင် ဂိုဏ်းကိုကာကွယ်ထားသည့် မူလမှော်စာလုံးနယ်နိမိတ်ရဲ့စွမ်းအားက ဟာသတစ်ခုတော့မဟုတ်ပေ။

“ဒါကိုကြည့်ရတာ ငါတို့တွေ လမ်းလျှောက်ပြီးတော့ပဲ ဝင်သွားလို့ရနိုင်မယ်…” ဝေကန်းလန်က ဇူယွမ်ကိုကြည့်လိုက်ပြီး ဆက်ပြောသည်… “မင်းသားလေး… ငါတို့ရရှိခဲ့တဲ့သတင်းအချက်အလက်တွေအရ ရှေးဟောင်းနယ်မြေထဲမှာ ရတနာပစ္စည်းတွေရှိနေတဲ့ စွန့်ပစ်အဆောက်အအုံများစွာရှိနေတယ်… ငါတို့တွေဘယ်လိုဆက်လုပ်ကြမလဲ…”

ဇူယွမ်က တုန့်ဆိုင်းနေခြင်းမရှိခဲ့ဘဲ ပြန်ပြောလိုက်သည်… “ကျွန်တော်တို့တွေအရင်ဆုံး ကျောက်စိမ်းသစ်သီးရှိတဲ့နယ်မြေဆီသွားကြမယ်…”

သူ့ရဲ့အရေးကြီးဆုံးရည်မှန်းချက်က ကျောက်စိမ်းသစ်သီးနဲ့ မီးဝိညာဉ်အစေ့ကို ရရှိဖို့ပင်ဖြစ်သည်။ မီးဝိညာဉ်အစေ့က ရှေးဟောင်းနယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာမှာရှိနေသည့်အတွက် ကျောက်စိမ်းသစ်သီးကိုဦးစွာရရှိနိုင်ဖို့သာ ပြုလုပ်ရပေလိမ့်မည်။

ဝေချင်းချင်းက သူမခါးမှာချိတ်ဆွဲထားသည့်ဓားရှည်ပေါ်ကို လက်ထောက်လိုက်ပြီးပြောသည်… “ကျောက်စိမ်းသစ်သီးက ရှေးဟောင်းနယ်မြေရဲ့ အနောက်တောင်ဘက်အပိုင်းမှာရှိတယ်… လူအများကြီးအဲ့ဒီနေရာကိုသွားခဲ့ကြပေမဲ့ အခုချိန်ထိအောင် ဘယ်သူကမှ ကျောက်စိမ်းသစ်သီးကို ရယူနိုင်ခြင်းမရှိသေးဘူး…”

“ဘယ်လိုပဲဖြစ်နေနေ ငါတို့တွေ ဒါကိုသေချာပေါက်ရအောင်ယူရမယ်…” ဇူယွမ့်လေသံထဲမှာပါဝင်သည့် ဆုံးဖြတ်ချက်ကခိုင်မာလှသည်။ သူ့အမေရဲ့သက်တမ်းက အများအပြားဖြတ်တောက်ခံခဲ့ရသည်။ ထို့ကြောင့်ပင် လူတစ်ယောက်ရဲ့သက်တမ်းကိုဆွဲဆန့်နိုင်သည့် ဒီလိုမျိုးရတနာကိုတွေ့နေရပြီးမှ သူ့အနေဖြင့် မည်သို့လက်လွှတ်နိုင်လိမ့်မည်နည်း။

“အရင်ဆုံးကျောက်စိမ်းသစ်သီးကိုရအောင်ယူရမယ်… ပြီးရင်တော့ မီးဝိညာဉ်အစေ့ပဲ… အခြားရတနာတွေအတွက်ကတော့ ငါတို့မှာသူတို့တွေကိုရှာဖွေဖို့အတွက် အချိန်မလောက်မှာကို စိတ်ပူစရာမလိုအပ်ဘူး…” ဇူယွမ်က ဆုံးဖြတ်ချက်ပြတ်သားစွာပင် ပြောလိုက်သည်။ ရှေးဟောင်းနယ်မြေထဲက ရတနာပစ္စည်းတွေကရှားပါးပေမဲ့ လူတစ်ယောက်ဟာ လိုတာထက်ပိုပြီးလောဘမကြီးသင့်ဘဲ ဘာကဦးစားပေးလဲဆိုတာကို နားလည်ထားသင့်သည်။

“သွားကြစို့…”

ဇူယွမ်က ဝေကန်းလန်ကိုကြည့်ကာ ဝေကန်းလန်ကလည်းခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်မှာသူကလက်ဝှေ့ယမ်းပြလိုက်ပြီး လူတစ်ရာကျော်ပါဝင်သည့်သူတို့လူစုက ပတ်ဝန်းကျင်ရှိစိုးရိမ်စွာကြည့်နေသည့် အဖွဲ့တွေရဲ့အကြည့်တွေအောက်မှာပင် ရှေးဟောင်းနယ်မြေအတွင်း စတင်ဝင်ရောက်သွားခဲ့ကြသည်။

ဇူယွမ်တို့လူစု ရှေးဟောင်းနယ်မြေအတွင်း ဝင်ရောက်သွားခဲ့ပြီးနောက် မကြာမီမှာပင် အခြားလူတစ်စုကလျင်မြန်စွာဖြင့်ပင် ရောက်ရှိလာခဲ့သည်။ ၎င်းတို့က ချီဟောင်နဲ့အဆိပ်ဘုရင်တို့လူစုပင်ဖြစ်သည်။

လူရိပ်တစ်ခုက ဘေးနားမှနေ လျင်မြန်စွာဖြင့်ရှေ့ကိုထွက်လာခဲ့သည်။

“သူတို့တွေ ဝင်သွားပြီလား…” ချီဟောင်က တည်ငြိမ်သည့်လေသံဖြင့် မေးလိုက်သည်။ သူကလူအချို့ကို ရှေးဟောင်းနယ်မြေအနီးဝန်းကျင်မှာ နေရာချထားခဲ့ပြီး ဇူယွမ်တို့လူစု၏ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေစေခဲ့သည်။

“ဟုတ်ကဲ့… ကျွန်တော်တို့ လူအချို့ကို သူတို့နောက်ဆက်လိုက်ခိုင်းထားပါတယ်… သူတို့တွေက ကျောက်စိမ်းသစ်သီးရှိတဲ့နေရာကို ဦးတည်ပြီးသွားနေတဲ့ပုံပဲ…” ထိုလူက ချက်ချင်းပင်ပြန်ဖြေလိုက်သည်။

“ကျောက်စိမ်းသစ်သီးလား…” ချီဟောင်ရဲ့မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရ၏။

“ကျောက်စိမ်းသစ်သီးက အရည်အသွေးကောင်းပစ္စည်းတစ်ခုပဲ… ဒါကလူတစ်ယောက်ရဲ့သက်တမ်းကို ဆွဲဆန့်နိုင်ပြီးတော့ အရမ်းကိုတန်ဖိုးရှိတယ်…” အဆိပ်ဘုရင်ရဲ့မျက်လုံးထဲမှာ လိုချင်တက်မက်မှုတွေ ထွက်ပေါ်လာခဲ့ရပြီးပြောသည်။

“ဇူယွမ်က ကျောက်စိမ်းသစ်သီးကို ရှာဖို့သွားတာက သူ့အမေအတွက်ကြောင့်ပဲ…” ချီဟောင်ကအေးစက်စွာရယ်မောကာ ပြောလိုက်သည်။ သူ့အနေဖြင့် တော်ဝင်ကလန်ရဲ့အခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းသိထားပေသည်။

“ဟမ့် ဇူယွမ်… မင်းက ငါ့ရဲ့အစီအစဉ်တွေကို ထပ်ခါထပ်ခါနှောင့်ယှက်ဖျက်စီးခဲ့တယ်… ဒီတစ်ကြိမ်မှာတော့ မင်းရဲ့ဒီကိုလာတဲ့ခရီးမှာ ဘာကိုမှမရနိုင်အောင်လို့ ငါကသေချာပေါက်လုပ်ရလိမ့်မယ်… ကျောက်စိမ်းသစ်သီးသာ ငါ့လက်ထဲရောက်လာခဲ့ရင် မင်းဘယ်လောက်တောင်ပျာယာခတ်သွားမလဲဆိုတာ ငါတကယ်စိတ်ဝင်စားမိတယ်…” ချီဟောင်ရဲ့မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သည့်အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့ရသည်။ ထို့နောက်မှာ သူကလက်ကိုဝှေ့ယမ်းပြလိုက်ပြီး အမိန့်ပေးလိုက်သည်… “သွားကြစို့… သူတို့နောက်ကိုလိုက်မယ်…”

ရှေးဟောင်းနယ်မြေက မြူခိုးတွေဖြင့်ပြည့်နှက်နေသည်။ ဘယ်နေရာကိုကြည့်ကြည့် ပြိုကျပျက်စီးနေသည့်နံရံတွေကိုမြင်တွေ့နေရကာ ဒါကအမှန်တကယ်ကို အနိဌာရုံမြင်ကွင်းတစ်ခုဖြစ်ပေသည်။

သို့ပေမဲ့လည်း ဇူယွမ်တို့လူစုက နှောင့်နှေးကြန့်ကြာရဲခြင်းမရှိခဲ့ဘဲ သူတို့ရဲ့ပုံစံကိုဆက်လက်ထိန်းသိမ်းကာ တဖြည်းဖြည်းနဲ့ရှေ့ကိုဆက်လက်တိုးဝင်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိမြူတွေက ပို၍ထူထပ်လာခဲ့ပြီး ဒီလိုထူထပ်မှုက သူတို့ရဲ့စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းကိုတောင်မှပင် အကျိုးသက်ရောက်မှုရှိစေခဲ့သည်။

ဇူယွမ်ရဲ့ခြေလှမ်းတွေက ရုတ်တရက်ရပ်တန့်သွားခဲ့ရပြီး ပြောလိုက်သည်… “သတိထား… တစ်ခုခုချဉ်းကပ်လာနေတယ်…”

သူ့ရဲ့စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုပေမဲ့လည်း သူ့ရဲ့အာရုံခံနိုင်မှုက အခြားသာမန်လူတွေထက် ပိုပြီးထက်မြက်မှုရှိလေသည်။

ဝေကန်းလန်ကလည်း တစ်စုံတစ်ခုကို အာရုံခံလိုက်မိသည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။

သူကချက်ချင်းပင်လက်ဝှေ့ယမ်းပြလိုက်ပြီး ပတ်ပတ်လည်မှအစောင့်အကြပ်တွေက ချင်ချင်းပြင်ဆင်လိုက်ကာ သူတို့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ မူလချီတွေတစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။

အဖြူရောင်မြူခိုးတွေက တဖြည်းဖြည်းကွဲထွက်သွားခဲ့သည်။

အနီရောင်အလင်းတစ်ခုက အဖြူရောင်မြူခိုးထဲမှထွက်ပေါ်လာခဲ့ပြီး အဲ့ဒီနောက်မှာ ခပ်တိုးတိုးဆူညံသံတွေလိုက်ပါလာခဲ့ကာ အရိပ်ဆယ်ခုကျော်ကမြူခိုးထဲမှထွက်ပေါ်လာခဲ့၍ ဇူယွမ်တို့လူစုသွားမဲ့လမ်းရှေ့မှာ နံရံတစ်ခုသဖွယ်ကာစီးထားလိုက်သည်။

ဇူယွမ်တို့လူစုက ဂရုတစိုက်ဖြင့် စောင့်ကြည့်နေလိုက်ကြသည်။

နက်မှောင်နေသည့်အရောင်အဆင်းရှိတဲ့ ရိုင်းစိုင်းတဲ့မူလမှော်သားရဲတွေထွက်ပေါ်လာခဲ့ပေမဲ့ သေချာဂရုစိုက်ကြည့်လိုက်မယ်ဆိုရင် ၎င်းတို့ရဲ့အသားအရေက အနက်ရောင်သတ္တုနဲ့အလားသဏ္ဍာန်တူကာ အနက်ရောင်အလင်းတွေတောက်ပနေသလို နီရဲနေသည့်သူတို့ရဲ့မျက်လုံးတွေက အသိဉာဏ်ကင်းမဲ့နေရသည်။ ဒီတစ်ဆယ်ကျော်သောအရိပ်တွေက တိုက်ပွဲမှော်သားရဲဂိုလမ်တွေပင်ဖြစ်သည်။

“ဒါက တိုက်ပွဲဂိုလမ်တွေလား…” ဇူယွမ်က ၎င်းတို့ကိုအံ့အားသင့်စွာ ကြည့်လိုက်မိသည်။ တိုက်ပွဲမှော်သားရဲဂိုလမ်တွေထံမှ ထွက်ပေါ်နေသည့်မူလချီလှုပ်ရှားမှုတွေက ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတွေကို ယှဉ်နိုင်စွမ်းရှိပေသည်။

ဝေကန်းလန်က ပြောပြလိုက်သည်… “သူတို့တွေအထွတ်အထိပ်ကိုရောက်ခဲ့စဉ်အခါတုန်းက တိုက်ပွဲဂိုလမ်ဂိုဏ်းဟာ တိုက်ပွဲဂိုလမ် ၁သိန်းပါဝင်တဲ့ စွမ်းအားမြင့်စစ်တပ်တစ်ခုကို ပိုင်ဆိုင်ခဲ့တယ်လို့ပြောကြတယ်… အဲ့ဒီစစ်တပ်ကိုဖျက်စီးနိုင်ခြင်းမရှိသလို ရပ်တန့်နိုင်ခြင်းမရှိဘူးလို့လည်းပြောခဲ့ကြတယ်…”

ဇူယွမ်သူ့ရဲ့လျာကို တစ်ချက်သပ်လိုက်မိသည်။ တိုက်ပွဲဂိုလမ် ၁သိန်းပါဝင်သည့် စစ်တပ်တစ်ခု။ သူတို့တွေအားလုံးက ချီစုဆောင်းမှုအဆင့်မှာပဲရှိနေတယ်ဆိုရင်တောင် ဘယ်အင်ပါယာကမှ သူတို့ကိုရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။ ဒီလိုအင်အားရှိတာတောင်မှပင် အဆိပ်ရေအိုင်က ဒီအင်အားစုတွေက ဘာကြောင့်ပျောက်ကွယ်သွားခဲ့ရတာလဲ။

ဝေကန်းလန်က သူ့ရဲ့လက်ကိုဝှေ့ယမ်းပြလိုက်သလို လူနှစ်ဆယ်ကရှေ့ထွက်ကာ သူတို့ရဲ့လမ်းမှာတားဆီးထားသည့် တိုက်ပွဲမှော်သားရဲဂိုလမ်ဆယ်ကောင်ကျော်ထံသို့ တိုးဝင်တိုက်ခိုက်လိုက်သည်။

ဝုန်း… ဝုန်း…

နှစ်ဖက်ရင်ဆိုင်တွေ့သည့်အခိုက်အတန့်မှာ မူလချီတွေပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။ ဝေကန်းလန်က ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူနှစ်ဆယ်ကိုစေလွှတ်ခဲ့ပေမဲ့ တိုက်ပွဲမှော်သားရဲဂိုလမ်တွေက ကြောက်ရွံ့ခြင်းမရှိခဲ့သလို သေရမှာကိုလည်းစိုးရိမ်နေခြင်းမရှိခဲ့ပေ။ ထို့ကြောင့်ပင် သူတို့ရဲ့တိုက်ခိုက်မှုတွေက အလွန်ပင်ပြင်းထန်လှပေသည်။

တိုက်ပွဲက မိနစ်များစွာကြာပြီးနောက်မှာ တဖြည်းဖြည်းနဲ့အဆုံးသတ်ကိုရောက်ရှိလာခဲ့သည်။

တိုက်ပွဲမှော်သားရဲဂိုလမ်အားလုံးကို အစိတ်စိတ်အမွှာမွှာဖျက်စီးနိုင်ခဲ့လိုက်ပေမဲ့ ချီစုဆောင်းမှုအဆင့်အစောင့်အကြပ်နှစ်ဆယ်ထဲမှာ ငါးယောက်က ဒဏ်ရာရရှိခဲ့ရသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီပင်ပန်းခြင်းမရှိ ကြောက်ရွံ့မှုမရှိသည့် တိုက်ပွဲမှော်သားရဲဂိုလမ်တွေက အမှန်တကယ်ကိုပင် ရင်ဆိုင်ရခက်ခဲလှသည့် ပြိုင်ဘက်တွေပင်ဖြစ်သည်ကို မြင်တွေ့ရပေသည်။

ယောင်ယောင်က ထန်ထန်အားပွေ့ချီထားလျက်မှပင် အနည်းငယ်စိတ်ဝင်စားမိသည့်အတွက် ရှေ့ကိုလျှောက်လှမ်းလာခဲ့ပြီး ပျက်စီးနေသည့်တိုက်ပွဲမှော်သားရဲဂိုလမ်တွေကို စတင်စစ်ဆေးကြည့်လိုက်သည်။ သူမရဲ့ရှည်လျားသေးသွယ်သည့်လက်ချောင်းလေးတွေက အခုအချိန်မှာ မှေးမှိန်နေသည့်မူလမှော်စာလုံးတွေကို ညင်သာစွာထိတွေ့လိုက်ရင်းမှ တီးတိုးရေရွတ်လိုက်မိသည်… “မူလမှော်စာလုံးတွေရဲ့စွမ်းအားတွေပဲ…”

စမ်းသပ်စစ်ဆေးမှုအချို့ပြုလုပ်ပြီးတဲ့နောက်မှာ သူမကထရပ်လိုက်ပြီး ဇူယွမ်တို့ရှိရာဆီ ပြန်လာခဲ့သည်။

ထို့နောက်မှာ ဇူယွမ်က ဝေကန်းလန်ကိုခေါင်းညိတ်ပြလိုက်ပြီး သူတို့အားလုံးနောက်တစ်ကြိမ် ရှေ့ကိုဆက်လက်တိုးဝင်သွားခဲ့ကြသည်။

အဲ့ဒီနောက်မှာ သူတို့သွားရာလမ်းတစ်လျောက် တိုက်ပွဲမှော်သားရဲဂိုလမ်တွေ တစ်သုတ်ပြီးတစ်သုတ်နှင့် ဆက်လက်၍ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ ကံကောင်းစွာပင် ဇူယွမ်တို့လူစုက စနစ်တကျလေ့ကျင့်ထားသည့် စွမ်းအားမြင့်ကျင့်ကြံသူတွေဖြစ်ကြသည့်အတွက် သူ့တို့လမ်းမှာဟန့်တားနှောင့်ယှက်သည့် ဂိုလမ်အားလုံးကို ရှင်းထုတ်နိုင်ခဲ့ကြသည်။

အဲ့ဒီနောက်နာရီဝက်ကြာဆက်သွားခဲ့ပြီးနောက်မှာ သူတို့တွေက ရေကန်တစ်ခုဆီရောက်ရှိလာခဲ့ကြသည်။

ရေကန်ရဲ့ဘေးမှာ အခြားသောရတနာလာရောက်ရှာဖွေကြသည့် လူများစွာလည်းရှိနေကြ၏။ သူတို့တွေအားလုံး ဒီနေရာအထိရောက်ရှိအောင် လာရောက်နိုင်သည်ဆိုတဲ့အချက်က သူတို့ရဲ့ခွန်အားကို ဖော်ပြနေခြင်းလည်းဖြစ်သည်။

ထိုလူတွေကလည်း ဇူယွမ်တို့လူစုရောက်ရှိလာသည်ကို သတိထားမိသွားခဲ့ကြပြီး ချက်ချင်းဆိုသလိုပင် သူတို့တွေရဲ့မျက်လုံးထဲမှာ သတိထားမှုတွေနှင့်ပြည့်နှက်သွားခဲ့ရသည်။

ဝေကန်းလန်က သူတို့ရဲ့ပတ်လည်ကို လျင်မြန်စွာကြည့်လိုက်ပြီး ရေကန်ရဲ့အလယ်တည့်တည့်ကို ညွှန်ပြကာပြောလိုက်သည်… “ကျောက်စိမ်းသစ်သီးက ရေကန်ရဲ့အလယ်မှာရှိတယ်…”

ဇူယွမ်ခေါင်းမော့ကြည့်လိုက်သည့်အခါ ရေကန်ရဲ့မျက်နှာပြင်ထက်မှာ မြူတွေရွေ့လျားနေတာကို မြင်လိုက်ရသည်။ ရေကန်ရဲ့အလယ်တည့်တည့်မှာ သေးငယ်တဲ့ကျွန်းလေးတစ်ခုရှိနေပြီး ကျွန်းရဲ့အလယ်မှာ ကြီးမားသည့်ကျောက်စိမ်းရောင်သစ်ပင်ကြီးတစ်ပင် ပေါက်ရောက်နေလျက်ရှိသည်။

ဇူယွမ်က ကျောက်စိမ်းရောင်အသီးနှစ်လုံးသီးနေသည့် သစ်ပင်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်မိသည်။ အသီးတွေရဲ့အရွယ်အစားက မွေးကင်းစကလေးတစ်ယောက်နီးပါးရှိပြီး ချိုမြကာ စွဲမက်စရာကောင်းလှသည့်သင်းရနံ့တွေ ထုတ်လွှတ်နေပေသည်။

ကျောက်စိမ်းရောင်သစ်သီးတွေကို မြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့နှလုံးခုန်နှုန်းက မြန်ဆန်လာခဲ့ရသည်။

“ကျောက်စိမ်းသစ်သီး… နောက်ဆုံးတော့ ငါမင်းကိုရှာတွေ့ခဲ့ပြီ…”

ဇူယွမ်တို့လူစု ရေကန်ဆီသို့ရောက်ရှိခဲ့ပြီး မရှေးမနှောင်းမှာပင် ဆူညံသံအချို့နှင့်အတူ အခြားအရပ်မျက်နှာတစ်ခုမှနေ လူတိုင်းရဲ့စောင့်ကြည့်နေကြသည့်အကြည့်တွေအောက်မှာပင် မြူတွေကြားထဲမှ လူတစ်စုထွက်ပေါ်လာခဲ့သည်။

“ချီဟောင်…”

လူစုကိုဦးဆောင်လာပြီး သူနဲ့ရင်းနှီးမှုရှိလှသည့် လူတစ်ယောက်ကိုမြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အကြည့်တွေ ထွက်ပေါ်လာခဲ့ရသည်။

ချီဟောင်နဲ့အဆိပ်ဘုရင်တို့က ရေကန်ဘေးကိုရောက်ရှိလာခဲ့ကြပြီး ဇူယွမ်ရှိသည့်နေရာကို လှမ်းကြည့်လိုက်ကြသည်။ ချီဟောင်ရဲ့နှုတ်ခမ်းထောင့်စွန်းက ချက်ချင်းဆိုသလို တွန့်ကွေးသွားခဲ့ရပြီး ရေကန်ရဲ့အလယ်ကိုညွှန်ပြလိုက်ကာ ဇူယွမ့်ကို ဆော့ကစားလိုသည့်အပြုံးတစ်ခုပြုံးပြလိုက်သည်။

“ဇူယွမ်… မင်းက ကျောက်စိမ်းသစ်သီးကို လိုချင်တယ်ဆိုရင် ငါသဘောတူမတူကို မင်းကအရင်ဆုံးမေးမြန်းရလိမ့်မယ်…”


Comment

Leave a Reply

Options

not work with dark mode
Reset