မြင့်တက်လာသည့်နေလုံးကြီးအလား ရွှေရောင်အလင်းတွေထွက်ပေါ်လာကာ ချက်ချင်းဆိုသလိုပင်ပျံ့နှံ့သွားခဲ့ပြီး ခရမ်းရောင်အလင်းတွေက လွင့်ပါးပျောက်ကွယ်သွားခဲ့ရသလို ချီပင်လယ်တစ်ခုလုံးကလည်း အခုအချိန်မှာ ရွှေရောင်အလင်းတွေနဲ့ ပြည့်နှက်သွားခဲ့ရသည်။
ထို့ကြောင့်ပင် ချီပင်လယ်ကရွှေရောင်တောက်ပလာခဲ့ပြီး အမှန်တကယ်ပင် လွန်စွာထူးခြားလှသည့် မြင်ကွင်းတစ်ခုပင်ဖြစ်တော့သည်။
“ဒါက… ဒါက ရွှေရောင်ချီပင်လယ်လား…”
ဇူယွမ်တစ်ယောက် တောက်ပလှတဲ့ရွှေရောင်ချီပင်လယ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်မိသည်။ ဒီလိုရလဒ်မျိုးကို သူ့အနေဖြင့် အိပ်မက်ထဲထိပင် ထည့်မက်ဖူးခဲ့ခြင်းမရှိပေ။
သူ့အနေဖြင့် အရင်ကတည်းက ခရမ်းရောင်ချီပင်လယ်အထိသာမျှော်လင့်ထားခဲ့ပြီး စုယုဝေနဲ့အဆင့်တူရောက်ရှိနိုင်ရုံဖြင့်ပင် စိတ်ကျေနပ်မှုရှိလိမ့်မည်ဖြစ်သည်။
သို့ပေမဲ့လည်း ချီပင်လယ်ရဲ့အနက်ရှိုင်းဆုံးနေရာကနေထွက်ပေါ်လာခဲ့သည့် မူလချီအရင်းအမြစ်တွေက သူ့ရဲ့ချီပင်လယ်ကို နောက်တစ်ဆင့်မြင့်တက်သွားစေလိမ့်မည်လို့ ထင်မှတ်မထားမိခဲ့ပေ။
ဇူယွမ်ရဲ့နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေ စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်သွားခဲ့ရသည်။ ချီပင်လယ်တစ်ခုရဲ့အဆင့်က လူတစ်ယောက်ရဲ့စွမ်းရည်ကို တိုးတက်လာစေနိုင်ရုံသာမက မူလချီတွေရဲ့စွမ်းရည်ကိုပါ မြင့်တက်စေနိုင်ပေသည်။
ရွှေရောင်ချီပင်လယ်ပိုင်ဆိုင်ထားသည့်လူတစ်ယောက်က အဆင့် ၂မူလချီကိုသာ လေ့ကျင့်ထားရင်တောင်မှ သူ့ရဲ့စွမ်းအားက စိမ်းပြာရောင်ချီပင်လယ်ပိုင်ဆိုင်ပြီး အဆင့် ၃မူလချီကိုလေ့ကျင့်ထားသည့် လူတစ်ယောက်ထက် ပို၍သာလွန်ပေသည်။
ဇူယွမ်အံ့အားသင့်စွာဖြင့်ပင် တီးတိုးရေရွတ်လိုက်မိသည်… “ငါ့အနေနဲ့ ရွှေရောင်ချီပင်လယ်ကို ဖွင့်နိုင်လိမ့်မယ်လို့ ထင်မထားမိဘူး…”
ရွှေရောင်အလင်းတွေက ချီပင်လယ်အတွင်းမှာ လှည့်လည်သွားလာနေလျက်ရှိသည်။ ၎င်းရဲ့အလင်းရောင်အောက်မှာ စီးဆင်းနေတဲ့မူလချီတွေက ပို၍သိပ်သည်းကျစ်လစ်လာခဲ့ရသလို ပို၍လည်းစွမ်းအားပြည့်ဝလာခဲ့ရ၏။
ဇူယွမ်တစ်ယောက် ရွှေရောင်ချီပင်လယ်ကိုဖွင့်နိုင်ခဲ့သည့်အတွက် အပျော်ထဲမှာနစ်မြှုပ်နေစဉ်မှာပင် သူ့ရဲ့လက်ဖဝါးပေါ်မှာ သွေးနီရောင်အလုံးလေးတစ်ခုအဖြစ်ရှိနေတဲ့ နဂါးဒေါသအဆိပ်က ရုတ်တရက်စတင်၍ တွန့်လိမ်လှုပ်ရှားလာခဲ့ရသည်ကိုတော့ သတိမပြုမိခဲ့လိုက်ပေ။
ရွှစ်… ရွှစ်…
ရွှေရောင်ချီပင်လယ်အတွင်းမှာ ထူးဆန်းတဲ့အသံတွေ ထွက်ပေါ်လာခဲ့ရပြီး သွေးမြူတွေက နေရာအနှံ့မှထွက်ပေါ်လာခဲ့ကာ ချီပင်လယ်အတွင်း စတင်၍စီးဆင်းသွားခဲ့ကြသည်။
ထိုအခါမှသာ ဇူယွမ်တစ်ယောက်ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သတိထားမိခဲ့သည်။ သွေးမြူတွေကျူးကျော်ဝင်ရောက်လာသည်ကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့နှလုံးကပြင်းပြင်းထန်ထန်လှုပ်ခါသွားရသကဲ့သို့ ကြောက်ရွံ့ထိတ်လန့်စွာပင် အော်ဟစ်လိုက်မိသည်။
“ဒါက… ဒါက နဂါးဒေါသအဆိပ်လား…”
နဂါးတစ်ကောင်ရဲ့ဒေါသတွေပြည့်နှက်နေတဲ့အော်သံတစ်ခုနှင့်အတူ သွေးမြူတွေထံမှ သွေးရောင်အလင်းတွေ တစ်ဟုန်ထိုးပျံ့နှံ့ထွက်ပေါ်လာခဲ့ရသည်။ ၎င်းက ကူးစက်ရောဂါပိုးတစ်ကောင်အလား ရွှေရောင်ချီပင်လယ်အနှံ့ကို လျင်မြန်စွာပျံ့နှံ့သွားခဲ့ရသည်။
ဇူယွမ်တစ်ယောက် ဒီလိုမျိုးရုတ်တရက်ဖြစ်ပေါ်လာသည့် အလှည့်အပြောင်းတစ်ခုကြောင့် အထိတ်တလန့်ဖြစ်သွားခဲ့ရ၏။
ခြောက်လနီးပါးလောက် ငြိမ်သက်နေသည့် နဂါးဒေါသအဆိပ်က သူ့ရဲ့ချီပင်လယ်ထွက်ပေါ်လာသည့်အချိန်မှာမှ ရုတ်တရက်ပြန်လည်ပြီး ထွက်ပေါ်လာလိမ့်မည်လို့ သူ့အနေနဲ့ ဘယ်လိုများထင်မှတ်ထားမိလိမ့်မည်နည်း။
ဇူယွမ်က ချီပင်လယ်အတွင်းကို စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေခဲ့လိုက်သည်။
သွေးရောင်အလင်းတွေပျံ့နှံ့သွားခဲ့ရသကဲ့သို့ ချီပင်လယ်အတွင်းမှ ရွှေရောင်အလင်းတွေက တဖြည်းဖြည်းကွယ်ပျောက်သွားခဲ့ရကာ သွေးရောင်အလင်းတွေနဲ့အတူ ပေါင်းစပ်သွားခဲ့ရသည်။ အဆုံးသတ်မှာ ချီပင်လယ်တစ်ခုလုံးက တောက်ပတဲ့အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ထိုမြင်ကွင်းက လွန်စွာမှပင်ထူးခြားဆန်းကြယ်လှသည်။
ဇူယွမ်တစ်ယောက် နောက်တစ်ကြိမ်ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်သည်။ သွေးနီရောင်ချီပင်လယ်လား…
ဒါကဘယ်လို သောက်ကျိုးနဲအရာလဲ… ဒီလိုအရာမျိုးကို ငါ့အနေနဲ့ ဘယ်တုန်းကမှမကြားခဲ့ရဖူးဘူး…
“ဒီစိတ်ရှုပ်စရာကောင်းလိုက်တဲ့ နဂါးဒေါသအဆိပ်…” ဇူယွမ်တစ်ယောက် သူ့ရဲ့နှလုံးသားထဲမှာ အော်ဟစ်နေလိုက်မိသည်။ ဒီနဂါးဒေါသအဆိပ်ထွက်ပေါ်လာခြင်းက သူအလွန်နှစ်သက်ရသည့် ရွှေရောင်ချီပင်လယ်ကို သူတစ်ခါမှမမြင်ဘူးမကြားဘူးသည့် သွေးနီရောင်ချီပင်လယ်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
အခန်းအတွင်းမှာ ဇူယွမ်ရဲ့မျက်လုံးတွေပွင့်လာခဲ့ရပြီး သူ့ရဲ့မျက်နှာကဒေါသကြောင့် လွန်စွာပျက်ယွင်းနေခဲ့ရပေသည်။
အဲ့ဒီနောက်မှာ သူကအသက်ကိုပြင်းစွာရှူလိုက်ပြီး သူ့ရင်ထဲမှဒေါသတွေကိုချိုးနှိမ်လိုက်ကာ သူ့ခန္ဓာကိုယ်ထဲရှိ ချီပင်လယ်ကို သတိကြီးစွာဖြင့် စတင်စစ်ဆေးလိုက်သည်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြဿနာတစ်စုံတစ်ရာဖြစ်လာခဲ့မယ်ဆိုရင် သံသယရှိစရာမလိုလောက်အောင်ပင် သူ့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းမှာ ကြီးမားတဲ့အဟန့်အတားတစ်ခု ဖြစ်လာရပေလိမ့်မည်။
ကံကောင်းစွာပင် သူ့အနေဖြင့် မှားယွင်းမှုတစ်စုံတစ်ရာကိုမျှ ရှာတွေ့ခဲ့ခြင်းမရှိပေ။ ဒါ့အပြင် ချီပင်လယ်အတွင်းရှိ မူလချီတွေက ရွှေရောင်ချီပင်လယ်နှင့်ယှဉ်လိုက်ရင် အနည်းငယ်ပို၍မြင့်မားလာသည်ကိုပင် မြင်တွေ့ခဲ့ရသည်။
သို့ပေမဲ့လည်း ဇူယွမ်က စိတ်မချနိုင်သေးပေ။ သူကအသက်ကိုပြင်းစွာရှူလိုက်ပြီး အတွေးတစ်ခုနဲ့အတူ သူ့ရဲ့လက်ထံမှ မူလချီတွေကို ထုတ်ဖော်လိုက်သည်။
ပုံမှန်အားဖြင့်ပြောရရင် ချီကျင့်ကြံခြင်းနည်းလမ်းတွေကို လေ့ကျင့်ထားသည့်ကျင့်ကြံသူတစ်ယောက်ထုတ်ဖော်လိုက်သည့် မူလချီတွေက ရေကဲ့သို့ကြည်လင်မှုရှိပေသည်။ သို့ပေမဲ့လည်း ဇူယွမ်ရဲ့မူလချီတွေထွက်ပေါ်လာသည့်အခါ ၎င်းရဲ့အထဲမှာ မှိန်ဖျော့ဖျော့သွေးနီရောင်အမျှင်တန်းတွေ စီးဆင်းနေသည်ကို သူ့အနေဖြင့်ရှာတွေ့ခဲ့ရသည်။
အဆိုပါသွေးနီရောင်အမျှင်တန်းတွေက ဇူယွမ်နှင့် လွန်စွာမှပင်ရင်းနှီးမှုရှိလှသည်။ ၎င်းတို့က နဂါးဒေါသအဆိပ်ပင်ဖြစ်သည်။
နဂါးဒေါသအဆိပ်က သူ့ရဲ့မူလချီတွေနဲ့ ပေါင်းစပ်သွားခဲ့တာလား… ဒါက ဘယ်လိုမျိုးသောက်ကျိုးနဲအရာလဲ… ဒါက နဂါးအဆိပ်ချီလား…
“မယုံကြည်နိုင်စရာပဲ…” ဇူယွမ်တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ချေ။ ဒီလိုမျိုးပြောင်းလဲသွားမှုကို သူ့အနေဖြင့် နားလည်နိုင်ခြင်းအလျဉ်းမရှိခဲ့ပေ။ ဒါကတစ်ချိန်ချိန်ကျရင် အန္တရာယ်ရှိလာနိုင်သည်ကို သူသိပေမဲ့လည်း အနည်းဆုံးတော့ နဂါးဒေါသအဆိပ်နဲ့ပေါင်းစပ်သွားခဲ့ရသည့်မူလချီတွေက နဂါးဒေါသအဆိပ်ရဲ့သဘာဝအလျောက် ပိုပြီးပြင်းထန်ကာ ရက်စက်ကြမ်းကြုတ်လာစေခဲ့ရသည်။
ဒါ့အပြင် ဇူယွမ်က နဂါးဒေါသအဆိပ်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သူကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးပေသည်။
ဇူယွမ်က သူ့အနေဖြင့် အလွန်ပင်ပင်ပန်းနွမ်းနယ်လှသည်လို့ ခံစားခဲ့ရသည်။
ဒီချီပင်လယ်အသစ်က သူ့ကိုအံ့အားသင့်စရာသုံးခုတောင် ပေးစွမ်းနိုင်ခဲ့သည်။ ပထမဆုံးအနေနဲ့ ၎င်းကခရမ်းရောင်၊ အဲ့ဒီကမှ ရွှေရောင်နဲ့ နောက်ဆုံးမှာ သူတစ်ကြိမ်တစ်ခါမှမမြင်ဘူးမကြားဘူးသည့် သွေးနီရောင်အဖြစ် အဆင့်ဆင့်ပြောင်းလဲသွားခဲ့သည်။
“မနက်ဖြန်ကျရင် ငါအစ်မကြီးယောင်ယောင်ကို မေးကြည့်ရမယ်…”
သူ့ရဲ့အဆုံးသတ်ကို ရောက်မလာနိုင်သေးသည့်အတွက် ဇူယွမ်တစ်ယောက် သက်ပြင်းကိုသာခက်ခက်ခဲခဲချလိုက်နိုင်ခဲ့သည်။
…
နောက်တစ်နေ့၌…
ဇူယွမ်တည်းခိုဆောင်အပြင်ဘက်ကို လျှောက်လှမ်းထွက်ခွာလာသည့်အခါ လူတိုင်းအံ့အားသင့်သွားခဲ့ရသည်။ ဇူယွမ်ရဲ့ခန္ဓာကိုယ်ပတ်လည်မှ မူလချီလှုပ်ရှားမှုတွေက မနေ့ကထက်စာရင် ပိုပြီးသန်မာလာခဲ့သည်ကို သူတို့အားလုံးခံစားမိလိုက်ကြသည်။
ဝေကန်းလန်က အံ့အားသင့်စွာပင် မေးလိုက်၏… “မင်းသားလေးက ချီစုဆောင်းမှုအဆင့်ကို ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီလား…”
ဝေချင်းချင်းကလည်း ဇူယွမ်ကို အံ့အားသင့်စွာပင် ကြည့်နေခဲ့မိသည်။
“ကျွန်တော်မနေ့က အဆင့်တက်ခဲ့တယ်…” ဇူယွမ်က ပြုံးလျက်ခေါင်းညိတ်ကာပြောလိုက်သည်။
စုယုဝေရဲ့မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတွေပြည့်နှက်သွားခဲ့ရပြီး သူမကပြောလိုက်သည်… “မင်းသားလေးက တကယ်ကိုအထင်ကြီးလောက်စရာပဲ… တစ်နှစ်တောင်မပြည့်သေးတဲ့အချိန်အတွင်းမှာ စွမ်းအင်ဝင်ပေါက်တွေကို ရှာမတွေ့နိုင်တဲ့လူတစ်ယောက်အဖြစ်ကနေ ချီစုဆောင်းမှုအဆင့်ထိရောက်အောင်လေ့ကျင့်နိုင်ခဲ့တယ်… နင်ကငါ့ကို အမှီလိုက်နိုင်ခဲ့တာပဲ…”
သူတို့နဲ့ဆန့်ကျင်စွာပင် ယောင်ယောင်ရဲ့ကြည်လင်လှပတဲ့မျက်လုံးတွေထဲမှာ စဉ်းစားနေသည့်အမူအယာတွေပြည့်နှက်နေလျက် ဇူယွမ်ကိုကြည့်လိုက်မိသည်။
ဇူယွမ်အနေဖြင့်လည်း လက်ရှိအချိန်မှာ လူတွေအများကြီးရှိနေသည့်အတွက် ယောင်ယောင့်အနားကပ်ကာ သူသိချင်တာတွေကို မေးမြန်းဖို့အဆင်မပြေခဲ့ပေ။ ထို့ကြောင့်ပင် သူကလူတိုင်းကိုကြည့်ကာပြောလိုက်သည်… “ပြင်ဆင်မှုတွေ အားလုံးပြီးသွားပြီဆိုရင် စထွက်ကြမယ်…”
လူအားလုံးက သူတို့ရဲ့ခေါင်းတွေကိုညိတ်ပြလိုက်ကြပြီး မြင်းတွေပေါ်သို့ ခုန်တက်လိုက်ကာ နတ်ဆိုးအကျဉ်းထောင်မြို့တော်အတွင်းမှ လျင်မြန်စွာထွက်ခွာလာခဲ့ကြပြီး တိုက်ပွဲဂိုလမ်ဂိုဏ်းရှေးဟောင်းနယ်မြေဆီသို့ ဦးတည်သွားခဲ့လိုက်ကြသည်။
လမ်းတစ်လျှောက်မှာ ဇူယွမ်ကအခွင့်အရေးရှာကာ ယောင်ယောင့်အနားသို့ တိတ်တဆိတ်တိုးကပ်သွားခဲ့ပြီး သူရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်အားလုံးကို အသေးစိတ်ရှင်းပြလိုက်သည်။
“သွေးနီရောင်ချီပင်လယ်လား…” ဇူယွမ်ရဲ့အသေးစိတ်ရှင်းပြမှုကို ကြားလိုက်ရပြီးနောက်မှာ ယောင်ယောင်တစ်ယောက် အံ့အားသင့်သွားခဲ့ရသည်။ သူမသည်လည်းပဲ ဒီလိုအရာမျိုးကို တစ်ခါမှမကြားဖူးခဲ့သည်မှာ ထင်ရှားလှပေသည်။
“ဒါက နဂါးဒေါသအဆိပ်ကြောင့်ပဲဖြစ်ရမယ်… ဒါပေမဲ့လည်း ဒါကဆိုးရွားတဲ့အရာတစ်ခုတော့မဟုတ်ဘူး… နင့်ရဲ့ချီပင်လယ်က အခြေခံအားဖြင့် ရွှေရောင်ချီပင်လယ်ဖြစ်ပြီးတော့ နဂါးဒေါသအဆိပ်နဲ့ပေါင်းစပ်မှုကြောင့်သာ ဒီလိုမျိုးပြောင်းလဲသွားခဲ့ရတာပဲ…”
“ဒါက ပြဿနာတစ်ခုမဖြစ်မချင်းတော့ ငါ့အနေနဲ့ တိတိကျကျမပြောနိုင်သေးဘူး… နင်က နောက်ပိုင်းမှာ ဒါကိုပိုပြီးအာရုံစိုက်နိုင်ဖို့ ကြိုးစားရလိမ့်မယ်…”
သူမရဲ့အဖြေကို ကြားခဲ့ရပြီးနောက်မှာ ဇူယွမ်က တစ်စုံတစ်ရာပြုလုပ်နိုင်ခြင်းမရှိပေမဲ့ သူ့ရဲ့ခေါင်းကိုသာ ညိတ်ပြလိုက်ခဲ့သည်။
“ငါလည်းဒီလိုလုပ်ဖို့တစ်ခုတည်းကိုပဲ တွေးထားမိတယ်…”
…
ဇူယွမ်တို့လူစု တိုက်ပွဲဂိုလမ်ဂိုဏ်းရှေးဟောင်းနယ်မြေကို အလျင်အမြန်သွားရောက်နေစဉ်မှာ အဆိပ်မြို့တော်အတွင်းမှာ ချီဟောင်၊ အဆိပ်ဘုရင်နဲ့ ကျန်တဲ့လူအားလုံးကလည်းထွက်ခွာဖို့ အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ လူတစ်ရာကျော်ပါဝင်တဲ့လူစုရဲ့ပတ်လည်မှာ အပြင်းအထန်လှုပ်ရှားနေလျက်ရှိသည့် မူလချီတွေကိုကြည့်ခြင်းအားဖြင့် ၎င်းတို့အားလုံးက စွမ်းအားမြင့်ကျင့်ကြံသူတွေဖြစ်သည်ကို သိသာထင်ရှားစေသည်။
သတင်းပို့ချက်ကို နားထောင်ပြီးသည့်နောက်မှာ ချီဟောင်က အဆိပ်ဘုရင်ကိုပြောလိုက်သည်… “ဇူယွမ်က အစောပိုင်းကတည်းက ထွက်ခွာသွားခဲ့ကြပြီ…”
အဆိပ်ဘုရင်က စိုးရိမ်ပူပန်ခြင်းကင်းစွာဖြင့်ပြန်ပြောသည်… “ရှေးဟောင်းနယ်မြေက အန္တရာယ်တွေနဲ့ပြည့်နှက်နေတယ်… ဒါ့ကြောင့်သူတို့အနေနဲ့ အရင်ဆုံးရောက်သွားခဲ့ရင်တောင် ဘာမှအကျိုးထူးလိမ့်မှာမဟုတ်ဘူး… ဘာကြောင့်ငါတို့အတွက် သူတို့တွေကူညီပြီး လမ်းရှင်းပေးမှာကို ခွင့်မပြုပေးနိုင်ရမှာလဲ…”
သူကခဏကြာရပ်တန့်သွားခဲ့ပြီး ချီဟောင်ကိုကြည့်ကာ ဆက်ပြောသည်… “နောက်တစ်ခုက… မင်းက ဒီတာဝန်မှာ အထူးပြင်ဆင်ထားတဲ့အရာတစ်ခုရှိတယ်လို့ ပြောခဲ့တယ်… မင်းပြင်ဆင်ထားတဲ့အရာကဘာလဲ…”
ချီဟောင်က ခပ်ဖွဖွပြုံးလိုက်ပြီး… “အချိန်ကျလာရင် ခင်ဗျားတွေ့ရပါလိမ့်မယ်… မစိုးရိမ်ပါနဲ့… ကျွန်တော်တို့တွေ အတူတူပူးပေါင်းနိုင်ခဲ့မှုကြောင့် ဇူယွမ်နဲ့ဝေကန်းလန်တို့ အဆိပ်ရေအိုင်ကနေ အသက်ရှင်လျက်ပြန်ထွက်သွားဖို့ ဖြစ်နိုင်လိမ့်မှာမဟုတ်ဘူး…”
သူ့နှုတ်ခမ်းထက်မှအပြုံးက တဖြည်းဖြည်းနဲ့မုန်းတီးမှုတွေဖြင့် ပြည့်နှက်လာခဲ့ရသည်။
“သူတို့ကိုစောင့်နေတဲ့ တစ်ခုတည်းသောအရာက သေခြင်းပဲ…”