စာစဉ်(၆) အပိုင်း(၇၅)

ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်

တည်းခိုဆောင်အတွင်းဝယ်…

အစောပိုင်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် လူတိုင်းရဲ့အမူအယာတွေက အနည်းငယ်လေးနက်လာခဲ့ရ၏။ ချီအိမ်တော်နဲ့ အဆိပ်ဘုရင်တို့ပူးပေါင်းခြင်းက သံသယရှိစရာမလိုလောက်အောင်ပင် သူတို့အတွက် အကြီးမားဆုံးအဟန့်အတားတစ်ခုဆိုတာကို သူတို့တွေနားလည်ကြသည်။

ဇူယွမ်ရဲ့အမူအယာက အလွန်ပင်လေးနက်တည်ကြည်နေကာ ဝေကန်းလန်ကိုကြည့်လိုက်ရင်း မေးလိုက်သည်… “ဗိုလ်ချုပ်ကြီးဝေ… အဆိပ်ဘုရင်နဲ့ရင်ဆိုင်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးအတွက် အနိုင်ရဖို့အခွင့်အရေးဘယ်လောက်ရှိနိုင်မလဲ…”

ဝေကန်းလန်က အချိန်ခဏကြာအောင် တုန့်ဆိုင်းနေခဲ့ပြီးမှ ဖြည်းညှင်းစွာပြန်ဖြေသည်… “မူလစဦးအဆင့်မှာ အဆင့် ၉ဆင့်ရှိပြီးတော့ ငါနဲ့အဆိပ်ဘုရင်တို့နှစ်ယောက်စလုံးက ဒုတိယအဆင့်မှာရှိကြတယ်… ငါတို့တွေ အမှန်တကယ်ရင်ဆိုင်တိုက်ခိုက်ကြမယ်ဆိုရင် ဘယ်သူကမှ လွယ်လွယ်ကူကူနဲ့အသာစီးရနိုင်မှာမဟုတ်ဘူး… ဒါပေမဲ့ အဆိပ်ဘုရင်မှာ အဆင့်မြင့်အဆင့် ၄မူလချီဖြစ်တဲ့ နတ်ဆိုးမြူချီရှိတယ်… ဒါက အရမ်းကိုကြောက်စရာကောင်းတဲ့အဆိပ်ချီဖြစ်ပြီးတော့ တိုက်ခိုက်နေစဉ်မှာ သူ့ရဲ့ပြိုင်ဘက်ကို မသိလိုက်စေဘဲနဲ့ အလွယ်တကူအဆိပ်မိသွားစေနိုင်တယ်… ဒါ့ကြောင့်ပဲ အရင်တုန်းက သူ့လက်ထဲမှာငါဒဏ်ရာရခဲ့ရတာပဲ…”

“ဒီနတ်ဆိုးမြူအဆိပ်က တကယ့်ကိုခေါင်းကိုက်စရာပဲ…”

သူတို့ရဲ့စိတ်ဓာတ်တွေ ထိခိုက်ကျဆင်းသွားမှာစိုးရိမ်သည့်အလား ဝေကန်းလန်က လျင်မြန်စွာပင်ထပ်ဖြည့်ပြောလိုက်သည်… “ငါ့အနေနဲ့ နတ်ဆိုးမြူအဆိပ်ကို စိုးရိမ်မိပေမဲ့လည်း အချိန်ကျလာရင် ငါကအဆိပ်ဘုရင်ကို သေချာပေါက်ဟန့်တားထားပေးမယ်…”

ဇူယွမ်၏မျက်နှာထက်မှာ အတွေးနက်နေဟန် ထင်ဟပ်လာခဲ့ရသည်။ ဒီအရာက အားလုံးတော့အာမခံချက်မရှိပေ။ တကယ်လို့ထင်မှတ်မထားတဲ့အရာတွေသာ ဖြစ်လာခဲ့မယ်ဆိုရင် အခြေအနေကသူတို့အတွက် အလွန်ပင်ဝေးကွာသွားရပေလိမ့်မည်။

အတွေးအချို့တွေးနေခဲ့ပြီးနောက်မှာ သူ့ရဲ့အကြည့်က ရုတ်တရက်ယောင်ယောင့်ထံရောက်ရှိသွားခဲ့ပြီး ပြုံး၍မေးလိုက်သည်… “အစ်မကြီးယောင်ယောင်… နင်ဘာတွေစဉ်းစားထားတာရှိလဲ…”

ယောင်ယောင်ကလက်ရှိမှာ ထန်ထန်ကိုပွေ့ချီထားလျက်မှပင် ခေါင်းငုံ့ကာအနက်ရောင်ကျောက်စိမ်းပြားကို လေ့လာနေသည်။ ဇူယွမ်မေးလိုက်တာကို ကြားရသည့်အခါ သူမရဲ့လှပတဲ့မျက်နှာလေးကမော့လာခဲ့ရပြီး ဇူယွမ်ကိုကြည့်လိုက်သည်… “နင်ငါ့ကိုလာမေးတော့မယ်ဆိုတာ ငါသိတယ်…”

တည်းခိုဆောင်သို့ပြန်လာသည့် လမ်းတစ်လျှောက်မှာ ဇူယွမ်ကသူမကို အချိန်တိုင်းအချိန်တိုင်း လှည့်ကြည့်လှည့်ကြည့်လုပ်နေသည်ကို သတိထားမိခဲ့သည်။

သို့ပေမဲ့လည်း ဒီကိစ္စကလွန်စွာမှပင်အရေးကြီးသည်ဆိုတာကို သူမသိပေသည်။ ထို့ကြောင့်ပင် သူမကဇူယွမ်ကိုကြည့်လိုက်ပြီးနောက်မှာ သူမရဲ့လက်က ခါးမှာချိတ်ဆွဲထားသည့် သိုလှောင်အိတ်ဆီရောက်ရှိသွားခဲ့ကာ အစိမ်းရောင်စာလိပ်တစ်ခုကိုထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်ထားလိုက်သည်… “ဒါက သစ်တစ်ထောင်အဆိပ်ကာကွယ်ခြင်းမှော်စာလုံးလို့ခေါ်တဲ့ အဆင့်မြင့်အဆင့် ၃မူလမှော်စာလုံးပဲ… ဒီမှော်စာလုံးကိုအသက်သွင်းလိုက်တဲ့အခါ ဘယ်လိုအဆိပ်မျိုးနဲ့တိုက်ခိုက်မှုကိုမဆို ကာကွယ်ပေးနိုင်တယ်… နတ်ဆိုးမြူအဆိပ်တောင်မှ ဒီမှော်စာလုံးရဲ့ခံစစ်ကို ချိုးဖျက်နိုင်ခြင်းမရှိဘူး…”

“အဆင့်မြင့်အဆင့် ၃မူလမှော်စာလုံးလား…” ဝေကန်းလန်၊ ဝေချင်းချင်းနဲ့ ကျန်တဲ့လူအားလုံး ယောင်ယောင့်ကို အံ့အားသင့်စွာကြည့်လိုက်မိကြသည်။ သူတို့ရဲ့ရှေ့ကဒီမိန်းကလေး မူလချီလှုပ်ရှားမှုအနည်းငယ်လေးမျှတောင် ထုတ်ဖော်ထားခြင်းမရှိသည့်မိန်းကလေး ဒီမိန်းကလေးက မူလမှော်စာလုံးရေးသားခြင်းမှာ ဒီအဆင့်ထိရောက်အောင် ကျွမ်းကျင်မှုရှိနေတာလား။

ဒီလိုမျိုးမူလမှော်စာလုံးတစ်ခုက ဇူအင်ပါယာတစ်ခုလုံးမှာတောင် အထွတ်အထိပ်အဆင့်တွင် ရပ်တည်နိုင်ပေသည်။

ဇူယွမ်က ဒီမိန်းကလေးကို ဘာကြောင့်သူ့အနားမှာထားကာ အမြဲတမ်းပြောဆိုတိုင်ပင်ဆွေးနွေးနေသည်ကို ယခုအချိန်မှာ ဝေချင်းချင်းတစ်ယောက် နားလည်သဘောပေါက်ခဲ့ရသည်။

“အရမ်းကောင်းတယ်… ဒီမူလမှော်စာလုံးရဲ့အကူအညီနဲ့ဆိုရင် အဆိပ်ဘုရင်ရဲ့တိုက်ခိုက်မှုက ငါ့အပေါ်ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ဘူး… ငါကသူ့ကို စိုးရိမ်စရာမရှိဘဲနဲ့တိုက်ခိုက်နိုင်မယ့်အပြင် သူ့ကိုလည်းကောင်းကောင်းဖိနှိပ်ထားနိုင်လိမ့်မယ်… ကံကောင်းရင် ငါကသူ့ကိုသတ်ဖို့ အခွင့်အရေးကိုတောင်မှရှာနိုင်လိမ့်မယ်…” ဝေကန်းလန်က စာလိပ်ကိုတင်းတင်းဆုပ်ကိုင်ထားလျက်မှပင် သူ့ရဲ့မျက်နှာက စိတ်လှုပ်ရှားမှုတွေကြောင့် အနည်းငယ်အနီရောင်ပြောင်းသွားခဲ့ရသည်။

အဆိပ်ဘုရင်အပေါ် သူ့ရဲ့အမုန်းတရားက အရိုးထဲထိတိုင်အောင်နက်ရှိုင်းလှပြီး သူ့အနေဖြင့် အဆိပ်ဘုရင်ကို ရှင်းထုတ်နိုင်ဖို့အတွက် အရာအားလုံးကြိုးစားဆောင်ရွက်ခဲ့သည်။ ကံမကောင်းစွာပင် ပြီးခဲ့တဲ့တစ်ခေါက်တိုက်ခိုက်မှုမှာ သူထိတ်လန့်ကြောက်ရွံ့ခဲ့ရတဲ့ နတ်ဆိုးမြူအဆိပ်ကြောင့်ပဲ သူကအရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။

အခုအချိန်မှာသူ့လက်ထဲ၌ အဆင့်မြင့်အဆင့် ၃မူလမှော်စာလုံးတစ်ခုဖြစ်သည့် သစ်တစ်ထောင်အဆိပ်ကာကွယ်ခြင်းမှော်စာလုံးရှိနေပြီဖြစ်သည့်အတွက် အဆိပ်ဘုရင်ရဲ့အကြီးမားဆုံးလက်နက်ဖြစ်သည့် နတ်ဆိုးမြူအဆိပ်က သူ့အပေါ်ခြိမ်းခြောက်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။

ဝေကန်းလန်၏ ယုံကြည်မှုရှိသည့်စကားသံကို ကြားခဲ့ရပြီးနောက်မှာ အခန်းတွင်းရှိလူတိုင်းက စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းကိုယ်စီချလိုက်မိကြသည်။

ဇူယွမ်ကလည်း ပြုံးလျက်ခေါင်းညိတ်ကာ ပြောသည်… “ဗိုလ်ချုပ်ကြီးဝေရဲ့ယုံကြည်ချက်ရှိမှုက ကျွန်တော့်ကိုအသက်ရှူချောင်စေခဲ့တယ်… ကျွန်တော်တို့စုဆောင်းရရှိခဲ့တဲ့ သတင်းအချက်အလက်တွေကလည်း ပြည့်စုံသလောက်ဖြစ်နေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့တွေမနက်ဖြန်မှာ တိုက်ပွဲဂိုလမ်ဂိုဏ်းရှေးဟောင်းနယ်မြေကို စထွက်ကြမယ်…”

အခန်းတွင်းရှိ တစ်ဦးတစ်ယောက်ကမျှ ငြင်းဆန်ကန့်ကွက်ခဲ့ခြင်းမရှိခဲ့ပေ။

ညအခါသကာလ… နတ်ဆိုးအကျဉ်းထောင်မြို့တော်၏ ဂိတ်တံခါးတွေက တင်းကျပ်စွာပိတ်ထားသလို မြို့တော်ရဲ့အပြင်ဘက် တောင်တန်းသစ်တောတွေအတွင်းမှ များစွာသောမူလမှော်သားရဲတွေရဲ့အော်သံတွေကသာ ကြီးစိုးနေပေသည်။ အဆိပ်ရေအိုင်ဆိုသည်က ညဘက်အချိန်မှာ ပိုလို့တောင်အန္တရာယ်များလှသည့်နေရာတစ်ခုပင်ဖြစ်သည်။

တည်းခိုဆောင်၏အခန်းတစ်ခုအတွင်းဝယ် ဇူယွမ်ကအိပ်ယာထက်မှာ ထိုင်နေလျက်ရှိပြီး သူ့ရဲ့မျက်လုံးတွေကိုတင်းကျပ်စွာမှိတ်ထားလျက်ရှိသလို သူရဲ့ခန္ဓာကိုယ်ကလည်း အနည်းငယ်တုန်ခါနေရပေသည်။ သူ့ခန္ဓာကိုယ်ပတ်လည်မှ မူလချီတွေလှုပ်ရှားနေပြီး အဖြူရောင်အလင်းတန်းတွေအဖြစ်ပြောင်းလဲကာ သူ့နှာခေါင်းပေါက်ကိုဖြတ်၍ သူ့ခန္ဓာကိုယ်ထဲစီးဆင်းသွားခဲ့ရသကဲ့သို့ နဂါးအော်သံသဲ့သဲ့ကိုလည်း ကြားနိုင်ပေသည်။

ဒီနေ့မြို့တော်ထဲ၌ ချီဟောင်နဲ့အဆိပ်ဘုရင်တို့ကို တွေ့ခဲ့ရပြီးနောက်မှာ ဇူယွမ်တစ်ယောက် အန္တရာယ်အငွေ့အသက်ကို ခံစားမိခဲ့ရသည်။ သူ့ကိုစွမ်းအားမြင့်ကျင့်ကြံသူတွေ ဝန်းရံကာကွယ်ပေးထားပေမဲ့လည်း အခြေခံအကျဆုံးအရာက လူတစ်ယောက်ရဲ့ကိုယ်ပိုင်ခွန်အားပင်ဖြစ်သည်။

ဒါ့အပြင် သူ့ရဲ့ဝင်ပေါက်ခုနှစ်ခုသာဖွင့်ထားနိုင်သေးသည့်ခွန်အားက အဆိပ်ရေအိုင်အတွင်းမှာ ဘာမှမဟုတ်ဘူးလို့ သူ့အနေဖြင့်ခံစားခဲ့ရသည်။ ထို့ကြောင့်ပင် အခုအချိန်မှာ သူကချီစုဆောင်းမှုအဆင့်ကိုရောက်အောင် ကြိုးစားကျင့်ကြံရပေလိမ့်မည်။

ဇူယွမ်၏ရင်ဘတ်က နိမ့်ချည်မြင့်ချည်လှုပ်ရှားနေကာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေထဲရှိ မူလချီတွေတစ်ဟုန်ထိုးတိုးထွက်လာခဲ့ပြီး ရှစ်ခုမြောက်ဝင်ပေါက်အတားအဆီးကို အဆက်မပြတ်တိုက်ခိုက်ထိုးနှက်နေမှုကြောင့် အတားအဆီးက အလျင်အမြန်ပင်လျော့ပါးလာခဲ့ရသည်။ ကုန်လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ သူကလေ့ကျင့်မှုအပေါ်မှာသာအာရုံစိုက်ထားခဲ့သည့်အတွက် ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကိုချိုးဖျက်နိုင်ဖို့က အကန့်အသတ်ကိုရောက်နေခဲ့ပြီဆိုတာ သူခံစားနိုင်ခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ဝင်ပေါက်တွေအတွင်းမှာ မူလချီတွေအဆက်မပြတ် တစ်ဟုန်ထိုးတိုးပွားလာခဲ့ရသည်။

ရုတ်တရက် ဇူယွမ်ရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်လှုပ်ရှားသွားခဲ့ပြီး နဂါးအသက်ရှူခြင်းနည်းလမ်းကို အသက်သွင်းလိုက်သကဲ့သို့ နောက်ထပ်မူလချီအမျှင်တန်းတစ်ခုကိုလည်း သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်၏။ ၎င်းကလှိုင်းတစ်ခုအလား ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ရဲ့နောက်ဆုံးအတားအဆီးထံ ရက်စက်ကြမ်းတမ်းစွာ ဝင်ရောက်သွားခဲ့သည်။

ဖောက်…

အလွှာပါးလေးတစ်ခု ကျိုးပျက်သွားခဲ့ရသကဲ့သို့ ခပ်တိုးတိုးအသံတစ်ခုကြားလိုက်ရသည်။

ဇူယွမ်မျက်လုံးတွေကိုဖွင့်လိုက်ပြီး ခေါင်းငုံ့ကာသူ့ရဲ့လက်တွေကို ကြည့်လိုက်သည်။ တစ်ဆက်တည်းမှာ သူ့ရဲ့ခန္ဓာကိုယ်ကပေါ့ပါးပြီး ပို၍ကြည်လင်သန့်ရှင်းမှုရှိလာသည်လို့ ခံစားခဲ့ရသည်။

၎င်းက သူ့ကိုချုပ်နှောင်ထားသည့် အချုပ်အနှောင်ထံမှ ရုတ်တရက်လွတ်မြောက်လာသည့်အလား ခံစားရစေသည်။

ပတ်ဝန်းကျင်ရှိမူလချီတွေကလည်း အလိုအလျောက်ပင် သူ့ရဲ့ခန္ဓာကိုယ်ထဲတစ်ဟုန်ထိုးတိုးဝင်လာခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်စွမ်းရည်က လျင်မြန်စွာဖြင့်မြင့်တက်လာခဲ့ရသည်။

ဇူယွမ်က ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ရဲ့အတားအဆီးကို နောက်ဆုံးမှာချိုးဖျက်နိုင်ခဲ့ပြီပဲဖြစ်သည်။

ဇူယွမ်ရဲ့ခန္ဓာကိုယ်က လှုပ်ခတ်နေသကဲ့သို့ သူ့ရဲ့နှလုံးသားထဲမှာ မဖော်ပြနိုင်တဲ့ခံစားချက်တို့ဖြင့် ပြည့်နှက်နေရ၏။ နှစ်ဝက်ကျော်ကြာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရပြီးနောက်မှာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုစလုံးကို ဖွင့်နိုင်ခဲ့ရပြီဖြစ်သည်။

စွမ်းအင်ဝင်ပေါက်ရှစ်ခုစလုံးက ဆယ်နှစ်ကျော်ကြာပြီးနောက်မှာ နောက်တစ်ကြိမ်ပြည့်ပြည့်စုံစုံနဲ့ ပြန်ပွင့်လာခဲ့ရပြီဖြစ်သည်။

ဇူယွမ်အသက်ကို ခပ်ပြင်းပြင်းနှစ်ကြိမ်ရှူလိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီးနောက်မှာ သူ့ရဲ့မျက်လုံးတွေကို မှိတ်လိုက်သည်။ အခုအချိန်မှာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုစလုံးကို ဖွင့်နိုင်ခဲ့ပြီဖြစ်သည့်အတွက် နောက်ထပ်ပြုလုပ်ရမှာက ချီပင်လယ်ကိုဖွင့်ဖို့ပင်ဖြစ်သည်။

လူတစ်ယောက်က ချီပင်လယ်ကိုဖွင့်နိုင်ပြီးနောက်မှသာ အစစ်အမှန်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။

“လာစမ်း…”

ဇူယွမ်ရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ မျှော်လင့်စောင့်စားနေမှုတွေဖြင့် တောက်ပနေရသည်။ ဒီလိုနေ့မျိုးကိုရောက်ရှိလာဖို့အတွက် သူ့အနေဖြင့် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ရသည်။

ဇူယွမ်၏ခန္ဓာကိုယ်ထဲမှာ နဂါးအော်သံတစ်ခု ပဲ့တင်ရိုက်ခတ်ကာထွက်ပေါ်လာခဲ့ရသည်။ ဒီတစ်ကြိမ်မှာ နဂါးအသက်ရှူခြင်းနည်းလမ်းကို အသက်သွင်းလိုက်ရာမှာထွက်ပေါ်လာသည့်ရလဒ်က အလွန်ပင်ထိရောက်လှပေသည်။ အခန်းတွင်းရှိမူလချီတွေ ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့ပြီး ယခင်ကထက်ပိုပြီးထူထဲသည့် အဖြူရောင်အမျှင်တန်းတွေအဖြစ်ပြောင်းလဲသွားခဲ့ကာ ဇူယွမ့်ခန္ဓာကိုယ်ထဲရောက်အောင် တစ်ချက်တည်းဖြင့်ဝါးမျိုခြင်းခံခဲ့လိုက်ရသည်။

သူ့ခန္ဓာကိုယ်ထဲရှိမူလချီတွေက ဝမ်းဗိုက်အောက်ပိုင်းမှာ လျင်မြန်စွာပင်စုစည်းလာခဲ့ရပြီး လှည့်လည်နေသည့်စုပ်ဝဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

စုပ်ဝဲရဲ့လှည့်ပတ်မှုက ၎င်း၏အထွတ်အထိပ်ကို ရောက်ရှိသွားသည့်အခါ စုပ်ဝဲရဲအလယ်ဗဟိုတည့်တည့်မှာ အစက်လေးတစ်စက်ပေါ်ပေါက်လာခဲ့သည်ကို ဇူယွမ်တစ်ယောက် ခံစားမိခဲ့ရသည်။ ဒီမူလအစက်လေးရဲ့အတွင်းထဲမှာ ထူးဆန်းတဲ့နေရာလွတ်တစ်ခုရှိနေပြီး ၎င်းကတစ်ခါတစ်ရံမှာ ပေါ်ထွက်လာခဲ့သလို တစ်ခါတစ်ရံမှာပျောက်ကွယ်သွားခဲ့ရသည်။

၎င်းကလွန်စွာသေးငယ်လှသော်လည်း အလွန်ပင်ထူးခြားလှသည်။

အဆိုပါမူလအစက်လေးထွက်ပေါ်လာသည့် အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေသည့် မူလချီတွေက ရုတ်တရက်ဆွဲငင်ယူဆောင်ခြင်းကိုခံလိုက်ရသည်။ မူလချီတွေက သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေထဲကို တစ်ဟုန်ထိုးတိုးဝင်သွားခဲ့ပြီး မူလအစက်လေးထဲကို စီးဝင်သွားခဲ့သည်။

မူလချီတွေအစုလိုက်အပြုံလိုက် ဝင်ရောက်လာခဲ့ပြီးနောက်မှာ မူလအစက်လေးထဲမှ ပုံသဏ္ဍာန်မရှိသည့်အစုအဝေးထံမှ သက်ရှိကဲ့သို့အရာတစ်ခုပေါ်ထွက်လာခဲ့ရသည်။ ထိုအခိုက်အတန့်မှာပင် နေရာလွတ်ကစတင်ကျယ်ပြန့်လာခဲ့ရပြီး ချီပင်လယ်စတင်ဖြစ်ပေါ်လာသည်။

နောက်ဆုံးမှာ ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲ၌ ချီပင်လယ်ကို ဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။ သူ့ရဲ့အဆက်မပြတ်လေ့ကျင့်မှုတွေကနေ စုပ်ယူထားခဲ့သည့် မူလချီတွေကို အခုအချိန်မှာတစ်နေရာတည်းတွင် စုဆောင်းထားနိုင်ပြီဖြစ်ကာ ၎င်းကတဖြည်းဖြည်းနဲ့ပိုပြီးသန်မာလာပေလိမ့်မည်။ အရင်တုန်းကလို သူစုပ်ယူထားခဲ့သည့်မူလချီအများစုက သူ့ရဲ့ခန္ဓာကိုယ်စွမ်းရည်တိုးတက်လာပြီးနောက်မှာ လွင့်ပါးပျောက်ကွယ်သွားရလိမ့်တော့မည်မဟုတ်ပေ။

ဇူယွမ်၏စိတ်ဝိညာဉ်က ချီပင်လယ်အတွင်းဝင်ရောက်သွားခဲ့ပြီး မူလချီတွေလှည့်ပတ်စီးဆင်းနေသည့် ထူးခြားသည့်နေရာလွတ်တစ်ခု သူ့ရဲ့မျက်လုံးထဲကိုဝင်ရောက်လာခဲ့သည်။ အဲ့ဒီနောက်မှာ စိမ်းပြာရောင်အလင်းတွေ စတင်တောက်ပလာခဲ့ပြီး ချီပင်လယ်တစ်ခုလုံး စိမ်းပြာရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အသစ်ဖန်တီးထားသည့် ချီပင်လယ်က လူတစ်ယောက်ရဲ့ပါရမီနဲ့ ပင်ကိုယ်စွမ်းရည်အပေါ်အခြေခံပြီး အဆင့်လေးဆင့်ခွဲခြားထားသည်။ ဒီအဆင့်လေးဆင့်ကို အရောင်မဲ့၊ စိမ်းပြာရောင်၊ ခရမ်းရောင်၊ ရွှေရောင်ဆိုပြီး အရောင်တွေနဲ့မှတ်သားထားပေသည်။

ဇူယွမ်ရဲ့စိတ်ဝိညာဉ်က တိတ်ဆိတ်စွာဖြင့်ပင် ချီပင်လယ်၏ပြောင်းလဲမှုကို စောင့်ကြည့်နေလိုက်သည်။

သူ့အနေဖြင့် ချီပင်လယ်ရဲ့အဆင့်က လူတစ်ယောက်ရဲ့အနာဂတ်အောင်မြင်မှုကို အလုံးစုံကိုယ်စားမပြုနိုင်ဘူးဆိုတာကိုသိထားပေမဲ့ ချီပင်လယ်ရဲ့အဆင့်မြင့်မားသည်နှင့်အမျှ များစွာသောအကျိုးကျေးဇူးတွေကို ရရှိနိုင်သည်ဆိုတဲ့အချက်ကိုတော့ ငြင်းပယ်၍မရနိုင်ပေ။

စိမ်းပြာရောင်အလင်းတွေက ပို၍နက်ရှိုင်းလာခဲ့ပြီးနောက်မှာ ခရမ်းရောင်အလင်းစက်လေးတွေက ၎င်းရဲ့အထဲမှာ စတင်၍ထွက်ပေါ်လာခဲ့သည်။ ခရမ်းရောင်အလင်းတွေပျံ့နှံ့သွားသည့်အခါ ချီပင်လယ်က ခရမ်းရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့သည်။

“ခရမ်းရောင်ချီပင်လယ်…”

သူ့ရဲ့ချီပင်လယ်က ခရမ်းရောင်အဖြစ်ပြောင်းလဲသွားခဲ့ပြီးနောက်မှာ ဇူယွမ်ကခေါင်းညိတ်မိလိုက်သလို သူ့ရဲ့ဒီရလဒ်နဲ့ပတ်သက်၍လည်း အလွန်ပင်ကျေနပ်ပီတိဖြစ်ရပေသည်။

ချီပင်လယ်က ခရမ်းရောင်အဖြစ်တည်ငြိမ်နေတာကို မြင်လိုက်ရပြီးနောက်မှာ ဇူယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ရဲ့စိတ်ဝိညာဉ်က ချီပင်လယ်အတွင်းမှ စတင်ထွက်ခွာလိုက်သည်။

ဝုန်း…

သို့ပေမဲ့လည်း ထိုအခိုက်အတန့်မှာပင် သူ့ရဲ့ချီပင်လယ်က စတင်ပြီးတုန်ခါလာခဲ့ရသည်။ ဇူယွမ်တစ်ယောက် ရုတ်ချည်းပင် အလွန်ထူးဆန်းသည့်အရာတစ်ခုကို အာရုံခံမိလိုက်ပြီး လွန်စွာရင်းနှီးမှုရှိလှသည့် မူလချီတစ်ခု ချီပင်လယ်ရဲ့အနက်ရှိုင်းဆုံးနေရာမှ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။

ဒီမူလချီအသစ်ရဲ့သန့်စင်မှုက ဇူယွမ်ကို လုံးဝအံ့အားသင့်တုန်လှုပ်သွားစေခဲ့ရသည်။ ဒါ့အပြင်၎င်းထံမှ သက်ရှိအားလုံးရဲ့မူလအစဖြစ်တည်ခြင်းကဲ့သို့ ရှေးကျတဲ့အရှိန်အဝါအငွေ့အသက်တွေ ထုတ်လွှတ်နေကာ အဆိုပါမူလချီအရင်းအမြစ်တွေက ပုံသဏ္ဍာန်မရှိသည့်အစုအဝေးထဲသို့ အရှိန်အဟုန်ပြင်းစွာစီးဝင်လာခဲ့ကြသည်။

“ဘာဖြစ်သွားတာလဲ…” သို့ပေမဲ့လည်း ဇူယွမ်က ဒီထူးဆန်းတဲ့မူလချီတွေရဲ့ မူလဇစ်မြစ်ကြောင့် ပိုပြီးတော့တောင်မှတုန်လှုပ်သွားခဲ့ရသည်။ ဒီမူလချီတွေက သူ့ရဲ့လေ့ကျင့်မှုကနေ စုပ်ယူထားရှိသည့် မူလချီတွေမဟုတ်သည်ကို သူ့အနေဖြင့်ကောင်းစွာခံစားမိပေသည်။

ဒါပေမဲ့ဘာကြောင့်လဲ… ဒီမူလချီတွေကို ဘာကြောင့်ရင်းနှီးတဲ့ခံစားချက်တစ်ခုရှိနေရတာလဲ…

ဇူယွမ်ရဲ့စိတ်ထဲမှာ အတွေးပေါင်းများစွာထွက်ပေါ်လာခဲ့ရပြီးနောက်မှာ ရုတ်တရက်သူကတစ်စုံတစ်ခုကို တွေးလိုက်မိသည့်အလား အံ့အားသင့်စွာဖြင့် နှုတ်မှထုတ်ဖော်ရေရွတ်လိုက်မိသည်… “ဒါဖြစ်နိုင်ပါ့မလား… ငါမွေးဖွားလာတဲ့အချိန်မှာ ငါ့ရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုစလုံးက ချီပင်လယ်နဲ့ချိတ်ဆက်ပြီး မွေးဖွားလာခဲ့ရတယ်… ဒီမူလချီတွေက ငါ့ချီပင်လယ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာ သူကိုယ်တိုင်ပုန်းကွယ်နေခဲ့တာများလား…”

ဇူယွမ်မွေးဖွားလာခဲ့တဲ့အချိန်မှာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုစလုံးက သဘာဝအလျောက်ပွင့်နေခဲ့ရသည်။ သဘောတရားအရပြောရရင် သူ့ရဲ့ချီပင်လယ်ကလည်း အလားတူပင် သဘာဝအလျောက်ပွင့်နေခဲ့သည်။ သို့ပေမဲ့လည်း သူငယ်စဉ်ကတွေ့ကြုံခဲ့ရတဲ့ကပ်ဘေးကြောင့် ဒီမူလချီအရင်းအမြစ်တွေက သူ့ရဲ့မပြည့်စုံသေးတဲ့ချီပင်လယ်၏ အနက်ရှိုင်းဆုံးနေရာမှာ တိတ်တဆိတ်ဝင်ရောက်ပုန်းကွယ်သွားခဲ့ရသည်။ အခုအချိန်မှာဇူယွမ်က ချီပင်လယ်ကိုနောက်တစ်ကြိမ်ဖွင့်နိုင်ခဲ့သည့်အတွက် အဆိုပါမူလချီအရင်းအမြစ်က သူ့ရဲ့လက်ရှိအခြေအနေကို အာရုံခံနိုင်မိခဲ့ကာ ၁၄နှစ်ကြာပုန်းကွယ်နေရာမှနေ နောက်တစ်ကြိမ်ပြန်လည်ထွက်ပေါ်လာခဲ့ရခြင်းဖြစ်ပေမည်။

ဇူယွမ်တစ်ယောက် သန့်စင်လွန်းသည့်မူလချီတွေကို ခံစားနိုင်ခဲ့သည့်အတွက် တွေဝေသွားခဲ့ရသကဲ့သို့ သူ့ရဲ့နှလုံးသားထဲမှာလည်း ရှုပ်ထွေးသည့်ခံစားချက်တွေနဲ့ ပြည့်နှက်လို့နေရပေသည်။

မူလချီအရင်းအမြစ်တွေ သူ့ရဲ့ချီပင်လယ်ထဲကို တစ်ဟုန်ထိုးဝင်ရောက်လာခြင်းနဲ့တစ်ချိန်တည်းမှာ နက်ရှိုင်းလှသည့်ခရမ်းရောင်အလင်းတွေကြား မြင့်တက်လာသည့်နေမင်းကြီးကဲ့သို့ ရွှေရောင်အလင်းတွေဖြည်းညှင်းစွာတောက်ပလာသည်ကို မြင်လိုက်ရသည့်ဇူယွမ်တစ်ယောက် နောက်တစ်ကြိမ်ထပ်မံ၍ အံ့အားသင့်တုန်လှုပ်သွားခဲ့ရပြန်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset