အခန်း (၃၅)

ရက်စက်သည့်သားရဲ 'ချုန်ချီ'

အခန်း (၃၅) ရက်စက်သည့်သားရဲ ‘ချုန်ချီ’

ကောင်းကင်ထက်မှ ဆင်းသက်လာသူက လူငယ်တစ်ယောက် ဖြစ်၏

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသွင်အပြင်က အနည်းငယ် အရိုင်းဆန်သည်။

ထိုသူ၏ခြေထောက်များက မြေပြင်ထက်သို့ ဒူးတစ်ဖက်ထောက်အနေအထားဖြင့် ကျရောက်သွားပြီး သူ၏ ဓားကလည်း မြေပြင်သို့ ထိုးစိုက်လျှက်အနေအထားဖြင့် ဖြစ်သည်။

“အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ပြီးသား ကျင့်ကြံသူတစ်ယောက်ပဲ…”

မြင်မြင်ချင်းပင် ထိုသူ၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းလန် သိရှိလိုက်သည်။

ပြောရမည်ဆိုလျှင်… ထိုသူက ကျန်းလန်နှင့် အဆင့်တူသည်ဟု ဆိုရပေမည်။

ယခုအချိန်ထိ… ကျန်းလန်က မူလဝိညာဉ်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုခြင်း မရှိသေးပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ညီမျှသည့် တန်ခိုးစွမ်းအားကိုသာ ထုတ်ဖော်အသုံးပြုထားလေသည်။

တစ်ဖက်လူက ကျန်းလန် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားလိမ့်မည်ဟု ထင်မှတ်မည် မဟုတ်ပေ။

သို့သော်… တစ်ဖက်လူက ခွန်လွန်တောင်မှ တပည့် ဟုတ် မဟုတ်ကိုတော့ ကျန်းလန် သိရှိခြင်း မရှိပေ။

ခွန်လွန်တောင်မှ တပည့်မဟုတ်သူများလည်း ခွန်လွန်တောင်ခြေတွင် ကျက်စားလေ့ရှိကြသည် မဟုတ်ပါလား။

ထိုသူများအနေဖြင့်… ခွန်လွန်တောင်ကို မနှောက်ယှက်သရွေ့ ခွန်လွန်တောင်ကလည်း သူတို့ကို အရေးစိုက်မည် မဟုတ်ပေ။

သို့သော်… ခွန်လွန်တောင်ကို လာနှောက်ယှက်လျှင်တော့ ခွန်လွန်တောင်က တောင်အပေါင်း၏အဓိပတိဟု နာမည်ကြီးသည်မှာ အလကားမဟုတ်ကြောင်း သက်သေပြပေလိမ့်မည်။

“ဂိုဏ်းတူညီလေး… ဒီသတ္တဝါတွေက ကျုပ် အမဲလိုက်ထားတဲ့ သားကောင်တွေပါ….”

ထိုသူက ဒူးတစ်ဖက်ထောက်အနေအထားမှ မတ်တတ်ရပ်လိုက်ရင်း ပြောလိုက်သည်။

ထို့နောက်… သူ့ကိုယ်သူ မိတ်ဆက်စကားဆိုလိုက်၏။

“ကျုပ်က ပဉ္စမတောင်ထွတ်ကတပည့် လျောင်ယန်ပါ… ၊ ဂိုဏ်းတူညီလေးက ဘယ်သူများလဲ…”

ထိုသူမေးသည့်မေးခွန်းကို ကျန်းလန်က အဖက်လုပ်ပြီး ဖြေကြားခြင်း မရှိပေ။

ကျန်းလန်က မိစ္ဆာခွင်းပုလဲကို တစ်ချက်ကြည့်လိုက်ပြီး…

“အဲဒီ မိစ္ဆာခွင်းပုလဲက မင်းရဲ့ပစ္စည်းလား…”

ဟု မေးလိုက်၏။

ထိုလူငယ်က သူ့ကိုယ်သူ ပဉ္စမတောင်ထွတ်မှ တပည့်ဟု မိတ်ဆက်စကားဆို၏။ သို့သော်… ကျန်းလန်က ယုံကြည်မည်ဟု ထင်ပါသလား…။

သူတို့က ခွန်လွန်တောင်ပေါ်တွင် တွေ့ဆုံခြင်းမဟုတ်ဘဲ ခွန်လွန်တောင်ခြေရှိ သာမန်အခြေအနေတစ်ခုတွင် တွေ့ဆုံခြင်း ဖြစ်သည်။

ထို့ကြောင့် တစ်ဖက်လူက လျှာအရိုးမရှိတိုင်း လှည့်စားနိုင်သည် ဖြစ်လေရာ ကျန်းလန်အနေဖြင့် သူ့ကိုယ်သူ မည်သူဖြစ်ကြောင်း ထုတ်ဖော်ပြောစရာ အကြောင်းမရှိပေ။

လျောင်ယန်က…

“ဟုတ်ပါတယ်…”

ပြောပြီးသည်နှင့် လျောင်ယန်က လက်ကို ဆန့်တန်းလိုက်သည်။

ထိုအခါ…မိစ္ဆာခွင်းပုလဲက လျောင်ယန်၏ လက်ထဲသို့ ရောက်ရှိသွား၏။

“ကျုပ်… ဖမ်းထားတဲ့ သားကောင်တွေကို ဂိုဏ်းတူညီလေး လုမယူဘူးလို့ မျှော်လင့်ပါတယ်…”

ကျန်းလန်က ဆန့်တန်းထားသည့် လျောင်ယန်၏ လက်များကို တစ်ချက်ကြည့်လိုက်သည်။

လက်များက သာမန်လက်နှင့်မတူဘဲ လက်ခုံတွင် အမွှေးများထူထပ်စွာ ပေါက်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းလန်က ထိုလက်များကို အနီးကပ် သေသေချာချာ စူးစိုက်ကြည့်လိုက်သည့်အခါ လျောင်ယန်က ချက်ချင်းပင် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်၏။

လျောင်ယန်က…

“ကဲ… ဂိုဏ်းတူညီလေး… မင်း ဘာပြောစရာ ရှိသေးလဲ…”

“မရှိပါဘူး…”

ပြောပြီးသည်နှင့် ကျန်းလန် လှည့်ထွက်ခဲ့သည်။

ထို နတ်မိစ္ဆာများက အခြားသူတစ်ယောက် ပိုင်ဆိုင်သည့် သားကောင်များဆိုလျှင် သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ပေ။

ထို့ပြင်… လျောင်ယန်ကလည်း အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေ၏။

လျောင်ယန်ထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားအငွေ့အသက်များကလည်း အနည်းငယ် ထူးခြားနေသည်ဟု ကျန်းလန် ခံစားလိုက်ရသည်။

ထို့ကြောင့်… ကျန်းလန်အနေဖြင့် အကြောင်းမရှိဘဲ တစ်ဖက်လူနှင့် အချင်းမများချင်ပေ။

ကျန်းလန် ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်နှင့် ယုန်သတ္တဝါက ကျန်းလန်၏ ဝတ်ရုံစကို ဆွဲထားလေသည်။

“သောက်ရူးကောင်…”

လျောင်ယန်က အော်ဟစ်လိုက်ပြီး ယုန်ကို လက်ဖြင့် ဆွဲယူလိုက်၏။

“သောက်ရူးကောင်” ဆိုသည့်စကားက ယုန်ကို ပြောသလိုလိုနှင့် သူ့ကိုစောင်းပြောလိုက်ခြင်းဖြစ်ကြောင်း ကျန်းလန် နားလည်လိုက်သည်။

သို့သော်… သူ… အရေးမစိုက်ပေ။

ယုန်ကို လှည့်ကြည့်လိုက်သည့်အခါ… ကျန်းလန်ကို အသနားခံသည့် မျက်လုံးများဖြင့် ငေးစိုက်ကြည့်နေရှာသည်ကို တွေ့လိုက်ရသည်။

ထိုမျက်လုံးများက ကျန်းလန်ကို ထွက်ခွာမသွားရန်နှင့် သူ့ကို ကူညီပါရန် တောင်းပန်နေသည့်အလား ဖြစ်သည်။

သို့သော်… ကျန်းလန်အနေဖြင့် စကားပြောစရာလည်း အကြောင်းမရှိတော့သလို လှုပ်ရှားရန်လည်း မလိုအပ်တော့ပေ။

သူ… လှည့်ထွက်လာခဲ့သည်။

ထွက်ခွာသွားသည့် ကျန်းလန်၏ ကျောပြင်ကို လျောင်ယန်က စိုက်ကြည့်ပြီး ကျန်ရစ်ခဲ့၏။

လက်ခုံတွင် ရှည်လျားသည့်အမွှေးရှည်များရှိသည့် သူ့လက်ကို နောက်သို့ ပစ်လိုက်ရင်း မျက်ဝန်းများဆီတွင် သတ်ဖြတ်လိုက်သည့် အငွေ့အသက်များ ဖျတ်ခနဲ လင်းလက်သွားသည်။

ကျန်းလန် အတော်ဝေးဝေးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သို့သော်… လျောင်ယန်၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ကျန်းလန် ခံစားလိုက်မိသည်။ ထို သတ်ဖြတ်လိုသည့် အငွေ့အသက်က သူ့ကို ဦးတည်နေခြင်းဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။

“အေးပေါ့ကွာ… ညမှောင်တဲ့အထိ စောင့်ကြတာပေါ့…”

ကျန်းလန် ရေရွတ်လိုက်၏။

ယခုတော့… သေရည်ဆိုင်သို့သွားကာ သေရည်ဝယ်ရင်း စနစ်တွင် မှတ်ပုံတင်ရမည် ဖြစ်သည်။

လျောင်ယန်နှင့် ရင်ဆိုင်ခဲ့ပြီးသည့်နောက် ခွန်လွန်တောင်ခြေက ခွန်လွန်တောင်ပေါ်မှာကဲ့သို့ အေးအေးချမ်းချမ်း မရှိလှကြောင်း ကျန်းလန် သိရှိလိုက်သည်။

စည်းကမ်းတကျရှိလှပါသည်ဆိုသော ခွန်လွန်တောင်ပေါ်တွင်ပင် သစ္စာဖောက်များ ၊ သူလျှိုများဖြင့် ပရမ်းပတာဖြစ်နေလေရာ တောင်ခြေဆိုသည်ကတော့ ပြောစရာပင် မလိုတော့ပေ။

ပျက်သုဉ်းနေသည့် တစပြင်လောကကြီးဆိုလျှင်တော့ … မည်မျှ ကြောက်မက်ဖွယ်ရာကောင်းမည်ကို စိတ်ကူးကြည့်၍ပင် ရနိုင်မည် မဟုတ်ပေ။

သိပ်မကြာမီ… ကျန်းလန်တစ်ယောက် သေရည်ဆိုင်အိုကြီးရှိရာသို့ ရောက်ရှိလာလေသည်။ ဆိုင်ထဲဝင်လိုက်သည်နှင့် ဧည့်သည်များမရှိဘဲ ခြောက်ကပ်နေသည်ကို တွေ့လိုက်ရသည်။

ဆိုင်ရှင်အဘိုးအိုက ကောင်တာတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ ယခင်တစ်ခေါက်ကကဲ့သို့ ဆိုင်ပိုင်ရှင် အပြင်ထွက်နေခြင်း မရှိသောကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။

ထို့နောက်… ကျန်းလန်က ဆိုင်ကောင်တာသို့ လျှောက်သွားလိုက်ပြီး ပျော့ပြောင်းသည့်လေသံဖြင့်…

“အဘိုး… အကောင်းစားသေရည် တစ်အိုး… အဲ… မဟုတ်ဘူး… နှစ်အိုးပေးပါဗျာ…”

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကျန်းလန် တစ်ခါမှ ပိုက်ဆံအသုံးပြုခဲ့ခြင်း မရှိပေ။

ပိုက်ဆံဆိုသည်က ကျင့်ကြံသူလောကတွင် ဝိညာဉ်ကျောက်တုံးများကို ဆိုလိုခြင်း ဖြစ်၏။

နဝမတောင်ထွတ်မှ ဆက်ခံသူတစ်ယောက်အနေဖြင့် ဆရာဖြစ်သူက ကျန်းလန်ကို ဝိညာဉ်ကျောက်တုံးများ အမြဲတမ်း မုန့်ဖိုးပေးလေ့ရှိသည်။

ထို့ကြောင့် သေရည် (၂)အိုးလောက်ကတော့ ဝယ်နိုင်လေ၏။

ဆိုင်ရှင်အဘိုးအိုက ကျန်းလန်ကို တွေ့သည်နှင့် မည်သူဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။

အဘိုးအိုက ပြုံးလိုက်ရင်း…

“လွန်ခဲ့တဲ့ နှစ် (၃၀)လောက်က… ကျုပ်တို့ ဆုံဖူးကြသေးတယ် မဟုတ်လား… ၊ သေရည်အိုး ကျမကွဲအောင် ဟိုကောင်လေးကို မင်းက သတိပေးလိုက်တာဆို…”

ကျန်းလန် ခဏမျှစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်… ကျွန်တော်လည်း ကြုံတာနဲ့ သတိပေးလိုက်မိတာ… ”

သူ သတိပေးလိုက်သည့်ကိစ္စ မည်မျှအရေးကြီးကြောင်း ကျန်းလန် မသိရှိပေ။

သို့သော်… နှစ်ပေါင်း (၃၀) ကြာသည့်တိုင် အဘိုးအိုက သူ့ကို မှတ်မိနေသည်ကို ကြည့်ခြင်းအားဖြင့် အတော်လေး အလေးအနက်ထားကြောင်း သိရှိနိုင်သည်။

ထိုအချိန်က… ကလေးငယ်ကို သတိပေးလိုက်မိခြင်းက အမှားလုပ်မိခြင်းများလားဟု ကျန်းလန် တွေးလိုက်မိ၏။

တစ်ချိန်ကအကြောင်းကို ပြန်စဉ်းစားကြည့်မိသည့်အခါ… အဘိုးအိုက သေရည်အိုးကျကွဲစေရန် အထူးစီစဉ်ထားခြင်း ဖြစ်ကြောင်း မှတ်မိလိုက်သည်။

သို့သော်… သိပ်တော့ အရေးကြီးသည့်ကိစ္စ ဖြစ်ဟန် မတူပေ။ အချိန်လည်း အတော်လေး ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။

သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုက ယခင်ကအတိုင်း ကျန်းမာသန်စွမ်းနေဆဲဖြစ်ပြီး တန်ခိုးစွမ်းအားများနှင့်လည်း ပြည့်ဝနေဆဲပင် ဖြစ်သည်။

ယခု… ကျန်းလန် မူလဝိညာဉ်အဆင့်သို့ ရောက်ရှိနေသည့်တိုင် ဆိုင်ရှင်အဘိုးအိုကို ထွင်းဖောက်သိမြင်နိုင်ခြင်း မရှိခဲ့ပေ။

အဘိုးအို၏ ကျင့်ကြံခြင်းအဆင့်က ဆရာဖြစ်သူမော့ကျန်းသုန့်အောက် မနိမ့်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။ ဤသို့ဆိုလျှင်… အဘိုးအိုသည်လည်း အင်မော်တယ်တစ်ပါး ဖြစ်နိုင်ပေ၏။

ထိုအချိန်မှာပင်…

ကလေးငယ်တစ်ယောက် ဆိုင်ထဲသို့ ပြေးဝင်လာ၏။

“အဘိုးရေ… အဘိုးလိုချင်တဲ့ ရေခဲပုဇဉ်းရင်ကွဲကောင်လေး… သား… ဖမ်းခဲ့တယ်…”

ထိုကလေးငယ်သည်ကား… လွန်ခဲ့သည့် နှစ်ပေါင်း (၃၀)က ကျန်းလန်နှင့် ဆုံတွေ့ခဲ့ဖူးသည့် သေရည်ဆိုင်မှ ကလေးငယ်ပင် ဖြစ်၏။

တစ်ချက်ကြည့်ရုံမျှဖြင့်… ကျန်းလန် ထိုကလေးငယ်ကို ချက်ချင်း မှတ်မိလိုက်သည်။

ကလေးငယ်သည် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀)က အတိုင်း တစ်ချက်မှ မပြောင်းလဲပေ။ သေရည်အိုးပြုတ်ကျတော့မည်ဟု ကျန်းလန်ကိုယ်တိုင် သတိပေးခဲ့သည့် ကလေးငယ်အတိုင်းပင် တစ်ပုံစံတည်း ဖြစ်လေ၏။

ကလေးငယ်ကိုကြည့်ပြီး ကျန်းလန် စိတ်များ ရှုတ်ထွေးသွားသည်။

နှစ်ပေါင်း (၃၀) ကြာခဲ့ပြီ ဖြစ်သော်လည်း ကလေးငယ်က အဘယ့်ကြောင့် အရင်အတိုင်း မပြောင်းလဲဘဲ ရှိနေရပါသနည်း။

အချိန်ကာလက ကလေးငယ်အပေါ် လုံး၀ မသက်ရောက်သည့်အလားပင် ဖြစ်လေသည်။

ကလေးငယ်က ကျန်းလန်ကို တွေ့သည်နှင့်…

“ကိုကြီး… မတွေ့တာကြာပြီနော်…”

ဟု နှုတ်ဆက်လိုက်၏။

ထို့နောက် ဖမ်းလာသည့် ရေခဲပုဇဉ်းရင်ကွဲကောင်ကို အဘိုးအိုထံ ကမ်းပေးလိုက်သည်။

ကျန်းလန်က ကလေးငယ် ဖမ်းလာသည့် ရေခဲပုဇဉ်းရင်ကွဲကောင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူနေသည့် ရေခွဲပုဇဉ်းရင်ကွဲကောင် အစစ်ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။

ရေခဲပုဇဉ်းရင်ကွဲကောင်ဆိုသည်က ထိကိုင်မိလျှင် အရိုးထဲထိ အေးစိမ့်ထုံကြဉ်သွားစေသည့် သတ္တဝါ ဖြစ်သည်။

သို့သော်… ကလေးငယ်ကတော့ မည်သည့် အကာအကွယ်မှ မရှိဘဲ သာမန်လက်များဖြင့်ပင် ဖမ်းဆီးလာလေ၏။

အဘိုးအိုက ကလေးငယ် ပေးလာသည့် ရေခဲပုဇဉ်းရင်ကွဲကောင်ကို လှမ်းယူလိုက်သည်။

ထို့နောက်… စိတ်ရှုတ်ထွေးစွာဖြင့် ပဟေဠိဖြစ်နေဟန်ရှိသည့်ကျန်းလန်၏ မျက်နှာကို လှမ်းကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

“ဘာလဲ… ထူးဆန်းတာ တစ်ခုခုများ တွေ့လို့လား…”

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ကဲ့… နည်းနည်းပါးပါးပေါ့…”

အဘိုးအိုက ကလေးငယ်ကို လှမ်းကြည့်လိုက်ပြီး…

“သွား…  ပုဇဉ်းဖမ်းပြီးရင် … မင်း လက်တွေသွားဆေးလိုက်ဦး…”

အဘိုးအိုက ကလေးငယ်ကို အဝေးသို့နှင်လွှတ်လိုက်သည်။

ဆိုင်ထဲမှ ကလေးငယ်ပြေးထွက်သွားတော့မှ… အဘိုးအိုက ရေခဲပုဇဉ်းရင်ကွဲကောင်ကို သေရည်ထည့်ထားသည့် ဘူးသီးခြောက်တစ်ခုအတွင်းသို့ ထည့်လိုက်၏။

“အဲဒီကလေး… ဘာမှ မပြောင်းလဲလို့ မင်း အံ့သြနေတာလား… ၊ ဒါမှမဟုတ် သူက ရေခဲပုဇဉ်ရင်ကွဲကောင်ကို ဒီအတိုင်း ကိုင်လာလို့ အံ့သြနေတာလား…”

ကျန်းလန်က…

“နှစ်ခုလုံးပါပဲ…  ကျွန်တော် သိသလောက် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတောင်မှ ရေခဲပုဇဉ်းရင်ကွဲကောင်ကို ဒီအတိုင်းလက်နဲ့မကိုင်နိုင်ကြဘူး… ၊ ထူးခြားတဲ့ ရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံထားတဲ့သူအနည်းငယ်နဲ့ မွေးရာပါ ထူးခြားတဲ့ ရုပ်ခန္ဓာကို ပိုင်ဆိုင်တဲ့သူတွေသာ … ဒီအတိုင်း အကာအကွယ်မရှိဘဲ ကိုင်နိုင်ကြတာ မဟုတ်လား…”

ကျန်းလန်က ရေခဲပုဇဉ်းရင်ကွဲကောင်များအကြောင်းကို သိပ်ပြီး သိရှိခြင်း မရှိပေ။ အခြေခံမျှသာ သိရှိသူ ဖြစ်၏။

အဘိုးအိုက…

“မင်း ‘ချုန်ချီ’ ဆိုတာ ကြားဖူးလား…”

ထို့နောက်… အဘိုးအိုက ရေခဲပုဇဉ်းရင်ကွဲကောင်ထည့်ထားသည့် သေရည်ဘူးသီးခြောက်အဖုံးကို ပိတ်လိုက်ရင်း စကားဆက်ပြော၏။

“မင်းလိုချင်တဲ့ အကောင်းစားသေရည်ရဖို့ နည်းနည်းတော့ စောင့်ရမယ်ကွ…”

အဘိုးအိုက ကျန်းလန်နှင့် စကားပြောချင်သောကြောင့်လားမသိ အနည်းငယ် အချိန်ဆွဲလိုက်သည်။

ကျန်းလန်ကလည်း စောင့်ရမည်ကို စိတ်ပျက်ခြင်း မဖြစ်မိပေ။

သူက ချုန်ချီ အကြောင်း သိချင်နေမိသည်။

“ရက်စက်တဲ့သားရဲကြီး ချုန်ချီကို ပြောတာလား…”

ကျန်းလန် မေးလိုက်၏။

အဘိုးအို၏ စကားအရဆိုလျှင် ကလေးငယ်သည် ထို ချုန်ချီဆိုသည့် သတ္တဝါနှင့် တစ်စုံတစ်ခု ပတ်သက်နေဟန် ရှိလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset