အခန်း (၃၄)

လက်ချောင်းများဖြင့် ဓားကိုရိုက်ထုတ်

အခန်း (၃၄) လက်ချောင်းများဖြင့် ဓားကိုရိုက်ထုတ်

တောင်ခြေသို့ဆင်းရန် ဆုံးဖြတ်ပြီးသည်နှင့် ကျန်းလန် ဝိညာဉ်သားရဲဥလေးရှိရာသို့ သွားပြီး ဝိညာဉ်ဆေးရည်အချို့ လောင်းချလိုက်သည်။

ထို့နောက်… ကျန်းလန် မရဏဂူအပြင်ဘက် ထွက်လာခဲ့သည်။

မရဏဂူအပြင်သို့ ရောက်သည်နှင့် ပတ်ဝန်းကျင် ရှုခင်းများက ခါတိုင်းထက်ပိုပြီး တောက်ပနေသည့်အလား ခံစားလိုက်ရသည်။

မူလဝိညာဉ်အဆင့်တက်ရောက်ပြီးနောက်… ပတ်ဝန်းကျင်တစ်ခုလုံးကို ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်လာရသည်။

ကျန်းလန်၏ အမြင်များက သာမန် Resolution မှ High Resolution သို့ ပြောင်းလဲသွားသည့်အလားပင် ဖြစ်သည်။

သို့သော်… ထိုသို့ အမြင်ကြည်လင်သွားခြင်းက အခြား မည်သည့်သက်ရောက်မှုမှ မရှိပေ။

မရဏဂူ အဝင်ဝရောက်သည်နှင့် ယခင်နေ့များက သူချထားသည့် သစ်သားပြားကို ကျန်းလန် ဖယ်ရှားလိုက်သည်။

မူလဝိညာဉ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သောကြောင့် “မနှောက်ယှက်ရ” ဟု ရေးသားထားသည့် သစ်သားပြားကို ဆက်လက်ထားရှိရန် မလိုအပ်တော့ပေ။

သစ်သားပြားကို ဖယ်ရှားပြီးနောက် ကျန်းလန် ဂူအပြင်သို့ ထွက်လာခဲ့၏။

ရာသီဥတုက သာယာနေပြီး ကောင်းကင်တစ်ခွင် ကြည်လင်တောက်ပလျှက် ရှိသည်။

လုန်ယွိနှင့် အခြားတပည့် (၂)ယောက်ကတော့ အစီအရင်တစ်ခုကို အတူတကွ ပြုလုပ်နေကြသည်။ သူတို့ ကျင့်ကြံသည့်အခါ အသုံးပြုရမည့် အစီအရင် ဖြစ်ပေလိမ့်မည်။

ထိုအစီအရင်ကို ကြည့်လိုက်သည်နှင့် “နတ်ဘုရားရောင်ဝါ” အစီအရင်ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

ထိုအစီအရင်က ကျန်းလန် ကျင့်ကြံလေ့ရှိသည့် မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်နှင့် ခပ်ဆင်ဆင်တူသည်။

သို့သော်…  အလုံးစုံ တူညီခြင်းတော့ မရှိပေ။ မန္တန်တစ်ခုနှင့် အစီအရင်တစ်ခု ကြားတွင် ကွာခြားချက်ကလည်း ကြီးမားသည် မဟုတ်ပါလား။

လုန်ယွိတို့ (၃)ယောက်က နဝမတောင်ထွတ်မှ မရဏအငွေ့အသက်များကို ခံနိုင်ရည်ရှိရန် ထိုအစီအရင်ကို ပြုလုပ်နေကြခြင်း ဖြစ်၏။

ကျင့်ကြံသူတစ်ယောက် နဝမတောင်ထွတ်တွင် အချိန်အတန်ကြာ နေထိုင်မည်ဆိုလျှင် မန္တန်တစ်ပုဒ် ၊ မှော်ဝင်ပစ္စည်းတစ်ခုဖြင့် မရဏအငွေ့အသက်များကို ကာကွယ်နိုင်မည် မဟုတ်ပေ။

အစီအရင်တစ်ခု ပြုလုပ်မှသာ ဖြစ်ပေလိမ့်မည်။

ကျန်းလန်ကတော့ ခွန်လွန်စိတ်ကျမ်းနှင့် စိတ်ငြိမ်မန္တန်ကို ကျင့်ကြံထားသည့်အပြင် မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်ကိုလည်း ကျင့်ကြံထားသူ ဖြစ်သည်။

ထို့ကြောင့်… မည်သည့်ထူးထူးဆန်းဆန်း အစီအရင်မှ မလိုအပ်ဘဲ နဝမတောင်ထွတ်တွင် အေးအေးဆေးဆေး နေထိုင်နိုင်သည်။

ကျန်းလန် ကျင့်ကြံသည့်အတိုင်း ကျင့်ကြံထားမည်ဆိုလျှင် အခြားသူများလည်း နဝမတောင်ထွတ်တွင် အေးအေးဆေးဆေး နေနိုင်မည်လား ဆိုသည်ကိုတော့ ကျန်းလန် သိရှိခြင်း မရှိပေ။

သူက ဘ၀ (၂)ခု ရှင်သန်ခဲ့ရသူဖြစ်သောကြောင့် အရာရာကို ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူ သိမြင်နေခြင်းလည်း ဖြစ်နိုင်၏။

ကျန်းလန် မရဏဂူထဲမှ ထွက်လာသည်ကိုတွေ့သည်နှင့် ကျင်းထင်က နှုတ်ဆက်စကားဆိုလိုက်သည်။

“ဂိုဏ်းတူညီလေး… အပြင်ထွက်လာပြီလား…”

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ကဲ့… သွားစရာလေးရှိလို့… ၊ ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မတို့ကို ကျွန်တော်… မနှောက်ယှက်တော့ဘူးနော်…”

ထို့နောက်… ကျန်းလန် လှည့်ထွက်ရန် ဟန်ပြင်လိုက်သည်။

သို့သော်… မထွက်ခွာမီ နတ်ဘုရားရောင်ဝါအစီအရင်ကို ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်မိ၏။

ထိုအခါ… ကျင်းထင်၏ ခြေထောက်အောက်မှ အစီအရင်က တစ်ခုခုလွဲချောနေကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။

ကျန်းလန်၏ အကြည့်များကို ကျင်းထင် ချက်ချင်း သတိထားလိုက်မိသည်။

ထို့ကြောင့်… ကျင်းထင်က ချက်ချင်းပင် သူ့ ခြေထောက်အောက်မှ အစီအရင်ကို ငုံကြည့်လိုက်ပြီး…

“ဒီ အစီအရင်မှာ တစ်ခုခုများ မှားနေလို့လား… ဂိုဏ်းတူညီလေး…”

ကျန်းလန်က သူတို့ပြုလုပ်ထားသည့် အစီအရင်ကို စိတ်ဝင်စားသောကြောင့် ကြည့်နေခြင်းဖြစ်မည်ဟု ကျင်းထင် တွေးလိုက်မိသည်။

နတ်ဘုရားရောင်ဝါအစီအရင်က ရိုးရှင်းသည့် အစီအရင်တစ်ခု မဟုတ်ပေ။ ထို့ကြောင့် ကျန်းလန်ကဲ့သို့ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူတစ်ယောက်က ဤအစီအရင်ကို နားလည်နိုင်လိမ့်မည်ဟု မထင်ထားပေ။

သို့သော်… ကျန်းလန်က စိတ်ဝင်စားဟန် ပြလိုက်သည့်အတွက် ကျင်းထင်က ရင်းနှီးလိုဟန်ဖြင့် စကားပြောရန် လမ်းစရှာလိုက်ခြင်း ဖြစ်၏။

သူတို့က နဝမတောင်ထွတ်တွင် အချိန်အတန်ကြာအောင် နေကြဦးမည်ဖြစ်လေရာ ကျန်းလန်နှင့် ရင်းနှီးအောင် ပေါင်းထားသင့်သည် မဟုတ်ပါလား။

သို့သော်… ကျန်းလန်က မည်သည့်စကားမှ ပြန်မပြောပေ။

ခေါင်းကိုသာ ခါရမ်းလိုက်ပြီး တောင်အောက်သို့ ဆင်းသွားလေတော့၏။

ကျန်းလန်ထွက်ခွာသွားသည်ကိုကြည့်ပြီး ကျင်းထင်လည်း အူကြောင်ကြောင် ခံစားလိုက်ရသည်။

သူက…

“သူ့ကိုကြည့်ရတာ… ကျုပ်တို့လုပ်နေတဲ့ အစီအရင်ကို စိတ်ဝင်စားတယ်ထင်လို့… စကားပြောလိုက်တာကို… ဘာမှ မပြောဘဲ ထွက်သွားတယ်…”

လုန်ယွိက အစီအရင်ကို ဆက်လုပ်နေရင်းမှ အေးဆေးသည့်လေသံဖြင့်…

“အဲဒီ ဂိုဏ်းတူမောင်လေးက အစကတည်းက စကားနည်းတယ်…”

မုရှိုးက…

“သူ့ကိုကြည့်ရတာ မရဏအငွေ့အသက်တွေကို ခံနိုင်ရည်ရှိတာကလွဲရင်… ဘာမှ ထူးခြားတဲ့ပုံလည်း မပေါ်ပါဘူး… မထုံတက်တေးနဲ့…”

ကျင်းထင်က…

“နဝမတောင်ထွတ်က တပည့်တိုင်းက သာမန်လောက်ပါပဲ… ၊ သူ့တစ်ယောက်တည်းမှ မဟုတ်ပါဘူးဟာ…”

မုရှိုးက…

“အင်းပေါ့… ကျင့်ကြံခြင်းဆင့်နိမ့်တဲ့သူတွေက အသိပညာလည်း အားနည်းမှာပဲ… မထူးဆန်းပါဘူး…”

ကျင်းထင်က…

“ကြည့်ရတာ အရင်နေ့တုန်းက သက်တံ့တောက်ပနေတာလည်း တိုက်ဆိုင်တာပဲ ဖြစ်မှာပါ… ကျုပ်တို့ သူ့ကို မေးမကြည့်မိတာ တော်သေးတယ်… မဟုတ်ရင် သူ့ကို စော်ကားသလိုတောင် ဖြစ်သွားဦးမယ်…”

မုရှိုးက ခေါင်းခါရမ်းလိုက်ပြီး မည်သည့်စကားမှ မပြောတော့ပေ။

လုန်ယွိကတော့ ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့်…

“ကျင့်ကြံခြင်းပါရမီနည်းတာနဲ့ အသိပညာပိုင်း အားနည်းမယ်လို့တော့ တစ်ထစ်ချ ပြောလို့မရပါဘူးလေ…”

သူမက အမှန်ကို ပြောလိုက်ခြင်းဖြစ်၏။

ကျင်းထင်နှင့် မုရှိုးက လုန်ယွိနှင့် အငြင်းအခုန် လုပ်မနေတော့ဘဲ အစီအရင်ကိုသာ အာရုံစိုက်လိုက်ကြသည်။

ယနေ့… နေမဝင်ခင် သူတို့ စတင်ကျင့်ကြံကြရမည် ဖြစ်သည်။ ထို့ပြင်… ဤနေရာတွင်လည်း အချိန်အတန်ကြာ နေထိုင်ကြရမည်ဖြစ်လေရာ မရဏအငွေ့အသက်များကို ခံနိုင်ရည်ရှိအောင် ကာကွယ်ထားရန်လည်း လိုအပ်သည်။

မရဏအငွေ့အသက်များကြားတွင် ကျင့်ကြံရင်း ရွှေပြဒါးအမြုတေအဆင့် အောင်မြင်သွားပြီး မူလဝိညာဉ်အဆင့်ထိ အဆင့်တက်ရောက်နိုင်မည်ဆိုလျှင် သူတို့အတွက် အကောင်းဆုံးအခြေအနေပင် ဖြစ်သည်။

သို့သော်… ထိုသို့ တစ်ပြိုင်နက်တည်း ကျင့်ကြံအောင်မြင်သွားရန်က သိပ်တော့ မလွယ်လှပေ။

…………

လုန်ယွိတို့ ပြုလုပ်နေသည့် နတ်ဘုရားရောင်ဝါအစီအရင်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။

သို့သော်… သူတို့၏ အမှားကို ကျန်းလန် ထောက်ပြနေစရာ အကြောင်းမရှိပေ။

ထိုသူများအားလုံးက ပါရမီရှင်များ ဖြစ်ကြ၏။ အချိန်တန်လျှင် အစီအရင်လွဲမှားနေကြောင်း သိရှိသွားကြမည်ပဲ ဖြစ်သည်။ သူ့အနေဖြင့် ကြားဝင်ပြောပြနေစရာ မလိုလှပေ။

သူတို့… တစ်ယောက်နှင့်တစ်ယောက် ပတ်သက်စရာအကြောင်းမှ မရှိပေပဲ…။

ကျန်းလန် ပုံမှန်အတိုင်းပင် လမ်းလျှောက်ပြီး ခွန်လွန်တောင်ခြေသို့ ဆင်းလာခဲ့သည်။

အလျင်လိုစရာ အကြောင်းမရှိသည့်အတွက် အေးအေးဆေးဆေးပင် ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရှုခံစားရင်း လမ်းလျှောက်နေမိသည်။

အကောင်းစားသေရည်ကိုတော့ တစ်ရက်ကြိုတင်မှာကြားထားခြင်း မရှိပေ။

သို့သော်… ဆိုရှင်အဘိုးကြီးက နေ့လည်ကျော်လျှင် ပြန်ရောက်လာမည်ဖြစ်လေရာ သေရည်ဆိုင်တွင် အေးအေးလူလူ ထိုင်စောင့်နေရန်သာ ရှိသည်။

ကျန်းလန်က စနစ်တွင် မှတ်ပုံတင်ချင်သောကြောင့်သာ သေရည်ဆိုင်သို့ ထွက်ခွာလာခဲ့ခြင်း မဟုတ်ပါလား။

စနစ်မှ မည်သို့သော ထူးခြားသည့်ပစ္စည်းများ ရရှိမည်လဲ ကျန်းလန် သိချင်နေမိသည်။ ပစ္စည်းကောင်းလေးတစ်ခုလောက်ရရှိရန် ကျန်းလန် မျှော်လင့်ထား၏။

တောလမ်းလေးအတိုင်း ကျန်းလန် အေးအေးဆေးဆေး လမ်းလျှောက်လာလေသည်။

နှစ်ပေါင်း (၃၀) ကြာမြင့်ခဲ့ပြီးသည့်နောက်… တောလမ်းလေးက အနည်းငယ် ပြောင်းလဲသွားကြောင်း ကျန်းလန် သတိပြုလိုက်မိသည်။

သို့သော်… အများကြီး ပြောင်းလဲသွားခြင်းတော့ မရှိပေ။

တောလမ်းလေးတစ်ဝက်အရောက်တွင်တော့ သူ့ထံသို့ ပြေးလာနေသည့် တောယုန်ကြီးတစ်ကောင်ကို ကျန်းလန် သတိပြုလိုက်မိသည်။

သာမန် ယုန်တစ်ကောင်မဟုတ်ပေ။ ကျင့်ကြံထားသည့် ယုန်တစ်ကောင် ဖြစ်၏။

ထိုယုန်၏ ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်… တန်ခိုးစွမ်းအားများကတော့ အနည်းငယ် ရှုတ်ထွေးနေသည်။

ကြည့်ရသည်မှာ … ဒဏ်ရာရထားခြင်း ဖြစ်ဟန်တူ၏။

ကျန်းလန်က ယုန်ကို အရေးမစိုက်ဘဲ ကိုယ့်လမ်းကိုယ်သွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော်… ယုန်က ကျန်းလန်ရှေ့နားသို့ ရောက်သည်နှင့် လူတစ်ယောက်အလား ချက်ချင်းပင် ဒူးထောက်ချလိုက်သည်။

“ဟမ်…”

ယုန်ကိုကြည့်ပြီး ကျန်းလန် မျက်မှောင်ကြုတ်လိုက်၏။

ယုန်၏ ဝမ်းဗိုက်တွင် အက်ကွဲကြောင်း ဒဏ်ရာကြီးတစ်ခုရှိနေ၏။ ဒဏ်ရာအက်ကွဲကြောင်းထဲတွင် မီးများ လောင်ကျွမ်းလျှက်ရှိပြီး ဒဏ်ရာကြီးက လှုပ်ရှားလျှက် ရှိသည်။

ယုန်က သူ့ရှေတွင် ဒူးထောက်နေသောကြောင့် ကျန်းလန် ခြေလှမ်းများ ရပ်တန့်လိုက်သည်။

ထိုအခါ ယုန်က ကျန်းလန်ကို ချက်ချင်းပင် ဦးချကန်တော့လိုက်သည်။ ထို့နောက်… ဦးခေါင်းကိုလှည့်လိုက်ပြီး တောအုပ်တစ်ဖက်ဆီသို့ ညွှန်ပြလိုက်သည်။

သူ့ကို ကြည့်ရသည်မှာ ကျန်းလန်ကို တစ်နေရာသို့ လိုက်ခဲ့ပါရန် တောင်းပန်နေသည့် အလားဖြစ်သည်။

အချိန်ကလည်း စောနေသေးသောကြောင့် စပ်စုကြည့်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန်က…

“ဒါဖြင့်… လမ်းပြပါ…”

ယုန်က ကျေးဇူးတင်သည့်အနေဖြင့် ကျန်းလန်ကို နောက်တစ်ကြိမ် ထပ်မံဦးချလိုက်ပြန်သည်။ ထို့နောက်… တစ်နေရာသို့ ကျန်းလန်ကို လမ်းပြခေါ်ဆောင်သွားလေတော့၏။

မကြာမီ… တောင်ကြားတစ်ခုဆီသို့ ကျန်းလန် ရောက်ရှိလာသည်။

တောင်ကြားထဲတွင် မိန်းမပျိုတစ်ယောက် လဲကျနေသည်ကို တွေ့လိုက်ရသည်။

အဝေးမှကြည့်လျှင် … သာမန် ကျေးတောသူ မိန်းမပျိုတစ်ယောက်ပမာ ထင်မှတ်ရသော်လည်း နတ်မိစ္ဆာတစ်ယောက်ဖြစ်ကြောင်း ကျန်းလန် ချက်ချင်း သိရှိလိုက်သည်။

သူမ၏ ဘေးနားတွင် ပုလဲတစ်လုံးရှိနေပြီး ထိုပုလဲမှ တောက်ပသည့် အလင်းရောင်များ ဖြာထွက်လျှက် ရှိ၏။

ထိုပုလဲက မိစ္ဆာခွင်းပုလဲ ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။ မိစ္ဆာခွင်းပုလဲက စွမ်းအားမြင့်မားလှသည့် မှော်ဝင်ပစ္စည်းတစ်ခုတော့ မဟုတ်ပေ။

အခြေခံတည်ဆောက်ခြင်းအဆင့် နတ်မိစ္ဆာများကို ဖမ်းဆီးရန်သာ အသုံးပြုနိုင်သည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်၏။

မိန်းမပျိုမှာ အခြေခံတည်ဆောက်ခြင်း ၊ နောက်ဆုံးအဆင့် နတ်မိစ္ဆာတစ်ယောက် ဖြစ်သည်။ ပုံမှန်ဆိုလျှင်… သူမ ထိုမျှ အားနည်းနေရန်မသင့်ပေ။

ယခုတော့… သူမ အသက်သေဆုံးခြင်း မရှိသည့်တိုင် အတော်လေး အားနည်းနေကြောင်း ကျန်းလန် ခန့်မှန်းလိုက်မိသည်။

မိစ္ဆာခွင်းပုလဲဖြင့် အချိန်အတန်ကြာအောင် ထိန်းချုပ်ခံထားရသည့်အတွက် ထိုမျှ အားနည်းသွားသည်လား မဆိုနိုင်ပေ။

အန္တရယ်ပေးမည့်သူမှာ မိစ္ဆာခွင်းပုလဲ၏ ပိုင်ရှင် ဖြစ်နိုင်သည်။

“ကြည့်ရတာ… ဟို ယုန်က မိစ္ဆာခွင်းပုလဲကို ဖယ်ရှားပေးစေချင်တာ ဖြစ်ရမယ်…”

ကျန်းလန် တွေးလိုက်သည်။

ကျန်းလန် မိန်းမပျိုအနားသို့ လျှောက်သွားလိုက်ပြီး မိစ္ဆာခွင်းပုလဲကို စစ်ဆေးကြည့်လိုက်သည်။

မိစ္ဆာခွင်းပုလဲပိုင်ရှင် ထွက်ပေါ်မလာသည့်အတွက် အခြေအနေက ပုံမှန်မဟုတ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

ကျန်းလန်က ပုလဲလုံးကို အာရုံခံကြည့်လိုက်သည်။ သို့သော်… တစ်စုံတစ်ယောက်ကို ထောင်ချောက်ဆင်ထားသည့် အရိပ်လက္ခဏာတော့ မတွေ့ရပေ။

ထိုအချိန်မှာပင်…

“ဝှစ်…”

လေတိုးသံတစ်ချက်ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က ကျန်းလန်ကို စတင်တိုက်ခိုက်လိုက်လေတော့၏။

ကျန်းလန်ကို ခေါ်လာသည့် ယုန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး ကျန်းလန်၏ ဝတ်ရုံစကို လက်ဖြင့်အသာကုတ်ကာ လှမ်းဆွဲလိုက်သည်။

သူ့ကိုကြည့်ရသည်မှာ တစ်စုံတစ်ခု သတိပေးလိုဟန် ဖြစ်သည်။

ကျန်းလန်က ယုန်ကိုအရေးမစိုက်ဘဲ တောအုပ်ထဲသို့ လှမ်းကြည့်လိုက်၏။

ထိုအခါ… သူ့ထံသို့ ဦးတည်ဝင်ရောက်လာသည့် ဓားဝိညာဉ်တစ်ခုကို ကျန်းလန် တွေ့မြင်လိုက်ရသည်။

ကျန်းလန်က လက်ကို အသာအယာမြှောက်လိုက်ပြီး လက်ညှိုးနှင့်လက်ခလယ်အသုံးပြုကာ ဓားဦးထိပ်ဖျားကို ရိုက်ထုတ်လိုက်သည်။

“ကလန်…”

ဓားဝိညာဉ်သည် ချင်ချင်းပင် အဝေးတစ်နေရာသို့ လွင့်စင်ထွက်သွားလေတော့၏။

ထို့နောက်…  ကောင်းကင်ထက်မှ လူတစ်ယောက် ပျံသန်းဆင်းသက်လာသည်ကို တွေ့လိုက်ရလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset