အခန်း ( ၂၅ )

ဆရာဒေါ်လေး၏ အုပ်ထိန်းသူ

အဆောက်အဦသည် (၁၀)ကျန့်ခန့် မြင့်၍ နှစ်ထပ်ဖြစ်လေသည်။ အဝေးမှကြည့်လျှင် ထိုအဆောက်အဦသည် အရက်အိုးတစ်အိုးနှင့် တူလေသည်။ အဓိက အဆောက်အဦပုံစံ ရေးဆွဲသူ လီချန်ရှို့သည် ကျိုးကျိုးတစ်ယောက် ကိုယ်နှင့်မကွာဆောင်ထားသည့် ဓမ္မရတနာဖြစ်သော မိစ္ဆာနှိမ်နင်း ရူယီဓားအားကြည့်၍ စိတ်ကူးပုံဖော်ထားခြင်း ဖြစ်နိုင်လေသည်။

၎င်းသည် ဓားဟုဆိုသော်လည်း ကြီးနိုင်သေးနိုင်ကာ လူများအား လေပေါ်သို့သယ်ဆောင်ပျံသန်းနိုင်သည့် အရက်အိုးပင် ဖြစ်လေသည်။

အဆောက်အဦသည် ရေကန်တစ်ခုအတွင်း ရှိလေသည်။ အဆောက်အဦတံခါးအ‌ရှေ့မှ နေ၍ ကျန့်(၈၀)အကွာတွင် ရေတွင်းတစ်တွင်းရှိ၏။ ရေတွင်းနှင့် ရေကန်အတွင်းရှိ ရေများသည် ရေကြောတစ်ကြောတည်းဖြစ်သည်။

အကယ်၍ ထိုအဆောက်အဦအား ကောင်းကင်မှ ကြည့်ခဲ့လျှင် တောအတွင်း၌ ကျန့် (၁၀၀) အဝန်းအဝိုင်းရှိသည့် ယင်-ယန် အမှတ်အသားအား တွေ့ရပေမည်။ ရေကန်သည် ယင်ယန်ငါးပုံစံရှိပြီး အဆောက်အဦနှင့် ရေတွင်းသည် ငါး၏မျက်စိများအဖြစ် တည်ရှိနေသည်။

ယင်းသည် မကောင်းဆိုးဝါးများအား ဖယ်ရှားပေး၍ ကံကောင်းခြင်းတရားများအား ဆောင်ကြဉ်းပေးသည့် ဖုန်း‌ရွှေမန္တန်အစီအရင် ဖြစ်သည်။ ထို့ပြင် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ရန်ကျောင်းတော်လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်း ဖြစ်သဖြင့် ယင်-ယန် အမှတ်အသားသည် အရေးပါသောအရာတစ်ခု ဖြစ်လေသည်။

ထိုအဆောင်အဦ၏ရှေ့တွင် သစ်သားဆိုင်းဘုတ်လေးတစ်ခု ချိတ်ဆွဲထားပြီး ၎င်းအပေါ်တွင်

‘ ချုံတောင်လေး၏ ဆေးဖော်ဆောင်’ ဟု ရေးထားလေသည်။

သေချာကြည့်ပါမှ အောက်တွင်ဆက်၍ရေးထားသောစားများကိုမြင်ရလေသည်။

‘ ဆေးဖော်စပ်ရန်အတွက် အဆောက်အဦအသေးတစ်ခုဆောက်ရန် ပိုင်ဖန်ခန်းမမှ ခွင့်ပြုလိုက်သည် ’

ရိုးရိုးပြောရလျှင် ထိုအဆောက်အဦသည် ခွင့်ပြုချက်ဖြင့်ဆောက်ထားသည့် အဆောက်အဦပင် ဖြစ်ပေသည်။

တံခါးမကြီးမှ အတွင်းသို့ဝင်သွားလျှင် ‌ရှေးဦးစွာတွေ့ရမည့်အရာသည် သစ်သားလိုက်ကာတစ်ခု ဖြစ်သည်။ ထိုသစ်သားလိုက်ကာ၏ အနောက်တွင် ကျန့်(၆၀)မြင့်သည့် ဆေးပေါင်းဖိုကြီး ရှိလေသည်။

ထိုဆေးပေါင်းဖိုကြီးသည် နေရာတော်တော်များများအား မောင်ပိုင်စီးထား၏။ ၎င်း၏အောက်ခြေသည် ပြန့််ကားပြီး ထိပ်ပိုင်းတွင်သေး၍ သွားလေသည်။ ၎င်းအား ခရမ်းရင့်ရောင်‌ရွှေဖြင့် ပြုလုပ်ထားပြီး ကိုယ်ထည်တွင် မှော်တိမ်များ၊ သစ်ရွက်များနှင့် အချုပ်အနှောင် မန္တရားများအား ရေးထိုးထားလေသည်။

အပြစ်ပြောစရာဟူ၍ ဆေးပေါင်းဖို၏အပေါ်ပိုင်းတွင် ဖာရာထေးရာကြီးကြီးမားမားများ ရှိနေခြင်းပင်။ ထို့ကြောင့် သိပ်၍ အမြင်မတင့်သကဲ့သို့ ရှိနေသည်။

ဤဆေးပေါင်းဖိုသည် တစ်ယောက်ယောက် စွန့်ပစ်ထားသည့် အရာဖြစ်၏။ သို့သော်လည်း ‌ဆေးပေါင်းဖို ထိပ်ပိုင်းသာ ပေါက်ကွဲမှုတစ်ခုကြောင့် ပျက်ဆီးနေခြင်း ဖြစ်သည်။ လီချန်ရှို့သည် ပိုင်ဖန်ခန်းမရှိ သူ၏အဆက်အသွယ်များမှတစ်ဆင့် ထိုဆေးပေါင်းဖိုအား အရယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် ၎င်းအား ခြောက်လခန့် ပြန်၍ပြုပြင်ခဲ့ရသည်။ နောက်ဆုံး၌ ပြန်လည်အသက်ဝင်အောင် ပြုလုပ်နိုင်ခဲ့ပေသည်။

ဆေးပေါင်းဖိုကြီးသည် ခြေသုံးချောင်း၊ နားရွက်နှစ်ဖက်နှင့် ဝမ်းဗိုက်ပူပူကြီးတစ်ခုရှိသည်။ ဖိုကြီး၏ မျက်နှာပြင်လေးဖက်စလုံးတွင် ပြတင်းပေါက်များ ရှိကြသည်။ ထိုပြတင်းပေါက်များသည် ယင်ယန်ငါး ပုံသဏ္ဍန်ရှိကြလေသည်။ ဖို၏အောက်ခြေရှိ မီးခဲမန္တန်အစီရင်နှင့် စိတ်ထိန်းညှိမန္တန်အစီအရင်သည် ကောင်းမွန်စွာ အလုပ်လုပ်နေသည်။

လီချန်ရှို့ပြန်လည်ပြုပြင်ပြီးနောက် ဆေးပေါင်းဖိုကြီးသည် ၎င်း၏မူလ အသုံးဝင်မှုနှင့်စွမ်းအင်များ ( ၇၀ ) ရာခိုင်နှုန်းအထိ ပြန်၍ရလာခဲ့သည်။

ပို၍ ရှားသည်မှာ လီချန်ရှို့သည် ထိုဆေးပေါင်းဖိုကြီးအားရယူရန် တစ်ပြားတစ်ချပ်မျှ မပေးခဲ့ရခြင်းပင် ဖြစ်သည်။

ခရမ်းရင့်ရောင်ရွှေသည် ဝိညာဉ်ဆေးပင်များ၏ ဆေးအာနိသင်အများအပြားအား ဖိနှိပ်ပေးနိုင်သည်။ ထိုဆေးပေါင်းဖိုကြီးသည် ချုံတောင်လေးတွင် တန်ဖိုးအကြီးဆုံးအရာတစ်ခုဟု ဆိုနိုင်ပေသည်။

အဆောက်အဦတစ်ခုလုံးသည် ထိုဆေးပေါင်းဖိုအား ရံ၍ ဆောက်လုပ်ထားခြင်းပင်။

ဖိုကြီး၏ ဘေးပတ်ပတ်လည်တွင် စင်များရှိလေသည်။ ထိုစင်များအပေါ်တွင် ကျောက်စိမ်းပုလင်းများ၊ အရက်အိုးများ နှင့် အရွယ်စုံကျောက်စိမ်းဘူးများ ရှိ၏။ ဆေးပေါင်းဖိုမှ ချက်လုပ်ဖော်စပ်ထားသော ဝိညာဉ်ဆေးလုံးနှင့်ဆေးပင် အမြောက်အမြားလည်း ရှိလေသည်။ သို့သော် ၎င်းတို့သည် သာမန်ဆေးလုံးများ၊ ဆေးပင်များဖြစ်ကြသည်။

ထိုနေရာအား သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ရှိစေရန် လန်လင်းအယ်က ရှင်းလင်းထားခြင်း ဖြစ်သည်။ ထိုဆရာတူညီမလေးသည် သူမ၏ ကျင့်ကြံခြင်းအဆင့်အား မြှင့်နိုင်ရန် အခန်းအောင်း၍ ကြိုးစားပမ်းစား ကျင့်ကြံနေလေသည်။

ကျိုးကျိုးသည် အပြင်မှနေ၍ ဆေးဖော်ဆောင်အတွင်းသို့ ခုန်ပျံဝင်ရောက်လာသောအခါ ဆေးပေါင်းဖိုကြီး၏ဘေးတွင်ရပ်နေသော အပြာနုရောင် ဝတ်ရုံဝတ်ဆင်ထားသည့် လီချန်ရှို့အား တွေ့လိုက်ရသည်။ သူသည် ရွှေရောင်ဖျော့ဖျော့ ဆေးလုံးဆယ်လုံးကျော်အား လက်ဖဝါးထဲတွင် ကိုင်ထားပြီး မှော်ဆေးပညာအပေါ် နားလည်မှုအား မြှင့်တင်ရန် ကြိုးစားနေဟန်တူသည်။

“ ချန်ရှို့လေး … ဒီတစ်ခါ ဘာဆေးလုံးအသစ်တွေ ဖော်ထားပြန်ပြီလဲ ”

ကျိုးကျိုးသည် စိတ်ဝင်တစားလျှောက်သွားလေသည်။

“ ဆရာဒေါ်လေး…စမ်းစားကြည့်ချင်လား။ နှလုံးကိုသန့်စင်ပေးပြီး အာရုံအားကောင်းစေတဲ့ ဆေးလုံးလေ…အခုပဲဖော်ပြီးတာ။ အရသာနည်းနည်းလည်း ထည့်ထားတယ်။ တော်တော်အသုံးဝင်မယ်လို့ ကျွန်တော်ထင်တယ် ”

လီချန်ရှို့သည် ရင်းရင်းနှီးနှီးပြောလိုက်သည်။

သူသည် စိတ်ဆေးလုံးနှစ်လုံးကို ကျိုးကျိုးအား လှမ်းပေးလိုက်သည်။ ကျိုးကျိုးသည် ပါးစပ်ထဲဆ တန်းထည့်လိုက်သည်။ သူမသည် ခေတ္တမျှဝါးပြီးနောက် မျိုချလိုက်သည်။ ထို့‌နောက် သူမက လေချဥ်တက်လိုက်ရာ မွှေးရနံ့တစ်ခု ထွက်လာလေသည်။

“ တော်တော်ချိုတာပဲ ”

ကျိုးကျိုးသည် လက်ယာလက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်သည်။

“ နည်းနည်းလောက်ထပ်ပေးဦး ”

လီချန်ရှို့သည် ကျောက်စိမ်းဖြူပုလင်းလေးအားယူကာ ဆေးလုံးလေးများအား အထဲသို့ ထည့်လိုက်ပြီးနောက် ထိုပုလင်းကို ကျိုးကျိုးအား လှမ်းပေးလိုက်သည်။

ကျိုးကျိုးသည် လက်ပြန်မရုတ်သေးဘဲ ထပ်ပြောလိုက်၏။

“ ဒီလအတွက် အရက်မူးနတ်ဝိဇ္ဇာနဲ့ မိန်းမလှညှို့ဓာတ်ရော… ”

“ မပူပါနဲ့။ ဆရာဒေါ်လေးရဲ့ ဝေစုကို ကျွန်တော်မမေ့ပါဘူး ”

လီချန်ရှို့သည် သူမအား အနည်းငယ်ပြုံးပြလိုက်ပြီး လက်တစ်ဝါးစာအရွယ်ရှိသော ကျောက်စိမ်းအိုးနှစ်အိုးအား ရိုကျိုးစွာ ပေးလိုက်လေသည်။

ကျိုးကျိုးသည် ထပ်၍မစောင့်နိုင်တော့သဖြင့် အိုးအစို့အားဖွင့်ကာ တစ်ဝကြီး ရှူကြည့်လိုက်လေသည်။ နောက်ဆုံးတွင် သူမသည် ကျေနပ်သွားဟန်ဖြင့် သက်ပြင်းချလိုက်လေ၏။

“ ကောင်းတယ်။ ချန်ရှို့…မင်းရဲ့ ဆေးဖော်တဲ့ပညာရော အရက်ချက်တဲ့ပညာရော အတူတူတိုးတက်လာတာပဲ။ မင်း ဒီနေ့ ငါ့ဆီက ဘာအကူအညီလိုလဲ။ ဒီနှစ်လအတွင်း မင်းဘာမန္တန်အစီအရင်မှလည်း မဆင်ဘူး။ ဒါတွေကို ငါအလကားတော့ မယူနိုင်ဘူး ”

“ ဒီနေ့တော့ ဆရာဒေါ်လေးရဲ့ အကူအညီမလိုသေးပါဘူး ”

လီချန်ရှို့သည် ပြုံး၍ပြန်ပြောလိုက်သည်။

“ ရက်(၂၀)လောက်နေရင်တော့ ဆေးပေါင်းဖိုကိုနှိုးပြီး နတ်ဝိဇ္ဇာဆေးလုံးတစ်လုံး ခက်ခက်ခဲခဲ ဖော်စရာရှိတယ်။ အဲဒီအခါကျရင် ကျွန်တော့်ကို ဆရာဒေါ်လေး ကူညီပေးဖို့မျှော်လင့်ပါတယ် ”

ကျိုးကျိုးသည် ပျော်ရွှင်စွာပင် ရင်ဘတ်ကို ပုတ်လိုက်ရာ သူမ၏ ဖျင်ကြမ်းအင်္ကျီလေး လှုပ်ရမ်းသွားလေသည်။

“ ကိစ္စမရှိဘူး။ ငါ့ကိုပဲ အားကိုးလိုက်။ ရက်(၂၀)…ဟုတ်တယ်မလား… ”

“ ဟုတ်ပါတယ်…နောက်(၂၀)ကြာရင်ပါ ”

လီချက်ရှို့သည် လေးနက်သည့် မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

“ ဒီဆေးလုံးဖော်ဖို့က ကျွန်တော်အတွက် အရမ်းအရေးကြီးတယ်။ အဲဒါထက် ‌ဆေးဖော်တာကို စလိုက်တာနဲ့ မပြီးခင် ရပ်လိုက်လို့မရဘူး။ တကယ်လို့ ဆရာဒေါ်လေးမှာ အချိန်မရဘူးဆိုရင် ကျွန်တော့်ကို ကြိုပြောပါ။ ပြီးတော့ ကျွန်တော့်အတွက် ဒီဟာကို လျှို့ဝှက်ထားပေးနိုင်မလားမသိဘူး… ”

“ ဘာဆေးလုံးမို့လို့လဲ။ ပြီးတော့ ဘာလို့ဒီလောက် လျှို့ဝှက်နေရတာလဲ ”

“ အဲဒါက နတ်ဝိဇ္ဇာပျော်ဝင် အဆိပ်ဆေးလုံး ”

ကျိုးကျိုးထခုန်လိုက်သည်။

“ နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံး … အဲဒီဆေးလုံးက အတုမဲ့နတ်ဝိဇ္ဇာကိုတောင် သတ်နိုင်တယ်ဆို။ အရင်တုန်းက ဆရာတူအစ်ကိုငါး ပြောတာကို ငါကြားဖူးတာ ထင်တယ်။ ဘာလို့အဲ့ဆေးကို ဖော်ချင်ရတာလဲ ”

လီချန်ရှို့သည် ပြုံး၍ပြန်ဖြေလိုက်သည်။

“ အဆိပ်ဆိုတာလည်း ဆေးတစ်မျိုးပါပဲ။ အဲဒါက ချို၊ချဉ်၊ငံ၊စပ် အရသာမျိုးစုံရှိတဲ့ ဟင်းပွဲတွေလိုပေါ့။ အဆိပ်ဆေးလုံးတွေကို လူသတ်ဖို့ရော လူကယ်ဖို့ရော သုံးနိုင်ပါတယ်။ စိတ်မပူပါနဲ့ ဆရာဒေါ်လေး။ ကျွန်တော့်မှာ ဘာရန်သူမှမရှိပါဘူး။ ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝမှာနေရတာ ကျွန်တော်ကြိုက်ပါတယ်။ တခြားသူတွေ ဒုက္ခရောက်အောင် ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်သာ နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံး ကို အောင်အောင်မြင်မြင်ဖော်နိုင်ခဲ့ရင် ဆရာ‌ဒေါ်လေးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ‘မိန်းမလှညှို့ဓာတ်’ တစ်နှစ်စာလောက်ပေးမယ်။ အဲဒါက ကျွန်တော်တို့အရင်သဘောတူထားတာထက် ပိုများတယ်နော် ”

“ သဘောတူတယ် ”

ကျိုးကျိုးသည် လက်ယာလက်အားဆန့်ကာ လီချန်ရှို့၏ မျက်နှာရှေ့တွင် လက်သီးဆုပ်လိုက်သည်။ လီချန်ရှို့သည် သူမအတိုင်းပင် လက်သီးဆုပ်၍ လက်သီးဆုပ်ချင်းတိုက်လိုက်လေတော့သည်။ ကျိုးကျိုးပြုံးသွားသည်။

“ ရက်(၂၀)ကြာရင် ငါပြန်လာခဲ့မယ် ”

“ ဂရုစိုက်သွားပါ … ဆရာဒေါ်လေး ”

ကျိုးကျိုးသည် ရယ်မော၍ အရက်အိုးအပေါ်သို့ တက်လိုက်ပြီး ချုံတောင်လေး၏အပေါ်ရှိ လေထုအတွင်း ပျံသန်းထွက်ခွာသွားလေ‌တော့သည်။

နောက်လှည့်ကြည့်လိုက်သောအခါ ကျိုးကျိုးသည် သူမ ထွက်ခွာလာခဲ့သော သစ်တောအတွင်းမှနေ၍ ပါးလျသော မြူခိုးများထွက်၍လာနေသည်ကို တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမြူခိုးများသည် သစ်တောတစ်ခုလုံးအား ဖုံးလွှမ်းသွားလေသည်။ သို့သော်လည်း လေညင်းတစ်ခု တိုက်ခတ်လိုက်ပြီးနောက် ယင်းမြူခိုးများပြန်၍ ပျောက်ကွယ်သွားတော့သည်။

သစ်တောအတွင်းရှိ လီ(၃၀)အဝန်းအဝိုင်းတစ်ခုသည် နဂိုအတိုင်းပင် ရှိနေလေသည်။ သို့သော် အတွင်းရှိ မန္တန်အစီအရင်များအား ပြန်၍နှိုးလိုက်ပြီဖြစ်ကြောင်း ကျိုးကျိုးတစ်ယောက် သိလေသည်။

“ နောက်ကျ အစ်ကိုခုနစ်နဲ့ အစ်ကိုရှစ်တို့ကို စချင်ရင် ဒီကိုလာခိုင်းရမယ် ”

ကျိုးကျိုးသည် တီးတိုရေရွတ်လိုက်သည်။

သို့သော် ခေတ္တမျှကြာသောအခါ သူမ၏စိတ်ထဲတွင် လီချန်ရှို့၏လေးနက်သည့်မျက်နှာထား ထပ်၍ပေါ်လာလေသည်။

“ အဲ့ကောင်ကို ငါကြိုပြောထားမှရမယ်။ မဟုတ်ရင် သူ့ရဲ့ ပေါက်ကရ ဒဿနတွေကို ထပ်နားထောင်နေရဦးမယ် ”

ခေါင်းခါရမ်းလိုက်ကာ ကျိုးကျိုးသည် အရက်အိုးအား ပို၍မြင့်မြင့်သို့ ပျံတက်လိုက်သည်။ မကြာမီပင် သူမသည် ကောင်းကင်ခွင်းတောင် အနောက်ပိုင်းသို့ ရောက်ရှိသွားလေသည်။ သူမသည် မန္တန်အစီအရင်အထပ်ထပ်ကို ဖြတ်သန်းကာ ပျောက်ကွယ်သွားတော့သည်။

ထိုနေရာသည် အရှင်ဝမ်ချင်း၏ တပည့်ကိုးယောက် ကျင့်ကြံသည့်နေရာ ဖြစ်သည်။ တောင်များအကြားတွင် အဆောက်အဦကြီးတစ်ခုအား ဆောက်ထားလေသည်။

‘ ကျိုးနတ်ဝိဇ္ဇာကိုးပါး ’ သည် ကောင်းကင်ခွင်းတောင်မှ တပည့်များ ဖြစ်လေသည်။ သို့သော်လည်း ယင်းတို့အနက် ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံးနှင့် တောင်သို့နောက်ဆုံးမှ ရောက်လာသူသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရောက်နေသူ ကျိုးကျိုး ဖြစ်သည်။ ထို့ကြောင့်ပင် ထိုသူတို့နှင့် ကျိုးကျိုးအကြားရှိဆက်ဆံရေးသည် ချီယွမ်နှင့် သူ၏တပည့်များအကြား ဆက်ဆံရေးနှင့် များစွာ ကွာခြားလေသည်။

ထိုနေရာတွင် ပြောင်မြောက်သည့် စိတ်စုစည်းမန္တန်အစီအရင်ရှိသည်သာမက ထူးခြားသည့်အလုပ်မျိုးစုံတို့အတွက် တာဝန်ပေးခံရသည့် တပည့်များစွာလည်း ရှိလေသည်။ ထိုအရာများထက် ၎င်းနေရာရှိ အဆောက်အဦးများတွင် အခြားနေရာများတွင် ဂိုဏ်းမှတားမြစ်ထားသည့် ကာကွယ်မန္တန်အစီအရင်များ လွှမ်းခြုံထားလေသည်။ ထိုနေရာသည် ကျင့်ကြံသူများနေထိုင်ရန် စံပြနေရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ကျိုးကျိုးသည် အငယ်ဆုံးဖြစ်သည့်အားလျှော်စွာ သူ၏ဆရာတူ အစ်ကိုအစ်မများက သူ့အား အလိုလိုက်ကာ ချစ်ခင်ကြင်နာကြပေသည်။ သူမနေသောနေရာသည် ကျိုးဝူ၏နေရာနှင့်နီးကာ အခြားအစ်ကို အစ်မများကာကွယ်ပေးနိုင်သည့် အကောင်းဆုံးနေရာတွင် ရှိလေသည်။

အကယ်၍ ကျိုးကျိုးသာ အခန်းအောင်ကျင့်ကြံခဲ့လျှင် အခြားသူများသည် ထိုနေရာအား အစွမ်းကုန်ကာကွယ်ပေးကြမည် ဖြစ်သည်။

ထိုသို့ စောင့်ကြည့်နေသော စွမ်းအားကြီးသူများကို ဖြတ်ကာ ကျိုးကျိုးသည် သူမ၏အဆောက်အဦးအတွင်းသို့ ဝင်သွားလိုက်သည်။ သူမ၏ အဝတ်ဖိနပ်အားကန်၍ ချွတ်လိုက်ပြီး နဂါးသွဲ့ကျောက်ဖြင့် ပြုလုပ်ထားသည့် ကုတင်အပေါ်သို့ ခြေဗလာဖြင့်ပင် ခုန်တက်လိုက်သည်။ သူမသည် လီချန်ရှို့ထံမှ ယူဆောင်လာ‌သော ကျောက်စိမ်းအိုးနှစ်အိုးအား ဖက်ကာ တခစ်ခစ်ရယ်နေလေသည်။

“ ငါ မင်းကိုအရင်သောက်ရမလား မင်းလေးကိုပဲ အရင်သောက်ရမလား။ ရှို့ရှို့လေးက မဆိုးဘူးပဲ။ ဒီလိုဟာမျိုးချက်ဖို့ စဉ်းစားမိတယ်။ သုံးနှစ်လည်းပြည့်တော့မယ်။ ငါတို့အရင်တစ်ခေါက်ကမြှုပ်ထားတဲ့ ‘ ဂင်္ဂါမြစ်ခမ်းအရက် ’ ပေါ်ထွက်လာတော့မှာပဲ။ အဲဒီအခါကျရင်တော့ စိတ်ကျေနပ်တဲ့အထိ တစ်ဝကြီးသောက်ပစ်ဦးမယ်။ ဂလု…ဒီနေ့တော့ မိန်းမလှညှို့ဓာတ်လေးပဲသောက်ပြီး ဆက်ရက်မင်းစည်းစိမ်ခံရတော့မှာပဲ ”

“ အဟမြး..အဟမြး…အဟမြး… ”

အဆောက်အဦအပြင်ဘက်တွင် ငါးပေမျှသာရှိသည် တာအိုရသေ့ဂျပုတစ်ယောက်သည် ချောင်းဟန့်နေလေသည်။ အိပ်ရာအတွင်းလှဲနေသော ကျိုးကျိုးသည် ကျောက်စိမ်းအိုးနှစ်အိုးအား စောင်များဖြင့် ဖုံးလိုက်ပြီး အပြင်သို့ သတိကြီးကြီးဖြင့် လှမ်းကြည့်လိုက်သည်။ မည်သူဖြစ်ကြောင်းသိရှိသွားသောအခါ သူမသည် သက်ပြင်းချလိုက်လေသည်။

“ ဆရာတူအစ်ကိုငါး ဝင်ခဲ့လေ။ ဘာမန္တန်အစီအရင်မှ မနှိုးထားရသေးပါဘူး ”

“ အစ်ကို့ကို ဆရာတူအစ်မကြီးက ဆူထားတယ်။ အစ်ကိုတို့က ရင်းနှီးတယ်ဆိုပေမယ့် အပြုအမူတွေကိုတော့ ဂရုစိုက်ရမှာပေါ့ ”

ကျိုးဝူသည် ရယ်မောကာ ပြန်ဖြေလိုက်သည်။

သူသည် ခြေနှစ်လှမ်းခန့်ရှေ့သို့ တိုးသွားပြီးနောက် ရပ်သွားသည်။ သူဆက်၍လှမ်းရန် နေရာမရှိတော့ချေ။

သူသည် ကြမ်းပြင်ပေါ်ရှိ အရက်အိုးများ၊ အင်္ကျီများ၊ အတွင်းဝတ်များကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကျိုးဝူသည် နဖူးအားရိုက်ကာပြောလိုက်သည်။

“ ကျိုးအာ ညီမက အသက်(၁၈၀၀) ရှိနေပြီ။ ကိုယ့်အိမ်ကို သပ်သပ်ရပ်ရပ်လေး ရှင်းလင်းထားစမ်းပါ ”

ကျိုးကျိုးသည် လက်ကိုယမ်းကာ အနံ့ခံကြည့်လိုက်ပြီး ပြောလိုက်၏။

“ မကောင်းတဲ့ အနံ့တွေမရသေးပါဘူး။ အဆင်ပြေပါတယ် ”

သူမသည် ကျောက်စိမ်းအိုးများအား သိုလှောင်ဓမ္မအဆောင်များအတွင်း အေးအေးလူလူပင် ထည့်လိုက်သည်။ ထို့နောက် သူမ၏အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

ခက်ခက်ခဲခဲပင် ကျိုးဝူသည် ကြမ်းပြင်ရှိ အရှုပ်အပွများကိုဖယ်ကာ လမ်းဖော်လိုက်ရသည်။ ထို့နောက် သူသည် စားပွဲပုလေးတစ်ခုဘေးတွင် ဝင်ထိုင်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။

“ ကျိုးကျိုး … ညီမ ဒီအတောအတွင်း ချုံတောင်လေးကို မကြာမကြာသွားနေတယ်နော် ”

ကျိုးဝူ ရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ အဲဒီကို ဘာသွားလုပ်နေတာလဲ ”

“ သွားဆော့တာလေ။ အဲဒီမှာ တခြားဘာများလုပ်စရာရှိသေးလို့လဲ ”

ကျိုးကျိုးက မျက်တောင်ခတ်လိုက်သည်။

“ ဆရာတူအစ်ကိုငါး ဘာလို့ရုတ်တရက်ကြီး ညီမကို အဲ့အကြောင်းလာမေးရတာလဲ ”

“ ဘာမှမဟုတ်ပါဘူး…ဒီလိုပါပဲ.. ”

ကျိုးဝူသည် လက်ကိုခါယမ်းလိုက်ပြီး ခေါင်းကုတ်လိုက်သည်။ သူ၏ ဆရာတူ အစ်မ၊ညီများ သူ့အား ပေးလိုက်သော တာဝန်အား ပြန်စဉ်းစားလိုက်သည်။ ရုတ်တရက် သူ မည်သို့စကားဆက်ပြောရမည် မသိ ဖြစ်သွားသည်။

‘ အဲဒါကိုဘယ်လိုပြောရမလဲ။ ညီမလေးကိုတော့ ချုံတောင်လေးက တစ်ယောက်ယောက်နဲ့ အကြည်စိုက်နေတာလားလို့ တိုက်ရိုက်ကြီး မေးပြန်ရင်လဲ မကောင်းဘူး ’

ကျိုးဝူသည် ကိုယ်ဟန်ပြန်ပြင်လိုက်သည်။

“ အဟမ်း… ညီမလေး ဂိုဏ်းကိုရောက်စ ( ၁၀ ) နှစ်လောက်ကို အစ်ကို မှတ်မိသေးတယ်။ ညီမက အဲ့တုန်းက ဂိုဏ်းတူညီလေးချီယွမ်နဲ့ တော်တော်ရင်းနှီးတယ်နော် ”

“ ဟုတ်တယ်လေ… ”

ကျိုးကျိုးသည် ခေါင်းညိတ်ကာပြန်ဖြေလိုက်သည်။

“ အဲ့တုန်းက ဂိုဏ်းတူအစ်ကိုချီယွမ်က ညီမကို တော်တော်ဂရုစိုက်ပေးခဲ့တာ ”

ကျိုးဝူက တွန့်ဆုတ်နေသည်။

“ ဒါ…ဒါဆို…ညီ..ညီမလေးက… ”

ကျိုးကျိုးမျက်မှောင်ကြုတ်သွားသည်။

“ ဆရာတူအစ်ကိုငါး … အစ်ကိုဒီနေ့ဘာဖြစ်နေတာလဲ။ ဘာလို့အထစ်ထစ်အငေါ့ငေါ့ဖြစ်နေရတာတုန်း ”

“ အစ်…အစ်ကို..က… ”

ကျိုးဝူက ခြေဆောင့်ကာ ပြောလိုက်သည်။

“ အစ်ကို တည့်ပဲပြောလိုက်တော့မယ်။ ကျိုးအာ … ညီမအခုတလော ချုံတောင်လေးကို နေ့တိုင်းလိုလိုသွားနေတယ်။ ပြီးတော့ အရက်သောက်တာတားမြစ်ထားပေမယ့် ညီမကိုကြည့်ရတာ အားအပြည့်နဲ့လန်းဆန်းနေတယ်။ ညီမရဲ့ ဆရာတူအစ်မတွေက သိချင်နေကြတာ၊ ညီမများ…အာ..ညီမက…”

“ ညီမကဘာဖြစ်လဲ…”

“ ညီမ… ”

“ အင်း ညီမက ဘာဖြစ်လဲ… ”

ကျိုးကျိုး မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏မျက်ဝန်းများတွင် နားမလည်သည့် အရိပ်အယောင်များဖြင့် ပြည့်နေလေသည်။

ကျိုးဝူ၏အသံသည်စူး၍လာပြီး နှလုံးခုန်လည်းမြန်လာလေသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။

“ ညီမ … ဥာဏ်အလင်းပွင့်တော့မှာလား ”

“ ဉာဏ်အလင်းပွင့်ဖို့ အဲ့လောက်လွယ်လို့လား ”

ကျိုးကျိုးသည် မျက်လုံးပင့်လိုက်သည်။

“ ဆရာတူအစ်မတွေကို မစိုးရိမ်ဖို့ပြောလိုက်ပါ။ ညီမအတားအဆီးကြုံနေရပြီဆိုရင် ညီမမေးမှာပါ။ ခေါင်းမာပြီး ကိုယ့်ဘာသာ အတင်းဖောက်ထွက်ဖို့ လုပ်မှာမဟုတ်ပါဘူး ”

“ ကောင်းတယ် ကောင်းတယ်။ အဲ့လိုဆို အစ်ကိုပြန်တော့မယ်။ ဆက်ကျင့်ကြံနေ ”

ကျိုးဝူသည် လျင်မြန်စွာ နှုတ်ဆက်ပြီးနောက် တံခါးဆီသို့ လျှောက်သွားလိုက်သည်။ တံခါးသို့ရောက်သောအခါ နောက်သို့လှည့်၍ ပြောလိုက်သည်။

“ ဪ..ဟုတ်သား…ကျိုးအာ.. ညီမအရင်တစ်ခေါက်က ချုံတောင်လေးကယူလာတဲ့ ပင့်ကူက သေသွားပြီ။ ဂိုဏ်းတူ တူလေးချန်ရှို့ဆီက နောက်တစ်ကောင်လောက် တောင်းခဲ့ပါဦး။ အစ်ကိုရဲ့ အဖိုးတန်ဆေးလုံးတွေနဲ့ လဲမှာပါ ”

“ ဟုတ်ကဲ့ သိပါပြီ။ ညီမနောက်တစ်ခေါက်အဲ့ကိုသွားရင် သူ့ဆီက တောင်းခဲ့မယ် ”

ကျိုးဝူသည် တည်ငြိမ်စွာပြုံးလိုက်သည်။

‘ ကျွတ်..အရင်တစ်ခေါက် ကျိုးကျိုး မျက်စိကြီး ခေါင်းသုံးလုံးပင့်ကူယူလာကတည်းက အဝေးကဟာတွေကို မြင်နိုင်တဲ့ ပင့်ကူမျှင်တွေကို ငါ ရခဲ့တယ်။ အဲ့ကတည်းက ဘဝကြီးက ပိုပြီး စိတ်ဝင်စားစရာကောင်းလာတယ်။ အဓိကကတော့ တာအိုလက်တွဲဖော်ရေချိုးတဲ့ ရေချိုးခန်းက အပေါက်လေးမှာ ပင့်ကူမျှင်တွေ ထားထားတာပဲ။ မြင်ကွင်းတွေကတော့…အဟိ… ’

“ အဟမြး..အဟမြး… ”

ကျိုးဝူသည် ခေါင်းငုံ့ကာ လျင်မြန်စွာပင် အဝေးသို့လျှောက်သွားလေသည်။

‘ ဒီနေ့ ဆရာတူအစ်ကိုငါးက ထူးထူးဆန်းဆန်းတွေဖြစ်နေတယ်။ ထားလိုက်ပါတော့။ သူ ဆရာတူအစ်မလေးနဲ့ စကားများလာတာနေမှာ ”

ကျိုးကျိုးသည် ခေါင်းခါယမ်းလိုက်ပြီးနောက် သူမ၏အဆောက်အဦအပြင်ရှိ မန္တန်အစီအရင်အား နှိုးလိုက်သည်။

ထို့နောက် သူမသည် အိပ်ရာပေါ်တွင်လှဲလိုက်ပြီး ကျောက်စိမ်းအိုးနှစ်လုံးအား ထုတ်ယူလိုက်သည်။ ထို့နောက် သူမ၏ ရွေးချယ်ခြင်းကိုပြန်စလိုက်သည်။

***

ချုံတောင်လေးရှိ ဆေးဖော်ဆောင်အတွင်း

လီချန်ရှို့သည် ဆေးပေါင်းဖိုအ‌ရှေ့တွင် ရပ်နေလေသည်။ ဆေးလုံးများအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို သူပြင်ဆင်ထားပြီးဖြစ်သည်။ သူသည် လက်ဝဲဘက်ရှိ ဝတ်ပြုဖျာဆီသို့ သွားလိုက်သည်။

သူသည် လက်ဝဲလက်တွင် ကျောက်စိမ်းပြားလေးတစ်ခုအား ကိုင်ကာ ကြီးမားသောမန္တန်အစီအရင်ကြီးအတွင်းရှိ နေရာအနှံ့တွင် ပြောင်းလဲမှုများကို လေ့လာလိုက်သည်။ သူသည် မည်သည့်အန္တရာယ်မျှမရှိကြောင်း တတိယအကြိမ်အတည်ပြုပြီးသောအခါ ဆေးပေါင်းဖိုရှိ အချုပ်အနှောင်မန္တန်များအား နှိုးလိုက်သည်။

လီချန်ရှို့သည် လက်ဝဲဘက်ရှိ ဝတ်ပြုဖျာပေါ် ထိုင်လိုက်သည်။ သို့သော် သူ ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ဘေးတွင် အစိမ်းရောင်အခိုးအငွေ့များ ပေါ်လာလေသည်။ သူ၏ပုံရိပ်သည် ပျောက်ကွယ်သွားပြီး စက္ကူရုပ်ကလေးတစ်ရုပ်သာ ကျန်ခဲ့လေသည်။

မျက်စိတစ်မှတ်အတွင်း ထိုစက္ကူရုပ်သည် လီချန်ရှို့၏အသွင် ပြောင်းလဲသွားသည်။ အစိမ်းရောင်အခိုးအငွေ့များသည်လည်း ထိုအရုပ်၏ နှာခေါင်းပေါက်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။

ပုံရိပ်ယောင်ပညာရပ်များသည် တာအိုရသေ့အိုကြီး ချီယွမ်၏ အကျွမ်းကျင်ဆုံးအတတ်များ ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏တပည့်ကြီးသည်လည်း ဟိုးယခင်ကပင် ထိုပညာရပ်များအား တတ်ကျွမ်းခဲ့လေသည်။

သို့သော် ယခုတွင် ပုံရိပ်ယောင်ပြုလုပ်ရန် လီချန်ရှို့ သိရှိသည့် နည်းလမ်းများသည် သူ၏ဆရာသိရှိသည်ထက် အဆများစွာ သာလွန်နေပြီ ဖြစ်ပေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset