အခန်း (၃၃) အင်မော်တယ်ဖြစ်ဖို့ ခြေတစ်လှမ်းအလို
ကျန်းလန်က မည်သည့်အကာအကွယ်မှ ပြုလုပ်မထားကြောင်း တွေ့လိုက်ရသောကြောင့် သူတို့အားလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။
ကျန်းလန်သည်ကား… မရဏအငွေ့အသက်များအလယ်တွင် အေးအေးဆေးဆေးပင် လမ်းလျှောက်လျှက် ရှိ၏။ မရဏအငွေ့အသက်များ ကျန်းလန်ကို အနည်းငယ်ပင် သက်ရောက်ခြင်း မရှိပေ။
မရဏအငွေ့အသက်များက ကျန်းလန်၏ ခန္ဓာကိုယ်နှင့် ဟန်ချက်ညီနေသည့်အလား သူ့ကို ဒုက္ခမပေးခဲ့ကြပေ။
ဤသည်က ကျန်းလန်၏ ထူးခြားသော စိတ်စွမ်းအားများလေလား…။
မရဏအငွေ့အသက်များကို ကျော်လွန်အောင်မြင်ရန်အတွက် စိတ်စွမ်းအားမည်မျှကောင်းမွန်ရန် လိုအပ်ပါသနည်း။
လုန်ယွိနှင့် အခြားတပည့်များက နဝမတောင်ထွတ်မှတပည့်က ထူးခြားသည့်စိတ်စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း အစကတည်းက ကြားဖူးထားကြသည်။ သို့သော်… ကျန်းလန်၏ စိတ်စွမ်းအား မည်သို့ ထူးခြားသည်ကို တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိကြပေ။
ယခု ကျန်းလန်၏ တည်ငြိမ်မှုကို သူတို့ကိုယ်တိုင် အံ့အားသင့်စွာဖြင့် တွေ့မြင်ကြရပြီ ဖြစ်သည်။
ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော နဝမတောင်ထွတ်တွင် နေနိုင်စွမ်းရှိမှတော့ တောင်ထွတ်တစ်ခုလုံးမှ ရင်းမြစ်များကို ကျင့်ကြံခြင်းအတွက် တစ်ယောက်တည်း သိမ်းပိုက်နိုင်သည်ကို မနာလိုဖြစ်စရာ အကြောင်းမရှိတော့ပေ။
သူတို့အားလုံးသာ ကျန်းလန်၏ တစ်ဝက်မျှ စိတ်စွမ်းအား ကောင်းမွန်မည်ဆိုလျှင် နဝမတောင်ထွတ်တွင် နေနိုင်စွမ်း ရှိပေလိမ့်မည်။
ကျင်းထင် မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။
“မရဏဂူထဲမှာ ဒီလိုအေးအေးဆေးဆေး ပုံမှန်လိုပဲ လမ်းလျှောက်နိုင်ဖို့ ဂိုဏ်းတူညီလေးက ဘယ်လိုစိတ်စွမ်းအားမျိုးကို လေ့ကျင့်ထားတာလဲ…”
ကျန်းလန်က သူတို့ (၃)ယောက်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းခါရမ်းလိုက်ရင်း…
“စိတ်စွမ်းအားနဲ့ မဆိုင်ပါဘူး… ကျွန်တော်က ဒီမရဏအငွေ့အသက်တွေနဲ့ အသားကျနေပြီလေ…”
သူ့စကားကို ကျင်းထင်နှင့် အခြားသူများက ယုံကြည်ခြင်း မရှိကြပေ။
မရဏအငွေ့အသက်များဆိုသည်က လွယ်လွယ်နှင့် အသားကျနိုင်မည့် အရာများ မဟုတ်ပေ။
ကျန်းလန်သာ မရဏအငွေ့အသက်များနှင့် အသားကျရိုးမှန်ခဲ့လျှင် သေချာပေါက် မရဏလောကမှ သတ္တဝါများနှင့် ဆက်စပ်မှု ရှိနေရပေလိမ့်မည်။
သို့မဟုတ်… မရဏလောကမှ ကျင့်စဉ်များကို ကျင့်ကြံနေသူ ဖြစ်ပေလိမ့်မည်။
သို့သော်… တကယ်တမ်းတွင် ကျန်းလန်က ခွန်လွန်စိတ်ကျမ်းကို ကျင့်ကြံခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်… မရဏအငွေ့အသက်များက ကျန်းလန်ကို လုံး၀ မထိခိုက်ခြင်း ဖြစ်သည်။
ခွန်လွန်စိတ်ကျမ်းကြောင့် မရဏအငွေ့အသက်များက ကျန်းလန်ကို မလွှမ်းမိုးနိုင်ခြင်းဖြစ်၏။ သူ၏ နှလုံးသားက တည်ငြိမ်နေပြီး စိတ်အစဉ်သည်လည်း လှိုင်းများရိုက်ခတ်ခြင်းမရှိသည့် ကန်ရေပြင်အလား ငြိမ်သက်လျှက် ရှိသည်။
ထို့ပြင်… ခွန်လွန်စိတ်ကျမ်းက လူတစ်ယောက်၏ စိတ်ကို တည်ငြိမ်စေပြီး အတွင်းအပြင်အနှောက်အယှက်များကိုလည်း ကင်းဝေးစေနိုင်သည်။
သူပြောသည့်စကားကို ကျင်းထင်တို့ (၃)ယောက် ယုံချင်ယုံ မယုံချင်နေ ကျန်းလန် အရေးမစိုက်ပေ။ အမှန်တော့… မရဏအငွေ့အသက်များနှင့် တဖြည်းဖြည်း ကျင့်သားရလာခဲ့သည်ဟု ဆိုခြင်းမှာလည်း လိမ်ပြောနေခြင်းမှ မဟုတ်ပေပဲ။
စိတ်စွမ်းအားကောင်းမွန်ခြင်းက မရဏအငွေ့အသက်များနှင့် အကျွမ်းတဝင်ဖြစ်စေရန် အထောက်အကူများစွာ ပေးခဲ့သည်ဆိုခြင်းကတော့ ငြင်းမရသည့်အ ချက်ဖြစ်သည်။
နောက်ဆုံး… သူတို့အားလုံး ငရဲတံခါးရှိရာသို့ ရောက်ရှိလာကြသည်။
ငရဲတံခါးက မရဏအငွေ့အသက်များ ဖုံးလွှမ်းနေပြီး တွင်းနက်ကြီးတစ်ခုအလား ဖြစ်၏။
ကျန်းလန်က…
“ဒီတွင်းနက်ကြီးက မရဏလောကနဲ့ ဆက်သွယ်နေတယ်… ဒါပေမဲ့ ငရဲတံခါးကို တိုက်ရိုက်တွေ့မြင်ရဖို့ကတော့ အင်မော်တယ်ဖြစ်မှပဲ ဖြစ်နိုင်လိမ့်မယ်…”
လုန်ယွိနှင့် အခြားသူများ ခေါင်းညိတ်ပြလိုက်ကြသည်။
သူတို့က တွင်းနက်ကြီးအနားသို့ သွားရောက်စစ်ဆေးပြီး ငရဲတံခါးကို မြင်ရမည်လားဟု စပ်စုခြင်း မပြုလုပ်ကြပေ။
ထိုအလုပ်က အင်မော်တယ်များ၏ အလုပ်ဖြစ်သည်။ သူတို့ကတော့ အင်မော်တယ်ဖြစ်လာရန် အတော်လေး အလှမ်းဝေးသေး၏။
ငရဲတံခါးနှင့် သိပ်မဝေးသည့်နေရာတွင်တော့ လူတစ်ယောက်နေထိုင်ရန် အဆောင်ငယ်တစ်ခု ဆောက်လုပ်ထားကြောင်း တွေ့လိုက်ကြရသည်။
ကျန်းလန် ဤနေရာတွင် နေထိုင်ခြင်းမှာ အမှန်တကယ်ပင်ဖြစ်ကြောင်း သူတို့အားလုံး သိရှိလိုက်ကြသည်။
ဤဂိုဏ်းတူမောင်လေးက ငရဲတံခါး အနီးအနားတွင် နေထိုင်သည်တဲ့လား…။
ထိုအတွေးက သူတို့အားလုံးကို ကျောချမ်းသွားစေသည်။
ကျန်းလန်က ဧည့်သည်များကို မရဏဂူထဲ အကြမ်းဖျင်း လှည့်ပတ်ပြသပြီးနောက် ဂူအပြင်သို့ ပြန်လိုက်ပို့ပေးလိုက်သည်။
ဂိုဏ်းတူအစ်ကိုနှင့် ဂိုဏ်းတူအစ်မများက သူတို့အလုပ် သူတို့ လုပ်ကြမည်ဖြစ်ပြီး ကျန်းလန်ကို ရံဖန်ရံခါသာ အကူအညီတောင်းကြပေလိမ့်မည်။
ထို့ကြောင့်… ကျန်းလန်လည်း သူတို့ကို အရေးမစိုက်တော့ဘဲ မရဏဂူထဲတွင်ပင် ပုံမှန်အတိုင်းသာ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ဧည့်သည်များရောက်လာသောကြောင့် ကျန်းလန် မူလဝိညာဉ်အဆင့်သို့ တက်ရောက်ရန် အချိန် (၂)ရက်ခန့် နောက်ဆုတ်လိုက်ရသည်။
(၂)ရက်ဆိုသည်က အချိန်ကြာသည်ဟုတော့ မဆိုသာပေ။
ယခုတော့… ကျန်းလန် မရဏဂူထဲတွင် ထိုင်နေရင်း အခြေအနေများကို တွက်ဆနေ၏။
ဧည့်သည့်များက မရဏဂူအဝင်ဝတွင်သာ ကျင့်ကြံကြမည် ဖြစ်ပြီး မရဏဂူထဲသို့ လုံး၀ ဝင်ရောက်လာကြမည် မဟုတ်ပေ။
ထို့ကြောင့်… ကျန်းလန်အတွက် စိတ်အနှောက်အယှက် ဖြစ်စရာ မရှိပေ။
ဧည့်သည်များ ရောက်လာရသည့်အကြောင်းရင်းကိုလည်း ကျန်းလန် အကြမ်းဖျင်း နားလည်စပြုလာပြီ ဖြစ်၏။
သူတို့က… မရဏအငွေ့အသက်များကို အသုံးပြုပြီး ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ကျင့်ကြံရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။
သူတို့က ရုပ်ခန္ဓာ သန်စွမ်းကြံ့ခိုင်ရန် ကျင့်ကြံထားပြီးသူများ ဖြစ်ကြသည်။ နဂါးမျိုးနွယ်ဖြစ်သည့် လုန်ယွိကတော့ ပြောနေစရာပင် မလိုတော့ပေ။ မွေးရာပါ ရုပ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းပြီးသား ဖြစ်၏။
ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ဆက်စပ်နေလေရာ ယခု ဧည့်သည်များက စိတ်ဝိညာဉ် ကြံ့ခိုင်အားကောင်းအောင် ကျင့်ကြံရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်မှ မှော်ဝင်ပစ္စည်းအချို့ကို သူတို့ ရရှိခဲ့ကြသည်။ ထို့ကြောင့်… မူလဝိညာဉ်အဆင့်သို့ အဆင့်တက်ရောက်ရန်အတွက် မရဏအငွေ့အသက်များကို အသုံးပြုကျင့်ကြံနိုင်သည့် လုံလောက်သောအခြေအနေကို ရရှိခဲ့ကြသည်။
သို့သော်… သူတို့၏ အကန့်အသတ်က မရဏဂူအဝင်၀ ပတ်ဝန်းကျင်မှ မရဏအငွေ့အသက်များကိုသာ ခံနိုင်ရည်ရှိကြသည်။
ဧည့်သည်များ ဝိညာဉ်စွမ်းအားထိန်းချုပ်ကျင့်ကြံရန် အချိန်မည်မျှကြာမည်လဲ ကျန်းလန် မသိရှိပေ။ သို့သော်… သူ့ကို မထိခိုက်သရွေ့ ကိစ္စမရှိပေ။
ကျန်းလန်ကလည်း မိုးနဲ့မြေကို ဖန်ဆင်ခြင်းဆေးလုံးကို အသုံးပြုပြီး မူလဝိညာဉ်အဆင့်သို့ တက်ရောက်တော့မည် ဖြစ်သည်။
ကျန်းလန် မရဏဂူအဝင်ဝသို့ ထွက်လာပြီး သစ်သားပြားတစ်ခု ချထားလိုက်သည်။
ထိုသစ်သားပြားပေါ်တွင် “မနှောက်ယှက်ရ” ဟု စာတမ်းရေးထိုးထား၏။
ကျန်းလန် မရဏဂူအဝင်ဝတွင် သစ်သားပြားလာချထားသည့်အခါ လုန်ယွိတို့ (၃)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
သို့သော်… ကျန်းလန် လုပ်စရာရှိ၍ပဲဖြစ်မည်ဟု တွေးလိုက်ပြီး အရေးမစိုက်ကြတော့ပေ။
ဂူအဝင်ဝတွင် သစ်သားပြားချထားပြီးသည်နှင့် ကျန်းလန် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို ထုတ်ယူလိုက်သည်။
ယနေ့… သူ… မူလဝိညာဉ်အဆင့်သို့ တက်ရောက်ပေတော့မည်။
မူလဝိညာဉ်အဆင့်တက်ရောက်ပြီးလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အားနည်းသည်ဟု မသတ်မှတ်နိုင်တော့ပေ။
ထိုသို့ဆိုလျှင်… နဝမတောင်ထွတ်မှထွက်ခွာပြီး စနစ်တွင်မှတ်ပုံတင်ရန်အတွက် နေရာသစ်များ ရှာဖွေနိုင်တော့မည် ဖြစ်သည်။
နဝမတောင်ထွတ်မှ ထွက်ခွာမည်ဆိုသော်လည်း ခွန်လွန်တောင်မှ ဧရိယာမှ ထွက်ခွာသွားမည် မဟုတ်ပေ။
ပြင်ပလောကကြီးက အန္တရယ်များလွန်းလေရာ ဆရာဖြစ်သူက သူ့ကို သွားခွင့်ပြုမည် မဟုတ်ပေ။ တတိယတောင်ထွတ်မှ မှော်ရုံနယ်မြေလောက်ဆိုလျှင်တော့ ဆရာဖြစ်သူက ထပ်မံသွားရောက်ခွင့် ပြုပေလိမ့်မည်။
အများအမြင်တွင်… သူက အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်နေသည် မဟုတ်ပါလား။
သို့သော်… သူ ကျင့်ကြံခြင်းအဆင့်တစ်ခု အောင်မြင်သွားတိုင်း နောက်တစ်ဆင့်သို့ အဆင့်တက်နိုင်ရန်အတွက် ဆရာဖြစ်သူက ထူးခြားသည့် နေရာတစ်ခုသို့ အမြဲတမ်း စေလွှတ်လေ့ရှိသည်။
မည်သို့ပင်ဖြစ်စေ… မူလဝိညာဉ်အဆင့်သို့ စောစောစီးစီး အဆင့်တက်လိုက်သည်က သူ့အတွက် ပိုကောင်းလေ၏။
တတိယတောင်ထွတ်တွင် သူနှင့် တိုက်ခိုက်ခဲ့သည့် အနက်ရောင်ဝတ်လူ၏ နောက်ကွယ်မှ ပုဂ္ဂိုလ်နှင့် ထပ်မံရင်ဆိုင်ရသည့်အခါ အခြေအနေမည်သို့ရှိမည်ကို ကျန်းလန် မသိနိုင်ပေ။
ထိုလူအကြောင်းကို စဉ်းစားမိသည်နှင့်… ကျန်းလန် လက်ထဲမှ ဆေးလုံးကို ချက်ချင်း မြိုချလိုက်လေတော့၏။
မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို မြိုချလိုက်သည်နှင့် ထူးဆန်းသည့် တံခါးတစ်ချပ်အတွင်းသို့ ဝင်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။
တံခါးအနောက်ဘက်တွင် အသစ်သောလောကတစ်ခုကို တွေ့မြင်လိုက်ရသည့်အလား အမြင်များ ပွင့်လင်းကျယ်ပြန့်သွားသည်။
ကျင့်စဉ်လမ်းနှင့်ပတ်သက်သည့် သံသယများအားလုံး ပျောက်ကွယ်သွားပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်လာသည်။
ကျန်းလန် ချက်ချင်းပင် တန်ခိုးစွမ်းအားများကို ခန္ဓာကိုယ်ထဲတွင် စတင် လှည့်ပတ်လိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအားများက တစ်ပေါင်းတစ်စည်းတည်း သိပ်သည်းသွားပြီး အသစ်သောပြောင်းလဲမှုတစ်ခု ဖြစ်တည်လာသည်။
သဲမှုန်စလေးများ တဖြည်းဖြည်းသိပ်သည်းလာပြီး လူသားတစ်ယောက်၏ ပုံသဏ္ဍန်ထွက်ပေါ်လာသည့်အလား ဖြစ်သည်။
“ဝုန်း…”
ဝိညာဉ်စွမ်းအားများ လှုပ်ရှားပြောင်းလဲနေသည်။
ထို့နောက် တဖြည်းဖြည်း သိပ်သည်းသွားပြီး ဝိညာဉ်တစ်ခုလုံး လူသားတစ်ယောက် ပုံသဏ္ဍန် ပြောင်းလဲသွားသည်။
သူ၏ စိတ်များကလည်း တဖြည်းဖြည်း အမြင်ကျယ်ပြန့်လာသည်။ ေ၀ဝါးနေသည့်အရာအားလုံး တဖြည်းဖြည်း စတင်ကြည်လင်လာသည်။
အကန့်အသတ်ရှိသည့် ဝိညာဉ်စွမ်းအားများသည် ယခုတော့ အတိုင်းအဆမဲ့ ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။
မူလကပင် တည်ငြိမ်လွန်းသည့် ကျန်းလန်၏ စိတ်က လုံး၀ ဖျက်စီးမရအောင် တည်ငြိမ်သွား၏။
ဤသည်မှာ မူလဝိညာဉ်အဆင့်ပင် ဖြစ်သည်။
ကျန်းလန်၏ ရုပ်ခန္ဓာစွမ်းအား ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိသော်လည်း သူ၏ ဝိညာဉ်ခန္ဓာစွမ်းအားက ရုပ်ခန္ဓာစွမ်းအားထက် ကျော်လွန်သွားပြီ ဖြစ်သည်။
ကိုယ်တွင်းမိစ္ဆာထွက်ပေါ်လာလျှင်တောင်မှ အချိန်မီ ဖိနှိပ်သုတ်သင်နိုင်စွမ်း အလုံအလောက် ရှိသွားခဲ့ပေပြီ။
ကျန်းလန်၏ ဝိညာဉ်ခန္ဓာ ပိုမိုခံနိုင်ရည်ရှိလာသည်ဟု ခံစားရသည်။
ရုပ်ခန္ဓာ ဖျက်စီးခံလိုက်ရလျှင်တောင်မှ သူ၏ မူလဝိညာဉ်က ပျက်စီးသွားမည် မဟုတ်ပေ။ မူလဝိညာဉ် မပျက်စီးသရွေ့ အသက်ရှင်သန်ရန် အခွင့်အရေးက အမြဲရှိနေပေလိမ့်မည်။
မူလဝိညာဉ်က တဖြည်းဖြည်း သိပ်သည်းသည်ထက် သိပ်သည်းလာနေပြီး ပိုမိုကြံ့ခိုင်သန်စွမ်းလာလေသည်။
ထိုအခြေအနေတွင် ကျန်းလန် အချိန်ကြာမြင့်စွာ ကျင့်ကြံနေခဲ့လေသည်။
ထို့နောက်… နွားရိုင်းငါးကောင်စွမ်းအားမှာ ချက်ချင်းပင်နွားရိုင်းခြောက်ကောင်စွမ်းအားသို့ အဆင့်မြင့်တက်သွားသည်။
ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားသည်လည်း အသစ်သောအဆင့်တစ်ခုသို့ အသွင်ကူးပြောင်းမှု စတင်နေ၏။
ဤသည်မှာ … မူလဝိညာဉ်အဆင့်၏ ထူးခြားချက်များပင် ဖြစ်သည်။
ရွှေပြဒါးအမြုတေအဆင့်က ကလေးငယ်တစ်ယောက်ကို လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲပေးသည့်အလား ဖြစ်သည်။
မူလဝိညာဉ်အဆင့်ကတော့ လူငယ်တစ်ယောက်ကို အရွယ်ရောက်သူတစ်ယောက်ပမာ ရင့်ကျက်လာစေသည်။
မူလဝိညာဉ်အဆင့်ပြီးလျှင် မရှိမှုအာကာသအဆင့် ရှိသေး၏။
သို့သော်… မူလဝိညာဉ်အဆင့်မှာပင် သူ၏ စိတ်စွမ်းအားက အာကာသဗလာနယ် စကြာဝဠာဟင်းလင်းပြင်သို့ ဆက်သွယ်ရန် အစပြုခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ အင်မော်တယ်တစ်ပါးဖြစ်လာရန်အတွက် တံခါးတစ်ချပ်ကို ရှာဖွေတွေ့ရှိခြင်းပင် ဖြစ်သည်။
အင်မော်တယ်တစ်ပါးဖြစ်လာရန်အတွက် များစွာသော အခက်အခဲများနှင့် စမ်းသပ်ခံရခြင်းများကို ကျော်ဖြတ်ရပေမည်။
ယခု… မူလဝိညာဉ်အဆင့်သို့ အဆင့်တက်သွားသည့်တိုင် ကျန်းလန် မရပ်မနား ဆက်လက်ကျင့်ကြံရဦးမည် ဖြစ်သည်။ ထို့နောက်… မရှိမှုအာကာသအဆင့်သို့ တက်ရောက်နိုင်ရန် အခွင့်အလမ်း ရှာဖွေရမည်။
အင်မော်တယ်ဖြစ်ရန် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိလာပြီ ဖြစ်သည့်တိုင် ရှေ့ဆက်ရမည့် အနာဂတ်လမ်းက ပိုမိုခက်ခဲလာပြီ ဖြစ်၏။
မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို အသုံးပြုလိုက်ရသောကြောင့် ကျန်းလန် နှမျောတသဖြစ်မိသော်လည်း နောင်တတော့ မရခဲ့ပေ။
ယခု သူရရှိထားသည်က စစ်မှန်သည့် တန်ခိုးစွမ်းအား ဖြစ်၏။
နဂါးမျိုးနွယ်ဖြစ်သည့် လုန်ယွိကတော့ ကျင့်ကြံခြင်းအဆင့်တက်သည်မှာ လျှင်မြန်လွန်းလှသည်။ ထို့ကြောင့်… ရန်သူက သူမကို ပစ်မှတ်ထားလျှင်လည်း ခုခံကာကွယ်နိုင်ပေလိမ့်မည်။
သို့သော်… ရန်သူကသာ ကျန်းလန်ကို ပစ်မှတ်ထားလာပါက ကျင့်ကြံခြင်းအဆင့် မြင့်မားနေခြင်းမရှိလျှင် သေချာပေါက် အန္တရယ် ကျရောက်ရပေလိမ့်မည်။
အနက်ရောင်ဝတ်လူ၏ နောက်ကွယ်မှ ကြိုးကိုင်သူသာ ရုတ်တရက် သူ့ကို သံသယဝင်ပြီး ပစ်မှတ်ထားလာခဲ့လျှင်… ထိုအချိန်မှ မူလဝိညာဉ်အဆင့်သို့ အဆင့်တက်ရန် ကြိုးစားနေ၍ အချိန်မမီနိုင်တော့ပေ။
ကျန်းလန် ထိုအကြောင်းများကို သိပ်ပြီး မစဉ်းစားတော့ပေ။
ယခု… သူ၏ အနာဂတ်ရည်မှန်းချက်က မရှိမှုအာကာသအဆင့်သို့ တက်ရောက်ရန် ဖြစ်သည်။ ထို့ကြောင့်… စနစ်တွင်မှတ်ပုံတင်ရန် နေရာအသစ်တစ်ခု ရှာဖွေရပေမည်။
“ဟို… အဘိုးကြီးရဲ့ သေရည်ဆိုင်ကိုသွားပြီး စနစ်မှာ မှတ်ပုံတင်ရမယ်… ၊ ဆရာ့အတွက်လည်း အကောင်းစားသေရည်တစ်အိုး လက်ဆောင်ဝယ်ပေးလိုက်ဦးမယ်…”
“နှစ်ပေါင်း (၃၀)တောင်ကြာပြီဆိုတော့ အဲဒီသေရည်ဆိုင်တောင် ရှိပါဦးမလား မသိဘူး…”
စဉ်းစားပြီးနောက် ကျန်းလန် ခွန်လွန်တောင်ခြေသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်လေတော့၏။