အခန်း (၃၂) ရောင်စဉ် (၇) မျိုး နတ်တန်ခိုး
နဝမတောင်ထွတ်မှ တပည့်က သက်တံ့တိမ်တိုက်ကျင့်စဉ်ကို တတ်မြောက်ရန်မှာ မဖြစ်နိုင်ကြောင်း မုရှိုးနားလည်လိုက်သည်။
ထိုကျင့်စဉ် မည်မျှခက်ခဲကြောင်းနှင့် သင်ယူနိုင်သူလည်း အနည်းငယ်မျှသာရှိကြောင်း သူမလည်း အနည်းငယ် ကြားဖူးထားသည်။
ထိုကျင့်စဉ်ကို သင်ယူနိုင်ရန်အတွက် စိတ်စွမ်းအားကောင်းမွန်ခြင်းအပြင် အခြားအချက်များလည်း များစွာ လိုအပ်သေးသည်။
ထို့ပြင်… သက်တံ့တိမ်တိုက်ကျင့်စဉ်ကို သင်ယူရန် အချိန်အလွန်ပေးရလေသည်။ ကျင့်ကြံသူများဆိုသည်က ကျင့်ကြံရင်းဖြင့်ပင် အားလပ်ကြသူများ မဟုတ်လေရာ ထိုကျင့်စဉ်ကိုသင်ယူရန် အဘယ်မှာ အချိန်ကုန်ခံနိုင်ကြပါမည်နည်း။
ပါရမီရှိသည့် လူအနည်းငယ်က သင်ယူနိုင်မည်ဖြစ်သော်လည်း သာမန်မျှ အရည်အချင်းရှိသည့် တပည့်တစ်ယောက်ကတော့ အချိန်များစွာအကုန်ခံပြီး ထိုကျင့်စဉ်ကို သင်ယူနိုင်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း ခွန်လွန်တောင်တွင် သက်တံ့တိမ်တိုက်ကျင့်စဉ်ကို သင်ယူနိုင်သူ အနည်းငယ်မျှသာရှိခြင်း ဖြစ်၏။
မုရှိုးက ခပ်တိုးတိုးလေသံဖြင့်…
“အဲဒီ သက်တံ့တိမ်တိုက်ကျင့်စဉ်က ခက်ခဲတဲ့ ကျင့်စဉ်တစ်ခုပဲလေ… သူ မကျင့်ကြံနိုင်တာ မဆန်းပါဘူး… ၊ ကျွန်မက စကားရှိလို့သာ ပြောလိုက်တာပါ… ၊ သူက နဝမတောင်ထွတ်က တပည့်ဆိုတော့ ကျွန်မက တစ်ခုခု ထူးခြားမယ်ထင်နေတာ…”
ကျင်းထင်က…
“တကယ်တော့… သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံဖို့ စိတ်စွမ်းအားကောင်းဖို့ တစ်ခုတည်းနဲ့ မရဘူး ၊ တကယ်အဓိကထားပြီး ကျင့်ကြံရမှာက ကောင်းကင်ပေါ်က တိမ်တိုက်တွေပဲ… ၊ တိမ်တိုက်တွေရဲ့ နက်ရှိုင်းတဲ့အဓိပ္ပါယ်ကို နားလည်အောင် ကြိုးစားနိုင်ဖို့ လိုအပ်တယ်လို့ ပြောကြတယ်… ၊ ဒါပေမဲ့… တိမ်တိုက်တွေကို နားလည်ဖို့ဆိုတာ ဘယ်လိုုလုပ် ဖြစ်နိုင်မှာလဲ… ၊ ဒါကြောင့် လူနည်းနည်းလောက်ပဲ အဲဒီကျင့်စဉ်ကို ကျင့်ကြံနိုင်ကြတာပေါ့…”
မုရှိုးက…
“နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးက အသက်လည်း ငယ်ပါသေးတယ်… သူ မကျင့်ကြံနိုင်လည်း ဘာမှ မဖြစ်ပါဘူး…”
ကျင်းထင်က…
“ပြောကြတာတော့… နဝမတောင်ထွတ်က တောင်သခင်ကလည်း အဲဒီကျင့်စဉ်ကို အောင်မြင်သွားတာ ကံစွပ်သွားတာတဲ့…”
လုန်ယွိက အေးဆေးသည့်လေသံဖြင့်…
“ဟုတ်ပ… ဒီတော့… နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေး ဒီကျင့်စဉ်ကို မသိလည်း ဘာမှ မထူးဆန်းပါဘူး ၊ သူက အဲဒီကျင့်စဉ်ကို ကျင့်ကြံထားတယ်ဆိုရင်မှ ထူးဆန်းနေဦးမယ်…”
လုန်ယွိ စကားဝင်ပြောလိုက်ခြင်းက ကျန်းလန်ကို ကာကွယ်ပေးလိုသည့် ရည်ရွယ်ချက် မရှိခဲ့ပေ။
သူမက အမှန်တရားကို ထောက်ပြလိုက်ခြင်းသာ ဖြစ်သည်။
အမှန်တော့ သက်တံ့တိမ်တိုက်ကျင့်စဉ်က နဝမတောင်ထွတ်မှ ပိုင်ဆိုင်သည့် ကျင့်စဉ် မဟုတ်ပေ။ ထိုကျင့်စဉ်က ခွန်လွန်တောင်တစ်ခုလုံးနှင့် သက်ဆိုင်သည့် ကျင့်စဉ် ဖြစ်သည်။
သို့သော်… နောက်ပိုင်း မည်သူမှ မကျင့်ကြံကြသည့်အတွက် နဝမတောင်ထွတ်မှ တောင်သခင်က ယူဆောင်သွားပြီး ကျင့်ကြံခဲ့သဖြင့် နဝမတောင်ထွတ်သို့ ရောက်ရှိနေရခြင်း ဖြစ်သည်။
ထို့ကြောင့်… ထိုကျင့်စဉ်ကို မကျင့်ကြံနိုင်သောကြောင့် ကျန်းလန်ကို အရည်အချင်းမရှိသူတစ်ယောက်ဟု ထင်မြင်ရန်မှာ မသင့်တော်လှပေ။
လုန်ယွိက ပုံမှန်သာ ပြောလိုက်ခြင်းဖြစ်ပြီး ကျန်းလန်ဘက်မှ ပုဂ္ဂိုလ်ရေးဘက်လိုက်မှု မပါဝင်ပေ။
ကျင်းထင်က ခေါင်းညိတ်လိုက်ရင်း…
“အမှန်ပဲ… ပြီးတော့ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးရဲ့ အရည်အချင်းကလည်း သာမန်ပဲ မဟုတ်လား… ၊ ဒီတော့ တခြားကျင့်စဉ်တွေသင်ယူဖို့ထက် ကျင့်ကြံခြင်းအဆင့်တက်ဖို့ပဲ အချိန်တိုင်း ကြိုးစားအားထုတ်နေရမှာ… ၊ ဒီ သက်တံ့တိမ်တိုက်ကျင့်စဉ်ကို အချိန်အများကြီးပေးပြီး ကျင့်ကြံမယ်ဆိုရင် သူ… ဉာဏ်မရှိရာကျမှာပေါ့…”
လုန်ယွိက မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ကျင်းထင်ကိုသာ တစ်ချက်လှမ်းကြည့်လိုက်သည်။
မုရှိုးက ကောင်းကင်ထက်သို့ မော့ကြည့်ပြီး စကားဆက်ပြောလိုက်သည်။
“အင်း… ကျွန်မကြားဖူးတာတော့… တစ်စုံတစ်ယောက်က သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံနေတယ်ဆိုရင် ကောင်းကင်ထက်မှာ သက်တံ့တစ်စင်းပေါ်လာလေ့ရှိတယ်လို့ ပြောကြတယ်… အဲဒီသက်တံ့က တောက်ပပြီး …”
ပြောနေရင်းဖြင့်… ကောင်းကင်ထက်သို့ မော့ကြည့်နေသည့် မုရှိုးတစ်ယောက် အံ့အားသင့်ပြီး ကြက်သေသေသွားလေသည်။
သူမက အံ့သြတကြီးဖြင့်…
“ဟို… ဟိုမှာ… ကောင်းကင်ပေါ်မှာ သက်တံ့မဟုတ်လား… ဒီနေ့ မိုးလည်းမရွာဘဲ သက်တံ့က ဘယ်လိုဖြစ်လို့ ကောင်းကင်မှာ ပေါ်နေရတာလဲ…”
သူမ၏ စကားကြောင့် ကျင်းထင်နှင့် လုန်ယွိလည်း ကောင်းကင်ထက် မော့ကြည့်လိုက်ကြသည်။
တိမ်များကို ထိုးခွင်းပြီး ကောင်းကင်ထက်တွင် တွဲလဲခိုနေသည့် သက်တံ့တစ်စင်းကို သူတို့အားလုံး တွေ့မြင်လိုက်ကြရသည်။
ထိုသက်တံ့က မိုးရွာပြီးစ ကောင်းကင်ထက်တွင် တောက်ပနေသည့် သက်တံ့နှင့် အတူတူပင် ဖြစ်၏။
သူတို့သာ သက်တံ့တိမ်တိုက်ကျင့်စဉ်အကြောင်းကို ဆွေးနွေးမနေကြဘူးဆိုလျှင် ကောင်းကင်ထက်တွင် သက်တံ့တစ်စင်းတွေ့ရ၍လည်း အံ့အားသင့်မိကြမည် မဟုတ်ပေ။
သို့သော်… ယခုတော့ သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံလျှင် ဖြစ်ပေါ်လာမည့် ထူးခြားမှုများအကြောင်း ဆွေးနွေးနေကြစဉ် သက်တံ့ကို ရုတ်တရက် တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။
ထို့ကြောင့်… ပုံမှန်ထက် အံ့အားသင့်မိသွားကြပြီး အဖြစ်အပျက်ကို လက်ခံနိုင်ရန်လည်း ခက်ခဲနေကြသည်။
မုရှိုးက…
“ဒါ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်မှာပါ… နဝမတောင်ထွတ်မှာ ခဏပေါ်လာတဲ့ သက်တံ့ပဲ ဖြစ်မှာပေါ့…”
သူတို့ (၃)ယောက်အပြင်… နဝမတောင်ထွတ်၏ တောင်သခင်နှင့် ဂိုဏ်းတူမောင်လေးသာလျှင် ဤနေရာတွင် ရှိပေလိမ့်မည်။
ယခုအချိန်… သက်တံ့တိမ်တိုက်ကျင့်စဉ်ကို မည်သူမှ ကျင့်ကြံနေကြမည် မဟုတ်ပေ။
ကျင်းထင်က တစ်ချက်မျှ စဉ်းစားနေပြီးနောက်…
“ကြည့်ရတာ…နဝမတောင်ထွတ်က တောင်သခင်များ တန်ခိုးပြနေတာလား… ၊ ဂိုဏ်းတူညီလေးကတော့ တန်ခိုးပြနေတာ မဖြစ်နိုင်ဘူး… ၊ သူက ခုလောက်ဆို ကျုပ်တို့ကို ကြိုဆိုဖို့ တောင်အောက်ဆင်းလာရဦးမှာလေ… ၊ ဘယ်လိုလုပ် ကျင့်ကြံချိန် ရှိမလဲ…”
လုန်ယွိက…
“ဒါဖြင့်… ဒီသက်တံ့… ကောင်းကင်မှာ ပေါ်နေတာ တိုက်ဆိုင်မှုပေါ့လေ…”
မုရှိုးက ပြုံးလိုက်ရင်း…
“အင်းလေ… အဲဒီလိုပဲ ဖြစ်မှာပေါ့…”
သူမ အတွေးလွန်မိသည်ဟုသာ မုရှိုးတွေးလိုက်မိသည်။
“သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံမယ်ဆိုရင် ကောင်းကင်ထက်မှာ သက်တံ့ကို မြင်ရတဲ့အပြင်… တခြား ဘာထူခြားချက်တွေ ရှိသေးလဲ…”
လုန်ယွိက ရုတ်တရက် မေးမြန်းလိုက်၏။
“ဘာတွေဖြစ်လာဦးမှာလဲ… ဆိုတော့…”
မုရှိုးက ခဏမျှ စဉ်းစားနေရင်း…
“ပြောကြတာတော့… အဲဒီကျင့်စဉ်ကို ကျင့်ကြံနေတဲ့သူရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း သက်တံ့ရောင်စဉ် (၇)မျိုး တောက်ပနေမယ်လို့ ဆိုကြတယ်…”
လုန်ယွိက သူတို့ရှေ့မှ လူရိပ်တစ်ခုကို လက်ညှိုးထိုးပြလိုက်ရင်း…
“အဲဒီလိုမျိုးလား…”
မုရှိုးနှင့် ကျင်းထင်တို့ လုန်ယွိ ညွှန်ပြရာနေရာသို့ ပြိုင်တူကြည့်လိုက်ကြသည်။
ထိုအခါ… သူတို့ ရှေ့နားဆီတွင် မတ်တတ်ရပ်နေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ကြရလေ၏။
ထိုလူငယ်က ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။
ကျောထိရှည်လျားသည့် ဆံနွယ်ရှည်တို့က လေထဲတွင် အနည်းငယ် လူးလွန့်နေပြီး ထိုသူ၏ ခန္ဓာကိုယ်မှ သက်တံ့ရောင်စဉ် (၇)မျိုး ဖြာလင်းလျှက် ရှိသည်။
သို့သော်… ထိုမြင်ကွင်းကို ဖျတ်ခနဲ လျှပ်တပြက်မျှသာ တွေ့မြင်လိုက်ရပြီး ချက်ချင်းပင် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
မုရှိုးနှင့် ကျင်းထင်တို့မှာ ထူးဆန်းလှသော မြင်ကွင်းကို တွေ့မြင်လိုက်ရသောကြောင့် အတော်လေး အံ့သြမှင်တက်သွားကြသည်။
သူတို့တွေ့မြင်လိုက်ကြသည့်မြင်ကွင်းက … အမှန်တကယ် မဟုတ်ဘူးမလား…။
လူတစ်ယောက်က သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံနေသည်ကို သူတို့ တကယ်ပဲ တွေ့မြင်ခဲ့ကြရသည်လား…။
သူတို့တွေ့မြင်လိုက်ရသည့် မြင်ကွင်းက ခဏတာမျှသာ ဖြစ်လေရာ … အမြင်များ မှားလေရော့သလားဟု နဝေတိမ်တောင် ဖြစ်နေကြသည်။
သက်တံ့တိမ်တိုက်ကျင့်စဉ် ကျင့်ကြံနေသည့် ထူးခြားသော နိမိတ်ပုံကို အမှန်တကယ် တွေ့မြင်ခဲ့ကြရသည့်တိုင် မယုံကြည်နိုင်ခဲ့ကြပေ။
သူတို့ရှေ့မှ လူငယ်က အလွန်ငယ်ရွယ်သေးသည်။
လူငယ်၏ ကျင့်ကြံခြင်းသက်တမ်းမှာ အလွန်ဆုံးရှိမှနှစ်ပေါင်း (၃၀) ၊ (၄၀) ခန့်သာ ရှိဦးမည်။ ပြီးတော့… အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ခါစ မျှသာ ရှိသေးသည်။
သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံနေရာမှ ကျန်းလန် သတိပြန်ဝင်လာလေသည်။
ယခုတစ်ကြိမ် ကျင့်ကြံခြင်းတွင် သက်တံ့တိမ်တိုက်ကျင့်စဉ်ကို အသစ်သောနားလည်ခြင်းဖြင့် နားလည်သွားသည်ဟု ကျန်းလန် ခံစားနေရသည်။
အချိန်ရမည်ဆိုလျှင် ထိုကျင့်စဉ်ကို သူမွေးထားသည့် ဝိညာဉ်သားရဲဥလေးပေါ်တွင် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်… သားရဲဥလေး အကောင်ပေါက်လာမည်ဟုတော့ မျှော်လင့်မထားသေးပေ။
ထိုအချိန်… သူ့ရှေ့တွင် ရပ်နေကြသည့် လူငယ် (၁)ယောက်နှင့် မိန်းမပျို (၂)ယောက်ကို ကျန်းလန် သတိထားလိုက်မိသည်။ သူတို့အားလုံး၏ မျက်နှာများတွင် အံ့သြရိပ်များ အနည်းငယ် ယှက်သန်းနေ၏။
မိန်းမပျိုတစ်ယောက်ကိုတော့ ကျန်းလန် ချက်ချင်း သတိထားလိုက်မိသည်။
လုန်ယွိ…
ကျန်းလန် သူမကို မှတ်မိနေဆဲ ဖြစ်သည်။
လုန်ယွိ၏ မျက်နှာထက်မှ သွေးနီရောင်အနာရွတ်က လုံး၀ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ဒဏ်ရာ လုံး၀ ပျောက်ကင်းသွားပြီ ဖြစ်ပေလိမ့်မည်။
ထို့ပြင်… နှစ်ပေါင်း (၄၀) ကြာမြင့်ခဲ့သည့်တိုင် … လုန်ယွိ၏ ကျော့ရှင်းလှပမှုက နဂိုအတိုင်းပင် ဖြစ်၏။ ထို့အတူ… သူမ၏ မျက်နှာသည်လည်း အရင်ကအတိုင်းပင် တည်ငြိမ်ပြီး ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်သည်။
ကျန်လူ (၂)ယောက်ကိုတော့ ကျန်းလန် တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိပေ။
သို့သော်… ထိုသူ (၃)ယောက်လုံးက ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားကြကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။ ထို့ပြင်… သူတို့ (၃)ယောက်လုံး၏ ရုပ်ခန္ဓာက အလွန် ကြံ့ခိုင်သန်မာကြကြောင်း ကျန်းလန် သိရှိလိုက်သည်။
ကျန်းလန်က သူတို့ (၃)ယောက်ကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးလိုက်ရင်း…
“ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မတို့ကို ကျန်းလန် နှုတ်ဆက်ပါတယ်…”
ကျန်းလန်၏ လေသံက နှိမ့်ချခြင်းလည်းမရှိသလို မောက်မာခြင်းလည်းမရှိပေ။ ပုံမှန်အတိုင်းပင် ဖြစ်၏။
ဆရာဖြစ်သူက ကျန်းလန်ကို ဧည့်သည်များ သွားကြိုရန်သာ မှာလိုက်ပြီး ဧည့်သည် ဘယ်နှစ်ယောက်လာမည်လဲ မပြောလိုက်ပေ။
ထို့ကြောင့် ကျန်းလန်က …
“ဆရာက ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မတို့ကို ကြိုဆိုဖို့ လွှတ်လိုက်တာပါ… ၊ အားလုံးပေါင်း (၃)ယောက်တည်းလား… နောက်ထပ်လာဖို့များ ရှိသေးလားဗျ…”
လုန်ယွိက…
“ငါတို့ (၃)ယောက်ပါပဲ… ကျေးဇူးတင်ပါတယ် ဂိုဏ်းတူမောင်လေး…”
ကျန်းလန်က ခေါင်းညိတ်လိုက်ပြီး …
“ဒါဖြင့် ကျွန်တော့်နောက်ကိုလိုက်ခဲ့ကြပါ …”
ထို့နောက် ကျန်းလန်က ရှေ့မှ ဦးဆောင်လမ်းပြကာ တောင်ပေါ်သို့ တက်သွား၏။
ကျန်းလန် ရှေ့မှ ထွက်ခွာသွားသည်နှင့် ကျန်လူများက နောက်မှ လိုက်ပါသွားကြသည်။
ဂိုဏ်းတူမောင်ငယ်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်သော်လည်း သူတို့က ဧည့်သည်များဖြစ်လေရာ အိမ်ရှင်က ဦးဆောင်သည်ကို လက်ခံရမည် ဖြစ်သည်။
ကျန်းလန်နောက်မှ လိုက်လာကြစဉ် ကျင်းထင်နှင့် မုရှိုးတို့မှာ တစ်စုံတစ်ခုကို မေးမြန်းချင်နေကြဟန်ရှိသည်။ သို့သော်… မေးမြန်းရန်လည်း ချီတုံချတုံဖြစ်နေကြပြန်၏။
စောစောက ကျန်းလန်၏ ခန္ဓာကိုယ်တွင် သက်တံ့ရောင်စဉ် (၇)မျိုး တောက်ပနေသည့် မြင်ကွင်းအကြောင်းကို သူတို့ မေးမြန်းချင်နေကြသည်။
ထိုတပည့်က တကယ်ပဲ သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံနေခဲ့သည်လား…။
လုန်ယွိတစ်ယောက်ကတော့ ဘာကိုမှ အမှုမထားသည့်အလား အေးအေးဆေးဆေးပင် လမ်းလျှောက်ရင်း လိုက်ပါလာသည်။
နဝမတောင်ထွတ်မှ မောင်ငယ်၏ ကျင့်ကြံခြင်းက သူမနှင့် သိပ်ပြီး သက်ဆိုင်ခြင်းမရှိဟု ခံယူထားလေရာ စပ်စုလိုခြင်းလည်း မဖြစ်မိပေ။
မုရှိုးက…
“ဂိုဏ်းတူမောင်လေး… အစ်မတို့ ဒီကို ဘာကိစ္စ ရောက်လာရလဲဆိုတာ သိလား…”
ကျန်းလန်က အေးဆေးစွာပင် ခေါင်းခါရမ်းလိုက်ရင်း…
“ဆရာက ပြောပြမထားဘူး…”
မရဏဂူသို့ ဧည့်သည်များ လာရောက်ရသည့် အကြောင်းရင်းကို ကျန်းလန် အမှန်တကယ် သိရှိခြင်း မရှိပေ။
အမှန်တော့… မရဏဂူက ကောင်းသည့်နေရာတစ်ခု မဟုတ်ပေ။ အချိန်ကြာမြင့်စွာ နေထိုင်မည်ဆိုလျှင် လူတစ်ယောက်၏ ကျင့်ကြံခြင်းကိုပင် ထိခိုက်သွားနိုင်သည်။
ဤဂိုဏ်းတူအစ်ကိုနှင့် ဂိုဏ်းတူအစ်မများအနေဖြင့် ကျန်းလန်ကဲ့သို့ ခွန်လွန်စိတ်ကျမ်းကို ကျင့်ကြံမထားဘူးဆိုလျှင် မရဏဂူထဲမှ အငွေ့အသက်များ၏ ရိုက်ခတ်မှုကြောင့် အန္တရယ်ကင်းနိုင်မည် မဟုတ်ပေ။
လုံလောက်သည့် အကာအကွယ် မရှိလျှင် မရဏအငွေ့အသက်များကြောင့် စိတ်ဖောက်ပြန် ရူးသွပ်သွားမည် ဖြစ်သည်။ ထိုအခါ တစ်ဘဝလုံး ကျင့်ကြံခဲ့သမျှ ပျက်စီးသွားပေလိမ့်မည်။
မုရှိုးက…
“အစ်မတို့က မရဏဂူအဝင်ဝမှာ လနည်းနည်းလောက် ကြာတဲ့အထိ နေကြမှာ… ဒီတော့… မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ ဂိုဏ်းတူမောင်လေးရေ…”
ကျန်းလန်က မုရှိုးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းခါရမ်းလိုက်သည်။
“မရဏဂူအဝင်ဝမှာ နေမယ်ဆိုရင်တော့ ကျွန်တော့်ကို ဒုက္ခပေးရာ မရောက်ပါဘူး… ဂိုဏ်းတူအစ်မ ၊ ကျွန်တော်က မရဏဂူထဲမှာ နေတာလေ… ၊ ဆရာက အမိန့်ပေးစေခိုင်းတာမျိုးမရှိရင် ကျွန်တော်က ဂူထဲကတောင် ထွက်တာမဟုတ်ဘူး…”
မုရှိုး အံ့အားသင့်သွားလေသည်။
ကျင်းထင်နှင့် လုန်ယွိလည်း တအံ့တသြဖြစ်သွားကြ၏။
မရဏဂူက မည်သို့သော နေရာဖြစ်ပါသနည်း…။
ကျန်းလန် ဤမျှ အချိန်အကြာကြီး မရဏဂူထဲတွင် နေထိုင်ခဲ့သည်ဆိုလျှင် တကယ်ပဲ ရူးသွပ်မသွားခဲ့ဘူးလား…။
မည်မျှပင် စိတ်စွမ်းအားကောင်းသူတစ်ယောက်ဖြစ်ပါစေ ထိုမျှအထိ မဖြစ်နိုင်ဟု သူတို့အားလုံး တွေးလိုက်မိကြသည်။ ကျင်းထင်နှင့် မိန်းမပျို (၂)ယောက်မှာ အံ့အားအသင့်ကြီးသင့်လျှက် ရှိကြလေတော့၏၊
သို့မဟုတ်… ကျန်းလန်သည် အစကတည်းက ရူးသွပ်ပြီးသားများ ဖြစ်နေရော့သလား… ဟု တွေးလိုက်မိကြသည်။
ကျန်းလန်၏ စကားကိုကြားပြီးသည်နှင့် အခြားသူများ စကားပင် ဆက်မပြောနိုင်ကြတော့ဘဲ ဆွံ့အလျှက် ရှိကြ၏။
စောစောက ရောင်စဉ် (၇)မျိုး တောက်ပနေသည့် အကြောင်းကိုပင် မေးမြန်းရန် မေ့လျော့သွားကြလေပြီ…။
သိပ်မကြာမီ…
သူတို့အားလုံး မရဏဂူ အဝင်ဝသို့ ရောက်ရှိလာကြသည်။
ကျန်းလန်က…
“မရဏဂူကိုတော့ ရောက်ပါပြီ… ၊ ဒါနဲ့… ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မတို့… အထဲဝင်ပြီးတော့ရော လေ့လာကြည့်ချင်ကြသေးလား…”
ကျန်းလန်၏ အမေးစကားကြောင့် ကျင်းထင် ၊ မုရှိုးနှင့် လုန်ယွိတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
မရဏဂူသို့ ရောက်လာမှတော့ ခဏမျှ ဝင်ရောက်လေ့လာသင့်သည်ဟု တွေးလိုက်ကြ၏။
ကျင်းထင်က ခေါင်းညိတ်လိုက်ရင်း…
“မင်းပဲ ရှေ့ကလမ်းပြပေးပါ… ဂိုဏ်းတူညီလေး…”
ကျင်းထင်က ကျန်းလန်ကို လေးလေးစားစားပင် ဆက်ဆံလေသည်။
ကျန်းလန်က ပါရမီရှင်တစ်ယောက် မဟုတ်ပေ။ ထို့ပြင်… သူတို့အားလုံးထက်လည်း ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလေသည်။
သို့သော်… ကျန်းလန်က နဝမတောင်ထွတ်၏ ပထမဆုံး ဆက်ခံသူတပည့်ဖြစ်၏။ ထို့ကြောင့်… ကျန်းလန်၏ ဂုဏ်သိက္ခာအရ သူတို့ မလေးမစား မလုပ်ရဲပေ။
ကျန်းလန် တစ်စုံတရာ စိတ်ခုသွားပါက မရဏဂူအဝင်ဝတွင် ကျင့်ကြံမည့်အခွင့်အရေး ငြင်းပယ်ခံရနိုင်ဖွယ်ရှိသည် မဟုတ်ပါလား။
ကျန်းလန်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး မရဏဂူထဲသို့ လမ်းပြခေါ်ဆောင်သွားသည်။
“ဂိုဏ်းတူအစ်ကိုနဲ့ဂိုဏ်းတူအစ်မတို့… အခုမှ ပထမဆုံးအကြိမ် မရဏဂူထဲ ဝင်ဖူးတာဆိုရင်တော့ အကာအကွယ်တစ်ခုခု အသုံးပြုတာ ကောင်းလိမ့်မယ် ၊ မဟုတ်ရင် မရဏအငွေ့အသက်တွေကြောင့် အန္တရယ် ရှိနိုင်ပါတယ်…”
ရှေ့ဆုံးမှ လမ်းပြသွားရင်း ကျန်းလန်က စေတနာထားကာ သတိပေးစကား ဆိုလိုက်သည်။
လုန်ယွိတို့ (၃)ယောက်ကလည်း မရဏအငွေ့အသက်များကို ကာကွယ်သည့် မှော်ဝင်ပစ္စည်းများကို အသုံးပြုကာ ကျန်းလန်နောက်သို့ လိုက်ပါသွားကြသည်။
သို့သော်… မရဏဂူထဲသို့ ဝင်ဝင်ချင်းမှာပင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။ အဘယ်ကြောင့်ဆိုသော်… များပြားလှသည့် မရဏအငွေ့အသက်များက သူတို့ရှိရာသို့ တစ်ရှိန်ထိုး ဝင်ရောက်ရိုက်ခတ်လာသောကြောင့် ဖြစ်၏။
အကာအကွယ်သာ မပါရှိပါက အကြီးအကျယ် ထိခိုက်ခြင်းကို ခံစားရပေလိမ့်မည်။
ဤသို့သောနေရာမျိုးတွင် အချိန်အကြာကြီးနေထိုင်ရန်မပြောနှင့် တစ်ခဏမျှနေထိုင်ရန်ပင် သူတို့ မတွေးရဲကြပေ။ ယခု ခဏတာမျှ မရဏဂူထဲဝင်ရောက်လေ့လာခြင်းကပင် သူတို့ကို အတော်လေး ခံရခက်စေသည်။
သို့သော်… ရှေ့မှ ဦးေဆောင်သွားသည့် ကျန်းလန်ကို လှမ်းကြည့်မိကြသည့်အခါမှာတော့… သူတို့အားလုံး မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြရလေတော့၏။