အဆိပ်ရေအိုင်ဆိုသည်က အန္တရာယ်ထူပြောလှသည့်နယ်မြေတစ်ခုဖြစ်သလို တစ်ချိန်တည်းမှာ အခွင့်အရေးတွေဖြင့်ပြည့်နှက်နေသည့် နေရာတစ်ခုလည်းဖြစ်သည်။
လွန်ခဲ့သောအတိတ်တစ်ချိန်တုန်းက အဆိပ်ရေအိုင်အတွင်း၌ စွမ်းအားမြင့်အင်အားစုများစွာတည်ရှိခဲ့သည်။ အင်အားစုတစ်ခုစီတိုင်းကကို အဆိပ်ရေအိုင်နဲ့ထိစပ်နေသည့် အင်ပါယာတွေထက် ပို၍အင်အားတောင့်တင်းခဲ့ကြသည်။ မသိနိုင်သည့်အကြောင်းပြချက်အချို့ကြောင့် အဆိပ်ရေအိုင်အတွင်းမှ အင်အားစုတွေတစ်ခုပြီးတစ်ခု ကွယ်ပျောက်သွားခဲ့ရသလို အဆိပ်ရေအိုင်ထဲမှာလည်း မူလမှော်သားရဲတွေတစ်နေ့တစ်ခြား ပိုလို့တိုးပွားလာခဲ့ရကာ ဒီနေ့အချိန်မှာ ၎င်းနေရာက မူလမှော်သားရဲတွေရဲ့ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သို့ပေတည့် ဒီအင်အားစုတွေပျောက်ကွယ်သွားခဲ့ရသော်ငြား သူတို့ပိုင်ဆိုင်ဖူးခဲ့တဲ့ အရာအချို့ကသေချာပေါက်ကျန်ရစ်နေခဲ့ရကာ များစွာသောမူလဆရာသခင်တွေက ၎င်းအရာတွေကို ရယူပိုင်ဆိုင်နိုင်ဖို့ရန်အတွက် အလုအယက်ကြိုးပမ်းလာခဲ့ကြသည်။
အဆိပ်ရေအိုင်အတွင်းမှာ ကံကောင်းတဲ့လူအနည်းငယ်က ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းကို ရံဖန်ရံခါမှသာရယူပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်ကာ သူတို့ကိုကောင်းကင်ပေါ်သို့တက်ရန် ခြေတစ်လှမ်းပိုနီးစပ်သွားစေမည်ဖြစ်သလို သူတို့ရဲ့နာမည်ကိုလည်း နေရာအနှံ့ပျံ့နှံ့သွားစေလိမ့်မည်ဖြစ်သည်။
အချိန်တိုင်းမှာ မူလဆရာသခင်များစွာက အဆိပ်ရေအိုင်အတွင်း၌ ခြေချင်းလိမ်နေခဲ့ကြပြီး အန္တရာယ်ကြားထဲမှာစွန့်စားကာ ကံကြမ္မာရဲ့ကောင်းချီးပေးမှုကိုရရှိနိုင်တဲ့လူတစ်ယောက်ဖြစ်လာဖို့မျှော်လင့်ချက်နဲ့ သူတို့အားလုံးက အခွင့်အရေးတွေကို ရှာဖွေနေခဲ့ကြသည်။
သို့ပေမဲ့လည်း လူများစွာထဲကမှ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကိုရရှိခဲ့တဲ့လူက အနည်းငယ်မျှသောအရေအတွက်သာရှိကာ အများစုက ဒီလိုရှုပ်ထွေးကာသွေးစွန်းတဲ့နေရာမှာ သူတို့ရဲ့အသက်ကို ထာဝရမြှုပ်နှံခဲ့ကြရသည်။
…
အဆိပ်ရေအိုင်ဆိုသည်က ရှုပ်ထွေးကာ တစ်ဦးကိုတစ်ဦးသတ်ဖြတ်ခြင်းတို့ဖြင့်ပြည့်နှက်နေရသည့်နေရာတစ်ခုဖြစ်သလို အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်အမြတ်ထုတ်တတ်သည့် နေရာတစ်ခုလည်းဖြစ်ပေသည်။
သို့ပေတည့်လည်း ဇူယွမ်တို့လူစုက အနိုင်ကျင့်ခံရလောက်အောင် အားနည်းနေခဲ့ခြင်းမရှိခဲ့ပေ။ ထို့ကြောင့်ပင် သူတို့လူစု အဆိပ်ရေအိုင်အတွင်းဝင်ရောက်လာသည်နှင့် များစွာသောအကြည့်တွေက သူတို့ထံရောက်ရှိလာခဲ့ကြပေမဲ့ ဘယ်သူကမှ သူတို့နဲ့ဆန့်ကျင်ကာ လှုပ်ရှားခဲ့ကြခြင်းမရှိပေ။
အဆိပ်ရေအိုင်အတွင်း၌ အင်အားစုများစွာတည်ရှိနေခဲ့ရပြီး သူတို့ရဲ့နယ်မြေထဲတစ်ခုစီမှာ သူတို့ကဘုရင်တွေပင်ဖြစ်ကြသည်။ ဇူယွမ်နဲ့ဝေကန်းလန်တို့လူစု ဖြတ်သန်းသွားခြင်းက ထိုအင်အားစုတွေကို တပ်လှန့်လိုက်သလိုဖြစ်သွားစေခဲ့သည်။
သို့ပေမဲ့ သူတို့ရဲ့အချိန်အများစုကို အဆိပ်ရေအိုင်အတွင်းမှာပဲ ကုန်ဆုံးနေခဲ့ရတဲ့လူတိုင်းက သူတို့ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုရဲသည့် အင်အားစုနှစ်ခုအကြောင်းကို သိရှိထားလေသည်။ တစ်ဦးက ရက်စက်ကြမ်းတမ်းပြီး နာမည်ဆိုးဖြင့်ကျော်ကြားသည့်အဆိပ်ဘုရင်ဖြစ်ကာ နောက်တစ်ဦးက ကန်းလန်စီရင်စု၏ ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးဝေကန်းလန်ပင်ဖြစ်သည်။
ဇူယွမ်တို့လူစုက အရေအတွက်အားဖြင့်နည်းပါးပေမဲ့ သူတို့အားလုံးက စွမ်းအားမြင့်ကျင့်ကြံသူတွေပင်ဖြစ်ကြသည်။ ဒါ့အပြင် ဝေကန်းလန်လို မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ပင် သူတို့လူစုထဲမှာပါဝင်နေသည်။ ဒီအင်အားက အဆိပ်မြို့တော်မှလွဲ၍ ကျန်သည့်ဘယ်အင်အားစုကိုမဆို အလွယ်တကူဖယ်ရှားနိုင်စွမ်းရှိပေသည်။
ထို့ကြောင့်ပင် ဇူယွမ်တို့လူစုကို မြင်လိုက်ရသည့်အဆိပ်ရေအိုင်အတွင်းမှ အင်အားစုတွေက ဒီကြောက်စရာကောင်းသည့်အစုအဖွဲ့က နောင်တစ်ချိန်မှာ သူတို့ကိုတိုက်ခိုက်လာမှာကို စိုးရိမ်နေကြသည့်အလား ထိတ်ထိတ်ပျာပျာဖြင့် ရှောင်တိမ်းပေးခဲ့ကြရသည်။
သို့ပေမယ့်လည်း ဇူယွမ်တို့လူစုက အဆိုပါအင်အားစုတွေအပေါ် သိသာစွာပင်အာရုံစိုက်မိခြင်းအလျဉ်းမရှိခဲ့ပေ။ သူတို့တွေက အနှောင့်အယှက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိသည့်အတွက် ဇူယွမ်တို့လူစုက သူတို့ကိုအလျင်အမြန်ပဲ ဖြတ်ကျော်လာခဲ့လိုက်ကြသည်။
ဒီလိုအခြေအနေမျိုးက ရက်ပေါင်းများစွာကြာအောင် ဆက်တိုက်ဖြစ်ပေါ်နေခဲ့ရသကဲ့သို့ ဇူယွမ်တို့လူစုကလည်း တဖြည်းဖြည်းဖြင့် သူတို့၏ခရီးပန်းတိုင်ဆီသို့ ချဉ်းကပ်လာခဲ့မိကြသည်။
နတ်ဆိုးအကျဉ်းထောင်မြို့တော်… အဆိုပါမြို့တော်ကား ရှေးဟောင်းနယ်မြေနှင့် အနီးကပ်ဆုံးတွင် တည်ရှိနေပေသည်။ မြို့တော်အရှင်သခင်က အလယ်အလတ်ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အဆိပ်ရေအိုင်အတွင်းဝယ် အတန်အသင့်ကျော်ကြားမှုရှိလေသည်။ ထို့အပြင်သူ့ရဲ့စွမ်းရည်က ဒီနေရာမှာ မြို့တော်တစ်ခုကို အုပ်ချုပ်ဖို့ရန်အတွက်လည်း လုံလောက်မှုရှိပေသည်။
ပုံမှန်အားဖြင့် နတ်ဆိုးအကျဉ်းထောင်မြို့တော်က အနည်းငယ်ရှုပ်ထွေးသည့်နေရာတစ်ခုဖြစ်ပေမဲ့လည်း ရှေးဟောင်းနယ်မြေရဲ့သတင်းပျံ့နှံ့သွားစဉ်ကတည်းမှစကာ ချက်ချင်းဆိုသလိုပင် ရတနာလာရောက်ရှာဖွေသည့် အင်အားစုများစွာ၏ ယာယီတည်းခိုနေထိုင်ရာနေရာတစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် မြို့တော်အတွင်းရှိလူဦးရေက သိသာစွာပင်မြင့်တက်လာခဲ့ရသည်။
မရေတွက်နိုင်သည့်လူများစွာက နေ့စဉ်နေ့တိုင်းလိုလို ရှေးဟောင်းနယ်မြေကို သွားရောက်ခဲ့ကြသော်ငြားလည်း မည်သူကမျှအတွင်းပိုင်းထဲထိ စွန့်စားကာမသွားရဲခဲ့ကြချေ။ ရှေးဟောင်းနယ်မြေအတွင်းပိုင်း၌ ထူးဆန်းသည့်တိုက်ပွဲဂိုလမ်အမျိုးအစားများစွာရှိနေကြပြီး ၎င်းတို့သာ သူတို့အပေါ်အာရုံရောက်သွားခဲ့မယ်ဆိုရင် သေချာပေါက်ပင်၎င်းက ခက်ခဲသည့်ပြဿနာတစ်ခုဖြစ်လာရပေလိမ့်မည်။ ရှေးဟောင်းနယ်မြေသို့လာခဲ့ကြသည့်လူများစွာထဲမှာ ကံကောင်းတဲ့လူအချို့ကသာ ပြန်ထွက်လာသည့်အခါ ထူးဆန်းသည့်ပစ္စည်းများစွာကို ယူဆောင်လာနိုင်ခဲ့ကြသည်။ ဒီပစ္စည်းတွေက လွန်စွာမှပင်ကျော်ကြားကာ မူလပုံဆောင်ခဲအမြောက်အများဖြင့် ရောင်းချနိုင်ခြင်းက ကံကောင်းသည့်လူတွေအတွက်တော့ အနည်းငယ်သောကြွယ်ဝချမ်းသာမှုကို ရရှိစေသည်။
ဇူယွမ်နှင့် ဝေကန်းလန်တို့လူစု နတ်ဆိုးအကျဉ်းထောင်မြို့တော်အတွင်း ဝင်ရောက်လာသည့်အခါ မည့်သည့်မြို့တော်အစောင့်အကြပ်စစ်သားကမှ ဟန့်တားဖို့ရန်မဝံ့ရဲခဲ့ဘဲ သူတို့အားလုံးကိုမြို့တော်အတွင်းသို့ အလွယ်တကူဝင်ရောက်စေခဲ့ရသည်။
ဇူယွမ်တို့လူစုမြို့တော်အတွင်းရောက်ရှိသည့်အခါ တည်းခိုဆောင်တစ်ခုလုံးကို ငှါးရမ်းခဲ့လိုက်ပြီး လူတိုင်းအတွက် နေရာထိုင်ခင်းတွေ ပြင်ဆင်လိုက်ကြသည်။
လူတိုင်းနေရာချပြီးနောက်မှာ ဝေကန်းလန်က ဇူယွမ်ကိုရှာကာ အကြုံပြုလိုက်သည်… “မင်းသားလေး… ဒီမြို့က တိုက်ပွဲဂိုလမ်ဂိုဏ်းရှေးဟောင်းနယ်မြေနဲ့ အနီးဆုံးမြို့ပဲ… လူအများစုက ရှေးဟောင်းနယ်မြေကို ဒီမြို့ကနေပဲသွားကြတယ်… ရှေးဟောင်းနယ်မြေရဲ့အသေးစိတ်သတင်းအချက်အလက်တွေကို ဒီမြို့မှာရနိုင်တဲ့အတွက် ငါတို့တွေအပြင်ထွက်ပြီး စနည်းနာသင့်တယ်…”
ဇူယွမ်က ခဏအနားယူပြီးနောက်မှာ ပင်ပန်းမှုတွေအတော်လေး ပြေပျောက်သွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့တဲ့ရက်ပိုင်းတွေမှာ သူတို့အားလုံးမနားမနေခရီးဆက်လာခဲ့ရခြင်းက အမှန်တကယ်ပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။ ဝေကန်းလန်၏အဆိုပြုချက်ကို ကြားလိုက်ရပြီးနောက်မှာ စုယုဝေ၊ ဝေချင်းချင်းနဲ့ ယောင်ယောင်တို့အပြင် လူတိုင်းရဲ့မျက်နှာထက်မှာ စိတ်ဝင်စားသည့်အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့ရသည်။
ထို့ကြောင့်ပင် အချိန်အနည်းငယ်ကြာစီစဉ်ပြီးသည့်နောက်တွင် သူတို့လူစုက အစောင့်အကြပ်အနည်းငယ်နဲ့အတူ တည်းခိုဆောင်မှ ထွက်ခွာလာခဲ့ကြသည်။
နတ်ဆိုးအကျဉ်းထောင်မြို့တော်က ဇူအင်ပါယာမြို့တော်နှင့် ကန်းလန်စီရင်စုတို့လောက် ခမ်းနားကြီးကျယ်မှုမရှိပေမဲ့လည်း ဆူပူမှုတွေနဲ့ပြည့်နှက်နေရပြီး အနည်းငယ်မျှသော ရိုးရှင်းသည့်ခံစားချက်တစ်ခု ပေးစွမ်းနေပေသည်။
အချိန်တိုင်းလိုလို လမ်းမတွေထက်မှာ တိုက်ခိုက်မှုတွေဖြစ်ပေါ်နေကြရပြီး တစ်ဦးချင်းစီရဲ့တိုက်ခိုက်မှုတစ်ခုစီကကို သေစေနိုင်လောက်သည်အထိ ပြင်းထန်လှသည်။ ဒီအရာရဲ့အကျိုးဆက်က တစ်ခါတစ်ရံမှာ လူများစွာသေကြေပျက်စီးစေရသည့်အတွက် မြို့တော်အတွင်းမှာ အချိန်တိုင်းလိုလို သွေးဆာရက်စက်မှုအငွေ့အသက်တို့ဖြင့် ဖုံးလွှမ်းနေခဲ့ရစေသည်။
ဇူယွမ်တို့လူစု မြို့တော်အတွင်းလမ်းလျှောက်လာကြသည့်အခါ များစွာသောအကြည့်တွေက သူတို့ထံရောက်ရှိလာခဲ့ကြသည်။ တကယ်တော့အကြည့်များစွာက ယောင်ယောင်၊ စုယုဝေနဲ့ ဝေချင်းချင်းတို့အပေါ်တွင်သာ ရစ်ဝဲလို့နေရပေသည်။
ဒီလိုမျိုးလှပတဲ့မိန်းကလေးတွေက နတ်ဆိုးအကျဉ်းထောင်မြို့တော်အတွင်းမှာ အလွန်ပင်ရှားပါးလှသည်။
သို့ပေမဲ့လည်း သူတို့တွေက အဆိပ်ရေအိုင်အတွင်းမှာ ယခုအချိန်ထိတိုင်အောင် အသက်ရှင်ကျန်ရစ်နေတုန်းပင်ဖြစ်သည့်အတွက် တချို့ချို့သောအကြောင်းအရာတွေကို ကောင်းစွာနားလည်နိုင်ပေသည်။ ထို့ကြောင့်ပင် သူတို့အားလုံးက မိန်းမလှလေးသုံးယောက်ကို တစိုက်မတ်မတ်ကြည့်နေသော်ငြား တစ်ဦးတစ်ယောက်မျှရှေ့ကိုထွက်လာရဲ့ခဲ့ခြင်းမရှိခဲ့ပေ။
မြို့တော်အတွင်းအနည်းငယ်လှည့်ပတ်လျှောက်လာခဲ့ပြီးနောက်မှာ ဇူယွမ်တို့လူစုက အစောပိုင်းကလမ်းတွေနဲ့ယှဉ်ရင် ပိုပြီးသန့်ရှင်းသည့်လမ်းမတစ်ခုထက်သို့ ရောက်ရှိလာခဲ့သည်။ လမ်းမကြီးထက်မှာ လူတွေနဲ့ပြည့်နှက်နေပြီး အလွန်အမင်းအလုပ်ရှုပ်နေကြသလို အခြားနေရာများထက်လည်း ပို၍စိတ်လှုပ်ရှားနေကြသည်။
လမ်းတစ်လျောက်မှာလည်း ဆိုင်တွေနှင့်ပြည့်နှက်နေသည်။ ဆိုင်တိုင်းမှာခင်းကျင်းပြသထားသည့် ဝင်းလက်တောက်ပြောင်လှသောပစ္စည်းတွေက လူများစွာရဲ့အာရုံကို ဖမ်းစားသွားခဲ့သည်။
“လာကြနော်… လာပြီးကြည့်ကြ… ရှေးဟောင်းနယ်မြေကနေ ပစ္စည်းအသစ်တွေ ထပ်ရောက်လာတယ်နော်… လွဲသွားလို့မဖြစ်နိုင်တဲ့ပစ္စည်းတွေ ဒီနေရာမှာတွေ့နိုင်တယ်နော်…”
ဇူယွမ်တို့လူစုက အော်သံထွက်ပေါ်လာရာဆီသို့ လျှောက်လှမ်းလာခဲ့ကြပြီး အကြီးဆုံးဆိုင်ရှေ့သို့ရောက်လာခဲ့ကြသည်။ ဆိုင်အတွင်းရှိ အဆင့်များစွာပါဝင်သည့်ကျောက်ဗီရိုတစ်ခုအတွင်းမှာ ပျက်စီးယိုယွင်းနေသည့် ပစ္စည်းအမျိုးအစားများစွာကို ခင်းကျင်းပြသထားလေသည်။ ပစ္စည်းတစ်ခုချင်းစီက တူးဖော်ရရှိခဲ့သည့်ပစ္စည်းတွေချည်းဖြစ်ကာ ရှေးကျတဲ့အရှိန်အဝါအငွေ့အသက်တွေ ထုတ်လွှတ်နေပေသည်။
“လူတိုင်းဒီကိုကြည့်ကြနော်… ဒါကငါတို့တွေ တိုက်ပွဲဂိုလမ်ဂိုဏ်းကနေ တူးဖော်ရရှိခဲ့တဲ့ မူလလက်နက်တစ်ခုပဲ… ဒါက အနက်ရောင်အဆင့်မူလလက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်ပြီးတော့ ငါတို့တွေဒီပစ္စည်းကို ဈေးအများကြီးလျှော့ပြီးရောင်းပေးမယ်နော်… မူလပုံဆောင်ခဲ ၁၉၀၀ ပေးရုံနဲ့ ဒီမူလလက်နက်ကို ယူဆောင်သွားလို့ရမယ်နော်…” ဆိုင်အတွင်းရှိလူတစ်ယောက်က ကျယ်လောင်စွာအော်ပြောလိုက်သည်။
ဇူယွမ်လှည့်ကြည့်လိုက်ရာ အော်ပြောလိုက်သည့်လူ၏လက်ထဲတွင် ရှည်လျားသည့်ကြေးဖြင့်ပြုလုပ်ထားတဲ့လှံတစ်ချောင်းကို မြင်လိုက်ရသည်။ ၎င်း၏ကိုယ်ထည်က လုံးဝပျက်စီးနေခဲ့ရသလို ၎င်းထံမှမှိန်ဖျော့ဖျော့မူလချီလှုပ်ရှားမှုတွေ ထွက်ပေါ်နေပေသည်။ အနက်ရောင်အဆင့်မူလလက်နက်ဆိုသည့်နာမည်တစ်ခုကလွဲရင် ၎င်းက သာမန်အလယ်အလတ်အဆင့်မူလလက်နက်တစ်ခုကိုပင် ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
သို့ပေမဲ့လည်း ဒါကသဘာဝကျသည့် တွေးတောမှုတစ်ခုဖြစ်သည်။ အကယ်၍ဒါကသာ အနက်ရောင်အဆင့်မူလလက်နက်တစ်ခုဖြစ်ခဲ့မယ်ဆိုရင် ၎င်းရဲ့တန်ကြေးက မူလပုံဆောင်ခဲတစ်သောင်းခန့်ကျသင့်လိမ့်မည်ဖြစ်ပြီး ယခုလိုမျိုး မူလပုံဆောင်ခဲ ၁၉၀၀ လောက်ပဲပေးရအောင် နည်းပါးလိမ့်မည်မဟုတ်ပေ။
အဆိုပါလှံနဲ့ပတ်သက်လို့ လူအနည်းငယ်ကသာစိတ်ဝင်စားမှုရှိခဲ့ကာ သူတို့ပေးနိုင်တဲ့ဈေးနှုန်းကို စတင်ခေါ်ဆိုကြလေသည်။ နောက်ဆုံးမှာ၎င်းက မူလပုံဆောင်ခဲ ၂၅၀၀ ဖြင့်ရောင်းထွက်သွားခဲ့ပြီး ဝယ်ယူသွားသည့်လူက ၎င်းရဲ့အထဲမှာရတနာတစ်ခုတစ်လေလောက်ရှာတွေ့နိုင်လေမလားဆိုသည့် မျှော်လင့်ချက်ဖြင့် ဝယ်ယူသွားခြင်းဖြစ်သည်လို့ ယူဆနိုင်ပေသည်။
များစွာသောကျိုးပဲ့နေသည့်ပစ္စည်းတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ထွက်ပေါ်လာခဲ့ရပြီး တစ်ခုချင်းစီတိုင်းကလည်း တိုက်ပွဲဂိုလမ်ဂိုဏ်းရှေးဟောင်းနယ်မြေမှ ရရှိခဲ့သည့်ပစ္စည်းတွေပင်ဖြစ်ကြသည်။ ဇူယွမ်ကကြည့်နေပေမဲ့လည်း သူ့ရဲ့စိတ်ကိုဆွဲဆောင်နိုင်သည့်ပစ္စည်းတစ်ခုတစ်လေမျှပင် မတွေ့သေးပေ။ သူ့စိတ်ဝိညာဉ်ရဲ့ထိုးထွင်းသိမြင်နားလည်နိုင်မှုနှင့်အတူ ဒီပစ္စည်းတွေက အလုံးစုံပျက်စီးနေပြီး မည်သည့်တန်ကြေးမှမရှိသည်ကို သူ့အနေဖြင့်ခံစားနိုင်ခဲ့ရသည်။
အချိန်အနည်းငယ်ကြာပြီးနောက်မှာ ဇူယွမ်က လူတိုင်းနှင့်အတူ ပြန်လည်ထွက်ခွာဖို့ရန် ရည်ရွယ်လိုက်သည်။
သူ့ရဲ့ခန္ဓာကိုယ်ကို နောက်ပြန်လှည့်ဖို့ပြင်လိုက်စဉ်မှာ ယောင်ယောင်ကရုတ်တရက် သူ့ကိုဆွဲလိုက်ပြီး ကျောက်ဗီရိုဆီ သူမရဲ့နှင်းလိုဖြူဖွေးသည့်မေးလေးကိုဆတ်ပြလိုက်ရင်းမှပြောသည်… “ဘယ်ဘက်ထောင့်အောက်ဆုံးက ပစ္စည်းကိုဝယ်လိုက်…”
ဇူယွမ်အံ့အားသင့်သွားခဲ့ရသည်။ သူ့ရဲ့အကြည့်က လျင်မြန်စွာဖြင့်ပင် ယောင်ယောင်ပြသည့်နေရာကိုကြည့်လိုက်ရာ အနက်ရောင်ကျောက်စိမ်းပြားလေးတစ်ခုကိုတွေ့လိုက်ရသည်။ ကျောက်စိမ်းပြားရဲ့မျက်နှာပြင်ပေါ်မှာ အစက်အပြောက်တွေစွန်းထင်းနေပြီး များစွာသောအက်ကွဲကြောင်းတွေကိုမြင်တွေ့နိုင်ပေမဲ့ မှိန်ဖျော့ဖျော့ပုံစံတစ်ခုကို မြင်ရုံမျှသာမြင်နိုင်ပေသည်။
ဇူယွမ်တစ်ယောက် ထိုအနက်ရောင်ကျောက်စိမ်းပြားထံမှ မူလချီလှုပ်ရှားမှုအနည်းငယ်လေးမျှကိုပင် အာရုံမခံနိုင်ခဲ့သည့်အတွက် အနည်းငယ်ဇဝေဇဝါဖြစ်သွားခဲ့ရသည်။
“အဲ့ဒါကဘာလဲ…” သူက လေသံတိုးတိုးဖြင့်မေးလိုက်သည်။
ယောင်ယောင်က ခပ်ဖွဖွပြုံးကာပြောသည်… “ကျောက်စိမ်းပြားတစ်ခုတည်းဆိုရင်တော့ ဒါကဘာတန်ကြေးမှမရှိဘူး… ဒါပေမဲ့ကျောက်စိမ်းပြားပေါ်မှာ နည်းနည်းထူးခြားပြီး မပြည့်စုံတဲ့မူလမှော်စာလုံးတစ်ခုရှိနေတယ်… တိုက်ပွဲဂိုလမ်ဂိုဏ်းကနေရရှိခဲ့တဲ့ဒီပစ္စည်းက ငါ့ကိုအနည်းငယ်ထူးဆန်းတဲ့ခံစားချက်တစ်ခုကိုရစေတယ်…”
ဇူယွမ်ရဲ့နှုတ်ခမ်းထောင့်စွန်းက အချိန်တစ်ခုကြာအောင် လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရ၏။ နင်ကအရမ်းကိုခေါင်းမာတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ ငါကလည်းနင့်ပြောသမျှကို ငြင်းပယ်နိုင်စွမ်းမရှိခဲ့ဘူး။
ဇူယွမ်က သူ့ရဲ့ရင်ထဲမှာသာ ခေါင်းခါလိုက်မိပေမဲ့ အပြင်ဘက်မှာဖော်ပြခဲ့ခြင်းမရှိဘဲ ကျောက်စိမ်းပြားကိုညွှန်ပြ၍သာမေးလိုက်သည်… “ဒါက ဘယ်လောက်လဲ…”
ဆိုင်ရှင်၏နှုတ်ခမ်းက မျောက်တစ်ကောင်အလား အနည်းငယ်ရှုံ့သွားခဲ့သည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ထိုလူကလိမ္မာပါးနပ်မှုရှိသည့်လူတစ်ယောက်ဆိုတာ သိဖို့ရန်လုံလောက်ပေသည်။ သူ့အနေဖြင့် ဒီအနက်ရောင်ကျောက်စိမ်းပြားရဲ့အကြောင်းကို မသိပေမဲ့လည်း ဇူယွမ်ကဒီပစ္စည်းရဲ့ဈေးနှုန်းကိုမေးမြန်းလာသည့်အခါ သူကအတွေးနက်သွားဟန်ရှိခဲ့ပြီး ပါးစပ်ကိုဖွင့်ဟကာ အလွန်တရာများပြားသည့်ဈေးနှုန်းကို ပြောဖို့ရန်ပြင်လိုက်သည်။
“ငါ့ရဲ့ပိုက်ဆံကို ဒီလိုလွယ်လွယ်နဲ့အလိမ်ခံလိမ့်မှာမဟုတ်ဘူးနော်… ခင်ဗျားရဲ့နောက်မှာရှိတဲ့ပစ္စည်းက ခင်ဗျားပြောမယ့်တန်ကြေးလောက် ရှိနိုင်ပါ့မလား…” စိတ်ဝင်စားမှုမရှိသည့်လေသံတစ်ခုက ဇူယွမ်၏နှုတ်ခမ်းဖျားထံမှ ထွက်ပေါ်လာခဲ့သည်။
ဆိုင်ရှင်၏ပါးစပ်က ချက်ချင်းပင်ပြန်ပိတ်သွားခဲ့ရသည်။ သူ့အနေဖြင့် ဝေကန်းလန်က သူ့ကိုစိတ်မဝင်စားစွာကြည့်နေသည်ကို မြင်လိုက်ရသည်။ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ထံမှ ထွက်ပေါ်လာသည့်ဖိအားက သူ့အနေဖြင့် သူ့ရှေ့မှအဆိုပါလူအား ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်းမရှိဘူးဆိုသည်ကို နားလည်သွားစေခဲ့သည်။
“ဟီးဟီး… ဒီပစ္စည်းကိုရောင်းချဖို့ ပေးထားခဲ့တဲ့လူက မူလပုံဆောင်ခဲ ၂၀၀၀ ရရင်ရောင်းချမယ်လို့ပြောထားတယ်…” ဆိုင်ရှင်၏ပြန်ပြောလိုက်သည့်လေသံက အနည်းငယ်မခံမရပ်နိုင်ဖြစ်နေသည့်ပုံပေါ်သည်။
ဇူယွမ်နောက်ထပ်အချိန်ထပ်မဖြုန်းလိုတော့သည့်အလား ခေါင်းညိတ်ကာပြောလိုက်သည်… “ကောင်းပြီ… ငါဒါကို မူလပုံဆောင်ခဲ ၂၀၀၀နဲ့ယူမယ်…”
ဇူယွမ်ပြောလိုက်သည့်အခါ လုတိန်ရှန်းက မူလပုံဆောင်ခဲတွေထုတ်ယူကာ ပစ္စည်းရဲ့တန်ကြေးကိုပေးချေဖို့ရန်ပြင်လိုက်သည်။
“ခဏစောင့်ဦး… ငါက ဒီကျောက်စိမ်းပြားကို ၃၀၀၀နဲ့ယူမယ်…” သို့ပေမဲ့လည်း ထိုအခိုက်အတန့်မှာပင် ရယ်မောကာပြောလိုက်သည့်အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။
ဇူယွမ်ရဲ့မျက်လုံးတွေကျဉ်းမြောင်းသွားခဲ့ရပြီး သူ့ရဲ့ခေါင်းကိုဖြည်းညှင်းစွာလှည့်ကြည့်လိုက်သည့်အခါ လူတစ်စုလျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ လူစုရဲ့ရှေ့ဆုံးမှာ သူနဲ့ရင်းနှီးတဲ့လူရိပ်တစ်ခုက ဇူယွမ်ရဲ့မျက်လုံးထဲကို ဝင်ရောက်လာခဲ့သည်။
“ချီဟောင်…”
ထိုလူကိုမြင်လိုက်ရသည့်အခါ ချက်ချင်းဆိုသလိုပင် ဇူယွမ်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့ရသည်။ သူ့အနေဖြင့်ချီဟောင်က အဆိပ်ရေအိုင်အတွင်းမှာ ပုန်းခိုနေလိမ့်မယ်လို့ ထင်မထားခဲ့မိပေ။
ချီဟောင်က ဇူယွမ်ကိုပြုံးပြလိုက်ပြီး ကျောက်ပြားကိုညွှန်ပြလိုက်ကာ ပျင်းရိလေးတွဲ့စွာဖြင့်ပင်ပြောလိုက်သည်… “ငါဒါကို ၃၀၀၀နဲ့ယူမယ်…”