အခန်း (၃၁) နဝမတောင်ထွတ်ကဂိုဏ်းတူညီလေးက သိပ်ပြီးမတော်ဘူးဆိုရင်တောင်မှ
“ဘာ… မရဏဂူကို ဧည့်သည်လာမယ် ဟုတ်လား…”
ဆရာဖြစ်သူ၏ စကားကိုကြားသည်နှင့် ကျန်းလန် အံ့အားသင့်စွာ ပြန်မေးလိုက်မိသည်။
နှစ်ပေါင်း (၄၀) အတွင်း… မည်သူမှ နဝမတောင်ထွတ်သို့ ရောက်မလာခဲ့ပေ။ မရဏဂူဆိုသည်ကတော့ ဝေလာဝေးဖြစ်၏။
သာမန်တပည့်များဆိုလျှင် မရဏဂူအနားသို့ပင် မကပ်ရဲကြပေ။ မရဏဂူမှ မရဏအငွေ့အသက်များက သူတို့၏ ကျင့်ကြံခြင်းကို များစွာ ထိခိုက်စေနိုင်သည် မဟုတ်ပါလား။
အမှန်တော့… ဤနှစ်များအတွင်း နဝမတောင်ထွတ်သို့ လာရောက်လည်ပတ်သည့် တပည့်ဆို၍ တစ်ယောက်တလေပင် မရှိကြပေ။
နဝမတောင်ထွတ်သို့ မဖြစ်မနေ လာရောက်ရမည့် ကိစ္စရှိလျှင်တောင်မှ မရဏအငွေ့အသက်များကြောင့် မည်သူမှ ကြာကြာမနေနိုင်ကြပေ။
အရင်ကဆိုလျှင်… နဝမတောင်ထွတ်သည်လည်း အခြားတောင်ထွတ်များကဲ့သို့ တပည့်များစွာ ခေါ်ယူခဲ့ဖူးသော်လည်း မည်သူမှ ကြာကြာမနေနိုင်ဘဲ ပြေးကြသည်သာပင်…။
မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်ရင်း…
“ဟုတ်တယ်… ဧည့်သည်တွေ ဒီနေ့ နေ့လည်လောက် ရောက်လာကြလိမ့်မယ်… အဲဒါ မင်းပဲ ကြိုဆိုဧည့်ခံဖို့ ပြင်ဆင်လိုက်ကွာ…”
“ဟုတ်ကဲ့ပါ… ဆရာ…”
ထို့နောက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရန် ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့သည်။
“ဧည့်သည်တွေက ဒီနေ့ ရောက်လာကြမယ်ဆိုတော့… ဒီလူတွေကို သွားကြိုပြီးမှပဲ ငါလည်း မူလဝိညာဉ်အဆင့် တက်နိုင်တော့မယ် ထင်တယ်…”
ကျန်းလန် တွေးလိုက်သည်။
ဧည့်သည်များကို သူ သွားမကြို၍လည်း မဖြစ်ပေ။
သူသာ သွားမကြိုလျှင် ဆရာဖြစ်သူ သွားကြိုရပေလိမ့်မည်။ ဤသည်ကတော့ သဘာဝမကျသည့် ကိစ္စဖြစ်၏။
ထို့နောက်… ဧည့်သည်များကို သွားမကြိုခင် ကျန်းလန် ဝိညာဉ်သားရဲဥလေးပေါ်သို့ ဝိညာဉ်ဆေးရည်အချို့ လောင်းချပေးလိုက်သည်။
သူ တောင်အောက်ဆင်းချိန်တွင် သားရဲဥလေး အာဟာရပြတ်သွားမည်ကို စိတ်ပူသောကြောင့် ဖြစ်၏။
ယခု နှစ်ပေါင်း (၄၀)ပင် ကြာခဲ့ပြီ ဖြစ်လေသည်…။
ဝိညာဉ်သားရဲဥလေးကတော့ ယခုအချိန်ထိ အကောင်ပေါက်မလာသေးပေ။
ကျန်းလန် အခြေခံတည်ဆောက်ခြင်းအဆင့် တက်ရောက်ခဲ့စဉ်က ဆရာဖြစ်သူက သူ့ကို လက်ဆောင်ပေးခဲ့သည့် ဥ လေးသည် ယခုအချိန်ထိ မပြောင်းမလဲ အရင်အတိုင်းပင် ရှိနေလေသည်။
ဥခွံကွဲထွက်လာပြီး အကောင်ပေါက်လာမည့်ဟန် လုံး၀ မရှိသေးပေ။
အစပိုင်းတွင်တော့… ကျန်းလန်က ဝိညာဉ်သားရဲဥလေးကို အသေးစိတ် ဂရုစိုက်ပေးခဲ့သည်။
နောက်တော့… ထိုဥလေးကို ပန်းလေးတစ်ပွင့်ပမာသာ သဘောထားတော့သည်။
ပွင့်ချင်သည့်အချိန်မှသာ ပွင့်ပေလိမ့်မည်။ သူကလည်း အားသည့်အချိန်မှသာ ဂရုစိုက်ပေးဖြစ်တော့သည်။
ဝိညာဉ်သားရဲဥလေးပေါ်သို့ ဝိညာဉ်ဆေးရည်များ လောင်းချပြီးသည့်နောက်… ကျန်းလန်က ဥလေးပတ်ပတ်လည်မှ မြေဆွေးလေးများကို အသာဖွ ပေးလိုက်သည်။
ထိုမြေဆွေးများက သာမန်မြေဆွေးမဟုတ်ပေ။ ပူနွေးသည့် မြေဆွေးများ ဖြစ်ကြသည်။
မည်သည့်နေရာက ရလာသည်မသိ… ဆရာဖြစ်သူက ထိုမြေဆွေးများကို ယူလာပေးခြင်း ဖြစ်သည်။
မြေဆွေးများကိုပေးပြီးနောက် ဝိညာဉ်သားရဲတစ်ကောင်ပေါက်လာဖို့ ပူနွေးမှုကလည်း အရေးကြီးသည်ဟု ပြောသွားသေး၏။
သို့သော်… သားရဲဥလေးကတော့ မည်သည့်ထူးခြားချက်မှ ဖြစ်မလာခဲ့သလို ဘာကောင်မှလည်း ပေါက်မလာခဲ့ပေ။
ယခုတော့… သားရဲဥလေး အကောင်ပေါက်မလာသည်က ကျန်းလန်အတွက် မထူးဆန်းတော့ပေ။ ဥခွံအက်ကွဲပြီး အကောင်ပေါက်လာသည့်တစ်နေ့ရောက်မှသာ ထူးဆန်းသည်ဟု ဆိုရပေတော့မည်။
သို့သော်… သူ စစ်ဆေးကြည့်တိုင်းလည်း ဝိညာဉ်သားရဲဥလေး၏ အသက်ဓာတ်စွမ်းအားများက အားပျော့သွားခြင်း မရှိပေ။
“အရင်လိုပဲ… အရင်အတိုင်းပဲ… နည်းနည်းမှ မလှုပ်ဘူး…”
ကျန်းလန် ဝိညာဉ်သားရဲဥလေးကိုကြည့်ပြီး ခေါင်းခါရမ်းရင်း ရေရွတ်လိုက်သည်။
ထို့နောက်… ဧည့်သည်များကိုကြိုဆိုရန်အတွက် မရဏဂူထဲမှ ထွက်ခွာလာခဲ့လေတော့သည်။
ကျန်းလန် တောင်အောက်သို့ ဆင်းလာသည့်အချိန်က နံနက်အရုဏ်တက်မျှသာ ရှိသေးသည်။ ဧည့်သည်များက နေ့လည်ခင်းမှ ရောက်လာမည်ဖြစ်ရာ နေ့ဝက်ခန့်တော့ စောင့်နေရပေဦးမည်။
သို့သော်… စောင့်ရသည့်အတွက် ကျန်းလန် စိတ်ငြိုငြင်ခြင်း မဖြစ်မိပေ။
ထိုသို့ဖြင့်… နဝမတောင်ထွတ်၏ တောင်ခြေသို့ ကျန်းလန် ရောက်ရှိလာခဲ့ပြီး ရောက်လာမည့်ဧည့်သည်များကို စောင့်ဆိုင်းနေလိုက်သည်။
ရောက်လာမည့် ဧည့်သည်များက မည်သူမည်ဝါမှန်း ကျန်းလန် မသိရှိပေ။ ဆရာမှာ၍သာ မှာသည့်အတိုင်း လာကြိုရခြင်း ဖြစ်၏။
အခြားတောင်ထွတ်မှ တပည့်များဖြစ်နိုင်သည်ဟု စိတ်ထဲက ခန့်မှန်းလိုက်သည်။ တပည့်များမဟုတ်ဘဲ အကြီးအကဲများကတော့ ရောက်လာစရာ အကြောင်းမရှိပေ။
ယခုဆိုလျှင်… ကျန်းလန်က နဝမတောင်ထွတ်မှ ပထမဆုံး ဆက်ခံသူတပည့် ဆိုသည့် ဂုဏ်ပုဒ်ကိုရထားပြီ ဖြစ်ရာ ခွန်လွန်တောင်မှ မည်သည့်တပည့်နှင့်မဆို ဂုဏ်ပုဒ်ချင်းကတော့ ကောင်းကောင်းယှဉ်နိုင်စွမ်းရှိသည်။ သူ့အတွက် သိမ်ငယ်စရာ မရှိတော့ပေ။
သူက အနာဂတ်တွင် နဝမတောင်ထွတ်ကို ဆက်ခံရမည့် ဆက်ခံသူ ဖြစ်သည်။ ခက်ခဲမည့်အလုပ်ဖြစ်သော်လည်း စိတ်လှုပ်ရှားစရာကောင်းလှပေ၏။
တောင်ခြေသို့ ကျန်းလန် ရောက်ရှိလာသည့်အခါ ချိန်က အတော်လေး စောနေသေးသည်။
ကျန်းလန် ဧည့်သည်များကို ရပ်စောင့်နေရင်း ကောင်းကင်ထက်သို့ မော့ကြည့်ကာ တိမ်တိုက်များ၏ အပြောင်းအလဲကို လေ့လာနေလိုက်သည်။
တိမ်တိုက်များကို ကြည့်နေရင်း သူ ကျင့်ကြံထားသည့် တိမ်တိုက်များနှင့်ပတ်သက်သည့် ကျင့်စဉ်တစ်ခုကို သွားပြီး သတိရလိုက်မိသည်။
တိမ်တိုက်များ၏ ပြောင်းလဲမှုမှတစ်ဆင့် နက်ရှိုင်းသည့်အဓိပ္ပါယ်ကို နားလည်လေလေ ထိုကျင့်စဉ်က တန်ခိုးစွမ်းအား မြင့်မားလေလေ ဖြစ်သည်။
ထိုကျင့်စဉ်ကို… “သက်တံ့တိမ်တိုက်” ကျင့်စဉ်ဟု ခေါ်လေ၏။
ထိုကျင့်စဉ်က ကံကောင်းစေသည့် နတ်တန်ခိုးစွမ်းအားကိုပေးသော ကျင့်စဉ်တစ်ခု ဖြစ်သည်။
ထိုကျင့်စဉ်ကို စနစ်တွင် မှတ်ပုံတင်ခြင်းဖြင့် ရရှိထားခြင်း မဟုတ်ပေ။ နဝမတောင်ထွတ်ရှိ စာကြည့်တိုက်ထဲရှိ စာအုပ်တစ်အုပ်မှ သိရှိခဲ့ခြင်း ဖြစ်သည်။
ထိုကျင့်စဉ်က ကျင့်ကြံရ အလွန်ခက်ခဲသည်ဟု ဆိုကြသည်။ သို့သော်… ကံအားလျော်စွာ ကျန်းလန်ကတော့ ကျင့်ကြံနိုင်ခဲ့သည်။
မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာကို ကျင့်ကြံပြီးနောက်ပိုင်း ကျန်းလန်၏ နားလည်နိုင်စွမ်းများက မြင့်မားလာခဲ့သည် မဟုတ်ပါလား။
သို့သော်… သူက မရဏဂူထဲတွင် အစဉ်သဖြင့် ဂူအောင်းနေလေရာ တိမ်တိုက်များကို တွေ့မြင်ရခြင်း မရှိပေ။ ထို့ကြောင့်… ထိုကျင့်စဉ်ကို သိပ်ပြီး အသုံးမပြုနိုင်ခဲ့ပေ။
ယခုတော့… ဧည့်သည်များကို စောင့်ဆိုင်းရင်း အခွင့်အရေးရပြီ ဖြစ်လေရာ ထိုကျင့်စဉ်ကို ထုတ်ဖော်အသုံးပြုကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းလန် ကောင်းကင်ထက်မှ တိမ်တိုက်များကို မော့ကြည့်နေခဲ့သည်။ တိမ်တိုက်များ၏ ပြောင်းလဲခြင်းတရားကို လောကကြီး၏ ပြောင်းလဲခြင်းတရားကို ကြည့်မြင်သည့်အလား ကြည့်ရှုနေခဲ့သည်။
ကြည့်နေရင်းဖြင့်… တိမ်တိုက်များကို ကြည့်နေသည်ဟု မခံစားရတော့ဘဲ သုံးလောက၏ ပြောင်းလဲခြင်းတရားများကို သိမြင်လာသည့်အလား ထူးဆန်းစွာ ခံစားလိုက်ရသည်။
ထိုခဏမှာပင်… သူ၏ ဝိညာဉ်မှာ ကံကောင်းခြင်းတရားများနှင့် ပြည့်နက်လာလေတော့သည်။
ချက်ချင်းပင်… ကောင်းကင်ထက်မှ တိမ်တိုက်များက သက်တန့်ရောင်တောက်ပလာ၏။
ထိုသက်တံ့ရောင်တိမ်တိုက်များမှာ ကျန်းလန်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းလာတော့မည့်အလား ထင်မှတ်ရလေတော့သည်။
………………
ထိုအချိန်… နဝမတောင်ထွတ်ရှိရာသို့ လူ (၃)ယောက် လမ်းလျှောက်လာနေကြလေသည်။
မိန်းမပျို (၂)ယောက်နှင့် လူငယ် (၁)ယောက်ဖြစ်ပြီး သူတို့အားလုံးက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ကျင့်ကြံသူလူငယ်က…
“ဒီတစ်ခေါက် နဝမတောင်ထွတ်ကိုလာတာ ဘယ် အကြီးအကဲမှလည်း လိုက်မပို့ကြဘူးနော်… ၊ အရင်ကဆိုရင်… တပည့်တွေ နဝမတောင်ထွတ်ကိုလာရင် အကြီးအကဲတစ်ယောက်ကတော့ အမြဲတမ်းလိုက်ပို့တယ်လို့ ကြားတာပဲ…”
ထို ကျင့်ကြံသူလူငယ်က ပထမတောင်ထွတ်မှ တပည့် ကျင်းထင် ဖြစ်၏။
“အရင်က နဝမတောင်ထွတ်မှာ တပည့်တစ်ယောက်မှ မရှိဘူးလေ… ၊ အဲဒီတော့ နဝမတောင်ထွတ်က တောင်သခင်ကို လေးစားတဲ့အနေနဲ့ အကြီးအကဲတွေက လိုက်ပို့ကြတာပေါ့… ၊ အခုတော့ နဝမတောင်ထွတ်မှာ တပည့်တစ်ယောက် ရှိနေပြီလို့ ကြားတယ်… ၊ ပထမဆုံး ဆက်ခံသူတပည့်တောင် ဖြစ်နေပြီ… တဲ့… ၊ အဲဒီတော့ နဝမတောင်ထွတ်က တောင်သခင်ကလည်း အဲဒီတပည့်ကိုပဲ အကြိုလွှတ်လိုက်မယ်ထင်တယ်… အရင်ကလို သူကိုယ်တိုင် စောင့်နေမှာ မဟုတ်လောက်တော့ဘူး…”
ထိုစကားကိုပြောလိုက်သူက အလွန်ချောမောလှပသည့် ကျင့်ကြံသူမိန်းမပျိုလေး ဖြစ်၏။
ထိုမိန်းမပျို၏ နာမည်က မုရှိုးဖြစ်ပြီး ဒုတိယတောင်ထွတ်မှ တပည့် ဖြစ်လေသည်။
ထို့နောက် မုရှိုးက တတိယမြောက်မိန်းမပျိုကို လှည့်ကြည့်လိုက်ပြီး…
“ဂိုဏ်းတူညီမလေးလုန်ယွိ… အရင်တုန်းက နဝမတောင်ထွတ်က တပည့်က တတိယတောင်ထွတ်က မှော်ရုံနယ်မြေထဲကို ဝင်ဖူးသေးတယ်ဆို… ၊ ဟို အန္တရယ်ကြီး ကြုံခဲ့ရတုန်းကလေ… ဟုတ်တယ်မလား…”
လုန်ယွိက အေးဆေးစွာဖြင့် ခေါင်းညိတ်ပြလိုက်ရင်း…
“ဟုတ်တယ်… အခုချိန်ထိ… နဝမတောင်ထွတ်မှာ အဲဒီတပည့် တစ်ယောက်တည်းပဲ ရှိတာလေ…”
သူမနှင့် ဆုံခဲ့ဖူးသည့် နဝမတောင်ထွတ်မှ တပည့်ကို လုန်ယွိ မှတ်မိနေဆဲ ဖြစ်သည်။
ထိုလူငယ်က နဝမတောင်ထွတ်မှ ပထမဆုံး ဆက်ခံသူတပည့် ဖြစ်လာသည့်အတွက်လည်း အနည်းငယ် အံ့အားသင့်နေမိသည်။
ယခင်ကဆိုလျှင်… နဝမတောင်ထွတ်တွင် ဆက်ခံသူတပည့်ဆိုသည်မှာ တစ်ခါမှ မကြားဖူးသည့် ကိစ္စဖြစ်သည်။ မည်သည့်တပည့်မှလည်း နဝမတောင်ထွတ်တွင် (၁၀)နှစ်ကြာအောင် နေထိုင်နိုင်ခြင်း မရှိခဲ့ကြသောကြောင့် ဖြစ်၏။
သူမပင်လျှင် နေနိုင်မည် မဟုတ်ပေ။
အချိန် (၁၀)နှစ်ဆိုသည်က ကျင့်ကြံသူများအတွက် ခဏတာမျှသာ ဖြစ်သည်။
သို့သော်… နဝမတောင်ထွတ်တွင် (၁၀)နှစ်နေထိုင်မည်ဆိုပါက သေချာပေါက် စိတ်ဖောက်ပြန်ရူးသွပ်သွားပေလိမ့်မည်။
ထို့ကြောင့်… ထိုဂိုဏ်းတူမောင်လေးက နဝမတောင်ထွတ်တွင် (၁၀)နှစ်ကြာအောင် နေထိုင်နိုင်ခြင်းမှာ အလွန်မှ အံ့အားသင့်စရာ ဖြစ်နေခဲ့သည်။
ထိုဂိုဏ်းတူမောင်လေးက သူမတို့ကို လာကြိုမည်ဖြစ်သောကြောင့် ယခုတစ်ကြိမ် နဝမတောင်ထွတ်သို့ လာရောက်သည့်ခရီးစဉ်ကို မည်သည့်အကြီးအကဲကမှ လိုက်မပို့ကြခြင်း ဖြစ်သည်။
ယခင်ကဆိုလျှင် နဝမတောင်ထွတ်သို့ လာမည့်တပည့်များကို တောင်သခင်ကိုယ်တိုင် ထွက်ပြီး ကြိုရလေ့ ရှိသည်။ ထို့ကြောင့်… တောင်သခင်ကို လေးစားသည့်အားဖြင့် အခြားတောင်ထွတ်မှ တောင်သခင်များ (သို့မဟုတ်) အကြီးအကဲများက တပည့်များကို လိုက်ပါပို့ဆောင်ပေးလေ့ ရှိကြခြင်းပင်…။
လုန်ယွိက…
“ကျွန်မ ကြားဖူးတာတော့ အဲဒီဂိုဏ်းတူမောင်လေးက စိတ်စွမ်းအား အရမ်းကောင်းတယ်တဲ့… ၊ တောင်ပေါ်မှာ ထူးချွန်တပည့်တွေကို မှော်ဝင်ပစ္စည်းပေးအပ်တုန်းကဆိုရင် သူရတဲ့ မှော်ဝင်ပစ္စည်းတွေအားလုံးကို ယူသွားနိုင်တာ… တဲ့ ၊ တပည့်တွေအားလုံးကို အံ့အားသင့်စေခဲ့တာပေါ့… ၊ ဒါပေမဲ့ သူက ပါရမီရှင်တော့ မဟုတ်ဘူး… သာမန်ပါပဲ…”
မုရှိုးက…
“ဒါပေမဲ့… သူက နဝမတောင်ထွတ်က တစ်ဦးတည်းသောတပည့် မဟုတ်လား ၊ တောင်ထွတ်တစ်ခုလုံးက ရင်းမြစ်တွေက သူ့အတွက်ပဲ ဖြစ်နေမှာပေါ့… ၊ ဒါဆို ပါရမီရှင်တွေလိုပဲ ကျင့်ကြံခြင်းအဆင့်တက်တာ လျှင်မြန်မှာပေါ့… ၊ အခုလောက်ဆိုရင်… သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိနိုင်လဲ… ၊ ရွှေပြဒါးအမြုတေအဆင့်များ ရောက်နေလောက်ပြီလား…”
ကျင်းထင်က…
“အင်း… သူက သိပ်ပြီး မတော်ဘူးဆိုရင်တောင်မှ… အနည်းဆုံးတော့… အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်နေလောက်ပြီပေါ့…”
မုရှိုးက တစ်ချက်မျှစဉ်းစားရင်း ရုတ်တရက် စကားလမ်းကြောင်းပြောင်းလိုက်၏။
“ကျွန်မသိသလောက်တော့… နဝမတောင်ထွတ်မှာ နတ်တန်ခိုးစွမ်းအား ကျင့်စဉ်တစ်ခု ရှိတယ်တဲ့… ၊ အဲဒီ ကျင့်စဉ်ရဲ့ နာမည်က ‘သက်တံ့တိမ်တိုက်ကျင့်စဉ်’ ဆိုလားပဲ… အဲဒီ ဂိုဏ်းတူမောင်လေးက အဲဒီ ကျင့်စဉ်ကိုများ ကျင့်ကြံထားမလား မသိဘူးနော်… ဒါဆိုရင် သူ့ကိုတွေ့တာနဲ့ တန်ခိုးပြခိုင်းရမယ်…”
ကျင်းထန်က မယုံကြည်နိုင်စွာဖြင့်…
“သက်တံ့တိမ်တိုက်ကျင့်စဉ် ဟုတ်လား… ကံကောင်းစေတဲ့ နတ်တန်ခိုးစွမ်းအားကိုပေးတယ်ဆိုတဲ့ ကျင့်စဉ်ကို ပြောတာလား…”
လုန်ယွိက…
“ပြောကြတာတော့… အဲဒီကျင့်စဉ်ကို ကျင့်ကြံဖို့က စိတ်စွမ်းအားအရမ်းကောင်းမှ ကျင့်ကြံနိုင်တယ်လို့ ကြားဖူးတယ် ၊ ပြီးတော့ သင်ယူဖို့လည်း အရမ်းခက်တယ်တဲ့…”
ကျင်းထင်က ခေါင်းညိတ်လိုက်ရင်း…
“ဟုတ်တယ်… အရင်တုန်းကဆိုရင် ဘိုးဘေးဆရာသခင်ကြီးတွေပဲ အဲဒီကျင့်စဉ်ကို ကျင့်ကြံနိုင်ကြတယ်တဲ့… ၊ အခြားတပည့်တွေက ကျင့်ကြံကြည့်ပေမယ့် ကံမကောင်းတဲ့အပြင် ကံဆိုးကုန်တဲ့အထိ အကျိုးသက်ရောက်မှုက ပြောင်းပြန်တွေ ဖြစ်ကုန်တယ်လို့ ဆိုကြတယ်…”
မုရှိုးက…
“အမှန်ပဲ… ဒါကြောင့်လည်း ဒီကျင့်စဉ်ကို ဘယ်သူမှ မကျင့်ကြံကြဘဲ နဝမတောင်ထွတ်မှာ ဒီအတိုင်း ရှိနေတာပေါ့… ၊ ခွန်လွန်တောင်တစ်ခုလုံးမှာတောင်… အဲဒီကျင့်စဉ်ကို ကျင့်ကြံနိုင်တဲ့သူဆိုလို့ နဝမတောင်ထွတ်ရဲ့ တောင်သခင်တစ်ယောက်ပဲ ရှိတာလေ…”
ကျင်းထင်က…
“အင်းလေ… ပြီးတော့ အဲဒီ ဂိုဏ်းတူညီလေးက နဝမတောင်ထွတ်ကိုရောက်တာ ဘယ်လောက်ကြာသေးလို့လဲ… အဲဒီ ကျင့်စဉ်ကို ဘယ်လိုလုပ် သိနိုင်မှာတဲ့လဲ… ဟုတ်တယ်မလား…”