ကျယ်ပြန်တာအိုနန်းတော် ပင်မကျွန်းပေါ်ရှိ တောင်ထိပ်တွင်ရှိနေသော ပြည်သူ့ရင်ပြင်ကြီးထဲတွင် ဧရာမ ဝဲကြီးတစ်ခုမှာ လေထဲ၌ လည်ပတ်နေရင်း အားကောင်းသော စုပ်ယူအားများကို ထုတ်လွှတ်နေ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ပြည်သူ့ရင်ပြင်ထဲ၌ ရှိနေကြသည့် ပြိုင်ပွဲဝင် အယောက်ခြောက်ရာမှာ ထိုစုပ်ယူအားများကို တောင့်ခံနိုင်စွမ်းမရှိဘဲ လေပေါ်သို့ မြောက်တက်သွားကြပြီး ဝဲကြီးဆီသို့ မျောလွင့်သွားကြတော့သည်။
ထိုပြိုင်ပွဲဝင်များ ဝဲကြီးထဲသို့ ဝင်သွားခါနီးဆဲဆဲမှာပင် ထိုဝဲကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် ၎င်းမှာ အံ့သြဖွယ်ရာကောင်းသော အမြန်နှုန်းဖြင့် အသေးစား ဝဲသုံးခုအသွင် ပြောင်းလဲသွားတော့သည်။
ထိုဝဲသုံးခုမှာ စုပ်ယူအားများကိုယ်စီ ထုတ်လွှတ်လိုက်ကြပြီးနောက် အဖွဲ့အစည်းသုံးခုအား တစ်ခုချင်းစီးခွဲကာ ဆွဲငင်လိုက်ကြ၏။ ထို့ကြောင့် ထိုအဖွဲ့အစည်းသုံးခုမှာ အရည်အချင်းစမ်းသပ်ပွဲ ကျင်းပမည့်နေရာသို့ စရောက်သွားမည့်အချိန်တွင် အတော်အသင့် ဘေးကင်းနေမည် ဖြစ်သည်။
ဒူဂူလင်းနှင့် သူ၏အဖွဲ့အစည်းမှာ ပထမမြောက်ဝဲထဲသို့ ဆွဲငင်ခံလိုက်ရပြီး ကျိုးချူတောက်နှင့် ယိုရန်အား ကိုယ်စားပြုသော အဖွဲ့အစည်းမှာ တတိယမြောက် ဝဲထဲသို့ ဆွဲငင်ခံလိုက်ရ၏။ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်၏ လက်အောက်တွင်ရှိသော အဖွဲ့အစည်းမှာမူ ဒုတိယမြောက် ဝဲထဲသို့ ဆွဲငင်ခံလိုက်ရသည်။
ထိုဖြစ်စဉ်ကြီးတစ်ခုလုံးအား ဖော်ပြရသည်မှာ ရှည်ကြာနေသည်ဟု ခံစားရပါသော်လည်း လက်တွေ့တွင်မူ ထိုအဖြစ်အပျက်များ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ရင်ပြင်ထဲတွင် ရပ်နေခဲ့ကြသည့် ပြိုင်ပွဲဝင်ခြောက်ရာတိတိမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကြပြီး လေထဲရှိ ဝဲများထဲသို့ ရောက်ရှိသွားကြ၏။
ထိုဝဲသုံးခုမှာ ကျင့်ကြံသူများအား စုပ်ယူဆွဲငင်လိုက်ပြီးနောက် စတင်လည်ပတ်လာကြ၏။ ထို့နောက် ထိုဝဲကြီးများထဲတွင် ပုံရိပ်ပေါင်းမြောက်များစွာ စတင်ပေါ်ပေါက်လာတော့သည်။ ၎င်းတို့မှာ အချိန်နှင့်တပြေးညီ ရိုက်ကူးနေသည့် လုံခြုံရေးမှတ်တမ်းများကဲ့သို့ အရည်အချင်းစမ်းသပ်ပွဲထဲရှိ ပြိုင်ပွဲဝင်များအားလုံးကို လိုက်လံပြသနေကြ၏။
ထိုဝဲများထဲ၌ ပြိုင်ပွဲဝင်များ၏ ပုံရိပ်များ ပေါ်ပေါက်လာကြသောအခါ ပြည်သူ့ရင်ပြင်၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ဂိုဏ်းသူဂိုဏ်းသားများမှာ အောက်သို့ထိုင်ချလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးမှာ ခေါင်းမော့ကာ ကောင်းကင်ပေါ်သို့ လှမ်းကြည့်ရင်း အချို့မှာ တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြတော့သည်။ သူတို့မှာ ထိပ်ဆုံးသုံးယောက်အဖြစ် ကျန်ရစ်ခဲ့မည့် လူများကို ခန့်မှန်းနေကြခြင်း ဖြစ်ရပေမည်။
သူတို့သာလျှင် ထိုကဲ့သို့ ငြိမ်သက်သွားကြသည်တော့မဟုတ်ပေ။ မြဲ့လျဲ့ကျိ၊ ဖုန့်ချိုးရန်နှင့် ယိုရန်တို့အပြင် ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာလည်း သူတို့၏ တပည့်များအား ထိုင်ခုံများ ယူလာခိုင်းလိုက်ပြီးနောက် အောက်သို့ထိုင်ချကာ အရည်အချင်းစမ်းသပ်ပွဲ၏ ရလဒ်များကို စောင့်ဆိုင်းနေလိုက်တော့သည်။
နောက်ဆုံးရလဒ်ထွက်ပေါ်လာရန် ရက်အနည်းငယ်ခန့် စောင့်ဆိုင်းရမည့်ပုံပင်။ သို့သော် ကျင့်ကြံသူများအတွက်မူ မျက်စိတစ်မှိတ်ခန့်သာ ကြာမြင့်နေမည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ စိတ်ရှည်နေကြ၏။
မြဲ့လျဲ့ကျိမှာ သူ့ကိုယ်သူ အလွန်အင်မတန်မှ ဂုဏ်ယူနေပြီး ဒူဂူလင်း တစ်ယောက်တည်းကိုသာ မခွာတမ်း စိုက်ကြည့်နေသည်။ ဒူဂူလင်းမှာ သူ အကုန်ပုံအောကာ ပြုစုပျိုးထောင်ပေးထားရသည့် အစွမ်းအထက်ဆုံး လက်နက်ကြီးတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။ သူသည် သူ့အား ဝှက်ဖဲတစ်ချပ်အဖြစ် အသုံးပြုကာ ဖုန့်ချိုးရန်နှင့် ယိုရန်တို့အား ဖိနှိပ်ရန် ကြံရွယ်ထား၏။
” ငါတို့ရဲ့မျိုးဆက်က လင်းအာ အစွမ်းအထက်ဆုံး ဖြစ်လာတဲ့အချိန်ကို စောင့်ဆိုင်းနေခဲ့တာကွ ” မြဲ့လျဲ့ကျိမှာ တိုးတိုးလေး ရေရွတ်လိုက်၏။ ထို့နောက် သာမာန်အချိန်များတွင် အေးတိအေးစက်ဖြစ်နေတတ်သည့် သူ၏မျက်နှာပေါ်တွင် မျှော်လင့်တကြီး ဖြစ်နေသည့် အငွေ့အသက်များ ကိန်းအောင်းနေသော အပြုံးတစ်ပွင့် ပေါ်ပေါက်လာတော့သည်။
ဖုန့်ချိုးရန်မှာလည်း ထိုနေရာမှ ထွက်ခွာသွားရန် ဆန္ဒမရှိပေ။ ထိုပြိုင်ပွဲကြီးမှာ အရေးကြီးလွန်းနေသည် မဟုတ်ပါလော။ သူမသည် ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိပါသော်လည်း ပြိုင်ပွဲကြီးအား သူမကိုယ်တိုင် ကြည့်ရှုခံစားနိုင်ရန် နေရစ်ခဲ့၏။
ယိုရန်တစ်ယောက်သာလျှင် တစ်ချိန်လုံး အပြုံးပျက်သွားခြင်းမရှိပေ။ သူသည် အလွန်အမင်း စိုးထိတ်နေသည့်ပုံလည်း မပေါ်ပေ။ ထို့ကြောင့် သူသည် ပြိုင်ပွဲကြီး၏ အခြေအနေအား တစ်ခဏမျှ စောင့်ကြည့်နေလိုက်ပြီးနောက် မျက်လုံးများမှိတ်သွား၏။
အပြင်ဘက်တွင်ကျန်ရစ်နေခဲ့သည့် ပွဲကြည့်ပရိသတ်များ အာရုံအပြည့်စိုက်ကာ ကြည့်ရှုနေကြစဉ် ပြိုင်ပွဲဝင်များမှာ အာသာကတွင်းနက်ကြီးများထဲသို့ ဝင်ရောက်သွားကြ၏။ သူတို့မှာ တစ်ခဏမျှ မူးဝေသွားကြပြီးနောက် တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်။ သူတို့၏ အမြင်အာရုံများ ပြန်လည်ကြည်လင်လာသည့်အချိန်တွင် သူတို့မှာ ထူးဆန်းသောကမ္ဘာကြီးတစ်ခုထဲသို့ ရောက်နေကြပြီဖြစ်သည်။
ထိုနေရာကြီးမှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးနှင့် ယှဉ်လိုက်ပါက သိသိသာသာ ပို၍ သေးငယ်၏။ သို့သော် ၎င်း၏ အရွယ်အစားမှာ ကမ္ဘာနှင့် မတိမ်းမယိမ်း အနေအထားတွင် ရှိသည်။ ထိုနေရာတွင် တောင်စဉ်တန်းများ နေရာအနှံ့၌ ရှိနေကြသလို သမုဒ္ဒရာများနှင့် သစ်တောများဖြင့်လည်း ပြည့်နှက်နေ၏။ ထို့အပြင် ၎င်းတို့၏ အထက်ရှိ အပြာရောင်ကောင်းကင်ယံကြီးထဲတွင် နေမင်း ခုနစ်စင်း တောက်ပနေသဖြင့် ထိုကမ္ဘာကြီးမှာ ပူပြင်းလွန်းနေသည်။
ထိုအချိန်တွင် ထိုကမ္ဘာကြီးထဲရှိ နယ်မြေသုံးခုတွင် တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များ တောက်ပလာ၏။ ၎င်းတို့ထဲမှ နယ်မြေတစ်ခုမှာ တောင်စဉ်တန်းတစ်ခု၏ အနီးတွင် ရှိနေသည်။ ထို အလင်းရောင်များ ပျောက်ကွယ်သွားသောအခါ ဝမ်ပေါင်လဲ့၊ ကျောက်ယမုန့်၊ ခုန်းတောက်၊ လုယွင်နှင့် ရှုမင်တို့အပြင် ဖုန့်ချိုးရန်၏ လက်အောက်မှ ဂိုဏ်းသားများ၏ နဂိုတုန်းက မှုန်ဝါးဝါးဖြစ်နေခဲ့သော လူရိပ်ကြီးများမှာ ပို၍သိသာထင်ရှားလာကြပြီး နောက်ဆုံးတွင် သူတို့၏ ခန္ဓာကိုယ်များမှာ ထိုကမ္ဘာကြီးထဲ၌ ပေါ်ပေါက်လာကြတော့သည်။
သူတို့မှာ ထိုကဲ့သို့ နေရာအသစ်တစ်ခုဆီသို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရပြီးနောက် အခြေတကျ ပြန်မဖြစ်သေးခင်မှာပင် သူတို့၏ လက်ထဲ၌ လင်းလက်တောက်ပနေသည့် သော့တစ်ချောင်း ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရ၏။ ၎င်းမှာ သာမန်သော့တစ်ချောင်း မဟုတ်ပေ။ ၎င်းဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများမှာ ကိုယ်စိတ်နှလုံး အေးချမ်းစေပြီး ကျင့်ကြံခြင်းစွမ်းအားများကို တည်ငြိမ်သွားအောင် ထိန်းသိမ်းပေးနိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေ၏။
ထိုသော့များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲဝင်အားလုံး၏ အသိစိတ်များထဲတွင်မြဲ့လျဲ့ကျိ ကြေညာခဲ့သော စည်းမျဉ်းများ ပြန်လည်ပေါ်ပေါက်လာတော့သည်။ လူတိုင်းမှာ သတိကြီးကြီးထားကာ သူတို့၏ ဘေးပတ်ဝန်းကျင်များအား သေသေချာချာ စောင့်ကြည့်နေကြပြီ ဖြစ်သည်။ သူတို့၏ အနီးတွင်ဘေးအန္တရာယ်များရှိမနေကြောင်း သေချာသွားသောအခါမှ သူတို့မှာ ဘေးပတ်ဝန်းကျင်အား ကျင့်သားရသွားအောင် လုပ်လိုက်ကြ၏။ ထို့အပြင် သူတို့မှာ သူတို့ပိုင်ဆိုင်ထားသည့် သော့များကိုလည်း စစ်ဆေးကြည့်လိုက်သေးသည်။ အချို့မှာ ၎င်းတို့အား သူတို့၏ သိုလှောင်အိတ်များထဲသို့ ထည့်ရန် ပြင်လိုက်ပါသော်လည်း ထိုသို့ ထည့်၍ မရကြောင်း သိလိုက်ရ၏။ သူတို့မှာ ၎င်းအား သူတို့နှင့်အတူ သယ်ဆောင်သွားရန်လိုအပ်ပေသည်။
လူအချို့မှာ ကျယ်ပြောလွန်းလှသော မြေပြင်ကြီးနှင့် ကောင်းကင်ယံထဲရှိ နေမင်းကြီးများကို မြင်လိုက်ရသောအခါ ပင့်သက်များ ရှိုက်မိသွားကြ၏။
” မြေပြင်ကြီးက ”
” တကယ့်ကို အစစ်အတိုင်းပဲ… ဒီလောက် ကျယ်ပြောတဲ့ မြေပြင်ကြီးကို ငါ မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ ”
” ပြီးတော့ ကောင်းကင်ထဲမှာ နေမင်းခုနစ်စင်းတောင် ရှိနေသေးတယ်။ ဒါ အဆုံးမဲ့လမ်းစဉ် မန္တန်အစီအရင်လားဟ ”
အခြားသူများမှာ ထိုကဲ့သို့ တီးတိုးပြောဆိုကာ ဆွေးနွေးငြင်းခုံနေကြစဉ် ဝမ်ပေါင်လဲ့၊ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ ချက်ချင်းပင် စုဝေးလိုက်ကြ၏။ သူတို့မှာ သူတို့၏ သော့များအား သိုလှောင်အိတ်များထဲ၌ ထည့်၍မရကြောင်း သိလိုက်ရသဖြင့် ၎င်းတို့အား သေချာသိမ်းဆည်းလိုက်ပြီးနောက် ဘေးဘီဝဲယာအား အကဲခတ်ကြည်ရှုလိုက်ကြတော့သည်။ သူတို့မှာ ယခုကဲ့သို့ ကျယ်ပြောလွန်းလှသည့် မြေပြန့်ဒေသများကို မြင်ဖူးထားပြီးသားဖြစ်သောကြောင့် ကျယ်ပြန်တာအိုနန်းတော်မှ ဂိုဏ်းသားများလောက် အံ့အားသင့်နေကြခြင်းမရှိပေ။ သို့သော် သူတို့မှာ ကောင်းကင်ယံထဲမှ နေမင်းခုနစ်စင်းအား တစ်ခဏမျှ ငေးကြည့်နေမိလိုက်၏။ ထို့နောက် သူတို့မှာ အသံလွှင့်အကြောင်းကြားစာများမှတစ်ဆင့် ဆွေးနွေးငြင်းခုံနေလိုက်ကြတော့သည်။
” စည်းမျဉ်းတွေ အရဆိုရင် ငါတို့နားမှာရှိတဲ့ လူတိုင်းကို သတိထားဖို့လိုတယ် ”
” သူများတွေနောက်ကိုမလိုက်ဘဲ ခဏနေမှ ငါတို့တွေသက်သက် အဖွဲ့ဖွဲ့ကြတာပေါ့ ” သူတို့သုံးယောက် ထိုကဲ့သို့ ဆွေးနွှေးနေကြစဉ် သူတို့၏ ပတ်ပတ်လည်တွင်ရှိနေသော ဂိုဏ်းသားများမှာ ထိုနေရာတစ်ဝိုက်အား ကြည့်ရှုစစ်ဆေးပြီးသွားကြပြီဖြစ်သည်။ အချို့မှာ မျက်လုံးများအရောင်လက်နေကြ၏။ သူတို့မှာ အဖွဲ့အစည်းတစ်ခုထဲမှ ဖြစ်ကြသည့်တိုင်အောင် အများစုမှာ သတိကြီးကြီးထားနေကြဆဲပင်။ ထို့ကြောင့် သူတို့မှာ နောက်သို့ဆုတ်ခွာသွားကြပြီး တစ်ယောက်နဲ့တစ်ယောက် ခပ်ကင်းကင်း နေလိုက်ကြ၏။ အချို့မှာ ထိုနေရာမှ ချက်ချင်းပင် ထွက်ခွာသွားကြပြီး အဝေးသို့ပြေးထွက်သွားကြသည်။ အချို့မှာမူ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူတို့၏ မိတ်ဆွေများဆီသို့ ပြန်ရောက်လာကြပြီး အဖွဲဖွဲ့လိုက်ကြ၏။
ခဏအကြာတွင် ပြိုင်ပွဲဝင်အယောက်နှစ်ရာရှိသော ထိုအဖွဲ့စည်းထဲမှ အယောက်တစ်ရာကျော်မှာ ထိုနေရာမှ ထွက်ခွာသွားကြပြီဖြစ်သည်။ ဖုန့်ချိုးရန်၏ တပည့်ရင်းဖြစ်သော လုယွင်မှာ ဝမ်ပေါင်လဲ့နှင့် သူ၏မိတ်ဆွေများအား တစ်ချက်ပင်မကြည့်ဘဲ ဂိုဏ်းသားသုံးဆယ်ကျော်ကို ဦးဆောင်ကာ အဝေးသို့ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့နှင့် အခြားနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့မှာလည်း ထိုနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်ကြတော့သည်။ ရှုမင်ဦးဆောင်သော ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့မှာ သူတို့၏အနီး၌ ရှိနေ၏။ ကျင့်ကြံသူတစ်ယောက်မှာ ရှုမင်၏ဘေးတွင် ရပ်နေပြီး သူနှင့် တိုးတိုးတိတ်တိတ် စကားများပြောနေသည့်ပုံပင်။ ထိုအချိန်တွင် သူသည် နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများ ထွက်ခွာသွားသည်ကို မြင်းလိုက်ရသည့်အတွက် သူတို့၏ နောက်သို့ ချက်ချင်းပင် ပြေးလိုက်လာ၏။
” အားလုံး။ ခဏလောက် စောင့်ပါဦး ”
သူတို့သုံးယောက်မှာ ထိုကျင့်ကြံသူ၏ အဝေးကြီးသို့ မရောက်ကြသေးပေ။ သို့ဖြစ်ရာ သူ၏ လုပ်ရပ်များကြောင့် ခုန်းတောက်မှာ ချက်ချင်းဆိုသလိုပင် ဒေါပွသွားပြီး ထိုကျင့်ကြံသူအား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လိုက်၏။ ကျောက်ယမုန့်မှာလည်း မျက်လုံးများအရောင်လက်သွားပြီး သူမ၏ ညာဘက်လက်ကိုဝှေ့ယမ်းကာ သံလိုက်အိမ်မြှောင်တစ်ခုအား ထုတ်ယူလိုက်၏။ ထို သံလိုက်အိမ်မြှောင်ထဲမှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ကမ္ဗည်းစာလုံးများ ထွက်ပေါ်နေသည်။
ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် အမူအရာ ပျက်သွားခြင်းမရှိဘဲ တည်ကြည်နေ၏။ သူသည် နောက်သို့လှည့်လာပြီး သူတို့ဆီသို့ ပြေးလာနေသော ကျင့်ကြံသူအား စိုက်ကြည့်နေလိုက်၏။
သူသည် အရှိန်လျှော့သွားခြင်းမရှိဘဲ သူတို့ သုံးယောက်၏ အနားသို့ ရောက်လာသောအခါမှ လုံးဝရပ်တန့်သွားသည်။ သူ၏ပုံစံမှာ အစောပိုင်း အမြုတေအဆင့်တွင်ရှိသော လူငယ်လေးတစ်ယောက်ပင်။ သူသည် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့နှင့် ကျင့်ကြံခြင်းအဆင့်အတူတူတွင် ရှိနေသည့်တိုင်အောင် သူ၏ မျက်နှာအမူအရာမှာ မောက်မာဝင့်ကြွားနေသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် သူသည် ပြုံးနေသည့်တိုင်အောင် ထို မောက်မာဝင့်ကြွားမှုများကို ဖုံးကွယ်နိုင်စွမ်းမရှိပေ။ ထို့အပြင် ထိုအပြုံးကြောင့် အခြားသူများ၏အမြင်တွင် သူသည် ရိုးသားမှုမရှိသည့်ပုံစံပင် ပေါက်နေတော့သည်။
” ပြည်ထောင်စုကြီးကလာတဲ့ တာအိုရောင်းရင်းသုံးယောက်။ ငါ့နာမည်က လျှိုဝမ်ကျုပါ ” ထိုလူငယ်လေးမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူတို့အား နှုတ်ဆက်လိုက်၏။ ထို့နောက် သူသည် သူတို့အား စကားပြောခွင့်မပေးဘဲ ဆက်ပြောလိုက်ပြန်သည်။
” တာအိုရောင်းရင်းတို့ ဒီ အရည်အချင်းစမ်းသပ်ပွဲက တော်တော်လေးကို အန္တရာယ်များတယ်။ ကျင့်ကြံခြင်းအဆင့်ကို စမ်းသပ်ရုံတင်မဟုတ်ဘူး ပြိုင်ပွဲစည်းကမ်းတွေကို နားလည်မှုရှိမရှိဆိုတဲ့ အချက်ကိုပါ စစ်ဆေးတာ။ ငါ ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ မင်းတို့တွေ ဒီပြိုင်ပွဲထဲမှာ ကြာကြာခံမှာမဟုတ်ဘူး။ အဲလိုဆိုမှတော့ မင်းတို့ရဲ့ သော့တွေကို ဂိုဏ်းတူအစ်ကိုရှုမင်ဆီ ပေးခဲ့လိုက်ပါလား ” သူ၏ စကားများမှာ တောင်းဆိုသည့်အဓိပ္ပါယ် ပေါက်ပါသော်လည်း သူ၏လေသံမှာ ယုံကြည်မှုအပြည့်ရှိနေသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများ သူတို့၏ သော့များကို လွှဲပြောင်းပေးရသည်မှာ ကြီးကြီးမားမားကိစ္စတစ်ခု မဟုတ်ရုံသာမက လုပ်သင့်လုပ်ထိုက်သည့် လုပ်ရပ်တစ်ခုဟုပင် သူက မှတ်ယူထားသည်ပုံပင်။
” အမှန်အတိုင်းပြောရရင် မင်းတို့တွေ သိပြီးပြီလားတော့မသိဘူး။ ဂိုဏ်းတူအစ်ကိုရှုမင်က ထိပ်ဆုံး သုံးယောက်ထဲမှာ ပါအောင်လုပ်ပေးဖို့ အကြီးအကဲဖုန့်ကို ကတိပေးထားပြီးသား။ ပြီးရင် အကြီးအကဲဖုန်းက ဆုရမယ့် ဗေဒါရွက်ကို ပြည်ထောင်စုကြီးကို လက်ဆောင်ပေးမှာ။ အဲတာမလို့ မင်းတို့တွေ မင်းတို့ရဲ့ သော့တွေကို ဂိုဏ်းတူအစ်ကိုရှုမင်ဆီ ပေးခဲ့မယ်ဆိုရင် ပြည်ထောင်စုကြီးကို ကူညီနေတာနဲ့ အတူတူပါပဲ ” လျှိုဝမ်ကျုမှာ ထိုသို့ဆိုကာ ပြုံးလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်အား သူတို့သုံးယောက်ရှေ့သို့ ဆန့်ထုတ်လိုက်၏။
သူ၏စကားများကို ကြားလိုက်ရသောအခါ ခုန်းတောက်မှာ မျက်လုံးများ မှေးသွားပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ ကျောက်ယမုန့်မှာလည်း အတွေးများထဲတွင် နစ်မျောသွားသည့်ပုံပင်။ သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အချင်းချင်း နားလည်သဘောပေါက်သွားကြ၏။ ထို့ကြောင့် ကျောက်ယမုန့်မှာမှာ လျှိုဝမ်ကျုဘက်သို့ လှည့်လာပြီးနောက် မပွင့်တစ်ပွင့်ပြုံးကာ ပြန်ပြောလိုက်တော့သည်။
” ဂိုဏ်းတူအစ်ကို။ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ညီမတို့ကလည်း ဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ အကြီးအကဲဖုန့်ကို ကူညီပေးဖို့ ဆုံးဖြတ်ထားပြီးသား။ ပြီးတော့ အကြီးအကဲဖုန့်ကလည်း ညီမတို့ကို အဲ့လိုကူညီပေးဖို့ တောင်းဆိုထားတာလေ ”
လျှိုဝမ်ကျုမှာ ကျောက်ယမုန့်၏ ငြင်းဆိုမှုကို ကြားလိုက်ရသောအခါ မျက်ခုံးပင့်သွား၏။ သူသည် သူတို့ သုံးယောက်အား အကဲခတ်လိုက်ပြီးနောက် မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် နောက်သို့လှည့်ကာ ရှုမင်ဆီသို့ ပြန်သွားလိုက်သည်။ ထို့နောက် သူသည် ရှုမင်အား စကားအချို့ တီးတိုးပြောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများရှိရာသို့ လက်ညှိုးထိုးပြလိုက်၏။ ထိုအခါ ရှုမင်မှာ ရယ်မောလိုက်ပြီး ဗွေမယူသည့် အမူအရာဖြင့် ခေါင်းသာယမ်းပြလိုက်သည်။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် စကားပြောလိုက်၏။ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ သူ၏ပြောစကားများကို ပြတ်ပြတ်သားသား ကြားလိုက်ရသည်။
” မင်းတို့ သဘောပါပဲ။ မင်းတို့တွေ ငါ့ဆရာကို ကူညီပေးနိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ ဟားဟား။ ဂရုစိုက်ကြနော် ” သူသည် ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ကျင့်ကြံသူဆယ်ယောက်ကျော်အား ဦးဆောင်၍ အဝေးသို့ ပျံထွက်သွားလိုက်တော့သည်။