Switch Mode

အခန်း (၅၅၇)

စကြစို့

ကျိုးချူတောက်မှာ ဒူဂူလင်း၏ အကြည့်အား သတိထားမိလိုက်သောအခါ အနည်းငယ်ခန့် မျက်နှာရှုံ့မဲ့သွားပြီး စိတ်ထဲတွင် သက်ပြင်းချမိလိုက်၏။ အကယ်၍ သူ့ဆရာ၏ စေခိုင်းချက်ကြောင့်သာ မဟုတ်ပါက သူသည် ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်နေမည်မဟုတ်ပေ။

” ငါ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲကွာ ” ကျိုးချူတောက်မှာ ခေါင်းယမ်းကာ ရေရွတ်လိုက်၏။ သူသည် လယ်သမားတစ်ယောက်နှင့်တူနေပြီး ခါးကိုင်းနေသောကြောင့် သူ၏ ပုံပန်းသွင်ပြင်မှာ ခံ့ညားမှု မရှိပေ။ သို့သော် သူ၏ တာအိုလက်တွဲဖော်ဖြစ်သည့် ဟွမ်ယွင်ရှန်းမှာမူ ကြယ်တစ်လုံးကဲ့သို့ လင်းလက်တောက်ပနေ၏။ သူမ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်တိုင်း ညှို့ဓာတ်ပြင်းသော အလှတရားများ ထွက်ပေါ်လာသည်သာဖြစ်သည်။ သူမသည် ကြိုးစားအားထုတ်စရာပင် မလိုပဲ ညှို့ယူဖမ်းစားနိုင်စွမ်း အပြည့်ရှိနေသောကြောင့် ကျင့်ကြံသူ‌များစွာမှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ ဟွမ်ယွင်ရှန်းမှာ နတ်သမီးရှုံးလောက်အောင် ချောမောလှပသည့် မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားရုံသာမက အလွန်အင်မတန်မှ စွဲမက်ဖွယ်ရာကောင်းသည့် ခန္ဓာကိုယ်အချိုးအစားတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူမ ခြေတစ်လှမ်း လှမ်းလိုက်သည့်အချိန်တိုင်း သူမ၏ သေးသွယ်သွယ် ခါးလေးမှာ လှုပ်ယမ်းသွားသဖြင့် သူမအား ငေးကြည့်နေကြသည့် လူတိုင်းမှာ နှလုံးသားထဲ၌ တရွရွ ဖြစ်လာ‌ရတော့သည်။

ခုန်းတောက်ပင်လျှင် မနေနိုင်တော့ဘဲ သူမအား လှမ်း၍ကြည့်မိလိုက်၏။

ထိုအခါ ကျိုးချူတောက်မှာ ပို၍ပင် မျက်စိမျက်နှာပျက်သွားပြီး ခေါင်းယမ်းကာ သူ၏ တာအိုလက်တွဲဖော်နှင့်အတူ ယိုရန်၏ အဖွဲ့အစည်းရှိရာသို့ လျှောက်လှမ်းလာတော့သည်။ ထို့နောက် သူသည် စိတ်ရှုပ်မခံလိုသောကြောင့် မျက်လုံးမှိတ်ထားလိုက်၏။

ဝမ်ပေါင်လဲ့မှာလည်း ဟွမ်ယွင်ရှန်း၏ ခန္ဓာကိုယ်အချိုးအစားအား လှမ်း၍ အကဲခတ်မိလိုက်သည်။ သို့သော်လည်း သူသည် ခုန်းတောက်နှင့် မတူဘဲ ခဏအကြာတွင် ကျိုးချူတောက်အား အာရုံစိုက်မိသွားတော့သည်။ သူ၏ ပုံပန်းသွင်ပြင်မှာ သာမန်ဟုသာ ထင်ရပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ ဝမ်းတွင်းအသိစိတ်များကို ယုံကြည်ထား၏။ သူသည် ကျိုးချူတောက်၏ ခန္ဓာကိုယ်ပေါ်တွင် အခြားသူများ မမြင်နိုင်သော စိတ်ဝိညာဉ်ချီများ ရှိနေသည်ကို အာရုံခံမိနေခြင်းဖြစ်သည်။

ထို စိတ်ဝိညာဉ်ချီဟူသည့် စကားလုံးအား အမှောင်ဂိုဏ်းက ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းမှာ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသောကြောင့် မကျွတ်မလွတ်သော ဝိညာဉ်များ စွဲကပ်နေသည့် လူများအား တိုင်းတာသည့် စံနှုန်းတစ်ခု ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ကျိုးချူတောက်ဆီတွင် အလွန်အင်မတန်မှ အားကောင်းသည့် စိတ်ဝိညာဉ်ချီများ ရှိနေသည်ကို အာရုံခံမိနေသည်။ သူ၏ ပုံပန်းသွင်ပြင်၊ အနည်းငယ်ခန့် ကိုင်းနေသည့် ခါးနှင့် ကိုယ်ဟန်အမူအရာတို့ကြောင့် သူသည် ရိုးသားကြိုးစားသည့် လူတစ်ယောက်ပုံစံ ပေါက်နေပါသော်လည်း အမှန်တွင်မူ သူသည် လူပေါင်းများစွာကို သတ်ဖြတ်ထားပြီးသား ဖြစ်လောက်ပေမည်ဟု ဝမ်ပေါင်လဲ့က သုံးသပ်လိုက်၏။

” စိတ်ဝင်စားစရာပဲ။ ငါက ကျယ်ပြန်တာအိုနန်းတော်ရဲ့ ဂိုဏ်းသားတွေထဲမှာ ဒူဂူလင်းက အစွမ်းအထက်ဆုံး ဖြစ်နေလိမ့်မယ်လို့ ထင်ထားတာ။ ဒီလိုမျိုး ကိုယ့်ရဲ့ သရုပ်မှန်ကို ဘယ်သူမှမသိအောင် ဖုံးကွယ်ထားနိုင်တဲ့ လူတစ်ယောက် ရှိနေလိမ့်မယ်လို့ လုံးဝထင်မထားဘူး ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောနေစဉ် ခေါင်းလောင်းသံများ ထပ်၍ ထွက်ပေါ်လာပြန်သည်။ ထိုအခါ ပြည်သူ့ရင်ပြင်ထဲတွင် ရှိနေကြသောလူတိုင်းမှာ ငြိမ်ကျသွားကြ၏။ ပြည်သူ့ရင်ပြင်ကြီး ထိုကဲ့သို့ ငြိမ်ကျသွားသောအခါ ပွဲကြည့်ပရိသတ်များမှာလည်း တဖြည်းဖြည်းနှင့် တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရှေ့တည့်တည့်သို့ ငေးကြည့်နေကြသောကျောက်ယမုန့်နှင့် ခုန်းတောက်တို့၏ ဘေးတွင်ရပ်လိုက်၏။ လူတိုင်း တိတ်ဆိတ်ငြိမ်သက်နေကြစဉ် ခေါင်းလောင်းကြီးမှာ ကိုးကြိမ်းတိတိ မြည်ဟည်းသွား၏။ နောက်ဆုံးတွင် သူတို့၏ ရှေ့တွင် ရှိနေသော ပင်မခန်းမကြီးမှာ တံခါးများပွင့်သွားပြီး ယွမ်ယင်အဆင့်ကျင့်ကြံသူ တစ်ဒါဇင်တိတိ ထွက်ပေါ်လာကြ၏။

ထို ကျင့်ကြံသူများ ပေါ်ပေါက်လာသောအခါ ဂိုဏ်းသားများမှာ သူတို့အား တရိုသေ တလေးတစား စိုက်ကြည့်နေလိုက်ကြ၏။ သူတို့မှာ လူအုအုပ်ကြီးအား တစ်ချက်ပင်ပြန်မကြည့်ဘဲ တစ်ဖက်တစ်ချက်စီ၌ တန်းစီလိုက်ပြီးနောက် ပင်မခန်းမကြီးအား အရိုအသေပေးလိုက်၏။

” အကြီးအကဲများကို ဂါရဝပြုပါတယ် ” သူတို့၏ စကားသံများ ထွက်ပေါ်လာသောအခါ ပြည်သူ့ရင်ပြင်ကြီး၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းတွေရှိနေကြသည့် လူတိုင်းမှာ ခေါင်းများငုံ့သွားကြပြီး ပင်မခန်းမကြီးအား အရိုအသေပေးလိုက်ကြ၏။ ထို့နောက် မြဲ့လျဲ့ကျိနှင့် ယိုရန်တို့မှာ ဖုန့်ချိုးရန်အား ဘယ်ညာနှစ်ဖက်မှ ခြံရံလျက် ခန်းမကြီးထဲမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာကြတော့သည်။

သူတို့သုံးယောက်ဆီမှ ယွမ်ယင်အဆင့် ကျင့်ကြံသူများထက် ပို၍အားကောင်းသော စွမ်းအင်လှိုင်းများ ချက်ချင်းပင်ထွက်ပေါ်လာသည်။ ထို့နောက် လေပြင်းများ စတင်တိုက်ခတ်လာပြီး တိမ်တိုက်များမှာ ပုံစံပြောင်းသွားကြသဖြင့် မိုးကောင်းကင်ကြီး တစ်ခုလုံးမှာ အသွင်ပြောင်းသွားတော့သည်။ ခဏအကြာတွင် လေထဲ၌ ဧရာမ လေမုန်တိုင်းကြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်းမှာ ထစ်ချုန်းသံများ မြည်ဟည်းကာ အရာအားလုံးကို ဝါးမျိုပစ်တော့မည့်ပုံ ပေါက်နေသည်။ ထိုမြင်ကွင်းကြောင့် ဂိုဏ်းသားများအားလုံးမှာ အံ့ဩတုန်လှုပ်သွားကြ၏။

ဝမ်ပေါင်လဲ့မှာလည်း သူ၏ ပတ်ပတ်လည်၌ ဝိညာဉ်စွမ်းအင်များ စုစည်းလိုက်ပြီး ခေါင်းငုံ့ကာ အရိုအသေပေးလိုက်တော့သည်။ ထိုအချိန်တွင် မြဲ့လျဲ့ကျိ၏ စကားသံကြီးမှာ ပြည်သူ့ရင်ပြင် တစ်ခွင်လုံးသို့ ပျံ့နှံ့ဟွားတော့သည်။

” ဒီ အရည်အချင်းစမ်းသပ်ပွဲထဲက ထိပ်ဆုံးသုံးယောက်ကို ဗေဒါရွက် တစ်ယောက်တစ်ရွက်ဆီ ဆုချီးမြှင့်မှာ ဖြစ်တယ်။ အဲဒီ သစ်ရွက်တွေနဲ့ဆိုရင် ရှိခိုးနန်းတော်အဆောင်ထဲကို ဝင်ပြီးတော့ ကိုယ့်ရဲ့နာမည်တွေကို တာအိုကျောက်ပြားပေါ်မှာ ရေးထိုးလို့ရမှာ ဖြစ်တယ်။ အဲလို ရေးထိုးပြီးသွားရင် ကျယ်ပြန်တာအိုနန်းတော်ရဲ့ ဂိုဏ်းသားအစစ်တစ်ယောက် ဖြစ်သွားမှာ ဖြစ်တယ် ”

” တာအိုကျောက်ပြားပေါ်မှာ နာမည်ရေးထားတဲ့ ဂိုဏ်းသားတွေက တခြားသူတွေနဲ့မတူတဲ့ ရာထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်သွားမှာ ဖြစ်တယ်။ သူတို့က သူတို့ရဲ့ အသိအမှတ်ပြု တံဆိပ်ပြားတွေကို အသုံးပြုပြီးတော့ ရှေးဟောင်းဓားကြီးရဲ့ မဟာမန္တန်အစီအရင်ကြီးကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိသွားမှာ။ အဲလို တာအိုကျောက်ပြားပေါ်မှာ ကိုယ့်နာမည်ကို ရေးထားတဲ့လူတွေကိုပဲ ကျယ်ပြန်တာအိုနန်းတော်ရဲ့ ဂိုဏ်းသားအစစ်တွေအဖြစ် သတ်မှတ်နိုင်မှာ ” မြဲ့လျဲ့ကျိ၏ သြဇာညောင်းသော စကားသံကြီးမှာ ပြည်သူ့ရင်ပြင်ထဲ၌ ပဲ့တင်ထပ်နေ၏။ သူ၏ စကားသံထဲ၌ ကိန်းအောင်းနေသည့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များကြောင့် မည်သူကမှ သူ့အား စောဒကတက်ရဲကြမည် မဟုတ်ပေ။

ဖုန့်ချိုးရန်ကမူ သူ၏ဘေးတွင် အသက်မပါသည့် မျက်နှာအမူအရာဖြင့် ရပ်နေပြီး စကားတစ်ခွန်းမှ မပြောပေ။ သူမ၏ဘေးတွင် ရပ်နေသော ယိုရန်မှာလည်း စကားတစ်ခွန်းမှ မပြောဘဲ ပြုံးနေ၏။ သူတို့သုံးယောက်မှာ ဤကိစ္စနှင့်ပတ်သတ်၍ ကြိုတင်ဆွေးနွေးထားခဲ့ပြီးသားဖြစ်ရပေမည်။ မြဲ့လျဲ့ကျိမှာ ဤအရည်အချင်းစမ်းသပ်ပွဲအား ကြီးမှူးကျင်းပမည်ဖြစ်သည်။ ဖုန့်ချိုးရန်မှာ ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အစပိုင်းတွင် ချီတုံချတုံ ဖြစ်နေခဲ့သည့်တိုင်အောင် နောက်ဆုံးတွင် သဘောတူခဲ့၏။ သူတို့မှာ အပေးအယူတစ်ခုခု လုပ်ခဲ့ခြင်း ဖြစ်ရပေမည်။

မြဲ့လျဲ့ကျိမှာ ထိုသို့ကြေညာလိုက်ပြီးနောက် သူ၏ မျက်ဝန်းများမှာ လင်းလက်တောက်ပသွား၏။ ထို့နောက် သူသည် မန္တန်ရွတ်ဖတ်နေသကဲ့သို့ အသံအောအောကြီးဖြင့် ဆက်ပြောလိုက်၏။

” ဒီ အရည်အချင်းစမ်းသပ်ပွဲကို… ငါတို့ဂိုဏ်းရဲ့ မဟာမန္တန်အစီအရင်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အဆုံးမဲ့လမ်းစဉ် မန္တန်အစီအရင်ထဲမှာ ကျင်းပမှာဖြစ်တယ်။ စည်းမျဉ်းတွေနဲ့ပတ်သက်လို့က… သေချာနားထောင်။ ငါ တစ်ခါပဲ ပြောမှာ ”

မြဲ့လျဲ့ကျိ ထိုသို့ဆိုလိုက်သည်နှင့် ပြည်သူ့ရင်ပြင်ထဲတွင် ရှိနေကြသော ပြိုင်ပွဲဝင်များအားလုံးမှာ အာရုံအပြည့်စိုက်ကာ သူ့အား စိုက်ကြည့်နေလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်ပြီး အာရုံအပြည့်စိုက်ကာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့နှင့်အတူ အရည်အချင်းစမ်းသပ်ပွဲ၏ စည်းမျဉ်းများအကြောင်းကို နားထောင်နေလိုက်တော့သည်။

ထိုစည်းမျဉ်းများမှာ အလွန်အမတန်မှ အရေးကြီးပေသည်။ အကယ်၍ ထိုစည်းမျဉ်းများရှိမနေပါက ဤ အရည်အချင်းစမ်းသပ်ပွဲမှာ တရားမျှတမှု ရှိမည်မဟုတ်ပေ။ ပြိုင်ပွဲဝင် အယောက်ခြောက်ရာထဲ၌ အစောပိုင်း အမြုတေအဆင့်၊ အလယ်အလတ် အမြုတေအဆင့်နှင့် နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူများလည်း ပါနေကြသည်မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ ထိုစည်းမျဉ်းများအကြောင်းကို မသိထားသည့်တိုင်အောင် ၎င်းတို့မှာ အားနည်းသော ပြိုင်ပွဲဝင်များအား အကာအကွယ် တစ်ခုခုပေးမည့် စည်းမျဉ်းများ ဖြစ်လောက်ပေသည်ဟု ခန့်မှန်းထား၏။ သို့မှသာ ဤ အရည်အချင်းစမ်းသပ်ပွဲကြီးမှာ အပေါ်ယံတွင် မျှတမှုရှိသည့်ပုံ ပေါက်နေမည်မဟုတ်ပါလော။ သို့သော် လက်တွေ့တွင်မူ ကြီးနိုင်ငယ်ညှဉ်းဝါဒမှာ ကြီးစိုးနေဦးမည်သာဖြစ်သည်။

ပြည်သူ့ရင်ပြင်ကြီး၏ အတွင်းပိုင်းနှင့်အပြင်ပိုင်းရှိ လူများအားလုံး တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြစဉ် မြဲ့လျဲ့ကျိ၏ အေးစက်စက်စကားသံကြီးမှာ လေထုထဲ၌ ပြည့်နှက်သွားတော့သည်။

” မင်းတို့ ပြိုင်ပွဲဝင် အယောက်ခြောက်ရာ အရည်အချင်းစမ်းသပ်ပွဲ ကျင်းပမယ့် နေရာထဲကို ရောက်သွားတာနဲ့ မန္တန်အစီအရင်ကြီးက ဖန်တီးပေးမယ့် သော့တစ်ချောင်းကိုရလိမ့်မယ် ”

” နှစ်ဆယ့်လေးနာရီတစ်ရက် ကုန်သွားတဲ့အချိန်တိုင်း မန္တန်အစီအရင်ကြီးက အရည်အချင်းစမ်းသပ်ပွဲ ကျင်းပမယ့် နေရာကြီးတစ်ခုလုံးအပေါ် အကျိုးသက်ရောက်နိုင်စွမ်းရှိတဲ့ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်ပေးလိမ့်မယ်။ အဲဒီ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားတွေကို ခုခံတွန်းလှန်ချင်တယ်ဆိုရင် ကိုယ့်မှာရှိတဲ့ သော့တစ်ချောင်းကို စတေးပစ်မှ ရမယ်။ သော့မရှိတော့တဲ့ ပြိုင်ပွဲဝင်တွေကတော့ တည်နေရာပြောင်းရွှေ့ခံရပြီးရင် အရည်အချင်းစမ်းသပ်ပွဲထဲကနေ ထုတ်ပယ်ခံရမှာ ဖြစ်မယ် ”

မြဲ့လျဲ့ကျိ၏ စကားသံကြီးမှာ ကျယ်လောင်စွာထွက်ပေါ်လာ၏။ လူတိုင်းမှာ သူတို့၏ စိတ်များကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြပါသော်လည်း ထိုစည်းမျဉ်းများအကြောင်းကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။။ ထို့နောက် သူတို့မှာ ထိုကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးငြင်းခုံရင်း ဆူညံပွက်လောရိုက်နေကြတော့သည်။

ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ ထိုကဲ့သို့သော စည်းမျဉ်းမျိုးနှင့် လုံးဝ မကြုံဖူးပေ။ ကျယ်ပြန်တာအိုနန်းတော်မှ ဂိုဏ်းသားများပင်လျှင် ထိုစည်းမျဉ်းမျိုးနှင့် ကြုံတွေ့ဖူးသည်မဟုတ်ပေ။ ရိုးရိုးရှင်းရှင်းဆိုရမည်ဆိုပါက ဤ အရည်အချင်းစမ်းသပ်ပွဲကြီးမှာ ရှုံးနိမ့်သူများအား ပြိုင်ပွဲမှထုတ်ပယ်သည့် နည်းစနစ်ကို အသုံးပြုထားခြင်းဖြစ်သည်။ ထို့ကြောင့် ပါးနပ်မှုရှိသော ဂိုဏ်းသားများမှာဆိုလျှင် ထိုစည်းမျဥ်းများမှာ မည်မျှအထိ ပြင်းထန်ကြောင်း ချက်ချင်းပင် နားလည်သွားကြတော့သည်။

” ဒီ စည်းမျဉ်းတွေအတိုင်းသာဆိုရင်တော့ ဒီ အရည်အချင်းစမ်းသပ်ပွဲကြီးက ကြမ်းတော့မှာ ”

” ကိုယ့်ရဲ့ အားသာချက်အားနည်းချက်တွေကို ကောင်းကောင်းကြီးသိထားဖို့ လိုတဲ့အပြင် ကိုယ့်ရဲ့သော့ကို တခြားလူတွေ ရှာမတွေ့နိုင်အောင် ကွယ်ဝှက်ထားပြီး တခြားလူတွေဆီက သော့တွေကို လိုက်လုနိုင်မှ ဒီ အရည်အချင်းစမ်းသပ်ပွဲကြီးထဲမှာ အောင်မြင်နိုင်မှာ ”

” တစ်ကြိမ် တည်နေရာပြောင်းရွှေ့တိုင်း သော့တစ်ချောင်း ကုန်သွားမှာဆိုတော့ သော့တွေရဲ့ အရေအတွက်ကလည်း တဖြည်းဖြည်းနဲ့ လျော့လာမှာပဲ။ တကယ်လို့ မန္တန်အစီအရင်ကြီးထဲ ဝင်သွားပြီးတဲ့နောက် ဘယ်သူကမှ တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ဘဲ ငြိမ်ငြိမ်ကလေး နေနေကြမယ်ဆိုရင် နှစ်ဆယ့်လေးနာရီ ကုန်သွားတာနဲ့ သော့တစ်ချောင်းမှ ကျန်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့ အဲလိုကတော့ ဖြစ်လာမှာမဟုတ်ပါဘူး ”

ရှုမင်နှင့် လုယွင်တို့မှာ မျက်မှောင်ကြုတ်နေကြ၏။ သူတို့မှာ ထိုစည်းမျဉ်းအသစ်များအကြောင်းကို ကြားသိထားခြင်း မရှိသဖြင့် ထိုပြောင်းလဲမှုများမှာ ကြီးမားလွန်းနေသည်ဟု ခံစားလိုက်ရ၏။ ဟွမ်ယွင်ရှန်းမှာလည်း ထိုနည်းတူပင်။ သူမသည် အတွေးများထဲတွင် နစ်မျောနေသည့် မျက်နှာအမူအရာဖြင့် ထိုကိစ္စအား ကျိုးချူတောက်နှင့် တိုးတိုးကလေး ဆွေးနွေးနေတော့သည်။ ဒူဂူလင်းတစ်ယောက်သာလျှင် အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ အေးတိအေးစက် ဖြစ်နေဆဲပင်။ သူသည် ထိုစည်းမျဉ်းများကို လုံးဝ လျစ်လျူရှုထားသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာလည်း ထိုစည်းမျဉ်းများကို ကြားလိုက်ရပြီးနောက် အတွေးများထဲ၌ နစ်မျောသွား၏။ သူ၏ဘေးတွင်ရပ်နေသော ကျောက်ယမုန့်မှာမူ အခြေအနေကြီး တစ်ခုလုံးအား ချက်ချင်းပင် ရိပ်စားမိသွားသဖြင့် မျက်မှောင်ကြုတ်သွားတော့သည်။ ထို စည်းမျဉ်းများမှာ ကြီးနိုင်ငယ်ညှဥ်းဝါဒအား အခြားစကားလုံးများဖြင့် ဖော်ပြနေခြင်းသာဖြစ်သည်။

” ဒီ စည်းမျဉ်းတွေကြောင့် ဒီ အရည်အချင်းစမ်းသပ်ပွဲက ကံတရားပေါ်လည်း မူတည်နေဦးမှာ။ အင်အားနည်းတဲ့ ပြိုင်ပွဲဝင်တွေက ဝှက်ဖဲတွေ ပိုရသွားတာပေါ့။ ဒါပေမဲ့ အန္တရာယ်ကြီးတွေနဲ့ ကြုံရနိုင်သလို ရှုပ်ယှက်ခတ်နေတဲ့ တိုက်ပွဲကြီးတွေလည်း ဖြစ်လာနိုင်တယ် ”

ကျယ်ပြန်တာအိုနန်းတော် သူမ၏ အသံလွှင့်လက်စွပ်မှတစ်ဆင့် ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့ဆီသို့ တိုးတိုးလေးလေး ပေးပို့လိုက်၏။

ထိုအခါ ခုန်းတောက်မှာ ခေါင်းညိတ်ပြလိုက်၏။ သူသည်လည်း မျက်မှောင်ကြုတ်နေပြီဖြစ်သည်။ သူသည် သူတို့ရင်ဆိုင်ရမည့် အခြေအနေများအား အကဲဖြတ်သုံးသပ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆို ရယ်မောလိုက်၏။ သူည် စကားတစ်ခွန်းမှ မပြောပါသော်လည်း ‌သေသေချာချာ စဉ်းစားပြီးသွားပြီဖြစ်သည်။ ထိုစည်းမျဉ်းများမှာ အရေးပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူ့အတွက် အရေးမကြီးပေ။ ၎င်းတို့မှာ အရည်အချင်းစမ်းသပ်ပွဲကြီးအား ရှုပ်ထွေးအောင် လုပ်နေချင်းသာဖြစ်သည်။ နောက်ဆုံးတွင် ကြီးနိုင်ငယ်ညှဥ်းဝါဒကသာလျှင် စည်းမျဉ်းအဖြစ် ရှိနေမည်ဖြစ်သည်။

လူတိုင်းမှာ အသည်းအသန် ဆွေးနွေးငြင်းခုံနေကြ၏။ အထူးသဖြင့် ပြည်သူ့ရင်ပြင်ကြီးထဲတွင်ရှိနေသော ပြိုင်ပွဲဝင်များမှာဆိုလျှင် အားမာန်အပြည့်ဖြင့် ကြိုးစားပမ်းစား ဆွေးနွေးငြင်းခုံ‌နေကြသည်။ ထိုအချိန်တွင် မြဲ့လျဲ့ကျိ၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပသွား၏။

” တိတ်စမ်း ” သူ ထိုသို့အော်ပြောလိုက်သောအခါ သူ၏ အော်ဟစ်သံကြီးမှာ မိုးခြိမ်းသံကြီးတစ်သံကဲ့သို့ ထွက်ပေါ်လာပြီး လေထုထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့ကြောင့် လူတိုင်းမှာ ချက်ချင်းဆိုသလိုပင် အံ့ဩတုန်လှုပ်သွားကြပြီး ငြိမ်ကျသွားကြတော့သည်။

” အဲဒါ စည်းမျဉ်းတွေပဲ။ နောက်ဆုံး လူ သုံးယောက်ထက် ပိုမကျန်တော့တဲ့ အချိန်အထိ တည်နေရာပြောင်းရွှေ့မှုတွေ ဆက်ဖြစ်နေမှာ။ အဲဒီ အချိန်ရောက်ရင် အရည်အချင်းစမ်းသပ်ပွဲက ချက်ချင်းပြီးသွားမှာ။ တကယ်လို့ အဲဒီအချိန်မှာ ပြိုင်ပွဲဝင်သုံးယောက် ကျန်နေခဲ့မယ်ဆိုရင် တစ်ယောက်ကို ဗေဒါရွက် တစ်ရွက်စီရမယ်။ နှစ်ယောက်ကျန်ရင် တစ်ယောက်တစ်ရွက်စီ ယူပီးတော့ ကျန်တဲ့တစ်ရွက်ကို ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ရမယ်။ တစ်ယောက်ထဲပဲ ကျန်ခဲ့မယ်ဆိုရင်တော့… အဲဒီဗေဒါရွက်သုံးရွက်စလုံးကို သူပဲ ယူရမယ် ”

” ကဲ။ အခု တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကို စမယ် ” မြဲ့လျဲ့ကျိမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ကောင်းကင်ယံထဲတွင် ရှိနေသော ဧရာမလေမုန်တိုင်းကြီးမှာ ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး အလွန်အင်မတန်မှအားကောင်းသော စုပ်ယူအားတစ်မျိုးကို ထုတ်လွှတ်ကာ ပြည်သူ့ရင်ပြင်ထဲရှိ ပြိုင်ပွဲဝင်အယောက်ခြောက်ရာအား လေမုန်တိုင်းကြီးထဲသို့ ဆွဲသွင်းလိုက်တော့သည်။

အရည်အချင်းစမ်းသပ်ပွဲကြီး စတင်သွားပြီဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset