ဗိုလ်ချုပ်ကြီးအိမ်တော် ပင်မခန်းမဆောင်အတွင်း…
ဝေကန်းလန်နှင့် ဝေချင်းချင်းတို့က အခန်းထဲတွင်ထိုင်နေလျက်ရှိကြသည်။ လက်ရှိအချိန်မှာ သူတို့နှစ်ယောက်စလုံးရဲ့မျက်နှာတွေက အပျော်တွေနဲ့ပြည့်နှက်နေရသလို သူတို့ရဲ့ရင်ထဲမှာ အချိန်ကြာမြင့်စွာအမြစ်တွယ်နေသည့် စိုးရိမ်ပူပန်မှုတွေက လုံးဝပင်လွင့်ပါးပျောက်ကွယ်သွားခဲ့ရပေသည်။
ဝေကန်းလန်က ဇူယွမ်တို့ထွက်ခွာသွားခဲ့ပြီးနောက်တွင် ဝေဘင်း၏ခန္ဓာကိုယ်ထဲမှာ အဆိပ်ကျန်နေသေးခြင်းရှိမရှိ သေချာစွာရှာဖွေစစ်ဆေးခဲ့သည်။ ဝေဘင်းရဲ့ခန္ဓာကိုယ်ထဲမှာ အသက်စွမ်းအားတိုးပွားလာသည်ကို ခံစားနိုင်ခဲ့ပြီးနောက်မှာ သူတို့တွေကနောက်ဆုံး နတ်ဆိုးမြူအဆိပ်အား အလုံးစုံဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သေချာသွားစေခဲ့သည်။
ဗိုလ်ချုပ်ကြီးအိမ်တော်ပေါ်မှာ နှစ်ပေါင်းများစွာရစ်ဝဲနေသည့် စိုးရိမ်ပူပန်မှုတွေက နောက်ဆုံးမှာပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။
ဇူယွမ်တို့လူစု ပင်မခန်းမဆောင်အတွင်း ဝင်ရောက်လာသည့်အခါ ဝေကန်းလန်နှင့်ဝေချင်းချင်းတို့က အလျင်အမြန်ပင်ထရပ်လိုက်ကြပြီး သူတို့ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာပြောသည်… “ဝေမိသားစုက မင်းသားလေးရဲ့ကြင်နာမှုကို ဘယ်တော့မှမေ့သွားလိမ့်မှာမဟုတ်ပါဘူး…”
ဇူယွမ်က ရယ်မောလိုက်ကာ သူ့ဘေးရှိယောင်ယောင်အား ကြည့်လိုက်မိသည်။ အမှန်အတိုင်းပြောရရင် ယောင်ယောင်ရဲ့လမ်းညွှန်မှုမပါဘဲ သူ့အနေဖြင့် နတ်ဆိုးမြူအဆိပ်ကို ဖယ်ရှားရှင်းလင်းနိုင်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့်ပင် ဇူယွမ်ကယောင်ယောင်၏ မူလမှော်စာလုံးရေးသားခြင်းစွမ်းရည်နှင့်ပတ်သက်၍ အခုအချိန်မှာ ပိုလို့ပင်လေးစားအားကျမိရသည်။ အဆင့် ၁မူလမှော်စာလုံးရှစ်ခုနှင့် အဆင့် ၂မူလမှော်စာလုံးတစ်ခုတို့ကို တစ်ပြိုင်နက်တည်းအသုံးပြုခြင်းက အစစ်အမှန်အဆင့် ၃မူလမှော်စာလုံးတစ်ခုထက် အကျိုးသက်ရောက်မှု လျော့ကျသွားခဲ့ရခြင်းမရှိပေ။
“ထိုင်ပါဦးမင်းသားလေး… မင်းသားလေးကန်းလန်စီရင်စုကို လာရတဲ့ရည်ရွယ်ချက်က အဆိပ်ရေအိုင်ကြောင့်ဆိုတာ ငါနားလည်ပါတယ်… ဟုတ်တယ်မလား…” ဝေကန်းလန်က ပြုံးလျက်ပင်ပြောသည်။
ဇူယွမ်ကခေါင်းညိတ်ပြလိုက်ပြီး တည်ငြိမ်စွာဖြင့်ပင် ပြန်ပြောသည်… “မီးဝိညာဉ်အစေ့က ဇူအင်ပါယာအတွက် အဓိကအရေးကြီးတဲ့အရာဖြစ်ပြီးတော့ ကျွန်တော်တို့တွေက ဒါကိုရအောင်ယူနိုင်မှဖြစ်မယ်… ဒီလိုမှမဟုတ်ဘဲ ဒါကအခြားလူတွေလက်ထဲကျရောက်သွားခဲ့မယ်ဆိုရင် အရမ်းကိုကြီးမားတဲ့အန္တရာယ်တွေဖြစ်လာနိုင်လိမ့်မယ်…”
ဇူယွမ်က ဝေကန်းလန်အားစိုက်ကြည့်ကာပြောသည်။ မီးဝိညာဉ်အစေ့လို အဆင့် ၄မူလအစားအစာက အရေးကြီးသည့်အရင်းအမြစ်တစ်ခုပင်ဖြစ်သည်။ ဒါ့ကြောင့်ပင် မီးဝိညာဉ်အစေ့နဲ့ပတ်သက်လို့ ဝေကန်းလန်မှာ အခြားအတွေးတွေရှိနေနိုင်မလားဆိုတာကို သူ့အနေဖြင့်သေချာမသိနိုင်ပေ။
ဒါ့အပြင် ဝေကန်းလန်ကသာ ဒီအရာကိုရယူသွားနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့အင်အားစုက လျင်မြန်စွာကြီးထွားလာပေလိမ့်မည်။
ဝေကန်းလန်က ဇူယွမ်ကို တစ်ချက်ကြည့်လိုက်မိသည်။ အတွေ့အကြုံရှိကာ လိမ္မာပါးနပ်မှုရှိသည့် သူ့လိုလူတစ်ယောက်အနေဖြင့် ဇူယွမ်၏အကြည့်နောက်ကွယ်ကဆိုလိုရင်းကို အလွယ်တကူအဓိပ္ပါယ်ဖော်၍ရပေသည်။ ဝေကန်းလန်က ညင်သာစွာရယ်မောကာ ပြောလိုက်သည်… “မစိုးရိမ်ပါနဲ့မင်းသားလေး… ငါ့မှာရည်မှန်းချက်အများကြီးရှိမနေပါဘူး… ငါလိုချင်တဲ့တစ်ခုတည်းသောအရာက ငါ့ရဲ့မိသားစု အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနေထိုင်သွားနိုင်ရင်ရပြီ…”
ဇူယွမ်ပြန်ဖြေလိုက်သည်… “ဗိုလ်ချုပ်ကြီးရဲ့ရည်ရွယ်ချက်ကို တိတိကျကျမသိဘဲနဲ့ ကျွန်တော်ရဲ့မသင်္ကာဖြစ်မှုအပေါ် ဗိုလ်ချုပ်ကြီးကစိတ်မခုသွားဖို့ ကျွန်တော်မျှော်လင့်မိပါတယ်…”
ဇူယွမ်က ဒီစကားတွေကိုပြောခဲ့ပေမဲ့လည်း သူ့ရဲ့အမူအယာကပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ ဒါ့အပြင် သူ့အနေဖြင့် ဝေကန်းလန်ရဲ့ရည်ရွယ်ချက်ကို သိထားဖို့လည်းလိုအပ်ပေ၏။
ဝေကန်းလန်က သူ့ရဲ့စိတ်ထဲမှာ ဘာမှမဖြစ်ခဲ့ဘူးလို့ဆိုလိုက်သည့်အလား လက်ဝှေ့ယမ်းပြခဲ့လိုက်သည်… “မင်းသားလေးက ရှေးဟောင်းနယ်မြေထဲက ရတနာတွေအတွက် ဒီလိုလာခဲ့တာဆိုတော့ ဒါနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို မင်းသားလေးသိထားပြီးပြီလား…”
ဇူယွမ်ခေါင်းခါပြလိုက်မိသည်။ ဇူအင်ပါယာမြို့တော်အတွင်းမှာရှိနေခဲ့စဉ်အချိန်က သူ့ရဲ့သိရှိနားလည်နိုင်မှုက အကန့်အသတ်ရှိခဲ့ရသည်။ ထို့ကြောင့်ပင် ကန်းလန်စီရင်စုကိုရောက်ရှိခဲ့ပြီးနောက်မှာမှ သူကသတင်းအချက်အလက်တွေကို စုဆောင်းဖို့စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ဝေကန်းလန်က ဖြည်းညှင်းစွာပြောသည်… “အဆိပ်ရေအိုင်က အရမ်းကိုကျယ်ပြောလွန်းလှပြီးတော့ အမှန်အတိုင်းပြောရရင် လက်ရှိငါတို့တွေသိထားခဲ့ရတဲ့ အဆိပ်ရေအိုင်ဆိုတာက အပြင်ဘက်နယ်မြေပဲရှိသေးတယ်… ဟိုးအနက်ရှိုင်းဆုံးနေရာမှာ အရမ်းကိုစွမ်းအားမြင့်တဲ့ မူလမှော်သားရဲတွေမရေတွက်နိုင်လောက်အောင်ရှိတယ်လို့ ပြောကြတယ်… အဲ့ဒီနေရာမှာ အဆင့် ၄မူလမှော်သားရဲတွေတောင်မှပဲ သာမန်အဆင့်လောက်သာရှိကြတယ်…”
“ဟိုးအရင်နှစ်ပေါင်းများစွာအကြာတုန်းက အဆိပ်ရေအိုင်ထဲမှာ စွမ်းအားမြင့်အင်အားစုများစွာ တည်ရှိခဲ့ကြတယ်… ဒါပေမဲ့ အချိန်တွေကုန်ဆုံးလာခဲ့ရပြီးနောက်မှာ သူတို့တွေက တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ကြရတယ်… အဲ့ဒီအချိန်ကနေစပြီး ဒီနေ့အထိ အဆိပ်ရေအိုင်က တဖြည်းဖြည်းနဲ့ လူသူကင်းမဲ့တဲ့အန္တရာယ်နယ်မြေဖြစ်လာခဲ့ရတယ်…”
“ငါတို့စုဆောင်းရရှိခဲ့တဲ့ သတင်းအချက်အလက်တွေအရဆိုရင် ဒီတစ်ကြိမ်ပေါ်ပေါက်လာခဲ့တဲ့ရှေးဟောင်းနယ်မြေက အဆိပ်ရေအိုင်မှာ တစ်ချိန်တစ်ခါကတည်ရှိခဲ့ဖူးတဲ့ တိုက်ပွဲဂိုလမ်ဂိုဏ်းလို့ခေါ်တဲ့ ရှေးဟောင်းအင်အားစုတစ်ခုပဲ…”
“တိုက်ပွဲဂိုလမ်ဂိုဏ်းလား…” ဇူယွမ်ရဲ့မျက်နှာထက်မှာ အံ့အားသင့်မှုတွေ ဖြစ်တည်လာခဲ့ရ၏။ ရှေးဟောင်းနယ်မြေမှာ ဒီလိုမျိုးမူလဇစ်မြစ်ရှိနေမယ်လို့ သူ့အနေဖြင့် ဘယ်တုန်းကမှထင်မှတ်ထားခြင်းမရှိခဲ့ပေ။
“ဒီရှေးဟောင်းအင်အားစုက အရမ်းကိုစွမ်းအားမြင့်တဲ့ တိုက်ပွဲဂိုလမ်တွေဖန်တီးခြင်းကို အထူးပြုတယ်လို့ပြောခဲ့ကြတယ်… ဒါ့ကြောင့်ရှေးဟောင်းနယ်မြေထဲမှာ တိုက်ပွဲဂိုလမ်အမျိုးအစားမျိုးစုံရှိနိုင်တဲ့အပြင် အရမ်းကိုမှအန္တရာယ်များလိမ့်မယ်…” ဝေကန်းလန်၏အမူအယာက လေးနက်တည်ငြိမ်နေလျက်မှ ဆက်ပြောသည်… “ငါတို့အတွက် အကြီးမားဆုံးပြဿနာက အဲ့ဒီရှေးဟောင်းနယ်မြေထဲမှာ အစွမ်းအထက်ဆုံးတိုက်ပွဲဂိုလမ်တစ်ကောင်ရှိနေခဲ့လို့ပဲ… အဲ့ဒီဂိုလမ်က အရမ်းကိုကြီးမားတဲ့ စပါးအုံးတိုက်ပွဲဂိုလမ်တစ်ကောင်ဖြစ်ပြီးတော့ အဆင့် ၄စပါးအုံးအမျိုးအစား မူလမှော်သားရဲဝိညာဉ်ကို ဂိုလမ်ရဲ့အဓိကဗဟိုချက်အဖြစ်အသုံးပြုထားတယ်… မူလစဦးအဆင့်ကျင့်ကြံသူတွေတောင်မှ အဲ့ဒီဂိုလမ်နဲ့ရင်ဆိုင်ရမယ်ဆိုရင် အရမ်းကိုခက်ခဲမှုရှိလိမ့်မယ်…”
ဝေကန်းလန်၏စကားက ထိုနေရာအရောက်တွင် ဇူယွမ်ရဲ့အမူအယာက ရုတ်တရက်ပြောင်းလဲသွားခဲ့ရပြီး ကြားဖြတ်ကာပြောလိုက်သည်… “အဆင့် ၄စပါးအုံးအမျိုးအစား မူလမှော်သားရဲဝိညာဉ်လို့များ ဗိုလ်ချုပ်ကြီးကပြောလိုက်တာလား”
ဝေကန်းလန်ခေါင်းညိတ်ပြလိုက်၏။
“အဆင့် ၄စပါးအုံးအမျိုးအစား မူလမှော်သားရဲဝိညာဉ်ကို ဒီနေရာမှာ မမျှော်လင့်ဘဲတွေ့ရလိမ့်မယ်လို့ ငါထင်မထားမိခဲ့ဘူး…” ဇူယွမ်တစ်ယောက် အံ့အားသင့်သွားခဲ့ရပေမဲ့ မကြာမီမှာပင် သူကခါးခါးသီးသီးရယ်မောလိုက်မိသည်။ မှော်သားရဲဝိညာဉ်ကိုရဖို့အတွက်ဆိုရင် သူက မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည့်တိုက်ပွဲဂိုလမ်ကို အရင်ဆုံးရှင်းပစ်ရပေလိမ့်မည်။
သူ့လိုလူမျိုးအတွက် ဒါက မိုးကောင်ကင်ပေါ်တက်ရသကဲ့သို့ ခက်ခဲသည့်ကိစ္စတစ်ခုဖြစ်ပေသည်။
“ဘယ်လောက်တောင် ခေါင်းကိုက်စရာကောင်းလိုက်သလဲ…” ဇူယွမ်သူ့ရဲ့ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။ ဘိုးဘေးနဂါးပုရပိုက်၏ ပထမအဆင့်ဖြစ်သည့် စပါးအုံးဘုရင်ချီကို လေ့လာသင်ယူနိုင်ဖို့က အမှန်တကယ်ခက်ခဲလှပေသည်။
“ဒါတင်မကသေးဘူး… ရှေးဟောင်းနယ်မြေရဲ့အန္တရာယ်တွေအပြင် ငါတို့တွေက အခြားအရာတွေကိုလည်း သတိမထားလို့မရဘူး…” ဝေကန်းလန်၏လေသံက အနည်းငယ်လေးလံလို့နေရပေသည်။
“ဗိုလ်ချုပ်ကြီးဆိုလိုတာက အဆိပ်ရေအိုင်က အင်အားစုတွေကိုလား…” ဇူယွမ်ကမေးလိုက်သည်။
“ငါတို့တွေ အရမ်းကိုသတိထားရမယ့်လူတစ်ယောက်ကလွဲရင် ကျန်တဲ့အဆိပ်ရေအိုင်က အင်အားစုအားလုံးကို စိုးရိမ်စရာမရှိဘူး…” ဒီစကားကိုပြောနေစဉ်အတွင်း၌ ဝေကန်းလန်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင်တွေ ဖြတ်ခနဲထွက်ပေါ်လာခဲ့ရသည်။
“အဆိပ်ဘုရင်…” ဇူယွမ်၏မျက်လုံးတွေကလည်း အလားတူပင်လေးနက်လို့သွား၏။
ဝေကန်းလန်က ဖြည်းညှင်းစွာခေါင်းညိတ်ပြလိုက်သည်… “အဆိပ်ဘုရင်က အဆိပ်ရေအိုင်မှာ နှစ်ပေါင်းများစွာကြာအောင် အရှင်သခင်တစ်ယောက်လိုအုပ်ချုပ်ခဲ့ပြီးတော့ လက်ရှိမှာအဆိပ်မြို့တော်ကလည်း အဆိပ်ရေအိုင်ထဲမှာ အင်အားအကောင်းဆုံးအင်အားစုတစ်ခုပဲ… အဆိပ်ဘုရင်လို ရည်မှန်းချက်ကြီးမားတဲ့လူတစ်ယောက်အနေနဲ့ မီးဝိညာဉ်အစေ့ကို သေချာပေါက်လွဲချော်ခံလိမ့်မှာမဟုတ်ဘူး…”
ဇူယွမ်ခေါင်းညိတ်ပြလိုက်၏။ မီးဝိညာဉ်အစေ့က ဘယ်အင်အားစုအတွက်မဆို အလွန်ပင်အရေးပါလှသည့် အရင်းအမြစ်တစ်ခုဖြစ်သည်ကို သူ့အနေဖြင့် ကောင်းစွာနားလည်နိုင်သည်။ အဆိပ်ဘုရင်လိုလူမျိုးက သူ့ရဲ့နှလုံးသားထဲမှာ သေးငယ်လှတဲ့ရည်မှန်းချက်လေးတစ်ခုရှိနေရင်တောင် ဒီလိုပစ္စည်းမျိုးကို လက်လွတ်ခံလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့်ပင် ၎င်းကိုအဆိပ်ဘုရင်လက်ထဲရောက်မသွားအောင် သေချာပေါက်ကာကွယ်သွားရမည်ဖြစ်သည်။
“အဆိပ်ဘုရင်အပြင် အခြားအင်အားစုတစ်ခုလည်းရှိနေသေးတယ်…” ဇူယွမ်က ခဏရပ်လိုက်ပြီးမှပြောသည်။
ဝေကန်းလန်က ဇူယွမ်ကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာထောက်ခံလိုက်သည်… “အမှန်ပဲ… ချီအိမ်တော်က အခြေအနေကို ကျားတစ်ကောင်လိုစောင့်ကြည့်နေပေမဲ့လည်း ချီယန်ကဇူအင်ပါယာမြို့တော်အတွင်းမှာပဲနေထိုင်ပြီးတော့ မင်းကြီးကိုစောင့်ကြည့်နေရတဲ့အတွက် မြို့တော်ထဲကနေထွက်လာနိုင်မှာမဟုတ်ဘူး… ချီဟောင်တစ်ယောက်တည်းကသာ ဒီကိစ္စကိုကိုင်တွယ်ရမယ်ဆိုရင် သူတို့အတွက်လွယ်ကူလိမ့်မှာမဟုတ်ဘူး…”
ဇူယွမ်ကပျော့ပြောင်းစွာပြောလိုက်၏… “ဒီလိုဆိုပေမဲ့လည်း နည်းနည်းသတိထားတာ အကောင်းဆုံးဖြစ်လိမ့်မယ်…”
ဝေကန်းလန်က တစ်ခဏကြာတွေးတောသွားခဲ့ရပြီးနောက်မှာ အစောင့်တစ်ယောက်ကို လက်ယပ်ကာလှမ်းခေါ်လိုက်ပြီး မှာကြားလိုက်သည်… “စစ်သည်အချို့ကို ချီဟောင်နေထိုင်တဲ့အိမ်တော်ကို စေလွှတ်ပြီးပိတ်ဆို့ထားခိုင်းလိုက်… သူတို့တွေဘယ်သူ့ကိုမှ အိမ်တော်ထဲကနေ ထွက်မသွားစေနဲ့…”
ဝေကန်းလန်၏စကားကိုကြားပြီးနောက်မှာ အစောင့်ကအချိန်တစ်ခဏကြာတုန့်ဆိုင်းနေခဲ့ပြီးမှ ခပ်တိုးတိုးပြန်ပြောလိုက်သည်… “ဗိုလ်ချုပ်ကြီး… ကျွန်တော့်မှာကြိုပြီးသတင်းပို့စရာရှိပါတယ်… ချီဟောင်နဲ့သူ့လူတွေက လွန်ခဲ့တဲ့နှစ်နာရီလောက်တည်းက မြို့တော်ထဲကထွက်ခွာသွားကြပါပြီ… သူဘယ်ကိုသွားလဲဆိုတာ ကျွန်တော်တို့တွေမသိရသေးပါဘူး…”
ဝေကန်းလန်က သက်ပြင်းချလိုက်ကာပြောသည်… “ဒီကောင်လေးက ထက်ထက်မြက်မြက်ရှိသားပဲ… သူဒီလိုမျိုး မြန်မြန်ဆန်ဆန်ရှောင်တိမ်းသွားမယ်လို့ ထင်မထားမိလိုက်ဘူး…”
ဇူယွမ်လည်းအလားတူပင် ချီဟောင်လျင်လျင်မြန်မြန်ထွက်ပြေးသွားသည့်အတွက် အနည်းငယ်အံ့ဩမိပေမဲ့လည်း သူကထွက်သွားပြီဖြစ်ရာ သူတို့မှာဘာမှလုပ်နိုင်စွမ်းမရှိတော့ပေ။ ဒါပေမဲ့လည်းအနည်းဆုံးတော့ သူတို့က စွမ်းအားမြင့်မားသည့်ဝေကန်းလန်ရဲ့အကူအညီရရှိနိုင်ဖို့ ယှဉ်ပြိုင်ခဲ့ကြရာမှာ သူကအသာစီးရရှိခဲ့ပေသည်။
“ဗိုလ်ချုပ်ကြီးဝေ… ကျွန်တော်တို့တွေ ဘယ်တော့စထွက်ကြမလဲ…” ဇူယွမ်ကမေးလိုက်သည်။
“အင်အားစုများစွာက လက်ရှိအချိန်မှာ သူတို့ရဲ့အင်အားတွေကို စုစည်းနေကြပြီ… ဒါပေမဲ့လည်း ရှေးဟောင်းနယ်မြေက အန္တရာယ်တွေနဲ့ပြည့်နှက်နေပြီးတော့ အဲ့ဒီနေရာကစစ်တပ်တစ်တပ်ကိုတောင်မှ ရှုံးနိမ့်သွားစေနိုင်တယ်… ဒါ့ကြောင့် ငါတို့တွေက စွမ်းအားမြင့်ကျင့်ကြံသူတွေကိုပဲရွေးချယ်စေလွှတ်သင့်တယ်…” ဝေကန်းလန်က ပြန်ဖြေလိုက်၏။
ဇူယွမ်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။ ဒီလိုနေရာမျိုးကိုသွားဖို့ဆိုတာက ကန်းလန်စစ်တပ်မှရှိသမျှလူအားလုံးကို ခေါ်ဆောင်သွားမယ်ဆိုရင်တောင် လူအင်အားများရုံကလွဲပြီး အသုံးဝင်လိမ့်မည်မဟုတ်ပေ။
ဝေကန်းလန်က ပြုံး၍ပြောလိုက်သည်… “ဒီတစ်ကြိမ်သွားမယ့်လူတွေကို ငါကိုယ်တိုင်ဦးဆောင်မယ်… ငါတို့ကန်းလန်စစ်တပ်မှာ ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူ ရှစ်ယောက်ရှိတယ်… ရှစ်ယောက်ထဲက သုံးယောက်ကို မြို့တော်ကိုကာကွယ်ဖို့အတွက်ချန်ထားခဲ့ပြီးတော့ ငါးယောက်ကို ငါနဲ့အတူရှေးဟောင်းနယ်မြေကို လိုက်ပါစေမယ်… ဒါ့အပြင် စွမ်းအားမြင့်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတပ်ဖွဲ့တစ်ခုကလည်း ငါတို့နဲ့အတူလိုက်ပါလိမ့်မယ်… နောက်ငါးရက်ကြာရင် အဆိပ်ရေအိုင်ကို စပြီးထွက်ခွာကြမယ်…”
ဒီအစုအဖွဲ့က သေချာပေါက်ပင် ကန်းလန်စစ်တပ်၏ အင်အားအတောင့်တင်းဆုံးအစုအဖွဲ့ဖြစ်ပေသည်။ ဝေကန်းလန်က သူပြောခဲ့တဲ့စကားကို တန်ဖိုးထားသည့်လူတစ်ယောက်ဖြစ်သည်။ သူကဇူယွမ့်ကိုကူညီဖို့ ကတိပေးခဲ့ပြီးကတည်းက သူလုပ်နိုင်သည့်အရာအားလုံးကို သေချာပေါက်လုပ်ဆောင်ပေလိမ့်မည်။
ဇူယွမ်ကချက်ချင်းဆိုသလိုပင် သူ့ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်… “ဒီလိုဆိုရင်တော့ ကျွန်တော်က ဗိုလ်ချုပ်ကြီးကို တကယ်ကိုပဲကျေးဇူးတင်မိရပါပြီ…”
အခြားကျန်တဲ့အသေးစိတ်အချက်အလက်အချို့ကို ဆွေးနွေးပြီးသည့်နောက်တွင် ဇူယွမ်တို့လူစုက ပြန်လည်ထွက်ခွာလာခဲ့ကြသည်။
ဝေကန်းလန်က ထိုင်ခုံမှာပြန်ထိုင်လိုက်ပြီး ထွက်ခွာသွားသည့်ဇူယွမ်၏ကျောပြင်ကို ကြည့်နေလိုက်ပြီး စားပွဲမျက်နှာပြင်ကို ဖြည်းညှင်းစွာခေါက်နေရင်းမှ သက်ပြင်းတစ်ချက်ချကာပြောသည်… “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အားနည်းချည့်နဲ့နေခဲ့တဲ့ကောင်လေးက ဒီလိုမျိုးကတိတစ်ခုကို တန်ဖိုးထားတဲ့လူငယ်လေးတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ငါထင်မထားမိဘူး… အရှင်မင်းကြီးက တကယ်ကိုကံကောင်းတာပဲ…”
ဘေးနားတွင်ရှိသည့် ဝေချင်းချင်းက ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာပြောသည်… “သူ့ရဲ့မူလမှော်စာလုံးရေးသားခြင်းပါရမီက အမှန်တကယ်အံ့အားသင့်စရာကောင်းပေမဲ့လည်း သူ့ရဲ့ခွန်အားက အားနည်းမှုအနည်းငယ်ရှိနေတုန်းပဲ… သူက ချီစုဆောင်းမှုအဆင့်ကိုတောင်မှ မရောက်သေးဘူး…”
ဝေကန်းလန်က ရယ်မော၍သာပြန်ပြောလိုက်သည်… “မင်းသားလေးက လွန်ခဲ့တဲ့နှစ်ဝက်တုန်းက သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကိုရှာတွေ့နိုင်ခြင်းမရှိသေးဘဲနဲ့ ဝင်ပေါက်ဖွင့်ခြင်းကျင့်ကြံမှုကိုတောင်ပြုလုပ်နိုင်ခြင်းမရှိသေးဘူးဆိုတာကိုသာ သမီးသိရင် ဒီလိုမျိုးပြောလိမ့်မှာမဟုတ်ဘူး…”
“လွန်ခဲ့တဲ့နှစ်ဝက်လား…” ဝေချင်းချင်းအံ့အားသင့် တုန်လှုပ်သွားခဲ့ရသည်။ သူမအနေနဲ့ အတိတ်တုန်းက ဇူယွမ်ရဲ့စွမ်းအင်ဝင်ပေါက်တွေကို ရှာဖွေနိုင်ခြင်းမရှိသေးသည့်အကြောင်းကိုကြားထားခဲ့ရပေမဲ့ ဒီလိုတိုတောင်းတဲ့အချိန်အတွင်းမှာ သူဒီလောက်တိုးတက်လာတာကို သူမသိမထားခဲ့ရပေ။
သူမကိုယ်တိုင်တောင်မှပင် ချီစုဆောင်းမှုအဆင့်ကိုရောက်ဖို့အတွက် နှစ်နှစ်လောက်လေ့ကျင့်ခဲ့ရပေသည်။ တခြားတစ်ဖက်မှာတော့ဇူယွမ်က သူ့ရဲ့ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ကိုဖွင့်နိုင်ဖို့က တစ်လပင်လိုလိမ့်တော့မည်မဟုတ်ပေ။
ဝေကန်းလန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ထွက်ခွာသွားသည့်ဇူယွမ်၏ပုံရိပ်ကို သနားဂရုဏာသက်စွာဖြင့်ကြည့်လိုက်မိသည်။
“ဒါက အရမ်းကိုသနားစရာကောင်းတယ်… ငါတို့ရဲ့မင်းသားလေးမွေးဖွားလာစဉ်တုန်းက မြင့်မြတ်တဲ့နဂါးရဲ့ကောင်းချီးပေးမှုကို ပိုင်ဆိုင်ခဲ့ရတယ်… ဝူအင်ပါယာရဲ့ စပါးအုံးနဲ့စာကလေးတို့ကသာ သူ့ရဲ့ကောင်းချီးပေးမှုကို ခိုးယူမသွားခဲ့ဘူးဆိုရင် မင်းသားလေးက အခုအချိန်မှာဘယ်အဆင့်ကိုရောက်နေမလဲဆိုတာကို ဘယ်သူမှမသိနိုင်ဘူး…”
“အဲ့ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် အဖေတောင်မှသူနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မှာမဟုတ်ဘဲနဲ့ အရှုံးပေးဖို့တစ်ခုတည်းကိုသာ ရွေးချယ်ရလိမ့်မယ်…”
ဝေကန်းလန်က ဒီစကားတွေအား အလေးထားပြောနေသည်ကိုကြားလိုက်ရတဲ့အခါ ဝေချင်းချင်းရဲ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။ သူမကခေါင်းကိုမော့လိုက်ပြီး ဇူယွမ်ထွက်ခွာသွားရာအရပ်ကိုကြည့်လိုက်၍ သူမရဲ့နှုတ်ခမ်းကိုအနည်းငယ်ဖိကိုက်ထားလိုက်မိသလို သူမရဲ့မျက်လုံးထဲမှာ လေးစားအားကျသည့်အငွေ့အသက်တွေ ယှက်ဖြာလို့နေခဲ့ရပေသည်။
ပထမဆုံးအကြိမ်တွေ့ဆုံစဉ်မှာ ပေါ့ပြက်ပြက်လူငယ်လေးတစ်ယောက်လို့ထင်ခဲ့ရတဲ့ မင်းသားငယ်လေးက သူမတွေးထင်ထားသလို ရိုးရှင်းတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ နောက်ဆုံးမှာသူမနားလည်ခဲ့ရသည်။
like it