Switch Mode

အခန်း ( ၂၄ )

လုပ်ရကိုင်ရခက်သော အတုမဲ့နတ်ဝိဇ္ဇာအား သိမ်းသွင်းခြင်း

ဒုတ်…

ဒုတ်…

တိတ်ဆိတ်သောနေ့လယ်ခင်းတစ်ခုတွင် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ချောမွေ့ပါးလျသော တောင်ကာ မန္တန်အစီအရင်သည် ဂိုဏ်းနယ်မြေတစ်ခုလုံးအား လွှမ်းခြုံထားလေသည်။

ခုတ်ထစ်သံတစ်သံသည် အခြားတောင်များထက် သိသိသာသာပုသော ချုံတောင်လေးတွင် စည်းချက်ကျကျပဲ့တင်ထွက်နေလေသည်။

ရေကန်ဘေးရှိ တဲအိမ်သုံးလုံးတို့၏မြောက်ဘက် တောတွင်း ( ၁၀ ) လီအကွာတွင် သစ်ပင်ကြီးတစ်ပင်သည် ခုတ်ထစ်လိုက်သံတိုင်း လိုက်ပါလှုပ်ရမ်းနေလေသည်။

သစ်ပင်အောက်တွင် မိန်းမပျိုတစ်ယောက် ရပ်နေ၏။ သူမသည် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံပေါ်တွင် သစ်ခွပန်းပုံများနှင့် မြက်ခင်းပြင်တစ်ခုပုံအား ပန်းထိုးထား၏။ သူမ၏ ဆံသားများအား ခရမ်းရောင်ပိုးစတစ်ခုဖြင့် စည်းနှောင်ထားလေသည်။ ထိုအခိုက်တွင် သူမသည် ကြီးမားသော ပုဆိန်ကြီးတစ်ခုအား လွှဲယမ်းနေပါသော်လည်း ကြောမော့တင့်တယ်သော ဟန်အမူအရာလေး ရှိနေသေးသည်။

ထိုမိန်းမပျိုလေးသည် အံကြိတ်ကာ ရွဲ့တဲ့တဲ့ပြောလိုက်သည်။

“ အစ်ကိုက ညီမကို ဓမ္မတန်ခိုးတွေ မသုံးခိုင်းဘူးပေါ့လေ။ ညီမရဲ့ လက်မောင်းနဲ့ ခြေထောက် ကြွက်သားတွေ ကြီးလာရင် ဘယ်လိုလုပ်မှာတုန်း။ ညီမက မိန်းမသားတစ်ယောက်ပါ။ တကယ်မထင်ထားဘူး … ပြီးတော့ သစ်ပင်ခုတ်တာတောင် စောင့်ကြည့်နေမယ်တဲ့။ အခု အစ်ကိုက ဘယ်မှာတုန်း။ တရားထိုင်ဖို့ ပြန်သွားပြီမလား။ ဟွန်း အစ်ကို့ကို အမြစ်က လှန်ပစ်မယ်၊ ပင်စည်တွေအကိုင်းတွေ အကုန်ခုတ်ပစ်မယ်။ အမြစ်တွေပါ ဖြတ်ပစ်ပြီး မြက်တစ်ပင်တောင် မကျန်တော့တဲ့အထိ လုပ်ပစ်မယ်။ ခုတ်ပစ်မယ်…”

ဒုတ်…

သစ်ပင်အိုကြီးသည် အ‌ရှေ့နောက် ယိမ်းယိုင်နေပြီး နောက်ဆုံးတွင် မြေပေါ်သို့လဲကျသွားတော့သည်။ ‌တောတွင်းရှိငှက်များသည်လည်း ကြောက်လန့်တကြား ထပျံသွားကြလေသည်။

ရုတ်တရက် သူမ၏နောက်ကျောမှ အသံတစ်သံကို ကြားလိုက်ရသည်။

“ မင်းက … ရှောင်လင်းအယ်လား ”

လန့်လင်းအယ်သည် ပုဆိန်ကြီးအားကိုင်၍ အပေါ်သို့ ခုန်လိုက်သည်။ ရုတ်ခြည်းပင် သူမ သတိကြီးသွား၏။ မြေပေါ်သို့ပြန်ကျသောအခါ လှည့်၍ လေထဲတွင်ရှိနေသောလူကို လှမ်းကြည့်လိုက်ရာ ထိုလူအား ရင်းနှီးနေဟန်တူသည်။

အမျိုးသမီးနတ်ဝိဇ္ဇာတစ်ပါးသည် (၁)ကျန့်ခန့် ရှည်သော အရက်အိုးအပေါ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။ သူမသည် ညစ်နွမ်းနေသော ဖျင်ကြမ်းဝတ်စုံတစ်ခုကို ဝင်ဆင်ထားလေသည်။

‘ ဟောတော်…သူ့ဝတ်စုံကလဲ အချိန်မရွေး ပြဲထွက်တော့မလိုလိုတောင် ထင်ရတယ်။ အဲ..အဲဒါဆို ဆရာဒေါ်လေးကျိုးကျိုးပဲ ဖြစ်ရမယ် ’

လန်လင်းအယ်သည် ပုဆိန်အား ချက်ချင်းချလိုက်ပြီး လက်နှစ်ဘက်ဆုပ်ကာ ဆရာဒေါ်လေးကျိုးကျိုးကို အရိုအသေပြုလိုက်သည်။ သူမ၏စိတ်ထဲတွင် ဆရာတူအစ်ကိုသင်ပေးထားသည့် ပဋိသန္ဓာရစကားများကို စဉ်းစားလိုက်သည်။ ယင်းတို့အနက် အသင့်တော်ဆုံး စကားတစ်ခွန်းအား ရွေးချယ်လိုက်ပြီး သိမ်သိမ်မွေ့မွေ့ ပြောလိုက်သည်။

“ ဆရာဒေါ်လေးကျိုးကျိုးကို တပည့်လင်းအယ် အရိုအသေပြု နှုတ်ခွန်းဆက်ပါတယ်။ လင်းအယ်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လို့ ဆရာဒေါ်လေးကျိုးကျိုး ရောက်နေတာ မသိလိုက်ဘဲ ကြိုဆိုတာ နောက်ကျသွားပါတယ်။ ကျေးဇူးပြုပြီး လင်းအယ်ကို ခွင့်လွှတ်ပေးပါ ဆရာဒေါ်လေးကျိုးကျိုးရှင့် ”

“ ကိစ္စမရှိပါဘူး…စိတ်မပူပါနဲ့။ အရိုအသေပေးတာလည်း ရပ်လိုက်လို့ရပါပြီ ”

ကျိုးကျိုးက ပြန်ပြောလိုက်သည်။ သူမ၏အောက်တွင် ရပ်နေသော စကားပြော ယဉ်ကျေးသည့် ဂိုဏ်းတူ တူမလေးကို ချက်ချင်းပင် သူမ သဘောကျသွားသည်။

ကျိုးကျိုးသည် စီးလာသည့် အရက်အိုးကြီးအားပြန်သိမ်းလိုက်ပြီး လေထဲမှ ခုန်ဆင်းလိုက်သည်။

“ မင်းရဲ့ ဆရာတူအစ်ကို ဒီမှာရှိလား။ ငါသူ့ကိုရှာနေတာ ”

“ ဆရာတူအစ်ကို ကျင့်ကြံနေတာဖြစ်မယ် ”

လန်လင်းအယ်သည် သိမ့်မွေ့ရိုကျိုးစွာ ပြန်ဖြေလိုက်သည်။

“ ဆရာဒေါ်လေးကို လင်းအယ်ရဲ့တဲထဲ သွားပြီး ခဏစောင့်ဖို့ ဖိတ်ခေါ်ပါရစေ။ ဆရာဒေါ်လေးကို ဧည့်ခံဖို့ ဆရာ့ကို အခန်းအောင်းကျင့်ကြံတာက ထွက်လာဖို့ လင်းအယ် သွားခေါ်လိုက်မယ်။ လင်းအယ်တို့ရဲ့တောင်လေးက အမြဲဒီလိုပဲ ဧည့်ဝတ်သိပ်မကျေ ဖြစ်တတ်တယ်။ လင်းအယ်တို့ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဆရာဒေါ်လေးရှင့် ”

“ အာ … အဲ့လောက်ဒုက္ခများမနေပါနဲ့။ ငါက မင်းရဲ့ဆရာတူအစ်ကိုနဲ့ တွေ့ဖို့လာတာပါ။ မင်းရဲ့ဆရာက မကြာခင် နတ်ဝိဇ္ဇာအဖြစ်ကို တက်လှမ်းတော့မှာ။ သူ့ဘာသာကျင့်ကြံပါစေ။ အနှောင့်အယှက်ပေးမနေပါနဲ့တော့ ”

ကျိုးကျိုးသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး သူမ၏ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။

“ ရှောင်လင်းအယ် ဘာလို့သစ်ပင်တွေခုတ်နေတာလဲ ”

“ အဲဒါကျင့်ကြံခြင်းနည်းလမ်း တစ်ခုပါ။ ဆရာဒေါ်လေးရဲ့ရှေ့မှာ လင်းအယ် အရှက်ရအောင်လုပ်မိပါပြီ ”

လန်လင်းအယ်သည် သွက်သွက်လက်လက် သဘာဝကျကျပြန်ဖြေလိုက်သော်လည်း သူမ၏ရင်ထဲတွင်မူ နားမလည်နိုင်အောင် ဖြစ်နေသည်။

‘ ဘာလို့ ဒီဆရာဒေါ်လေးက ဆရာတူအစ်ကိုကို ရှာနေတာပါလိမ့် ’

ကျင့်ကြံသူများသည် နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးသောအခါ အသက်ရှည်လျားစွာ နေရလေသည်။ ထို့ပြင် ဂိုဏ်းအတွင်း၌ မျိုးဆက်မတူသော တာအိုလက်တွဲဖော်များစွာ ရှိကြ၏။

လန်လင်းအယ်၏ ရှေ့တွင်ရပ်နေသော ဆရာဒေါ်လေးသည် ချောမောလှပသောမျက်နှာကလေးနှင့် ဖွံ့ထွားသော ကိုယ်ခန္ဓာရှိလေသည်။ သူမသည် ဖိုသီဖတ်သီ ဖြစ်နေသော်လည်း ပင်ကိုအလှရှိကာ ပြင်ပြင်ဆင်ဆင်နေလိုက်လျှင် များစွာလှပကြော့ရှင်းသွားမည့် အလားအလာများ ရှိလေသည်။

‘ ပြီးတော့ ဆရာဒေါ်လေးကျိုးကျိုးက ဆရာတူအစ်ကိုနဲ့ ခရီးအတူသွားခဲ့တဲ့တစ်ယောက်ပဲ။ တစ်ခုခုတော့ တစ်ခုခုပဲ ’

လန်လင်းအယ် ရုတ်ခြည်းပင် သတိကြီးသွားသည်။ ကျိုးကျိုးတစ်ယောက် မည်သည့်အကြောင်းကြောင့် ရောက်ရှိလာကြောင်းသိအောင် ပြုလုပ်ရမည့်နည်းလမ်းအား စဉ်းစားရင်း သူမ၏ ဦးနှောက်သည် သွက်လက်စွာ အလုပ်လုပ်နေလေသည်။

သို့သော်လည်း သူမ စကားမပြောနိုင်သေးခင် သူမနှင့် မလှမ်းမကမ်းအကွာရှိ မြေပြင်တွင် လှိုင်းတွန့်များ ပေါ်လာပြီး ထိုလှိုင်းတွန့်များအတွင်းမှ လီချန်ရှို့ ထွက်လာသည်။ ထို့နောက် သူက လက်နှစ်ဘက်အား ဆုပ်ကာ ကျိုးကျိုးအား ဦးညွှတ်လိုက်သည်။

ခေတ္တမျှကြာပြီးသောအခါ ကျိုးကျိုး နှင့် လီချန်ရှို့တို့သည် လီချန်ရှို့၏တဲအတွင်းရှိ စားပွဲပုလေး တစ်ဘက်တစ်ချက်စီတွင် တင်ပျဉ်ခွေထိုင်လိုက်ကြလေသည်။

ကျိုးကျိုးသည် လီချန်ရှို့အား ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲမှ သူ ရခဲ့သည့် ဆုလာဘ်များကို လာရောက်ပေးခြင်း ဖြစ်သည်။ ကျန်းကျင်းရှန်၏ ကျေးဇူးတင်လက်ဆောင်များကိုလည်း တပါတည်းယူဆောင်လာပေသည်။ စားပွဲပုလေး အပေါ်တွင် သိုလှောင်ဓမ္မအဆောင်နှစ်ခုရှိနေလေသည်။

လီချန်ရှို့သည် အိုက်တင်ခံမနေတော့ဘဲ ထိုနှစ်ခုလုံးအား လက်ခံလိုက်သည်။

ဆရာဒေါ်လေးကျန်းပေးလိုက်သော သိုလှောင်ဓမ္မအဆောင် လက်စွပ်လေးအတွင်းမှာ ဓမ္မရတနာများနှင့် ဝိညာဉ်ကျောက်တုံးများကို တောင်ပုံရာပုံတွေ့လိုက်ရသည်။ သူ၏ရင်ထဲတွင် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်သွားသည်။

မကြာသေးမီက ချုံတောင်လေး၏ မြေပြင်အနေအထားကို သူလေ့လာခဲ့ရာ မန္တန်အစီအရင်အမျိုးမျိုး ပြုလုပ်ရန် ပစ္စည်းများစွာ လိုအပ်တော့မည်ဖြစ်၍ လီချန်ရှို့စိတ်ပူခဲ့သည်။ သို့သော် ဆရာဒေါ်လေးကျန်း၏ လက်ဆောင်များအား လက်ခံပြီးသောအခါ သူ၏ပြဿနာတစ်ဝက် ပြေလည်သွားပြီ ဖြစ်လေသည်။

လီချန်ရှို့က မေးလိုက်သည်။

“ ဆရာဒေါ်လေးက ဘာလို့ တောင်ကျွန်းကိုလိုက်မသွားတာလဲ ”

“ အိုက်ယား… ”

ကျိုးကျိုးသက်ပြင်းချလိုက်သည်။ ထို့နောက် စားပွဲခုံပေါ်သို့ နုံးချိစွာ မှောက်အိပ်လိုက်သည်။ သူမ၏မျက်ဝန်းများသည် အရောင်ကင်းမဲ့နေသည်။

“ ငါလည်းသွားပြီး ပျော်ချင်ပါတယ်။ ဒါပေမဲ့ ငါ တောင်ကိုပြန်ရောက်တော့ ငါ့ကို စစ်မေးပြီး အပြစ်တင်ဆုံးမနေတာ အခုထိပဲ။ အခုပဲ အပြစ်ပေးခန်းမထဲက ထွက်လာခဲ့တာ။ ငါအခုစိတ်ညစ်နေပြီ။ အကြီးအကဲတွေက ငါ့ကို အရက်သောက်ခွင့် သုံးနှစ်ပိတ်လိုက်တယ်။ ငါ့ကို လျှပ်စီးကျောက်တိုင်မှာချုပ်ပြီး မိုးကြိုးသုံးနှစ်အပစ်ခံခိုင်းတာမှ တော်လိမ့်ဦးမယ်… ”

လီချန်ရှို့ မပြုံးဘဲမနေနိုင်အောင်ဖြစ်သွားသည်။ ထိုအခါမှသာ ကျိုးကျိုး၏ ဓမ္မအရက်အိုးလေး မရှိတော့ကြောင်း သတိထားမိလိုက်သည်။ ဂိုဏ်းရှိ အကြီးအကဲများက သိမ်းထားလိုက်ခြင်း ဖြစ်ရမည်။

ထိုစဉ် လန်လင်းအယ်သည် တဲအတွင်းသို့ လက်ဖက်ရည်များသယ်လာလေသည်။ သူမသည် ထိုမြင်ကွင်းအား မြင်လိုက်သောအခါ နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။

‘ သူတို့က တော်တော်ရင်းနှီးတဲ့ပုံပဲ။ ဒီဆရာဒေါ်လေးက ဆရာတူအစ်ကိုနဲ့ တော်တော်အဆင်ပြေနေတာပဲ။ သူက တကယ်ကို တစ်ခုခုတော့တစ်ခုခုပဲ ’

လန်လင်းအယ်သည် လက်ဖက်ရည်များ တည်ခင်းဧည့်ခံလိုက်သည်။ ထို့နောက် သူမ၏ ဝတ်ပြုဖျာကလေးအားယူ၍ ဆရာတူအစ်ကိုဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့ပြင် ဆရာတူအစ်ကိုနှင့် လက်မောင်းချင်းထိသည်အထိ ကပ်လိုက်သည်။

ကျိုးကျိုးသည် ထိုအရာအားမြင်သွားပြီး လီချန်ရှို့အား ကြည့်လိုက်သည်။

“ အာ…လီချန်ရှို့ မင်းရောဂါက… ”

“ ဆရာတူညီမလေးထိရင်တော့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့သိတာ ကြာပြီမို့လို့ထင်တယ် ”

လီချန်ရှို့က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။

“ ဆရာတူညီမလေးကလွဲလို့ တခြားမိန်းကလေးတွေနဲ့ ထိမိရင်တော့ အကြောဆွဲသွားတယ် ”

“ အဟွတ်..အဟွတ်…အဟွတ်… ”

လန်လင်းအယ်သည် ချောင်းတဟွတ်ဟွတ် ဆိုးသွားသည်။ သူမ၏ ရှုံ့နေသောမျက်နှာထားသည် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသောကြောင့် ဖြစ်နိုင်ပေသည်။

“ ေဩာ် … ဟုတ်လား ”

ကျိုးကျိုး သံသယမဝင်သွားချေ။ သူမသည် စားပွဲပေါ်တွင်မှောက်နေဆဲဖြစ်ပြီး ညှိုးငယ်စွာ သက်ပြင်းချလိုက်သည်။ သူမ၏ မျက်ဝန်းများသည်လည်း အသက်မဲ့နေဆဲပင်။

“ သုံးနှစ်ကြီးတောင်။ သုံးနှစ်ကြီးတောင် ငါ ဘယ်လိုလုပ်‌တောင့်ခံနိုင်မှာလဲ။ အရက်မရှိဘဲနဲ့ ဘယ်လိုလုပ် အခန်းအောင်းကျင့်နိုင်မှာလဲ။ ဘယ်လိုကျင့်ကြံရတော့မှာလဲ။ အိပ်တောင်အိပ်နိုင်မယ် မထင်ဘူး။ ဘာမှလုပ်ဖို့ ခွန်အားရှိမှာမဟုတ်ဘူး။ ကောင်စုတ် ယွမ်ချင်း…ဘာလို့ အဲဒီလိုတွေအကောက်ကြံရတာလဲ။ ပြဿနာရှာချင် ကိုယ့်ဘာသာသွားရှာပေါ့။ အခုတော့ ငါပါ အပြစ်ဒဏ်သုံးနှစ်ခံရတော့မယ် ”

လီချန်ရှို့သည် မျက်မှောင်ကြုတ်လိုက်ပြီး မေးစေ့အားပွတ်၍ လေးလေးနက်နက်စဉ်းစားနေကာ သက်ပြင်းချလိုက်သည်။

ဆရာတူအစ်ကို၏ ထိုမျက်နှာထားအားတွေ့လိုက်သောအခါ လန်လင်းအယ်သည် ဘေးသို့တိုးလိုက်ပြီး ခါးမတ်မတ်ထိုင်လိုက်လေသည်။ သူမသည် ရှေ့သို့သာ တည့်တည့်ကြည့်နေပြီး စကားတစ်ခွန်းမျှ မပြောဝံ့ချေ။

လန်လင်းအယ်သည် လီချန်ရှို့ မျက်မှောင်ကြုတ်နေသည်ကို မျက်စိစွေ၍ ကြည့်လိုက်သည်။ ထို့နောက် ဆရာတူအစ်ကိုသည် တစ်စုံတစ်ယောက်အား လှည့်ဖြားတော့မည်ဖြစ်ကြောင်း သူမ သေချာသွားလေသည်။

ဆရာတူအစ်ကို ထိုသို့မျက်နှာထားပြုလုပ်တိုင်း သူမ သို့မဟုတ် သူမ၏ဆရာမှာ သူ၏အကြံအစဉ်အတွင်း အသုံးချခံခဲ့ကြရသည် မဟုတ်ပါလား။

“ ဆရာဒေါ်လေးကျိုး ကျွန်တော်တို့ ဘာလို့ တစ်ခုခု မညှိနှိုင်းမှာလဲ ”

“ ဟမ်… ဘာကိုညှိနှိုင်းမှာလဲ ”

ကျိုးကျိုးသည် နားမလည်သည့်ဟန်ဖြင့် မေးလိုက်သည်။

“ ဆရာဒေါ်လေး အရက်သောက်ခွင့်မရှိတဲ့ သုံးနှစ်အတွင်း မကျင့်ကြံနိုင်ဘူးဆိုရင် ဒီကိုလာပြီး ကျွန်တော် မန္တန်အစီအရင်ဆင်တာကို ကူညီပေးပါလား ”

လီချန်ရှို့သည် မျက်နှာထားတည်တည်ဖြင့်ပင် ဆက်၍ပြောလေသည်။

“ ဆရာဒေါ်လေးကူညီပေးရင် ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော်က ဆရာဒေါ်လေးကို ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အရက်အကောင်းစားသုံးမျိုး ချက်ပေးမယ်။ သုံးနှစ်ပြည့်သွားပြီးရင် ဆရာဒေါ်လေး အဲဒါတွေကို သောက်ပြီး အရသာခံလို့ရပြီ။ ပြီးတော့ အရက်အစားထိုး သောက်စရာတစ်ခုလည်း ရဦးမယ် ”

“ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အရက်အကောင်းစား…အရက်အစားထိုး သောက်စရာ…ဟုတ်လား.. ”

ကျိုးကျိုးသည် ရုတ်ခြည်းပင်ထကာ ခါးမတ်မတ်ထိုင်လိုက်သည်။

“ ဘာလဲ … မင်းကငါ့ကို မင်းအလုပ်တွေအလကားလုပ်ပေးအောင် ညှပ်ချမလို့လား။ ရှင်းရှင်းပဲပြောထားမယ် ငါက မန္တန်အစီအရင်တွေ မကျွမ်းဘူး ”

“ ဆရာဒေါ်လေးက မန္တန်အစီအရင်တွေရဲ့ အောက်ခြေခိုင်အောင်နဲ့ စိတ်တန်ခိုးတွေကို ဖိနှိပ်ဖို့ပဲ နတ်တန်ခိုးသုံးပြီး လုပ်ပေးရမှာပါ ”

လီချန်ရှို့သည် တည်တည်ငြိမ်ငြိမ်ပြုံးကာ ပြောလိုက်သည်။

ထို့နောက် သူက ထပ်မေးလိုက်သည်။

“ ဆရာ‌ဒေါ်လေးက အရက်သောက်ရတာကိုကြိုက်တာလား အရက်အရသာကို ကြိုက်တာလား။ အရက်အရသာကိုကြိုက်တာလား ဒါမှမဟုတ် အရက်အများကြီးသောက်ရင်ရတဲ့ ခံစားချက်ကို ကြိုက်တာလား ”

“ အာ…”

ကျိုးကျိုးက လေသံဖျော့ဖျော့ဖြင့်ပြောလိုက်သည်။

“ နှစ်ခုလုံးပဲ။ ငါ သုံးနှစ်သမီးတည်းက ဂိုဏ်းကိုရောက်တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့ကို စောင့်ရှောက်ဖို့တာဝန်ကျတဲ့ ဆရာတူအစ်ကိုငါးက အရက်သောက်ရတာကို ကြိုက်တယ်။ တစ်ခါတုန်းက ငါ့ကိုရေချိုးဖို့ဆိုပြီး အရက်စည်ထဲကို မှားထည့်ဖူးတယ်။ အဲဒီကတည်းက အဲ့ဟာကို ငါ့လက်ထဲကမချနိုင်အောင် ဖြစ်သွားတော့တာပဲ။ မင်းတကယ်သိချင်တာဆိုရင်လည်း ပြောပြရတာပေါ့။ ငါ့အတွက် အရက်ရဲ့အရသာကလည်း အရေးကြီးသလို ရေချိန်ကိုက်သွားရင်ရတဲ့ လွင့်မြောနေသလို ခံစားချက်ကလည်း အရေးကြီးတယ် ”

“ ဆရာဒေါ်လေး … ဒါကိုကြည့်လိုက် ”

လီချန်ရှို့သည် သူ၏အရှေ့ရှိ လက်ဖက်ရည်ခွက်ကို ညွှန်ပြလိုက်သည်။ ထို့နောက် သူ၏အင်္ကျီလက်အတွင်းမှ ကျောက်စိမ်းအိုးလေးတစ်အိုးကို ထုတ်လိုက်လေသည်။ သူသည် ကျောက်စိမ်းအိုးလေးအားဖွင့်လိုက်ပြီး အတွင်းရှိ အစိမ်းဖျော့ဖျော့အရည် တစ်ငုံစာလောက်အား လက်ဖက်ရည်ခွက်အတွင်း ထည့်လိုက်သည်။

မွေးပျံ့သောရနံ့တစ်ခုက တဲအတွင်း လွင့်ပျံသွားသည်။ လက်ဖက်ရည်ခွက်ထဲရှိ အစိမ်းဖျော့ဖျော့အရည်သည် အစိမ်းရောင်အဖြစ် လုံးလုံး ပြောင်းလဲသွားသည်။

“ အိုး… ”

ကျိုးကျိုးသည် မျက်တောင်ခတ်ကာ လက်ဖက်ရည်ခွက်အား သောက်လိုက်ပြီး သူမ၏ဝသီအတိုင်း အနံ့ခံကြည့်လိုက်ရာ ရနံ့သင်းသင်းတစ်ခုကိုသာ ရလေသည်။ ထို့နောက် သူမက ခေါင်းငုံ့ကာ တစ်ငုံမရှိတရှိ သောက်လိုက်သည်။ တမုဟုတ်ချည်းပင် သူမ၏မျက်လုံးများ အ‌ရောင်လက်သွားသည်။

သူမသည် လက်ကိုမြှောက်ကာ ကျန်သည့်အရည်များကို တစ်ချီတည်း မော့ချလိုက်လေသည်။

ကျိုးကျိုး၏ မျက်နှာလေး တဖြည်းဖြည်း နီမြန်းလာ၏။ သူမ၏မျက်လုံးများထဲတွင် ရီဝေဝေအရိပ်အယောင်များပေါ်ပေါ်ကလာပြီး မခို့တရို့ ပြုံးလိုက်လေသည်။

“ ကောင်းလိုက်တာ … တော်တယ်… ”

ဒုတ်…

ကျိုးကျိုးသည် ဖြည်းဖြည်းချင်းနောက်သို့ မှောက်သွားရာ လက်ဖက်ရည်ခွက်သည်လည်း စားပွဲခုံနှင့် မိတ်ဆက်သွားလေသည်။ သူမသည် မြေပြင်ပေါ်တွင် ကိုယ့်ကိုယ်ကို သက်တောင့်သက်သာနေလိုက်ပြီး တခစ်ခစ်ဖြင့် စတင်ရယ်လေတော့သည်။

ထို့နောက် သူမသည် ပေါက်ကရများ စတင်ပြောလေတော့သည်။

“ ဆရာတူအစ်ကိုခုနစ် … အစ်ကိုမရှက်ဘူးလား။ ဆရာတူအစ်မခြောက်နားမှာ တစ်နေကုန်ကော်လိုကပ်နေတာ။ ပြီးတော့ ဒီလောက် နှစ်တွေအကြာကြီး အတူတူကျင့်ကြံပြီးတာတောင် အခုထိ ကလေးတစ်ယောက်မှ မရသေးဘူး ”

“ အစ်ကိုတို့အကုန်လုံးက တစ်ယောက်ပြီးတစ်ယောက် အတွဲကိုယ်စီနဲ့ ဖြစ်ကုန်ပြီ။ ညီမကတော့ ကိုးယောက်မြောက်တပည့်မို့လို့ တစ်ယောက်တည်းနေဖို့ ကံပါလာတာလား။ ဟွန်း…ညီမ ကောင်းကင်နတ်မင်းအဆင့်ရောက်တာနဲ့ ညီမကို နေ့တိုင်း ပြုစုပေး၊ နင်းနှိပ်ပေးဖို့ ကောင်လေးချောချောလေးတွေ အများကြီးရှာပစ်ဦးမှာ..အေ့… ”

“ ဟေ့ ချန်ရှို့လေး … မင်းရဲ့ဆရာကို ဘယ်တော့ ဘယ်တော့ ဘယ်…တော့…မှ အထင်မသေးနဲ့။ မင်းရဲ့ဆရာက အရင်ကဆို ပြိုင်ဘက်ကင်းပဲ… ”

ခေတ္တမျှကြာပြီးနောက် ကျိုးကျိုးသည် တခေါခေါဟောက်သွားလေ‌တော့သည်။ သူမသည် ဝတ်ပြုဖျာအား ခွကာ မြေကြီးပေါ်တွင် အိပ်ပျော်နေပေပြီ။

လန်လင်းအယ်က စိတ်ဝင်တစားမေးလိုက်သည်။

“ ဆရာတူအစ်ကို ဘာတိုက်လိုက်တာလဲ ”

“ အရက်မူးနတ်ဝိဇ္ဇာ လို့ခေါ်တယ် ”

လီချန်ရှို့သည် အသံလွှင့်အတတ်ကို သုံး၍ ပြန်ဖြေလိုက်သည်။

“ အဲဒါက ပုံမှန်တော့ အားအင်မဲ့နတ်ဆေးတစ်ခုပဲ။ အရက်ကောင်းတစ်ခုဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့ ဘာအရက်မှတော့ မပါဘူးပေါ့။ လူတစ်ယောက်ကို အရက်မူးသလိုဖြစ်သွားစေတာကလွဲရင် တခြားဘာမှမဖြစ်စေပါဘူး။ တခြားဖြစ်စေတဲ့အရာတွေကို အစ်ကိုအစကတည်းက ဖယ်ထားပြီးပါပြီ ”

“ ရှေးဟောင်းကျမ်းစာတွေအရဆိုရင်တော့ ဟိုးရှေးရှေးတုန်းက အရက်သောက်ရတာကြိုက်တဲ့ နတ်ဝိဇ္ဇာတိုင်း ဒီနတ်ဆေးကို သောက်ကြတယ်။ ဒါပေမဲ့ သူတို့က အရက်စွဲနေပြီဆိုတော့ ဒါကိုတစ်ငုံတည်းနဲ့ သောက်ကြတာချည်းပဲ ”

“ ဒါကို အရက်ချက်သလိုပဲချက်ရတာ။ ဒါပေမဲ့ အရက်ချက်ဖို့ နတ်သစ်သီးတွေနဲ့ နတ်မုယောစပါးတွေကို သုံးပြီး ‘အရက်မူးနတ်ဝိဇ္ဇာ’ ကိုချက်ဖို့ဆိုရင် ဆေးပင် (၃၂)မျိုးလောက်သုံးရတယ် “

လန်လင်းအယ်က စိုးရိမ်စွာမေးလိုက်သည်။

“ အစ်ကိုအဲ့လိုဟာမျိုး သုံးမျိုးချက်နိုင်ပါ့မလား ”

လီချန်ရှို့သည် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် အိပ်မောကျနေသော ကျိုးကျိုးအား လှမ်းကြည့်လိုက်ပြီး မကြာမီ သူ ပိုင်ဆိုင်တော့မည့် ဆေးဖော်ဆောင်အကြောင်း စဉ်းစားနေလေသည်။ ထို့နောက် သူသည် လန်လင်းအယ်ထံသို့ အသံပို့လွှတ်လိုက်သည်။

“ သုံးမျိုးမပြောနဲ့ ဆယ့်သုံးမျိုးလောက် ချက်နိုင်တယ်။ အစ်ကိုသာ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးရဲ့အကူအညီ ရရင် အရင်က မဖြစ်နိုင်ဖူးလို့ထင်တဲ့ဟာတွေ အကုန် ဖြစ်နိုင်လာလိမ့်မယ်။ ဆေးဖော်ဆောင် ဆောက်ပြီးသွားရင် ပိုပြီး လုံခြုံလာတော့မှာပါ ”

“ ဟုတ် … ”

လန်လင်းအယ်သည် နှုတ်ခမ်းဆူကာ ပြန်ပြောလိုက်သည်။ လန်လင်းအယ်သည် အလွန်ချစ်စဖွယ်ကောင်းစွာ အိပ်ပျော်နေသော ဆရာဒေါ်လေးအား ကြည့်ကာ ခြိမ်းခြောက်ခံနေရသလို ခံစားလိုက်ရသည်။

ထိုသို့ဖြင့် ( ၂ ) နှစ်ခန့်ကြာသောအခါ …

ဝုန်း…

လူတစ်ယောက်သည် လီချန်ရှို့၏ တဲအိမ်တံခါးအား ကန်ဖွင့်လိုက်သည်။ ဖျင်ကြမ်းဝတ်စုံဝတ်ဆင်ထားသော ကျိုးကျိုးသည် တဲအတွင်းသို့ စိတ်မရှည်သည့်ဟန်ဖြင့် ဝင်သွားလေသည်။

“ မြန်မြန်ပေး… ဒီလအတွက် ‘အရက်မူးနတ်ဝိဇ္ဇာ’ နဲ့ ‘မိန်းမလှညှို့ဓာတ် ’… ”

“ မင်းက ဒီမှာမရှိဘူးပေါ့… ”

“ ချီးတဲ့မှ…ဆေးဖော်နေပြန်ပြီထင်တယ်။ မင်းကိုငါ ဆေးပေါင်းဖိုနဲ့ တွဲချည်ပေးထားရမှာ … ”

ကျိုးကျိုးသည် ခြေဆောင့်ကာ ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ ထို့နောက် လျင်မြန်စွာလှည့်ကာ လေပေါ်သို့ပျံသွားလိုက်ပြီး တဲအိမ်လေးအား ချန်ခဲ့၍ ထူထပ်သောတောအုပ်ဆီသို့ ဦးတည်လိုက်လေသည်။

သို့သော် သူမ ရုတ်တရက် ရပ်လိုက်သည်။ သူမသည် ခပ်ရေးရေးလှုပ်ရှားနေသော စိတ်တန်ခိုးများကို ခံစားလိုက်ရ၍ ခေါင်းငဲ့ကာ သူမ၏ရှေ့ရှိ တောအုပ်ကြီးကို ငေးကြည့်ကာ သူမ၏ နဖူးတွင် အရေးအကြောင်းများ ပေါ်လာသည်။ ထို့နောက် လွန်ခဲ့သောခြောက်လအတွင်း မန္တန်အစီအရင်များအတွင်း ဆယ်ကြိမ်မက သနားစဖွယ် ပိတ်မိနေခဲ့သည်ကို သူမ၏စိတ်ထဲ ပြန်၍ပေါ်လာလေသည်။

သူမသည် ရှေ့တွင် မည့်သည့်အရာများရှိသည်ကို ကြို၍မသိခဲ့ပါလျှင် ထိုသစ်တောအတွင်း အလင်းမန္တန်အစီအရင် ( ၂၈ ) ခုနှင့် အမှောင်မန္တန်အစီအရင် ( ၇၆ ) ခု ရှိကြောင်း ပြောနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ထိုတောထဲတွင် ထောင်ချောက်အစီအရင်များနှင့် ဝင်္ကပါများလည်းရှိပေသေးသည်။ ထိုအရာများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပေသည်။

“ ဘဝတံခါးက ဘယ်နားမှာပါလိမ့်။ ဒါကို ငါ ကူဆင်ပေးခဲ့တယ်ဆိုတာ ဟုတ်‌ရောဟုတ်ရဲ့လား…”

“ ဒီနေရာမှာများလား…မဟုတ်သေးပါဘူး… ”

“ ဒီနေရာများလား… ”

“ ဟာကွာ ဒီမန္တန်အစီအရင်တွေက တော်တော်စိတ်ရှုပ်ဖို့ကောင်းတာပဲ ”

“ လီချန်ရှို့ အထဲက ထွက်ခဲ့စမ်း။ မထွက်လာရင် မင်းရဲ့တဲအိမ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မှာနော် ”

လေညင်းလေးတစ်ခုသည် တောအုပ်ကို ဖြတ်၍တိုက်ခတ်လာသည်။ သစ်တောအတွင်းမှ စိတ်တန်ခိုးစီးကြောင်းအရှိန် မြင့်တက်သွားသဖြင့် သစ်ပင်များ ဝေ့ဝဲသွားသည်။

လီချန်ရှို့၏ အသံဩဩအား လေထဲ၌ ကြားလိုက်ရသည်။

“ မန္တန်အစီအရင်တွေ ပိတ်ထားလိုက်ပြီ။ ကျွန်တော် ဆေးပေါင်းဖိုကို စောင့်ကြည့်နေလို့ ဆရာဒေါ်လေးကို ထွက်ပြီးကြိုဆိုဖို့ အဆင်မပြေဘူး ”

ကျိုးကျိုးသည် မျက်တောင်ခတ်လိုက်ပြီး ရှေ့ (၁၀)ကျန့်ခန့် သတိထား၍ သွားလိုက်သည်။ သူမ လုံခြုံကြောင်း သေချာသွားသည်နှင့်တစ်ပြိုင်နက် တောအလယ်သို့ ဒေါသတကြီး သွားလိုက်လေသည်။

သစ်တောအလယ်တွင် သေးငယ်ထည်ဝါသော အဆောက်အဦလေးတစ်ခု ငြိမ်သက်စွာတည်ရှိနေလေသည်။ သန့်ရှင်းလတ်ဆတ်သော လေညင်းလေးတစ်ခုသည် ထိုအဆောက်အဦးအား ဖြတ်သန်းတိုက်ခတ်ကာ မွှေးရနံ့လေးတစ်ခုကို တောတွင်းတစ်လျှောက် သယ်ဆောင်သွားလေတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset