ပိုင်ရှောင်ချန်းမှာ လုံးဝ အော်ဂလီဆန်နေပြီဖြစ်သည်။ အံတင်းတင်းကြိတ်ရင်း သူကပြောသည်။ ” ဟွန့်.. မင်း ဆရာဘာကောင်ကြီးဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်လို့တုန်း။ မင်း.. မင်းလို အယုတ်တမာကောင်ကို ငါမသတ်ရင် မင်းက တဖြည်းဖြည်း ပိုအစွမ်းထက်လာြပီး ငါ့ကို လက်စားလာချေနိုင်တယ်။ တကယ်လို့ မင်းက ငါ့ကို မတိုက်နိုင်ဘဲ ငါ့မိတ်ဆွေတွေကို ရွေးလိုက်ရင် ဘယ်လိုလုပ်မလဲ”
ထိုအချိန်တွင် လိပ်ကလေးက ပိုင်ရှောင်ချန်း၏အိတ်ထဲမှ ခေါင်းပြူထွက်လာ၏။
” မင်းသိလား.. လိပ်ကိုယ်တော်မှာ ဒီလို အတွေ့အကြုံတွေရှိတယ်ကွ၊ အဲ့ကောင် မသေခင် အော်နေပုံထောက်ရင် အချိန်မရွေး ထွက်ပေါ်လာနိုင်တဲ့ အစွမ်းထက်ဆရာတစ်ယောက်ရှိမယ်ထင်.. ”
” ပိတ်ထားစမ်း ”
ပိုင်ရှောင်ချန်းက ဘေးဘီဝဲယာကို စိုးရိမ်တကြီး ကြည့်ရင်း ပြောလိုက်သည်။ မည်သည့်အတွက်ကြောင့် မသိသော်လည်း ယခုအခါ သူသည် မလုံခြုံသည့်အလား ခံစားနေရပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို အမြင့်ဆုံးအရှိန်ဖြင့် သွားရန်ပြင်လိုက်စဥ်မှာပင် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးက လေကိုခွင်း၍ ပေါ်ထွက်လာတော့သည်။
” ငါ့အချစ်ဆုံး တပည့်လေးကို ဘယ်သူသတ်တာလဲကွ ”
အလွန်တရာကျယ်လောင်လှစကားသံကြီးကြောင့် မိုးကောင်းကင်မှောင်မည်းသွားပြီး သစ်ပင်များ ယိမ်းထိုးလျက်လေပြင်းမုန်တိုင်းများ မြေပြင်တစ်ဝှမ်းတွင် တိုက်ခတ်လာတော့သည်။
ပိုင်ရှောင်ချန်း၏မျက်နှာမှာ ဇီးရွက်ခန့်သာ ရှိတော့သည်။
” လိပ်စုတ်.. ဒါ မင်းအမှား။ မင်းပါးစပ်ပြဲကြီးကို ဘာလို့ သွားဖွင့်တာတုံး ”
ထွက်ပေါ်လာသည့် စကားသံများ၏ ကြောက်မက်ဖွယ်ရာအငွေ့အသက်ပေါ် ပေါ်မူတည်၍ အမြုတေအဆင့်ကျင့်ကြံသူမှလာခြင်းမဟုတ်ဘဲ ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်တစ်ဦးထံမှ လာကြောင်း ပိုင်ရှောင်ချန်း သေချာသိလိုက်သည်။
ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဟု တွေးလိုက်ရုံဖြင့်ပင် ပိုင်ရှောင်ချန်း၏ ဆံပင်မွှေးများ ထောင်လာလေပြီ။
သူက ကျယ်လောင်စွာ အော်ဟစ်လျက် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ ရှိသမျှအားကုန်ထုတ်၍ ပျံသွားလေသည်။
” မိစ္ဆာအိုကြီးကို အထင်သေးဝံ့တယ်လား။ ငါ့ အင်မော်တယ်ဂူ အပြင်ဘက်မှာ ငါ့အချစ်ဆုံး တပည့်ကို ဘယ်လိုလုပ် သတ်ဝံ့နေရတာလဲ။ ကိုယ့်သေတွင်းကိုယ် တူးနေတာလား ”
အသံပေါ်မူတည်၍ အသံပိုင်ရှင်က အလွန်နီးကပ်လာပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်း သိလိုက်သည်။
ရင်တဒိန်းဒိန်းခုန်လျက် နောက်သို့လှည့်ကြည့်လိုက်ရာ တောင်တန်းများ ပြိုလဲ၍ ပင်လယ်များ ခမ်းခြောက်သွားစေလုမတတ် ပြင်းထန်သော စွမ်းအင်များ ပါဝင်နေသည့် မီတာ၃၀၀၀ အကျယ် အမည်းရောင် တိမ်တိုက်ကြီးအား မြင်လိုက်ရလေသည်။ ၄င်းထဲတွင် ရက်စက်ကြမ်းကြုတ်သော ဝိညာဥ်အမြောက်အမြား ပြည့်နှက်နေပြီး ဝိညာဥ်အားလုံးမှာ အော်ဟစ်မြည်တမ်းလျက် တစ်ယောက်ကိုတစ်ယောက် သွားများဖြင့် ဆုတ်ဖြဲနေကြရာ သွေးပျက်ဖွယ်မြင်ကွင်းတစ်ခုပင် ဖြစ်နေတော့သည်။
တိမ်တိုက်၏ထိပ်တွင်ရပ်နေသည်မှာ ကျိုးဟုန်ဖန်၏ သခင် မိစ္ဆာအိုကြီးဟုေခါ်သော အမည်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် အဘိုးကြီးဖြစ်လေသည်။ သူက လက်ကို နောက်ပစ်ထားပြီး သူ့မျက်လုံးများက လျှပ်စီးအလား စူးရှနေလေသည်။ သူ၏တင်းမာခက်ထန်သော အမူအရာ ကြောင့် သူ ဒေါသထွက်နေကြောင်း ထင်ရှားသည်။ မီတာ ၃၀၀၀ ဝေးနေသော်လည်း သူတို့ အကြည့်ချင်းဆုံသွားသောအခါ ပိုင်ရှောင်ချန်း၏ ခေါင်းတစ်ခုလုံးချာချာလည်သွားပြီး သူ၏ ကျင့်ကြံခြင်းအခြေခံ ကစဥ့်ကလျားဖြစ်သွားတော့သည်။
“တကယ်ကြီး ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်ကိုး ” ပိုင်ရှောင်ချန်း၏မျက်လုံးများတွင် မျက်ရည်များဝဲတက်လာသော်လည်း တဆက်တည်းမှာပင် မှားယွင်းအစွပ်စွဲခံရသည်ဟု ခံစားလာရလေသည်။
” ငါတော့ သွားပြီ ” သူက တွေးလိုက်သည်။
” အဲဒီကောင်က ငါ့ကို အရင် ရန်စတာလေ”
” ရှင်းကုံကျစ်တာအိုဂိုဏ်းက ဒီတာဝန်ကြီးကို ဘာလို့ ငါ့ပေးတာတုံး၊ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ရတာ ဘာမှ မဟုတ်ပေမယ့် ရွံစရာသောက်ခွေးကြီးက ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်လေကွာ ”
တစ်ခုခုမှားယွင်းနေကြောင်းပို၍ခံစားလာရပြီး သူက အသေးစားတည်နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကို ဆင့်ခေါ်ရန် ထာဝရအသက်ရှည်နည်းသိုင်းကိုထုတ်ဖော်လိုက်ပြီး အေးစိမ့်ချီအချို့ကိုပင် စေလွှတ်လိုက်သည်။ သို့တိုင်အောင် အမည်းရောင်တိမ်တိုက်ကြီးအား မည်သည့်အရာကမှ မတားဆီးနိုင်ပေ။
” သေဖို့အချိန်တန်ပြီ ”
ထိုစကားလုံးများ ထွက်သွားသည်နှင့် အမည်းရောင်တိမ်တိုက်ကြီးက ပိုင်ရှောင်ချန်းကို ဝါးမြိုလာလေသည်။ တချိန်တည်းမှာပင် မီတာ၃၀၀အကျယ်လက်ကြီးက သူ့ထံ တိုးဝင်လာတော့သည်။
မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ထိုနေရာသို့ သက်ရောက်လာသည့် ဖိအားများက အရာအားလုံးကို ချုပ်နှောင်ထားနိုင်သည်အထိ ကြီးမားလာတော့သည်။ မြေကြီးများ တုန်ခါလာပြီး အောက်ဖက်ရှိ အပင်နှင့်အသီးအရွက်များ ညှိုးနွမ်းရင့်ရော်လာလေသည်။ ပိုင်ရှောင်ချန်းသည် သူ၏ကိုယ်တွင်းရှိ သက်စောင့်စွမ်းအားများ စုပ်ယူခံရတော့မည့်အလား ကမောက်ကမဖြစ်လာသည်ကို ခံစားလိုက်ရလေသည်။
လက်ကြီးက တရွေ့ရွေ့နီးကပ်လာပြီး အလွန်အရေးကြီးနေသော ထိုအခိုက်တွင် ပိုင်ရှောင်ချန်းက စူးစူးဝါးဝါးထအော်လိုက်ကာ ကိုးနယ်ပယ်ရှုခင်းကို ထုတ်ဖော်လိုက်လေရာ တည်နေရာရွှေ့ပြောင်းခြင်းနှင့်ဆင်သော စွမ်းအားတစ်ခု ပေါ်ထွက်လာတော့သည်။
လက်ကြီး သူ့အပေါ်ရောက်ခါနီးလေးမှာပင် ပိုင်ရှောင်ချန်းက ပျောက်ကွယ်သွားပြီး ဖြူဖပ်နေသော မျက်နှာဖြင့် ကီလိုမီတာဒါဇင်အနည်းငယ်မျှအကွာအဝေးတွင် ပြန်ပေါ်လာလေသည်။ နောက်ကို တစ်ချက်ကလေးပင် လှည့်မကြည့်ပဲ အမြန်ဆုံးအရှိန်ဖြင့် ပျံတော့လေသည်။
သူ့နောက်ရှိ မိစ္ဆာအိုကြီး မှာ အမည်းရောင်တိမ်တိုက်ကြီးပေါ်သို့ ခြေဆောင့်နင်းချလိုက်ပြီး ပိုင်ရှောင်ချန်းနောက် တဟုန်ထိုးလိုက်တော့သည်။
“မင်းမလွတ်စေရဘူး”
သူက အော်လိုက်သည်။
” မင်းကို မိတာနဲ့ အရေခွံစုတ်ပစ်ပြီး သက်ရှိမီးအိမ်လုပ်ပစ်မယ် ”
နီးကပ်လာသည်နှင့် မိစ္ဆာအိုကြီးက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ပြီးနောက် သူ့လက်ကို မြေပြင်ပေါ်သို့ ဝှေ့ယမ်းလိုက်လေသည်။
ချက်ချင်းပင် ပိုင်ရှောင်ချန်း၏အောက်ရှိ အပင်နှင့်အသီးအရွက်များ ညှိုးလျော်သွားကာ အမည်းရောင်မြူများ လေထဲသို့ တက်လာလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းတို့သည် တံဆိပ်တော်အမှတ်အသားပုံ ဧရာမစက်ဝန်းတစ်ခုအသွင်ပြောင်းသွားပြီး ပိုင်ရှောင်ချန်းမှာ ကျော်လွှား၍မရတော့ပေ။
နောက်ထပ် အမည်းရောင်လက်ကြီးက သူ့ထံပြေးဝင်လာသောကြောင့် ပိုင်ရှောင်ချန်း၏မျက်နှာမှာ ရှုံ့တွသွားတော့သည်။ စူးစူးဝါးဝါးအော်ရင်း သူက ကိုးနယ်ပယ်ရှုခင်းကို ထပ်မံ အသုံးပြုလိုက်လေသည်။
နောက်တစ်ကြိမ် ပျောက်သွားပြီး သူပြန်ပေါ်လာသောအခါ မီတာ၃၀၀၀သို့ ရောက်မသွားဘဲ ထိုအစား သူ၏လမ်းကို ယခုလေးတင် ဖြစ်ပေါ်လာသည့် အမည်းရောင်စက်ဝန်း၏အနားက ပိတ်ဆို့တားဆီးထားလေသည်။
သူမြင်ကွင်းတွင်ပြန်ပေါ်လာသည်နှင့် အမည်းရောင်လက်ကြီးက ပြေးဝင်လာပြန်လေရာ သူ စိတ်ပျက်သွားတော့သည်။
သူ့နောက်မှ လိုက်နေသူမှာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဆိုသည်ကို စဥ်းစားလိုက်လျှင် သူပျံပြေး၍မရတော့ပေ။
” ခင်ဗျား ကျုပ်ကို တကယ်သတ်ရဲတယ်ပေါ့”
သူက အော်လိုက်သည်။
” ကျုပ်နောက်မှာ စွမ်းအားကြီးတဲ့လူတွေရှိတယ်နော်။ ခင်ဗျားကျုပ်ကိုအန္တရာယ်ပေးရဲရင် ခင်ဗျားလဲ သေချာပေါက် အသတ်ခံရမှာပဲ”
သို့သော်လည်း မိစ္ဆာအိုကြီး မှာ ပို၍အေးစက်စွာ နှာမှုတ်လိုက်ပြီး အမည်းရောင်လက်ကြီးအား ပိုင်ရှောင်ချန်းထံ လွှတ်လိုက်ပြန်သည်။
“ငါ့လိပ်ဒယ်အိုးတောင် ဒါကြီးကို ခုခံနိုင်မှာမဟုတ်ဘူး…..”
ထိုအရာအားလုံး မည်မျှ တရားမမျှတကြောင်းတွေးရင်း သူ၏မျက်လုံးထောင့်မှ မျက်ရည်များစီးကျလာတော့သည်။ ကျိုးဟုန်ဖန်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်နှင့် သူ၏ဆရာပေါ်လာခဲ့သည်။ သို့သော် ပိုင်ရှောင်ချန်းက ထိုအတိုင်း ကြိုးစားကြည့်သော်လည်း မည်သို့မှ ဖြစ်မလာခဲ့ပေ။
သေရေးရှင်ရေးအခြေအနေတွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ လုံးဝ နီရဲနေပြီး လေမုန်တိုင်းကြီးကို အစွမ်းကုန်ရှောင်တိမ်းကာ နောက်ဆုံးအကွက်ထုတ်ရန် ပြင်လိုက်သည်။ သို့သော်…..
” အတင့်ရဲလှချည်လား မိစ္ဆာအိုကြီး ”
အတန်ငယ်ဝေးသောနေရာမှ အသံတစ်သံ လွင့်ပျံလာပြီး ထိုအသံပိုင်ရှင်မှာ ဒေါသထွက်လွန်း၍ ရူးသွပ်သွားတော့မည့်ဟန် ထင်မှတ်ရသည်။
ချက်ချင်းပင် အမည်းရောင်လက်ကြီး ရှုံ့တွသွားပြီး မိစ္ဆာအိုကြီးက ခေါင်းလှည့်ကြည့်လိုက်ရာ မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကာ ပင့်သက်ပင် ရှိုက်လိုက်မိလေသည်။
ပိုင်ရှောင်ချန်းသည်လည်း အလားတူ အံ့အားသင့်သွားပြီး ကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းဆီမှ တပ်ဖွဲ့ကြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်။ တောအုပ်ပေါ်မှနေ၍ သူ့ဆီသို့ တဟုန်ထိုး ပျံသန်းလာနေသည့် ဧရာမ စစ်သင်္ဘောကြီးဆယ်စီးကြောင့် လေများ တဝေါဝေါတိုက်ခတ်လာပြီး မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်လာတော့သည်။
စစ်သင်္ဘောများမှာ ကျင့်ကြံသူ၁၀၀၀၀ကျော် ပါရှိနေပြီး သူတို့ထံမှ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များ တဝုန်းဝုန်း ထွက်ပေါ်နေရာ ကောင်းကင်နှင့်မြေပြင်မှာ လှိုင်းလုံးများ ဖုံးလွှမ်းနေသော ပင်လယ်ကြီးအလား ဖြစ်နေတော့သည်။
အံ့အားသင့်ဖွယ်ကောင်းစွာ စစ်သင်္ဘောဆယ်စီးလုံး၏ ထိပ်ပိုင်းမှာ မျက်စိကျိန်းလုမတတ်အလင်းများ ရုတ်တရက် တောက်ပလာတော့သည်။ ပိုင်ရှောင်ချန်းက လှမ်းကြည့်လိုက်သည်နှင့် ထိုအလင်းတန်းက စူးရှသောစွမ်းအင်များအသွင်ပြောင်းသွားကာ လေဟုန်ကိုခွင်း၍ မိစ္ဆာအိုကြီးထံ ပြေးဝင်သွားလေသည်။ ထိုစွမ်းအင်အလင်းတန်းများက လျှပ်စီးလက်သည့်အလား လျင်မြန်စွာ ရွေ့လျားလာနေပြီး နားကွဲ လုမတတ် ထစ်ခြုန်းမြည်သံကြီး ထွက်ပေါ်နေကာ ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါလာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မိစ္ဆာအိုကြီး ရှေ့တည့်တည့်သို့ရောက်သွားတော့သည်။ ရှုံ့တွနေသော မျက်နှာဖြင့် သူက အင်္ကျီလက်ခါလိုက်ပြီး ပိုင်ရှောင်ချန်းကို လျစ်လျူရှုလိုက်ကာ နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်သည်။
သူနောက်ဆုတ်လိုက်သည်နှင့် ဝုန်းခနဲအသံကြီးထွက်ပေါ်လာကာ အလင်းတန်းများကြောင့် အမည်းရောင်တိမ်တိုက်ကြီး ကွဲကြေသွားတော့သည်။ အမည်းရောင်တိမ်တိုက်ကြီး ပျက်စီးသွားပြီး မိစ္ဆာအိုကြီး မှာမူ သူ့ကိုယ်သူကာကွယ်နိုင်လိုက်သော်လည်း မီတာ၃၀၀၀အကွာထိ လွင့်သွားကာ မြေပြင်ပေါ်သို့ ဝုန်းခနဲကျသွားပြီး ချိုင့်ခွက်ကြီးပေါ်လာတော့သည်။
ထိုပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပြင်းပြင်းထန်ထန်တုန်ခါလာလေရာ ပိုင်ရှောင်ချန်းမှာ အံ့သြမှင်သက်နေတော့သည်။ ထို့နောက် စစ်သင်္ဘောပေါ်မှ ပုံရိပ်တစ်ခုက အဆက်မပြတ်အော်ငေါက်နေရင်း ချက်ချင်း ထွက်ပေါ်လာ၏။
” မိစ္ဆာအိုကြီး… မိစ္ဆာနှိမ်နင်းရေးခန်းမက ဂိုဏ်းသားကို ဒုက္ခပေးရဲတယ်ပေါ့”
ထိုအသံပိုင်ရှင်မှာ မိစ္ဆာနှိမ်နင်းရေးအဆောင်မှူး ကြင်နာတတ်သောမျက်နှာဖြင့် ဖုန်းယွမ်ဒဲ့ဖြစ်ပြီး မိစ္ဆာအိုကြီး ရှေ့သို့ လှစ်ခနဲ ထွက်ပေါ်လာကာ ရက်စက်ကြမ်းကြုတ်သောလက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်လေသည်။
“မင်းရူးနေလား ဖုန်းယွမ်ဒဲ့ ”
မိစ္ဆာအိုကြီး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ၊ ဇဝေဇဝါဖြစ်နေမှုများ ပြည့်နေပြီး နောက်သို့ဆုတ်ကာ အော်ဟစ်လိုက်သည်။ ကုံဒေသ၏မိစ္ဆာနှိမ်နင်းရေးခန်းမဆောင်ကို မည်မျှရန်စခဲ့သည်ဖြစ်စေ ဤမျှအတိုင်းအတာအထိ လက်တုန့်ပြန်ခြင်း မခံရကြောင်း သူသိထားသည်။
သို့သော်လည်း ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် စစ်သင်္ဘောဆယ်စီးမှ စွမ်းအားများ ထပ်မံပေါ်ထွက်လာပြီး သူ့ထံသို့ စူးရှသောအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ဝုန်းခနဲ မြည်ဟည်းသံကြီးထွက်ပေါ်လာပြီး သူက နောက်သို့ စိုးရိမ်တကြီးဆုတ်လိုက်သည့်တိုင် သူ့ပါးစပ်မှ သွေးများပန်းထွက်လာလေသည်။ ထိုအချိန်တွင် သူ၏ဆံပင်မှာ ရှုပ်ပွနေပြီး ပုံပျက်ပန်းပျက်ဖြစ်နေလေပြီ။ သူ၏လက်မောင်းတစ်ဖက်မှာ ပြတ်ထွက်သွားပြီး သူ၏အမူအရာမှာ ဒေါသများနှင့် ခံပြင်းမှုများ ဒွန်တွဲနေလေတော့သည်။
” မိစ္ဆာ နှိမ်နင်းရေး စစ်သင်္ဘောဆယ်စီး.။ မင်း…မင်း…..မင်းတို့ ရူးနေကြတာပဲ။ အဲဒါတွေကို သုံးဖို့ စွမ်းအားရင်းမြစ်တွေ ဘယ်လောက်တောင် မင်းတို့ ဖြုန်းခဲ့တာတုံး။.. အဲ့လောက် အကုန်အကျခံပြီး ငါ့ကို သတ်မှာပေါ့..။ တကယ်ကြီးတန်လို့လား ” ကြောက်လန့်မှုကြောင့် တဆတ်ဆတ်တုန်နေရင်း မိစ္ဆာအိုကြီး က ပျံပြေးရန် ရည်ရွယ်၍ သူ၏ လျှို့ဝှက်မှော်သိုင်းများအားလုံးကို ထုတ်သုံးလိုက်သော်လည်း သူ့နှလုံးသားထဲတွင် စိတ်ပျက်အားလျော့မှုများကြီးစိုးနေလေပြီ။ ယနေ့ သူသေရတော့မည်မှာ သေချာနေသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းက ထိုကဲ့သို့ အတိုင်းအတာအထိ သူ့ကို သတ်ရန်ကြိုးစားနေသည်ကို သူ၏အိမ်မက်ဆိုးများထဲမှာပင် တစ်ခါမှ မမက်ခဲ့ဖူးပေ။
“ကျုပ်ဝန်ခံပါတယ် မိစ္ဆာနှိမ်နင်းရေးစစ်သင်္ဘောဆယ်စီးရဲ့ ပစ်ခတ်ခြင်းအောက်မှာ သေရတာက….. ”
စိတ်ပျက်လက်ပျက်ဖြင့် မိစ္ဆာအိုကြီး က အသက်ချမ်းသာပေးရန် တောင်းဆိုရန်ပြင်လိုက်စဥ်မှာပင် တစ်ခုခုလွဲနေကြောင်း ရုတ်တရက် သတိပြုမိလိုက်လေသည်။ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့နောက်သို့ ဖုန်းယွမ်ဒဲ့ လိုက်မလာကြောင်း သိလိုက်ရလေသည်။
ဝမ်းသာလုံးဆို့သွားပြီးး အကြောက်တရားများကြောင့် ရင်တဒိန်းဒိန်းခုန်လျက် ခပ်ဝေးဝေးသို့ ပျံပြေးလိုက်တော့သည်။
ပိုင်ရှောင်ချန်းသည် စစ်သင်္ဘောဆယ်စီးနှင့် မိစ္ဆာနှိမ်နင်းရေး အဆောင်မှူးကို တအံ့တသြကြည့်လိုက်သည်။ အထင်ကြီးဖွယ် မြင်ကွင်းကြောင့် သူလုံးဝ စိတ်လှုပ်ရှားသွားတော့သည်။
“ဒီဂိုဏ်းက ငါကို ကောင်းကောင်းဆက်ဆံတာပဲ…”
သူက ခံစားချက်များကြောင့် မျက်လုံးများနီမြန်းရင်း တွေးလိုက်သည်။ အစောပိုင်းက ဂိုဏ်းကို သံသယများဖြင့် အငြိုးထားခဲ့သည်။ ယခုအခါ အဆောင်မှူးဘက်ကို စိတ်လှုပ်ရှားစွာ လှည့်လိုက်ပြီး လက်ယှက်၍ ဦးညွတ်လိုက်သည်။
“ဂိုဏ်းသား….”
သူ့စကားတစ်ခွန်း မဆုံးခင်မှာပင် ဖုန်းယွမ်ဒဲ့က အလောတကြီးပြေးလာပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။
” ပိုင်ရှောင်ချန်း… အဆင်ပြေလား”