Switch Mode

အခန်း ( ၄၁၂ )

ပိုင်ရှောင်ချန်း၏ အမျက်ဒေါသ

ထို အမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်တွင် ထူးခြားသော ကျင့်ကြံခြင်းအခြေခံများရှိကြပြီး ရန်သူများကို နှိမ်နင်းရာတွင် အတူတကွ ပူးပေါင်းကာ တိုက်ခိုက်နေကြဖြစ်သည်။ သူတို့သည် တစ်ယောက်ချင်းစီ မတိုက်ခိုက်ကြပဲ နှစ်ခြမ်းခွဲကာ ပိုင်ရှောင်ချန်းကို ဘယ်ဘက်နှင့် ညာဘက်များမှ ချဥ်းကပ်လာသည်။

သူတို့နီးကပ်လာသောအခါ ဘယ်ဘက်ရှိ အဘိုးကြီးက မန္တန်လက်ကွက်တစ်ခုဖော်လိုက်ရာ သူ၏လက်ထဲမှ အနက်ရောင် မြူခိုးများထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်အနက်ရောင် နဂါးကြီးတစ်ကောင်အသွင်ပြောင်းလဲသွားသည်။ မြူခိုးများမှ ဖြစ်ပေါ်လာသည်ဖြစ်ပါသော်လည်း ထိုနဂါးကြီး၏ဘေးပတ်ပတ်လည်တွင် ပုတ်ပွနေသည့် အခိုးအငွေ့များ ပေါ်ထွက်နေပြီး ၎င်း၏ဘေးပတ်ပတ်လည်ရှိ လေထုကြီးပင်လျှင် ပျက်စီးယိုယွင်းနေသကဲ့သို့ဖြစ်နေတော့သည်။ တချိန်ထဲမှာပင် ထိုနဂါးကြီးဆီမှထွက်လာသည့် ညှော်စော်နံနေသောလေထုကြီးကြောင့် တောထဲရှိ သစ်ရွက်နှင့် အပင်များတို့မှာ ခြောက်ကပ်ကာ ပြာမှုန့်အဖြစ်သို့ ရောက်သွားကြတော့သည်။ ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားရတော့သည်။

ညာဘက်က အဘိုးကြီးမှာလည်း ထိုနည်းတူပင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။ သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ခြေဖဝါးအောက်တွင် အနီရောင်ကြာပန်းများ ပွင့်လာတော့သည်။ ထိုကြာပွင့်များသည် ပုံရိပ်ယောင်များသာဖြစ်သော်လည်း ထိုနေရာကို ချုပ်နှောင်နေသည့် မန္တန်အစီအရင်တစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်မှာ အသေအချာပင်။

ထို မန္တန်အစီအရင်ကြီး ပုံပေါ်လာသောအခါ ထိုအဘိုးကြီး၏ မျက်ဝန်းများမှာ ရုတ်တရက် ထူးဆန်းသောမှော် သင်္ကေတများ ဖျတ်ခနဲလက်သွားပြီး ထိုနေရာတစ်ဝိုက်ရှိ လေထုကြီးထဲတွင် ကြီးမားအားကောင်းသော ဖိအားကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

” တစ်ယောက်က သေမင်း အငွေ့အသက်ကို သုံးပြီး သူ့ဘေးနားက အရာအားလုံးကို ပုတ်ပွပျက်စီးအောင်လုပ်တာပဲ။ ” ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
” တခြားတစ်ယောက်ကတော့ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း မန္တန်အစီအရင်တစ်ခုကို ဖန်တီးနေတာ။ ” အတွင်းစိတ်ထဲတွင်မူ သူသည် မှုန်ကုပ်ကုပ်ဖြစ်နေတော့သည်။ သူသည် အစထဲက ဤတာဝန်ကို အလိုမရှိခဲ့သည်ဖြစ်ပြီး ထွက်ပြေးရန်ပင် ကြံစည်ခဲ့သည်။ ထို့နောက် သူ၏ပစ်မှတ်ဖြစ်သော လူနှင့် မတော်တဆ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ဖြစ်နေသည့်တိုင် သူက ကျိုးဟုန်ဖန် ကို မသိချင်ယောင်ဆောင်နေခဲ့သေးသည်။ ထိုမျှ သူ့ဘက်က ရှောင်တိမ်းနေခဲ့ပါသော်လည်း ကျိုးဟုန်ဖန် မှာ ခေါင်းမာစွာဖြင့် သူ၏ မကောင်းသော စိတ်ဓာတ်များကို အပြည့်အဝ ပြသခဲ့ခြင်းဖြစ်ပေသည်။.

ထိုအချက်ကြောင့် ပိုင်ရှောင်ချန်းမှာ ဒေါသများထွက်နေပါသော်လည်း ပို၍ဆိုးသည်မှာ ကျိုးဟုန်ဖန် က အသံအကျယ်ကြီးဖြင့် အော်ပြောလိုက်သော စကားပင်ဖြစ်သည်။ ထိုစကားများကြောင့် ပိုင်ရှောင်ချန်းမှာ အော့နှလုံးနာရုံမျှမက သူ၏ရင်ထဲတွင် ဒေါသမီးတောက်များ တဟုန်းဟုန်း တောက်လောင်လာတော့သည်။ သူအဖမ်းခံလိုက်ရလျှင် လုပ်ခံရမည့် အရာများကို တွေးကြည့်မိလိုက်ရုံဖြင့် ကျောများပင် ချမ်းသွားရသည်အထိပင်။ ထို့ကြောင့် သူသည် အေးစက်စွာတောက်ပနေသည့် မျက်ဝန်းများဖြင့် ဒေါသတကြီးအော်ဟစ်ကာ သူ၏ သတ်ဖြတ်လိုသောအငွေ့အသက်များကို ထုတ်လွှတ်လိုက်ပြီး သူ၏ ပြိုင်ဘက်ဖြစ်သော အမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်က အနီးသို့ရောက်လာသောအခါ သူက နောက်မဆုတ်ပဲ ရှေ့တိုးရန်သာ ဆုံးဖြတ်လိုက်တော့သည်။

သူကရှေ့သို့တိုးလိုက်ပြီး ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်ကို သုံးလိုက်သဖြင့် ထိုမန္တန်သည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး လေထုထဲတွင် အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။ အေးစိမ့်ပညာရှင် အဆင့်၏ အငွေ့အသက်များမှာ အရပ်မျက်နှာ အနှံ့သို့ မီတာရာဂဏန်းအထိ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဆောင်းလယ်ကာလသို့ ရောက်နေသည့်အလား အေးစက်သွားစေတော့သည်။ လေထုထဲတွင် နှင်းပွင့်လေးများပင် ပေါ်ပေါက်လာပြီး အမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် ကျိုးဟုန်ဖန် တို့ကို အအေးဓာတ်ကြီးများက ဝါးမျိုသွားတော့သည်။ ကျိုးဟုန်ဖန် ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

” အအေးတာအိုကလာတဲ့ သိုင်းကွက်တစ်ခုပါလား။ ” အေးစိမ့်ချီများက သူတို့ကို ဝန်းရံသွားသောအခါ အမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်၏ မျက်လုံးအိမ်များ ကျဥ်းသွားကြသည်။ အေးစိမ့်ချီများကို ကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင်ပင် ပုံရိပ်ယောင်များပေါ်စေနိုင်သော ဤအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်သူများသည် အမြုတေအဆင့်တွင် အလွန်ရှားပါးသည်။

ပိုင်ရှောင်ချန်းမှ လွဲ၍ ထိုနေရာရှိ အရာအားလုံး အလျင်အမြန် အေးခဲကုန်ကြတော့သည်။

ထိုအရာများမှာ ဖော်ပြရသည်သာ ကြာသော်လည်း မီးပွားတစ်စ ဖွာထွက်ချိန်ခန့် ကြာမြင့်သည်သာ ဖြစ်သည်။ အေးစိမ့်ချီများက ဒလဟောထွက်လာချိန်တွင် ပိုင်ရှောင်ချန်းက ရှေ့သို့ တစ်လှမ်းထပ်လှမ်းလိုက်လေသည်။ ပုတ်ပွနေသည့် အနက်ရောင်နဂါးကြီးမှာ သူ၏အရှေ့ သုံးမီတာအကွာတွင် ရောက်နေပြီဖြစ်သည်။

သို့သော်လည်း ထိုနေရာသို့ရောက်သော် ထိုနဂါးကြီးမှာ ဆက်၍ မလှုပ်ရှားနိုင်တော့ပေ။ ထိုနေရာရှိ အေးစိမ့်ချီများက နဂါးကြီးကို ခဲသွားစေပြီဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ရေခဲအဖြစ်သို့ ရောက်သွားရတော့သည်။

ထိုနဂါးကြီးကို လျစ်လျူရှုကာ ပိုင်ရှောင်ချန်းက နောက်ထပ်တစ်လှမ်းထပ်၍ လှမ်းလိုက်ပြီးနောက် ပျောက်ကွယ်သွားပြီး ချက်ချင်းပင် ညာဘက်ရှိအဘိုးကြီး၏ ရှေ့တွင် ပေါ်ထွက်လာတော့သည်။ သူက လုံးဝရပ်တန့်မနေပဲ လက်သီးဆုပ်လိုက်ကာ ထိုးနှက်လိုက်တော့သည်။

ထိုအဘိုးကြီးမှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး မယုံကြည်နိုင်သော အမူအရာများ ဖုံးလွှမ်းနေသည့် မျက်နှာကြီးဖြင့် နောက်သို့ ဒယိမ်းဒယိုင်ဆုတ်ခွာ သွားတော့သည်။ထို့နောက် သူက အော်ဟစ်လိုက်တော့သည်။
” အသေးစား တည်နေရာရွှေ့ပြောင်းခြင်း ပါလားဟ။ ”

သူတစ်ယောက်သာ ထိုသို့ အံ့သြနေသည် မဟုတ်ချေ။ ဘယ်ဘက်ရှိ အဘိုးကြီးမှာလည်း အံ့အားသင့်လွန်းလှသဖြင့် မှင်တက်နေရတော့သည်။

ညာဘက်ရှိ အဘိုးကြီးထံမှ ထိုစကားများထွက်လာသောအခါ ပိုင်ရှောင်ချန်းက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် အခြားလူဆီသို့ ပြေးသွားပြီး ညာလက်ကိုဆန့်ထုတ်ကာ လည်မျိုဖမ်းဆုပ်ကွက်ကို ထုတ်သုံးလိုက်တော့သည်။ တချိန်ထဲမှာပင် ထိုလူကြီထံမှ ဆွဲငင်အားတစ်ခု ပေါ်ပေါက်လာရာ ပိုင်ရှောင်ချန်းသည် သူထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်သွားတော့သည်။

ထိုအဘိုးကြီးသည် အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရပြီး အသက်ရှူသံများပင် မြန်လာတော့သည်။ တွေဝေမိန်းမောနေရန် အချိန်မရှိတော့သဖြင့် သူက လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခုကို ဖော်လိုက်သောအခါ ထိုနေရာတွင် အနက်ရောင်မြူခိုးများ ထပ်မံထွက်ပေါ်လာပြီး ဧရာမအရိုးစုကြီးတစ်ခု၏ ပုံရိပ်ကြီး ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းက အနီးသို့ရောက်လာသောအခါ ထိုလူကြီးက သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအင်အားလုံးကို ထုတ်သုံးကာ သူ့ကိုဇီဝိန်ချုပ်စေမည့် သိုင်းကွက်ကို ကာကွယ်ရန် ပြင်လိုက်သည်။

ညာဘက်က အဘိုးကြီးမှာလည်း အလွန်စိုးရိမ်ခြောက်ခြားနေပြီ ဖြစ်သည်။ ယခုတွင်မူ သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက်ကို ရန်စမိကြောင်းသိသွားပြီဖြစ်ပြီး သူ၏အဖော်သာ သေသွားပါက သူလည်း အသက်မရှင်နိုင်ကြောင်း သိလိုက်တော့သည်။ ထို့ကြောင့် နီမြန်းနေသော မျက်ဝန်းကြီးများဖြင့် သူက အော်ဟစ်လိုက်သောအခါ သူ၏မျက်ဝန်းထဲရှိ မှော်သင်္ကေတများမှာ တောက်ပစွာ လင်းလက်လာတော့သည်။ အေးစိမ့်မှုကြီးကို ဖြတ်ကာ ပိုင်ရှောင်ချန်းဆီသို့ဦးတည်သွားသောအခါ သူ၏ အရေပြားပေါ်တွင်ပင် မှော်သင်္ကေတများမှာ ဝဲဂယက်ထနေသလိုမျိုး ပေါ်ထွက်လာတော့သည်။

ပိုင်ရှောင်ချန်းကမူ တောက်ပနေသည့် မျက်ဝန်းများဖြင့် အေးစက်စက်နှာမှုတ်လိုက်သည်။ သူ၏ အရှိန်မှာ မနှေးသွားသည့်အပြင် တောင်ပံတစ်စုံကိုထုတ်ကာ တောင်ဖြိုသိုင်းကိုပါ သုံးလိုက်သဖြင့် အမြန်နှုန်းမှာ ဒိုင်းခနဲ မြင့်တက်သွားသည်။ လေထုထဲတွင် ဝုန်းခနဲမြည်သံများ ပေါ်ထွက်လာပြီး သူ၏ လမ်းတွင် ဝင်ပိတ်ရန်ကြိုးပမ်းနေသည့် လူကြီးကို ကျော်တက်သွားကာ မကြာသေးမီက ဆင့်ခေါ်ထားခဲ့သည့် အနက်ရောင်မြူခိုးကြီးကို ဝင်တိုက်လိုက်တော့သည်။

ထိုပုတ်ပွနေသည့် အနက်ရောင်မြူခိုးကြီးမှာ ပိုင်ရှောင်ချန်းကို မည်သို့မျှ မထိခိုက်မိခင်မှာပင် သူ၏လက်က ၎င်းမြူခိုးကြီးကို လျှပ်စီးအလား အမြန်နှုန်းဖြင့် ထိုးဖောက်သွားပြီး အမြုတေအဆင့် ကျင့်ကြံသူ၏ လည်မျိုကို ဖမ်းဆုပ်လိုက်တော့သည်။

” မင်း…. ”
အဘိုးကြီးမှာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားကာ မျက်လုံးများ ပြူးသွားတော့သည်။ သို့သော် သူက မည်သည့်စကားတစ်ခွန်းကိုမှ မပြောရသေးခင် ပိုင်ရှောင်ချန်းက သူ၏ လက်ကိုညှစ်ချလိုက်သည်။ အဘိုးကြီးမှာ ငယ်သံပါအောင်အော်ကာ နောက်သို့ ဆုတ်သွားတော့သည်။ သူ၏ လည်ပင်းထဲမှ အသားစိုင်များ ဆုတ်ပြဲသွားကာ သွေးများ နေရာအနှံ့သို့ ပန်းထွက်နေတော့သည်။ သို့သော် သူသည် သက်စောင့်အား များစွာပိုင်ဆိုင်ထားသည့် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် ထိုဒဏ်ရာကြောင့် သေဆုံးမသွားပေ။ သူက ကြောက်ရွံ့မှုများဖုံးလွှမ်းနေသည့် မျက်ဝန်းများဖြင့် နောက်သို့အလျင်အမြန် ဆုတ်လိုက်သော်လည်း ခပ်ဝေးဝေးသို့ပင် မရောက်သေးခင်မှာပင် ပိုင်ရှောင်ချန်းက သူရှိရာသို့ချိန်ရွယ်ကာ လက်တစ်ချောင်းကို ဝှေ့ယမ်းလိုက်တော့သည်။

ချက်ချင်းပင် သူ၏ အိတ်ထဲမှ သစ္စာမဲ့နဂါးချို ပျံထွက်လာပြီး မျက်စိကျိန်းမတတ် အလင်းတန်းတစ်ခုအလား လေဟုန်ကိုခွင်း၍ အဘိုးကြီး၏ နဖူးထဲမှတစ်ဆင့် ဦးခေါင်းကို ထိုးဖောက်သွားတော့သည်။

အဘိုးကြီးမှာ မျက်လုံးများပြူးသွားပြီး ကြိုးပြတ်သောစွန်တစ်ခုအလား နောက်သို့ လွင့်စင်သွားကာ မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။ သူ၏ မျက်ဝန်းများထဲတွင် လျှပ်တစ်ပြက်အတွင်း ရှုံးနိမ့်သွားရသည်ကို မယုံကြည်နိုင်ဖြစ်နေလျက် သေဆုံးသွားတော့သည်။ တိုက်ပွဲစသည့်အချိန်မှစ၍ သူ၏ပြိုင်ဘက်က တည်နေရာရွှေ့ပြောင်းခြင်းတစ်ခုကို သုံးကာ အထက်စီးမှ တိုက်ခိုက်သွားခဲ့ပြီး အသက်ရှူကြိမ်အနည်းငယ် အကြာတွင် သူ၏ အသက်ကိုပါ နှုတ်ယူသွားခဲ့သည်။

ထိုအဘိုးကြီး သေသွားသည့်အချိန်တွင် သူ၏တွဲဘက်ဖြစ်သော မှော်သင်္ကေတများနှင့် မန္တန်အစီအရင်များကို သုံးခဲ့သည့် အဘိုးကြီးမှာ မှင်တက်နေရတော့သည်။ ရင်တဒိန်းဒိန်းခုန်နေလျက် သူ၏ ခန္ဓာကိုယ်ပေါ်မှ မှော်သင်္ကေတများကို ပိုင်ရှောင်ချန်းဆီသို့ ပစ်လွှတ်လိုက်သည်။ သို့သော်လည်း ထိုအရာများမှာ ပိုင်ရှောင်ချန်းအနီးသို့ မရောက်ဘဲ ပျက်စီးသွားရတော့သည်။

တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး
ပြင်းထန်သော အားတစ်ခုက ထိုအဘိုးကြီးကို ဝင်တိုက်သွားကာ လေပေါ်သို့ လွင့်စင်သွားသည်။ ထိုအဘိုးကြီး၏ မျက်ဝန်းများထဲတွင် ကြောက်လန့်မှုများ ပေါ်လွင်လာပြီး ကျိုးဟုန်ဖန် ၏ ဘေးနားတွင် ရပ်သွားတော့သည်။ တစ်ခဏလေးမျှ တွေဝေမနေပဲ သူသည် ညာလက်ကို ဆန့်ထုတ်ကာ ကျိုးဟုန်ဖန် ကို လှမ်း၍ ဆွဲလိုက်သည်။

အုန်းခနဲ အသံကြီးတစ်သံ ပေါ်ထွက်လာပြီး ကျိုးဟုန်ဖန် မှာ သွေးအနည်းငယ် အန်လိုက်ရသည်။ သူ၏ မျက်ဝန်းထဲရှိ တက်မက်မှု များမှာ ကြောက်ရွံ့မှုများအသွင် ပြောင်းလဲသွားပြီး မလှုပ်မယှက်ရပ်နေတော့သည်။ သို့သော်လည်း အဘိုးကြီးကမူ သူ့ကိုဆွဲခေါ်ကာ ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးသွားတော့သည်။

အရာအားလုံးမှာ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။

” ဒီလို လွယ်လွယ်နဲ့ ထွက်သွားလို့ရမယ် ထင်နေတာလား။ ”
ပိုင်ရှောင်ချန်းက အော်ပြောလိုက်သည်။ ထို့နောက် သူ၏ တတိယမျက်လုံး ပွင့်လာပြီး ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာတော့သည်။

ထိုခရမ်းရောင်အလင်းတန်းကြီးက အဘိုးကြီးကို ဝန်းရံသွားသောအခါ သူ၏ ခြေလှမ်းများမှာ အရှိန်နှေးသွားပြီး တစ်စုံတစ်ခုသောအရာကြီးက သူ့ကိုနောက်ဘက်သို့ပင် ပြန်၍ ဆွဲငင်နေတော့သည်။ သူ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ ပျက်သုဥ်းသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး အံကိုကြိတ်ကာ အော်ဟစ်လိုက်တော့သည်။
” ဒီကနေ မြန်မြန် ထွက်ပြေးတော့ သခင်လေး။ ဒီလူက…. သာမန် အမြုတေအဆင့် ကျင့်ကြံသူ မဟုတ်ဘူး။ ”

ထိုသို့ဆိုကာ သူက ကျိုးဟုန်ဖန် ကို အရှိန်ပြင်းထန်စွာဖြင့် ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ကျိုးဟုန်ဖန် ၏ပါးစပ်အစွန်းများမှ သွေးများစီးကျလာပြီး သူသည် အလင်တန်းတစ်ခုအသွင်ပြောင်းကား လျင်မြန်စွာ ပျံထွက်သွားတော့သည်။ ယခုအခါ သူသည် ကြောက်လန့်လွန်းလှ၍ တုန်ရီနေပြီး သူ၏စိတ်နှလုံးတွင် နောင်တများက ဖုံးလွှမ်းနေတော့သည်။ သူရန်စမိခဲ့သော ကျင့်ကြံသူမှာ အလွန်စွမ်းအားကြီးသော လူတစ်ယောက်ဖြစ်နေမည်ဟု သူ မတွေးထားမိပေ။

” သောက်ကျိုးနည်း။ သောက်ကျိုးတွေနည်းကုန်ပြီဟေ့။ ”
သူက တုန်တုန်ရီရီဖြင့် တတွတ်တွတ် ရေရွတ်နေတော့သည်။ သူ၏ အသက်ဓာတ် အနည်းငယ်ကိုပင် ယူကာ သွေးစုပ်သိုင်းကို အသုံးပြု၍ သူ့ကိုယ်သူ ထိခိုက်အောင်လုပ်လိုက်ပြီး အမြန်နှုန်းကို မြှင့်တင်လိုက်လေသည်။

ထိုသို့ အရှိန်တင်လိုက်စဥ် သူ၏နောက်ဘက်မှ နာကျည်းမှုများ ပြည့်နှက်နေသည့် အော်သံကြီးတစ်သံပေါ်ထွက်လာပြီး ထိုအသံကြီးမှာ ရုတ်ချည်း တိတ်ဆိတ်သွားသည်ကို ကြားလိုက်ရတော့သည်။ ထို့ကြောင့် ကျိုးဟုန်ဖန် မှာ ပို၍ပင် တုန်ရီလာတော့သည်။

လွန်ခဲ့သော အချိန်အနည်းငယ်က ပိုင်ရှောင်ချန်းသည် ကောင်းကင်တံတား ဓမ္မမျက်လုံးကိုသုံးကာ သူ၏ ဒုတိယပြိုင်ဘက်ကို ချုပ်နှောင်လိုက်သည်။ ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ အေးစိမ့်ချီများကို စီးဝင်စေလိုက်ရာ ထိုအဘိုးကြီးသည် ချက်ချင်းပင် ရေခဲရုပ်တစ်ရုပ်အသွင်ပြောင်းလဲသွားပြီး မြေပြင်သို့ ကျကာ အစိတ်စိတ်အမြွှာမြွှာ အက်ကွဲသွားလေသည်။

ထွက်ပြေးနေသော ကျိုးဟုန်ဖန် ကိုကြည့်ရင်း ပိုင်ရှောင်ချန်းက အော်ပြောလိုက်သည်။
” မင်း။ ငါ့ကို ဒီလိုတွေလုပ်အောင် မင်း တွန်းအားပေးခဲ့တာ… ”

ကျိုးဟုန်ဖန် ၏ရမ္မက်ရောင်လွှမ်းေသာ အပြုံးနှင့် ထိုအပြုံးကြီးကြောင့် သူကျောချမ်းသွားခဲ့ရပုံများကို ပြန်တွေးကာ ပိုင်ရှောင်ချန်းသည် သူ၏ ညာခြေထောက်ကို မြေပြင်ပေါ်သို့ စုန်ကန်နင်းလိုက်လေသည်။ ထိုအခါ ဧရာကျဥ်းကြီးတစ်ကျဥ်း ပေါ်ထွက်လာပြီး ထိုမှရသည့် အဟုန်ကို အသုံးချကာ ရှေ့သို့ပျံထွက်သွားသည်။ တချိန်တည်းမှာပင် သူက သူ၏ အတောင်ပံတစ်စုံနှင့် တောင်ဖြိုသိုင်းကွက်တို့ကိုပါ ထုတ်သုံးလိုက်တော့သည်။ ကျိုးဟုန်ဖန် ၏ သွေးစုပ်သိုင်းပင် သူ့ကိုမရှောင်တိမ်းနိုင်လိုက်ပေ။

ပိုင်ရှောင်ချန်းက အနီးသို့ရောက်လာသောအခါ အေးစိမ့်ချီများက ပျံ့နှံ့လာသဖြင့် ကျိုးဟုန်ဖန် မှာ ပြင်းထန်စွာ တုန်ရီနေတော့သည်။ အနည်းငယ်ကြာသောအခါ အေးစိမ့်ချီများကြောင့် သူ၏ခြေထောက်များမှာ လှုပ်မရအောင် အေးခဲသွားသဖြင့် သူ၏အရှိန်မှာ နှေးသွားတော့သည်။

ထို့နောက်ပိုင်ရှောင်ချန်းက သူ၏ လက်ချောင်းကိုဝှေ့ယမ်းလိုက်ရာ အေးစိမ့်ချီများမှာ မရေမတွက်နိုင်သော ရေခဲဓားများအသွင်ပြောင်းလဲသွားပြီး ကျိုးဟုန်ဖန် ကိုခုတ်ထစ်ရန် ပြင်လိုက်တော့သည်။

” မင်း ငါ့ကိုသတ်ရဲတယ်ပေါ့။ အတင့်ရဲလှပါလား။ ” သူက အော်ဟစ်လိုက်သည်။
” ငါ့ဆရာက…. ”
ထိုအချိန်တွင် ရေခဲဓားများက သူ့ကိုအပိုင်းပိုင်း ခုတ်ထစ်လိုက်လေရာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset