Switch Mode

အခန်း ( ၄၁၁ )

မင်းတို့...မင်းတို့ ငါ့ကို ပြောနေတာလား

တိမ်တာအိုသခင်၏ အမူအရာကို မြင်လိုက်သောအခါ ဖုန်းယွမ်ဒဲ့က မျက်မှောင်ကြုတ်ကာ အသံမြှင့်၍ ပြောလိုက်သည်။

” အေး.. ရှိလား ”

ဖုန်းယွမ်ဒဲ့က ပိုင်ရှောင်ချန်းအကြောင်း မည်သည့်အတွက်ကြောင့်မေးနေမှန်း သေသေချာချာ မသိလေရာ တိမ်တာအိုသခင်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားလာတော့သည်။ ခေါင်းတဆတ်ဆတ်ညိတ်ရင်း သူက ပြောလိုက်သည်။
” ရှိပါတယ်…. သူက လူသစ်နောက်ဆုံးအဖွဲ့မှာပါ ”

ပိုင်ရှောင်ချန်းနှင့် သူ၏အမြန်နှုန်းမှာ မည်မျှစိတ်တိုစရာကောင်းကြောင်း ရုတ်တရက် မှတ်မိသွားသဖြင့် ဖုန်းယွမ်ဒဲ့ တဟားဟား အော်ရယ်လိုက်သည်။ ယခုတော့ ဖုန်းယွမ်ဒဲ့၏သဘောထား ပြောင်းလဲသွားလေပြီ။ အလွန်အရေးပါသော လူတစ်ယောက်က ပိုင်ရှောင်ချန်းကိုဂရုစိုက်နေလေရာ သူသည် သာမန်လူတစ်ယောက်မဟုတ်နိုင်သည်မှာ သိသာလှသည်။
” အိုးးး ငါအခုမှတ်မိပြီ။ ကဲ ငါ့ကိုတွေ့ဖို့ သူ့သွားခေါ်လိုက်.. မဟုတ်သေးဘူး နေဦး.. သွားပြီး ဖိတ်ခေါ် လာခဲ့ .. အင်မတန် ယဥ်ကျေးဖို့လဲ မမေ့နဲ့ ”

“ဟင် ”
တိမ်တာအိုသခင်မှာ
မျက်လုံးများပြူးထွက်လျက် ခေါင်းတစ်ခုလုံးချာချာလည်သွားကာ ပြောလိုက်သည်။ ဤအခြေအနေနှင့် ပတ်သက်ပြီး တစ်ခုခုလွဲနေကြောင်း နားလည်လိုက်လေရာ သူ့နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျလာတော့သည်။ ဖုန်းယွမ်ဒဲ့က “ဖိတ်ခေါ်” ဆိုသော စကားလုံးကို သုံးလိုက်သည့်အချက်ကြောင့် တိမ်တာအိုသခင်၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။

ပိုင်ရှောင်ချန်း၏နာမည်ကိုပြောလိုက်သည်နှင့် တိမ်တာအိုသခင် ချွေးစေးများထွက်လာသည်ကို ဖုန်းယွမ်ဒဲ့ သတိပြုမိသောအခါ တစ်ခုခုဖြစ်နေသည်ကို ချက်ချင်းသိလိုက်လေသည်။ သူက စူးရှသော အကြည့်နှင့်ပြောသည်။
“ကဲ.. ဘာလို့ရပ်နေသေးတာလဲ”

အားတင်းပြီး တိမ်တာအိုသခင်က ပြောသည်။
” အဆောင်မှူး….. ပိုင်ရှောင်ချန်း….. ပထမတာဝန်ကြောင့် ပြန်မရောက်သေးဘူး ”

စိတ်ထဲတွင် သူသည် လီယွမ်ရှန်ကို ကျိန်ဆဲနေမိတော့သည်။ တိမ်တာအိုသခင်က ပိုင်ရှောင်ချန်းကို မြင်မြင်ချင်းတန်းသိသည်မှာ မိစ္ဆာနှိမ်နင်းရေးခန်းမထဲရောက်စေရန် သူကိုယ်တိုင် ရေကုန်ရေခမ်း ကြိုးစားအားထုတ်ခဲ့သောကြောင့်ဖြစ်သည်။

လီယွမ်ရှန်နှင့် သဘောတူညီချက်အရ ပိုင်ရှောင်ချန်းကို သတ်ပေးနိုင်လျှင် ဆုလာဘ်များစွာရလေမည်။ ထိုသို့သော ကိစ္စမျိုးကို တိမ်တာအိုသခင် ပထမဆုံးကိုင်တွယ်ဖူးခြင်းမဟုတ်ပေ။ ဂိုဏ်းသားတစ်ယောက်သည် ဓားစာခံဖြစ်လျှင် ကြီးမားသော အရှိန်အဝါ မရှိနိုင်ပေ။ ထို့ပြင် ဤနေရာသည် မိစ္ဆာနှိမ်နင်းရေးခန်းမဖြစ်သည်။ သူ လူတစ်ယောက်ကို သေစေလိုလျှင် ထိုလူ မုချ သေရမည်။

ရုတ်တရက် တိမ်တာအိုသခင်မှာ ရင်ခုန်သံမြန်လာတော့သည်။

” သူ့ ပထမတာဝန် ”
ဖုန်းယွမ်ဒဲ့က အတန်ငယ်အံ့သြနေဟန်ဖြင့် ပြောသည်။ ထို့နောက် သူ၏အကြည့်မှာ ဓားမြှောင်ကဲ့သို့ စူးရှလာတော့သည်။ အဆောင်မှူးအနေနှင့် မိစ္ဆာနှိမ်နင်းရေးခန်းမ၏ နိစ္စဓူဝ ကိစ္စရေးရာများကို များစွာ အာရုံမစိုက်ခဲ့ပေ။ သို့သော်လည်း သူသည် ရာထူးအဆင့် အလိုက် လာဘ်စားခြင်းနှင့် ဘက်လိုက်ခြင်းများကို သတိပြုမိလေသည်။ သိသာထင်ရှားစွာပင် ပိုင်ရှောင်ချန်းသည် တစ်ယောက်ယောက်ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ထားလေသည်။ ထိုသို့မဟုတ်လျှင် တိမ်တာအိုသခင် ထိုသို့ ဖြစ်ပျက်နေမည်မဟုတ်ချေ။

” ဘာတာဝန်ကျတာလဲ ”
ဖုန်းယွမ်ဒဲ့က ဒေါသတကြီး ပြောလိုက်သည်။

တိမ်တာအိုသခင်မှာ
ဘီလူးမ သံပုရာသီးစားလိုက်သည့်အလား ဖြစ်သွားပြီး ပြော၏။
” သူ…..သူက နာမည်ကြီး ကာမမိစ္ဆာ ကျိုးဟုန်ဖန်ပါ ”

ဖုန်းယွမ်ဒဲ့သည် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ တိမ်တာအိုသခင်ကို စိုက်ကြည့်လိုက်ပြီးနောက် အေးစက်စက် လေသံဖြင့်ပြောသည်။
” ဘာလို့ ဒီတာဝန်ပေးတာလဲ။ ငါ့ကို မှန်မှန်ပြောစမ်း”

ထိုအချိန်တွင် တိမ်တာအိုသခင်မှာ အမှန်တကယ် ဇဝေဇဝါဖြစ်သွားပြီး လီယွမ်ရှန်ကို ဒေါသထွက်နေလေပြီ။ ထို့အပြင် အဆောင်မှူးက ပိုင်ရှောင်ချန်းကို သိနေလျှင် မည်သည့်အတွက်ကြောင့် စောစောက မပြောသနည်း။
” မိစ္ဆာအိုကြီးရဲ့ အင်မော်တယ်ဂူမှာပါ.. ။ ကျိုးဟုန်ဖန်က.. လက်ရှိ.. မိစ္ဆာအိုကြီး ရဲ့ လူသစ်ဖြစ်နေပါတယ်..”

” ဘာ… ”
ဖုန်းယွမ်ဒဲ့၏ မျက်လုံးများ ကျွတ်ကျတော့မတတ် ပြူးထွက်လာကာ အော်လိုက်လေသည်။ သူ၏အင်္ကျီလက်ကိုခါလိုက်ရာ ဂူထဲတွင် လေပြင်းများ ချက်ချင်း တိုက်ခတ်လာပြီး ပစ္စည်းများမှာ ပြာဖြစ်သွားတော့သည်။ တိမ်တာအိုသခင်မှာ ခွေလဲတော့မတတ် တုန်ရီနေတော့သည်။

ဖုန်းယွမ်ဒဲ့က ဒေါသတကြီး ငေါက်ငမ်းလိုက်၏။

” မင်း ယင်ယန်ဝိညာဥ်အဆင့်တာအိုသခင် မိစ္ဆာအိုကြီးရဲ့ အင်မော်တယ်ဂူဆီ.. .. သူ့ လူကို သတ်ဖို့ ပိုင်ရှောင်ချန်း လွှတ်လိုက်တယ်ပေါ့။ ချက်ချင်းပြန်ခေါ်စမ်း ။ ဒီတာဝန်မလုပ်သင့်ဘူး ”

သူ၏ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံစွမ်းအားကြောင့် သူ၏စကားသံများမှာ မိုးခြိမ်းသံအလား မိစ္ဆာနှိမ်နင်းရေးခန်းမတစ်ခုလုံး ဟိန်းထွက်သွားတော့သည်။

ဖုန်းယွမ်ဒဲ့၏ ဒေါသထွက်နေသည့် ပုံကြောင့် ထိတ်လန့်ကြောက်ရွံ့နေသော တိမ်တာအိုသခင်မှာ ဒူးထောက်ခေါင်းငုံလိုက်ပြီး ချုံးပွဲချငိုတော့မည့်အလား ပြောလိုက်သည်။
“နောက်….နောက်.. ကျသွားပြီ။ သူသွားတာ ဆယ်ရက်ရှိပါပြီ။ ပြီးတော့.. သူ့ကို ဂိုဏ်းအပြင်ဘက်မှာ အလုပ်မလုပ်တဲ့ကျောက်စိမ်းပေလွှာအမှားကြီးကို ပေးလိုက်တာ ”

“မင်း…မင်း..မင်းး ”
ဖုန်းယွမ်ဒဲ့၏မျက်နှာ အေးစက်တင်းမာသွားသည်။ မိုးကြိုးများပစ်ခံလိုက်ရသည့််အလား ခံစားရလိုက်ပြီး ချက်ချင်းပင် သူ၏ဝတ်ရုံများမှာ ချွေးများစိုရွှဲနေတော့သည်။ မိစ္ဆာအိုကြီး သည် လူဆိုးအဖွဲ့အတော်များများစုဆောင်းထားသည့် နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ပညာရှင်တစ်ဦးဖြစ်သည်။ ထို့အပြင် မကောင်းသည့်အရာများတွင် ဝါသနာထုံလေရာ တွေးလိုက်ရုံမျှပင် ဖုန်းယွမ်ဒဲ့ စိုးရိမ်တုန်လှုပ်လာတော့သည်။ ကောင်းကင်တံတားတမန်တော်သာ အထူးတလည် မတောင်းဆိုခဲ့လျှင် ရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်သော်လည်း ယခုတွင် သတိပေးထားခဲ့သည်မဟုတ်ပါလော။ ပိုင်ရှောင်ချန်းသာ ဂိုဏ်းအပြင်ဘက်တွင် သေသွားခဲ့ပါက ပြင်းပြင်းထန်ထန်ဂယက်ရိုက်သွားမည်ဖြစ်လေရာ မည်သည့်အတိုင်းအတာအထိ ပြင်းထန်လိမ့်မည်ကို သူ မစဥ်းစားနိုင်တော့ပေ။

ထို့နောက် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးပင် ကောင်းကင်တံတားတမန်တော်ကိုမည်မျှလေးစားကြောင်း တွေးမိလိုက်သည်နှင့် ပို၍ပင် တုန်လှုပ်လာတော့သည်။ မျက်လုံးများရဲရဲနီလျက် သူက ဟိန်းဟောက်လိုက်သည်။
” မင်းဘာတွေလုပ်လိုက်တာတုံး ”

ဖုန်းယွမ်ဒဲ့က တိမ်တာအိုသခင်ကို ပါးချလိုက်သောကြောင့် ဖြန်းခနဲအသံကြီးပဲ့တင်ထပ်သွားပြီး ဂူအပြင်ဘက် လွင့်ထွက်သွားတော့သည်။ ထို့နောက် ဖုန်းယွမ်ဒဲ့သည် လေပေါ် ပျံတက်လိုက်ပြီး မိစ္ဆာနှိမ်နင်းရေး ခန်းမတစ်ဆောင်လုံး သူ့အသံကြီး ဟိန်းထွက်သွားတော့သည်။

” မိစ္ဆာနှိမ်နင်းရေးခန်းမက ကျင့်ကြံသူအားလုံး ပင်မရင်ပြင်မှာ စုကြဖို့ အသက်ရှူဆယ်ကြိမ်ရမယ်”

” မိစ္ဆာနှိမ်နင်းရေး စစ်သင်္ဘောတွေ တပ်ဖြန့်စမ်း”

“ထာဝရအပြောင်းအလဲဒေသကို သွားဖို့ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို အသက်သွင်း။ ဖြစ်နိုင်သမျှ အခုချက်ချင်း အင်အား မြန်မြန်ဖြည့်စမ်း။ ”

ဖုန်းယွမ်ဒဲ့၏ သွေးရူးသွေးတန်းအသံကြောင့် ကြားလိုက်ရသူတိုင်း အလွန်တရာတုန်လှုပ်သွားပြီး တခဏလေးပင် အချိန်ဆွဲမနေရဲတော့ပေ။ သူတို့အားလုံး အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းနေကြပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျင့်ကြံသူတစ်သောင်းကျော်က လေထဲသို့ ပျံဝဲလာပြီး ဖုန်းယွမ်ဒဲ့ကို အလေးပြုရန် စုဝေးလိုက်ကြသည်။

တစ်ဆက်တည်းမှာပင် ကြောက်မက်ဖွယ်ရာ ပုံသဏ္ဍာန်နှင့် မည်းမှောင်နေသာ အံ့မခန်း စစ်သင်္ဘောဆယ်စင်း ပေါ်ပေါက်လာတော့သည်။

သို့တိုင်အောင် ထိုမျှနှင့်မပြီးသေးပေ။ ထာဝရအပြောင်းအလဲဒေသသို့ဦးတည်နေသော တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်က အသက်ဝင်လာလေရာ အရပ်မျက်နှာတစ်ခွင်တွင် ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများ ပေါ်ထွက်လာတော့သည်။ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ ယောက်ယက်ခတ်နေသော လှုပ်ရှားမှုကြောင့် အခြားခန်းမများ စိတ်ဝင်စားသွားကြပြီး ခုနစ်ရောင်ခြယ်တောင်ပေါ်ရှိ ကုံဒေသ တောင်ထိပ်သခင်ပင် သတိပြုမိသွားလေသည်။

သို့သော်လည်း ဂိုဏ်းရှိ အခြားသော ရှိန်အဝါကြီးမားသောလူများက ဖြစ်ပျက်နေသည်တို့ကို အကြောင်း စုံ မမေးမြန်းခင် ဖုန်းယွမ်ဒဲ့သည် စစ်သင်္ဘောများပေါ်သို့ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ ကျင့်ကြံသူအားလုံးကို ဦးဆောင်သွားလေသည်။ ထို့နောက် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ ပေါ်ထွက်လာပြီး သူတို့အားလုံးကို ခေါ်ဆောင်သွားတော့သည်။ ဤကဲ့သို့ များပြားလှသောလူများအား အလျင်အမြန် ရွှေ့ပြောင်းပေးရန်မှာ အကုန်အကျများပြားလေသည်။

တဂျုန်းဂျုန်းအသံများ ပေါ်ထွက်လာလေရာ အခြားသော သက်တန့်သုံးခုမှ ကျင့်ကြံသူများ တအံ့တသြလှမ်းကြည့်လိုက်ကြသည်။

” ကုံသက်တန့်ဒေသမှာ ဘာတွေဖြစ်နေတာတုံး ”

” ဒါက.. ဒါက.. ကုံဒေသရဲ့ မိစ္ဆာနှိမ်နင်းရေးခန်းမကမလား။ တည်နေရာရွှေ့ပြောင်းခြင်းရဲ့ အတိုင်းအတာကို မှန်းဆကြည့်ရရင် ဂိုဏ်းတစ်ခုလုံးကို သုတ်သင်ဖို့ သွားတာပဲဖြစ်မယ် ”

ရုတ်တရက် မကောင်းသောခံစားချက်ရလိုက်သော လီယွမ်ရှန်အပါအဝင် ကုံဒေသသက်တန့်ပေါ်ရှိ ကျင့်ကြံသူများမှာ ပို၍ပင် အံ့သြမှင်သက်နေတော့သည်။

မိစ္ဆာနှိမ်နင်းရေးခန်းမတစ်ဆောင်လုံး ယောက်ယက်ခတ်နေပြီး ထာဝရအပြောင်းအလဲဒေသသို့ တည်နေရာရွှေ့ပြောင်းနေကြချိန်တွင် ပိုင်ရှောင်ချန်းမှာ ထိုဒေသသို့ သိချင်စိတ်ပြင်းပြစွာ ဆက်လက်သွားလာနေတော့သည်။

သူထိန်းလာသည့် အမြန်နှုန်းအရ သူ၏ဦးတည်ချက်သို့ရောက်ရန် သုံးရက်လိုနေသေးသည်။ စိတ်ထဲတွင် သက်ပြင်းချနေပြီး သူ၏တာဝန်ကို မအောင်မြင်ပါက မည်သို့ အပြစ်ပေးခံရမည်ကို သိချင်နေတော့သည်။

” ဘယ်လိုပဲဖြစ်ဖြစ်ကွာ ” သူက သူ့ကိုယ်သူအားပေးလိုက်သည်။
” ငါ့သနားစရာ အသက်လေးဆုံးရှုံးရတာလောက် ဘယ်အပြစ်ကမှ မဆိုးလောက်ပါဘူး”

သူ့လမ်းသူဆက်သွားနေရင်း မလှမ်းမကမ်းမှ သူရှိရာအရပ်သို့ ဦးတည်လာနေသည့် အလင်းတန်းသုံးခုကို သတိထားမိလိုက်လေသည်။

ထိုအလင်းတန်းသုံးခုအတွင်း လူသုံးယောက်ရှိပြီး သူတို့ထဲကတစ်ယောက်မှာ လက်ထဲတွင် ယပ်တောင်လေးကိုင်ထားသည့် ချောမောလှပသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူသည် တောက်ပသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေရာ လွန်စွာ အသက်ရှူမှားဖွယ်ကောင်းလှ၏။ သို့သော်လည်း အရက်များသောက်ထားသည်ကြောင့်လား၊ အပျော်အပါးလိုက်စား၍ပေလား၊ သူ၏မျက်တွင်းများမှာ ဟောက်ပက်ဖြစ်နေလေသည်။

သူ့ကို ခြံရံထားသူများမှာ အဘိုးအိုကြီးနှစ်ယောက်ဖြစ်ပြီး နှစ်ယောက်လုံးမှာ အစောပိုင်းအမြုတေအဆင့်သို့ ရောက်ရှိနေကာ လူငယ်အား စောင့်ရှောက်ပေးနေကြသည်။

ထိုလူသုံးယောက်က သူ့ကို မြင်လိုက်သည့် တချိန်တည်းမှာပင် သူကလည်း သူတို့ကို မြင်သွားလေရာ အကုန်လုံး အံ့သြတုန်လှုပ်သွားကြလေသည်။ ကျင့်ကြံသူများနှင့် တောထဲတွင် ဤကဲ့သို့ ထိပ်တိုက်တိုးခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသောအရာမဟုတ်ပေ။ ပိုင်ရှောင်ချန်းမှာ ချက်ချင်း သတိထားလိုက်ပြီး ထိုလူငယ်၏ မျက်နှာကို သေချာကြည့်လိုက်ရသောအခါ ရင်ခုန်သံမြန်သွားတော့သည်။

ထိုလူငယ်မှာ တာဝန်ကျောက်စိမ်းပေလွှာထဲမှ ကျိုးဟုန်ဖန်၏ပုံနှင့် တစ်ထေရာတည်းပင်။

” နောက်ဆုံးတော့လည်း ရွံစရာကောင်ကြီး ပေါ်လာပြီပေါ့” ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
” ဒီကောင်က အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူပဲဆိုပေမယ့် သူ့နောက်မှာ အမြုတေအဆင့်ပညာရှင်နှစ်ယောက်ပါလား။ ချီးတဲ့မှပဲ… ငါက အဏ္ဏဝါခေါ်သံဂိုဏ်းက ခေါင်းဆောင်လေးလေ။ အဲ့လိုအစောင့်တစ်ယောက်တောင်မရှိဘူး” မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီးနောက် ထိုလူသုံးယောက်အဖွဲ့ကို သတိမထားမိချင်ယောင်ဆောင်လိုက်ပြီး သူ့လမ်းသူဆက်သွားရန် ဆုံးဖြတ်လိုက်သည်။

သူက ထွက်ခွာသွားရန် ပြင်လိုက်သည့်တိုင်
ကျိုးဟုန်ဖန်က သူ့ကို သတိထားမိသွားပြီး မျက်လုံးများအရောင်လက်သွား၏။ ယပ်တောင်ကို ဖွင့်ကာ တဖျပ်ဖျပ်ခတ်လိုက်ရင်း သူ့မျက်နှာထက်တွင် လိုချင်တပ်မက်သော အပြုံးတစ်စ ထွက်ပေါ်လာ၏။

” ဒီလို နုနုနယ်နယ် ကျင့်ကြံသူလေးတစ်ယောက်ကို မတွေ့ရတာတောင်ကြာလှပြီ။ ကောင်းလိုက်တာ.. နှင်းလိုဖြူစွတ်နေတဲ့အသားအရေ၊ ပိန်ပိန်ပါးပါးလေး….ဘယ်သူမဆို မျက်စိကျချင်စရာပဲ။ လန်းဆန်းပြီးသန့်စင်နေပါရော့လား။ သူသာ မိန်းကလေးလိုဝတ်လိုက်လို့ကတော့…. အလှဘုရင်မလေးဖြစ်မှာ သေချာတယ် ”
သူက ခပ်ဟဟ ရယ်လိုက်ပြီး သူ၏ မျက်လုံးများမှာ လိုချင်တပ်မက်မှုများ ပိုမို တောက်လောင်လာတော့သည်။

ပထမတွင် ပိုင်ရှောင်ချန်းသည် ကျိုးဟုန်ဖန်၏စကားများကို မတုန့်ပြန်သော်လည်း ပို၍လေးနက်လာလေရာ ရုတ်တရက် မကောင်းသော ခံစားချက်များရလိုက်လေသည်။ နောက်ကိုပြန်လှည့်လိုက်သောအခါ ကျိုးဟုန်ဖန်၏မျက်လုံးများအတွင်း၌ ရာဂမီးတောက်များ တောက်လောင်နေသည်ကို မြင်လိုက်ရပြီး ပိုင်ရှောင်ချန်းမှာ ခေါင်းကြိမ်းသွားလေသည်။

ထိုအကြည့်စူးစူးကြောင့် သူသည် မည်သည့် အဝတ်အစားမှ ဝတ်မထားသည့်အလား ခံစားလိုက်ရသည်။ ထိုခံစားချက်က အလွန်ထူးခြားဆန်းပြားလေရာ စကားပင်မနည်းပြောလိုက်ရလေသည်။
” ဘ….ဘာ….ပြောလိုက်တယ်”

နှုတ်ခမ်းကို သပ်လိုက်ရင်း ကျိုးဟုန်ဖန်က ထပ်ရယ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို ယပ်တောင်ဖြင့် ညွှန်ပြလိုက်သည်။
” အစ်ကိုကြီးတို့ သူ့ကိုဖမ်း။ဒီကောင်လေးက ကျုပ်ဆရာအတွက် အကောင်းဆုံးလက်ဆောင်ပဲ ”

အမြုတေအဆင့်ကျင့်ကြံသူများက အတန်ငယ် မျက်မှောင်ကြုတ်သွား၏။ သူတို့သည် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံကို အကြမ်းအားဖြင့် ခန်းမှန်းမိထားရာ ထိုသို့သော လူကို ပုံမှန်ဆိုလျှင် ရှောင်သွားမည်ဖြစ်သည်။ သို့သော်လည်း ကျိုးဟုန်ဖန်က ထိုလူကို လက်ဆောင်အဖြစ် ဖမ်းချင်သည်ဆိုလာရာ ပိုင်ရှောင်ချန်းကို အနီးကပ်ကြည့်ပြီးနောက် မိစ္ဆာအိုကြီး အကြိုက်နှင့် လုံးဝကိုက်ညီကြောင်း သူတို့ လက်ခံလိုက်လေသည်။

သူတို့၏မျက်လုံးများမှ အေးစက်စက် အလင်းများ တလက်လက် တောက်ပနေပြီး ပိုင်ရှောင်ချန်းရှိရာထံ ဦးတည်လိုက်လေသည်။

ကျိုးဟုန်ဖန်၏မျက်လုံးများမှာ
စိတ်လှုပ်ရှားမှုများကြောင့် မီးဝင်းဝင်းတောက်နေပြီး နီမြန်းနေသောမျက်နှာနှင့် ပြောလိုက်လေသည်။
” စိတ်မပူပါနဲ့ အချစ်လေးရေ..ဒါပြီးရင် ကိုယ်တို့နှစ်ယောက် တီတီတာတာစကားလေးတွေ တစ်ယောက်နားတစ်ယောက် ကပ်ပြောဖို့ အချိန်ရဦးမှာပါ ”

ဂလုခနဲ တံတွေးမျိုချလိုက်ရင်း ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ထွက်ကျတော့မတတ် ပြူးကျယ်လာပြီး အော်ဟစ်လိုက်သည်။
” သောက်ကျိုးနည်း..ငါက ယောက်ျားကြီးဟ ”

ကျိုးဟုန်ဖန်က တပ်မက်စွာကြည့်ကာ ရယ်မော၍
” အိုးး ကိုယ်သိပါတယ်။ စိတ်မပူပါနဲ့ ကလေးရေ… ကိုယ် မင်းကို အများကြီး သင်ပေးပါ့မယ်။ မင်းလိုအလှလေးတွေက ဒီလိုတောထဲမှာ သိပ်တွေ့ရတာမဟုတ်ဘူး ”

သူ့ပါးစပ်မှ ထိုစကားလုံးများထွက်သွားသည်နှင့် တစ်ပြိုင်နက် အမြုတေအဆင့် ကျင့်ကြံသူများမှာ အလွန်လျင်မြန်သောအရှိန်ဖြင့် ပိုင်ရှောင်ချန်းအနားသို့ ရောက်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset